← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

ချီဖန့်က အလုပ်တွင် လက်ထပ်ခွင့် တင်ရန်သွားရင်း ဆိုင်တွင် ချိချဉ်များ၊ ဆေးလိပ်နှင့် အရက်များ ဝယ်ခဲ့သည်ဟု သတင်းကြားရသည်။ ဟွမ်ဖန့်ယင်းက စောင်ကို ချရင်း မေးလိုက်၏။ “မင်္ဂလာဆောင်နေ့အတွက် ဟင်းလျာတွေ လိုသေးတယ်မလား”

ဟင်းလျာအကြောင်း ကြားသောအခါ ယန်ရွှယ်မှာ ငါးဖမ်းခဲ့သည့် အဖြစ်အပျက်ကို သတိရပြီး ရယ်မိသွားသည်။ “ဟုတ်တယ်၊ တော်တော်လိုသေးတာ၊ တောဝက်သား ပေါင်နှစ်ဆယ်ကျော်နဲ့ ကြက်ဥတချို့ပဲ ရသေးတယ်”

“အဆင်ပြေသွားတာပေါ့၊ အဘိုးလျိုက တောင်ပေါ်မှာ ထောင်ချောက်တွေ သွားထောင်ထားတယ်၊ နောက်မှ တောကြက်နဲ့ ယုန်တွေ လာပို့ပေးမယ်လေ”

“တကယ်လား” ယန်ရွှယ်က ဝမ်းသာအားရ ဆိုသည်။ “ချီဖန့်ကတော့ နေရာရွေးတတ်လိုက်တာ၊ အိပ်ရာကနေ မင်္ဂလာဆောင် ကျွေးမွေးရေးအထိ အကုန်ကူညီပေးတဲ့ မိသားစုနဲ့ တွေ့ရတာ တကယ် ကံကောင်းတာပဲ”

ဟွမ်ဖန့်ယင်းကမူ ရယ်မောရင်း ပြောလိုက်၏။ “ငါကတော့ သူ မိန်းမရွေးတာ ပိုတော်တယ်လို့ ပြောရမှာပဲ၊ မင်းလို စကားပြောချိုတဲ့သူကို ရထားတာကိုး”

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် “မိန်းမရွေးတော်သော” ချီဖန့်သည် သစ်တောစခန်း၏ ယူနီဖောင်းကို ဝတ်ဆင်ထားသော်လည်း အတွင်း၌ အပြာရင့်ရောင် ဆွယ်တာနှင့် အပြာနုရောင် အင်္ကျီကို ဝတ်ထားသဖြင့် အလွန်ပင် ခန့်ညားထည်ဝါနေသည်။

ရက်အနည်းငယ်အတွင်း မတွေ့ရသော လျိုချွမ်းချိုင်မှာ မနက်စောစောကတည်းက ရောက်လာပြီး တံခါးပိတ်၍ စနောက်ပြီးကာမှ သူ့ကို အထဲသို့ ပေးဝင်ခဲ့သည်။

တည်းခိုခန်းရှိ အခန်းလေးထဲတွင် ယန်ရွှယ်က ငြိမ်သက်စွာ ထိုင်နေ၏။ သူမ၏ မျက်နှာတွင် မည်သည့် မိတ်ကပ်မှ မရှိဘဲ ဆံပင်စည်းသည့် ကြိုးတွင် ချည်ထားသော အနီရောင် ပိုးကြိုးလေးနှစ်ချောင်းကသာ သူမ၏ နုနယ်သော မျက်နှာလေးကို ပိုမို ဝင်းပနေစေသည်။

ချီဖန့်က သူမ၏ ဖိနပ်ကို ရှာရန် ပြင်လိုက်စဉ်တွင် သူမက အိပ်ရာခေါင်းရင်းရှိ သေသေသပ်သပ် ခေါက်ထားသော ခန်ဆီသို့ မသိမသာ မျက်စပစ်ပြလိုက်သည်။

သတို့သမီးကို လာခေါ်သည့်အဖွဲ့တွင် ပါလာသော လျိုဝေကောက အော်ပြောတော့သည်။ “ဟေ့... ဒါက မတရားဘူးလေ၊ သတို့သမီးက သတို့သားကို ကူညီပြီး ပြောပြတာမျိုး ဘယ်မှာရှိလို့လဲ”

