အခန်း (၆၀)
Vol. 6 Ch. 60
ရွှေရောင်ငှက်မွေးကို အကြီးအကဲ လဲ့ဖုန်း နောက်တစ်ဖန် ထက်မြှောက်ပြလိုက်သည်။ သူ့အသံက ဒေါသဖြင့် တုန်ယင်နေပါသည်။
“ဒါသူလူသတ်ထားတဲ့ သက်သေလေ!”
ရှန်းဝမ်ချင်း မတုန်မလှုပ် တည်ငြိမ်စွာပဲ တုန့်ပြန်ခဲ့ပါသည်။
“အဲ့ဒီငှက်မွေးကြောင့် မနေ့က စန်းချွမ်နဲ့ ဝေ့ရှန်းနဲ့ တွေ့ခဲ့ကြတယ်လို့ပဲ သက်သေပြနိုင်လိမ့်မယ်၊ သူ့ကို စန်းချွမ် သတ်ခဲ့ပါတယ်လို့ အတိအကျမပြောနိုင်သေးဘူး၊ ခင်ဗျားတို့ သူ့ကို စွပ်စွဲချင်ရင် လူသတ်မှုကို တကယ်ထင်ရှားစေတဲ့ သက်သေကို ထုတ်ပြရမယ်”
အကြီးအကဲလဲ့ဖုန်း ရူးမတတ်ဖြစ်သွားခဲ့သည်။
“ဒီစုန်းမကြောင့် မင်းစိတ်တွေ အမှောင်ဖုံးလွှမ်းနေပြီ ရှန်းဝမ်ချင်း! ဒီလိုလူမျိုးအတွက် ကိုယ့်ဂုဏ်သိက္ခာကိုယ် မငဲ့ဘဲ အမှားကို အမှန်လို့ ပြောရဲနေတာ! မင်းက ကုန်းမြေတိုက်ကိုးခုရဲ့ စွမ်းအားအကြီးမားဆုံး ဓားသခင်လို့ မခေါ်ထိုက်တဲ့လူပဲ!”
ထိုစကားလုံးများကို ရှန်းဝမ်ချင်း မမှုခဲ့ပါ။
“ခင်ဗျားကသာ ဒေါသကြောင့် စဉ်းစားဆင်ခြင်ဉာဏ် နိမ့်ပါးသွားခဲ့တာ မဟုတ်ဘူးလား၊ အပြစ်မရှိတဲ့ ကျင့်ကြံသူတစ်ယောက်ကို အပြစ်လွှဲချဖို့ ကြိုးစားနေတာ ဖြောင့်မတ်တဲ့ လုပ်ရပ်လား”
“အပြစ်မရှိတဲ့လူ ဟုတ်လား၊ ဒီမိန်းမကို အပြစ်မရှိတဲ့လူလို့ မင်းခေါ်ရဲတယ်ပေါ့!”
ရယ်စရာအကောင်းဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ အကြီးအကဲလဲ့ဖုန်း စက်ဆုပ်စွာ ရယ်မောလိုက်ပါသည်။
“ဟားဟားဟားဟား! စန်းချွမ်က မိစ္ဆာမျိုးနွယ်တွေ၊ နတ်ဆိုးမျိုးနွယ်တွေ၊ ဝိညာဉ်လမ်းစဉ်ကျင့်ကြံသူတွေနဲ့ ပူးပေါင်းခဲ့ဖူးတာနော်၊ လှေနံလေးဖက်နင်းတဲ့ မိန်းမ၊ မင်းရှေ့မှာတင် တခြားယောက်ျားတွေနဲ့ ဖောက်ပြန်ခဲ့တဲ့မိန်းမ၊ အရှက်မရှိတဲ့ စုန်းမကို မင်းက အပြစ်မရှိတဲ့လူတဲ့လား! မင်းနေရာမှာ ငါသာဆို အခုချက်ချင်း ဓားနဲ့ ခုတ်သတ်ပစ်လိုက်ပြီ!”
အကြီးအကဲလဲ့ဖုန်း၏ တပည့်များကလည်း ကျယ်လောင်စွာ ထောက်ခံကြပါသည်။
“ဝေ့ရှန်းအတွက် တရားမျှတမှုု ရယူပေးဖို့ ဂိုဏ်းခေါင်း ဆောင်ကြီးကို တောင်းဆိုပါတယ်! ဝေ့ရှန်းရဲ့ ဝိညာဉ် အေးချမ်းနိုင်ဖို့အတွက် ဒီစုန်းမကို အခုချက်ချင်း ကွပ်မျက်ပေးပါ!”
