← Chapters

အခန်း (၅၂)

Vol. 6 Ch. 52

အခန်း (၅၂)

Vol. 6 Ch. 52

ရှမ့်ယွင်ဂိုဏ်းတွင်…

ယွင်ကျဲ တောင်အောက် ချိုင့်ဝှမ်းများအကြား နေရာစုံအောင် ရှာဖွေပြီးသွားပါပြီ။ သို့သော် စန်းချွမ်၏အစအနကိုပင် မတွေ့ခဲ့ရချေ။

သူမ သေသလား ရှင်သလား မသိရဘဲ နောက်တစ်ဖန် ပျောက်ဆုံးနေပြန်ပါပြီ။

အခြားရွေးချယ်စရာမရှိတော့သဖြင့် အဖေဖြစ်သူကိုသာ ယွင်ကျဲ အကူအညီသွားတောင်းရတော့သည်။

ဂိုဏ်းခေါင်းဆောင် နန်ခယ့်ကလည်း မျက်စိတစ်မှိတ်အချိန်အတွင်း ဒီလို ကြီးမားသည့် ပြဿနာမျိုး ဖြစ်ပျက်သွားလိမ့် မည်ဟု ထင်မထားခဲ့သဖြင့် ခေါင်းတွေကိုက်ခဲသွားခဲ့သည်။

“မင်းတို့တွေကို အပြင်မထွက်နဲ့လို့ ငါမပြောခဲ့ဘူးလား၊ ဘာလို့ တစ်ယောက်မှ နားမထောင်ကြတာလဲ၊ ဂိုဏ်းခေါင်း ဆောင်တစ်ယောက်ရဲ့ အမိန့်စကားက မင်းတို့အတွက် ဘာတန်ဖိုးမှ မရှိတော့ဘူးလား”

ယွင်ကျဲ အထွန့်မတက်ရဲဘဲ တိုးညှင်းစွာသာ ဝန်ခံလိုက်ပါသည်။

“ကျွန်တော် အမှားလုပ်မိပါတယ်၊ အဲ့တာကြောင့် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံယူဖို့ အသင့်ပဲ၊ ဒါပေမယ့် လောလောဆယ် အရေးအကြီးဆုံးက ရှစ်ကျဲ စန်းချွမ်ကို အမြန်ဆုံး ရှာဖွေနိုင်ဖို့ပါ”

စန်းချွမ်ကို ချက်ချင်း ရှာဖွေဖို့အတွက် ဂိုဏ်းသားအားလုံးကို နန်ခယ့် အမိန့်ပေးခဲ့သည်။ ထို့အပြင် ဟဲဝေ့ရှန်းကိုပါ ဆင့်ခေါ်လိုက်ပါသည်။

သို့သော် နှစ်ခုစလုံး မအောင်မြင်ခဲ့ပေ။ စန်းချွမ်ကို ရှာမတွေ့သည့်အပြင် ဟဲဝေ့ရှန်းကလည်း ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပါပြီ။

ယနေ့ ရှန်းဝမ်ချင်း ပုံမှန်အတိုင်း တောင်နောက်သို့သွားကာ ဓားသိုင်းလေ့မကျင့်ခဲ့ပါ။ ကျိုးပဲ့ပျက်စီးနေသည့် ဝူဝမ့်ဓားကို ယူဆောင်ပြီး ထိုက်ကျီရေကန်သို့ ရောက်လာခဲ့ပါသည်။

ထိုက်ကျီရေကန်မှာ ထိုက်ကျီစက်ဝန်းသဏ္ဌာန်ရှိပြီး အလယ်တည့်တည့်မှ နှစ်ပိုင်းကွဲနေပါသည်။ ဘယ်ဘက် ရေကန်ထဲတွင် ပွက်ပွက်ဆူနေသော ချော်ရည်ပူများဖြင့် ပြည့်နှက်နေပြီး ညာဘက် ရေကန်ထဲတွင်တော့ ရေခဲတမျှ အေးစက်နေသော ရေခဲရေများ ရှိနေပါသည်။

ထိုနေရာက တည်ငြိမ်အေးချမ်းသည့်ပုံစံပေါက်သော်လည်း သာမန်ကျင့်ကြံသူတစ်ယောက် ရေကန်နား ကပ်လာပါက အစွန်းရောက်သော အအေးဒဏ်၊ အပူဒဏ်များကို ချက်ချင်း ခံစားရလိမ့်မည်။ ထိုအခါ ၎င်းတို့၏ ဝိညာဉ်စွမ်းအင်များ ကမောက်ကမဖြစ်ကာ အဆိုးဆုံး အခြေအနေတွင် အသက်ပါ ဆုံးရှုံးသွားနိုင်ချေ ရှိပါသည်။