ယန်ရွှယ်က ပြုံးရုံသာ ပြုံးနေပြီး သူမ၏ ထူထဲသော မျက်တောင်များက အကြည့်ကို နှိမ့်ချလိုက်ချိန်တွင် မျက်နှာပေါ်၌ အရိပ်ကလေး ဖြတ်ပြေးသွားသည်မှာ အလွန်ပင် လှပသော ပန်းချီကားတစ်ချပ်နှယ်ပင်။

လူအများ၏ စနောက်မှုကို ဂရုမစိုက်ဘဲ ချီဖန့်က အိပ်ရာအောက်မှ ဖိနပ်ကို ထုတ်ယူလိုက်သည်။ သို့သော် အိပ်ရာနားသို့ ပြန်လာသောအခါ ခေတ္တမျှ တွန့်ဆုတ်နေပြန်၏။

ဒါကို သတိထားမိသော ယန်ရွှယ်က သူ့ကို မော့ကြည့်ပြီး ဖိနပ်ကို ကိုယ်တိုင်လှမ်းယူရန် ပြင်လိုက်သော်လည်း ထိုလူက ငုံ့လိုက်ကာ သူမ၏ခြေထောက်တစ်ဖက်ကို ကိုင်ပြီး ဖိနပ်စီးပေးလိုက်လေသည်။

သူ့လက်ချောင်းများက သွယ်လျရှည်လျားပြီး အခြေအိတ်စွပ်ထားသော သူမ၏ခြေထောက်လေးမှာ သူ့လက်ဖဝါးထဲတွင် သေးငယ်လှသည်။ ထိုအထိအတွေ့မှာ ခဏတာမျှသာဖြစ်ပြီး နောက်ခြေထောက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်းပင် စီးပေးလိုက်၏။

အခန်းထဲ ရောက်နေသော လျိုဝေကောက အင်္ကျီလက်ကို မတင်ရင်း ပြောလိုက်သည်။ “ဒီနေ့တော့ ငါက သတို့သမီးရဲ့ မိသားစုကိုယ်စားလှယ်ပဲ၊ အခုကစပြီး ငါ့ကို ခဲအိုတစ်ယောက်လို ဆက်ဆံရမယ်နော်”

ဒါက ကြိုတင် သဘောတူထားသည့်အတိုင်း ဖြစ်၏။ ယန်ရွှယ်တွင် မိသားစုဝင်များ ရှိမနေသဖြင့် လျိုဝေကောနှင့် လျိုချွမ်းချိုင်တို့က သူမ၏ ဆွေမျိုးများအဖြစ် တာဝန်ယူပေးကြခြင်း ဖြစ်သည်။

သို့သော် သူ အိပ်ရာနားသို့ မကပ်နိုင်ခင်မှာပင် ချီဖန့်က ကိုယ်ကို အနည်းငယ် ရွှေ့လိုက်ကာ လမ်းပိတ်လိုက်၏။

“ဘာလဲ... နောင်တရနေတာလား” လျိုဝေကောက စနောက်လိုက်သည်။

ချီဖန့်၏ လှုပ်ရှားမှုမှာ အလိုအလျောက် ဖြစ်သွားခြင်းဖြစ်သော်လည်း ထိုစကားကြောင့် သူ ခဏရပ်သွားပြီးနောက် နောက်ဆုံးတွင် ယန်ရွှယ်ကို သူကိုယ်တိုင် ကျောပိုးလိုက်တော့သည်။

အခန်းထဲနှင့် အပြင်ဘက်တွင် လက်ခုပ်တီးသံများနှင့် အော်ဟစ်အားပေးသံများ ဆူညံသွားကာ မီးရှူးမီးပန်းသံများနှင့်အတူ ဇနီးမောင်နှံတို့ကို တည်းခိုခန်းအပြင်သို့ ပို့ဆောင်ပေးကြ၏။

'ပေါ့လိုက်တာ' ထိုသည်က ချီဖန့်၏ စိတ်ထဲတွင် ဝေဝေဝါးဝါး ဝင်လာသော တစ်ခုတည်းသော အတွေးပင် ဖြစ်သည်။

'အမြင့်ကြီးပဲ' ထိုလူ၏ ကျောပေါ်တွင် ရောက်နေသော ယန်ရွှယ်မှာမူ သူမ၏ အမြင်အာရုံတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားနေရ၏။

