အခန်း (၃၆၇)
Vol. 25 Ch. 367
ချင်းရှောင်းကော၏ ယုံကြည်မှုအပြည့်ရှိသော ပုံစံကို မြင်သောအခါ ကျန်းတန်းဟယ်က "မင်းမှာ ဘာအစီအစဉ်ရှိလို့လဲ" ဟု စူးစမ်းစွာ မေးလိုက်သည်။
"ရှင် သိချင်လား"
ကျန်းတန်းဟယ်က သိချင်စိတ်ဖြင့် ခေါင်းညိတ်ပြသည်။
"အိမ်မှာရှိတဲ့ နွားမနှစ်ကောင်ကို မှတ်မိလား"
"မှတ်မိတာပေါ့"
"နွားနို့ကို သောက်လို့ရရုံတင်မကဘဲ ချိုချိုဆိမ့်ဆိမ့် မုန့်အမျိုးမျိုး လုပ်လို့ရတယ်လို့ ကျွန်မ ပြောဖူးတာကိုကော မှတ်မိလား"
ကျန်းတန်းဟယ်က မှတ်မိကြောင်း ခေါင်းညိတ်ပြပြန်သည်။ ချင်းရှောင်းကောက ပြုံးလိုက်သည်။ "ကျွန်မရဲ့ အစီအစဉ်ကတော့..."
ချင်းရှောင်းကော၏ အစီအစဉ်ကို ကြားပြီးနောက် ကျန်းတန်းဟယ်က အထင်ကြီးလေးစားစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"မဆိုးဘူးပဲ"
"ဒါပေါ့!"
ချင်းရှောင်းကောသည် သူမ၏ အစီအစဉ်အပေါ် ယုံကြည်မှု အပြည့်ရှိသည်။ အချိန်တန်လျှင် ဤအစီအစဉ်သည် ရှောက်နိုင်ငံတစ်ခုလုံးတွင် အကြီးအကျယ် ပေါက်သွားမည်မှာ သေချာသည်။
"မင်း ကောင်းကောင်းလုပ်နော်၊ ကိုယ်ကတော့ မင်း ကျွေးတာကိုပဲ ထိုင်စောင့်စားနေတော့မယ်"
ကျန်းတန်းဟယ်က သူမကို ပြုံးရွှင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ချင်းရှောင်းကောက ဘာမှမစဉ်းစားဘဲ ခေါင်းညိတ်သဘောတူလိုက်ပြီး "စိတ်မပူပါနဲ့၊ ရှင့်ကို ဖွေးဖွေးတုတ်တုတ်လေး ဖြစ်သွားအောင်အထိ ကျွေးထားဖို့ ကျွန်မ ကတိပေးပါတယ်" ဟု နောက်ပြောင်ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူမ ကိုယ်တိုင်လည်း မရယ်ဘဲ မနေနိုင်တော့ပေ။ ကျန်းတန်းဟယ်သာ ဖွေးဖွေးတုတ်တုတ်ကြီး ဖြစ်သွားလျှင် တကယ်ကို ချစ်ဖို့ကောင်းမည်မှာ အမှန်ပင်။
"ဟားဟားဟား..."
