← Chapters

အခန်း (၃၇၅)

Vol. 25 Ch. 375

အခန်း (၃၇၅)

Vol. 25 Ch. 375

ယွီလင်းသည် ဤစကားကို ကြားသောအခါ အတက်ကြွဆုံး တုံ့ပြန်သူ ဖြစ်သည်။ သူမသည် ချက်ချင်း ထထိုင်လိုက်ပြီး ရှောင်ကျူးကို မျက်လုံးလေးများ တောက်ပစွာဖြင့် ကြည့်လိုက်သည်။

"ကျွန်မနဲ့ အမေက အစ်မ ရှောင်းကော အိမ်ကို သွားကြမှာ။ ရှောင်ကျူး၊ နင်ရော ငါတို့နဲ့ လိုက်ခဲ့မလား?"

ရှောင်ကျူးမှာ ထိုစကားကြောင့် ဆွံ့အသွားသည်။ သူမ ခေါင်းငုံ့သွားပြီး ခဏအကြာမှ "ကျွန်မ အဖေနဲ့ အမေနားမှာပဲ အချိန်ပိုပေးချင်သေးတယ်" ဟု ဆိုသည်။

ရှောင်းကောက နားလည်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ အမှန်တော့ ရှောင်ကျူးမှာ အလွန်ပင် အထီးကျန်နေသည်ဟု ခံစားရသဖြင့် သူမက ဤအကြံကို စတင်ပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်တစ်ခေါက် သင်္ဘောပေါ်တက်၍ ထွက်ခွာသွားစဉ်က ရှောင်ကျူး၏ အကြည့်များမှာ သူမကို အကြောင်းပြချက်မရှိဘဲ ဝမ်းနည်းစေခဲ့သည်။ သူမ တမ်းတခဲ့ရသော မိသားစုက သူမကို ထားသွားခဲ့ကြပြီ။ သဘက်ခါဆိုလျှင် သူမသည် တစ်ကိုယ်တည်း ကျန်ရစ်ခဲ့တော့မည် မဟုတ်ပါလား။

"ဟင်..." ယွီလင်းက စိတ်ပျက်သလို သက်ပြင်းချလိုက်သည်။ သို့သော် သူမက ချက်ချင်းပင် ခေါင်းငြိမ့်ကာ "ဟုတ်တာပေါ့၊ နင် သူတို့နားမှာပဲ အချိန်ပေးသင့်ပါတယ်" ဟု ထောက်ခံပေးသည်။

ထို့နောက် သူမသည် အိပ်ရာပေါ်တွင် ပြန်လှဲကာ လက်နှစ်ဖက်ကို ခေါင်းအောက်ခုလျက် ညကောင်းကင်မှ ကြယ်များကို ကြည့်ကာ အတွေးနက်နေတော့သည်။

"ဒါဆိုရင်လည်း နောင်ကျရင် ငါ နင့်ဆီကို ခဏခဏ လာလည်မယ်လေ။ နင် ငါ့ကို လွမ်းတဲ့အချိန်တိုင်း ငါ လာခဲ့မယ်။ ဘယ်လိုလဲ?"

ရှောင်းကော၏ ဤအကြံပြုချက်ကို ရှောင်ကျူးက အလောတကြီးပင် ခေါင်းငြိမ့်၍ သဘောတူလိုက်သည်။

"အစ်မတို့သာ နောက်ထပ် နည်းနည်းလောက် ထပ်နေနိုင်ရင် ကောင်းမှာပဲ။ ဟဲဟဲ။" ရှောင်ကျူးသည် သူမ၏ စိတ်ထဲတွင် ရှိသည်များကို မထိန်းနိုင်ဘဲ ပြောမိသွားသည်။

ဒါကို ကြားသောအခါ ရှောင်းကောက ပြုံးနေရုံမှလွဲ၍ ဘာမှမပြောပေ။ ယွီလင်းကတော့ သူမကို တစ်ချက် ကြည့်လိုက်ပြီး တစ်ခုခုကို စဉ်းစားနေပုံရသည်။

