အခန်း (၁၂၇)
Vol. 13 Ch. 127
ရထားတွဲအတွင်း ကလေးငိုသံများနှင့် လူအုပ်ကြီး၏ ဆူညံသံများကြားတွင် ကျန်းနျန်သည် ပြတင်းပေါက်နားတွင် ခြေထောက်ကို ကွေးကာ ဒူးကို ပွေ့ဖက်၍ ထိုင်နေသည်။ သူမသည် ဘေးမှ အဘိုးအိုနှစ်ဦး ကျွမ်းကျင်သော တုန်းရှီလေယူလေသိမ်းဖြင့် စကားပြောနေကြသည်ကို နားထောင်နေသည်။ နားထောင်လေလေ သူမ ထိုလေယူလေသိမ်းကို သဘောကျလေလေ ဖြစ်သည်။
"အဲ့ဒီတုန်းက ငါ တောင်ပေါ်တက်တော့ အို... နှင်းတွေက အရမ်းထူတာ၊ ငါ့ခါးလောက်အထိ ရှိတာ။ ခြေထောက်တစ်ဖက် မလိုက်တာနဲ့ ဘောင်းဘီထဲ နှင်းတွေဝင်လာရော။ မင်း မသိပါဘူး၊ ငါ အဲ့ဒီမှာ ကျားကြီးတစ်ကောင်တောင် မြင်ခဲ့တာ။"
"အို... မင်းကိုကြည့်ဦး။ ကျားကြီးတွေအကြောင်း ပြောနေတုန်းပဲ။ ငါဆို ဝက်ဝံတွေ၊ တောဝက်တွေနဲ့တောင် တိုးခဲ့တာ။"
ကျန်းနျန်သည် မျက်တောင်မခတ်ဘဲ ခေါင်းငုံ့ကာ အဘိုးအိုနှစ်ဦး တောင်ပေါ်က အတွေ့အကြုံများအကြောင်း ပြောနေသည်ကို အာရုံစိုက် နားထောင်နေသည်။ သူမသည် မည်မျှ စိတ်ဝင်တစားရှိသနည်းဆိုလျှင် လုယွီနှင့် စုန့်ပိုင် သူမကို စကားပြောနေသည်ကိုပင် မကြားပေ။ စုန့်ပိုင်သည် ကျန်းနျန်၏ တောက်ပနေသော မျက်ဝန်းများကို ကြည့်နေသည်။ အထူးသဖြင့် အဘိုးအိုက ကျားကို တစ်ယောက်တည်း တိုက်ခဲ့ပုံအကြောင်း ပြောသောအခါ သူမသည် သဘောကျလွန်းသဖြင့် တဟားဟား အော်မရယ်မိစေရန် မနည်းထိန်းထားရသည်။
သူသည် မထိန်းနိုင်ဘဲ ခဏမျှ ငေးမောသွားမိသည်။
"မရီး။"
လုယွီက သူမ၏ ဘေးသို့ တိုးကပ်လာပြီး ဘေးလူများသာ မရှိလျှင် သူမ၏ နားရွက်ကို ကိုက်မိတော့မည့်အလား။ "ဆာနေပြီလား။"
ကျန်းနျန်သည် နောက်ဆုံးမှ သတိပြန်ဝင်လာပြီး ခေါင်းခါကာ ပြောလိုက်သည်။ "မဆာပါဘူး။"
ထို့နောက် သူမသည် လုယွီနှင့် အကြည့်ချင်းဆုံမိသွားသဖြင့် ခေါင်းကို ပြန်ငုံ့လိုက်သည်။
လုယွီ - ....
