← Chapters

အခန်း (၅၆)

Vol. 6 Ch. 56

အခန်း (၅၆)

Vol. 6 Ch. 56

ရှန်းဝမ်ချင်း မှင်သက်သွားသည်။

“ဘာလို့ မလိုချင်တာလဲ”

ယန်ရုန်ရုန် ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်ပါသည်။

“ကျွန်မ ဓားသိုင်းကျင့်ကြံတာကို စိတ်မဝင်စားဘူး၊ နောက်လည်း ဆက်ကျင့်ကြံဖို့ စိတ်ကူးမရှိဘူး၊ အဲ့တာကြောင့် ကျွန်မအတွက် ဒီဓားက ဘာမှ အသုံးမဝင်ဘူးလေ”

ရှန်းဝမ်ချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဓားသိုင်းကျင့်ကြံရတာကို ဘာလို့ စိတ်မဝင်စားတာလဲ”

ရှမ့်ယွင်ဂိုဏ်းထဲသို့ စတင်ဝင်ရောက်လာကတည်းက စန်းချွမ် အလွန်ဝီရိယရှိခဲ့မှန်း ရှန်းဝမ်ချင်း မှတ်မိပါသည်။ စာကြည့် တိုက်ဆောင်သို့ သွားရောက်သည့်အချိန်များမှလွဲပြီး ကျန်အချိန်များကို ဝါးအိမ်ရှေ့တွင် ဓားသိုင်း ကျင့်ကြံရင်းသာ ကုန်ဆုံးစေခဲ့သည်။

နှစ်ပေါင်း ၃၀ တိုင်အောင် ရေသာခိုခြင်းမရှိဘဲ စန်းချွမ် ဓားသိုင်းကျင့်ကြံခဲ့ပါသည်။ သူမ အမှန်တကယ် စိတ်မဝင်စားလျှင် ဒီလောက်အကြာကြီး သည်းခံထားခဲ့စရာမလိုပါ။

ယန်ရုန်ရုန် အရိုးသားဆုံး အမှန်တရားကို ထုတ်ပြောလိုက်သည်။

“ကျွန်မ ဓားသိုင်းကျင့်ကြံခြင်းကို စိတ်ဝင်စားချင်ယောင် ဆောင်ခဲ့ရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက ရှင့်ရဲ့ ရှစ်ကျဲနဲ့ တူအောင် နေချင်လို့ပဲ၊ ရှင်းရှင်းပြောရရင် ရှင်နဲ့ နီးစပ်ချင်လို့ အဲ့တာတွေအကုန်လုပ်ခဲ့တာ၊ အမှန်အတိုင်းပြောရရင် ဓားသိုင်းကျင့်ကြံရတာကို ပျင်းစရာကောင်းပြီး စိတ်ရှုပ်စရာလည်းကောင်းတယ်လို့ ကျွန်မ ထင်မိတယ်၊ စိတ်ဝင်စားစရာ နည်းနည်းလေးတောင် မကောင်းဘူး”

စန်းချွမ်ကို ရှန်းဝမ်ချင်း ရီဝေစွာ ငေးကြည့်လိုက်သည်။ စန်းချွမ် အလိမ်အညာတွေ အများကြီးပြောခဲ့ဖူးမှန်း သူ သိပါသည်။ သို့သော် သူမ ရွေးချယ်ခဲ့သည့် ကျင့်ကြံခြင်း လမ်းစဉ်ကပင် အလိမ်အညာဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပါ။

“ဒါဆို နှစ်တွေအကြာကြီး ကြိုးစားအားထုတ်ခဲ့တာက…”

ယန်ရုန်ရုန် စကားဖြတ်ပြောလိုက်သည်။

“ကျွန်မ ကြိုးစားနေတာကို ရှင်မြင်ပြီး သတိထားမိသွားအောင် လုပ်ခဲ့တာ”

ရှန်းဝမ်ချင်း နားမလည်နိုင်တော့ပေ။

“ဘာလို့လဲ”

သူ့ကို ဘာကြောင့် အပင်ပန်းခံပြီး လှည့်စားခဲ့ကြောင်းကို ရှန်းဝမ်ချင်း မေးနေသည်ဟု ယန်ရုန်ရုန် ယူဆလိုက်သည်။ လောလောဆယ် သူမရည်ရွယ်ချက်က သူ့နှလုံးသားထဲမှ ‘စန်းချွမ်’၏ ပုံရိပ်ကို ဖျက်ဆီးပစ်ပြီး အမှန်တရားကို လက်ခံနိုင်အောင် တွန်းအားပေးဖို့ပင်။ ဒါမှ သူမကို လရောင်ဖြူ ‘လူစားထိုး’အဖြစ် သဘောမထားတော့မှာ ဖြစ်ပါသည်။