သူတို့သည် အကြာကြီး စကားပြောခဲ့ကြသော်လည်း ကျွမ်းကျွမ်းမှာမူ အိပ်ရာထဲ လှဲကတည်းက ရှောင်းကောကို တစ်ခွန်းသာ ခေါ်ပြီးနောက် ဘာမှ ထပ်မပြောတော့ပေ။

"ကျွမ်းကျွမ်း အိပ်ပျော်သွားပြီ။"

ယွီလင်း၏ အသံကြောင့် ကျန်နှစ်ဦးမှာ တိတ်ဆိတ်နေသော ကျွမ်းကျွမ်းကို လှည့်ကြည့်လိုက်ကြသည်။ သူ အိပ်ပျော်သွားသည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူ တစ်ချိန်လုံး တိတ်နေခြင်းကိုး။

ကောင်လေးမှာ သူ၏ လက်ကလေးနှစ်ဖက်ဖြင့် ရှောင်းကော၏ အဝတ်အစားများကို မြဲမြဲဆုပ်ကိုင်ထားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ သေသေချာချာ နားစွင့်ကြည့်လျှင် သူ၏ အသက်ရှူသံ ခပ်တိုးတိုးကိုပင် ကြားနိုင်ပေသည်။

ရှောင်းကော တိုးတိုးလေး ရယ်မိသည်။ သူ တကယ် အိပ်ချင်နေတာပဲ။ စောစောက သူ ဘာလို့ ဒီလောက် နုန်းနေပြီး သူမ၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်နေရသလဲဆိုတာကို သူမ သိလိုက်ရပြီ။

ဒါကိုမြင်သောအခါ ယွီလင်းက အိပ်ရာပေါ်မှ ထလိုက်ပြီး "ဒါဆို ကျွန်မ ပြန်တော့မယ်နော်" ဟု တိုးတိုးလေး ပြောသည်။

ရှောင်းကောက ခေါင်းငြိမ့်ပြကာ "သွားတော့လေ။ ကောင်းသောညပါ..." ဟု နှုတ်ဆက်လိုက်သည်။

"ကောင်းသောညပါ?"

ရှောင်ကျူးမှာ ထိုစကားလုံး၏ အဓိပ္ပာယ်ကို စဉ်းစားနေမိသည်။ ကောင်းသောည ဆိုသည်မှာ ညဘက်တွင် ဘေးကင်းမည်ဟု ဆိုလိုခြင်းလော?

ထိုဖြစ်နိုင်ခြေကို တွေးမိသည်နှင့် သူမသည် ယွီလင်းကို ချက်ချင်းပင် 'ကောင်းသောညပါ' ဟု ပြန်နှုတ်ဆက်လိုက်သည်။

ညဘက် ဘေးကင်းဖို့က အလွန်အရေးကြီးသည် မဟုတ်ပါလား!

ယွီလင်းသည်လည်း ထိုစကားလုံး၏ အဓိပ္ပာယ်ကို အတိအကျ မသိသော်လည်း နားထောင်ကောင်းသော နှုတ်ဆက်စကားဟု ထင်မိသည်။ သူမက ပြုံးလျက် "အစ်မတို့လည်း ကောင်းသောညပါ! အိပ်နေတဲ့ ကျွမ်းကျွမ်းလေးလည်း ကောင်းသောညပါနော်..." ဟု ပြန်ပြောကာ အပေါ်ထပ်မှ ဆင်းသွားတော့သည်။

ရှောင်းကောက သူမ၏ ကျောပြင်ကို ကြည့်ရင်း ပြုံးလိုက်သည်။ "ဒီကလေးမလေးတွေကတော့လေ..."

