အခန်း (၅၁)
Vol. 6 Ch. 51
လျို့လန် မျက်လုံးထဲမှာတော့ သူအမေက အမြဲတမ်း လှပနေပြီး ယခုလည်း ခြွင်းချက်မရှိပေ။ ထို့ကြောင့် မဆိုင်းမတွ ခေါင်းညိတ်လိုက်ပါသည်။
“လှတယ်!”
လျို့လန်၏ အဖြေက ဟန်ဆောင်မှုကင်းပြီး စစ်မှန်လွန်းပါသည်။
ငှက်ပေါက်လေးလည်း အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။ နောက်ဆုံးမှာတော့ အမှန်တရားတစ်ခုကို ခက်ခက်ခဲခဲ ထုတ်ပြောလိုက်ပါသည်။
“စနစ်ပိုင်ရှင်ရဲ့ ပုံစံက… ရွာတွေထဲက အောင်သွယ်တော်ကြီးတွေနဲ့ တူမနေဘူးလား”
ယန်ရုန်ရုန် ဒေါသထွက်သွားလိမ့်မည်ဟု ငှက်ပေါက်လေး ထင်ထားခဲ့သော်လည်း သူမက တောက်တောက်ပပအပြုံးဖြင့်သာ ပြန်ပြောလိုက်ပါသည်။
“အဓိပ္ပာယ်မရှိတာ! အောင်သွယ်တော်တွေရဲ့ မျက်နှာပေါ်မှာ ဧရာမ မှဲ့ခြောက်ကြီးတွေ ရှိတတ်တယ်၊ ငါ့မှာ ဘာမှဲ့မှ မရှိဘူး”
ယန်ရုန်ရုန်၏ တွေးခေါ်ပုံကို ငှက်ပေါက်လေး နားမလည်နိုင်ပေ။
“အောင်သွယ်တော်တိုင်းမှာ မှဲ့ပါတာမှ မဟုတ်တာ…”
ယန်ရုန်ရုန် ရှင်းပြလိုက်သည်။
“ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ အဲ့လိုပုံစံတွေပဲလေ!”
“ရုပ်သံဇာတ်လမ်းတွဲတွေဆိုတာ အတုအယောင်တွေလေ”
“ဪ နင်က တော်တော်သိ တော်တော်တတ်နေပြီပေါ့”
“အဲ့တာ ကလေးတောင်သိတဲ့ အမှန်တရားတွေ မဟုတ်ဘူးလား!”
“နင်က စနစ်လေ၊ လူသားလောကအကြောင်း နင် ဘယ်တုန်းက နားလည်သွားတာလဲ”
“အဲ့ဒီစကားက လူမျိုးရေးခွဲခြားလိုက်တာလား!”
“စနစ်တစ်ခုကို လူမျိုးလို့တောင် သတ်မှတ်လို့ရနေပြီပေါ့လေ”
“…”
ငှက်ပေါက်လေး၏ တကျီကျီမြည်သံများကို ဆိုင်ရှင် နားမလည်နိုင်ပေ။ သူ့အမြင်မှာတော့ ယန်ရုန်ရုန် ငှက်ပေါက် တစ်ကောင်ကို ကြည့်ပြီး တစ်ယောက်တည်း စကားပြောနေခြင်းဖြစ်သဖြင့် အတော်လေး ကြောင်တောင်တောင် နိုင်နေပါသည်။
သို့သော် ကျင့်ကြံခြင်းကမ္ဘာက ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသဖြင့် သူမေးခွန်းတွေအများကြီး မမေးရဲခဲ့ပေ။
ဆိုင်ရှင် မဝံ့မရဲ ဝင်ပြောလိုက်သည်။
“ဧည့်သည်တော် ဝတ်ရုံတွေကို စိတ်တိုင်းကျရဲ့လား”
သူမ သဘောမကျဘဲ ငွေပြန်အမ်းခိုင်းလိမ့်မည်ဟု ဆိုင်ရှင် ကြိုတွက်ထားပြီးသားဖြစ်ကာ ဘယ်လိုငြင်းရမလဲပင် စဉ်းစားထားပြီးပြီ ဖြစ်သည်။
သို့သော် ယန်ရုန်ရုန်က အပြုံးဖြင့်သာ ခေါင်းညိတ်လိုက်ပါသည်။
“သိပ်ကို စိတ်တိုင်းကျတာပေါ့!”