တည်ကြည်လွန်းသော ကျန်းတန်းဟယ်တစ်ယောက် ဖွေးဖွေးတုတ်တုတ်ကြီး ဖြစ်နေမည့် ပုံရိပ်ကို တွေးမိကာ ချင်းရှောင်းကော ရယ်မောမိသည်။ တကယ်သာ ဖြစ်လာလျှင် အလွန်ချစ်စရာကောင်းနေမည်ဖြစ်သည်။
ကျန်းတန်းဟယ်က ရယ်မောကာ ဟိုဘက်ဒီဘက် လူးလိမ့်နေသော အမျိုးသမီးကို ကြည့်ပြီး "မင်း မအိပ်သေးဘူးဆိုရင် သမီးလေးတစ်ယောက် ယူကြမလား" ဟု ပြောလိုက်သည်။
"ကျွန်မ အိပ်ချင်လာပြီ။ အိပ်တော့မယ်။ ဂွတ်နိုက်"
ဤတစ်ကြိမ်တွင်မူ ကျန်းတန်းဟယ် ရယ်ရမည့်အလှည့် ရောက်သွားသည်။ စောင်ခြုံပြီး အိပ်ချင်ဟန်ဆောင်နေသော ချင်းရှောင်းကောကို ကြည့်ကာ "ဟူး... နှမြောစရာပဲ..." ဟု သူက နောက်ပြောင်လိုက်သေးသည်။
—
မသိလိုက်မသိဘာသာဖြင့် သူတို့ ကျွန်းပေါ်တွင် နေထိုင်ခဲ့သည်မှာ နှစ်လကျော်သွားပြီ ဖြစ်သည်။ သူတို့ သတိမထားမိခဲ့သော်လည်း ရက်တွက်ကြည့်လိုက်သောအခါ အတော်လေး အံ့သြသွားကြသည်။
အိမ်မှာ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းရမည့်အချိန် ရောက်နေပြီဖြစ်ပြီး ခြံထဲက ဟင်းသီးဟင်းရွက်တွေလည်း မှည့်နေလောက်ပြီ ဖြစ်သည်။
ချင်းရှောင်းကောသည် ကျွန်းမှ ထွက်ခွာရန် အလွန်ပင် စိတ်အားထက်သန်နေသည်။ နိုးလာသည်နှင့် အိမ်သို့ ချက်ချင်း ရောက်သွားချင်မိသည်။ တစ်လလောက်ပဲ နေရမည်ဟု ထင်ထားသော်လည်း နှစ်လကျော်အထိ ကြာသွားခဲ့သည်။ အိမ်ပြန်ရောက်လျှင် အလုပ်များတော့မည်ကို သူမ သိနေသည်။
"ဘယ်သွားမလို့လဲ"
အထုတ်အပိုး ပြင်နေသော ကျန်းတန်းဟယ်က ချင်းရှောင်းကောကို လှမ်းမေးလိုက်သည်။ ချင်းရှောင်းကောက မရပ်ဘဲ "ယွီလင်းတို့ သားအမိဆီ ခဏသွားမလို့" ဟု ပြန်ပြောသည်။
ကျန်းတန်းဟယ်က နားလည်သလို ခေါင်းညိတ်ပြီး အဝတ်အစားများ ဆက်သိမ်းနေခဲ့သည်။
သန်ဘက်ခါသည် သူတို့ ထွက်ခွာမည့်ရက်ဖြစ်သည်။ ကျွန်းပေါ်ရှိ လူတိုင်း အလုပ်ရှုပ်နေကြသည်။ ချင်းရှောင်းကော အပြင်ထွက်လာသည်နှင့် သေတ္တာများ သယ်နေသော လူအုပ်စုအချို့နှင့် တိုက်မိမလို ဖြစ်ခဲ့သည်။ သူမသည် သူတို့ကို ဂရုတစိုက် ရှောင်ကွင်းပြီး ယွီလင်းတို့ နေထိုင်ရာဆီ ရောက်လာခဲ့သည်။
သူတို့နှစ်ဦးမှာ ရိုးရှင်းသော အစေခံခန်းလေးတွင် နေကြသည်။ ယွီလင်းနှင့် ကျောက်ယွီယန်တို့က အဆောင်တန်း၏ အဆုံးဘက်က အခန်းမှာ နေခြင်းဖြစ်သည်။
အခြားအစေခံများ အလုပ်သွားကြသဖြင့် ထိုနေရာမှာ တိတ်ဆိတ်နေသည်။ ချင်းရှောင်းကော အခန်းတံခါးဝသို့ ရောက်သောအခါ အထဲမှ လှုပ်ရှားသံ အနည်းငယ်ကို ကြားလိုက်ရသည်။ သူမ သစ်သားတံခါးကို ခေါက်လိုက်ရာ အသံများ တိတ်သွားပြီး ခြေသံများ အနားသို့ ကပ်လာသည်။
"သခင်မ၊ လာပြီလား!"