ထိုအဘိုးအိုနှစ်ဦး စကားပြောပုံမှာ ပြဇာတ်တစ်ပုဒ်ကဲ့သို့ ဖြစ်နေပြီး ဘေးနားရှိလူတိုင်း အာရုံစိုက် နားထောင်နေကြသည်။ ရံဖန်ရံခါတွင် တစ်စုံတစ်ယောက်က ကြားဖြတ်ပြောသဖြင့် ရထားတွဲတစ်ခုလုံး သက်ဝင်လှုပ်ရှားနေသည်။ ကျန်းနျန်သည် ကျားက သစ်ပင်ကို ချိုးလိုက်သည့်အကြောင်း ကြားသောအခါ တစ်ချက်ရပ်ပြီး မေးလိုက်သည်။ "အဘိုး အဲ့ဒီတုန်းက ကျားပါးစပ်ထဲကနေ ဘယ်လိုလွတ်လာတာလဲ။"
အဘိုးအိုသည် သူ၏ မြေးမလေးကဲ့သို့ ဖြူအုသော မိန်းမငယ်က စကားပြောလာသည်ကို မြင်သောအခါ လက်ခုပ်တီးပြီး ပြောသည်။ "ဟေး ဒါဆို အဘိုးပြောပြတာကို ဆက်နားထောင်ဦး။"
အဘိုးအိုသည် မရပ်မနား ပြောပြနေပြီး နေဝင်ချိန်ရောက်မှ နှုတ်ခမ်းကို သပ်ကာ ရပ်လိုက်သည်။ "တော်ပြီ၊ ဒါတွေက အတိတ်က ကိစ္စတွေပဲလေ။"
အမှန်အတိုင်း ပြောရလျှင် ထိုအဘိုးအိုနှစ်ဦး ရှေးဟောင်းနှောင်းဖြစ်များ ပြောနေသည်ကို နားထောင်ရသည်မှာ အချိန်ကုန်မှန်းပင် မသိလိုက်ပေ။
ကျူးကျွင်းမှာမူ တစ်လျှောက်လုံး ပြန်မလာခဲ့ပေ။ ညနေပိုင်းတွင် ကျန်းနျန်သည် အဆာပြေ အနည်းငယ်စားကာ ပြန်အိပ်သည်။ လုယွီနှင့် စုန့်ပိုင်တို့က အတူထိုင်ပြီး ကျန်းနျန်ကို ခြေထောက်ဆန့်ကာ ထိုင်စေပြီး လုယွီ၏ အင်္ကျီဖြင့် ခြုံပေးထားသည်။ ညဘက်တွင် လုယွီနှင့် စုန့်ပိုင်တို့ နှစ်ဦးလုံး ကောင်းကောင်းမအိပ်ကြပေ။ လုယွီသည် ကျန်းနျန်၏ ခြေထောက်များကို တစ်စုံတစ်ယောက်က တိုက်မိမည် စိုးရိမ်သဖြင့် ခဏခဏ ထကြည့်ကာ အကာအကွယ်ပေးနေသည်။
စုန့်ပိုင်သည် ကျန်းနျန်၏ ခေါင်းမှာ တဖြည်းဖြည်း စားပွဲဆီသို့ ယိမ်းလာသည်ကို မြင်သောအခါ အမြန်လက်လှမ်းပြီး သူမကို ပြန်ထိန်းပေးခဲ့သည်။
သို့သော် အိပ်ပျော်သွားပြီး မကြာမီမှာပင် ကျန်းနျန်သည် အောက်သို့ လျောကျသွားပြီး လုယွီ၏ အင်္ကျီအောက်တွင် တစ်ကိုယ်လုံး လိပ်ဝင်သွားပြန်သည်။
စုန့်ပိုင် - ....
လုယွီ - .....
လုယွီသည် ကျန်းနျန်၏ ဖိနပ်များကို ပြင်ပေးပြီး ကျဉ်းမြောင်းသော ထိုင်ခုံတွင် ကွေးအိပ်နေသော သူမကို ကြည့်ကာ ဤကဲ့သို့ မည်သို့ အိပ်နိုင်သည်ကို အံ့သြနေမိသည်။ သူမသည် အထုပ်လေးတစ်ထုပ်ကဲ့သို့ ထိုနေရာတွင် ကွေးနေခြင်း ဖြစ်သည်။