ဆိုင်ရှင် ဆက်ပြောလိုက်သည်။
“စိတ်တိုင်းမကျဘူးဆိုပေမယ့် ကျွန်တော်တို့ ငွေပြန်အမ်းပေးလို့မရပါဘူး၊ ဒါပေမယ့် ဧည့်သည်တော်က ရှမ့်ယွင်ဂိုဏ်းရဲ့ အတွင်းစည်း တပည့်သား ဝတ်စုံကို ဝတ်ဆင်ထားတာဆိုတော့ လေးစားသမှုနဲ့ လျော်ကြေးလက်ဆောင်…”
ဆိုင်ရှင် ရုတ်တရက် ကြက်သေသေသွားပြီး မျက်လုံးပြူးကာ ယန်ရုန်ရုန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
“ခင်ဗျား ဘာပြောလိုက်တာ”
‘နားကြားများ လွဲသွားတာလား၊ ဒီအမျိုးသမီး စိတ်တိုင်းကျတယ်လို့ ပြောလိုက်တာလား! ဒီလောက် စက်ဆုပ်စရာကောင်းတဲ့ အဝတ်အစားတွေကို တကယ် လက်ခံနိုင်တယ်ပေါ့!’
ယန်ရုန်ရုန် သူ့စကားကို ရိပ်စားမိသွားပြီး ဆက်မေးလိုက်သည်။
“လက်ဆောင်ရှိသေးတယ်လို့ ပြောလိုက်တာလား၊ ဘယ်လို လက်ဆောင်လဲ”
ဆိုင်ရှင် ကိုယ့်ပါးစပ်ကိုယ် ဖြတ်ရိုက်ချင်သွားသည်။ သို့သော် ပြောပြီးသားစကားကို ပြန်ရုတ်သိမ်းလို့ မဖြစ်တော့ပေ။
ထို့ကြောင့် ဂိုထောင်ရှင်း လျှော့ဈေးအတန်းထဲက နေရာတစ်ခုကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“အဲ့ဒီကနေ နှစ်သက်ရာ ပိုးသား လက်ကိုင်ပဝါတစ်ထည်ကို ရွေးနိုင်ပါတယ်…”
ထို လက်ကိုင်ပဝါများကလည်း မှော်ဝတ်ရုံတွေလိုပဲ အဆင့်နိမ့် အခင်းအကျင်းများဖြင့် ဖန်တီးထားသော ပစ္စည်းများ ဖြစ်ကြသည်။ ထို့ကြောင့်လည်း ရောင်းမထွက်ဘဲ ယခုထိ ဖုန်တက်ကာ ကျန်ရှိနေခြင်း ဖြစ်ပါလိမ့်မည်။
ယန်ရုန်ရုန်လည်း မြစိမ်းရောင်တောက်တောက်ပေါ်တွင် အနီရောင်တောက်တောက် ခေါင်ရမ်းပန်းကို ထိုးထားသည့် လက်ကိုင်ပဝါတစ်ထည်အား ရွေးချယ်လိုက်ပါသည်။
ထို့နောက် လက်ကိုင်ပဝါကို ရမ်းပြရင်း ဆိုင်ရှင်အား မေးလိုက်သည်။
“ကျွန်မ ဝတ်စုံနဲ့ မလိုက်ဘူးလား”
ဆိုင်ရှင်လည်း စိတ်မပါစွာ ခြောက်ခြောက်ကပ်ကပ် ချီးကျူးလိုက်လေသည်။
“လှပါတယ်၊ အရမ်းလိုက်ဖက်တယ်၊ ဧည့်သည်တော်က… တကယ် အမြင်ရှိတာပဲနော်”
ဆိုင်ရှင် စိတ်ထဲမှာတော့ တစ်စုံတစ်ခုကို အတည်ပြုနိုင်ခဲ့ပါသည်။ ဒီအဒေါ်ကြီး၏အမြင်က အတော်လေး ချွတ်ယွင်းနေပုံရသည်။
မဟုတ်ပါက ဘယ်သူမှ မလိုချင်သည့် ပစ္စည်းတွေကိုပဲ ရွေးယူသွားမှာ မဟုတ်ပါ။
