← Chapters

အခန်း (၁၂)

Vol. 2 Ch. 12

အခန်း (၁၂)

Vol. 2 Ch. 12

လျိုဝေကောက အခြေအနေကို ပြောင်းလဲရန် ကြိုးစားလိုက်မှသာ တိတ်ဆိတ်မှု ကျိုးပျက်သွားတော့သည်။ "ဒီတစ်ခါတော့ ငါးအကြီးကြီးတစ်ကောင် ရအောင်ဖမ်းပြမယ် ကြည့်နေ။"

ထိုစဉ် တစ်ချိန်လုံး တိတ်ဆိတ်နေသော ချီဖန့်က မေးလိုက်သည်။ "နောက်နှစ်ရက်လောက်နေရင် ဒီကို တစ်ခေါက် ပြန်လာလို့ရမလား။"

"ဘာလို့လဲ။ မင်း ဗိုက်ဆာလို့လား" လျိုဝေကောက အံ့သြတကြီး မေးလိုက်၏။ ချီဖန့်မှာ အစားအသောက်အတွက် ပူပန်တတ်သူ မဟုတ်ပေ။

ချီဖန့်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်လေသည်။ "ယန်ရွှယ်နဲ့ ငါ မကြာခင် လက်ထပ်ကြတော့မလို့။ ဟင်းလျာတွေ အလုံအလောက်ရှိဖို့ လိုနေတယ်။"

ဒုတ်

လျိုဝေကော၏ လက်ထဲမှ ငါးမျှားတံမှာ ပြုတ်ကျသွားတော့၏။

"ငါးမျှားတံ၊ ငါးမျှားတံ" လျိုချွမ်းချိုင်က အလန့်တကြား အော်လိုက်ပြီးမှ ထိုစကားကို သတိပြုမိသွားသည်။ "နေပါအုံး— ဘာပြောလိုက်တာလဲ။ အစ်ကိုနဲ့ ယန်ရွှယ်က လက်ထပ်ကြမလို့ ဟုတ်လား။"

ထို့နောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။

လျိုဝေကောသည် ငါးမျှားတံကို အမြန်ပြန်ဆွဲယူနိုင်ခဲ့သော်လည်း ငါးစာဘူးမှာ မှောက်သွားကာ အထဲမှ ငါးစာများ ရေထဲသို့ ဖိတ်စင်သွားရာ ရေအောက်ရှိ ငါးများအတွက်မူ စားတော်ပွဲကြီး ဖြစ်သွားခဲ့လေ၏။

ငါးဖမ်းခြင်းကို ရပ်နားလိုက်ရပြီး ရေခဲစကိတ်စီးခြင်းကိုလည်း မေ့သွားကြသည်။ လျိုဝေကောသည် ပစ္စည်းများကို သိမ်းဆည်းကာ ချီဖန့်ကို တစ်ဖက်သို့ ဆွဲခေါ်သွားပြီး စစ်မေးတော့၏။

လျိုချွမ်းချိုင်မှာ ပို၍ စိတ်ထိခိုက်သွားရသည်။ သူမ သဘောကျသော ယောက်မလောင်းလေးမှာ ပျောက်ကွယ်သွားပြီပင်။ အိမ်ပြန်ရောက်သည့်တိုင်အောင် သူမက တတွတ်တွတ် ရေရွတ်နေခဲ့လေ၏။ "သူမကို သူ့ရဲ့ ဝမ်းကွဲညီမလို့ ထင်နေတာ။ ဘယ်တုန်းက လက်ထပ်ဖို့ ဖြစ်သွားတာလဲ။"

လျိုတနျို၏ ဇနီးကမူ ၎င်းကို ကြိုတင်ရိပ်မိပုံရသည်။ "လက်ထပ်ဖို့ ရည်ရွယ်ချက်မရှိဘဲနဲ့ ဘယ်ဝမ်းကွဲညီမကမှ ဒီလောက်ဝေးတဲ့နေရာကို ရက်အတော်ကြာ လာနေမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့က အဲ့လောက် ရင်းနှီးတယ်ဆိုရင် ချီဖန့်က အရင်ကတည်းက ပြောပြမှာပေါ့။ သူ ပြောဖူးလို့လား။"

"ဒါဆို သူမက ဘာလို့ အစောကြီးကတည်းက မပြောတာလဲ" လျိုချွမ်းချိုင်က စိတ်ကောက်စွာဖြင့် မေးလိုက်၏။

