← Chapters

အခန်း (၅၄)

Vol. 6 Ch. 54

အခန်း (၅၄)

Vol. 6 Ch. 54

ဟဲဝေ့ရှန်း ခေါင်းအစခြေအဆုံး ရေတွေစိုရွှဲရင်း ရေကန်ဘေးမှာ တစ်ယောက်တည်း ကျန်ခဲ့လေသည်။ သူ့ရင်ဘတ်ထဲ စူးစူးရှရှ နာကျင်နေပြီး ညလေပြည်ကလည်း ခိုက်ခိုက်တုန်စေသည်။

သို့သော် သူဝမ်းမနည်းပါ။ ပျော်ပင် ပျော်ရွှင်နေပါသည်။

‘သိပ်ကောင်းတယ်! စန်းချွမ် မသေသေးဘူးပေါ့!’

ဒီလိုသာဆို သူလူသတ်မှု မကျူးလွန်ခဲ့သည့် သဘောဖြစ် သည်။ ဂိုဏ်းမှ ထွက်သွားစရာလည်း မလိုတော့ပေ။

ထိုစဉ် အရိပ်က ချောက်ချားစရာကောင်းသောအသံဖြင့် ပြောလိုက်သည်။

“စန်းချွမ် မသေဘူးဆိုရင်တောင် သူ့ကို ဒဏ်ရာရအောင် မင်းလုပ်ခဲ့တာနော်၊ ဂိုဏ်းခေါင်းဆောင်က မင်းကို ကျိန်းသေပေါက် အပြစ်ပေးမှာ”

ဟဲဝေ့ရှန်း ခေါင်းပေါ် ရေခဲရေ လောင်းချခံလိုက်ရသကဲ့သို့ အပျော်များ ချက်ချင်းပျောက်ကွယ်သွားခဲ့ရသည်။

အရိပ်က ဆက်ဖြောင်းဖြခဲ့သည်။

“ဒီအထိတောင် ရောက်လာခဲ့ပြီပဲ၊ နောက်ပြန်လှည့်စရာမလိုတော့ဘူး၊ ဂိုဏ်းကနေထွက်သွားပြီး တစ်ယောက်တည်း ရပ်တည်လိုက်စမ်းပါ၊ အပြင်မှာ ဒီ့ထက် ကြီးမားတဲ့ အခွင့် အရေးတွေ ရလာနိုင်တယ်နော်”

ဟဲဝေ့ရှန်း စိတ်ဖိစီးနေသောလည်း ရူးသွပ်နေခြင်းတော့ မဟုတ်ပေ။

ထို့ကြောင့် သူပြန်ချေပလိုက်သည်။

“ငါသူ့ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်အောင် လုပ်ခဲ့တာမဟုတ်ဘူး၊ မတော်တဆ ဖြစ်သွားခဲ့တာ၊ ပြီးတော့ သူ့ဘက်ကအရင် စည်းကမ်းချိုးဖောက်ပြီး အပြင်ထွက်လာခဲ့တာလေ၊ ဂိုဏ်းခေါင်းဆောင်ကြီး ငါ့ကို အပြစ်ပေမးယ်ဆိုရင်တောင် အရမ်း မပြင်းထန်လောက်ပါဘူး၊ ငါနည်းနည်းလောက် သည်းခံလိုက်ရင် အားလုံး ပြီးသွားလိမ့်မယ်”

“ဒါပေမယ့် ရှမ့်ယွင်ဂိုဏ်းက ထွက်သွားဖို့ ဆုံးဖြတ်လိုက်ရင် ဘာကျောထောက်နောက်ခံမှမရှိတဲ့ ဂိုဏ်းမဲ့ကျင့်ကြံသူ ဖြစ်သွားတော့မှာ၊ အဲ့အခါကျရင် ငါ့ကို လူတိုင်း အနိုင်ဝိုင်းကျင့်ကြလိမ့်မယ်၊ အဲ့လိုဘဝမျိုးမလိုချင်ဘူး!”

