အခန်း (၁၇)
Vol. 2 Ch. 17
ယွီရုန်ကျစ်မှာ အတော်လေး မူးနေသဖြင့် ဘယ်လိုမှ နှိုး၍မရပေ။ ထို့ကြောင့် ဒါရိုက်တာယွီသည် လူတစ်ယောက်ကို အကူအညီတောင်းကာ သူ့ကို ထမ်း၍ ပြန်သွားရတော့၏။
အင်္ကျီချွတ်ပြီးခါစ လျိုဝေကောလည်း အင်္ကျီပြန်ဝတ်ကာ လိုက်ပို့ပေးရပြန်သည်။သူသည် ဒါရိုက်တာယွီကို ခေါ်လာသူဖြစ်သည့်အတွက် ဒါကို ပြီးမြောက်အောင်လုပ်ပြီး ယွီရုန်ကျစ်ကို ပို့ဖို့ ကူညီပေးတာ အကောင်းဆုံးပင်။
သူတို့ ထွက်သွားပြီး နှစ်မိနစ်ပင် မပြည့်သေးမီ လျိုဝေကောက အပြေးအလွှား ပြန်ဝင်လာပြီး ပြောလိုက်၏။ "အဝတ်စ ရှိလား။ ယွီရုန်ကျစ် အန်ချလိုက်တာ သူ့အဖေ တစ်ကိုယ်လုံး ပေကုန်ပြီ"
တကယ့်ကို ကွက်တိပင်။ ဒါရိုက်တာယွီ၏ မျက်နှာမှာ ပို၍ပင် မဲမှောင်သွားပေလိမ့်မည်။
ဆောင်းရာသီတွင် နေ့တာတိုသဖြင့် သစ်တောစခန်း၌ တစ်နေ့ နှစ်နပ်သာ စားကြ၏။ မင်္ဂလာပွဲက မွန်းတည့်ကတည်းက စခဲ့သော်လည်း ညနေ ၃ နာရီကျော်အထိ သောက်စားနေကြဆဲ ဖြစ်သည်။
အတော်အတန် အမူးပြေနေပြီဖြစ်သော ချီဖန့်သည် လျိုဝေကောနှင့်အတူ မူးနေသော ဧည့်သည်များကို လိုက်ပို့ပေးလေ၏။ ထိုအတောအတွင်း ယန်ရွှယ်၊ ဟွမ်ဖန့်ယင်းနှင့် လျိုချွမ်းချိုင်တို့ကမူ စားပွဲများကို သိမ်းဆည်းရင်း ယွီရုန်ကျစ် အကြောင်းကို ပြောဖြစ်ကြသည်။
ယွီရုန်ကျစ်နှင့် ချီဖန့်တို့ကြားရှိ ရန်ငြိုးမှာ အမှန်တော့ ချီဖန့်ကြောင့် မဟုတ်ပေ။
ယွီရုန်ကျစ်သည် ယခင်က လက်ထောက်တစ်ဦး ဖြစ်ခဲ့ဖူး၏။ သူ့ဖခင်၏ ရာထူးကြောင့် လေ့ကျင့်ရေး သင်တန်းများပင် တက်ရောက်ခဲ့ဖူးသော်လည်း အရက်ကြောင့် အမှားလုပ်မိကာ စာမေးပွဲ ကျခဲ့ခြင်း ဖြစ်သည်။
ထိုသည်က သိပ်ကိစ္စမရှိဘဲ သူ တစ်နှစ် နှစ်နှစ်အတွင်း ပြန်လုပ်နိုင်လိမ့်မည်။ သို့သော် သူက မပြောင်းလဲခဲ့ပေ။ စစ်ဆေးရေးမှူးများ လာချိန်တွင်လည်း ထိုသူက အရက်မူးပြီး ပြဿနာရှာခဲ့ပြန်၏။
ထို့ကြောင့် သူသည် ရာထူးမှ ထုတ်ပယ်ခံလိုက်ရသည်။ ထိုအချိန်မှစ၍ လစာကောင်းသော အလုပ်များမှာလည်း သူနှင့် ဝေးကွာသွားခဲ့ရ၏။