မြစ်မှ ပြန်ရောက်လာပြီးနောက် နွေးထွေးသော အပူပေးခုတင်ပေါ်တွင် လှဲနေသော လျိုဝေကောက ညည်းတွားလိုက်သည်။ "ဟုတ်တယ်၊ ကျွန်တော်က သူ့မှာ ရည်စားရှိလားလို့ မေးတော့ သူက မရှိဘူးလို့ ဖြေခဲ့တာ။"

"အရာရာ မသေချာခင်မှာ လိုက်ကြေညာနေမလား။ တကယ်လို့ အဆင်မပြေဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။"

အနားတွင် အပ်ချည်လုံးနေသော လျိုတနျို၏ ဇနီးက သူမ၏ သားကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ပြီးတော့ သူ့မှာ ရည်စားမရှိတာလဲ ဟုတ်တာပဲလေ။ အဆင်ပြေရင် လက်ထပ်ကြမယ်၊ အဆင်မပြေရင် သူ အိမ်ပြန်မှာပေါ့။"

"သူပြောတာက အဲဒါ မဟုတ်ဘူး။ စေ့စပ်ထားတဲ့သူက ရည်စားအဖြစ် မသတ်မှတ်ဘူးလို့ သူက ဆိုလိုတာ။"

လျိုဝေကော၏ ညည်းတွားသံကြောင့် မိခင်ဖြစ်သူက မျက်စောင်းထိုးလိုက်သည်။ "ဘာတွေ ဖြစ်ပျက်နေတာလဲ။ မင်းက ယန်ရွှယ်ကို သဘောကျနေလို့လား။"

"ကျွန်တော်က သူမကို သူ့ဝမ်းကွဲညီမလို့ပဲ ထင်ခဲ့တာ။"

သူ စကားမဆုံးမီမှာပင် ငါးများကို သန့်စင်ပြီးကာစ ဖြစ်သော ဖခင်ဖြစ်သူက သူ့အား ကန်လိုက်သည်။။ "အသုံးမကျလိုက်တာ။ ချောတဲ့မိန်းကလေး တစ်ယောက်တွေ့တာနဲ့ ငေးမောနေတော့တာပဲ။"

"အို... အဖေကရော မငေးခဲ့ဘူးလား။ အမေနဲ့ ရဖို့အတွက် အဘွားတို့အိမ်မှာ နှစ်နှစ်တောင် ရေခပ်ပေးခဲ့ရတာကို..."

"မင်းကတော့...!"

လျိုတနျို၏ ဟိန်းဟောက်သံကြောင့် လျိုဝေကောသည် ချက်ချင်း ထွက်ပြေးတော့သည်။

"တောင်ပေါ်က ဆင်းလာတာ မကြာသေးဘူး၊ ဆူညံအောင် လုပ်နေပြန်ပြီ။ မမောဘူးလား" လျိုတနျို၏ ဇနီးက ဆိုကာ အပ်ချည်လုံးကို အပ်ချုပ်ခြင်းထဲသို့ ပစ်ထည့်လိုက်၏။ ထို့နောက် ဗီရိုထဲသို့ ပစ္စည်းများ သိမ်းဆည်းရင်း နံရံရှိ ပြက္ခဒိန်ကို ကြည့်လိုက်သည်။ "နှစ်သစ်ကူးဖို့ ရက်အနည်းငယ်ပဲ လိုတော့တယ်၊ လဆန်းရှစ်ရက်နေ့မှာ အလုပ်တွေ ပြန်စရတော့မယ်။ သူတို့က ဘာလို့ ဒီအချိန်ကို ရွေးရတာလဲ။ အချိန်က သိပ်ကပ်လွန်းတယ်။"

ယန်ရွှယ်သည် စာရေးစားပွဲတွင် ထိုင်ကာ မှတ်စုစာအုပ်ကို ကိုင်ထားရင်း အချိန်မှာ အနည်းငယ် ကပ်နေသည်ဟု ခံစားနေရလေ၏။

တည်းခိုခန်းမှာ စကားပြောရန် အဆင်မပြေသဖြင့် လူအများစုမှာ နှစ်သစ်ကူးအတွက် အိမ်ပြန်ကုန်ကြပြီဖြစ်ကြောင်း သိရသောအခါ ချီဖန့်သည် ယန်ရွှယ်ကို အဆောင်သို့ ခေါ်လာခဲ့သည်။

ဤနေရာရှိ အခြေအနေများမှာ တောင်ပေါ်ထက် များစွာ သာလွန်ကောင်းမွန်လှ၏။ အပူပေးထားသော ခန်ခုတင်တစ်ခု၊ စာရေးစားပွဲနှင့် ထိုင်ခုံများ ရှိသည်။ စားပွဲပေါ်တွင်မူ လူတိုင်း လေ့လာနိုင်ရန် ခေါင်းဆောင်၏ ကိုးကားချက်စာအုပ်အား ရိုသေစွာ တင်ထားသည်ကို တွေ့လိုက်ရ၏။