တိတ်ဆိတ်သော ညနက်ပိုင်းတွင် ကျန်းနျန်သည် အိပ်ချင်မူးတူးဖြင့် တစ်ဖက်သို့ လှည့်လိုက်သည်။ ရုတ်တရက် သူမ၏ နောက်ကျောတွင် ဟာလာဟင်းလင်း ဖြစ်သွားသဖြင့် သူမ အသံမထွက်နိုင်ခင်မှာပင် လုယွီ၏ လက်မောင်းက သူမကို ဖမ်းထိန်းလိုက်သည်။ သူသည် ငိုက်မြည်းနေသော သူမ၏ မျက်လုံးလေးများကို ငုံ့ကြည့်ကာ လူသူမရှိသည့်အချိန်တွင် သူမ၏ နှာခေါင်းလေးကို အမြန်နမ်းလိုက်သည်။ "အိပ်ပါ... ကိုယ် စောင့်ကြည့်ပေးထားမယ်။"
ကျန်းနျန်သည် အိပ်မောကျနေဆဲဖြစ်ပြီး တစ်ဖက်သို့ လှည့်ကာ ဆက်အိပ်နေသည်။
စုန့်ပိုင်၏ ဆန့်ထုတ်ထားသော လက်မှာ တောင့်တင်းသွားပြီးမှ ပြန်ရုပ်လိုက်သည်။ ကျန်းနျန်သည် သူမ၏ ခေါင်းကို အဝတ်အစားများဖြင့် ထပ်ဖုံးလိုက်သည်ကို ကြည့်ကာ သူမ အသက်ရှူကျပ်မှာကို သူ တကယ်စိုးရိမ်မိသည်။
မနက်စောစော အရုဏ်တက်ချိန်တွင် ရထားဝန်ထမ်း၏ အသံမှာ ရထားတွဲအတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာပြီး တုန်းရှီမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း အသိပေးခဲ့သည်။
လုယွီသည် သူ၏ အင်္ကျီကို ဖွင့်လိုက်ရာ ကျန်းနျန်၏ မျက်တောင်လေးများ တဖျတ်ဖျတ် ခတ်လာပြီး မျက်လုံးပွင့်လာသည်။ "ဘူတာကို ရောက်ပြီ။ ထတော့ ပဝါကို သေသေချာချာ ပတ်ထားဦး။"
ကျန်းနျန်၏ အသံမှာ အိပ်ရာနိုးစမို့ နှာသံလေး ပါနေသည်။ "ကောင်းပြီ။"
သူမသည် မျက်လုံးများကို မှေးကျဉ်းထားကာ အိပ်ချင်မူးတူး ဖြစ်နေဆဲ ဖြစ်သည်။ ပဝါကို ပတ်ပြီးနောက် သူမသည် လုယွီနှင့် အခြားသူများနောက်မှ လိုက်၍ ဘူတာရုံပြင်ပသို့ ထွက်လာခဲ့သည်။ ရထားပေါ်မှ ဆင်းလိုက်သည်နှင့် အအေးဒဏ်ကြောင့် တစ်ကိုယ်လုံး တုန်သွားရသည်။ ထို့နောက် သူမ နေရာတိုင်းတွင် ဖြူလွှလွှနှင်းများ ဖုံးလွှမ်းနေသော လှပသော မြင်ကွင်းကို တွေ့လိုက်ရသည်။
တုန်းရှီသည် သူမ နေထိုင်ခဲ့သည့် နေရာထက် အဆပေါင်းများစွာ ပိုအေးပြီး အပူချိန်မှာ လုံးဝ ကွာခြားလှသည်။
ကျန်းနျန်သည် ရထားပေါ်မှ ဆင်းဆင်းချင်း ခဲသွားမတတ် ခံစားရသဖြင့် လုယွီက သူ၏ ဆောင်းရာသီ အပေါ်အင်္ကျီကို အိတ်ထဲမှ ထုတ်ကာ ကျန်းနျန်ကို ခြုံပေးလိုက်သည်။ "ဒါလေး ဝတ်ထားရင် သက်သာလိမ့်မယ်။"
လုယွီ၏ အင်္ကျီမှာ ကျယ်ပြီး ရှည်သဖြင့် သူမ၏ ဒူးအထိ ဖုံးနေသည်။ ကျန်းနျန်သည် အင်္ကျီထဲတွင် တကိုယ်လုံး လိပ်အောင် ပတ်ထားရင်း လုယွီနှင့် စုန့်ပိုင်တို့မှာ အင်္ကျီကော်လာပင် မတပ်ဘဲ ရှိနေကြသည်ကို မြင်သဖြင့် အံ့သြစွာ မေးမိသည်။ "ရှင်တို့ နှစ်ယောက် မအေးဘူးလား။"
လုယွီ - "ရပါတယ်။"
စုန့်ပိုင်လည်း ထပ်ဖြည့်ပြောခဲ့သည်။ "ကျွန်တော်တို့က အဆင်ပြေပါတယ်။"
ကျန်းနျန် - ....
