အခန်း (၅၇)
Vol. 6 Ch. 57
ရှမ့်ယွင်ဂိုဏ်း၏ စာကြည့်တိုက်ကို အကြီးအကဲယုလီက ကြီးကြပ်ထားသည်။
ထိုအကြီးအကဲ၏ ကျင့်ကြံခြင်းအဆင့်က နှစ်တစ်ထောင်တိုင်အောင် နတ်ဝိညာဉ်သန္ဓေအဆင့်မှာသာ ရပ်တန့်နေခဲ့သည်။ နောက်ဆယ်စုနှစ်တစ်စုအတွင်း အဆင့်မတက်နိုင်ပါက သက်တမ်းကုန်ဆုံးကာ သေဆုံးရတော့မည်ဖြစ်ကြောင်းကို အားလုံး နားလည်ထားကြပါသည်။
ထို့ကြောင့် သူ့ဘဝ သက်တောင့်သက်သာရှိစေရန် လွယ်ကူသည့်အလုပ်ဖြစ်သော စာကြည့်တိုက်မှူးအဖြစ် ထမ်းဆောင်ဖို့ နန်ခယ့်က တာဝန်ပေးခဲ့သည်။
ယခင်တုန်းက စာကြည့်တိုက်သို့ ယန်ရုန်ရုန် နေ့တိုင်းလိုလို လာရောက်ခဲ့သည်။ အကြီးအကဲယုလီအတွက် သေရည်နှင့် အစားအသောက်ကောင်းများကိုလည်း ယူဆောင်လာတတ်သဖြင့် ခင်မင်ရင်းနှီးသွားခဲ့ကြပါသည်။
မကြာသေးခင်က ကောင်းကင်ဘုံနန်းတော်ထဲတွင် စန်းချွမ်သေဆုံးသွားပြီဟူသော သတင်းကို ကြားပြီးနောက် အကြီး အကဲယုလီ အလွန် စိတ်မကောင်းဖြစ်သွားခဲ့ရသည်။ ထိုကလေးမက ပါရမီ သိပ်မပါသော်လည်း စိတ်ဓာတ်နှင့် စရိုက်တို့က ကောင်းမွန်ပါသည်။ အချိန်တစ်ခုပေးလိုက်လျှင် အောင်မြင်မှုတစ်ခုခုတော့ ရရှိနိုင်မည့်လူမျိုးဖြစ်သည်။
စန်းချွမ် အသက်ရှင်နေသေးရုံသာမကဘဲ ရှမ့်ယွင်ဂိုဏ်းကို ပြန်ရောက်နေပြီဖြစ်ကြောင်း မနေ့ကမှ အကြီးအကဲယုလီ သိခဲ့ရကာ အပျော်လွန်သွားခဲ့ပါသည်။
ယခု ရွှမ်ယွဲ့ဓားသခင်နှင့် အမျိုးသမီးတစ်ဦးတို့ စာကြည့် တိုက်သို့ ရောက်လာသည်ကိုမြင်ပြီး အကြီးအကဲယုလီ ဇဝေဇဝါဖြစ်ခဲ့ရသည်။ အချိန်အတော်ကြာအောင် အကဲခတ်ပြီးမှ ထိုအမျိုးသမီးက မတွေ့ရသည်မှာ ကြာပြီဖြစ်သည့် စန်းချွမ်ဖြစ်မှန်း မှတ်မိသွားခဲ့လေသည်။
သူမ ပုံစံက အလွန်အသက်ကြီးနေပြီး မျက်နှာကို အကဲခတ်ကြည့်ရသလောက် အနည်းဆုံး အသက် ၃၀ - ၄၀ ဝန်းကျင်ခန့် ရှိသည်ဟု ထင်ရသည်။ ဓားသခင်နှင့် ဘေးချင်းကပ်လျက် လျှောက်လာသောအခါ သားအမိတွေဟုပင် ထင်ချင်စရာကောင်းပါသည်။
သို့သော် သူမ မျက်လုံးများကတော့ မပြောင်းလဲသေးပေ။ ယခင်လို စူးရှ ထက်မြက်ပြီး သန့်ရှင်း စင်ကြယ်နေဆဲပင်။ မြင်ရသူတိုင်းကို စိတ်ကြည်လင်သွားစေသည့် မျက်ဝန်းများဖြစ်သည်။
အကြီးအကဲယုလီ ရှေ့ထွက်လာပြီး ဓားသခင်ကို ဦးညွှတ်ကာ ယန်ရုန်ရုန်ကို ပြုံးပြလိုက်ပါသည်။
“ကလေးမ မတွေ့ရတာတောင် အတော်ကြာပြီ၊ ဘယ်တွေ လျှောက်လည်နေတာလဲ”
ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ သေရည်တစ်အိုးနှင့် ကြက်ကင်တစ်တုံးတို့ကို အလျှင်အမြန် ထုတ်လိုက်သည်။
“လျှောက်လည်နေတာ မဟုတ်ရပါဘူး၊ ဖြစ်ပျက်သွားတာတွေ အများကြီးပဲ၊ ပြောရမှာရှည်လို့ နောက်မှပဲ ဖြည်းဖြည်းချင်းပြောပြတော့မယ်၊ ဒီမှာ အကြီးအကဲအတွက် ယူလာတာ”
အကြီးအကဲယုလီက သေရည်နှင့် ကြက်ကင်တို့ကို လက်ခံလိုက်ပြီး တောက်တောက်ပပ ပြုံးလိုက်ပါသည်။
“ကလေးမကတော့ အရင်လို သိတတ်တုန်းပဲ”
အကြီးအကဲယုလီ၏ ကျင့်ကြံခြင်းအဆင့်က ယခင်တုန်းကအတိုင်းပဲ ရှိနေသေးမှန်း ယန်ရုန်ရုန် သတိထားမိသည်။ ဆိုလိုခြင်းက သူမ ပျောက်သွားသည့်အချိန်အတွင်း အကြီးအကဲယုလီ နည်းနည်းလေးတောင် တိုးတက်မလာခဲ့ပေ။ ထို့အပြင် သူ့သက်တမ်းကလည်း ကုန်ဆုံးခါနီးနေပါပြီ။
သို့သော် ယုလီကိုယ်တိုင်က ဂရုစိုက်ပုံမပေါ်ပါ။ ကြက်ကင် ပျော်ပျော်ကြီးကိုက်စားရင်း သူပြောလိုက်သည်။
“တခြားနေရာတွေက ဝယ်တဲ့ကြင်ကင်တွေက နင်ယူလာပေးတဲ့ ကြက်ကင်လောက် အရသာမရှိဘူး”
ယန်ရုန်ရုန် ပြန်ပြောလိုက်သည်။
“ဒီကြက်ကင်ကိုလည်း အပြင်ကပဲ ဝယ်လာတာပါ၊ ခဏနေရင် ဆိုင်လိပ်စာပေးမယ်၊ အကြီးအကဲ စားချင်တဲ့အခါ ကိုယ်တိုင်သွားဝယ်လို့ရတာပေါ့”
ယုလီခေါင်းခါလိုက်သည်။
“နေပါစေ၊ ငါအပြင်ထွက်ရတာ မကြိုက်ဘူး၊ နင်ဝယ်ပြီး ယူလာပေးတာက ပိုစားကောင်းတယ်”
ယန်ရုန်ရုန် မကျေမနပ် ပြောလိုက်သည်။
"ကြင်ကင်ဝယ်ရတာ ဝိညာဉ်ကျောက်တုံး ကုန်တယ်နော်! ပြီးတော့ အချိန်လည်းကုန်တယ်၊ ကျွန်မကို အခွင့်အရေးယူနေတာလား!”
ယုလီ ရယ်မောလိုက်သည်။
“အင်းလေ ငါ့မှာ အသက်ရှင်ဖို့ နှစ်တွေ အများကြီးကျန်တော့တာမှ မဟုတ်ပဲ၊ နည်းနည်းလောက် အလျှော့ပေးလိုက်စမ်းပါ”
ထိုစကားကြောင့် ယန်ရုန်ရုန် တိတ်ဆိတ်သွားခဲ့သည်။ နှစ်ပေါင်း ၃၀ တိုင်အောင် ဒီနေရာသို့ သူမ နေ့တိုင်းလိုလို လာခဲ့သည်။ ယုလီကလည်း သူမကို အများကြီး အကူအညီပေးခဲ့ပါသည်။
ဒီအဘိုးကြီးကို ယန်ရုန်ရုန် ခင်မင်သဖြင့် သူထွက်သွားရမှာကို မမြင်ချင်သေးပါ။ သို့သော် ယခုအချိန်မှာ သူမကိုယ်သူမပင် မနည်း ကာကွယ်နေရသည်။ သူများတွေကို ကာကွယ်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူမ ရင်ထဲ အနည်းငယ် ရီဝေသွားခဲ့ရသည်။
ယုလီကတော့ သူမစိတ်ဓာတ်ကျသွားသည်ကို သတိထားမိပုံမရဘဲ ရွှင်ရွှင်မြူးမြူးဆက်ပြောလိုက်ပါသည်။
“ပုံမှန်ဆို စာကြည့်တိုက်ကို တစ်ယောက်တည်း လာတတ်တာပါ၊ ဒီနေ့ ဘာလို့ ဓားသခင်ကို ခေါ်လာခဲ့တာလဲ”