သူမ စကားအဆုံးတွင် ရှောင်ကျူးက ခပ်အုပ်အုပ်လေး ရယ်လိုက်သည်။

အခြားတစ်ဖက်တွင်တော့ ယွီကျစ်ကျစ်မှာ ထိုကဲ့သို့ ပျော်ရွှင်သော ပတ်ဝန်းကျင်မျိုးကို ခံစားနေရခြင်း မဟုတ်ပေ။

ယွီကျစ်ကျစ်ကို ရွာသားများက သယ်လာသောအခါ ဖခင်ဖြစ်သူ ယွီဝမ်ကွေ့ မှာ ထိတ်လန့်သွားသည်။ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပြီဟု သူ ထင်လိုက်သည်။ ယွီကျစ်ကျစ်၏ သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက်တွင်တော့ သူမသည် လည်ပင်းလွဲသွားပြီး ထိတ်လန့်ကာ ခေတ္တမျှ သတိလစ်သွားခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသည်။

သူမ ဘာမှမဖြစ်မှန်း သိလိုက်ရသောအခါမှ ယွီဝမ်ကွေ့မှာ သက်ပြင်းချနိုင်တော့သည်။ စောစောက သူမ၏ ပုံစံကြောင့် သူ သေမတတ် ထိတ်လန့်သွားခဲ့ရသည်။

သူသည် စိတ်အေးစေသော ဆေးရည်တစ်အိုးကို ကျိုလိုက်ပြီး ယွီကျစ်ကျစ်၏ လည်ပင်းကို အရက်ဖြင့် နှိပ်နယ်ပေးသည်။ ထို့နောက်မှ အခန်းထဲမှ ထွက်လာခဲ့သည်။

ယွီကျစ်ကျစ် သတိလစ်နေစဉ်မှာပင် သူမ၏ လည်ပင်းတွင် ပူစပ်ပူလောင် နာကျင်မှုကို ခံစားနေရသည်။ တစ်စုံတစ်ယောက်ကလည်း ပူပြီး ခါးသက်သော ရေအချို့ကို သူမ၏ လည်ချောင်းထဲသို့ လောင်းထည့်လိုက်သဖြင့် လျှာမှာ ထုံကျင်နေသည်။

ဤအခြေအနေက ပြီးခဲ့သည့်ရက်က သူမ၏ တတိယ အဒေါ် ပြောခဲ့သော စကားကို သတိရစေခဲ့သည်။ အကယ်၍ အတင်းအဖျင်းပြောတတ်သော မိန်းမများသည် ကောလာဟလများကို ဆက်ဖြန့်ဝေနေပါက မြေအောက်ငရဲ ၁၈ ထပ်သို့ ပို့ဆောင်ခံရလိမ့်မည်။ ထိုနေရာတွင် သူမတို့၏ လျှာများကို ဆွဲထုတ်ပြီး လည်ပင်းကို ဖြတ်ပစ်လိမ့်မည်ဟူသော စကားပင်။

ဒီကာလအတွင်း သူမသည် ကောလာဟလများစွာ ဖြန့်ဝေခဲ့သည်။ ထို့ကြောင့် သူမ ကြောက်ရွံ့မိသည်မှာ ရှောင်လွှဲ၍ မရပေ။ အဒေါ်ဖြစ်သူ၏ စကားကို ကြားစဉ်ကတည်းက သူမသည် ညဘက်တွင် တစ်ယောက်တည်း လမ်းမလျှောက်ရဲလောက်အောင် ထိတ်လန့်ခဲ့ရသည်။

သူမ သတိမလစ်ခင်မှာ ချင်းရှောင်းကောက သူမကို သတ်လိုက်သည်ဟု ထင်မိသည်။ ဒါဆို သူမ အခု ငရဲ ၁၈ ထပ်ကို ရောက်နေပြီလား?!

ဤအတွေးက သူမကို ကြက်သီးထစေကာ ချွေးစေးများ ထွက်လာစေသည်။

စောစောက လျှာထုံနေခြင်းမှာ လျှာကို အဆွဲထုတ်ခံလိုက်ရ၍လား? ဒါဆို လည်ပင်းမှ နာကျင်မှုမှာလည်း ခေါင်းအဖြတ်ခံလိုက်ရသော ခံစားချက် ဖြစ်ရပေမည်?!

