← Chapters

အခန်း (၅၉)

Vol. 6 Ch. 59

အခန်း (၅၉)

Vol. 6 Ch. 59

ကောင်းကင်ဘုံနန်းတော်ကိစ္စနှင့် ပတ်သတ်၍ ဟဲဝေ့ရှန်းအကြောင်း နန်ခယ့် စတင်စုံစမ်းနေစဉ်မှာပင် ဟဲဝေ့ရှန်း သေဆုံးသွားသည့်အကြောင်းကို ကြားခဲ့ရသည်။

ဒီလောက်တိုက်ဆိုင်သည့် ဖြစ်ရပ်မျိုး ကမ္ဘာပေါ်မှာ ရှိနိုင်သည်ဟု ယန်ရုန်ရုန် မယုံကြည်ပါ။ ထိုဖြစ်ရပ်နှစ်ခုအကြား ဆက်နွယ်မှုတစ်ခုခု ရှိနေရမည်။

ဧကန္တ နောက်ကွယ်မှ ကြိုးကိုင်သူက ၎င်းတို့သရုပ်မှန် ပေါ်သွားမည်စိုးသဖြင့် ဟဲဝေ့ရှန်းကို နှုတ်ပိတ်လိုက်ခြင်း ဖြစ်နိုင်သည်။

ယန်ရုန်ရုန် အတွေးလွန်နေစဉ် သုတ်သုတ်ပျာပျာ ဝင်လာသည့် ခြေသံများစွာကို ကြားလိုက်ရသည်။ သူမ မလှုပ်ရှားနိုင်ခင်မှာပင် တစ်စုံတစ်ယောက်၏ ကြမ်းကြုတ်လှသော တွန်းထုတ်မှုကို ခံလိုက်ရပါသည်။

ယန်ရုန်ရုန် ခြေလှမ်းများ ယိုင်သွားစဉ် လျို့လန် ရုတ်တရက် ပေါ်လာပြီး သူမခါးကို လက်ဖြင့်ထောက်ကာ ဟန်ချက် ထိန်းထားပေးလိုက်ပါသည်။

တပည့်ဖြစ်သူ၏ ဆိုးရွားလှသော အလောင်းကို အကြီးအကဲလဲ့ဖုန်း မယုံကြည်နိုင်စွာကြည့်ရင်း တုန်လည်းတုန်လှုပ် အမျက်ဒေါသလည်း ကြီးမားသွားခဲ့သည်။

“ဝေ့ရှန်း! သနားစရာ ငါ့တပည့်လေး! မင်းကို ဘယ်သူဘာလုပ်လိုက်တာလဲ!”

လဲ့ဖုန်းနောက်မှ တပည့်သားများအားလုံးလည်း မျက်လုံးတွေ နီရဲသွားပြီး သူတို့ရောင်းရင်းအား သတ်ပစ်ခဲ့သည့် လူသတ်သမားကို တစ်စစီ ဆုတ်ဖြဲပစ်ချင်စိတ်များ ပေါ်လာကြပါသည်။

စည်းကမ်းထိန်းသိမ်းရေးခန်းမထဲ ငိုကြွေးမြည်တမ်းသံများ၊ ကြွေးကြော်သံများဖြင့် စီစီညံသွားခဲ့လေသည်။

ထိုကဲ့သို့ နေရာမျိုးတွင် ယန်ရုန်ရုန် ဆက်မနေလိုသဖြင့် လျို့လန်ကို ခေါ်ပြီး တိတ်တိတ်လေးထွက်သွားဖို့ ကြံလိုက်သည်။ သို့သော် အကြီးအကဲလဲ့ဖုန်းက ရုတ်တရက် ဟိန်းဟောက်လိုက်ပါသည်။

“စန်းချွမ်!!”