ထို့ကြောင့် ယန်ရုန်ရုန် တွန့်ဆုတ်မှုမရှိ ပြန်ဖြေလိုက်သည်။

“ကျွန်မကို ရှင်ချစ်မိသွားအောင် လုပ်ဖို့လေ၊ ကျွန်မအပေါ် ရှင်မေတ္တာရှိလာမှ မစ်ရှင်အောင်မြင်ပြီး ဒီနေရာကြီးကနေ ထွက်သွားလို့ရမှာ”

သို့သော် ရှန်းဝမ်ချင်းကတော့ တိုးညှင်းစွာသာ မေးမြန်းလာခဲ့သည်။

“ဘာလို့ အခုမှ အမှန်အတိုင်းပြောရတာလဲ”

ဒီတစ်ခါတော့ ယန်ရုန်ရုန် မှင်သက်အလှည့်ကို ရောက်သွားပါပြီ။ ရှန်းဝမ်ချင်း၏ မျက်ဝန်းနက်များထဲ ကြက်သွေးရောင်များ တောက်ပလာခဲ့ပြန်သည်။

သူ့ခန္ဓာကိုယ် ဘေးပတ်လည်ရှိ ဓားအရှိန်အဝါများလည်း ဗြောင်းဆန်လာခဲ့သည်။

သူ့ရင်ထဲက မိစ္ဆာစိတ်များ လွတ်ထွက်တော့မည့် လက္ခဏာပင်။

ယန်ရုန်ရုန် ရင်တုန်သွားခဲ့သည်။

‘စွမ်းအားအကြီးမားဆုံးဆိုတဲ့ ရွှမ်ယွဲ့ဓားသခင်က ဒီလောက် စိတ်ပျော့တာလား၊ စကားလေး နည်းနည်းလောက် ပြောလိုက်ရုံနဲ့ စိတ်လွတ်သွားပြီလား’

ထိုဓားရောင်ဝါများကြောင့် တစ်စစီဖြစ်မသွားခင် ယန်ရုန်ရုန် လစ်ထွက်ဖို့ ကြံလိုက်သည်။ သို့သော် သူမ ခန္ဓာကိုယ်ကို ဝိညာဉ်ဖိအားတစ်ခုက ဖိနှိပ်ထားသဖြင့် ခြေထောက်တွေ လုံးဝမလှုပ်ရှားနိုင်ခဲ့ပေ။

ရှန်းဝမ်ချင်း ညာဘက်လက်ကို မြှောက်လိုက်ပြီး သူ့အေးစက် စက် လက်ချောင်းများဖြင့် ယန်ရုန်ရုန့်ပါးကို ပွတ်သပ်လိုက်သည်။

သူ့အသံကလည်း တစ်စုံတစ်ခုကို အားတင်း ဖိနှိပ်ထားရသကဲ့သို့ တိုးညှင်းလေးလံနေခဲ့ပါသည်။

“ငါ့ကို အစကတည်းက လှည့်စားခဲ့တာဆိုရင် ဆက်ပြီး လှည့်စားနေသင့်တာပေါ့၊ ဘာလို့ လမ်းတစ်ဝက်ရောက်မှ လက်လျှော့လိုက်ရတာလဲ”

ရှန်းဝမ်ချင်း မျက်ဝန်းများထဲမှ ရူးသွပ်မှုများကြောင့် ယန်ရုန်ရုန် ထိတ်လန့်သွားခဲ့သည်။

သူမ နောင်တရနေပါပြီ။ ရှန်းဝမ်ချင်းကို ဒီလောက်ထိ ရန်မစခဲ့သင့်ပါ။ သူမ ပုံရိပ်ကို ဖျက်ဆီးချင်ခဲ့ခြင်း ဆိုလျှင်တောင် တစ်ဆင့်ချင်း ဆောင်ရွက်ခဲ့သင့်သည်။ ယခုလို ကြမ်းတမ်း ရက်စက်သည့် နည်းလမ်းကို မသုံးခဲ့သင့်ပေ။