သူမမှာ ဝက်ဝံတစ်ကောင်ကဲ့သို့ ဖြစ်နေတော့သည်။
ကျူးကျွင်းနှင့် ကျန်းရှောင်တို့က ဘူတာအပြင်ဘက် နှင်းဖုံးနေသော မြေပြင်ပေါ်တွင် သူတို့ကို စောင့်နေကြသည်။ ကျန်းနျန်သည် လမ်းလျှောက်ရန် ခက်ခဲနေသဖြင့် လုယွီက သူမ၏ လက်မောင်းကို ကိုင်ကာ သူ၏ခွန်အားဖြင့် ကူညီပေးခဲ့သည်။
"အစ်မကျန်း။"
ကျန်းရှောင်က ကျန်းနျန်ကို လှမ်းလက်ဝှေ့ယမ်းပြသည်။
ကျန်းနျန်မှာ အဝတ်အစားများ အထူကြီး ဝတ်ထားသဖြင့် အလုံးလေးတစ်လုံးနှင့် တူနေပြီး ခေါင်းလေးသာ ပေါ်နေသည်။ သူမ၏ နဖူးနှင့် နားရွက်များမှာ ခဲမတတ် အေးနေသည်။ သူမသည် ကျန်းရှောင်ကို ပြန်၍ လက်ဝှေ့ယမ်းပြလိုက်ရာ ပါးစပ်ကို ပတ်ထားသော ပ၀ါကြားမှ ထွက်လာသော အသက်ရှူငွေ့များကို မြင်နေရသည်။ ကျန်းရှောင်သည်လည်း ကျူးကျွင်း၏ အင်္ကျီအထူကြီးကို ဝတ်ထားခဲ့သည်။
"ကိုယ် ချီသွားပေးမယ်။"
ကျန်းနျန် လမ်းလျှောက်ရ ခက်နေသည်ကို မြင်သောအခါ လုယွီက အိတ်အကြီးကြီးကို စုန့်ပိုင်အား ကမ်းပေးခဲ့သည်။ ကျန်းနျန်က အမြန်ခေါင်းခါကာ ပြောလိုက်သည်။ "မလိုပါဘူး၊ ကျွန်မ လျှောက်နိုင်ပါတယ်။"
လုယွီမှာ ဒဏ်ရာရထားဆဲ ဖြစ်သဖြင့် သူမ ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ပေ။
"စုန့်ပိုင်၊ ကျန်းနျန်၊ လက်ထောက်တပ်ရင်းမှူးလု။"
"ကျူးကျွင်း၊ ကျန်းရှောင်။"
အဝေးမှ ဖန့်မိန်၏ ရယ်သံကို ကြားလိုက်ရသည်။ "ဟားဟား... ကျန်းနျန်၊ နင်က ဘာလို့ အလုံးလေးတစ်လုံးလို ဖြစ်နေတာလဲ၊ ရယ်လိုက်ရတာ ဟားဟား။"
ကျန်းနျန် လမ်းတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။ မြင်းနှစ်ကောင် ဆွဲလာသော နှင်းလျှောစီးလှည်း အကြီးကြီးတစ်ခုကို တွေ့ရပြီး ဖန့်မိန်သည် ဂွမ်းအင်္ကျီအထူကြီး၊ နားရွက်ကို သေချာဖုံးထားသော အနက်ရောင် ဦးထုပ်အကြီးကြီးနှင့် လည်ပင်းတွင် ပုဝါအထူကြီး ပတ်ထားသည်။ သူမက သူတို့ကို လက်ဝှေ့ယမ်းပြနေခြင်း ဖြစ်သည်။ ဖန့်မိန်သာ စကားမပြောလျှင် ကျန်းနျန် သူမကို မှတ်မိမည်မဟုတ်ပေ။
"အစ်မဖန့်။"
ကျန်းနျန်က ဝမ်းသာအားရ အော်လိုက်ပြီး ကျန်းရှောင်လည်း လိုက်အော်ခဲ့သည်။
ဖန့်မိန်သည် လှည်းပေါ်မှ ခုန်ဆင်းကာ လျှောက်လာခဲ့သည်။ လှည်းရှေ့တွင် အမျိုးသားတစ်ဦး ထိုင်နေပြီး စစ်သားတစ်ဦး ဖြစ်ပုံရသည်။
ကျန်းနျန်သည် လုယွီ၏ လက်ကို ဖယ်ပြီး ပြောလိုက်သည်။ "ကျွန်မဘာသာ လျှောက်နိုင်ပါတယ်။"
ထို့နောက် သူမသည် လုယွီ၏ အင်္ကျီအထူကြီးကို တင်းတင်းပတ်ကာ နှင်းထဲတွင် တစ်လှမ်းချင်း တိုးဝင်ကာ ပြေးသွားခဲ့သည်။ သို့သော် ဖန့်မိန်ဆီ မရောက်ခင်မှာပင် နှင်းပေါ်တွင် ခြေချော်ကာ ဖင်ထိုင်လျက် လဲကျသွားတော့သည်။ ထိုမြင်ကွင်းကြောင့် ဖန့်မိန်မှာ ပို၍ ကျယ်လောင်စွာ ရယ်မောခဲ့ပြီး ကျူးကျွင်းက တွဲထားသော ကျန်းရှောင်လည်း မရယ်ဘဲ မနေနိုင်တော့ပေ။
ကျန်းနျန် - ....