ယန်ရုန်ရုန် ခြေလှမ်းများရပ်တန့်သွားပြီး လဲ့ဖုန်းကို ကြောင်စီစီ လှည့်ကြည့်လိုက်လေသည်။

အကြီးအကဲလဲ့ဖုန်းက စည်းကမ်းထိန်းသိမ်းရေးခန်းမကို ကြီးကြပ်ရသည့် အကြီးအကဲတစ်ဦးဖြစ်သည်။ ဒီနေရာမှာ ဟဲဝေ့ရှန်း ရာထူးတစ်ခု ပိုင်ဆိုင်နိုင်ခဲ့ခြင်းက အကြီးအကဲလဲ့ဖုန်း၏ စီစဉ်ပေးမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ဟဲဝေ့ရှန်း၏ အလောင်းဘေးတွင် ရွှမ်နျောင်ငှက်မွေးတစ်ချောင်းကို ရှာတွေ့ခဲ့ကြမှန်း ဒီကိုရောက်မလာခင်က လဲ့ဖုန်း ကြားခဲ့ရသည်။ မနေ့က ဟဲဝေ့ရှန်းနှင့် စန်းချွမ်တို့ ပဋိပက္ခဖြစ်ခဲ့ခြင်းနှင့် ဆက်စပ်ကြည့်သောအခါ လဲ့ဖုန်းစိတ်ထဲ စန်းချွမ်က နံပါတ်တစ် သံသယရှိသူဖြစ်လာခဲ့သည်။

ယန်ရုန်ရုန်ကို လဲ့ဖုန်း သွေးချင်းနီနေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ အံကြိတ်လျက် မေးလိုက်သည်။

“ဝေ့ရှန်းကို မင်းသတ်လိုက်တာလား”

ယန်ရုန်ရုန် မှင်သက်သွားခဲ့သည်။

“ကျွန်မက ဘာလို့သတ်ရမှာလဲ”

“မနေ့က မျက်မြင်သက်သေတွေ အများကြီးရှိတယ်၊ မင်းနဲ့ ဝေ့ရှန်းတို့ ထျန်ကျီးတောင်ထိပ်မှာ ပဋိပက္ခဖြစ်ခဲ့ကြတာ မဟုတ်ဘူးလား၊ သူမင်းကို တောင်ပေါ်ကနေ မတော်တဆ တွန်းချလိုက်မိတာလေ၊ မင်းရင်ထဲ သူ့ကို အငြှိုးအတေး နည်းနည်းလေးတောင် မထားဘူးလား၊ ကလဲ့စားချေဖို့ သူ့ကို သတ်ချင်စိတ် မဖြစ်မိဘူးလား”

ယခုအချိန်တွင် ယန်ရုန်ရုန် အမှန်တကယ် မတရားစွပ်စွဲခံနေရသလို ခံစားနေရပါသည်။

ထို့ကြောင့် သူမ သေချာရှင်းပြလိုက်သည်။

“ပထမတစ်ချက်က ဟဲဝေ့ရှန်း ဘာကိုမှ ‘မတော်တဆ’လုပ်ခဲ့တာမဟုတ်ဘူး၊ ကျွန်မကို သူတကယ်သတ်ပစ်ဖို့ ရည်ရွယ်ခဲ့တာ! ဒုတိယတစ်ချက်က ဟဲဝေ့ရှန်းကို ကျွန်မမုန်းတီးပေမယ့် သတ်ရလောက်တဲ့အထိ မဟုတ်ဘူး၊ တတိယအချက်က ကျွန်မ အမှန်တကယ် လက်တုန့်ပြန်ချင်တယ်ဆိုရင်တောင် ကျွန်မဆရာနဲ့ ဂိုဏ်းခေါင်းဆောင်ကြီးတို့ကို ဒီတိုင်း တိုင်ကြားလိုက်တာ ပိုမလွယ်နိုင်ဘူးလား”

အကြီးအကဲလဲ့ဖုန်း လက်မခံနိုင်ဘဲ ခက်ထန်စွာ မေးလိုက်သည်။

“အဲ့တာဆို ငါ့ကို ရှင်းပြစမ်းပါ၊ ဝေ့ရှန်းရဲ့ အလောင်းဘေးမှာ ရွှမ်နျောင်ငှက်မွေးတစ်ချောင်း ဘာလို့ရှိနေတာလဲ”