ယန်ရုန်ရုန် မဝံ့မရဲ ပြန်ဖြေလိုက်ပါသည်။

“ရှင်… ရှင်က လူကောင်းတစ်ယောက်မို့လို့လေ၊ ကျွန်မ ဆက်မလိမ်ညာချင်တော့လို့ပါ”

သူမအနားသို့ ရှန်းဝမ်ချင်း တိုးကပ်လာခဲ့သည်။ သူ့ပခုံးပေါ် အနက်ရောင် ဆံနွယ်တစ်စု ဖြာကျလာခဲ့သည်။ သူတို့နှစ်ယောက်အကြား အကွာအဝေးက စက္ကန့်နှင့်အမျှ နီးသထပ် နီးကပ်လာခဲ့ပါသည်။

ရှန်းဝမ်ချင်း၏ တစ်မူထူးခြားသော အေးစက်စက် ကိုယ်သင်းနံ့ကို သူမ ခံစားမိသည်။ သူ့နှုတ်ခမ်းပါးများ ဟသွားပြီး တိုးညှင်းစွာ ပြောလိုက်ပါသည်။

“ငါက လူကောင်းမဟုတ်ဘူး”

ယန်ရုန်ရုန် ပြေးစရာနေရာမရှိသဖြင့် သစ်သားပြားကြီးတစ်ချပ်လို တောင့်တောင့်တင်းတင်း ရပ်နေရသည်။ ရှန်းဝမ်ချင်းက ဆက်ပြောလိုက်ပါသည်။

“အဲ့တာကြောင့် ငါ့ကို ဆက်လှည့်စားလို့ရတယ်”

လက်ရှိ ရှန်းဝမ်ချင်း၏ အခြေအနေက အလွန်အန္တရာယ်များနေပါသည်။ ကိုယ့်အသက်ကိုယ် ကယ်တင်ဖို့အတွက် ယန်ရုန်ရုန် ယာယီ လိုက်လျောလိုက်ရသည်။

“ဟုတ်ပါပြီ”

ထိုအခါ ရှန်းဝမ်ချင်းက သူမ နားရွက်အနားသို့ ကြောက်စရာကောင်းလောက်အောင် ကပ်လာပြီး တစ်လုံးချင်း ပီပီသသ ပြောလိုက်သည်။

“ငါ့ကို ဆက်လှည့်စားလိုက်၊ တစ်သက်လုံး ဆက်လှည့်စားနေ၊ တစ်သက်လုံး ဒီအတိုင်းပဲ ဆက်လှည့်စားနေဖို့ လိုတယ်”

ယန်ရုန်ရုန် ခေါင်းကျိန်းသွားခဲ့သည်။ သူမ နားမလည်နိုင်တော့ပါ။ အလိမ်ခံနေရမှန်း သိသိလျက်နှင့် ဒီလူ ဘာကြောင့် အမှန်တရားကို ရင်မဆိုင်နိုင်သလဲ သူမ မတွေးတတ်တော့ပေ။

သူ့ပုံစံက တစ်သက်လုံး ကိုယ့်ကိုယ်ကိုယ် လှည့်စားရင်း ရှင်သန်သွားဖို့ ရည်ရွယ်ထားသည့်အလား။

သူမ ဂုတ်ပိုးကို ရှန်းဝမ်ချင်း အသာအယာညှစ်လိုက်သည်။

“နားလည်တယ်လို့ ပြောလေ”

ယန်ရုန်ရုန် တစ်ခေါင်းလုံး ရေခဲရိုက်ခံရသလို အေးခဲသွားကာ ထစ်ထစ်ငေါ့ငေါ့ ပြန်ပြောလိုက်ပါသည်။

“နား… နားလည်ပါပြီ”

ထိုအခါမှ သူမကို ရှန်းဝမ်ချင်း ပြန်လွှတ်ပေးလိုက်သည်။ ယန်ရုန်ရုန်လည်း ချက်ချင်းဆိုသလို ခြေလှမ်းများ နောက် ဆုတ်သွားကာ ရှန်းဝမ်ချင်းနှင့် အတတ်နိုင်ဆုံး ခပ်ခွာခွာတွင် ရပ်နေလိုက်ပါသည်။