ရှန်းဝမ်ချင်းက ကိုယ်စားဝင်ဖြေပေးလိုက်ပါသည်။
“သူ့ကို အဌမထပ်နဲ့ နဝမထပ်တို့ဆီ ခေါ်သွားမလို့”
ယန်ရုန်ရုန်နှင့် ယုလီ နှစ်ယောက်စလံး အံ့အားသင့်သွားခဲ့ကြသည်။
ရှမ့်ယွင်ဂိုဏ်း၏ စာကြည့်တိုက်ဆောင်တွင် အထပ် ၉ ထပ်ရှိပြီး စာအုပ်အဆင့်များကို အထပ်အလိုက် သတ်မှတ်ထား သည်။ အထပ်မြင့်လေလေ စာအုပ်များက ပိုမိုအဖိုးတန်ပြီး အရေးပါလေလေပင်။
အပြင်စည်းတပည့်များကို ပထမထပ်မှ တတိယထပ်အထိသာ ခွင့်ပြုပေးထားပြီး အတွင်းစည်းတပည့်များက ဆဌမထပ်ထိ ဝင်ရောက်နိုင်စွမ်းရှိသည်။ အကြီးအကဲများ၏ တပည့်ရင်းများက သတ္တမထပ်ထိ ဝင်ရောက်နိုင်ကာ အကြီးအကဲများက အဌမထပ်ထိ ဝင်ရောက်ခွင့်ရှိပါသည်။
နဝမထပ်ကို ဂိုဏ်းခေါင်းဆောင်၊ သူ့ဇနီးနှင့် ရွှမ်ယွဲ့ဓားသခင်တို့ သုံးဦးသာ ဝင်ရောက်ခွင့်ရှိသည်။
ယန်ရုန်ရုန် သတ္တမထပ်တွင် နှစ်ပေါင်း ၃၀ ကြာအောင် အချိန်ကုန်ဆုံးခဲ့သည်။ အဌမနှင့် နဝမထပ်တို့ကို သူမ မတက်နိုင်ခဲ့ပါ။ ထိပ်ဆုံးအထပ်များကို သူမ အလွန်စိတ်ဝင်စားခဲ့သော်လည်း ဝင်ရောက်နိုင်စွမ်းမရှိသဖြင့် စိတ်ကူးသာ ယဉ်နိုင်ခဲ့သည်။
ဒီနေ့တော့ ရှန်းဝမ်ချင်းက သူမကို ထိပ်ဆုံးအထပ်ထိ ခေါ်သွားဖို့ စီစဉ်ထားမှန်း သိလိုက်ရသဖြင့် ယန်ရုန်ရုန် အလွန်အံ့အားသင့်ကာ ဝမ်းလည်း ဝမ်းသာမိပါသည်။
“ကျွန်မတကယ် အပေါ်တက်လို့ရတယ်လား”
ရှန်းဝမ်ချင်း စကားဖြင့် ပြန်မဖြေဘဲ သူမလက်ကိုကိုင်ကာ စာကြည့်တိုက်ထဲသို့ ဝင်သွားခဲ့ပါသည်။
အကြီးအကဲယုလီက သူတို့ကို မတားသော်လည်း အနောက်မှ လိုက်ဖို့ကြံနေသည့် လျို့လန်ကို တားလိုက်သည်။
“ဂိုဏ်းသားမဟုတ်ရင် စာကြည့်တိုက်ထဲ ဝင်ခွင့်မရှိဘူး”
လျို့လန် ချက်ချင်း မကျေမနပ်ဖြစ်သွားပြီး ယုလီကို သွားဖြဲပြလိုက်ပါသည်။
သူ့ခေါင်းကို ယန်ရုန်ရုန်အမြန်ဖိလိုက်ပြီး သတိပေးလိုက်သည်။
“မဆိုးနဲ့နော်”
လျို့လန် သူမကို သနားကမား ကြည့်လိုက်ကာ တောင်းပန်လိုက်သည်။
“မေမေ လျို့လန်ကို မထားခဲ့ပါနဲ့”
ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ ဖရုံစေ့ထုပ်ကြီးတစ်ထုပ်ကို ထုတ်ပေးလိုက်သည်။
“စကားနားထောင်နော်၊ ငါနင့်ကို ထားခဲ့မလို့ မဟုတ်ဘူး၊ ဒီဖရုံစေ့တွေ စားလို့ကုန်ရင် ပြန်လာခဲ့မယ်”
လျို့လန် ပါးစပ်ဟလိုက်ပြီး တစ်ထုပ်လုံး လောင်းချဖို့ ပြင်လိုက်ပါသည်။ သို့သော် ယန်ရုန်ရုန် အမြန်တားလိုက်ပြီး သေချာ မှာလိုက်သည်။