ယန်ရွှယ်သည် စနစ်တကျရှိပြီး ထိရောက်စွာ လုပ်ကိုင်တတ်သော အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။ သူမသည် လည်ပတ်ပုဝါနှင့် လက်အိတ်များကို ချွတ်လိုက်ပြီးနောက် ချက်ချင်းပင် အစီအစဉ်ဆွဲတော့၏။ "ကျွန်မတို့မှာ ၁၃ ရက်၊ ၁၄ ရက်လောက်ပဲ အချိန်ရှိတယ်။ နှစ်သစ်ကူးရက်ကတော့ မဖြစ်နိုင်ဘူး။ ကျန်တဲ့ရက်တွေထဲက ဘယ်ရက်က အဆင်ပြေမလဲ"

"တကယ်လို့ အိမ်ငှားလို့ရရင်တော့ လကွယ်ခါနီး ၂၈ ရက်နေ့ပေါ့" ချီဖန့်က ဗီရိုထဲတွင် တစ်ခုခုကို ရှာဖွေနေရင်း ပြန်ဖြေလာသည်။

ယန်ရွှယ်က ပြက္ခဒိန်ကို စစ်ဆေးလိုက်သည်။ "ဖေဖော်ဝါရီ ၁၄ ရက်လား။"

"မကောင်းဘူးလား။"

မကောင်းသည်တော့ မဟုတ်ပါ။ ထိုရက်စွဲမှာ အလွန်ပင် တိုက်ဆိုင်လွန်းနေလေ၏။ နာမည်ကျော် ရိုမန်းတစ်ဆန်သော ချစ်သူများနေ့ပင်။

သို့သော် ဤခေတ်ကာလတွင် မည်သူမျှ ထိုနေ့အကြောင်း သိကြမည်မဟုတ်သလို ကျင်းပကြမည်လည်း မဟုတ်ပေ။ ယန်ရွှယ်သည် မှတ်စုစာအုပ်ထဲတွင် ထိုရက်စွဲကို ရေးမှတ်ကာ ပြောလိုက်သည်။ "နည်းနည်းတော့ လောသလို ခံစားရတယ်။ ငါးရက်တောင် မပြည့်တော့ဘူး။"

ချီဖန့်က ဆက်၍ မပြောတော့ဘဲ တစ်ပေပတ်လည်ခန့်ရှိသော သစ်သားသေတ္တာငယ်တစ်ခုကို ထုတ်ကာ ခုတင်ပေါ်တင်၍ ဖွင့်လိုက်သည်။ "အိမ်ကိုတော့ ကိုယ် ရှာလိုက်ပါ့မယ်။"

"ဒါဆို အဲဒါကို ရှင်ပဲ တာဝန်ယူလိုက်တော့" ယန်ရွှယ်က သူမ၏ စာရင်းထဲမှ ၎င်းကို ဖြတ်ပစ်လိုက်၏။ "ပရိဘောဂအသစ်တွေ လုပ်ဖို့ အချိန်မရှိတော့ဘူး၊ ဒါကြောင့် အဲဒါကို ခဏချန်ထားလိုက်ရအောင်။ အရေးကြီးတာက အသုံးအဆောင်တွေနဲ့ အဝတ်အစားတွေ ပြင်ဆင်ဖို့ပဲ။"

သူမ စကားဆုံးသည်နှင့် စက္ကူလက်မှတ်အချို့ သူမဘေးသို့ ကျလာခဲ့သည်။ "ဒါက အထည်ဝယ်ဖို့ ကူပွန်တွေ။"

ထို့နောက် နောက်ထပ် လက်မှတ်အချို့ ထပ်ပေးပြန်သည်။ "ဒါက ဂွမ်းဝယ်ဖို့ ကူပွန်။"

ထို့နောက် စက်မှုလုပ်ငန်းသုံး ကူပွန်များနှင့် နောက်ဆုံးတွင် ငွေထုပ်လေးတစ်ခု ပါလာသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အနည်းဆုံး ယွမ် သုံးလေးရာခန့် ရှိမည်ဟု ခန့်မှန်းရ၏။

ယန်ရွှယ် အံ့အားသင့်သွားရသည်။ "ရှင် လွန်ခဲ့တဲ့ နှစ်တွေက တစ်ပြားမှ မသုံးခဲ့ဘူးလား။"