ထို့နောက် ဟဲဝေ့ရှန်းမျက်နှာပေါ်က ကုတ်ခြစ်ရာများကို လက်ညှိုးထိုးပြလိုက်သည်။

“ပြီးတော့ အဲ့ဒီ ကုတ်ရာတွေ…! အဲ့တာတွေက ငှက်အမျိုးအစား ဝိညာဉ်သားရဲတစ်ကောင်ရဲ့ လက်ချက်ဆိုတာ သေချာတယ်! ဒါတောင် ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက်မှာ အပြစ်မရှိဘူးလို့ မင်းပြောချင်သေးလား”

ယန်ရုန်ရုန် အံ့အားသင့်သွားခဲ့သည်။

“ရွှမ်နျောင်ငှက်မွေးဟုတ်လား၊ ဘယ်မှာလဲ”

ထိုအခါ အကြီးအကဲလဲ့ဖုန်း တံခါးအပြင်ဘက်သို့ လှမ်းကြည့်ရင်း အော်ပြောလိုက်သည်။

“ဂိုဏ်းခေါင်းဆောင်ကြီး! ခင်ဗျား နှုတ်ဆိတ်နေတာနဲ့ပဲ ခင်ဗျားဆီမှာ အဲ့ဒီငှက်မွေးရှိနေမှန်း ကျုပ်မသိဘူး မထင်နဲ့နော်!”

နန်ခယ့်လည်း ရွေးချယ်စရာမရှိတော့ဘဲ အထဲဝင်လာပြီး ရွှေရောင်ငှက်မွေးကို ထုတ်ပြလိုက်ရပါသည်။ ထိုငှက်မွေးကို အကြီးအကဲလဲ့ဖုန်း ဆတ်ခနဲ လုယူကာ ယန်ရုန်ရုန်အား အော်ငေါက်လိုက်သည်။

“သက်သေက ခိုင်လုံနေပြီ! မင်းဘာပြောချင်သေးလဲ!”

ရင်းနှီးနေသည့် ရွှေရောင်ငှက်မွေးကိုကြည့်ရင်း ယန်ရုန်ရုန် နားလည်သွားပါသည်။

“မနေ့က ကျွန်မ ရှမ့်ယွင်ဂိုဏ်းကို ပြန်လာတဲ့လမ်းမှာ ဟဲဝေ့ရှန်းနဲ့ ဆုံခဲ့တယ်၊ သူတစ်ခုခုဆီကနေ ထွက်ပြေးဖို့ ကြိုးစားနေသလိုမျိုး အလျှင်လိုနေတာ၊ မနေ့က ကိစ္စအတွက် ကလဲ့စားချေဖို့ သူ့ကို ရွှမ်နျောင်ငှက်ကြီးနဲ့ ဝင်တိုက်ခိုင်းလိုက်တာ၊ ဒါပေမယ့် အားသိပ်မပါခဲ့လို့ အသက်အန္တရာယ်ရှိလောက်တဲ့အထိ မဖြစ်ခဲ့ဘူး၊ ပြီးတော့ ကျွန်မ ခရီးမဆက်ခင် ဟဲဝေ့ရှန်း အကောင်းအတိုင်းရှိနေသေးတာကို မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တယ်”

သို့သော် အကြီးအကဲ လဲ့ဖုန်းကတော့ သူမစကားများကို တစ်လုံးမှ မယုံကြည်ခဲ့ပေ။

“ထင်တဲ့အတိုင်းပဲ! ဝေ့ရှန်းကို မင်းသတ်လိုက်တာ!”

