← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

ယန်ရွှယ်တို့၏ ဧည့်သည်စာရင်းမှာ နည်းပါးသဖြင့် စားပွဲတစ်လုံးတည်းနှင့်ပင် လောက်င၏။ အရက်သောက်ရန် ဖိတ်ခေါ်ခြင်းမှာလည်း စနောက်ခြင်းသာ ဖြစ်သည်။

မထင်မှတ်ဘဲ လျိုချွမ်းချိုင်သည် သောက်ရန် ငယ်လွန်းသော်လည်း သတို့သားဖြစ်သူ ချီဖန့်ကလည်း အရက်ဒဏ်ကို မခံနိုင်သူ ဖြစ်နေ၏။

အစပိုင်းတွင် ယန်ရွှယ် သိပ်သတိမထားမိဘဲ ချီဖန့်၏ အေးစက်စက် အမူအရာမှာ ပျော်ပွဲရွှင်ပွဲနှင့် မလိုက်ဖက်ဟုသာ ထင်နေခဲ့သည်။ လျိုဝေကောနှင့် အခြားသူများကလည်း သူ့ကို အရက် သိပ်မတိုက်ကြပေ။

နောက်မှသာ သူသောက်ရန် ဝန်လေးနေခြင်းမှာ သတိထားနေခြင်း ဖြစ်မှန်း သူမ သိလိုက်ရ၏။

ခွက်နှစ်ခွက်ခန့် သောက်ပြီးရုံရှိသေးသော်လည်း သူ၏ လည်ပင်းမှ ပါးပြင်အထိ နီမြန်းလာကာ ဖြူဖျော့သော အသားအရေမှာ ပန်းရောင်သန်းလာလေသည်။ အမြဲအေးစက်နေသော မျက်ဝန်းများမှာလည်း အရည်လဲ့လာပြီး တစ်စုံတစ်ခုကို ဖော်ပြနေသယောင် ရှိသော်လည်း မျက်နှာကမူ တည်ငြိမ်နေဆဲပင်။

လျိုချွမ်းချိုင်သည် အနှီသူ၏ မျက်လုံးများကို မတော်တဆ ဆုံကြည့်မိပြီး မှင်သက်သွားရာ သူမအစ်ကိုက နဖူးကို တောက်လိုက်မှသာ သတိပြန်ဝင်ကာ ထမင်းဆက်စားတော့၏။

အနားတွင် ထိုင်နေသော ယန်ရွှယ်ကမူ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူမက စိတ်ပူစွာဖြင့် တိုးတိုးလေး မေးလိုက်၏။ "ရှင် အရက်နဲ့ မတည့်တာလား"

"ကိုယ် ဘာမှမဖြစ်ဘူး။" ချီဖန့်၏ အသံမှာ တည်ငြိမ်နေသော်လည်း သူ၏ ကော်လာကို လက်တစ်ဖက်ဖြင့် ဖြေလျှော့လိုက်သည်။

ထိုသို့ လှုပ်ရှားလိုက်သောအခါ သူ၏ နီမြန်းနေသော လည်ဇလုတ်ကို မြင်လိုက်ရသဖြင့် ယန်ရွှယ်က သူ၏ အရက်ခွက်ကို ယူလိုက်၏။ "ရှင် မသောက်တော့တာ ပိုကောင်းမယ်ထင်တယ်" သူမ ထိုသို့ဆိုကာ ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်သည်။

လျိုဝေကောနှင့် အခြားသူများကလည်း ဆက်မတိုက်တော့ဘဲ ဝိုင်းပြောပေးကြ၏။ "မင်း အရက်မသောက်နိုင်တာ ငါတို့သိပါတယ်၊ ဒီလိုနေ့မျိုးမှာ တစ်ငုံလောက်သောက်ရင် ရပါပြီ"

"ဟုတ်တယ်၊ အများကြီး မသောက်နဲ့။ ခဏနေရင် အားကုန်နေအုံးမယ်။"

ထို "အား" ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို နားလည်ကြသဖြင့် လူစုထဲမှ ရယ်မောသံများ ထွက်ပေါ်လာသည်။