အများနှင့်တစ်ယောက် ရင်ဆိုင်နေရသဖြင့် နန်ခယ့် ခေါင်းကိုက်လာပါပြီ။ သူ့လက်ထဲက မြင်းမြီးယပ်ကို အနည်းငယ် မြှောက်ကာ အားလုံးကို တိတ်ကြဖို့ အချက်ပြလိုက်သည်။
“ဒီကိစ္စက စုံစမ်းစစ်ဆေးတဲ့ အဆင့်မှာပဲရှိသေးတယ်၊ အားလုံးကို ကျုပ် ယုတ္တိရှိတဲ့ ဖြေရှင်းချက်တွေ ပေးမှာပါ”
အကြီးအကဲလဲ့ဖုန်း မကျေနပ်စွာ ပြောလိုက်သည်။
“လူသတ်သမား စန်းချွမ်ကို သတ်ပစ်လိုက်တာက အကောင်းဆုံး ဖြေရှင်းချက်မဟုတ်လို့ ဘာလဲ!”
သူ့တပည့်သားများကလည်း ထောက်ခံသည်။
“အမှန်ပဲ! စုန်းမကို သတ်ပစ်! စုန်းမကို သတ်ပစ်!”
ပြဿနာရှာလို့ မပြီးကြသေးသည့် လူအုပ်ကြီးကို ကြည့်ရင်း ပုံမှန်ဆို စိတ်ရှည်သည်းခံတတ်သော နန်ခယ့်ပင် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ ရုတ်တရက် ဖြာထွက်သွားခဲ့သည်။ ဟင်းလင်းပြင် ကျင့်ကြံခြင်းအဆင့်ရှိသည့် ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါများ ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသဖြင့် အားလုံး အသက်ရှူ ကြပ်သွားခဲ့ကြသည်။
ပြင်းထန်အားကောင်းလှသည့် ဖိအားကြောင့် အကြီးအကဲလဲ့ဖုန်း ကြမ်းပြင်ပေါ် လဲကျမသွားအောင် မနည်းထိန်းထားရသည်။ သို့သော် သူ့တပည့်သားများကတော့ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လျက်သား လဲကျကုန်ကြပါသည်။ ထိုအခါမှ ဆူညံသံတွေ ပျောက်ကွယ်ကာ ရုတ်တရက် ငြိမ်သက်ကုန်ကြသည်။
ရှေ့မှ ရှန်းဝမ်ချင်း ကာကွယ်ပေးထားသဖြင့် ယန်ရုန်ရုန်ကတော့ ဘာမှ မဖြစ်ခဲ့ပေ။ နန်ခယ့်၏ မျက်နှာပေါ်က နူးညံ့သိမ်မွေ့မှုများ ပျောက်ကွယ်သွားပြီး အေးစက်ခက်ထန်သည့် အရိပ်အယောင်တွေ ပေါ်လာသည်ကို သူမ မြင်နေရပါသည်။
သူ့ရှေ့က လူတွေကို ကြည့်ရင်း နန်ခယ့် ပြောလိုက်သည်။
“ဟဲဝေ့ရှန်း အခုလို ရုတ်တရက်ဖြစ်သွားတော့ သူ့ဆရာနဲ့ ရောင်းရင်းတွေဖြစ်တဲ့ မင်းတို့တွေ ဝမ်းနည်းနာကျည်းနေကြမှာ ငါသိတယ်၊ မင်းတို့ခံစားချက်ကိုလည်း ငါနားလည်တယ်၊ ဒါပေမယ့် အဲ့လို နာကျည်းနေတာနဲ့ပဲ ဂိုဏ်းထဲမှာ အဆင်အခြင်မဲ့ လုပ်ရပ်တွေ လုပ်နိုင်တယ်လို့ မဆိုလိုဘူး”
“ဟဲ့ဝေရှန်းက ရှမ့်ယွင်ဂိုဏ်းရဲ့ တပည့်သားတစ်ယောက်ဆိုပေမယ့် စန်းချွမ်လည်း ထိုနည်းလည်းကောင်းပဲ၊ ဟဲဝေ့ရှန်းကို သတ်ခဲ့တဲ့လူကို ငါဒီတိုင်းလွှတ်ပေးမှာ မဟုတ်ဘူး၊ ဒါပေမယ့် စန်းချွမ်ကိုလည်း အပြစ်မရှိဘဲ မဟုတ်မမှန် ဝိုင်းစွပ်စွဲခွင့် ပြုမှာ မဟုတ်ဘူး”