ယန်ရုန်ရုန် ရှင်းပြဖို့ အစွမ်းကုန်ကြိုးစားသည်။

“ကျွန်မ သတ်တာ မဟုတ်ဘူး! ဟဲဝေ့ရှန်းက ရွှေအမြုတေအဆင့်တောင် ရောက်နေပြီ၊ ကျွန်မက အခြေခံအုတ်မြစ်ချ အဆင့်မှာပဲရှိသေးတာ၊ ကျွန်မ သူ့ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ၊ ပြီးတော့ ဟဲဝေ့ရှန်း သေသွားတဲ့ ပုံစံကိုလည်း သေချာ စစ်ကြည့်ပါဦး၊ အဲ့တာ သာမန်ကျင့်ကြံသူတစ်ယောက် လုပ်နိုင်တဲ့ ဒဏ်ရာမျိုး မဟုတ်ဘူး”

“ဘာဆင်ခြေမှ ပေးမနေနဲ့! မင်း မိစ္ဆာမျိုးနွယ်တွေ၊ ဝိညာဉ်ကျင့်ကြံသူတွေနဲ့ ပူးပေါင်းထားတာ ကြာပြီ! အဲ့ဒီ မိစ္ဆာတွေ၊ ဝိညာဉ်ကျင့်ကြံသူတွေရဲ့ လမ်းစဉ်တွေက ရက်စက်ပြီး ယုတ်ညံ့တယ်၊ သူတို့ဆီကနေ စက်ဆုပ်စရာကောင်းတဲ့ ပညာတွေ သင်လာပြီး ဝေ့ရှန်းကို အငိုက်ဖမ်း သတ်ပစ်ခဲ့တာနေမှာပေါ့! ဝေ့ရှန်းအတွက် ကလဲ့စားချေရမယ်၊ ငါမင်းကို ဒီနေ့ပဲ သတ်ပစ်မယ်!”

ပြောပြောဆိုဆိုနှင့် အကြီးအကဲလဲ့ဖုန်း လက်ဖဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ကြောက်စရာကောင်းလောက်အောင် ကြီးမားသည့် ဝိညာဉ်စွမ်းအင်တစ်ခု ဓားလေပြင်းအသွင်ဖြင့် ဖြာထွက်လာပြီး ယန်ရုန်ရုန်ရှိရာတည့်တည့်သို့ လွင့်ပြေးလာခဲ့သည်။

နတ်ဝိညာဉ်သန္ဓေအဆင့်ရှိ အကြီးအကဲတစ်ယောက်၏ တိုက်ခိုက်မှုကို အခြေခံအုတ်မြစ်ချအဆင့်သာ ရှိသေးသည့် ယန်ရုန်ရုန် ခုခံနိုင်စွမ်းရှိမှာ မဟုတ်ပါ။

လျို့လန်လည်း ယန်ရုန်ရုန်ရှေ့သို့ ခုန်ထွက်လာပြီး ကာကွယ်ပေးလိုက်သည်။ သူ့မျက်နှာပေါ်တွင် မာကျော ထူထပ်သည့် အကြေးခွံများ ဖြစ်ပေါ်လာပြီး ပါးစပ်ထဲတွင်လည်း ချွန်ချွန်ထက်ထက် အစွယ်များ ပေါ်လာခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် ဝူနျန်ဓားဆင်းသက်လာပြီး ယန်ရုန်ရုန်ရှေ့တွင် အကာအရံတစ်ခု ဖန်တီးပေးလိုက်သည်။ ဓားလေပြင်းများက ဝူနျန်ဓားနှင့် ထိရိုက်မိပြီး အရပ်မျက်နှာပေါင်းစုံသို့ ဖြာထွက်လွင့်ပြယ်သွားခဲ့ပါသည်။

လျို့လန်၏ အသွင်ကို မြင်ပြီးနောက် အကြီးအကဲလဲ့ဖုန်း ဒေါသပိုကြီးသွားခဲ့သည်။

“စန်းချွမ်! မင်းက ရန်သူတွေနဲ့ ပူးပေါင်းရုံတင်မကဘူး ယုတ်ညံ့တဲ့ သားရဲတစ်ကောင်ကိုပါ မွေးမြူထားသေးတယ်ပေါ့! မင်းလို ကောက်ကျစ်မှုတွေနဲ့ ပြည့်နေတဲ့လူမျိုးကို အရင်ကတည်းက သုတ်သင်ပစ်ခဲ့သင့်တာ!”

