အခန်း (၅၅)
Vol. 6 Ch. 55
ယန်ရုန်ရုန်လည်း မတွန့်မဆုတ် ပြန်ငေါက်လိုက်ပါသည်။
“ဘယ်နေရာက အကျည်းတန်နေလို့လဲ၊ ရှင်မျက်လုံးမကောင်းမှန်း သိသာလိုက်တာ!”
ရင်ထဲမှာတော့ ယန်ရုန်ရုန် အောင်ပွဲခံနေပါသည်။
‘အကျည်းတန်စေချင်လို့ကို ဒီလိုဝတ်လာခဲ့တာလေ!’
ယခုအချိန်ကစပြီး ရှန်းဝမ်ချင်းရှေ့မှာ ဒီလို ဝတ်စုံတွေကိုသာ ဝတ်ပြပါမည်။ အရောင်တောက်တောက်များကြောင့် သူ့မျက်လုံးတွေ ကန်းသွားသည့်အချိန်အထိ ဝတ်ပြမည်။
ယန်ရုန်ရုန်ကို ရှန်းဝမ်ချင်း ခေါင်းအစ ခြေအဆုံး ထပ်မံအကဲခတ်လိုက်သည်။ သို့သော် သူ့အဖြေက ပြောင်းလဲမသွားပေ။
“အကျည်းတန်တယ်”
ယန်ရုန်ရုန်: “အဲ့တာဆို လာမကြည့်နဲ့လေ”
ရှန်းဝမ်ချင်းကလည်း ခေသူမဟုတ်ဘဲ အဖြေတစ်ခုကို ကြိုစဉ်းစားထားပြီးပါပြီ။
“မင်းခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေကို မကြည့်ဘဲ မင်းမျက်နှာကိုပဲ ကြည့်လို့ရတယ်”
ယန်ရုန်ရုန် ချက်ချင်း ပြန်ပြောလိုက်သည်။
“ကျွန်မ မျက်နှာလည်း အခု အရမ်းအကျည်းတန်နေတာ!”
ရှန်းဝမ်ချင်း လေးလေးနက်နက် နှစ်သိမ့်ပေးလိုက်ပါသည်။
“အရမ်းကြီး အကျည်းတန်နေတာ မဟုတ်ဘူး၊ လက်ခံပေးလို့ ရပါတယ်”
ယန်ရုန်ရုန်: “…”
သူမ ထုတ်သုံးစရာ စကားလုံး ကုန်ဆုံးသွားပါပြီ။
စန်းချွမ် ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာသည့်သတင်းက ဂိုဏ်းအတွင်း တောမီးလို ပြန့်နှံ့သွားခဲ့သည်။
ဂိုဏ်းခေါင်းဆောင် နန်ခယ့်လည်း ယခုမှ အသက်ဝဝ ရှူနိုင်လေသည်။ ချင်းရှားလျှို့ဝှက်နယ်မြေတုန်းက ပြဿနာကို ပြန်တွေးရင်း ညီဖြစ်သူ စိတ်ထပ်လွတ်သွားမှာကို နန်ခယ့် စိုးရိမ်ပူပန်ခဲ့ရသည်။
ယခု စန်းချွမ် ဘေးမသီရန်မခဘဲ ပြန်လည်ရောက်ရှိလာပြီဖြစ်သဖြင့် ရှန်းဝမ်ချင်း၏ မိစ္ဆာစိတ်များကို ယာယီ ဆက်လက် ဖိနှိပ်ထားနိုင်ဦးမည့် သဘောပင်။ ရှန်းဝမ်ချင်းအတွက်သာမက ရှမ့်ယွင်ဂိုဏ်းအတွက်ပါ ဝမ်းသာစရာကောင်းပါသည်။
စန်းချွမ်ကို တွေ့ဖို့အတွက် ယွီကျမ့်တောင်ထိပ်သို့ နန်ခယ့် ကိုယ်တိုင် လာရောက်လည်ပတ်ခဲ့သည်။ သို့သော် မျက်စိစူးလောက်အောင် တောက်ပနေသည့် စန်းချွမ်အဝတ်အစားများကိုမြင်ပြီး နန်ခယ့်တစ်ယောက် တိတ်ဆိတ်သွားခဲ့ရသည်။
စန်းချွမ်ကို ကရုဏာသက်စွာ ကြည့်ရင်း သူပြောလိုက်ပါသည်။
“ငါ့အမှားပါ၊ မင်းအတွက် မှော်ဝတ်ရုံကောင်းကောင်းလေးတွေ ကြိုတင်ပြင်ဆင်ထားပေးခဲ့သင့်တာ…”
‘ဒီကလေးမ ဘာမှဝတ်စရာမရှိလို့ ဈေးပေါပေါ အဝတ်အစားတွေ သွားဝယ်ဝတ်လာတာပဲဖြစ်မှာ… စိတ်မကောင်းစရာပဲ’
ယန်ရုန်ရုန် အားတက်သရောပြောလိုက်သည်။
“ဒီအဝတ်အစားတွေက လှပါတယ်!”