သူမ၏ မျက်နှာလေးမှာ ရှက်လွန်းသဖြင့် ရဲတက်သွားရသည်။ သူမဘာသာ ထရပ်ရန် ပြင်စဉ်မှာပင် လုယွီက အနောက်မှ ရောက်လာပြီး သူမ၏ ခါးကို မကာ ပင့်မပေးလိုက်ပြီး ပြုံးလျက် မေးခဲ့သည်။ "နာသွားလား။"
ကျန်းနျန်က အမြန်ခေါင်းခါပြလိုက်သည်။ "အဆင်ပြေပါတယ်။"
သူမသည် အဝတ်အစားများ အထူကြီး ဝတ်ထားသဖြင့် သိပ်မနာပေ။
စုန့်ပိုင်လည်း မရယ်ဘဲ မနေနိုင်ခဲ့ပေ။ "မရီး... နည်းနည်းလောက် ဖြည်းဖြည်းလျှောက်ပါဦး။"
"အို... ငါ့မှာတော့ လန့်သွားတာပဲ။"
ဖန့်မိန်က ပြေးလာပြီး ကျန်းနျန်ကို ဖက်လိုက်သည်။ နှစ်ယောက်လုံး အဝတ်အစားများ အထူကြီး ဝတ်ထားကြသဖြင့် ထိုမြင်ကွင်းမှာ တကယ်ပင် ရယ်စရာကောင်းနေသည်။
"သွားကြစို့၊ မြန်မြန်ပြန်ကြရအောင်။"
ဖန့်မိန်က ကျန်းနျန်ကို ခေါ်သွားပြီး ကျူးကျွင်းကို ပြော
လိုက်သည်။ "ကျန်းရှောင်ကို သေချာကြည့်ဦး၊ ခြေမချော်စေနဲ့။"
ကျူးကျွင်း ပြောလိုက်သည်။ "စိတ်ချပါ အစ်မဖန့်။"
ဖန့်မိန်က ကျန်းနျန်ကို လှည်းဆီသို့ ခေါ်သွားရင်း ပြောပြခဲ့သည်။ "နင်မသိပါဘူး၊ ငါလည်း ဒီနေရာကို အသားမကျသေးဘူး၊ အရမ်းအေးတာ။ အပြင်မှာ ခဏလေး လမ်းလျှောက်လိုက်ရင်ကို ဖင်တောင် ခဲသွားမတတ်ပဲ။"
သူမသည် အိတ်အကြီးကြီးထဲမှ သိုးမွှေးဦးထုပ် နှစ်လုံးထုတ်ကာ ကျန်းနျန်နှင့် ကျန်းရှောင်တို့ကို ပေးလိုက်သည်။ "နင်တို့ ဦးထုပ်ယူလာဖို့ သတိရမှာမဟုတ်ဘူးဆိုတာ ငါ သိသားပဲ။ ငါ စရောက်တုန်းကလည်း သတိမရလို့ နားရွက်တွေတောင် ပြုတ်ထွက်မတတ် အေးခဲ့တာ။"
ဖန့်မိန်က တတွတ်တွတ် ပြောနေသည်ကို ကျန်းနျန်က ငြိမ်ပြီး နားထောင်နေရင်း ပြုံးလိုက်သည်။ "အစ်မဖန့် အမှန်အတိုင်း ပြောရရင် အစ်မ စကားတွေ မရပ်မနား ပြောနေတာကို ကြားရတာ တကယ်ကို အိမ်ပြန်ရောက်သလိုပဲ။"