ရှန်းဝမ်ချင်း အေးစက်စွာ ပြောလိုက်သည်။

“စန်းချွမ်က ကျုပ်တပည့်ပဲ၊ ပြဿနာရှိရင် ကျုပ်နဲ့ လာရှင်းလို့ရတယ်”

ရွှမ်ယွဲ့ဓားသခင်ကို မယှဉ်နိုင်မှန်း လဲ့ဖုန်း နားလည်ပါသည်။ ထို့ကြောင့် ပြူးကျယ်နေသော မျက်လုံးများဖြင့် ကြည့်ကာ ဒေါသတကြီး စွပ်စွဲလိုက်သည်။

“မင်းက ဓားသခင်တစ်ယောက်ဆိုပေမယ့် မင်းတပည့်က လူသတ်မှုကျူးလွန်ထားတာနော်! သူ့အသက်နဲ့ ပြန်ပေးမဆပ်သင့်ဘူးလား၊ ဒါမှမဟုတ် ဒီလူသတ်သမားတစ်ယောက်အတွက်နဲ့ တစ်ဂိုဏ်းလုံးကို မင်းပုန်ကန်တော့မှာလား!”

ရှန်းဝမ်ချင်း တစ်လုံးချင်း ပီပီသသ ပြောလိုက်သည်။

“စန်းချွမ် ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး”

အကြီးအကဲလဲ့ဖုန်း ခေါင်းလောင်ကြီးတစ်လုံးပမာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“သက်သေတွေ ဒီလောက် ခိုင်လုံနေတာကို မင်းကာကွယ်ပေးဖို့ ကြိုးစားနေတုန်းလား!”

နောက်ဆုံးတော့ ပြဿနာတွေ ပိုဆိုးမလာခင် နန်ခယ့် ကြားဝင်ရလေတော့သည်။

“ကဲပါ ကဲပါ၊ အားလုံး စိတ်လျှော့ကြ၊ ကျုပ်ကို စကားနည်းနည်းလောက် ပြောခွင့်ပေးပါဦး”

အကြီးအကဲလဲ့ဖုန်း ရင်ထဲ ဒေါသမီးတောက်လောင်နေသော်လည်း စဉ်းစားဆင်ခြင်ဉာဏ်တော့ ပျောက်ကွယ်မသွားသေးပေ။ ဂိုဏ်းခေါင်းဆောင်ကြီး၏မျက်နှာကြောင့် ပါးစပ်ကို ယာယီပိတ်ထားလိုက်ပါသည်။

ရှန်းဝမ်ချင်းလည်း ဝူနျန်ဓားကို ပြန်သိမ်းလိုက်ပြီး ယန်ရုန်ရုန်ထံ လျှောက်သွားကာ တိုးညှင်းစွာ မေးလိုက်သည်။

“ထိခိုက်သွားသေးလား”

ယန်ရုန်ရုန် ခေါင်းခါလိုက်သည်။

“ဘာမှမဖြစ်ပါဘူး”

ယန်ရုန်ရုန် လျို့လန်ခေါင်းကို ချော့မြူကာ ပွတ်သပ်ပေးနေရင်း စိတ်ထဲမှလည်း အဖြစ်အပျက်တစ်ခုလုံးကို ပြန်စဉ်းစားနေခဲ့ပါသည်။