လူပျိုလူလွတ် အမျိုးသားများသည် ပုံမှန်အားဖြင့် ငွေကြေးစီမံခန့်ခွဲမှုတွင် မကျွမ်းကျင်ကြပေ။ သူသည် ငွေများကို မည်သို့ ဤမျှအထိ စုဆောင်းနိုင်ခဲ့သနည်း။ အဝတ်အစားပင် တစ်ခါမျှ မဝယ်ခဲ့ဘူးလား။

ချီဖန့်က မဖြေဘဲ သေတ္တာကို ပိတ်ကာ ဗီရိုထဲသို့ ပြန်ထည့်လိုက်၏။

ယန်ရွှယ်ကလည်း ဆက်မမေးတော့ပေ။ "ဒါဆို မနက်ဖြန် မြို့ထဲသွားပြီး လိုတာတွေ ဝယ်ကြတာပေါ့။"

"မနက်ဖြန်တော့ မဖြစ်နိုင်လောက်ဘူး"

"ရှင် ခွင့်မရဘူးလား" ယန်ရွှယ် အံ့သြစွာဖြင့် မော့ကြည့်လိုက်မိသည်။

ပြတင်းပေါက်အပြင်ဘက်တွင် အလင်းရောင် မှိန်ပျပျသာ ကျန်တော့၏။ ထိုအမျိုးသားသည် အလင်းကို ကျောခိုင်းရပ်နေသဖြင့် မဖြေမီ တွန့်ဆုတ်နေသလားဆိုသည်ကို ခွဲခြားရန် ခက်ခဲလှသည်။ "သစ်တောဌာနက ကိုယ့်ကို တောင်ပေါ်က ပစ္စည်းသိုလှောင်ရုံမှာ စောင့်ဖို့ တာဝန်ပေးထားတယ်။ အဲဒါ တခြားတစ်ယောက်နဲ့ လဲဖို့ စီစဉ်ရအုံးမယ်။ မနက်ဖြန်အမှီတော့ ပြီးမယ်မထင်ဘူး။"

ထိုသို့ဆိုလျှင် သူသည် မိမိကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့နေပြီး သူမက သူ၏နေအိမ်ကို မြင်သွားလျှင် လက်ထပ်ရန် ငြင်းဆိုသွားလိမ့်မည်ဟု တွေးထင်နေခြင်းလော။

ယန်ရွှယ်က သူ့ကို ခေတ္တမျှ စိုက်ကြည့်နေသော်လည်း သူကမူ အောက်သို့သာ ငုံ့ကြည့်နေသည်။ နောက်ဆုံးတွင် သူမက အကြည့်လွှဲလိုက်သည်။ "ဒါဆို ကျွန်မတစ်ယောက်တည်းပဲ သွားလိုက်မယ်။ ရှင် အားရင် အိမ်ရှာဖို့ပဲ ကြိုးစားကြည့်လိုက်ပါ"

ပစ္စည်းအတော်များများ ဝယ်ယူရန် ရှိသဖြင့် သူမသည် လျို မိသားစုထံမှ စွပ်ဖားအသေးစားလေးတစ်ခုကို ငှားရမ်းခဲ့သေး၏။

အကြီးစားကြီး မဟုတ်ဘဲ မီတာဝက်ခန့် အကျယ်ရှိကာ လူတစ်ယောက် ထိုင်နိုင်ပြီး ကီလိုဂရမ် တစ်ရာခန့် တင်ဆောင်နိုင်သည့် အနေအထား ဖြစ်သည်။

သူမ သွားသည့်အချိန်တွင် လျိုဝေကောကို မတွေ့ရသော်လည်း လျိုတနျို၏ ဇနီးမှာ ပုံမှန်အတိုင်းပင် ရှိနေပြီး သူမအတွက် ထင်းရှူးစေ့ နှစ်အိတ်ကိုပင် ကူသယ်ပေးခဲ့၏။

လျိုတနျို၏ ဇနီးသည် ချီဖန့် တာဝန်ကျနေသည်ကို သိပုံမရပေ။ သို့မဟုတ်ပါက ယန်ရွှယ် တစ်ယောက်တည်း မြို့သွားမည်ကို ကြားလျှင် လိုက်ပို့ရန် အတင်းအကျပ် ပြောဆိုလိမ့်မည် ဖြစ်သည်။

မြို့သို့သွားခြင်းမှာ အချိန်ကုန်ပြီး ကုန်ကျစရိတ်လည်း များသဖြင့် သူမကို ဒုက္ခမပေးလိုသောကြောင့် သူတို့အား အကျိုးအကြောင်း မရှင်းပြခဲ့ပေ။ ချီဖန့်က ပစ္စည်းများကို အရင်ယူသွားပြီး နောက်နေ့မနက်တွင် ရထားငယ်ဖြင့် တင်ပို့ရန် စီစဉ်လိုက်သည်။