အရိပ်က ဆက်ပြောသည်။ “မင်းအတွေးအခေါ်က တော် တော်ရိုးရှင်းတာပဲ၊ စန်းချွမ်ဆိုတာ ရွှမ်ယွဲ့ဓားသခင် တန်ဖိုးအထားရဆုံးလူနော်၊ မင်းက သူ့ကို ထိခိုက်အောင် လုပ်ခဲ့တာ၊ အဲ့တော့ အခွင့်ရတာနဲ့ မင်းကို ရွှမ်ယွဲ့ဓားသခင် ဇီဝိန်ချွေပစ်မှာ သေချာတယ်၊ မင်းမသေချင်ဘူးဆိုရင် ငါပြောတဲ့အတိုင်းလုပ်ပြီး ဒီနေရာကနေ ချက်ချင်းထွက်သွား”

ဟဲဝေ့ရှန်း မယုံကြည်ပါ။

“ငါ့ကို လာမခြောက်နဲ့! ကောလဟာလတွေ ကြားဖူးတယ်၊ စန်းချွမ်က ဓားသခင်အပေါ် မေတ္တာတောင် ရှိတာ မဟုတ်ဘူး၊ သူ့နောက်ကွယ်မှာ တခြားယောက်ျားတွေနဲ့ ပတ်သတ်ခဲ့သေးတယ်၊ အဲ့လို မိန်းမမျိုးကို ဓားသခင်က ဘယ်လိုလုပ် တန်ဖိုးထားမှာလဲ၊ ပြီးတော့ အခု သူ့ပုံစံက အဘွားကြီးနဲ့တောင် တူနေပြီ၊ အဲ့တာတောင် သူ့ကို လိုချင်သေးတယ်ဆိုရင် ဓားသခင် မျက်လုံးကန်းနေလို့ပဲဖြစ်မှာ”

ဟဲဝေ့ရှန်း ဆုံးဖြတ်ချက် ချပြီးသွားပြီဖြစ်မှန်း မြင်လိုက်ရသောအခါ အရိပ်ကကျိန်ဆဲလိုက်ပါသည်။

“ဦးနှောက်မရှိတဲ့ကောင်!”

ထိုအချိန်တုန်းက ဟဲဝေ့ရှန်း၏ လက်တစ်ဖက်ကို အသုံးချပြီး စန်းချွမ်ကို တစ်ခါတည်း သတ်ပစ်လိုက်ကာ ဇာတ်သိမ်းဖို့ ထိုအရိပ် ရည်ရွယ်ထားခဲ့သည်။ သို့သော် စန်းချွမ်က မသေခဲ့ဘဲ ပြဿနာ ပိုကြီးမားသွားခဲ့သည်။

ယခု စန်းချွမ် ပြန်ရောက်လာပြီဖြစ်သဖြင့် ဟဲဝေ့ရှန်းကို ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းကြတော့မှာ သေချာသည်။

ထိုအခါ အရိပ်၏တည်ရှိမှုကို အားလုံး သတိထားမိသွားနိုင်သည်။ ဒီလိုဖြစ်ခွင့် မပေးနိုင်ပါ။

အရိပ်၏စကားကြောင့် ဟဲဝေ့ရှန်း ဒေါသထွက်သွားခဲ့သည်။

“မင်းကများ ငါ့ကို စော်စော်ကားကား ပြောရဲတယ်ပေါ့၊ မင်းကို လွှင့်ပစ်လိုက်မှာ မကြောက်ဘူးလား!”

ပြောပြောဆိုဆိုနှင့် သူ့လက်တွင် ဝတ်ထားသည့် အနက်ရောင် ပုတီးလုံးကို ဖြုတ်ပြီး လွှင့်ပစ်ဖို့ ပြင်ကာ ခြိမ်းခြောက်လိုက်သည်။

ဟဲဝေ့ရှန်း၏ ရူးသွပ်မှုကို အရိပ် ဆက်ပြီး သည်းမခံနိုင်တော့ပါ။ အနက်ရောင် ပုတီးလုံးထဲမှ အခိုးအငွေ့များ ထပ်ထွက်လာသည်။

သို့သော် ယခင်က မှုန်ရီဝေဝါးနေခဲ့သည့် အရိပ်ကြီးမှာ ရုတ်တရက် အစစ်အမှန် လူတစ်ယောက်အဖြစ် အသွင်ပြောင်းသွားလဲသွားခဲ့သည်။

မီးခိုးရောင် ဝတ်ရုံကို ခြုံထားပြီး အဖြူရောင် မျက်နှာဖုံးကို တပ်ဆင်ထားကာ ကြောက်စရာအရှိန်အဝါများ ဖြာထွက်နေသည့် အရပ်ရှည်ရှည် လူတစ်ဦးကို ဟဲဝေ့ရှန်း မြင်လိုက်ရပါသည်။