နန်ခယ့် မျက်ဝန်းများ ကရုဏာပိုသက်သွားခဲ့သည်။ ဒီကလေးမက ဝတ်ကောင်းစားကောင်းများ မဝယ်နိုင်သည့်အပြင် အမြင်တွေပါ ပြောင်းလဲနေလေပြီ။ ဂိုဏ်းပြင်ပကို ရောက်ရှိနေခဲ့သည့်အချိန်အတွင်း အတော်လေး ဒုက္ခခဲ့စားခဲ့ရသည့်ပုံစံပင်။
နန်ခယ့် နှစ်သိမ့်ပေးလိုက်သည်။
“မင်းနဲ့ သင့်တော်မယ့် မှော်ဝတ်ရုံတချို့ ခဏနေရင် သီးသန့်ဖန်တီးခိုင်းလိုက်ပါ့မယ်”
ယန်ရုန်ရုန် မငြင်းနိုင်ခင် နန်ခယ့်က ဆေးပုလင်းနှစ်လုံး ထုတ်ပေးလိုက်သည်။
“ဒီဆေးတွေက ဓားဒဏ်ရာ သက်သာစေမယ့် ဆေးတွေ၊ အနီရောင်ပုလင်းထဲက သောက်ဆေး၊ အပြာရောင်ပုလင်းကတော့ ဒဏ်ရာကို လိမ်းရမယ့် လိမ်းဆေးပါ”
နန်ခယ့်၏ ဆေးဖော်စပ်စွမ်းရည်များက အတိုင်းထက်အလွန် ထူးချွန်မှန်း ယန်ရုန်ရုန်သိပါသည်။ သူဖော်စပ်လိုက်သည့် ဆေးဝါးတိုင်းက ထိပ်တန်းအရည်အသွေးရှိသဖြင့် အဝတ် အစားကိစ္စကို ယန်ရုန်ရုန် ခေတ္တမေ့ထားလိုက်ပါသည်။
ထို့နောက် ဆေးပုလင်းများကို ဝမ်းပန်းတသာ လက်ခံလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဒုတိယဦးလေးကြီး!”
စန်းချွမ်ကို ခေါ်ဝေါ်ပုံ သင်ကြားပေးဖို့ နန်ခယ့် လက်လျှော့လိုက်သည်မှာ ကြာပါပြီ။ ထို့နောက် သူလေးနက်စွာ ပြောလိုက်သည်။
“ခုတလော ဂိုဏ်းထဲမှာ အခြေအနေတွေ မတည်မငြိမ်ဖြစ်နေတယ်၊ အဲ့တာကြောင့် ဂိုဏ်းသားတွေကို မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ ငါအမိန့်ပေးထားတာ၊ နောက်ဆို အရေးပေါ်ကိစ္စမဟုတ်ရင် ဂိုဏ်းထဲမှာပဲ နေနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ”
သူမ ဝိညာဉ်ရင်းမြစ်များကို ပြန်လည်ကုသဖို့အတွက် နန်ခယ့်ကို လိုအပ်မှန်း ယန်ရုန်ရုန် နားလည်ပါသည်။ သူမက အကူ အညီလိုအပ်နေသူဖြစ်သဖြင့် လိမ်လိမ်မာမာ နေပြသင့်သည်။
“ဟုတ်ကဲ့ပါ”
ထို့နောက် နန်ခယ့်က မေးမြန်းလိုက်သည်။
“ဒီနေ့ အပြင်ထွက်ရတဲ့အကြောင်းအရင်းက ဘာလဲ”
ယန်ရုန်ရုန် အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“စာကြည့်တိုက်ဆောင်ကို သွားပြီး မှတ်တမ်းတချို့ သွားရှာမလို့ပါ”
“ဘယ်လိုမှတ်တမ်းမျိုးလဲ၊ တစ်ယောက်ယောက်ကို လွှတ်ပြီး ယူခိုင်းလိုက်လို့ရတယ်လေ”
နန်ခယ့်က ‘ဒလီဘာရီ ဝန်ဆောင်မှု’ပေးဖို့ ကမ်းလှမ်းလာသဖြင့် ယန်ရုန်ရုန်လည်း အားနာမနေတော့ပေ။
“ချင်းရှားလျှို့ဝှက်နယ်မြေထဲက ကောင်းကင်ဘုံနန်းတော်နဲ့ ပတ်သတ်တဲ့ မှတ်တမ်းတချို့ ရှာချင်လို့ပါ”
ထိုစကားကြောင့် နန်ခယ့်နှင့် ရှန်းဝမ်ချင်းတို့နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ကြသည်။ ချင်းရှားလျှို့ဝှက်နယ်မြေ အတွင်းသို့ သူမ ဝင်ရောက်ခဲ့ပြီးသားဖြစ်ကာ ကောင်းကင်ဘုံနန်းတော်ကြီးလည်း ပျက်စီးသွားပြီဖြစ်သဖြင့် ယခုမှ ရှာဖွေလေ့လာနေလို့ ဘာမှ မထူးနိုင်တော့ပါ။
နှစ်ယောက်စလုံး နားမလည်နိုင်ဖြစ်နေသည်ကို မြင်ပြီး ယန်ရုန်ရုန် ရှင်းပြလိုက်သည်။
“ကောင်းကင်ဘုံနန်းတော်ထဲမှာ ထောင်ထျဲသားရဲနဲ့ တွေ့ခဲ့တုန်းက ကျွန်မထက်အရင် နန်းတော်ထဲဝင်ရောက်ပြီး အကာအရံတွေကို ဖျက်ဆီးခဲ့တဲ့လူရှိတယ်လို့ သိခဲ့ရတယ်၊ ပြီးတော့ နန်းတော်ထဲဝင်လာတဲ့ ကျင့်ကြံသူတွေကို စားရင် စွမ်းအားတွေ တက်လာပြီး အချုပ်အနှောင်တွေကို ဖျက်ဆီးနိုင်လိမ့်မယ်လို့ ထောင်ထျဲသားရဲကို အဲ့ဒီလူ ပြောသွားခဲ့တာ”
ထိုအကြောင်းကို ရှန်းဝမ်ချင်းနှင့် နန်ခယ့်တို့ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။ နှစ်ယောက်စလုံး မျက်နှာများ ပျက်သွားခဲ့ကြပြီး အတွေးများ နက်ရှိုင်းသွားခဲ့ပါသည်။