ရှန်းဝမ်ချင်း၏ ကြောက်စရာ အရှိန်အဝါများ မှေးမှိန်ပျောက်ကွယ်သွားခါမှ ယန်ရုန်ရုန် သေမိန့်မှ လွတ်မြောက်သွားသကဲ့သို့ အသက်ဝဝ ရှူနိုင်လေသည်။

ရှန်းဝမ်ချင်း မျက်ဝန်းများထဲမှ ကြက်သွေးရောင်များ ပျောက်ကွယ်သွားကာ အရင်လို ပြန်လည် တည်ငြိမ်အေးစက်သွားခဲ့သည်။ ဝူဝမ့်ဓားကို သူထပ်ကမ်းပေးလိုက်သည်။

“ယူလိုက်ပါ၊ နောက်ပိုင်း ဓားသိုင်းကျင့်ကြံဖို့ အစီအစဉ်မရှိရင်တောင် သိမ်းထားလို့ရတယ်၊ တစ်နေ့နေ့ အသုံးဝင်ချင် ဝင်လာမှာပေါ့”

ဝူဝမ့်ဓားကို ယန်ရုန်ရုန် တုန်ယင်နေသော လက်များဖြင့် လက်ခံလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာ”

ရှန်းဝမ်ချင်း ခေတ္တစဉ်းစားလိုက်ပြီး မေးလိုက်သည်။

“ဓားလမ်းစဉ်ကို မကျင့်ကြံချင်ဘူးဆိုရင် ဘာပညာ လေ့လာချင်တာလဲ”

“စက်ဝန်းအခင်းအကျင်းနဲ့ မှော်အဆောင်ပညာတွေ လေ့လာမလားလို့ပါ…”

သူမ စတင် ကျင့်ကြံစဉ်တုန်းက အခင်းအကျင်းနှင့် မှော်အဆောင်ပညာများကို အဓိကထားကျင့်ကြံခဲ့သည်။ ထိုပညာများက အခြားသူများအတွက် အလွန်ရှုပ်ထွေးလွန်းသော်လည်း သူမအတွက်တော့ ထမင်းစား ရေသောက်ရသကဲ့သို့ လွယ်ကူလွန်းပါသည်။

ပျင်းစရာကောင်းသည့် ဓားလမ်းစဉ်နှင့် ယှဉ်လိုက်လျှင် နက်ရှိုင်းကျယ်ပြန့်သည့် စက်ဝန်းအခင်းအကျင်းပညာများကိုသာ သူမ ပိုစိတ်ဝင်စားသည်။

ကုန်းမြေတိုက်ကိုးခုတွင် စွမ်းအားအကြီးဆုံး ဓားသိုင်းကျင့် ကြံသူဖြစ်သည့်အလျောက် ရှန်းဝမ်ချင်းက ဓားလမ်းစဉ်ကိုသာ အသန်မာဆုံးဟု သတ်မှတ်ထားပါသည်။ သို့သော် အခြားလမ်းစဉ်များကိုလည်း အထင်မသေးခဲ့ပေ။ တစ်ချိန်တုန်းက သူ့ဆရာ ပြောခဲ့ဖူးသလိုပင် လူတိုင်း၏ တာအိုက ခြားနားပါသည်။

ထို့ကြောင့် ရှန်းဝမ်ချင်း ခေါင်းညိတ်လိုက်ပြီး လှည့်ပြန်လာခဲ့ကာ တံခါးပါ ပိတ်ပေးသွားခဲ့သည်။

ရှန်းဝမ်ချင်း မရှိတော့ခါမှ ယန်ရုန်ရုန် ကုတင်ပေါ်သို့ အရုပ် ကြိုးပြတ်လဲကျသွားပြီး ရင်ဘတ်တွေ နိမ့်ချေမြင့်ချေ လှုပ်ရှားသွားခဲ့လေသည်။

“ငါ လန့်လွန်းလို့ သေတော့မှာပဲ!”