"ငါ့ညီမ ဒီမှာရှိနေတယ်၊ စကားဆင်ခြင်ကြစမ်း။" လျိုဝေကောက တစ်ယောက်ကို လှမ်းကန်လိုက်ပြီး လျိုချွမ်းချိုင်ကို ကြည့်ကာ ပြောလိုက်သည်။ "မင်း စားစရာရှိတာစား၊ သူတို့ပြောတာတွေ နားမထောင်နဲ့"

လျိုချွမ်းချိုင်သည် ဘာမှမပြောဘဲ ထမင်းကိုသာ ငုံ့စားနေသော်လည်း သူမ၏ မျက်လုံးများကမူ ဟိုဟိုဒီဒီကို ကစားနေ၏။

မှိုနှင့် တောကြက်ဟင်း ကုန်ခါနီးဖြစ်နေသည်ကို တွေ့သောအခါ ဟွမ်ဖန့်ယင်းက ထရန် ပြင်သော်လည်း ယန်ရွှယ်က အလျင်အမြန်ပင် ပန်းကန်ကို မယူလိုက်သည်။ "အဒေါ်၊ ထိုင်နေပါ၊ တစ်နေ့လုံး ကျွန်မတို့အတွက် ပင်ပန်းနေပါပြီ" ထိုသို့ဆိုကာ သူမ မီးဖိုချောင်ဘက်သို့ ထွက်လာခဲ့လိုက်၏။

တစ်ယောက်က ချီဖန့်ကို ချက်ချင်း ပြုံးစိစိဖြင့် လက်တို့ကာ စလိုက်သည်။ "မင်း တကယ် လည်တာပဲ၊ မင်းမိန်းမကို ညီမလေးလို့ ခေါ်ပြီး ငါတို့ကိုကျတော့ အစ်ကိုလို့ ခေါ်ခိုင်းထားတယ်ပေါ့လေ"

အမှန်တော့ ချီဖန့်သည် သူတို့ထဲတွင် အငယ်ဆုံးဖြစ်ပြီး "အစ်ကို" ဟု ခေါ်ခိုင်းခြင်းမှာ အစီအစဉ်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယန်ရွှယ်နောက်မှ သိလိုက်ရ၏။

သူမ ဟင်းဖြည့်ပြီး ပြန်အထွက်တွင် ရှေ့တံခါးမှာ ဝုန်းခနဲ ပွင့်သွားခဲ့သည်။ ဗလုံးဗထွေး အသံတစ်ခုကလဲ ထွက်ပေါ်လာခဲ့၏။ "ချီဖန့်၊ မင်း လက်ထပ်တာ ငါ့ကိုတောင် မဖိတ်ဘူးလား"

ထိုလူ၏ လျှာမှာ အရက်ရှိန်ကြောင့် လေးလံနေပြီး အသံမှာလည်း ရန်လိုနေသည်မှာ သိသာလှသည်။

တံခါးအနားတွင် ထိုင်နေသော ဟွမ်ဖန့်ယင်းက အမြန်ထသွား၏။ "ကျွန်မ အမှားပါ၊ အလောတကြီးနဲ့ မေ့သွားလို့ပါ။” အနှီသူမက ယန်ရွှယ်ကို သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ “ဒါက ဒါရိုက်တာယွီရဲ့ သား ယွီရုန်ကျစ်လေ၊ မင်းနဲ့ မတွေ့ရသေးဘူးမလား"

သူ့နောက်ခံကို ပြောပြလိုက်ခြင်းမှာ ယန်ရွှယ် မတော်တဆ အမှားအယွင်း မလုပ်မိစေရန် သတိပေးခြင်း ဖြစ်၏။ မင်္ဂလာပွဲတွင် ပြဿနာတက်ခြင်းမှာ ကံမကောင်းသည့် ကိစ္စပင် ဖြစ်သည်။

ယန်ရွှယ်က ထင်မှတ်ထားသည်ထက် ပိုမြန်စွာပင် ပြုံးလျက် နှုတ်ဆက်လိုက်၏။ "ဪ၊ အစ်ကို ယွီ ကိုး၊ ကြွပါ၊ ဝင်ပါ"