တစ်စုံတစ်ယောက်က ကောင်းကင်ဘုံနန်းတော်ကို အသုံးချပြီး စွမ်းအားအကြီးမားဆုံး ရှေးဟောင်းသားရဲကြီးတစ်ကောင်ကို လွှတ်ပေးဖို့ ရည်ရွယ်ချက်ဖြင့် ကျင့်ကြံသူများကို မျှားခေါ်ခဲ့သည်။
ထောင်ထျဲသားရဲများ၏ သဘာဝက အလွန်လောဘကြီးပြီး ရက်စက်ကြမ်းကြုတ်တတ်ကြကာ လူသားကိုလည်း ကြိုက် နှစ်သက်တတ်ကြသည်။ ထိုသတ္တဝါသာ လျှို့ဝှက်နယ်မြေအတွင်းမှ လွတ်မြောက်သွားလျှင် လူသားလောက၌ သွေးချောင်းစီးသွားနိုင်ပါသည်။
နောက်ကွယ်က ကြိုးကိုင်သူ၏ ရည်မှန်းချက်အစစ်အမှန်ကို မသိနိုင်သော်လည်း ယုတ်ညံ့သည့် အကြံအစည်ဖြစ်မှန်းတော့ သေချာသည်။
ယန်ရုန်ရုန် ဆက်ပြောလိုက်သည်။
“အဲ့ဒီနောက် ကျွန်မ ပြဿနာကို အစကနေ ပြန်စဉ်းစားခဲ့တယ်၊ ပြဿနာရဲ့ မူလ ဇစ်မြစ်က စာကြည့်တိုင်ဆောင်ကနေ စတာပဲ၊ လျှို့ဝှက်နယ်မြေထဲက အရည်အချင်းစစ်ပြိုင်ပွဲတစ်ခုမှာ ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီးနဲ့ ကောင်းကင်ဘုံ နန်းတော်တို့ကို ရှာတွေ့ခဲ့တဲ့ တပည့်သားအကြောင်း ရေးသားထားတဲ့ မှတ်တမ်းတစ်ခု စာကြည့်တိုက်ထဲမှာ ရှိတယ်၊ အဲ့ဒီ မှတ်တမ်းကို မြင်ခဲ့လို့ပဲ ကောင်းကင်ဘုံနန်းတော် တကယ်ရှိတဲ့အကြောင်း ကျွန်မ ယုံကြည်ခဲ့တာ၊ ယွင်ကျဲနဲ့ တခြားတပည့်သားတွေလည်း အဲ့လိုပဲဆိုတာ သေချာတယ်၊ အဲ့ဒီမှတ်တမ်းကို ယုံကြည်လို့ ကောင်းကင်ဘုံနန်းတော်ကို သွားရှာဖွေခဲ့ကြတာလေ”
ရှန်းဝမ်ချင်း ကောက်ချက်ချလိုက်သည်။
“စာကြည့်တိုက်ဆောင်ထဲက မှတ်တမ်းက ငါးစာပေါ့”
ရတနာများဖြင့် ပြည့်နှက်နေသည့် ဒဏ္ဍာရီလာ နန်းတော်ကြီးတစ်ခုကို စိတ်မဝင်စားသူ ရှိမည်မထင်ပါ။ အထူးသဖြင့် ငယ်ရွယ်သည့် တပည့်သားများက ပိုမိုမက်မောကြလိမ့်မည်။
ရှာဖွေဖို့ အလွန်ခက်ခဲသင့်သည့် နန်းတော်ကြီးကို ယန်ရုန်ရုန် အလွယ်တကူ ရှာတွေ့ခဲ့သဖြင့် အဟန့်အတားများကို တစ်စုံ တစ်ယောက်က ဦးစွာချိုးဖျက်ခဲ့မှန်း သေချာပါသည်။
သူတို့အားလုံး မသိနားမလည်သော သိုးတွေလို မုဆိုးတစ်ကောင်၏ထောင်ချောက်ထဲ ရောက်သွားခဲ့ကြခြင်းပင်။
သေလုမျောပါးအခြေအနေနှင့် ကြုံတွေ့ခဲ့ရသည့်အဖြစ်ကို ပြန်စဉ်းစားရင်း ယန်ရုန်ရုန် မကျေမနပ် အံကြိတ်ကာ ပြောလိုက်သည်။
“ကျွန်မ အဲ့ဒီ မှတ်တမ်းကို ပြန်ရှာချင်တယ်၊ အဲ့ဒီတုန်းက ကောင်းကင်ဘုံနန်းတော်ကြီးကို ကံကောင်းထောက်မပြီး ရှာတွေ့ခဲ့တဲ့ ‘တပည့်သား’က ဘယ်သူလဲဆိုတာ သိချင်တယ်”