နန်ခယ့်၏ အရှိန်အဝါကြီးမားသော စကားလုံးများကြောင့် တပည့်သားများအားလုံး ခေါင်းသာ ငုံ့ထားနိုင်ကြပြီး အသက်ဝဝ မရှူရဲကြတော့ပေ။
အကြီးအကဲလဲ့ဖုန်း ဘာမှ မပြောသော်လည်း သူ့မျက်နှာကို ကြည့်ခြင်းအားဖြင့် အလွန်ဒေါသထွက်နေမှန်း သိသာပါသည်။ နန်ခယ့်၏ စကားကို သူ မယုံကြည်ပါ။ ဂိုဏ်းခေါင်းဆောင်နှင့် ရှန်းဝမ်ချင်းတို့နှစ်ယောက် စန်းချွမ်ကို မျက်နှာလိုက်ပြီး ကာကွယ်ပေးနေကြခြင်းဖြစ်သည်ဟု သူထင်နေဆဲပင်။
ထိုစဉ် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“တာအိုနှလုံးသားကို တိုင်တည်ပြီး ကျွန်မ ကျိန်ဆိုရဲတယ်”
အားလုံး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြရာ ရှန်းဝမ်ချင်းနောက်မှ ထွက်လာသည့် ယန်ရုန်ရုန်ကို မြင်လိုက်ရပါသည်။
ရှန်းဝမ်ချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒီလိုအချိန်မျိုးမှာ စန်းချွမ်ကို လူအာရုံစိုက်စရာဖြစ်အောင် မနေစေချင်ပါ။ အကြီးအကဲလဲ့ဖုန်းသာ တိုက်ခိုက်ချင်လျှင် တိုက်ခိုက်ဖို့ အခွင့်အရေး ရသွားနိုင်သည်။
ထို့ကြောင့် ဒီကိစ္စကို နန်ခယ့်လက်ထဲသာ အပ်ထားလိုက်ခြင်းက ပိုဘေးကင်းလုံခြုံပါလိမ့်မည်။ သူမ စွန့်စားဖို့ မလိုအပ်ပေ။
သို့သော် ယန်ရုန်ရုန်ကတော့ ဒီလိုမမြင်ပါ။ သူများနောက်မှာ အမြဲတမ်း ပုန်းကွယ်နေလျှင် သူမ လိပ်ပြာမလုံဖြစ်နေသည်ဟု ထင်သွားကြလိမ့်မည်။
သူတို့ ဖြေရှင်းချက်တစ်ခုလိုချင်နေမှန်း ယန်ရုန်ရုန်သိသဖြင့် သူမ ဖြေရှင်းချက်ပေးပါမည်။
အကြီးအကဲလဲ့ဖုန်း၏ ဒေါသမီးတောက်လောင်နေသော အကြည့်ကို လျစ်လျူရှုလိုက်ပြီး အားလုံးရှေ့တွင် ယန်ရုန်ရုန် ခိုင်ခိုင်မာမာ မတ်တပ်ရပ်လိုက်သည်။
လက်တစ်ဖက်ကို သူမ နှလုံးသားပေါ်ဖိကာ ကျန်လက်တစ်ဖက်ကို အပေါ်မြှောက်လိုက်ပါသည်။ သူမ စကားလုံးများက ကြည်လင်ပြတ်သားလှသည်။
“တာအိုနှလုံးသားကို တိုင်တည်ပြီး ကျွန်မ ကျိန်ဆိုတယ်၊ ကျွန်မဟဲဝေ့ရှန်းကို သတ်ခဲ့တာဆိုရင် ကျင့်ကြံခြင်းတွေ အားလုံးပျက်စီးပြီး ကျွန်မရဲ့ တာအိုလမ်းစဉ် ဒီနေရာမှာပဲ အဆုံးသတ်သွားပါစေ”
ထိုသစ္စာစကားက အလွန်အန္တရာယ်များပါသည်။ သူမကို မေးခွန်းထုတ်ဖို့ အကြီးအကဲလဲ့ဖုန်း စကားရှာမရတော့ပေ။ အခြားသူတွေလည်း ဝေခွဲမရဖြစ်ကုန်ကြပါသည်။
တာအိုနှလုံးသားကို တိုင်တည်ပြီး ကျိန်ဆိုရဲလျှင် ဘာမှဖုံးကွယ်စရာမရှိသည့်သဘောဖြစ်သည်။