“တစ်စေ့ချင်း စားရမယ်လေ၊ ပြီးတော့ အခွံကို သေချာခွာစားရမှာ၊ မညစ်ပတ်ရဘူးနော်၊ မဟုတ်ရင် မချစ်တော့ဘဲ ထားခဲ့လိုက်မှာ”
လျို့လန် စိတ်ပျက်လက်ပျက် ခေါင်းစိုက်ကျသွားပါသည်။
သူတို့နှစ်ယောက်ကို အကြီးအကဲယုလီ ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်သည်။ စန်းချွမ်တွင် ကလေးတစ်ယောက်ရှိသည်ဟူသော သတင်းကို သူကြားမိပါသည်။ သို့သော် ကောလဟာလသာဖြစ်မည်ဟု ယူဆခဲ့သည်။ အမှန်တကယ်ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့မိပေ။
ထို့အပြင် ကလေး၏ပုံစံကို ကြည့်ရသလောက် ရွှမ်ယွဲ့ဓားသခင်နှင့် တစ်စက်ကလေးမှ မတူညီပါ။ အဖေက အခြားတစ်ယောက်ယောက် ဖြစ်နေမှာ သေချာပါသည်။
စန်းချွမ်ကို ယုလီ ထူးထူးကဲကဲ လေးစားသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ဒီကလေးမက ရိုးသားဖြူစင်မည့် ပုံစံပေါက်သော်လည်း ဓားသခင်ကို ဦးထုပ်စိမ်းအကြီးကြီး ဆောင်းပေးရဲသည်။ သတ္တိက ချီးကျူးလောက်ပါပေသည်။
အံ့အားသင့်ဖို့ ပိုကောင်းသည်က ရွှမ်ယွဲ့ဓားသခင်ကလည်း ဒါကို ကြည်ကြည်ဖြူဖြူ လက်ခံထားသည့်ပုံစံပင်။ သူ့စိတ်က အလွန်တည်ငြိမ်နေပြီး ပထွေးအဖြစ်ခံယူဖို့ အပြည့်အဝ ပြင်ဆင်ထားသည့်အလား ထင်ရသည်။
စန်းချွမ်၏ သတ္တိကောင်းမှုကိုပဲ လေးစားရမလား၊ ဓားသခင်၏ သဘောထားကြီးမှုကိုပဲ လေးစားရမလား ယုလီ ဝေခွဲမရ ဖြစ်သွားခဲ့ပါသည်။
-
လျို့လန်ကို ချော့မြူပြီးနောက် ရှန်းဝမ်ချင်းနှင့်အတူတူ ယန်ရုန်ရုန် စာကြည့်တိုက်ထဲသို့ ဝင်လာခဲ့သည်။ အတွင်းဘက် အလယ်ဗဟိုတည့်တည့်တွင် ရွှေရောင်လင်းလက်နေသော တည်နေရာပြောင်း စက်ဝန်းအခင်းအကျင်းတစ်ခု ရှိနေပါသည်။
သူတို့နှစ်ယောက် ထိုစက်ဝန်းထဲ ဝင်လိုက်ကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ခေတ္တ မှုန်ရီဝေဝါးသွားပြီးနောက် အဌမထပ်သို့ ချက်ချင်း ရောက်ရှိသွားခဲ့ကြသည်။
အဌမထပ်၏အပြင်အဆင်က အောက်အထပ်များနှင့် အတူတူပင်ဖြစ်ကာ မျက်စိတစ်ဆုံး မြင်နေရသည့် စာအုပ်စင်များတွင် အမျိုးမျိုးသော စာအုပ် စာလိပ်များ၊ ကျောက်စိမ်း စာချပ်များနှင့် ပြည့်နှက်နေသည်။
ထိုရှားပါးပစ္စည်းများကို ကြည့်ရင်း ယန်ရုန်ရုန် အလွန်ပျော်ရွှင်သွားခဲ့ပါသည်။ ဒါ သူမအတွက် အသိပညာတိုးမြင့်စေဖို့နှင် ကျင့်ကြံခြင်းအဆင့် တိုးတက်စေဖို့ အလွန်ကြီးမားသည့် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါသည်။