ထို့ကြောင့် ထိုက်ကျီရေကန်နားသို့ ဘယ်သူမှ မကပ်ရဲခဲ့ကြပေ။

သို့သော် ထိုနေရာက ဝိညာဉ်ဓားများ သွန်းလုပ်ဖို့ အကောင်းဆုံးနေရာဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ဝူနျန်ဓားနှင့် ဝူဝမ့်ဓားနှစ်လက်စလုံးကို ထိုရေကန်တွင် သွန်းလုပ်ခဲ့ပါသည်။

ထို့ကြောင့် ဝူဝမ့်ဓားကို ပြန်လည် ပြုပြင်ဖို့အတွက် သွန်းလုပ်ခဲ့စဉ်တုန်းက လုပ်ငန်းစဉ်များကို ပြန်လည်ဆောင်ရွက်ဖို့ လိုအပ်သည်။

ဓားသွန်းလုပ်ဖို့ လိုအပ်သည့် တျန်စမ်းကျောက်နှင့် နှစ်သောင်းချီ ဝိညာဉ်သံမဏိတို့ကို ရှန်းဝမ်ချင်း ယူဆောင်လာခဲ့သည်။ ထို့နောက် ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ဓားသန္ဓေအသွင်ဖြစ်အောင် ဖိနှိပ်လိုက်သည်။ ထို့နောက် ဓားသန္ဓေနှင့်အတူ ဝူဝမ့်ဓားအပိုင်းအစများကို ရေကန်အတွင်းသို့ ပစ်ချလိုက်ပါသည်။

ထို့နောက်တွင်တော့ အပူအအေး အပြန်အလှန်ပေးသည့် လုပ်ငန်းစဉ်ကို အကြိမ်ကြိမ်အခါခါ ဆောင်ရွက်ရတော့ သည်။ ထိုလုပ်ငန်းစဉ်က အလွန်ကြာမြင့်ပြီး ငြီးငွေ့စရာကောင်းပါသည်။ သို့သော် ရှန်းဝမ်ချင်း တစ်စက္ကန့်လေးမှ အသိစိတ် လွတ်သွားလို့ မဖြစ်ပါ။

ထို့အပြင် ရေကန်မှ ဖြာထွက်နေသည့် အပူဒဏ်၊ အအေးဒဏ်များကိုပါ ရှန်းဝမ်ချင်း အာတင်း တောင့်ခံထားရသည်။ သို့သော် ရှန်းဝမ်ချင်း စိတ်မရှည်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြခဲ့ပေ။

ယခင်တုန်းက သူ့ကို စန်းချွမ် လိမ်ညာလှည့်ဖျားခဲ့မှန်း သူသိပါသည်။ အခြားယောက်ျားတွေနဲ့ ပတ်သတ်ခဲ့ဖူးမှန်းလည်း သူသိနေသည်။ ထို့ကြောင့် မနာလိုဝန်တိုဖြစ်ကာ အငြှိုးအတေးလည်း ထားမိသည်။ သူ့ဓားနှင့် စန်းချွမ်ကို ကွပ်မျက်ပစ်ဖို့အထိပါ တွေးခဲ့ဖူးပါသည်။

သို့သော် ချင်းရှားလျှို့ဝှက်နယ်မြေတွင် သူမကို ထောင်ထျဲသားရဲကြီး ဝါးမျိုသွားသည့် မြင်ကွင်းအား သူ့မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရသည်။ ထိုကောင်းကင်ဘုံ မိုးကြိုးများအကြား သူမ သေဆုံးသွားပြီဟုလည်း ထင်ခဲ့ရသည်။

ထိုအချိန်တုန်းက သူ့နှလုံးသားကို ဓားဖြင့် အမွှန်းခံလိုက်ရသကဲ့သို့ နာကျင်းခံစားခဲ့ရပါသည်။ သူ့ရင်ဘတ်ထဲ ဟာလာ ဟင်းလင်း ဖြစ်သွားခဲ့သည်။ သူမ အသက်ရှင်နေသေးကြောင်း သိခဲ့ရသည့် အချိန်မှာတောင် နာကျင်မှုတွေ ပျောက်ကွယ်မသွားခဲ့ပါ။

ထိုခံစားချက်မျိုး သူထပ်မခံစားချင်တော့ပေ။ ထို့ကြောင့် ဘယ်လိုနည်းလမ်းမျိုးကိုပဲ အသုံးပြုရပါစေ စန်းချွမ်ကို သူ့ဘေးနားမှာ ရအောင် ဆွဲခေါ်ထားပါမည်။