"တကယ်လို့ အရမ်းလေးနေရင် ရထားဝန်ထမ်းကို အကူအညီတောင်းလိုက်ပါ" ပစ္စည်းများ တင်ပြီးနောက် ထိုအမျိုးသားက တိုးတိုးလေး ပြောလာသည်။

ယန်ရွှယ်သည် သူမအား အတင်းအကျပ် ခေါ်ဆောင်သွားခဲ့သော ရထားငယ်အကြောင်းကို မှတ်မိနေဆဲ ဖြစ်သည်။ သူမက လက်ဝေ့ယမ်းပြလိုက်သည်။ "သိပါပြီ။ ရှင်လဲ မြန်မြန်သွားတော့။"

သူမသည် အဖော်မပါဘဲ သွားရသည်ကို တကယ်ပဲ ဂရုမစိုက်သည်လော။

ချီဖန့် သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။

ဤခေတ်ကာလတွင် ရထားပေါ်၌ သူခိုးများပြားကြောင်း ယန်ရွှယ်သိသည်။ သူမသည် လက်မှတ်ခ လေးမောင်မှအပ ကျန်ငွေအားလုံးကို အင်္ကျီအတွင်းဘက်ရှိ အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး စွပ်ဖားနှင့် ထင်းရှူးစေ့အိတ်များကိုသာ ဂရုတစိုက် စောင့်ကြည့်နေလေသည်။

ရထား စတင်ထွက်ခွာချိန်တွင် နောက်ဆုံးခရီးသည်မှာ ရထားပေါ်သို့ တက်လာပြီး သူမနှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံတွင် ခြင်းတောင်းတစ်ခုကို တင်လိုက်သည်။

ယန်ရွှယ် အမှတ်မထင် လှမ်းကြည့်လိုက်ရာ တစ်ဖက်လူကလည်း သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူတို့ မျက်လုံးချင်း ဆုံသွားသောအခါ ယန်ရွှယ်၏ မျက်ဝန်းများမှာ ချက်ချင်း ကျဉ်းမြောင်းသွားတော့သည်။

ကြည့်စမ်း... မိတ်ဆွေဟောင်းကြီးပါလား။

ဒါမှမဟုတ် ပိုပြီးတိတိကျကျ ပြောရရင်တော့... ရန်သူဟောင်းကြီးပေါ့…

ယန်ရွှယ်သည် ကလေးများကိုပင် အနိုင်ကျင့်တတ်သည့် ဤ အဘိုးကြီးဝမ်အကြောင်းကို အတော်အတန် ကြားဖူးနားဝရှိသည်။

သူသည် လျိုမိသားစုနှင့် မနီးမဝေးတွင် နေထိုင်သူဖြစ်ပြီး တစ်ခါတစ်ရံ အဘိုးလျိုသည် အမဲလိုက်ရာမှ ရလာသော အသားများပိုလျှံပါက သူတို့နှင့် ဝေမျှလေ့ရှိသည်။ ထို့ကြောင့်ပင် လျိုတနျို၏ ဇနီးက သူ့ကို အကူအညီတောင်းခဲ့ခြင်းပင် ဖြစ်သည်။

သို့သော် ဤလူသည် အပေးအယူမရှိဘဲ အလကားရယူလိုသူမျိုးသာမကဘဲ အရေးကြီးဆုံးအချိန်တွင် နောက်ကျောဓားထိုးခြင်းကို ပြုလုပ်တတ်သူ ဖြစ်ရာ ထိုကဲ့သို့သောလူမျိုးမှာ အတော်ပင် ရှားပါးလှ၏။

ဖြစ်ပျက်ခဲ့သမျှကို ကြားရသောအခါ လျိုတနျို၏ ဇနီးသည် အလွန်အမင်း ဒေါသထွက်သွားသော်လည်း လူကြီးသူမတစ်ဦးဖြစ်သဖြင့် သွားရောက်ရန်ဖြစ်ရန်မှာ မဖြစ်နိုင်ပေ။ အံ့သြစရာကောင်းသည်မှာ ထိုလူကြီးကပင် အရင်စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သူသည် အိမ်ပြန်ရောက်သည်နှင့် လျိုချွမ်းချိုင်နှင့် ယန်ရွှယ်တို့မှာ သူ၏စီးပွားရေးကို လုယူရန် ကြိုးစားနေကြသည်ဟု စွပ်စွဲကာ ဆဲဆိုတော့သည်။ ၎င်းမှာ အပြစ်ရှိသူက အရင်ဦးအောင် တိုင်ချက်ဖွင့်သည့် သာဓကတစ်ခုပင် ဖြစ်သည်။