‘စန်းချွမ်တကယ် သတ်ခဲ့တာ မဟုတ်ဘူးလား…’
စန်းချွမ်၏ နောက်ကျောကို ရှန်းဝမ်ချင်း ငေးကြည့်လိုက်သည်။ သူမ ခန္ဓာကိုယ်က သေးသွယ်ပြီး ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးသဖြင့် တစ်စုံတစ်ယောက်၏ ကာကွယ်မှုကို လိုအပ်နေသည်ဟု ထင်ရသည်။
သို့သော် ယခုတော့ အလွန်ပြင်းထန်အားကောင်းသည့် ဖိအားများအကြား တစ်ကိုယ်တည်း ခိုင်ခိုင်မာမာ ရပ်တည်နေပြီး မတရားမှုကို ရဲဝံ့စွာ ရင်ဆိုင်နေခဲ့ပါသည်။
အကြီးအကဲလဲ့ဖုန်း အံကြိတ်လိုက်သည်။
“မင်းက လူသတ်သမား မဟုတ်ဘူးဆိုရင်တောင် ဝေ့ရှန်းသေတာ မင်းအပြစ်မကင်းဘူးလို့ ပြောလို့မရဘူး! တရားခံအစစ်ကို ရှာမတွေ့သေးသရွေ့ ဒီပြဿနာ မပြီးသေးဘူးကွ!”
ထိုစကားက အခြေအမြစ်မရှိသော ပြောင်ပြောင်တင်းတင်း စွပ်စွဲစကားဖြစ်သည်။ ကံကောင်းစွာဖြင့် ယန်ရုန်ရုန်ကလည်း ထိုကဲ့သို့ အခြေအမြစ်မရှိသည့် စွပ်စွဲစကားတွေကို ရင်ဆိုင်သည့်နေရာမှာ ဆရာတစ်ဆူဖြစ်နေပါသည်။
ယန်ရုန်ရုန် ရုတ်တရက် ခါးထောက်ကာ လှောင်ပြုံးပြုံးလိုက်သည်။
“ကျွန်မကတော့ ရှင့်အတွက်နဲ့ လူသတ်သမားကို ကူရှာပေးမှာမဟုတ်ဘူး၊ ရှင်ဘာလုပ်ချင်လဲ၊ သတ္တိရှိရင် ကျွန်မကို လာကိုက်လိုက်လေ! ဝုတ် ဝုတ်!”
အကြီးအကဲလဲ့ဖုန်း ဒေါသထွက်လွန်းသဖြင့် သတိလစ်မတတ်ဖြစ်သွားသည်။
“မင်းတော့…”
ယန်ရုန်ရုန် ချက်ချင်း ဖြတ်ပြောလိုက်ပါသည်
“မင်းတော့ ဘာဖြစ်လဲ၊ ရှင်ကမှ လူသတ်သမားအစစ်ကိုတောင် မရှာနိုင်တဲ့ အသုံးမကျတဲ့ အဘိုးကြီးပဲ၊ လူသတ်သမား အစစ်ကို မရှာနိုင်လို့ ကျွန်မကို အပြစ်ပုံချဖို့ ကြိုးစားနေတာ၊ ဟဲဝေ့ရှန်းရဲ့ ဆရာပီသပါပေတယ်! တပည့်လုပ်တဲ့လူက ဂိုဏ်းသားအချင်းချင်း အနိုင်ကျင့်တယ် ဆရာလုပ်တဲ့လူကလည်း ဂိုဏ်းသားအချင်းချင်း အပြစ်လွှဲချဖို့ ကြိုးစားတယ်၊ အရမ်းကို လိုက်ဖက်ညီတဲ့ ဆရာတပည့်နှစ်ယောက်ပဲ!”
“ကျွန်မ ဆုပါတောင်းပေးလိုက်မယ်၊ နောင်ဘဝကျရင်လည်း ဆရာတပည့်တွေအဖြစ် ပြန်မွေးဖွားလာကြပါစေ၊ ဒါပေမယ့် သူများတွေကို ဒုက္ခမပေးနိုင်အောင် လှောင်အိမ်ထဲမှာပဲ နှစ်ယောက်အတူတူ တစ်သက်လုံး အပိတ်လှောင်ခံထားရပါစေ”
ထို့နောက် သူမလက်အုပ်ချီလျက် အမှန်တကယ် ဆုတောင်းနေသလိုမျိုး လုပ်ပြလိုက်သည်။
အကြီးအကဲလဲ့ဖုန်းမျက်နှာ ရှုံ့တွသွားခဲ့သည်။
“မင်းလို စုန်းမကများ ငါ့ကို မိုက်မိုက်ရိုင်းရိုင်း စော်ကားရဲတယ်ပေါ့!”