အခြားယောက်ျားတွေနဲ့ သူမ ပတ်သတ်ဖူးလည်း ဂရုမစိုက်ပါ။ သူမ နှုတ်ဖျားမှာ အလိမ်အညာများနှင့် ပြည့်နှက်နေလည်း ဂရုမစိုက်တော့ပါ။

စန်းချွမ်အသက်ရှင်နေသေးပြီး သူ့ဘေးနားမှာ ရှိနေသေးလျှင် လုံလောက်ပါပြီ။ သူ့သက်တမ်းက ရှည်လျားသဖြင့် စန်းချွမ် ပြန်ချစ်လာအောင်လုပ်ဖို့ နည်းလမ်းတစ်ခုခု ရှာနိုင်မှာ သေချာသည်။

ခက်ခက်ခဲခဲ ပြုပြင်ထားသည့် ဝူဝမ့်ဓားကို ယူဆောင်ပြီး ယွီကျမ့်တောင်ထိပ်သို့ ရှန်းဝမ်ချင်း ပြန်ရောက်လာသောအခါ ယင်ကောင်တစ်ကောင်လို ဂနာမငြိမ်ဖြစ်နေသည့် ကျောက်ရှုကို ဦးစွာ မြင်လိုက်ရသည်။

ရှန်းဝမ်ချင်း ဓားသိုင်းလေ့ကျင့်နေသည်အထင်နှင့် တောင်နောက်သို့သွားကာ ကျောက်ရှု ရှာဖွေခဲ့သည်။ သို့သော် ဓားသခင်ကို မတွေ့ခဲ့ရပါ။

ရှန်းဝမ်ချင်း ဘယ်ကို ထွက်သွားမှန်းလည်း မခန့်မှန်းတတ်သဖြင့် ကျောက်ရှု စိုးရိမ်ပူပန်စိတ်ဖြင့်သာ စောင့်နေခဲ့ရသည်။

နေဝင်သွားပြီး မှောင်ရီပျိုးချိန်ရောက်ခါမှ ရှန်းဝမ်ချင်း ပြန်ရောက်လာသည်ကို ကျောက်ရှု မြင်လိုက်ရပါသည်။ ထို့ကြောင့် အသည်းအသန်ပြေးလာပြီး အမြန်အကြောင်း ကြားလိုက်သည်။

“ဓားသခင်! စန်းချွမ် ပြဿနာတက်နေပြီ!”

ရှန်းဝမ်ချင်းမျက်လုံးများ ရုတ်ခြည်းဆိုသလို အေးစက်သွားခဲ့သည်။ သူ့ကိုယ်မှ ဖြာထွက်လာသည့် စူးစူးရှရှ ရောင်ဝါများကြောင့် ကျောက်ရှုထိတ်လန့်သွားပြီး ခြေလှမ်းများ နောက် ဆုတ်သွားခဲ့ရသည်။

သို့သော် ကျောက်ရှု စိတ်အားတင်းပြီး အဖြစ်အပျက်ကို သေချာရှင်းပြလိုက်သည်။

“…အခု တစ်ဂိုဏ်းလုံး သူ့ကို ရှာနေပြီ၊ ဒါပေမယ့် ဘယ်သူမှ ရှာမတွေ့ကြဘူး”

ရှန်းဝမ်ချင်း ဓားပျံကို ဆင့်ခေါ်ပြီး ထျန်ကျီးတောင်ထိပ်သို့ ချက်ချင်း ထွက်လာခဲ့ပါသည်။ တောင်ခြေတွင် ယွင်ကျဲနှင့် သူဆုံတွေ့ခဲ့သည်။

“ရှစ်ကျဲစန်းချွမ် ဒီမှာ မရှိဘူး”

ယွင်ကျဲ အမြန်ပြောလိုက်သည်။

ရှန်းဝမ်ချင်း နတ်အာရုံကို အသုံးပြုလိုက်ပြီး တောင်တန်းတစ်ခုလုံးကို ရှာဖွေကြည့်လိုက်သည်။ အမှန်ပင်။ စန်းချွမ်၏ အရိပ်အယောင်ကို မမြင်ခဲ့ရပါ။

တစ်နည်းအားဖြင့် သူမ အသက် မသေသေးဘဲ ယာယီထွက်သွားခြင်းသာ ဖြစ်ပါလိမ့်မည်။

ယွင်ကျဲကတော့ စိုးရိမ်ပူပန်စိတ်များဖြင့် ပြည့်နှက်နေပြီး နှုတ်မှ ပွစိပွစိရေရွတ်နေပါသည်။