မြစိမ်းရောင်ပဝါကို လက်တစ်ဖက်တွင်ကိုင်ပြီး လျို့လန်ကို နောက်တစ်ဖက်ဖြင့် ဆွဲလျက် ယန်ရုန်ရုန် ဆိုင်ထဲမှ ရွှင်ရွှင်မြူးမြူး ထွက်လာခဲ့တော့သည်။
လမ်းသွားလမ်းလာများက ယန်ရုန်ရုန်ကို ထူးထူးဆန်းဆန်း သတ္တဝါတစ်ကောင်လို ဝိုင်းကြည့်နေကြသည်ကို ငှက်ပေါက်လေး သတိထားမိသည်။ ထို့ကြောင့် သူ မနေနိုင်ဘဲ မေးကြည့်လိုက်ပါသည်။
“စနစ်ပိုင်ရှင် ဒါကြီးနဲ့ ရှမ့်ယွင်ဂိုဏ်းကို တကယ်ပြန်မှာလား”
ယန်ရုန်ရုန်ကတော့ ဘာမှမထူးဆန်းသလိုမျိုး ခေါင်းညိတ်လိုက်သည်။ “အေးလေ”
“အရမ်း… ကြည့်ရဆိုးတယ်လို့ မထင်ဘူးလား”
ငှက်ပေါက်လေး စိတ်ရှိတိုင်း မပြောမိအောင် မနည်းထိန်းထားရသည်။ ထိုအဝတ်အစားများက ‘ကြည့်ရဆိုး’ရုံတင်မဟုတ်ပါ။ အော်ဂလီဆန်ဖွယ်ပင် ကောင်းလှသည်။
ဒီကမ္ဘာပေါ်မှာ အမျိုးသမီးကျင့်ကြံသူများစွာ ရှိပြီး အားလုံးက အလှဆုံးဖြစ်အောင် ကြိုးစားပမ်းစား နေထိုင်တတ်ကြသည်။ ဒီလို ရည်ရွယ်ချက်ရှိရှိ အကျည်းတန်အောင် ဝတ်စားတတ်သူမျိုးကို ငှက်ပေါက်လေး မမြင်ဖူးပေ။
ယန်ရုန်ရုန် ရယ်မောလိုက်ပါသည်။
“ကြည့်ရဆိုးတော့ ကောင်းတာပေါ့”
“ဘာလို့လဲ”
အခြားကလေးတစ်ဦး၏ လက်ထဲမှ သကြားရည်စိမ် သစ်သီးတုတ်ထိုးကို လျို့လန် ငေးကြည့်နေမှန်းယန်ရုန်ရုန် မြင်သည်။ သကြားလုံးဆိုင်ရှေ့မှ ဖြတ်သွားသောအခါ ယန်ရုန်ရုန် တုတ်ထိုး နှစ်ချောင်း ဝယ်ယူလိုက်ပါသည်။ သူမနဲ့ လျို့လန်အတွက် တစ်ယောက်တစ်ချောင်းစီဖြစ်သည်။
လျို့လန်ကလည်း ကလေးအစစ်တစ်ဦးသဖွယ် မုန့်ကို ပျော်ပျော်ကြီးလက်ခံလိုက်ပါသည်။ ထို့နောက်မှ ငှက်ပေါက်လေး၏ မေးခွန်းကို ယန်ရုန်ရုန် ပြန်ဖြေခဲ့သည်။
“ရှန်းဝမ်ချင်းက ငါ့ကို သူ့အချစ်ဦးလေးရဲ့ အစားထိုးအဖြစ် သတ်မှတ်ထားတာ မဟုတ်ဘူးလား၊ အခု သူ့ရင်ထဲက လရောင်ဖြူလေးရဲ့ ပုံရိပ်ကို ငါဖျက်ဆီးပစ်တော့မှာ”
ထို့နောက် တုတ်ထိုးကို တစ်ကိုက် ကိုက်စားလိုက်သည်။
ယခင်တုန်းက စနစ်မစ်ရှင်အောင်မြင်ဖို့အတွက် ရှန်းဝမ်ချင်း၏ လရောင်ဖြူလေးနှင့် အသွင်သဏ္ဌာန်ချင်း ဆင်တူအောင် သူမ ကြိုးစားပမ်းစားဟန်ဆောင်ပေးခဲ့ရသည်။ ရှန်းဝမ်ချင်းက အစစ်အမှန်ကို မပိုင်ဆိုင်နိုင်သဖြင့် သူမလို အတုအယောင် အစားထိုးနဲ့သာ ကျေနပ်ခဲ့ရသည်။