အရိပ်၏ အသွင်အစစ်အမှန်ကို ဟဲဝေ့ရှန်း ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်ကာ အလွန်ထိတ်လန့်သွားခဲ့ပါသည်။

ထိုလူ့အကြောင်း ဟဲဝေ့ရှန်း ဘာမှ မသိသော်လည်း ကျင့်ကြံခြင်းအဆင့်က သူ့ထက် အများကြီး ပိုသာလွန်နေမှန်း ခံစားမိသည်။ အန္တရာယ်ကို အာရုံခံမိသဖြင့် ဟဲဝေ့ရှန်း ထွက်ပြေးဖို့ ကြိုးစားပါသည်။ သို့သော် သူ့ခြေထောက်များကို လှုပ်ရှားလို့မရတော့ပေ။

ထိုအနက်ရောင် ပုတီးလုံးကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ပုတီးလုံးထဲမှ အရိပ်က နတ်ဘုရားလောကသို့ တက်လှမ်းဖို့ မအောင်မြင်ခဲ့သည့် ကျင့်ကြံခြင်း ဆရာတစ်ဆူဖြစ်ကာ သေဆုံးသွားပြီးနောက် ပုတီးလုံးထဲမှာ သူ့ဝိညာဉ် ပိတ်မိနေခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့ပါသည်။

သူ့အတွက် ကိုယ်ခန္ဓာတစ်ခု တည်ဆောက်ပေးလျှင် ဟဲဝေ့ရှန်းကို ကျင့်ကြံခြင်းအတွက် ကူညီပေးမည်ဟု အရိပ်က ကတိပေးခဲ့သည်။

ထိုဇာတ်လမ်းမျိုးက ဟဲဝေ့ရှန်း မကြာခဏ ဖတ်ဖူးသည့် ကျင့်ကြံခြင်း ဝတ္ထုများထဲမှ ဇာတ်လမ်းနှင့် ဆင်တူပါသည်။ သူ့ကိုယ်သူ ဇာတ်လိုက်မင်းသားဟု ယူဆခဲ့ပြီး အရိပ်က သူ့အတွက် ‘လိုတရ နတ်ဝိညာဉ်’ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။

နှစ်ပေါင်း ၄၀ တိုင်အောင် အရိပ်၏ အကူအညီဖြင့် ဟဲဝေ့ရှန်း၏ ကျင့်ကြံခြင်းအဆင့်များ မယုံကြည်နိုင်စရာကောင်းလောက်အောင် တိုးတက်ခဲ့ပြီး နတ်ရတနာများစွာကိုလည်း ရှာဖွေ ပိုင်ဆိုင်နိုင်ခဲ့သည်။

သူက ကံကြမ္မာ၏ အရွေးချယ်ခံဖြစ်သည်ဟု ဟဲဝေ့ရှန်း အမှန်တကယ် ယုံကြည်ခဲ့ကာ နတ်ဘုရားလောကသို့ တက်လှမ်းနိုင်ဖို့ ဟူသည်မှာ သူ့အတွက် အိပ်မက်မဟုတ်တော့ဘဲ လက်တွေ့အမှန်တကယ် ဖြစ်လာနိုင်ပြီဟု ခံစားခဲ့ရသည်။

သို့သော် ထိုစိတ်ကူးယဉ်ဇာတ်လမ်းတွေ၊ မျှော်လင့်ချက်တွေအားလုံး ဒီနေရာမှာပဲ အဆုံးသတ်ပါတော့မည်။

အရိပ်က လက်တစ်ဖက်ကို မြှောက်လိုက်ပြီး သူ့လက်ချောင်းထိပ်များဖြင့် ဟဲဝေ့ရှန်း၏ မျက်လုံးတည့်တည့်သို့ ရွယ်ရင်း ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့ပါသည်။

အရိပ်၏ ဝိညာဉ်ဖိအားများကြောင့် ဟဲဝေ့ရှန်း မလှုပ်ရှားနိုင်ဘဲ ချွေးစေးများထွက်ကာ စိတ်ချောက်ချားစွာ မေးလိုက်သည်။

“မင်း ဘာလုပ်မလို့လဲ”

အရိပ်က လှောင်ပြောင် သရော်လိုက်သည်။

“မင်းက ဘာမှ အသုံးမဝင်တော့ဘူးဆိုတော့ ဒီတိုင်း ဆက်ထားရင် ငါ့အတွက် အနှောင့်အယှက်ပဲ ဖြစ်လာလိမ့်မယ်၊ အဲ့ဒီတော့ မင်းသေသွားရင် ငါ့အတွက် အကောင်းဆုံးပဲ”