သို့သော် ယွီရုန်ကျစ်ကမူ ရန်လုပ်ရန်သာ လာခြင်းဖြစ်သည်။ "ငါ မိန်းမတွေနဲ့ စကားမပြောဘူး" သူသည် သူမကို တွန်းဖယ်၍ အထဲသို့ ဝင်သွား၏။ "ငါတို့က အဖွဲ့တူတူပဲလေ ချီဖန့်။ သူတို့ကိုကျ ဖိတ်ပြီး ငါ့ကိုကျတော့ မဖိတ်ဘူးပေါ့၊ မင်းက ငါ့ထက် သာတယ်လို့ ထင်နေတာလား"

ယန်ရွှယ်က ဟင်းပန်းကန်ကို ကိုင်ပြီး လိုက်လာချိန်တွင် သူက စားပွဲကို လက်ဝါးဖြင့် ရိုက်လိုက်ကာ ချီဖန့်၏ မျက်နှာနားသို့ တိုးသွားသည်။

အခြား အလုပ်သမားများက မျက်မှောင်ကြုတ်သွားကြသော်လည်း မင်္ဂလာပွဲဖြစ်၍ အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေကြ၏။

ယွီရုန်ကျစ်ကမူ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ အရက်ပုလင်းကို လှမ်းယူကာ တိုးပေးလာသည်။ "မင်း ငါ့ကို အရက်နှစ်ခွက် အလျော်သောက်ရမယ်"

ထိုခေတ်က ဖန်ခွက်များ မပေါ်သေးဘဲ အဖုံးပါသော ကြွေခွက်များကိုသာ သုံးကြရာ တစ်ခွက်လျှင် အရက် အတော်များများ ဆံ့သည်။ စားပွဲပေါ်ရှိ အရက်များမှာလည်း အလွန်ပြင်းသဖြင့် နှစ်ခွက်သောက်လျှင် ဘယ်သူမဆို လဲသွားနိုင်ပေ၏။

ချီဖန့်က တည်ငြိမ်စွာပင် ပြောလိုက်သည်။ "မလောပါနဲ့။ အရက် မလောက်မှာစိုးလို့ လျိုဝေကောကို သွားဝယ်ခိုင်းလိုက်အုံးမယ်။ အရင်ထိုင်စားပါအုံး"

ထိုသူက တူသွားယူဟန်ဖြင့် ထလာပြီး တံခါးဝတွင် လျိုဝေကောနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။

လျိုဝေကောက သဘောပေါက်သွားကာ သူ၏ ကုတ်အင်္ကျီကို လှမ်းယူလိုက်သည်။ "ဟုတ်သားပဲ၊ အစ်ကို ယွီရဲ့ အသောက်အစားနဲ့ဆို ဒါက မလောက်ဘူး။ နောက်တစ်ပုလင်း သွားယူလိုက်အုံးမယ်"

အနှီသူ အပြင်မထွက်ခင် ချီဖန့်က အေးအေးဆေးဆေး ထပ်ပြောလိုက်၏။ "ဒါရိုက်တာယွီ အိမ်ကိုလဲ ဝင်ခဲ့အုံး။ ယွီရုန်ကျစ် ဒီမှာ အရက်လာသောက်နေတယ်လို့ ပြောလိုက်"

ချီဖန့်နှင့် ယွီရုန်ကျစ် မည်မျှ မရင်းနှီးသည်ကို ဒါရိုက်တာယွီ သိပေသည်။ ထိုလူသည် သားအပေါ် အလိုလိုက်သော်လည်း ဂုဏ်သိက္ခာကို ငဲ့ကွက်သူဖြစ်၍ သူ့သား အရှက်ကွဲမည့်အဖြစ်မျိုးကို ခွင့်ပြုမည် မဟုတ်ပေ။

လျိုဝေကောက ခေါင်းညိတ်လိုက်သောအခါ ချီဖန့်က မှာလိုက်ပြန်၏။ "ပြီးတော့ သူ ဘယ်မှာ သောက်လာတာလဲဆိုတာလဲ မေးခဲ့အုံး"

လျိုဝေကောကလည်း ချက်ချင်း မေးလိုက်သည်။ "တစ်ယောက်ယောက်က သူ့ကို မြှောက်ပေးလိုက်တာလို့ မင်းထင်လို့လား"