သို့သော် ထိုခံစားချက်က ကြာရှည်မခံပေ။ မကြာမီမှာပင် သစ္စာဆိုရန်နှင့် လက်ထပ်စာချုပ် ထုတ်ယူရန် သစ်တောစခန်း၏ရုံးသို့ ရောက်ရှိသွားကြသည်။

မြို့နှင့် အလွန်ဝေးသဖြင့် ဤနေရာတွင် လက်ထပ်စာချုပ်ကို လုပ်ငန်းခွင်ကပင် ထုတ်ပေးပြီး မင်္ဂလာပွဲ အခမ်းအနားမှူးကတော့ သစ်တောစခန်း၏ ပါတီအတွင်းရေးမှူး လျန်ကျုံးထင်ပင် ဖြစ်၏။ အမျိုးသားခေါင်းဆောင်တစ်ဦးရဲ့ ပုံတူကြီးတစ်ပုံကို ရှေ့ကနံရံမှာ ချိတ်ဆွဲထားသေးသည်။

အသက် လေးဆယ်အရွယ်ရှိ အတွင်းရေးမှူးလျန်က မျက်မှန်တပ်ကာ သူတို့၏ အိမ်ထောင်စုစာရင်းနှင့် ထောက်ခံစာများကို သေချာစစ်ဆေးခဲ့သည်။

“ချီဖန်၊ ကျား၊ ဟန်လူမျိုး၊ ၁၉၄၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မွေး၊ နေရပ်လိပ်စာ - ကျင်းချွမ်သစ်တောစခန်း၊ ချန်ရွှေ့မြို့၊ ချန်ရှန်းကောင်တီ၊ ကျန်းချန်မြို့၊ XX ခရိုင်...”

ယန်ရွှယ်က စိတ်ထဲမှ တွက်ကြည့်လိုက်ရာ သူမထက် နှစ်နှစ်နှင့် နှစ်လ ပိုကြီးသည်ကို တွေ့လိုက်ရ၏။ သူမ၏ ယခင်ဘဝနှင့် နှိုင်းယှဉ်လျှင်မူ ထိုသူက တက္ကသိုလ်ကျောင်းသားလေး အရွယ်သာ ရှိပါသေးသည်။

အားလုံး အဆင်ပြေသွားသောအခါ အတွင်းရေးမှူးလျန်က ယန်ရွှယ်၏ စာရွက်စာတမ်းများကို ယူကြည့်ကာ ဖတ်လေ၏။ “ယန်ရွှယ်၊ မ၊ ဟန်လူမျိုး၊ ၁၉၅၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မွေး၊ နေရပ်လိပ်စာ- XX ခရိုင်...”

သူဖတ်နေသည်မှာ တဝက်ပင် မရှိသေးမီ ချီဖန့်က သူမကို လှည့်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများတွင် အံ့သြမှုနှင့် သံသယများ ရောယှက်နေသည်ကို တွေ့လိုက်ရသည်။

ယန်ရွှယ် သူ့ကို နားမလည်နိုင်စွာ ပြန်ကြည့်မိသည်။ သူမ၏ အိမ်ထောင်စုစာရင်းတွင် ဘာမှမှားနေသည်ဟု သူမ မထင်ပေ။ မွေးသက္ကရာဇ်က မကောင်းလို့များလားဟု သူမ တွေးမိ၏။

ချီဖန့်က မွေးသက္ကရာဇ်ကို စိုးရိမ်နေခြင်း မဟုတ်ပေ။ သူ သတိထားမိသည်မှာ ယန်ရွှယ်၏ နေရပ်လိပ်စာမှာ ယန်ကျင်းတွင် မဟုတ်နေခြင်း ဖြစ်၏။

သူ့စိတ်ထဲတွင် အတွေးများစွာ ဝင်လာသည်။ ဒါက လက်ထပ်ဖို့အတွက် သီးသန့်ပြောင်းထားတာလား၊ ဒါမှမဟုတ် တခြားတစ်ခုခုကြောင့်လား။

ဒီယန်ရွှယ်က သူနဲ့ ငယ်ကတည်းက စေ့စပ်ထားတဲ့ ယန်ရွှယ်မဟုတ်တာမျိုးတော့ မဖြစ်နိုင်ပါဘူးဟု သူတွေးနေမိသည်။

နာမည်တူရုံသာ ဖြစ်နိုင်သော်လည်း လူမှားပြီး လက်ထပ်မိဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။ ပြီးပြည့်စုံသည့် တိုက်ဆိုင်မှုများ ဘယ်လောက်များများနိုင်မှာမလို့လဲ?