ရှန်းဝမ်ချင်း ဘာမှမပြောနိုင်ခင် နန်ခယ့်က ချက်ချင်း ဝင်ပြောလိုက်သည်။
“ဒီကိစ္စကို အခုချက်ချင်းစုံစမ်းဖို့ တာဝန်ပေးလိုက်မယ်”
ထိုကဲ့သို့ အရည်အချင်းစစ် ပြိုင်ပွဲမျိုးကို အတွင်းစည်းတပည့်များနှင့် အကြီးအကဲများ၏ တပည့်ရင်းများကသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိပါသည်။ ထို့ကြောင့် ဂိုဏ်းသားအချင်းချင်း အကောက်ကြံပြီး ထောင်ချောက်ဆင်ခဲ့သည့် သစ္စာဖောက်က အတွင်းလူထဲမှာသာ ရှိနေလိမ့်မည်။
ဂိုဏ်းခေါင်းဆောင်တစ်ဦးအနေဖြင့် ဒီကိစ္စ ဘယ်လောက် အရေးကြီးသလဲ နန်ခယ့် နားလည်ပါသည်။ ထိုသစ္စာဖောက်ကို အမြန်ဆုံး ဖော်ထုတ်မှဖြစ်လိမ့်မည်။
ပထမတော့ စန်းချွမ်နှင့် ရှန်းဝမ်ချင်းတို့နှစ်ယောက်အကြား ကြားဝင်ဖြည်ပေးဖို့ ကြံရွယ်ထားခဲ့သော်လည်း ယခုတော့ သစ္စာဖောက်ကိစ္စက ပိုအရေးကြီးနေပါသည်။ ထို့ကြောင့် စန်းချွမ်နှင့် ရှန်းဝမ်ချင်းတို့ကို မှာကြားစရာရှိတာ မှာကြားပြီး နန်ခယ့် အမြန်ထွက်သွားလေတော့သည်။
ညည့်နက်သောအခါ စွေ့ယွမ်ပွင့်ဖတ် ရောစပ်ထားသည့် ရေကို ယန်ရုန်ရုန်သောက်သုံးလိုက်ပြီး အဝတ်အစားလဲကာ အိပ်ရာဝင်ဖို့ ပြင်လိုက်ပါသည်။ သို့သော် သူမ နောက်သို့လှည့်ကြည့်လိုက်ရာ ကျောက်ရုပ်လို ရပ်နေဆဲဖြစ်သည့် ရှန်းဝမ်ချင်းကို မြင်လိုက်ရပါသည်။
“ဘာကိစ္စရှိသေးလို့လဲ ဆရာ”
ရှန်းဝမ်ချင်းက သူ့ချန့်ခွင်းအိတ်ထဲမှ အသစ်စက်စက် သွန်းလုပ်ထားသော ဝူဝမ့်ဓားကို ထုတ်ပေးလိုက်ပါသည်။
“ဒီမှာ၊ ထပ်မပျက်စီးစေနဲ့”
ယန်ရုန်ရုန် အံ့အားသင့်သွားခဲ့သည်။ ဓားကို ယူပြီး သေသေ ချာချာ စစ်ဆေးကြည့်လိုက်ပါသည်။
ကျိုးပဲ့ထားသည့် လက္ခဏာပင် မမြင်ရဘဲ အသစ်စက်စက်လို ပြန်ဖြစ်သွားလေပြီ။ အစိတ်စိတ်အမွှာမွှာကျိုးပဲ့သွားသည့် ဝိညာဉ်ဓားတစ်လက်ကို တစ်ရက်တည်းနှင့် ပြုပြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ခဲယဉ်းပါသည်။
ထို့ကြောင့် ရှန်းဝမ်ချင်း အလွန်အားစိုက်ထုတ်ခဲ့မှန်း သိသာသည်။
သူမရှေ့တွင် မတ်တပ်ရပ်နေသည့် ဓားသခင်ကို ယန်ရုန်ရုန် မော့ကြည့်လိုက်သည်။ ရှန်းဝမ်ချင်းကလည်း သူမကို စူးစူးစိုက်စိုက် ကြည့်နေပါသည်။
ဘာမှ မပြောလျှင် အနေခက်တော့မည့် အခြေအနေကို ရောက်နေပြီဖြစ်သဖြင့် ယန်ရုန်ရုန် နှုတ်ဟလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်မ မလိုချင်ဘူး”
ထို့နောက် ဝူဝမ့်ဓားကို သူမ ပြန်ပေးလိုက်သည်။