ထို့နောက် သူ့လက်ချောင်းထိပ်များက ဟဲဝေ့ရှန်း၏ မျက်ခွံကို အလွယ်တကူ ထိုးဖောက်သွားပြီး သူငယ်အိမ်မှတဆင့် ဦးနှောက်အတွင်း ဝင်ရောက်သွားခဲ့သည်။

ဦးခေါင်းခွံတစ်ခုလုံး နှစ်ခြမ်းခွဲခံလိုက်ရသလို ဟဲဝေ့ရှန်း ခံစားနေရသည်။ အလွန်နာကျင်နေသော်လည်း သူဘာအသံမှ မထွက်နိုင်ခဲ့ဘဲ မျက်ရည်နှင့်သွေးများ ရောယှက်ကာ စီးကျလာခဲ့သည်။

အားလုံးက သူ့စိတ်ကူးယဉ်အိပ်မက်တွေသာ ဖြစ်ခဲ့သည်။ သူက ဇာတ်လိုက်မင်းသား မဟုတ်သလို ဒီအရိပ်ကြီးကလည်း လိုတရ နတ်ဝိညာဉ်မဟုတ်ခဲ့ပါ။ အနက်ရောင် ပုတီးလုံးက ကောင်းကင်ဘုံမှ ချီးမြှင့်သည့် လက်ဆောင်မဟုတ်ဘဲ သေမိန့်တစ်ခု ဖြစ်နေပါသည်။

သိပ်မကြာလိုက်ဘဲ ဟဲဝေ့ရှန်း အသက်မဲ့ကာ အလောင်း ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။

ရှမ့်ယွင်ဂိုဏ်းသို့ ယန်ရုန်ရုန် ပြန်ရောက်လာသောအခါ အတော်‌ မိုးချုပ်နေပါပြီ။

စန်းချွမ်ကို မြေလှန်ရှာဖွေနေသည့် ယွင်ကျဲတစ်ယောက် သူမကို စစတွေ့ချင်းတော့ အပျော်လွန်သွားခဲ့သော်လည်း တောက်ပလွန်းသည့် သူမ အဝတ်အစားများကို မြင်ပြီး ဆွံ့အသွားခဲ့ရသည်။

မသိလျှင် သူမ အဝတ်အစားများအပေါ် ပန်းချီဆရာတစ်ယောက် ဆေးအရောင်များ မှောက်ကျထားသလားဟုပင် ထင်ရပါသည်။ သူမ မျက်နှာကို သေချာမှတ်မိနေခြင်းကြောင့်သာ မဟုတ်လျှင် လူမှားနေသည်ဟု ယွင်ကျဲ ထင်မိလောက်သည်.

“ဒီ…ဒီအဝတ်အစားတွေ ဘယ်ကရလာတာလဲ”

ယွင်ကျဲရှေ့မှာ ယန်ရုန်ရုန် တစ်ပတ်လှည့်ပြလိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“ဒီနေ့ပဲ ဝယ်လာခဲ့တာလေ၊ လှတယ်မလား”

ယွင်ကျဲမျက်နှာထားက အလွန်ရှုပ်ထွေးနေခဲ့ပါသည်။

“ယွင်ကျင်းဆောင်မှာ နှစ်ပေါင်း ၃၀၀ လောက် ရောင်းမထွက်ဘဲ ကျန်နေတဲ့ အကျည်းတန် အဝတ်အစားတွေက ရှစ်ကျဲစန်းချွမ်လက်ထဲ ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

ထိုဝတ်ရုံနှစ်ထည် တစ်သက်လုံး ရောင်းထွက်မှာ မဟုတ်ဟု တစ်စုံတစ်ယောက်နှင့် ယွင်ကျဲ အလောင်းအစားလုပ်ခဲ့ဖူးသည်။ ယခုတော့ သူရှုံးနိမ့်သွားပါပြီ။

ယန်ရုန်ရုန် မကျေမနပ်ဖြစ်သွားသည်။

“နင် ဘာတွေလာပြောနေတာလဲ၊ ဒီလောက်လှတဲ့ အဝတ်အ စားတွေကို! နင်တို့ကသာ အမြင်မရှိကြတာ!”