ဖန့်မိန်က သက်ပြင်းချလိုက်သည်။ "ငါကတော့ နင့်ကိုတွေ့ရတာ ပိုပြီး စိတ်သက်သာရာရတယ်။ နင်မသိပါဘူး၊ လောင်စုန့်ရဲ့ ဒီနေရာက ငါတို့နေရာနဲ့စာရင် အများကြီး ပိုခက်ခဲတယ်။ တောင်ပေါ်မှာလေ။ ဈေးဝယ်ဖို့ သွားတာတောင် ခရီးက တစ်ဝက်လောက် ကြာတယ်။ နှင်းတွေကလည်း ထူပြီး အေးလိုက်တာ။ တော်သေးတာက ငါတို့ လာတုန်းက ဟင်းသီးဟင်းရွက်တွေ အကုန်သယ်လာလို့၊ မဟုတ်ရင် ဟင်းသီးဟင်းရွက် ဝယ်ရတာတင် အတော်ကုန်မှာ။"
ဖန့်မိန်သည် လှည်းပေါ်သို့ တက်ကာ အရှေ့တွင် ထိုင်လိုက်ပြီး ကျန်းနျန်ကို လှမ်းဆွဲခဲ့သည်။ ကျန်းနျန်က သူမ၏ အင်္ကျီအထူကြီးကို မကာ လက်လှမ်းရန် ပြင်သော်လည်း လုယွီက သူမကို လှည်းပေါ်သို့ မတင်ပေးလိုက်သည်။ "လေဒဏ်မထိအောင် အနောက်ဘက်ကို မျက်နှာမူပြီး ထိုင်ပါ။"
ကျန်းနျန် ပြုံးလိုက်သည်။ "ကောင်းပါပြီ။"
ကျူးကျွင်းက ကျန်းရှောင်ကို လှည်းပေါ်တင်ပေးပြီး အရှေ့တွင် အခြားသူများနှင့်အတူ ထိုင်သည်။ စုန့်ပိုင်နှင့် လုယွီတို့ကမူ အနောက်ဘက်တွင် ထိုင်ကာ အလယ်ရှိ အမျိုးသမီး သုံးဦးကို လေဒဏ်မှ ကာကွယ်ပေးထားကြသည်။ ကျန်းနျန်မှာ လမ်းတစ်လျှောက်လုံး အေးလွန်းသဖြင့် တုန်နေပြီး သွားချင်း ရိုက်နေခဲ့သည်။
အေးလိုက်တာ... တကယ်ပဲ...။
လုယွီက ကျန်းနျန် တုန်နေသည်ကို လှည့်ကြည့်သော်လည်း အိတ်ထဲတွင် ထပ်ခြုံရန် အင်္ကျီမရှိတော့ပေ။ ထို့ကြောင့် သူ စုန့်ပိုင်ကို မေးလိုက်သည်။ "မင်း အပိုအင်္ကျီ ပါလား။"
စုန့်ပိုင် - "တစ်ထည် ပါတယ်။"
အင်္ကျီကို ထုတ်လိုက်ပြီး ကျန်းနျန်နှင့် ကျန်းရှောင်တို့ အတူတူ ခြုံနိုင်ရန် တင်ပေးလိုက်သည်။ စုန့်ပိုင်၏ အကြည့်သည် ကျန်းနျန်၏ အအေးမိပြီး နီရဲနေသော မျက်နှာလေးပေါ်တွင် ခဏမျှ ရပ်တန့်သွားပြီးနောက် ပြုံးလိုက်သည်။ "မရီး၊ မရီးရဲ့ ပါးလေးတွေက ပန်းသီးလေးတွေလို ရဲနေတာပဲ။"
ကျန်းနျန် - ....