“ဘယ်လိုလုပ်ကြမလဲ၊ သူဘယ်ရောက်သွားတာလဲ၊ သူပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲ”

ရှန်းဝမ်ချင်း အေးစက်စွာ ပြောလိုက်သည်။

“သူပြန်လာမှာပါ”

သူမဝိညာဉ်ရင်းမြစ်များကို ကုသဖို့အတွက် ဂိုဏ်းခေါင်း ဆောင် နန်ခယ့်၏အကူအညီကို လိုအပ်နေသေးသည်။ ကျင့်ကြံခြင်းကို စွန့်လွှတ်ဖို့ စိတ်ကူးမထားသရွေ့ စန်းချွမ် ပြန်လာမှာ သေချာပါသည်။

စန်းချွမ်ပြောခဲ့သည့် စကားလုံးများကို ယွင်ကျဲ ပြန်ကြားယောင်ပြီး မနေနိုင်တော့ဘဲ ရှန်းဝမ်ချင်းအား မေးလိုက်လေသည်။

“ဦးလေးရှန်း… ရှစ်ကျဲစန်းချွမ်ကို တကယ်ချစ်တာလား”

သူ့ကို ရှန်းဝမ်ချင်း အေးစက်စွာ ကြည့်လိုက်သည်။

“ဘာကိုဆိုလိုတာလဲ”

ယွင်ကျဲ နှုတ်ခမ်းများ စည်းတင်းသွားခဲ့သည်။

ယခင်တုန်းကသာဆို သူအလေးစားရဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ဦးလေးရှန်းကို ဒီလို စကားလုံးမျိုးတွေ ပြောရဲခဲ့မှာ မဟုတ်ပါ။ သို့သော် ကောင်းကင်ဘုံနန်းတော်တွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များ နောက်ပိုင်းတွင် ဦးလေးရှန်းက သူ့စိတ်ကူးထဲကလို အရာရာ ပြီးပြည့်စုံနေသူမဟုတ်ဟု ယွင်ကျဲ သံသယဝင်လာမိသည်။

အနည်းဆုံးတော့ စန်းချွမ်နှင့်ပတ်သတ်ပြီး ဦးလေးရှန်း၏ စိတ်က မသေချာမရေရာဖြစ်နေသည်မှာ သေချာပါသည်။

ယွင်ကျဲ တိုးညှင်းစွာ ပြောလိုက်သည်။

“ဦးလေးရှန်းရဲ့ တောင်ထိပ်ကို ရောက်ကတည်းက ရှစ်ကျဲစန်းချွမ်ကို ကျင့်ကြံခြင်းနဲ့ပတ်သတ်ပြီး ဘာမှ မသင်ပေးခဲ့ဘူး၊ ဦးလေးရှန်းအတွက် သူအများကြီး ပေးဆပ်ခဲ့ပေမယ့် ဦးလေးရှန်း ဂရုမစိုက်ခဲ့ဘူး၊ ဦးလေးရှန်း သူ့ကို လက်ဆက်ထိန်းမြှားချင်တယ်ဆိုတာကတောင် အခြား ရည်ရွယ်ချက်တစ်ခုခုရှိလို့မလား၊ ဦး…ဦးလေးရှန်း သူ့ကို လုံးဝ မချစ်ဘူးမလား!”

ထိုစကားများ ပြောဆိုပြီးနောက် ယွင်ကျဲ အသက်ရှူအောင့်လိုက်ပြီး ခေါင်းငုံ့ထားလိုက်သည်။ ဦးလေးရှန်း၏ ဒေါသကို သူစောင့်မျှော်နေခဲ့ခြင်းပင်။

သို့သော် အချိန်အတော်ကြာသည့်တိုင်အောင် သူမျှော်လင့်ထားသည့် ဒေါသက ရောက်မလာခဲ့ပေ။

ယွင်ကျဲ မဝံ့မရဲ ခေါင်းမော့ကြည့်လိုက်ရာ တိတ်တဆိတ် ငြိမ်သက်နေသည့် ဦးလေးရှန်းကို မြင်လိုက်ရပါသည်။ သူ့မျက် နှာပေါ်မှာလည်း ဒေါသအရိပ်အယောင် စိုးစင်းမျှ မရှိပါ။

ယွင်ကျဲ၏ စကားလုံးများကို ရှန်းဝမ်ချင်း လေးလေးနက်နက် စဉ်းစားတွေးတောနေခြင်းဖြစ်သည်။

အတန်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ရှန်းဝမ်ချင်း မေးလိုက်သည်။

“ကျင့်ကြံခြင်းဆိုတာ သင်ကြားပေးဖို့ လိုလို့လား”