ယန်ရွှယ် ပိုပြီး ဇဝေဇဝါ မဖြစ်ခင်မှာပင် သူက အကြည့်လွှဲပြီး ဘာမှမဖြစ်သလို ပြန်နေလိုက်သည်။

ယန်ရွှယ်ကလည်း ထိုအကြောင်းကို ခဏမေ့ထားလိုက်ပြီး အတွင်းရေးမှူးလျန်နှင့်အတူ သစ္စာဆိုကာ တံဆိပ်တုံး ထုထားသော လက်ထပ်စာချုပ်ကို လက်ခံရယူလိုက်၏။ “ဂုဏ်ယူပါတယ်၊ အခုကစပြီး မင်းတို့က တရားဝင် လင်မယားတွေ ဖြစ်သွားကြပါပြီ”

ဘဝနှစ်ခုပေါင်းမှ ပထမဆုံးရဖူးသည့် လက်ထပ်စာချုပ်မှာ အနာဂတ်တွင်ပေါ်လာမည့် စာအုပ်နီလေးထက်စာလျှင် အလွန်ပင် ရိုးရှင်းလှသည်။

သို့သော် ဤအရာက သူမအတွက် ပထမဆုံးနှင့် တစ်ခုတည်းသော အရာဖြစ်သဖြင့် ယန်ရွှယ် သေချာကြည့်နေစဉ်မှာပင် သူမ တုန်လှုပ်သွားရ၏။

ချီဖန့်လား။ သူ့မျိုးရိုးနာမည်က ချီ ဖြစ်နေတာလား။

"ချီ" ဆိုသည့် မျိုးရိုးနာမည်နှင့် ပတ်သက်လာလျှင် ယန်ရွှယ်သည် အသံထွက်ဆင်တူသော အခြား "ချီ" နာမည်ထက်ပင် ပို၍ ရင်းနှီးနေခဲ့သည်။

အဓိကအကြောင်းရင်းမှာ သူမဖတ်ခဲ့ဖူးသော ထိုဝတ္ထုထဲတွင် "စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခြင်း" ဇာတ်ကွက်ကို အသုံးချကာ သူမနှင့်နာမည်တူသည့် ဇာတ်ပို့အမျိုးသမီး ယန်ရွှယ်ကို နှိပ်စက်ညှင်းပန်းခဲ့သော ကြောက်မက်ဖွယ် ဇာတ်ကောင်၏ မျိုးရိုးမှာလည်း ချီဖြစ်နေသောကြောင့်ပင် ဖြစ်၏။

ထိုလူ၏ ဘဝဇာတ်ကြောင်းမှာ သူမ၏ ဘဝထက် များစွာပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းပြီး သူမ၏ ဘဝနှစ်ခုလုံးပေါင်းသည်ထက်ပင် ပို၍ လှိုင်းထန်ခဲ့သည်ဟု ဆိုရမည်။

အသက် တစ်ဆယ့်ရှစ်နှစ် မတိုင်မီအထိ သူသည် ရာထူးကြီးဖခင်ရှိသည့် ဂုဏ်သရေရှိ မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး အသက် တစ်ဆယ့်လေးနှစ်နှင့် ထိပ်တန်းတက္ကသိုလ်၏ စက်မှုအင်ဂျင်နီယာဘာသာရပ်သို့ တက်ရောက်ခွင့်ရခဲ့သည့် ပါရမီရှင်တစ်ဦးအဖြစ် ကျော်ကြားခဲ့သည်။

အသက် တစ်ဆယ့်ရှစ်နှစ်အရွယ် အခြားသူများ ကောလိပ်တက်ရန် ပြင်ဆင်နေချိန်၌ သူသည် ဘွဲ့ရရှိပြီးသားဖြစ်သော်လည်း ကံကြမ္မာ၏ ရက်စက်သော အလှည့်အပြောင်းများကြောင့် ဘဝမှာ အနိမ့်ဆုံးသို့ ထိုးကျသွားခဲ့ရ၏။