"ဖြစ်နိုင်တာပဲ။” ချီဖန့် ပြောလိုက်၏။ “ဒါပေမဲ့ အိမ်မှာသောက်တာဆိုရင် ဒါရိုက်တာယွီက သူ့ကို ဒီလိုပုံစံနဲ့ အပြင်လွှတ်မှာ မဟုတ်ဘူး"

ယွီရုန်ကျစ်၏ အရင်က အရှုပ်ထုပ်များကို သတိရသွားသော လျိုဝေကောက သဘောတူလိုက်သည်။ "ကောင်းပြီ၊ ငါသွားလိုက်မယ်။ မင်း ဒီမှာ အခြေအနေကို ထိန်းထားအုံး"

သူပြောပြီးပြီးနောက် ယွီရုန်ကျစ်က အော်ပြောလာ၏။ "ဟိုလူ ဘယ်ထွက်သွားတာလဲ။ ထွက်ပြေးတာလား"

ချီဖန့်က ပြန်ဝင်လာပြီး စားစရာများ ပြင်ဆင်ပေးကာ အရက်ခွက်ကို ဆေး၍ အရက်တစ်ဝက် ငှဲ့ပေးလိုက်ရာ ယွီရုန်ကျစ်၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီး ကျေနပ်သည့် အမူအရာ ပေါ်လာသည်။

"အခုမှပဲ လူလိုသူလို ပြုမူတတ်တော့တယ်။ မင်း နေရာလွတ်တိုင်းကို ဝင်ချင်တိုင်းဝင်ပြီး ငါးသေလို မျက်နှာသေနဲ့ နေလို့ရမယ် ထင်နေတာလား"

ဆဲဆိုသံများကမူ ပြင်းထန်လှ၏။ တစ်ယောက်က အခြေအနေကို ထိန်းရန် ဖိတ်ခေါ်လိုက်သည်။ "အစ်ကို ယွီနဲ့ သောက်ရဖို့ဆိုတာ ခဲယဉ်းတယ်၊ တစ်ခွက်လောက် သောက်ရအောင်"

သို့သော် ထိုစကားက ယွီရုန်ကျစ်ကို ပို၍ ဒေါသထွက်သွားစေ၏။ "မင်းက ငါနဲ့ သောက်ဖို့ တန်လို့လား။ ချီဖန့်ပဲ ငါနဲ့ သောက်ရမှာ"

ထိုသို့ တိုက်ရိုက်စော်ကားမော်ကား ပြုမူခံလိုက်ရသဖြင့် ထိုသူမှာ ဒေါသတကြီး ဖြစ်သွားလေသည်။ ယွီရုန်ကျစ်၏ မျက်လုံးများမှာ ပြူးထွက်လာ၏။ 'မင်း နားပင်းနေတာလား၊ ငါ သူ့ကို ပြောနေတာ' ထို့နောက် သူသည် စားပွဲကို မှောက်လှန်ပစ်ရန် ဟန်ပြင်လိုက်တော့သည်။

မင်္ဂလာပွဲ ပျက်စီးသွားလျှင်တော့ အကြီးအကျယ် ပြဿနာတက်ပေလိမ့်မည်။

ချီဖန့်သည် စားပွဲကို ဖိထားလျက် သူ့မျက်လုံးများကမူ မှောင်မှောင်သွား၏။ သို့သော် လက်တစ်ဖက်က ပို၍မြန်စွာ လှုပ်ရှားလိုက်ပြီး အရက်တစ်ခွက်ကို ငှဲ့ကာ မြှောက်လိုက်သည်။

"ကျွန်မပဲ ရှင်နဲ့ သောက်ပေးပါရစေ။"

ယန်ရွှယ်က ချိုသာစွာ ပြုံးလိုက်ပြီး အရက်အပြည့်ပါသော ခွက်ကို ပြလိုက်၏။

မည်သူမျှ သူမက ဝင်ပြောလိမ့်မည်၊ အရက်သောက်ရန် စိန်ခေါ်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။