ရှန်းဝမ်ချင်း အမှန်တကယ် ချစ်မြတ်နိုးသူက သူ့ရှစ်ကျဲကိုသာ ဖြစ်ပါသည်။
ထို့ကြောင့် တစ်ချိန်တုန်းက သူမ ကြိုးစားပမ်းစားဆောက် တည်ခဲ့ရသည့် လရောင်ဖြူပုံစံလေးကိုသာ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်လိုက်လျှင် သူမနှင့် သူ့ရှစ်ကျဲတို့က မတူညီသည့် လူနှစ်ယောက်ဖြစ်မှန်း ရှန်းဝမ်ချင်း နားလည်ကောင်း နားလည်သွားနိုင်လိမ့်မည်။
ထိုအခါ သူ့မျှော်လင့်ချက်တွေ အားလုံး အဆုံးသတ်သွားလိမ့်မည်။
ယန်ရုန်ရုန် ဆိုလိုရင်းကို ငှက်ပေါက်လေး သိပ်နားမလည်ပေ။ သို့သော် ရှန်းဝမ်ချင်း၏ ရှေ့လျှောက်နေ့ရက်များ လွယ်ကူတော့မည်မဟုတ်ကြောင်းကိုတော့ သူ့မသိစိတ်ထဲမှ နားလည်နေခဲ့ပါသည်။
ယန်ရုန်ရုန်တို့ တစ်နေ့လုံးနီးပါး မြို့ထဲမှာ လျှောက်သွားရင်း သောက်စား ပျော်ပါးခဲ့ကြသည်။
အခြားမြို့များကဲ့သို့ ဝူရှန်းမြို့မှာလည်း စန်းချွမ်ကို ‘အလိုရှိသည်’ဟူသော ဝရမ်းပြေး ပိုစတာများ ကပ်ထားဆဲဖြစ် သည်။
ယန်ရုန်ရုန် နားမလည်နိုင်ခဲ့ပါ။ သူမ ရှမ့်ယွင်ဂိုဏ်းသို့ ပြန်ရောက်နေပြီဖြစ်သဖြင့် ပိုစတာများကို ရုတ်သိမ်းသင့်နေပါပြီ။
ပိုစတာများကို မရုတ်သိမ်းသည့်အပြင် စန်းချွမ်ကို ရှမ့်ယွင်ဂိုဏ်းမှ မောင်းထုတ်လိုက်ပြီဖြစ်ကြောင်းလည်း ကြေညာခဲ့ကြသေးသည်။ ဂိုဏ်း၏ ဆုံးဖြတ်ချက်က အလွန်အေးစက် ပြတ်သားပါသည်။
သို့သော် ဂိုဏ်းအတွင်းတွင် ယန်ရုန်ရုန် အေးအေးလူလူ နေနိုင်နေဆဲဖြစ်သည်။ အထူးသဖြင့် ဂိုဏ်းခေါင်းဆောင်ကြီး နန်ခယ့်က သူမကို ခယ်မတစ်ယောက်သဖွယ် ဂရုတစိုက် ကြင်ကြင်နာနာ ဆက်ဆံခဲ့သည်။ သူမကို ကန်ထုတ်ဖို့ ရည်ရွယ်သည့် အရိပ်အယောင်ပင် မတွေ့ခဲ့ရပါ။
ဂိုဏ်းအတွင်းရေးများအကြောင်း ယန်ရုန်ရုန် ဦးနှောက် ခြောက်ခံပြီး စဉ်းစားမနေတော့ပေ။
ညမိုးချုပ်ခါမှ ယန်ရုန်ရုန် ခရီးစဉ်ကို အဆုံးသတ်ပြီး ဂိုဏ်းထံ ပြန်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ မြို့တော်ပြင်ပသို့ ပြန်ထွက်လာကြပြီး ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကြီးကို ဆင့်ခေါ်လိုက်သည်။