ယွင်ကျဲ ဆက်ချေပဖို့ ဉာဏ်မမီတော့ပေ။ ထို့ကြောင့် သူမေးလိုက်သည်။

“ရှစ်ရှုန်းဟဲက ရှစ်ကျဲကို တောင်ပေါ်ကနေ တွန်းချခဲ့တာ မဟုတ်ဘူးလား၊ ကျွန်တော် ရှစ်ကျဲကို တောင်အောက်မှာ လုံးဝ ရှာမတွေ့ခဲ့ဘူး၊ ရှစ်ကျဲ ဘယ်တွေ ရောက်သွားတာလဲ”

ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။

“ရှစ်ရှုန်းဟဲ ဟုတ်လား”

“ဒီနေ့ ရှစ်ကျဲကို တိုက်ခိုက်ခဲ့တဲ့ တပည့်သားလေ၊ သူ့နာမည်က ဟဲဝေ့ရှန်းတဲ့၊ အကြီးအကဲလဲ့ဖုန်းရဲ့ တပည့်အရင်းပဲ”

ယန်ရုန်ရုန် နားလည်သွားပါသည်။

“ငါပြုတ်ကျသွားတော့ ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီးက လာကယ်ပြီး ဝူရှန်းမြို့ဆီ ခေါ်သွားပေးခဲ့တာ”

ယွင်ကျဲ သက်ပြင်းချလိုက်သည်။

“ရှစ်ကျဲဘာမှမဖြစ်လို့ တော်သေးတာပေါ့၊ မဟုတ်ရင် ဦးလေးရှန်း ထပ်ရူးသွားလိမ့်မယ်”

‘ပြောပြောဆိုဆိုနဲ့…’

သတင်းကြားပြီး သိပ်မကြာလိုက်ဘဲ ရှန်းဝမ်ချင်း ချက်ချင်း ရောက်လာခဲ့သည်။ ယန်ရုန်ရုန်ကို မြင်လိုက်သည်နှင့် သူ့မျက်ဝန်းနက်များထဲမှ ကြက်သွေးရောင် အမျက်ဒေါသများ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ သူ့ရင်ထဲမှာ သောင်း ကျန်းနေခဲ့သည့် မိစ္ဆာစိတ်များလည်း ချက်ချင်း ငြိမ်ကျသွားခဲ့သည်။

ယန်ရုန်ရုန့်မျက်နှာကို ရှန်းဝမ်ချင်း ငေးကြည့်ရင်း နူးညံ့သိမ်မွေ့စွာ ခေါ်လိုက်သည်။

“စန်းချွမ်…”

တောင်ပေါ်က ပြုတ်ကျရုံနှင့် စန်းချွမ် သေသွားမှာ မဟုတ်မှန်း ရှန်းဝမ်ချင်း သိနေသော်လည်း ‘အကယ်၍’ ဟူသည့် အကြောက်တရားကို ခံစားခဲ့ရဆဲပင်။

အကယ်၍ သူမ တကယ်သေသွားခဲ့လျှင်…

ကံကောင်းစွာဖြင့် ယခု သူမ ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာခဲ့ပါပြီ။

ယန်ရုန်ရုန်လည်း ရှန်းဝမ်ချင်းရှေ့မှာ နှစ်ကြိမ်နှစ်ခါလောက် ခုန်ပေါက်ပြလိုက်သည်။ သူမဝတ်ရုံများ ယိမ်းခါသွားပြီး ရောင်စုံ ခေါင်ရမ်းပန်းများကလည်း ပိုမိုတောက်ပသွားခဲ့ပါသည်။

ပျော်ရွှင်နေသည့် ပန်းလိပ်ပြာလေးတစ်ကောင်လို သူမ မျှော်လင့်တကြီး မေးလိုက်သည်။

“ကျွန်မ လှရဲ့လား”

ထိုအခါမှ စန်းချွမ်၏ အဝတ်အစားများကို ရှန်းဝမ်ချင်း သတိထားမိသွားသည်။ သူမကို မေတ္တာရှိသော်လည်း အမှန်တရားတစ်ခုကို ရှန်းဝမ်ချင်း အံကြိတ်ပြီး မလိမ်ညာနိုင်ပါ။

ထို့ကြောင့် မျက်နှာသေနှင့် တစ်ခွန်းတည်း ပြောလိုက်သည်။

“အကျည်းတန်လိုက်တာ”

All Chapters