သူ၏ ဆရာသမား အာဏာလက်လွှတ်ရခြင်း၊ မိသားစု ပြိုကွဲပျက်စီးခြင်း စသည့် အဖတ်ဆယ်မရသော ထိုးနှက်ချက်များကြောင့် သူသည် လေလွင့်ခွေးတစ်ကောင်ကဲ့သို့ ဆယ်စုနှစ်တစ်ခုကျော်ကြာ လောကကြီး၏ မေ့လျော့ခြင်းကို ခံခဲ့ရသည်။

သို့သော်လည်း ပြုပြင်ပြောင်းလဲရေးကာလပြီးနောက် သူသည် မိမိ၏ ဉာဏ်ပညာနှင့် ပရိယာယ်ကို အသုံးပြုကာ ထိပ်ဆုံးသို့ ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး အကြွေးဟောင်းအားလုံးကို ပြန်လည် တောင်းခံမည့် အေးစက်သည့် လူတစ်ဦးဖြစ်လာခဲ့၏။

ထိုစာအုပ်ထဲတွင် ခေါင်းဆောင်မင်းသား မဟုတ်သော်လည်း ဆွဲဆောင်မှုအရှိဆုံး အခန်းကဏ္ဍ အများစုမှာ ထိုသူကို ဗဟိုပြုထားသဖြင့် သူသည် နက်နဲသော အလွမ်းဇာတ်ရှိသည့် ထင်ရှားပေါ်လွင်သော ဇာတ်ကောင်တစ်ဦး ဖြစ်လာခဲ့သည်။

သို့သော် ထိုကြောက်မက်ဖွယ် ပုဂ္ဂိုလ်၏ အမည်မှာ ချီဖန့်မဟုတ်ဘဲ ချီကျင်းရှု့သာ ဖြစ်၏။

အခု ပြန်စဉ်းစားကြည့်ပြန်တော့လည်း ထိုလူမှာ ယခုသူမရှေ့က လူကဲ့သို့ အေးစက်စက် မျက်ဝန်းမျိုး ရှိနေသည်ပင်။

ယန်ရွှယ်သည် လက်ထပ်စာချုပ်ကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်နေပြီးနောက် ရှေ့ကလူကို မော့ကြည့်လိုက်သည်။ "ရှင့်မှာ တခြားနာမည်တွေ မရှိဘူးမလား"

"မရှိပါဘူး။" ချီဖန့်သည် သူ၏ ဦးထုပ်ကို ပြန်ပြင်ဆောင်းရင်း သူမ၏ မေးခွန်းကို နားမလည်သကဲ့သို့ ကြည့်လိုက်၏။

ယန်ရွှယ်အနေဖြင့် ဝတ္ထုအကြောင်း သို့မဟုတ် ကူးပြောင်းရောက်ရှိလာခြင်း အကြောင်းများကို ရှင်းပြနိုင်မည် မဟုတ်ပေ။ "ဒီတိုင်း မေးကြည့်တာပါ။ ရှင့်မှာ နာမည်ဟောင်းတို့ ဘာတို့ ရှိနေရင် မှားနေမှာ စိုးလို့"

သို့ဆိုလျှင် ထိုစာအုပ်နှင့် လုံးဝမသက်ဆိုင်တော့ပေ။ သူမ ထင်ထားသည့်အတိုင်းပင်၊ ထိုစာအုပ်ထဲတွင် သူမနှင့် နာမည်တူသူ တစ်ယောက်သာပါပြီး သူတို့နှစ်ယောက်မှာလည်း ဘယ်တုန်းကမှ မဆုံတွေ့ခဲ့ကြချေ။

ဒါပေမဲ့ ဘာလို့ ဒီချီဖန့်ဖြစ်နေရတာလဲ။

သူမ စိတ်မထိန်းနိုင်ဘဲ သူ့ကို ထပ်မံ အကဲခတ်ကြည့်လိုက်သည်။ "ရှင့်အရပ်က အနည်းဆုံး ခြောက်ပေလောက် ရှိတယ်မလား"