ထိုမေးခွန်းကြောင့် ယွင်ကျဲ ကြက်သေသေသွားခဲ့ရပါသည်။ သူ့ဦးလေးရှန်း နောက်ပြောင်နေခြင်းဖြစ်မည်ဟု တွေးမိသော်လည်း သူ့မျက်နှာကို ကြည့်ရသလောက်တော့ ကျင့်ကြံခြင်းဟူသည် သင်ကြားပြသပေးဖို့ မလိုအပ်ဟု ဦးလေးရှန်း အမှန်တကယ် ယုံကြည်နေမှန်း သိသာသည်။

ယွင်ကျဲ ပြန်ဖြေလိုက်သည်။

“ကျင့်ကြံခြင်းကို သင်ကြားပေးဖို့မလိုအပ်ဘူးဆိုရင် ဆရာတင်ရခြင်းရဲ့ အဓိပ္ပာယ်ကဘာလဲ”

ရှန်းဝမ်ချင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ငါ့ဆရာဆီမှာ တပည့်အဖြစ် ခံယူခဲ့တုန်းက ငါ့ကိုကျင့်ကြံခြင်းအကြောင်း ဘာမှ သင်မပေးခဲ့ဘူး”

ယွင်ကျဲ ဆွံ့အသွားခဲ့သည်။

ရှန်းဝမ်ချင်း ဆက်ပြောလိုက်သည်။

“လူတိုင်းမှာ ကိုယ်ပိုင် ‘တာအို’ရှိတယ်လို့ ငါ့ဆရာပြောဖူးတယ်၊ ကိုယ့်လမ်းစဉ်အတိုင်း ကျင့်ကြံဖို့လည်းမှာကြားခဲ့တယ်၊ အခြားသူတွေက မလိုအပ်ဘဲ ဝင်ရောက်စွက်ဖက်နေမယ်ဆိုရင် အမှားအယွင်းတွေ ဖြစ်သွားနိုင်တယ်တဲ့”

“ဒါပေမယ့် ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ အခက်အခဲတွေနဲ့ ပြည့်နေတာပဲလေ’ယွင်ကျဲ ပြန်ချေပလိုက်သည်။

“ဆရာတစ်ယောက်က လမ်းညွှန်ပေးမယ်ဆိုရင် ရင်ဆိုင်ရတဲ့ အခက်အခဲတွေ နည်းပါးသွားနိုင်တာပေါ့”

သို့သော် ရှန်းဝမ်ချင်းက လက်မခံပေ။

“ကျင့်ကြံခြင်းဆိုတာ တာအိုနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘူး၊ နှလုံးသားနဲ့လည်း သက်ဆိုင်တယ်၊ လမ်းတစ်လျှောက်မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေက နှလုံးသားကို မာကျောအောင် ဖန်တီးပေးမယ့် အားဆေးတွေလိုပဲ၊ အဲ့လို အသေး အဖွဲ အခက်အခဲတွေကိုတောင် မကျော်လွှားနိုင်ဘူးဆိုရင် မသေမျိုးတစ်ယောက် ဖြစ်လာဖို့ဆိုတာ အိပ်မက်သာသာအဆင့်ပဲရှိလိမ့်မယ်”

ရှန်းဝမ်ချင်း၏စကားကို ယွင်ကျဲ လက်ခံမိလုနီးပါးဖြစ်သွားခဲ့သည်။ သို့သော် သူခက်ခက်ခဲခဲ ပြန်ငြင်းဆန်ခဲ့ပါသည်။

“ဒါပေမယ့် တပည့်သားတစ်ယောက် ကျင့်ကြံရင်း လမ်းမှားရောက်သွားခဲ့ရင်ကော၊ ဆရာတစ်ယောက်အနေနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာလား”

ရှန်းဝမ်ချင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

“သူတကယ် လမ်းမှားရောက်နေရင် လမ်းမှန်ပြသပေးဖို့ ငါ့ကို လာတောင်းဆိုလိမ့်မယ်၊ ငါကလည်း အဖြေတစ်ခု ပေးနိုင်ဖို့ နည်းလမ်းရှာမှာပဲ၊ သူငါ့ဆီကို တစ်ခါမှ ရောက်မလာခဲ့ဘူးဆိုတော့ သူ့ကျင့်ကြံခြင်း လမ်းစဉ် အဆင်ပြေချောမွေ့နေတဲ့သဘောပဲ မဟုတ်ဘူးလား၊ ငါက ဘာလို့ မလိုအပ်ဘဲ အနှောင့်အယှက် သွားပေးရမှာလဲ”

All Chapters