ထို့နောက် ရှန်းဝမ်ချင်းဘက်ကိုလှည့်ကာ လဲ့ဖုန်း ဒေါသတကြီး မေးလိုက်သည်။
“မင်းတပည့်ကို ဒီလိုပုံစံမျိုးနဲ့ သင်ကြားပေးထားတာလား၊ သူကို မင်းမထိန်းတော့ဘူးလား၊ ရှမ့်ယွင်ဂိုဏ်းကို သိက္ခာကျအောင်လုပ်မှာ မင်းမကြောက်ဘူးလားကွ!”
ရှန်းဝမ်ချင်း အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“ကျုပ်လည်း သူ့ကို မထိန်းနိုင်ဘူး”
ရှန်းဝမ်ချင်း ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်နေခြင်းဖြစ်မည်ဟု အကြီးအကဲလဲ့ဖုန်းထင်သွားပြီး ဒေါသပိုကြီးသွားသည်။
“ကောင်းပြီလေ! မင်းတို့ ဆရာတပည့်နှစ်ယောက် ပူးပေါင်းပြီး ငါ့လို အဘိုးကြီးတစ်ယောက်ကို ဝိုင်းအနိုင်ကျင့်ကြတယ်ပေါ့၊ အဲ့လိုလား!”
နစ်နာသူအဖြစ် ဟန်ဆောင်သည့်နေရာမှာ ယန်ရုန်ရုန်က အလွန်ထူးချွန်ပါသည်။
“ဘာလို့ ပြောင်းပြန်တွေ လာပြောနေတာလဲ၊ ရှင်နဲ့ ဟဲဝေ့ရှန်းကမှ နှစ်ယောက်ပေါင်းပြီး ကျွန်မလို အားနည်းပျော့ညံ့တဲ့ မိန်းမသားတစ်ယောက်ကို အနိုင်ကျင့်ခဲ့ကြတာလေ၊ မနေ့က ကျွန်မကို ဟဲဝေ့ရှန်း ဓားနဲ့ထိုးပြီး တောင်ပေါ်က တွန်းချလိုက်လို့ မသေရုံတမယ် ဖြစ်ခဲ့ရတယ်၊ အဲ့ဒီကိစ္စ မျက်မြင်သက် သေတွေ အများကြီးရှိတယ်နော်၊ ဆရာဖြစ်တဲ့ ရှင်က မတောင်းပန်တဲ့အပြင် ကျွန်မကို လူသတ်သမားလို့ စွပ်စွဲရဲသေးတယ်”
သူမ ပခုံးပေါ်ရှိ ဓားဒဏ်ရာကိုလက်ဖြင့်ဖိရင်း မျက်နှာကို တမင်သက်သက်ရှုံ့ကာ နာချင်ယောင် ဆောင်ပြလိုက်သည်။
“အောင်မယ်လေး ကျွတ်ကျွတ်ကျွတ်… အခုတောင် ဒဏ်ရာက တဆစ်ဆစ် နာနေတုန်းပဲ၊ နောက်ဆက်တွဲ ဘယ်လို ဆိုးကျိုးတွေရှိလာဦးမလဲမသိဘူး”
အကြီးအကဲ လဲ့ဖုန်း ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ယင်နေပြီး ယန်ရုန်ရုန်ကို လက်ညှိုးထိုးလိုက်သည်။
“မင်းမဟုတ်တာတွေ ပြောနေတာ! ဒီလောက် သဘောထားပြည့်ဝတဲ့ ငါ့တပည့် ဝေ့ရှန်းက သူများကို ထိခိုက်အောင် လုပ်စရာအကြောင်း မရှိဘူး! မင်းဘက်ကအရင် သူ့ကို ဒေါသထွက်အောင် ရန်သွားစခဲ့လို့ပဲဖြစ်မှာ! အခုသူက ဘာမှ ပြန်မပြောနိုင်တဲ့ အလောင်းကောင်ဖြစ်နေပြီဆိုတော့ မင်းအခွင့်အရေးယူပြီး အပြစ်ပုံချဖို့ ကြိုးစားနေတာမလား!”