ရွှမ်နျောင်ငှက်ကြီးက အရောင်အသွေးစုံလင်သည့် အရာများကို သဘောကျတတ်သည်။ ထို့ကြောင့် ယန်ရုန်ရုန်၏ တောက်ပြောင်နေသော အဝတ်အစားအသစ်စက်စက်များကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်လုံးများအရောင် လက် သွားခဲ့ပါသည်။
ယန်ရုန်ရုန်ဘေးနားတစ်ဝိုက်တွင်း ဝဲပျံရင်း ပျော်ရွှင်စွာ အော်ဟစ်နေခဲ့သည်။
ငှက်ပေါက်လေးက ဘာသာပြန်ပေးလိုက်ပါသည်။
“စနစ်ပိုင်ရှင် ဒီနေ့ အရမ်းလှနေတယ်လို့ ကျွန်ုပ်မိဘတွေက ပြောနေတယ်၊ သူတို့ အရမ်းသဘောကျတယ်တဲ့”
ယန်ရုန်ရုန် ဝတ်ရုံကို လက်ဖြင့်အနည်းငယ် မ,လျက် ရွှမ်နျောင်ငှက်ကြီးကို ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်ပါသည်။
“ကျေးဇူးတင်ပါတယ်”
ထိုအပြုအမူမျိုးကို မိန်းကလေးငယ်ငယ်ချောချောတစ်ယောက် ပြုလုပ်နေခြင်းဆိုလျှင် မျက်စိကျစရာကောင်းမှာ သေချာသော်လည်း ယခုက အသက် ၅၀ အရွယ် အဒေါ်ကြီးတစ်ယောက်ဖြစ်နေသဖြင့်… အနည်းငယ် ကြည့်ရဆိုးနေပါသည်။
သို့သော် ရွှမ်နျောင်ငှက်ကြီးကတော့ ထိုသို့ မတွေးခဲ့ပါ။ ယန်ရုန်ရုန်၏အဝတ်အစားများက လှပသည်ဟု အမှန်တကယ် ထင်နေသည်။
ထို့ကြောင့် သူမ ဝတ်ရုံကို နှုတ်သီးဖြင့် ပွတ်တိုက်နေပါသည်။ ယန်ရုန်ရုန်လည်း အခွင့်အရေးကို အရယူပြီး ၎င်း ငှက်မွေးများကို ခွေးတစ်ကောင်သဖွယ် ပွတ်သပ်ပေးလိုက်သည်။ ရွှမ်နျောင်ငှက်ကြီး၏ ငှက်မွေးများက အလွန်နူးညံ့သိမ်မွေ့လှပါသည်။
သူ့အမေနဲ့ အခြားသူတွေရင်းနှီးနေသည်ကို လျို့လန် သည်းမခံနိုင်ပါ။ ထို့ကြောင့် ကြားထဲအတင်းဝင်ပြီး သူ့အမေနှင့် ရွှမ်နျောင်ငှက်ကြီးတို့ကို ခွဲလိုက်သည်။ ထို့နောက် ယန်ရုန်ရုန်၏ ခြေထောက်ကို အပိုင်သိမ်းကာ ဖက်ထားလိုက်ပါသည်။။
ရွှမ်နျောင်ငှက်ကြီးက ကျက်မပြည့်သည့် သတ္တဝါနှင့်ဖက်ပြီး ရန်မဖြစ်နိုင်သဖြင့် အတောင်တစ်ဖက်ချကာ ယန်ရုန်ရုန်ကို သူ့ကျောပေါ် တက်ခွင့်ပေးလိုက်သည်။
ယန်ရုန်ရုန်နှင့် လျို့လန်တို့ကို တင်ဆောင်ပြီးနောက် ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်ကြီး ရှမ့်ယွင်ဂိုဏ်းသို့ ပြန်လည် ပျံသန်းလာခဲ့တော့သည်။