ထိုသတင်း လျိုမိသားစုထံ ပြန်ရောက်လာသောအခါ လျိုတနျို၏ ဇနီးသည် ထိန်းမနိုင်သိမ်းမရ ဒေါသထွက်သွားခဲ့သည်။ ထိုအချိန်မှစ၍ ဝမ်မိသားစုဝင် တစ်စုံတစ်ဦးနှင့် တွေ့ဆုံတိုင်း သူမသည် ယဉ်ကျေးပျူငှာသော အမူအရာကိုပင် မပြနိုင်တော့ပေ။

ယခုအခါ သူတို့နှစ်ဦးသည် ရထားငယ်ပေါ်တွင် ထပ်မံဆုံတွေ့ကြပြန်သည်။ အဘိုးအိုဝမ်မှာ မြို့ထဲသို့ ကုန်ပစ္စည်းများ သွားရောက်ရောင်းချရန် ဖြစ်ကြောင်းမှာ ထင်ရှားလှသည်။ ယန်ရွှယ်သည် မည်သည့်ခံစားချက်ကိုမျှ မဖော်ပြဘဲ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့ကိုသာ ထိန်းထားလိုက်၏။

အဘိုးအိုဝမ်ကလည်း ယန်ရွှယ်ကို မှတ်မိသည်။ သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ထိုင်ခုံတွင် ထိုင်ချလိုက်ကာ သူ၏ ဝါးခြင်းတောင်းကို ကြမ်းပြင်ကွဲလုမတတ် ဘုန်း ခနဲ အသံမြည်အောင် ချလိုက်လေသည်။

သူ ပစ္စည်းချပြီးသည်နှင့် ရထားဝန်ထမ်း ရောက်လာကာပြောလိုက်သည်။ "နှစ်ကုန်ပိုင်းဆိုတော့ လူတွေ အရမ်းများပါတယ်။ ပစ္စည်းတွေကို စင်ပေါ်မှာ ဖြစ်ဖြစ်၊ ထိုင်ခုံအောက်မှာ ဖြစ်ဖြစ် ထားပေးကြပါ" သူ၏မျက်လုံးများက ထိုအဖိုးကြီး၏ ခြင်းတောင်းဆီသို့ တန်းတန်း ရောက်သွားခဲ့၏။

အဘိုးအိုဝမ်မှာ မတတ်သာဘဲ ခြင်းတောင်းကို အပေါ်စင်ပေါ်သို့ မတင်လိုက်ရသည်။ ထို့နောက် ဝန်ထမ်းက ကြမ်းပြင်ပေါ်ရှိ အိတ်များကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ဒါတွေက ဘယ်သူ့ဟာလဲ။ ရွှေ့လိုက်ပါဦး"

အိတ်များမှာ မတင်ရန် လေးလံလွန်းသဖြင့် ယန်ရွှယ်သည် ၎င်းတို့ကို အပြားလိုက်လှဲကာ ထိုင်ခုံအောက်သို့သာ ထိုးထည့်လိုက်၏။

ဝန်ထမ်းသည် ဘာမှထပ်မပြောတော့ဘဲ ပစ္စည်းများကို ဂရုစိုက်ရန်သာ သတိပေးပြီး ထွက်သွားသည်။ သို့သော် အဘိုးအိုဝမ်၏ အကြည့်မှာမူ ထိုအိတ်များပေါ်တွင်သာ ဝဲနေပြီး "အဲ့ဒါတွေက ထင်းရှူးစေ့တွေလား" ဟု မေးလိုက်သည်။

ယန်ရွှယ်က ပြုံးကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ ကျွန်မက ရှင့်စီးပွားရေးကို လုမှာမဟုတ်ပါဘူး"

"မင်းမှာ အဲဒီလောက် အရည်အချင်းလဲ မရှိပါဘူး" အဖိုးကြီးက မကျေမနပ် ရေရွတ်လိုက်ပြီးနောက် မျက်နှာဆူပုတ်လျက် တိတ်ဆိတ်သွားတော့သည်။

နှစ်ကုန်ပိုင်းဖြစ်သဖြင့် ရထားပေါ်တွင် လူများ အမှန်တကယ်ပင် ပြည့်နှက်နေသည်။ မှတ်တိုင်နှစ်ခုကျော်ပြီးနောက် လမ်းကြားများတွင်ပင် လူများဖြင့် ပြည့်သွားကာ ကြက်၊ ဘဲများ၏ အော်ဟစ်သံများကြောင့် ရထားတွဲမှာ ဈေးငယ်လေးတစ်ခုကဲ့သို့ပင် ဖြစ်နေ၏။