ချီဖန့်၏ လက်မှာ တံခါးလက်ကိုင်ပေါ်သို့ ရောက်နေပြီဖြစ်သော်လည်း သူမ၏ စကားကြောင့် ရပ်တန့်သွားပြီး သူမဘက်သို့ အပြည့်အဝ ပြန်လှည့်လာ၏။ "မတိုင်းဖူးဘူး"

ထိုနက်ရှိုင်းသော မျက်ဝန်းအစုံ၏ စိုက်ကြည့်မှုကို ခံရစဉ် ယန်ရွှယ်သည် တစ်စုံတစ်ခုက သူမကို တိတ်တဆိတ် စောင့်ကြည့်နေသကဲ့သို့ ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။

သူမက သူ့မေးစေ့နားတွင် လက်ဖြင့် အတိုင်းအတာပြလိုက်၏။ "ကျွန်မ သေချာပေါက် ပြောရဲတယ်။ ကျွန်မက ရှင့်မေးစေ့လောက်ပဲ ရှိတာကို"

ထိုသူ၏အရပ်က ကိုက်ညီမှုရှိသည်။ ရုပ်ရည်ကလည်း ကိုက်ညီ၏။ အလုပ်နှင့် သစ်တောစခန်းလည်း တူညီနေသည်။ ရှန်ရှို့ဖန် ပြောခဲ့သည့် "ချီ" ဆိုသည်မှာ တခြားတစ်ယောက်ဟု သူမဘာသာ ကောက်ချက်ချမိခဲ့ခြင်း ဖြစ်ပုံရ၏။

ဒါကတော့ တကယ့်ကို ထူးခြားမှုတစ်ခုပင်။ လက်ထပ်စာချုပ် ရတော့မှသာ သူမ ခင်ပွန်း၏ မျိုးရိုးအမှန်ကို သိလိုက်ရသည်…

ဈေးထဲတွင် လည်ပတ်နေ၍ မျက်နှာပြောင်လှသော ယန်ရွှယ်ပင်လျှင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ သူမနှာခေါင်းကို ပွတ်သပ်လိုက်ရင်း ဘာမှမဖြစ်ခဲ့သလိုဟန်ဖြင့် လက်ထပ်စာချုပ်ကို ဘေးကလူထံ ပြန်ပေးလိုက်၏။

"မင်းပဲ သိမ်းထားလိုက်။" ချီဖန့်က စာချုပ်ကို လှမ်းမယူဘဲ သူမ၏ မျက်နှာကို အေးစက်စက် ဆက်ကြည့်နေခဲ့သည်။

သူမ၏ စောစောက မေးခွန်းများမှာ ရုတ်တရက်ဆန်လွန်းသည်ကို ယန်ရွှယ်သိသော်လည်း အတိအကျ သွားမမေးနိုင်ပေ။ ရှင် ချီကျင်းရှို့ကို သိလား။ ကျွန်မ လူမှားပြီး လက်ထပ်မိတာလား။

ထိုသို့မေးလျှင် ပို၍ပင် ထူးဆန်းသွားမည်ဖြစ်ပြီး သူမကို စိတ်မမှန်ဘူးဟုပင် အနှီသူ ထင်သွားနိုင်ပေ၏။

ကံကောင်းထောက်မစွာဖြင့် အပြင်ဘက်ရှိ လျိုဝေကောက စိတ်မရှည်တော့ဘဲ တံခါးကို တွန်းဖွင့်၍ဝင်လာခဲ့သည်။ "ပြီးကြပြီလား။ အားလုံးက စားပွဲစဖို့ စောင့်နေကြပြီ"

"ပြီးပြီ၊ ပြီးပြီ။"

ယန်ရွှယ်က အလောတကြီး ပြန်ဖြေလိုက်သောအခါမှ ချီဖန့်လည်း မျက်လွှာချကာ အကြည့်လွှဲသွားတော့၏။

လျိုဝေကောက ချက်ချင်း ပြုံးလိုက်ပြီး အခြားသူများကို မြှောက်ပင့်ပြောဆိုလိုက်သည်။ "ငါပြောသားပဲ၊ ဒီမနက် ဘာမှမစားခဲ့နဲ့လို့။ ဘယ်သူမှ မစားခဲ့ကြဘူးမလား"

"ဘယ်သူက စားရဲမှာလဲ။ ဒီနေ့ ဟင်းတွေက အလန်းစားတွေချည်းပဲလို့ မင်းပြောထားတာကို။"