အိမ်အပြန်လမ်းတွင် လုယွီနှင့် စုန့်ပိုင်တို့သည် လမ်းအကွေ့နှင့် တောင်တက်လမ်းများတွင် လှည်းပေါ်မှ ခုန်ဆင်းကာ အနောက်မှ တွန်းပေးကြပြီး လမ်းပြန့်ရောက်မှ ပြန်တက်ထိုင်ကြသည်။ ဘူတာရုံမှ တပ်ရင်းမှူးစုန့်၏ အိမ်သို့ သုံးနာရီခန့် ကြာသည်။ ဖန့်မိန်က တပ်ရင်းမှူးစုန့်သည် လုယွီဆီမှ ကြေးနန်းစာရသည်နှင့် လှည်းကို ပြင်ဆင်ခိုင်းထားပြီး စစ်သားများမှာလည်း မနက်မလင်းခင်ကတည်းက ရောက်နေကြခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။
စုန့်ရှန်းတုန်နှင့် စုန့်ရှန်းဟုန်တို့က လိုက်လာချင်သော်လည်း တပ်ရင်းမှူးစုန့်က ခွင့်မပြုခဲ့ပေ။ လမ်းတွင် အလွန်အေးသဖြင့် ဖျားနာမည် စိုးရိမ်သောကြောင့် ဖြစ်သည်။ တပ်ရင်းမှူးစုန့်သာ ယနေ့ အစည်းအဝေး မရှိလျှင် ဖန့်မိန်နှင့်အတူ လာကြိုမည်ဖြစ်သည်။
ဤနေရာရှိ အိမ်များသည် တစ်ခုနှင့်တစ်ခု နီးကပ်စွာ တည်ရှိပြီး သစ်သားတံခါးများနှင့် တံတိုင်းနိမ့်လေးများ ရှိကြသည်။ အိမ်တန်းများမှာ တစ်ခုနှင့်တစ်ခု မျက်နှာချင်းဆိုင် တည်ရှိသည်။ တပ်ရင်းမှူးစုန့်၏ မိသားစုမှာ အရှေ့ဆုံးအိမ်တွင် နေထိုင်သည်။ စုန့်ရှန်းတုန်သည် အပြင်မှ ဆည်းလည်းသံကို ကြားရသောအခါ စုန့်ရှန်းဟုန်နှင့်အတူ ပြေးထွက်လာခဲ့သည်။ သူတို့သည် စုန့်ပိုင်နှင့် အခြားသူများကို မြင်သောအခါ ဝမ်းသာအားရ သစ်သားတံခါးကို ဖွင့်ကာ ပြေးထွက်လာကြသည်။
"ဒုတိယဦးလေး။"
စုန့်ရှန်းဟုန်က ပြေးလာသဖြင့် စုန့်ပိုင်က သူ့ကို မချီလိုက်ပြီး နီရဲနေသော ပါးလေးကို ဆွဲညှစ်ကာ ပြေလိုက်သည်။ "ဦးလေးကို သတိရနေလား။"
စုန့်ရှန်းဟုန် ပြောလိုက်သည်။ "ဟုတ်ကဲ့။" ထို့နောက် သူ မေးလိုက်သည်။ "ဒုတိယဦးလေး၊ ဦးလေးမျက်နှာက ဘာဖြစ်တာလဲ၊ ဘာလို့ ညိုမည်းနေတာလဲ။"
စုန့်ပိုင်က ခပ်ဖွဖွချောင်းဟန့်လိုက်မိသည်။ "ဘာမှမဟုတ်ပါဘူး။"
ကျူးကျွင်းက ကျန်းရှောင်ကို လှည်းပေါ်မှ ချပေးပြီးနောက် ကျန်းနျန် ထရပ်လိုက်စဉ်မှာပင် သူမ၏ ခါးမှာ ရုတ်တရက် တင်းကျပ်သွားပြီး အနောက်မှ လုယွီ၏ သန်မာသော ရင်ခွင်ထဲသို့ မှီကျသွားခဲ့သည်။ သူက သူမ၏ ခါးကို ကိုင်ထားပြီး တိုးတိုးလေး ပြောလိုက်သည်။ "ကိုယ်ပဲ ချပေးမယ်။"
"ဒေါ်လေးကျန်း။"
စုန့်ရှန်းတုန်က ပျော်ရွှင်စွာ ပြေးလာပြီး လှမ်းခေါ်လိုက်သည်။
ကျန်းနျန့်က သူ့ဆံပင်ကို ဖွဖွလေးပွတ်ပေးရင်း ပြောလိုက်သည်။ "ဒေါ်လေးကျန်း မင်းကိုလာတွေ့တာ၊ မင်းအတွက် အရသာရှိတဲ့ မုန့်တွေလည်း ယူလာခဲ့တယ်။"