ဟွမ်ဖန့်ယင်းနှင့် လျိုချွမ်းချိုင်တို့ကမူ စိုးရိမ်တကြီးဖြင့် ကြည့်နေကြသည်။ ချီဖန့်က ခွက်ကို လှမ်းယူရန် ပြင်ရင်း ပြောလိုက်၏။ "ကိုယ်ပဲ ကိုင်တွယ်လိုက်ပါ့မယ်"

"ရပါတယ်၊ ကျွန်မ မသောက်နိုင်တော့မှ ရှင် ဝင်သောက်ပေးပေါ့။"

ယန်ရွှယ်က လက်တစ်ဖက်သို့ ပြောင်းကိုင်လိုက်စဉ် သူမ၏ လက်ချောင်းလေးများမှာ သူ၏လက်နှင့် ထိကပ်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ထူထဲသော လက်အိတ်များ ရှိမနေတော့ဘဲ သူမ အသားအရေ၏ နူးညံ့မှုနှင့် လက်ထိပ်ဖျားလေးများ၏ အနည်းငယ်ကြမ်းရှသော အထိအတွေ့ကိုသာ ခံစားလိုက်ရလေ၏။ ထိုနူးညံ့သော အထိအတွေ့ကြောင့် ချီဖန့် ခေတ္တမျှ ရပ်တန့်သွားစဉ် သူမက အခွင့်ကောင်းယူကာ ခွက်ကို မြှောက်လိုက်သည်။ "သတို့သမီးက တိုက်တဲ့ အရက်ကိုတော့ သောက်သင့်တာပေါ့။ ဒီနေ့ ကျွန်မ ဘယ်သူနဲ့မှ မသောက်ရသေးဘူး"

သူမ၏ အသံမှာ ပျားရည်ကဲ့သို့ ချိုမြိန်ပြီး အပြုံးမှာလည်း တောက်ပနေ၏။ ယွီရုန်ကျစ်က ငြင်းရန် ပြင်သော်လည်း သူမ၏ လိမ္မာပါးနပ်သော စကားများကြောင့် မတတ်သာဘဲ တစ်ငုံ သောက်လိုက်ရလေသည်။

ထို့နောက် ယန်ရွှယ်က ခွက်ကို မော့လိုက်ကာ အရက်အားလုံးကို တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်၏။ သူမက ခွက်ကို မှောက်ပြကာ ကုန်သွားပြီဖြစ်ကြောင်း သက်သေပြလိုက်သည်။

တစ်ခန်းလုံး တိတ်ဆိတ်သွားကြ၏။ အရက်သောက် ဝါသနာပါသော ယွီရုန်ကျစ်ပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ချီဖန့်၏ အကြည့်များမှာလည်း ပို၍ နက်ရှိုင်းလာတော့၏။

ယန်ရွှယ်က သူမ၏ လက်ဖမိုးဖြင့် ပါးစပ်ကို သုတ်လိုက်ကာ ယွီရုန်ကျစ်၏ အရက်ခွက်ကို ကြည့်ပြီး အံ့သြဟန်ဖြင့် မေးလိုက်သည်။ "အစ်ကို ယွီ၊ မသောက်တော့ဘူးလား"

သူ ဘာပြောနိုင်မည်နည်း။ အမျိုးသမီးတစ်ဦးက တစ်ခွက်လုံး ကုန်အောင် သောက်သွားချိန်တွင် သူကမူ တစ်ငုံသာ သောက်ရသေးသည် မဟုတ်ပါလား။

ချီဖန့်၏ ချိုသာသောအပြုံးနှင့် နူးညံ့သိမ်မွေ့ပုံရသော ဇနီးသည်လေးက အရက်ကို ရေသောက်သလိုမျိုး ဘယ်လိုလုပ် သောက်နိုင်ရတာလဲ။

ယွီရုန်ကျစ်က ခွက်ကို ကိုင်လျက် တွေဝေနေစဉ် ယန်ရွှယ်က အပြစ်ကင်းစင်ဟန်ဖြင့် မေးလိုက်၏။ "မိန်းမတစ်ယောက်တောင် ကုန်အောင် သောက်သေးတာပဲ။ အစ်ကို ယွီက မသောက်ဘူးဆိုရင် ကျွန်မကို အထင်သေးလို့လား"