ယန်ရွှယ်နှင့် ချီဖန့်တို့၏ မင်္ဂလာပွဲ စားသောက်ပွဲမှာ တကယ်ပင် ခမ်းနားလှ၏။ တောဝက်သား ပေါင်နှစ်ဆယ်ကျော်အပြင် လျိုမိသားစုက ယုန်သုံးကောင်၊ တောကြက်နှစ်ကောင်နှင့် အေးခဲငါး တစ်ပုံးလုံးကိုပါ လက်ဖွဲ့ခဲ့သည်။ ၎င်းမှာ မင်္ဂလာပွဲအတွက်သာမက နှစ်သစ်ကူးအထိပင် စား၍ လောက်ငပေ၏။

ယန်ရွှယ်က အရာအားလုံးအတွက် ဈေးကွက်ပေါက်ဈေးအတိုင်း ပေးချေခဲ့သည်။ လျိုဝေကောက ငါးတွေလာပို့သည့်အခါ သတိတရ ပြောသွားသေး၏။ "တွေ့လား၊ ဒါကမှ ငါ့ရဲ့ အရည်အချင်းအစစ်။ ဟိုတစ်နေ့ကဟာက ထည့်တွက်လို့ မရဘူး။"

သူသည် ထိုဖြစ်ရပ်ကို စိတ်ထဲစွဲနေဆဲ ဖြစ်ပုံရသည်။ အခြားကိစ္စများတွင်လည်း ထိုကဲ့သို့ ခံစားချက်မျိုး ရှိမရှိကိုမူ မသိနိုင်ပေ။

တောဝက်သားမှာ နူးရန် အချိန်ယူရသဖြင့် ဟွမ်ဖန့်ယင်းသည် မနေ့ကတည်းက လာရောက်ကာ ဟင်းစချက်ပေးခဲ့ပြီး ယနေ့မနက်တွင်လည်း အဒေါ်ကောကို ကူညီရန် စောစောစီးစီး ရောက်လာခဲ့၏။

တောကြက်သားကို မှိုနှင့် အစဉ်အလာအတိုင်း တွဲဖက်ထားပြီး၊ ယုန်သား၏ မြေနံ့သင်းသော အသားညှီနံ့ကိုမူ ဟင်းခတ်အမွှေးအကြိုင် ပြင်းပြင်းဖြင့် ချက်ထားသော အာလူးများဖြင့် ဖုံးအုပ်ပေးထားသည်။ တစ်ဖက်တွင်လည်း ငါးကို ဆော့စ်ဖြင့် အချိန်ကြာကြာ တည်ချက်ထားလေ၏။

ဟင်းအများစုမှာ ဖြည်းဖြည်း ချက်ရသည့် ဟင်းများ ဖြစ်သောကြောင့် အိုးကြီးများအားလုံး ပြည့်နေလေသည်။ စောစောရောက်နေသော လျိုချွမ်းချိုင်က မီးဖိုဘေးတွင် ထိုင်ကာ မီးထိုးပေးနေ၏။

ဧည့်သည်များကို နှုတ်ဆက်ပြီးနောက် ယန်ရွှယ်က သူမအား နေကြာစေ့တစ်ဆုပ် ပေးလိုက်သည်။ "အစ်မက မင်းရဲ့ မရီး မဖြစ်လာတော့ဘူးဆိုတော့ အစ်မကို ပစ်ထားတော့မှာလားလို့"

"ညီမ အဲ့လောက် စိတ်မပုတ်ပါဘူး။" လျိုချွမ်းချိုင်က ပြန်ငြင်းလိုက်၏။ "ဟိုတောကြက် နှစ်ကောင်က သမီးပေးတာ။ အမေ့ကို ပေးလိုက်ဖို့ ပြောထားတာ။ ရစ်ဌက်ထက် အများကြီး ပိုကောင်းတယ်၊ ရစ်ဌက်သားက အမျှင်တွေ များလွန်းတယ်"

သူမ ထိုသို့ပြောလိုက်သော်လည်း ပါးပြင်လေးများကမူ အနည်းငယ် နီမြန်းသွားခဲ့သည်။

သူမသည် အောင်သွယ်လုပ်ပေးခဲ့သမျှ မအောင်မြင်ဘဲ သတို့သမီးက ချီဖန့်၏ ဇနီး ဖြစ်သွားသောကြောင့် ရှက်ကိုးရှက်ကန်းဖြစ်ကာ ယန်ရွှယ်ကို ရှောင်နေခဲ့ခြင်းပင် ဖြစ်၏။