သူတို့ဘေးရှိ စုန့်ရှန်းဟုန်က ထိုစကားကိုကြားတော့ စုန့်ပိုင်၏ ရင်ခွင်ထဲမှ ဆင်းရန် ရုန်းကန်နေပြီး ပြောလိုက်သည်။ "ဒေါ်လေးကျန်း၊ သားလည်း အရသာရှိတဲ့ဟာတွေ စားချင်တယ်။"
စုန့်ပိုင် ညည်းတွားလိုက်သည်။ "ဒုတိယဦးလေးလည်း မင်းအတွက် ယူလာပေးတာပဲလေ။"
စုန့်ရှန်းဟုန် ပြောလိုက်သည်။ "သားက ဒေါ်လေးကျန်းလုပ်တဲ့ မုန့်တွေကိုပဲ စားချင်တာ။"
စုန့်ပိုင် - …
စုန့်ပိုင်မှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။
"ဖန့်မိန်၊ မင်းဆီ ဧည့်သည်တွေ ရောက်နေတာလား။"
လမ်းတစ်ဖက်ခြမ်းမှ အဘွားအိုတစ်ဦးက သစ်သားတံခါးကိုကိုင်ရင်း ဖန့်မိန်အိမ်ရှေ့တွင် စုဝေးနေသော ရုပ်ရည်ချောမောသည့် အမျိုးသားများနှင့် လှပသောအမျိုးသမီးတစ်ဦးတို့ကို ကြည့်ကာ လှမ်းမေးလိုက်သည်။ ဖန့်မိန် ပြုံးလိုက်သည်။ "ဟုတ်တယ်၊ ဧည့်သည်တွေရောက်နေတာ။ သူတို့အားလုံးက ကျွန်မရဲ့ ဆွေမျိုးတွေပါ။"
ဖန့်မိန်က ထိုအဘွားအိုနှင့် ခဏကြာ စကားပြောဆိုပြီးနောက် ကျန်းနျန်နှင့် အခြားသူများကို အိမ်ထဲသို့ ခေါ်သွားခဲ့သည်။
အိမ်ထဲတွင် မီးဖိုမှာ တောက်လောင်နေပြီး အပူပေးထားသည့် မြောက်ပိုင်းစတိုင် အုတ်အိပ်ရာကြောင့် အခန်းထဲတွင် နွေးထွေးနေသည်။ အထဲသို့ဝင်လိုက်သည်နှင့် သူတို့ နွေးထွေးမှုကို ခံစားလိုက်ရသည်။ ကျန်းနျန်က မီးဖိုဘေးတွင် ခဏထိုင်ပြီးမှ သူမ၏ အပေါ်အင်္ကျီကို ချွတ်လိုက်သည်။ ဖန့်မိန် ပြောလိုက်သည်။ "ဒီခန်အိပ်ရာပေါ်မှာ ထိုင်၊ အဲဒီမှာ ပိုနွေးတယ်။ ငါ နေ့လယ်စာ သွားပြင်လိုက်ဦးမယ်။"
"ကျွန်မ အစ်မကို ကူညီပေးမယ်။"
ကျန်းနျန်က ပြေးသွားသော်လည်း ဖန့်မိန်က ပြုံးကာ သူမကို တားလိုက်သည်။ "ငါ အခု အများကြီး သက်သာနေပါပြီ၊ အရင်လို သိပ်မအေးတော့ဘူး။"
ကျန်းရှောင်က နောက်ကလိုက်သွားပြီး မီးဖိုဘေးတွင်ထိုင်ကာ မီးကူထိုးပေးသည်။ အမျိုးသားအချို့ကတော့ အပြင်ခန်းရှိ အုတ်အိပ်ရာပေါ်တွင်ထိုင်ကာ စကားပြောနေကြသည်။ တစ်ချက်တစ်ချက်တွင် စုန့်ရှန်းတုန်နှင့် စုန့်ရှန်းဟုန်တို့၏ ရယ်သံများကို ကြားနေရသည်။ ဖန့်မိန်က မေးလိုက်သည်။ "ကျန်းနျန်၊ မိသားစုခြံဝင်းထဲမှာ ထူးထူးခြားခြား ဘာတွေဖြစ်သေးလဲ။"
ကျန်းနျန်က ဖန့်မိန် စပ်စုချင်နေသည်ကို သိသဖြင့် ခဏစဉ်းစားပြီး ပြောလိုက်သည်။ "ထူးထူးခြားခြား ဘာမှမရှိပါဘူး။"
ဖန့်မိန် ပြောလိုက်သည်။ "ငါ့ဘက်မှာတော့ တော်တော်လေး စည်ကားနေတယ်။"