အကြီးအကဲလဲ့ဖုန်း ထပ်မံတိုက်ခိုက်မည်စိုးသဖြင့် အကြီး အကဲလဲ့ဖုန်းနှင့် ယန်ရုန်ရုန်တို့နှစ်ယောက်ကြားထဲ နန်ခယ့် ဝင်လာပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ကျုပ် ဟဲဝေ့ရှန်းရဲ့ အလောင်းကို စစ်ဆေးပြီးသွားပြီ၊ သူ့ကို သတ်ခဲ့တဲ့လူက အရမ်းတိကျသေသပ်တဲ့ နည်းလမ်းတွေကို သုံးသွားတာ၊ ဘာသက်သေမှ မကျန်ခဲ့ဘူး”

“ဝိညာဉ်ဆက်သွယ်ခြင်းပညာကို အသုံးပြုပြီး ဟဲဝေ့ရှန်းရဲ့ ဝိညာဉ်ကို ကျုပ်ဆင့်ခေါ်ခဲ့သေးတယ်၊ ဒါပေမယ့် ထူးဆန်းစွာနဲ့ပဲ သူ့ဝိညာဉ်က မပြည့်မစုံဖြစ်နေတယ်၊ သူ့မှတ်ဉာဏ်တွေ တစ်စုတစ်စည်းတည်းမရှိဘဲ အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေရလောက်တဲ့အထိပဲ၊ အဲ့တာကြောင့် ကျုပ် ဘာသဲလွန်စမှ မရှာနိုင်ခဲ့ဘူး”

လူသားတိုင်းတွင် ‘အသက်ဝိညာဉ် သုံးခုနှင့် စိတ်ဝိညာဉ် ခုနစ်ခု’တို့ ရှိကြသည်။ သေဆုံးသွားပြီးနောက် အသက်ဝိညာဉ်က ခန္ဓာကိုယ်ထဲတွင် ခေတ္တကျန်ရှိနေဦးမည်ဖြစ်ပြီး ပြန်လည်မွေးဖွားဖို့အတွက် ၇ ရက် စောင့်ရပါသည်။

သို့သော် ဟဲဝေ့ရှန်း၏ အသက်ဝိညာဉ် အစိတ်အပိုင်းများ ပျောက်ဆုံးနေခြင်းကို ကြည့်ခြင်းအားဖြင့် သူသေဆုံးသွားပြီးနောက် သူ့အသက်ဝိညာဉ်များကို တစ်စုံတစ်ယောက်က နှောင့်ယှက် ထိပါးခဲ့ခြင်းဖြစ်ကြောင်း သိနိုင်သည်။

အကြီးအကဲလဲ့ဖုန်း ယန်ရုန်ရုန်ကို လက်ညှိုးထပ်ထိုးကာ အံကြိတ်လျက် ထပ်စွပ်စွဲလိုက်သည်။

“ဝိညာဉ်လမ်းစဉ်ကျင့်ကြံသူတွေက လူတွေရဲ့ဝိညာဉ်ကို ထိခိုက်အောင်လုပ်တဲ့နေရာမှာ အတော်ဆုံးဆိုတာ လူတိုင်းသိတယ်မဟုတ်လား! စန်းချွမ်က ဝိညာဉ်ဧကရာဇ်နဲ့ ပူးပေါင်းထားတာ၊ အဲ့တာကြောင့် ဝိညာဉ်တွေကို ဘယ်လိုဖျက်ဆီးရမလဲ သူ့ကို သင်ပေးထားလောက်တယ်! သူ့ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ အဲ့ဒီပညာတွေ ထုတ်သုံးခဲ့တာနေမှာပေါ့၊ ကျုပ်တို့ ဝိညာဉ်ဆက်သွယ်ခြင်းပညာကိုသုံးပြီး ဝေ့ရှန်းရဲ့ ဝိညာဉ်ကနေ အမှန်တရားကို မရှာဖွေနိုင်အောင် လုပ်လိုက်တာပဲ!”

ရှန်းဝမ်ချင်း အေးစက်စွာ ဝင်ပြောလိုက်သည်။

“အဲ့တာတွေအားလုံးက ခင်ဗျားရဲ့ အခြေအမြစ်မရှိတဲ့ ထင်မြင်ယူဆချက်သက်သက်ပဲလေ”

All Chapters