ရထားပေါ်မှ ဆင်းသောအခါ ယန်ရွှယ်သည် အိတ်နှစ်အိတ်ကို စွပ်ဖားပေါ်သို့ တင်ကာ တံခါးဝသို့ ဆွဲယူရန် အတော်ပင် အားစိုက်ခဲ့ရသည်။ ရထားပေါ်မှ အောက်သို့ ချရန်မှာလည်း နောက်ထပ် အခက်အခဲတစ်ခု ဖြစ်နေပြန်သည်။

သူမ ရုန်းကန်နေရသည်ကို မြင်သောအခါ ရထားဝန်ထမ်းက အိတ်တစ်အိတ်ကို ကူချပေးလိုက်သည်။

ယန်ရွှယ်က ကျေးဇူးတင်စကားဆိုကာ ဒုတိယအိတ်ကို ယူရန် လှည့်လိုက်သောအခါ အဘိုးအိုဝမ်နှင့် လူငယ်တစ်ဦးတို့က အိတ်ကို မချပေးနေသည်ကို တွေ့လိုက်ရသည်။ "မြန်မြန်လုပ်လို့ မရဘူးလား။ လူတွေ အများကြီး ဆင်းဖို့ စောင့်နေရတယ်။ လမ်းပိတ်နေပြီ"

သူ၏ လေသံမှာ ပြတ်သားလွန်းလှသည်။ အိတ်ကို စွပ်ဖားပေါ်သို့ ချလိုက်ပြီးနောက် သူသည် ခြင်းတောင်းကို ကျောပိုးကာ ဘာမှထပ်မပြောဘဲ လျှောက်ထွက်သွားတော့သည်။

ထိုလူငယ်မှာ အနေရခက်ပုံပေါက်နေသဖြင့် ယန်ရွှယ် "ကျေးဇူးတင်ပါတယ်" ဟု ပြောရင်း ယဉ်ကျေးစွာ ပြုံးပြ‌လိုက်သည်။ သူ ထွက်သွားသောအခါမှ သူမသည် စွပ်ဖားကို ထောင့်တစ်နေရာသို့ ဆွဲသွားပြီး အရာအားလုံးကို သေချာစွာ စစ်ဆေးကြည့်လိုက်၏။

အဘိုးအိုဝမ်သည် စေတနာဖြင့် ကူညီခဲ့သည်ဟု သူမ တစ်စက္ကန့်မျှပင် မယုံကြည်ပေ။ လမ်းပိတ်နေသဖြင့် စိတ်တိုနေခဲ့လျှင်ပင် သူသည် ကူညီမည့်သူမျိုး မဟုတ်ပါ။ ရထားပေါ်မှနေ၍ အော်ဟစ်ဆဲဆိုခြင်းကသာ သူ၏ ပုံစံအစစ်အမှန် ဖြစ်သည်။

မကြာမီမှာပင် သူမ ပြဿနာကို ရှာတွေ့သွားသည်။ ဝမ်အဘိုးအိုနှင့် လူငယ်တို့ မပေးခဲ့သော အိတ်၏ ထောင့်တစ်နေရာတွင် တစ်လက်မခန့် အရှည်ရှိသော အပေါက်ငယ်တစ်ခု ရှိနေသည်။ ၎င်းမှာ ထက်မြက်သော အရာတစ်ခုဖြင့် ဖြတ်ထားသကဲ့သို့ တိကျလွန်းလှသည်။ သူမသာ သေချာမစစ်ဘဲ စွပ်ဖားကို ဆွဲသွားပါက ထင်းရှူးစေ့များမှာ တဖြည်းဖြည်း ဖိတ်ကျသွားမည်ဖြစ်ပြီး အပေါက်ငယ်လေးမှာ အစပိုင်းတွင် သတိထားမိရန် ခက်ခဲလိမ့်မည်။

သူက သူမကို စိတ်ကြိုက် လှည့်စားလို့ရမယ့် ဘာမှမသိတဲ့ မိန်းကလေးတစ်ယောက်လို့ တကယ်ကြီး ထင်နေတာလား။

ယန်ရွှယ်သည် မယုံနိုင်စရာ ကောင်းလွန်းသဖြင့် ရယ်ချင်သွားသည်။

သူမ၏ ယခင်ဘဝ ဈေးလောကတွင် အလုပ်လုပ်စဉ်က ထိုကဲ့သို့သော လှည့်ကွက်ပေါင်းစုံကို သူမ မြင်ဖူးခဲ့ပြီးသားဖြစ်သည်။ သူမသည် အိတ်၏ ပေါက်နေသော ထောင့်ကို ခိုင်အောင် ချည်လိုက်ပြီး ဘာမှမဖြစ်ခဲ့သကဲ့သို့ပင် ပစ္စည်းဝယ်ယူရေးစခန်းသို့ ဦးတည်သွားခဲ့သည်။