ယွီရုန်ကျစ် အနေဖြင့် "မိန်းမတွေနဲ့ စကားမပြောဘူး" ဟု ပြောခဲ့သည်ကို မှတ်မိသေးလား မသိသော်လည်း ယန်ရွှယ်၏ စကားကြောင့် သူ အကျပ်ရိုက်သွားသည်မှာတော့ သေချာလှသည်။

အမျိုးသမီးတစ်ယောက်က သောက်နိုင်ပြီး သူက မသောက်နိုင်လျှင် သူသည် အမျိုးသမီးတစ်ယောက်ထက်ပင် ညံ့ဖျင်းသည်ဟု ဆိုလိုရာ ရောက်မည် မဟုတ်ပါလား။

ထိုသူက အံကြိတ်ကာ ခွက်ကို မယူပြီး အကုန်သောက်ချလိုက်တော့၏။

"အစ်ကို ယွီက တကယ် အားကိုးရတာပဲ။" ယန်ရွှယ်က ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ချီးကျူးလိုက်ရာ သူမ၏ မျက်လုံးများမှာ တောက်ပနေသည်။

အရက်ရှိန်ကြောင့်လား မသိသော်လည်း ယွီရုန်ကျစ်သည် ခေါင်းနည်းနည်း မူးလာ၏။ သို့သော်လည်း ဒီမိန်းကလေးကို နိုင်အောင် သောက်ပြနိုင်ခဲ့သဖြင့် စိတ်ထဲတွင် ကျေနပ်နေမိသည်။

သို့သော် ယန်ရွှယ်က အရက်ပုလင်းကို ပြန်ယူကာ နောက်တစ်ခွက်စီ ထပ်ငှဲ့လိုက်ပြန်၏။ "ဒါကတော့ ကျွန်မတို့ မင်္ဂလာပွဲကို လာပေးတဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ပါ။ ကျွန်မကတော့ အကုန်သောက်လိုက်မယ်၊ အစ်ကိုကတော့ ဖြည်းဖြည်းသောက်ပါ"

ပြောပြီးသည်နှင့် သူမက ခွက်ကို မော့ကာ နောက်တစ်ခွက်ကိုပါ ကုန်အောင် သောက်ပြလိုက်ပြန်သည်။

အရက်သောက်နိုင်သည်ဟု ဂုဏ်ယူနေသော ယွီရုန်ကျစ်ပင်လျှင် ဤမျှ များပြားသော အရက်ပမာဏကို တစ်ဆက်တည်း မသောက်ဖူးချေ။

သူ၏ လက်များ တုန်လှုပ်နေစဉ် ချီဖန့်က လှမ်းကြည့်ကာ ပြောလိုက်၏။ "အစ်ကို ယွီ၊ မသောက်နိုင်ရင်လဲ ရေပဲ သောက်လိုက်ပါ"

သူသည် ရေသွားယူပေးတော့မည့်ဟန်ဖြင့် ထရပ်လိုက်သည်။

အခြားသူများကလည်း ဝိုင်းပြောလာကြ၏။ "ဟုတ်တယ် အစ်ကို ယွီ၊ အစ်ကို့မျက်နှာတွေ နီနေပြီ။ လျှော့သောက်ပါအုံး"

"သူက ဘာမှမသိတဲ့ မိန်းမသားပဲဟာ သူ့ကို ယှဉ်ပြိုင်မနေပါနဲ့။ တစ်ငုံလောက်ပဲ သောက်လိုက်"

ယွီရုန်ကျစ်သည် ဩဇာပြရန် လာခြင်းဖြစ်ပြီး အရှက်ခွဲခံရန် လာခြင်းမဟုတ်ပေ။ ထို့ကြောင့် သူက ခွက်ကို ဆွဲယူကာ ဟိန်းဟောက်လိုက်သည်။ "ဘယ်သူက မသောက်နိုင်ဘူး ပြောလဲ"