သို့သော် သူတို့၏ ရင်းနှီးမှုက ရှိနေဆဲပင်။ (သူမအမေက ဘေးအိမ်မှာ သွားကူနေသဖြင့်) ဘေးဘီကို ကြည့်ကာ ဘယ်သူမှမရှိကြောင်း သေချာမှ သူမက တိုးတိုးလေး မေးလိုက်သည်။ "ယန်ရွှယ်၊ သတို့သမီး ဖြစ်ရတာ ဘယ်လိုနေလဲ"

စိတ်ထဲတွင် ကလေးသာရှိသေးသော သူမသည် အမြဲတမ်း သိလိုစိတ်ပြင်းပြနေတတ်၏။ အထူးသဖြင့် သူမသည် ယန်ရွှယ်နှင့် အသက်သိပ်မကွာသောကြောင့် ပို၍ စိတ်ဝင်စားနေခြင်း ဖြစ်သည်။

"အင်း..." ယန်ရွှယ်က ခေါင်းကို စောင်းကာ စဉ်းစားနေသည့်ဟန် ဆောင်လိုက်၏။

"ပြောပါ၊ ပြောပြပါအုံး" ကောင်မလေးက စိတ်အားထက်သန်စွာ တိုက်တွန်းနေလေသည်။

ထိုမျှော်လင့်တကြီး ကြည့်နေသော မျက်ဝန်းများအောက်တွင် ယန်ရွှယ်လျှော့ပေးပြီး ဖြေလိုက်၏။ "အမှန်အတိုင်း ပြောရရင်တော့ ပင်ပန်းတယ်။ မင်းလဲ တွေ့တဲ့အတိုင်းပဲလေ"

"ဒါပဲလား။" လျိုချွမ်းချိုင် စိတ်ပျက်သွားရသည်။

အမှန်တော့ ဒါအကုန်မဟုတ်ပေ။ နေ့ခင်းဘက် ပွဲလမ်းသဘင်ဆိုသည်မှာ ပြကွက်သက်သက်သာ ဖြစ်ပြီး တကယ့်အရေးကြီးသည့် အချိန်မှာ ညဘက်မှ ဖြစ်၏။ သို့သော် ဒါက ကလေးမလေး သိဖို့မလိုသည့် ကိစ္စပင်။

ယန်ရွှယ်က ဟင်းပန်းကန်ထဲမှ အသားတစ်ဖဲ့ကို ယူကာ သူမပါးစပ်ထဲ ခွံ့ကျွေးလိုက်သည်။ "ကလေးတွေက မေးခွန်းတွေ အများကြီး မမေးရဘူးလေ"

"ငါက ကလေးမဟုတ်ပါဘူး။ ငါ တစ်ဆယ့်ခြောက်နှစ် ပြည့်တော့မှာ။" လျိုချွမ်းချိုင်က အသားကို ဝါးရင်း ပတ်ဝန်းကျင်ကို အကဲခတ်ကာ ဗလုံးဗထွေး ပြန်ပြော၏။

သူမပုံစံမှာ ရှဉ့်လေးတစ်ကောင်နှင့် တူနေသဖြင့် ယန်ရွှယ် ရယ်သံကို ထိန်းလိုက်သည်။ "အေးပါ၊ အေးပါ၊ မင်းက လူကြီး ဖြစ်နေပါပြီ။ ဒါဆိုလဲ ခဏနေရင် လူကြီးဝိုင်းမှာ လာသောက်မလား"

ဒေသန္တရ ဓလေ့ထုံးစံများမှာ သိပ်မတင်းကျပ်လှပေ။ ကလေးများ အဓိကဝိုင်းတွင် ထိုင်နိုင်မနိုင်မှာ နေရာလပ်ရှိမရှိပေါ်တွင်သာ မူတည်၏။ နေရာမရှိလျှင် သီးသန့်ဝိုင်းပြင်ပေးတတ်သော်လည်း ကလေးများက စားပြီးလျှင် ချက်ချင်း ထသွားတတ်ကြသည်။

All Chapters