ဤအတွေးများကြောင့် သူမမှာ ကြောက်လန့်ပြီး ဆီးပင် ထွက်မတတ် ဖြစ်သွားသည်။

သို့သော် သူမ ပြန်စဉ်းစားမိသည်မှာ... အကယ်၍ သူမ တကယ် သေသွားပြီဆိုလျှင် ဘာလို့ ဆီးသွားချင်နေရသနည်း? လူသေက ဆီးသွားနိုင်လား?

ထိုအတွေးနှင့်အတူ အိပ်ရာပေါ်တွင် လဲနေသော ယွီကျစ်ကျစ်သည် ချက်ချင်းပင် မျက်လုံးဖွင့်လိုက်သည်။ မှောင်မည်းနေသဖြင့် မျက်လုံးကို အနိုင်နိုင် ဖွင့်ကြည့်ရသည်။ လရောင်အောက်တွင် သူမ၏ အခန်းကို သေသေချာချာ မြင်လိုက်ရသောအခါမှ သူမ သက်ပြင်းချလိုက်နိုင်သည်။

"ငါ မသေသေးဘူး!"

ဖြစ်ပျက်ခဲ့သမျှကို သေသေချာချာ ပြန်စဉ်းစားကြည့်သောအခါ ယွီကျစ်ကျစ်မှာ အကြီးအကျယ် ဒေါသထွက်သွားခဲ့သည်။ ယခုအချိန်တွင် သူမသည် သေပင်သေလိုက်ချင်တော့သည်။ သို့မှသာ သရဲအဖြစ် ပြောင်းလဲကာ သူတို့ကို လက်စားချေနိုင်မည် မဟုတ်ပါလား။

ဒေါသထွက်လေလေ၊ ဆီးသွားချင်စိတ်က ပိုပြင်းထန်လာလေလေပင်။ စောစောက အိပ်ရာကို လက်သီးဖြင့် ထုလိုက်စဉ်ကပင် သူမ မထိန်းနိုင်တော့လုနီးပါး ဖြစ်သွားသည်။

အိမ်သာသွားရန် အိပ်ရာမှ ထရန် ကြိုးစားလိုက်စဉ်မှာပင် လည်ပင်းမှ နာကျင်မှုကြောင့် အိပ်ရာပေါ်သို့ ပြန်လဲကျသွားသည်။ ထိုအခါတွင်တော့ သူမသည် ဆီးကို လုံးဝ မထိန်းနိုင်တော့ပေ။

ထိုစဉ် ဘေးခန်းမှ ဖခင်ဖြစ်သူ ယွီဝမ်ကွေ့က သူမ၏ အခန်းထဲမှ အသံကြားသဖြင့် လျှောက်လာရင်း အော်မေးသည်။

"ကျစ်ကျစ်? နိုးပြီလား? လည်ပင်းရော သက်သာရဲ့လား?"

ဖခင်ဖြစ်သူ၏ အသံကို ကြားသောအခါ ယွီကျစ်ကျစ်သည် ထိတ်လန့်တကြားဖြင့် သူ့ကို အထဲမဝင်လာရန် အော်ဟစ်တားမြစ်လိုက်သည်။

ယွီဝမ်ကွေ့သည် တံခါးအပြင်ဘက်မှာပင် ရပ်လိုက်ပြီး စိတ်မကောင်းစွာဖြင့် "ကျစ်ကျစ်... ညည်း ငါ့ကို စိတ်ဆိုးနေတုန်းပဲလား?" ဟု မေးသည်။

"မဟုတ်ပါဘူး။"

သူမက အထဲကို ဇွတ်ဝင်လာမည် စိုးသဖြင့် ယွီကျစ်ကျစ် ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဟင်း... ကျစ်ကျစ်ရယ်၊ ညည်း ငါ့ကို စိတ်ဆိုးနေမှန်း သိပါတယ်။ ဒါပေမဲ့ ငါ တစ်ခွန်းတော့ ထပ်ပြောပါရစေ။ ပြဿနာတွေ ထပ်မရှာပါနဲ့တော့၊ အရင်လိုပဲ အေးအေးဆေးဆေး နေပါတော့။ ဟုတ်ပြီလား?"