လျိုဝေကောသည် ပြဿနာတွေ ပိုကြီးသွားမှာစိုးသဖြင့် အပြေးအလွှား ပြန်ရောက်လာ၏။

သို့သော် သူ အခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အရာအားလုံးကမူ ထူးထူးခြားခြား တိတ်ဆိတ်နေလေသည်။ ယွီရုန်ကျစ် မရောက်ခင်ကထက်ပင် ပို၍ တိတ်ဆိတ်နေ၏။

သူတို့ ရန်ဖြစ်ပြီး လူစုခွဲသွားကြပြီလား။

သူ အထဲသို့ အမြန်ဝင်လိုက်သောအခါတွင်မူ အခန်းထဲတွင် အလွန်ပင် ငြိမ်းချမ်းသာယာသော အငွေ့အသက်များ လွှမ်းမိုးနေသည်ကို တွေ့လိုက်ရသည်။

လျိုချွမ်းချိုင်၏ ပန်းကန်လုံးမှာ အထဲတွင် ဘာမျှမရှိတော့ဘဲ လွတ်နေပြီဖြစ်၏။ သူမသည် တစ်နေရာရာသို့ စိတ်လွင့်နေသကဲ့သို့ ငေးငိုင်၍ ထိုင်နေလေရာ—ဝလွန်း၍ အိပ်ငိုက်နေခြင်းလည်း ဖြစ်နိုင်သည်။ ကျန်ရှိနေသောသူများမှာမူ ဆက်၍ သောက်စားနေကြသော်လည်း သူတို့၏ အပြုအမူများမှာ ယခင်ကထက် ပို၍ သတိထားနေကြသည်ကို တွေ့လိုက်ရ၏။ အံ့အားသင့်စရာအကောင်းဆုံးမှာ သူကိုယ်တိုင် စိုးရိမ်ခဲ့ရသော ယွီရုန်ကျစ်ပင် ဖြစ်သည်။ ယခုအခါ ယွီရုန်ကျစ်မှာ ခန်(အပူပေးခုတင်)ပေါ်တွင် သတိလစ်မေ့မြောကာ လဲလျောင်းနေလေပြီပင်။

လျိုဝေကောက တံခါးဝတွင် ရပ်ကာ ယွီရုန်ကျစ်ကို လက်ညိုးထိုးလိုက်သည်။ ထို့နောက် "သူ... အိပ်ပျော်သွားတာလား" ဟု တိုးတိုးလေး မေးလိုက်၏။

"ပုံမှန်အတိုင်းပဲ ပြောပါ၊ သူ အရမ်းမူးပြီး အိပ်ပျော်သွားတာ၊ ဘာမှ ကြားမှာမဟုတ်ဘူး" ယန်ရွှယ် ပြန်ဖြေလိုက်၏။

သူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ "မင်းတို့အားလုံး ဝိုင်းတိုက်လိုက်ကြတာလား။ ဒီလောက်တောင် မြန်တယ်လား"

ယွီရုန်ကျစ်သည် အရက်သောက်နိုင်သူဖြစ်ရာ လူတိုင်းက ဝိုင်းတိုက်လျှင်ပင် ဤမျှ မြန်မြန်ဆန်ဆန် လဲသွားမည် မဟုတ်ပေ။

စားပွဲဝိုင်းမှာ တိတ်ဆိတ်သွား၏။ နောက်ဆုံးတွင် လျိုချွမ်းချိုင်က ပြောလိုက်သည်။ "မဟုတ်ဘူး... ယန်ရွှယ်တစ်ယောက်တည်း တိုက်လိုက်တာ"

ယန်ရွှယ်လား။ ချီဖန့်ရဲ့ ဇနီးသည်လေးကလား။

လျိုဝေကောမှာ ဆွံ့အသွားရသည်။ လျိုချွမ်းချိုင်က ဆက်ပြောလာ၏။ "နှစ်ခွက်ခွဲ ဆက်တိုက် သောက်လိုက်တာလေ။ ပြီးတော့ သူက လဲကျသွားတာပဲ"

သူမသည် ခုတင်ပေါ်က ယွီရုန်ကျစ်ကို ညွှန်ပြကာ ရှင်းပြလာသည်။ "သူက အတင်းသောက်ပြဖို့ ကြိုးစားပေမဲ့ စားပွဲပေါ် မှောက်ကျသွားတာ။ ချီဖန့်က အချိန်မီ လှမ်းဖမ်းလိုက်လို့"