သူမဝတ်ရုံထဲမှ ငှက်ပေါက်လေး ခေါင်းပြူထွက်လာပြီး ဟာသဇာတ်မြူးတစ်ခုကို ကြည့်လိုက်ရသကဲ့သို့ ဝါးလုံးကွဲ ရယ်မောလိုက်ပါသည်။

“စနစ်ပိုင်ရှင် အလှပြင်ထားတာ သက်ရောက်မှု သိပ်မရှိဘူးထင်တယ်နော်၊ ဓားသခင်က မစက်ဆုပ်တဲ့အပြင် စနစ်ပိုင်ရှင်နဲ့ တစ်သက်လုံး အတူနေသွားချင်တယ်တဲ့”

ယန်ရုန်ရုန် ထုံကျင်နေသည့် ဂုတ်ပိုးကို လက်ဖြင့်ပွတ်ရင်း နှုတ်ခမ်းစူသွားပါသည်။

“ဘာလို့ သက်ရောက်မှု မရှိရမှာလဲ၊ ခုနက သူ စိတ်လွတ်မလိုတောင် ဖြစ်သွားတာ မမြင်ဘူးလား”

“အဲ့တာ သူအမှန်တရားကို လက်မခံနိုင်လို့လေ”

ငှက်ပေါက်လေး ပြန်ချေပလိုက်သည်။

“ဘာအမှန်တရားလဲ၊ သူ့ရင်ထဲက ‘လရောင်ဖြူ ရှစ်ကျဲ’နဲ့ ငါနဲ့ လုံးဝ ခြားနားတယ်ဆိုတဲ့ အမှန်တရားလား၊ သူ လောလော ဆယ် လက်မခံနိုင်သေးလည်း ကိစ္စမရှိဘူး၊ ငါက သူသဘောကျတဲ့လူမျိုးမဟုတ်ဘူးဆိုတာ နားလည်သွားအောင် ဖြည်းဖြည်းချင်းလုပ်ပြမယ်၊ သူအနှေးနဲ့အမြန် လက်လျှော့လိုက်မှာ သေချာတယ်”

ယန်ရုန်ရုန်၏ တွေးခေါ်ပုံ အနည်းငယ် လမ်းလွဲနေသည်ဟု ငှက်ပေါက်လေး ခံစားမိသော်ငြား သူကိုယ်တိုင်လည်း အတိအကျ ထောက်မပြနိုင်ခဲ့ပေ။

-

တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပြီးနောက် အရုဏ် တက်ချိန်ရောက်သောအခါ ယန်ရုန်ရုန်ကို ရှန်းဝမ်ချင်း လာနှိုးခဲ့ပြန်သည်။

သူမကို ဓားသိုင်းကျင့်ဖို့ လာခေါ်ခြင်းဖြစ်မည်ဟု ယူဆလျက် သမ်းဝေရင်း လက်ခါပြလိုက်ပါသည်။

“ကျွန်မ မလေ့ကျင့်ဘူးနော်၊ ကိုယ့်ဖာသာကိုယ်သွား”

သို့သော် ရှန်းဝမ်ချင်းက အံ့အားသင့်စရာကောင်းစွာ ပြောလိုက်သည်။

“တခြားနေရာတစ်ခုကို ခေါ်သွားမလို့ပါ”

“ဘယ်ကိုလဲ”

“စာကြည့်တိုက်ဆောင်ကို”

ထိုစာကြည့်တိုက်ကို ယန်ရုန်ရုန် အတော်လေး ရင်းနှီးသည်။ ထိုစာကြည့်တိုက်အတွင်းရှိ စာအုပ်အားလုံးနီးပါးကို ဖတ်ရှုပြီးသား ဖြစ်သော်လည်း ထပ်သွားချင်မိဆဲဖြစ်သည်။ သူမ မဖတ်ရသေးဘဲ ကျန်နေသည့် စာအုပ်တချို့ တွေ့ကောင်း တွေ့နိုင်ပါသည်။

ထို့ကြောင့် ယန်ရုန်ရုန် အဝတ်အစား အမြန်လဲပြီး ရှန်းဝမ်ချင်းနှင့်အတူတူ ထွက်လာခဲ့သည်။

ပထမတော့ လျို့လန်ကို ဝါးအိမ်ထဲ ထားခဲ့ဖို့ ရည်ရွယ်ထားသော်လည်း လျို့လန်က သူမနားမှ မခွာနိုင်ဘဲ လိုက်ချင်သည်ဟု တတွတ်တွတ် ပူဆာနေခဲ့သည်။ ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ လျို့လန်ကိုပါ သူမ ခေါ်လာခဲ့ရပါသည်။

ယန်ရုန်ရုန် ဓားပျံကို ဆင့်ခေါ်လိုက်ပြီး လျို့လန်ကို ချီကာ ရှန်းဝမ်ချင်းနှင့်အတူတူ စာကြည့်တိုက်ဆောင်သို့ ပျံသန်းလာခဲ့လေသည်။

All Chapters