ယွီဝမ်ကွေ့မှာ စိတ်ရောလူပါ ပင်ပန်းနေခဲ့ပြီ။ သူ၏သမီး ဘာလို့ အခုလို ပြောင်းလဲသွားရသလဲဆိုတာ သူ နားမလည်နိုင်ပေ။ ခရီးက ပြန်လာကတည်းက သူမ၏ အမူအရာများမှာ ထူးဆန်းနေသည်။ တစ်ခါမှ သူပြောသမျှကို မငြင်းဆန်ဖူးသော ကလေးမှာ လွန်ခဲ့သော ရက်အနည်းငယ်က သူ့ကို အတိအလင်း ပြန်ပြောခဲ့သည်။

လိမ္မာသော သူ၏သမီးက ရှောင်ကျူး၏ နောက်ကွယ်တွင် လိမ်လည်ပြောဆိုကာ သူမကို စိတ်နာအောင် လုပ်ခဲ့သည်ကို သိလိုက်ရသောအခါ သူ မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။ သူမကို ကာကွယ်ရန်အတွက် သူသည် သူမကို တောင်ပေါ်သို့ ဆေးမြစ်ရှာရန် စေလွှတ်ခဲ့ရသည်။ နေမထွက်ခင် သွားခိုင်းပြီး ညနေမှ ပြန်လာခိုင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် သမီးဖြစ်သူ၏ မျက်လုံးထဲတွင်တော့ သူ၏ ကောင်းစေချင်သော စေတနာကို အခြားရွာသားများနှင့် တစ်ဖွဲ့တည်း ဖြစ်နေသည်ဟုသာ အထင်လွဲနေခဲ့သည်။

သူမကို ဘယ်လို ကိုင်တွယ်ရမည်မှန်း သူ တကယ် မသိတော့ပေ။

ဤအချိန်တွင် ယွီကျစ်ကျစ်မှာတော့ အခက်ကြုံနေသဖြင့် အသံတိတ် ခံစားနေရသည်။ သူမသည် မျက်ရည်များကို သုတ်လိုက်ပြီး တည်ငြိမ်ဟန်ဆောင်ကာ "နားလည်ပါပြီ အဖေ။ နောင်ကျရင် ကျွန်မ လိမ္မာပါ့မယ်" ဟု ပြန်ပြောလိုက်သည်။

ယွီဝမ်ကွေ့က ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ကာ ထွက်သွားသည်။

ဖခင်ဖြစ်သူ ထွက်သွားပြီးနောက် သူမ လုံးဝ စိတ်လွှတ်လိုက်ရသော အခြေအနေကြောင့် ယွီကျစ်ကျစ်မှာ ခေါင်းအုံးကို ဖက်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

သူမ၏ ဝေဝေဝါးဝါး အတွေးထဲတွင် လွန်ခဲ့သော ရက်များက ရွာသားများ သူမကို ကြည့်ခဲ့သော အကြည့်များ၊ သူမ လိမ်ပြောနေစဉ်က အမူအရာများနှင့် ဖခင်ဖြစ်သူ၏ စိတ်ပျက်အားလျော့နေသော မျက်နှာများကို မြင်ယောင်နေမိသည်။

ရှုပ်ထွေးလှသော ခံစားချက်များမှာ ရောထွေးနေသည်။ ထိုရွံရှာဖွယ်ကောင်းသော မျက်နှာများမှာ သူမ၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပေါ်လာနေသည်။

သူမ တကယ်ပဲ တစ်ခုခု မှားခဲ့တာလား?