အပြင်ဘက်ရှိ ဆိုင်းဘုတ်တွင် ဝယ်ယူမည့် ပစ္စည်းများနှင့် ဈေးနှုန်းများကို ရေးထားသည်။ ယန်ရွှယ်သည် ၎င်းကို ဖတ်ကြည့်ရာ သားမွေးများနှင့် ဂျင်ဆင်း၊ သမင်ဂျိုနု၊ ဝက်ဝံသည်းခြေနှင့် ဆေးမြစ်များမှာ ဈေးအကောင်းဆုံး ဖြစ်သည်ကို တွေ့လိုက်ရ၏။

ထင်းရှူးစေ့မှာ တစ်ပေါင်လျှင် ၃၅ ပြားသာရှိသဖြင့် များစွာ ဈေးပေါသော်လည်း အရေအတွက် များပြားသဖြင့် အိတ်နှစ်အိတ်လုံးကို ရောင်းလိုက်ရာ ယွမ် ၄၀ ကျော် ရရှိခဲ့သည်။

၎င်းမှာ ချီဖန့်၏ တစ်လစာ လစာနီးပါး ရှိပြီး သူမ တစ်ဦးတည်း၏ ဝေစုသာ ဖြစ်သည်။ လီရှု့ဝူသည် အလုပ်ကို အလျင်စလိုလုပ်ကိုင်ရင်း ကောချန်အန်းအား ထိခိုက်စေခဲ့သည်မှာလည်း မဆန်းတော့ပေ။

ယန်ရွှယ်သည် ငွေများကို သိမ်းဆည်းကာ အိတ်ခွံများကို ခေါက်၍ စွပ်ဖားတွင် ချည်နှောင်လိုက်ပြီးနောက် သမဝါယမအရောင်းဆိုင်သို့ ထွက်လာခဲ့သည်။

ယခုတစ်ခါတွင်မူ သူမ တွန့်ဆုတ်မနေတော့ဘဲ ပထမဦးစွာ အအေးဒဏ်ခံ ဖိနပ်တစ်စုံကို ဝယ်လိုက်ပြီးနောက် အဝတ်အစားနှင့် အိပ်ရာခင်းများ ပြုလုပ်ရန် အထည်နှင့် ဂွမ်းများကို ဝယ်ယူခဲ့၏။

မျက်နှာသုတ်ပုဝါ၊ မျက်နှာသစ်ဇလုံနှင့် ရေနွေးအိုးကဲ့သို့သော ပစ္စည်းများကို သစ်တောစခန်းရှိ ဆိုင်တွင် ဝယ်ယူနိုင်သဖြင့် သူမ ချန်ထားလိုက်ခဲ့သည်။ သူမ စိတ်ထဲတွင် တွက်ချက်ကြည့်ပြီးနောက် ယွမ် ၂၅၀ အကုန်အကျခံကာ လက်ပတ်နာရီ နှစ်လုံးကို ဝယ်ယူလိုက်လေသည်။

ထိုခေတ်က ခေတ်စားသော ပစ္စည်းများမှာ စက်ဘီး၊ အပ်ချုပ်စက်၊ နာရီနှင့် ရေဒီယိုတို့ ဖြစ်ကြသည်။ သူမသည် အပ်ချုပ်စက် မသုံးတတ်သလို သစ်တောစခန်းတွင် စက်ဘီးမှာ အသုံးမဝင်ပေ။ ရေဒီယိုမှာလည်း လျှပ်စစ်မီးမရှိလျှင် အသုံးမပြုနိုင်ချေ။ နာရီအသေးစားလေးမှာ ယွမ်အနည်းငယ်သာ ပေးရသဖြင့် ပို၍ ဈေးသက်သာသော်လည်း သူမနှင့် ချီဖန့်တို့မှာ အပြင်တွင် အလုပ်လုပ်ရသူများ ဖြစ်သဖြင့် လက်ပတ်နာရီကသာ ပို၍ အသုံးတည့်ပေလိမ့်မည်။

သူမသည် နာရီများကို လူနှင့်မကွာ သိမ်းဆည်းလိုက်ကာ ကျန်ပစ္စည်းများကို အိတ်ထဲထည့်ပြီး စွပ်ဖားတွင် ချည်လိုက်သည်။ ထို့နောက် မင်္ဂလာပွဲအတွက် ဝယ်စရာရှိသည်များကို ရှာဖွေရန် ဈေးငယ်လေးသို့ ထွက်လာခဲ့၏။

All Chapters