ယွီလင်းက တံခါးဖွင့်ပေးခြင်းဖြစ်သည်။ တံခါးမပွင့်ခင်ကတည်းက သူမက လှမ်းနှုတ်ဆက်နေခြင်း ဖြစ်သည်။
"ငါမှန်း ဘယ်လိုသိတာလဲ" ချင်းရှောင်းကော ပြုံးလျက် ပြန်မေးလိုက်သည်။
"ဟီးဟီး၊ သခင်မကလွဲရင် ဒီကို ဘယ်သူမှ လာမှာမဟုတ်လို့ပါ" ယွီလင်းက လမ်းဖယ်ပေးရင်း ပြောလိုက်သည်။
ချင်းရှောင်းကော အိမ်ထဲဝင်သွားသောအခါ ကျောက်ယွီယန်က အထုတ်အပိုး ပြင်နေသည်ကို တွေ့ရသည်။ သူမက ချင်းရှောင်းကောကို မြင်သောအခါ အလုပ်ရပ်ပြီး "ရောက်လာပြီလား" ဟု ဝမ်းသာအားရ နှုတ်ဆက်သည်။
ချင်းရှောင်းကောက သူမကို သေချာကြည့်လိုက်ရာ မျက်နှာတွင် သွေးရောင် ပြန်တက်လာပြီး အရင်ကကဲ့သို့ လူမမာပုံစံ မဟုတ်တော့ဘဲ ပို၍ ကျန်းမာလာပုံရသည်။
"သန်ဘက်ခါ မနက်စောစော ငါတို့ ထွက်ကြမယ်။ ပြင်ဆင်တာတွေ အဆင်ပြေရဲ့လား"
"အကုန်နီးပါး ပြီးပါပြီ"
ကျောက်ယွီယန်က အိပ်ရာပေါ်က အထုပ်ကလေးကို ကြည့်ပြီး "ကျွန်မတို့မှာ ပစ္စည်း အများကြီး မရှိပါဘူး" ဟု တိုးတိုးလေး ပြောသည်။
ချင်းရှောင်းကောကလည်း အထုပ်သေးသေးလေးကို မြင်သဖြင့် ချက်ချင်း အကြည့်လွှဲလိုက်ပြီး "အင်းပါ၊ ဘာမှ ကျန်မခဲ့စေနဲ့နော်။ နောက်ဆို ဒီကို ပြန်လာမှာ မဟုတ်တော့ဘူး" ဟု ဆိုလိုက်သည်။
"ဟုတ်ကဲ့!" ကျောက်ယွီယန် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ခဲ့သည်။
ထိုစဉ် ယွီလင်းက ရေတစ်ခွက် ယူလာပေးပြီး "သခင်မ၊ ဒီကထွက်ရင် ကျွန်မတို့ ဘယ်သွားကြမှာလဲ" ဟု မေးသည်။
"အရင်ဆုံး တံငါရွာမှာ သင်္ဘောဆိုက်မယ်။ အဲဒီမှာ တစ်ရက်နားပြီးမှ ငါ့အိမ်ရှိတဲ့ မက်မွန်ပန်းရွာကို သွားကြမယ်။ သိပ်မဝေးပါဘူး"
ယွီလင်းက နားမလည်သော်လည်း ပျော်ရွှင်စွာ ခေါင်းညိတ်ခဲ့သည်။ ကျောက်ယွီယန်မှာမူ သူမ၏သမီးကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိသည်။ ယွီလင်းသည် ငယ်စဉ်ကတည်းက အကျဉ်းထောင်ထဲတွင် ကြီးပြင်းခဲ့ရပြီး အရွယ်ရောက်တော့လည်း သူမနှင့်အတူ နယ်စပ်သို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။ ယွီလင်းအတွက် ပြင်ပကမ္ဘာကို မြင်တွေ့ရမည့် ပထမဆုံးအကြိမ် ဖြစ်နေသည်။
ချင်းရှောင်းကောသည် သူမ နေထိုင်ရာအကြောင်းကို ကျောက်ယွီယန်အား ပြောပြထားပြီးဖြစ်သည်။ အစပိုင်းတွင် ချင်းရှောင်းကောက ကျောက်ယွီယန်သည် ကျန်းတန်းဟယ်၏ အဆင့်အတန်းကြောင့် လိုက်လာချင်သည်ဟု ထင်ခဲ့သော်လည်း၊ သူမသည် မြို့တော်တွင် မနေကြောင်း ကြိုတင်ရှင်းပြခဲ့သည်။
ကျောက်ယွီယန်မှာမူ မြို့တော်သို့ မသွားရသည်ကို ပို၍ပင် ဝမ်းသာနေသည်။ သူမသည် ယွီလင်းအား အေးချမ်းသော နေရာတစ်ခုတွင်သာ ဘဝကို ကုန်ဆုံးစေချင်ခဲ့သည်။