"ကျွန်မ အမေနဲ့အတူ ဒီမှာပဲ ကျန်ခဲ့ချင်တယ်။"

"ဘာ?"

ရှောင်းကောက သူမ၏ လက်မှ သဲများကို ခါထုတ်လိုက်ရင်း ယွီလင်းကို မယုံကြည်နိုင်သလို ကြည့်လိုက်သည်။ ဒါက လုံးဝ မျှော်လင့်မထားသော ကိစ္စပင်။

"အစ်မ ရှောင်းကော... ကျွန်မအမေက ပင်လယ်ကို ကြိုက်တယ်။ ဒါကြောင့် သူမရဲ့ နောက်ဆုံးခရီးမှာ သူမနဲ့အတူ ဒီမှာပဲ ခဏလောက် နေပေးချင်တယ်"

ယွီလင်းသည် တစ်ညလုံး စဉ်းစားခဲ့ခြင်း ဖြစ်သည်။ သူမ၏ မိခင်မှာ အချိန်အများကြီး မကျန်တော့သဖြင့် သူမကို ပင်ပန်းဆင်းရဲမှု မဖြစ်စေချင်ပေ။ သူမ၏ မိခင်သည် ပင်လယ်နှင့် လွတ်လပ်မှုကို နှစ်သက်သူဖြစ်ရာ သူမ၏ ဘဝနောက်ဆုံးခရီးကို မိခင်နှစ်သက်သော နေရာတွင်သာ အတူရှိပေးချင်ခြင်း ဖြစ်သည်။

ဒါကို ကြားသောအခါ ရှောင်းကောက လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။ "ဒါက ကောင်းတဲ့ အကြံပဲ။"

ယွီလင်းက သွားလေးများ ပေါ်သည်အထိ ပျော်ရွှင်စွာ ပြုံးပြသည်။

"ကျေးဇူးတင်ပါတယ် အစ်မ ရှောင်းကော။"

ရှောင်းကောက ပြုံးလျက် ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူမသည် ပင်လယ်ကို ကြည့်နေသော ကျောက်ယွီယန်ကို လှည့်ကြည့်လိုက်သည်။ ယခုအချိန်တွင် ထိုအမျိုးသမီးမှာ မနက်ခင်း နေရောင်ခြည်အောက်တွင် ပို၍ နုပျိုလန်းဆန်းလာသကဲ့သို့ ခံစားရသည်။ အရာအားလုံးမှာ အိပ်မက်တစ်ခုကဲ့သို့ပင်။

ထိုစဉ် ကျောက်ယွီယန်က လှည့်ကြည့်လိုက်ရာ ရှောင်းကောနှင့် မျက်လုံးချင်း ဆုံသွားသည်။ သူမက စိတ်ရင်းမှန်ဖြင့် ပြုံးပြလိုက်သည်။

ကျောက်ယွီယန်သည် လမ်းလျှောက်လာပြီး သဲသောင်ပြင်ပေါ်တွင် ထိုင်လိုက်သည်။ ထို့နောက် သူမက ယွီလင်းကို အကြောင်းပြချက်တစ်ခုဖြင့် အဝေးသို့ လွှတ်လိုက်သည်။

"ယွီလင်း ရှင့်ကို ပြောပြပြီးပြီ မဟုတ်လား?"

ရှောင်းကောက ခေါင်းငြိမ့်ပြသည်။

"ဒီနေရာက ကောင်းပါတယ်။ ပင်လယ်က အရမ်း တိတ်ဆိတ်တာပဲ။ ဒီမှာ ထာဝရ အိပ်စက်ရတာက အရမ်းကို သက်သောင့်သက်သာ ရှိမှာပါ"

ရှောင်းကော ဘာမှပြန်မပြောဘဲ သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။

ကျောက်ယွီယန်က စကားဆုံးသောအခါ ပြုံးလျက် သူမကို တစ်ချက် ကြည့်လိုက်သည်။

"ဒါကို ထူးဆန်းတယ်လို့ မထင်ဘူးလား?"

All Chapters