လျိုဝေကောပင် ခေါင်းမူးသွားရ၏။ ဤမျှ မယုံနိုင်စရာကောင်းသော ကိစ္စမျိုးက ဘယ်လိုဖြစ်နိုင်မည်နည်း။

သူ အတည်ပြုရန် စားပွဲဝိုင်းကို လှည့်ကြည့်လိုက်သည်။ အားလုံးက ထူးဆန်းသော မျက်နှာပေးများ ရှိနေကြသော်လည်း ယန်ရွှယ်ကမူ ပါးပြင်လေးများ နီမြန်းနေရုံမှအပ လန်းလန်းဆန်းဆန်း ရှိနေဆဲပင် ဖြစ်သည်။

ထိုမိန်းကလေးမှာ မူးသည့် အရိပ်အယောင် လုံးဝမရှိဘဲ သူ့ကို ပြုံးပြလာသေး၏။ "အရက်တွေ ထပ်ပါလာလား"

သူမ တကယ်မေးတာလား၊ ဒါမှမဟုတ် ချီဖန့်က ပြောပြထားလို့လား။

လျိုဝေကောက ချီဖန့်ကို ကြည့်လိုက်ရာ သူက စားပွဲကို မှီပြီး ယန်ရွှယ်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ယန်ရွှယ်က သူတို့၏ အကြည့်များကို သတိမထားမိဘဲ ထပ်ပြောလာ၏။ "စောစောက အလောတကြီး ဖြစ်နေလို့ အရက်ဖိုးတောင် မပေးလိုက်ရဘူး"

သူ အများကြီး တွေးမိသွားခြင်းပင်။ လျိုဝေကောက ရယ်မောလိုက်မိသည်။ "ငါ အရက်သွားဝယ်တာ မဟုတ်ပါဘူး။ ချီဖန့်က တစ်ယောက်ယောက်ကို သတင်းသွားပေးခိုင်းလို့ သွားတာ။ သူတို့ အခု လာနေလောက်ပြီ၊ ငါက အရင် ပြန်လာကြည့်တာ"

ဘယ်သူ့ကို သတင်းပေးတာလဲ။

မည်သူမျှ ဘာမှမပြောရသေးခင်မှာပင် တံခါးပွင့်လာပြီး သစ်တောစခန်း၏ ဒုတိယအကြီးအကဲ ဒါရိုက်တာယွီ ရောက်လာတော့သည်။

ယန်ရွှယ်သည် သူ့ကို တောင်ပေါ်တွင် အဝေးမှ မြင်ဖူး၏။ သူ၏ မျက်နှာထားအရ သဘောကောင်းမည့်သူ မဟုတ်မှန်း သိသာလှသည်။

ပုံမှန်ဆိုလျှင် မိမိသား မင်္ဂလာပွဲတွင် ရန်ဖြစ်နေသည်ဟု ကြားလျှင် အားနာစကား ပြောရမည် ဖြစ်သော်လည်း ဒါရိုက်တာယွီကမူ "ရုန်ကျစ် ဘယ်မှာလဲ" ဟုသာ ဒေါသတကြီး မေးမြန်းခဲ့၏။

သူနှင့် သက်တူရွယ်တူဖြစ်သော ဟွမ်ဖန့်ယင်းက ထရပ်ကာ ပြောလိုက်သည်။ "ရုန်ကျစ်က အရက်နည်းနည်း များသွားလို့ အိပ်ပျော်သွားတာပါ"

ဒါရိုက်တာယွီသည် ခန်ပေါ်တွင် အိပ်ပျော်နေသော သားကို မြင်သောအခါ "သူ ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်သွားရတာလဲ" ဟု မေးပြန်၏။

ဘယ်သူမှ တိုက်ရိုက်မဖြေဘဲ ယွီရုန်ကျစ်ကို နောင်တွင် အရက်လျှော့သောက်ရန် ပြောပြပေးဖို့နှင့် အိမ်ပြန်ပို့ပေးရန်သာ ကမ်းလှမ်းလိုက်ကြသည်။

All Chapters