ချီဖန့်အား အသင်းခေါင်းဆောင် လျိုတနျိုက သူ့နေရာမှာ အစားထိုးဖို့ အကြံပြုခဲ့တာကြောင့် ယွီရုန်ကျစ်သည် စိတ်ဆိုးပြီး ချီဖန့်က သူ့နေရာကို ခိုးယူသွားသူဟု ယုံကြည်သွားခဲ့သည်။ ပိုဆိုးသည်က လူအများသည် ပြောင်းလဲမှုနောက်ပိုင်းမှာ ထုတ်လုပ်နိုင်စွမ်း တိုးတက်လာတယ်လို့ တိုးတိုးလေးပြောကြပြီး ယွီရုန်ကျစ်၏ ဆရာလွှသမားတောင် ချီဖန့်ကို ပိုကောင်းအောင် ဆက်ဆံခဲ့သည်။
"သူ့သဘာဝက အဲ့လိုပဲ၊ အရက်မူးရင် လူက ပျက်သွားတာ။ သူ့အမေတောင် တားမရဘူး။ စိတ်ထဲမထားပါနဲ့၊ သူက အော်ရုံပဲရှိတာ ဘာမှလုပ်ရဲတာ မဟုတ်ဘူး" ဟွမ်ဖန့်ယင်းက ယန်ရွှယ်ကို ပြောပြ၏။
ယန်ရွှယ်လည်း ခေါင်းညိတ်လိုက်သည်။ အရက်သမား လူမိုက်ဆိုသည်မှာ နေရာတိုင်းတွင် ရှိစမြဲပင်။ ထိုကဲ့သို့ လူမျိုးအတွက် စိတ်အနှောင့်အယှက် ခံနေစရာ မလိုပေ။
ယွီရုန်ကျစ် အကြောင်း ပြောပြီးနောက် ဟွမ်ဖန့်ယင်းက ယန်ရွှယ်ကို ကြည့်ကာ မေးလိုက်၏။ "ခဏလောက် သွားနားချင်လား"
"ရပါတယ်" ယန်ရွှယ် ပြန်ဖြေလိုက်ချိန်မှာပင် ချီဖန့်နှင့် လျိုဝေကောတို့ ဧည့်သည်များကို လိုက်ပို့ပြီး ပြန်ရောက်လာကြ၏။
"ဟိုလူတွေ တကယ် မသောက်နိုင်ကြဘူး၊ မင်းမိန်းမတောင် သူတို့ထက် ပိုသောက်နိုင်သေးတယ်" လျိုဝေကောက ရယ်မောရင်း ပြောလိုက်သည်။
ချီဖန့်ကမူ ဘာမှပြန်မပြောဘဲ အထဲသို့ ဝင်လာကာ အင်္ကျီချွတ်ပြီး ဟွမ်ဖန့်ယင်းထံမှ အလုပ်များကို လွှဲယူလိုက်၏။ "အဒေါ် သွားနားလိုက်ပါတော့၊ တစ်နေ့လုံး အလုပ်ရှုပ်နေတာ ပင်ပန်းနေပြီ"
အလုပ်အများစု ပြီးနေပြီဖြစ်သဖြင့် ဟွမ်ဖန့်ယင်းက ပခုံးများကို ခါကာ ခေါင်းညိတ်ပြသည်။ "ကောင်းပြီ၊ ကျန်တာကို ဖြည်းဖြည်းချင်းပဲ လုပ်ကြတော့။ ဝေကော၊ ချွမ်းချိုင် ငါတို့တွေလဲ ပြန်ကြမယ်"
ယန်ရွှယ်က ဟင်းအချို့ကို ပန်းကန်ထဲ ထည့်ပေးပြီး ပေးလိုက်သည်။ "ကျွန်မတို့လဲ အကုန်မစားနိုင်လို့ ယူသွားကြပါအုံး ဟင်းမချက်ရတော့ဘူးပေါ့"
နှစ်သစ်ကူးရန် နှစ်ရက်သာ လိုတော့သဖြင့် အစားအသောက်များကို မဖြုန်းတီးသင့်ပေ။ ဟွမ်ဖန့်ယင်းကလည်း မငြင်းတော့ချေ။ "မနက်ဖြန်မှ ပန်းကန်တွေ ပြန်လာပို့မယ်"
လျိုမိသားစု ထွက်သွားပြီးနောက် တစ်နေ့လုံး ဆူညံနေသော အိမ်လေးမှာ တိတ်ဆိတ်သွားတော့သည်။ ချီဖန့် ပစ္စည်းများ သိမ်းဆည်းနေသည့် အသံသာ ကျန်တော့၏။ ယောက်ျားတစ်ယောက်အတွက်တော့ အံ့ဩစရာပင်။
ယန်ရွှယ် ကူညီရန် သွားသောအခါ ထိုလူက သူမကို မော့ကြည့်လိုက်သည်။ "သွားပြီး ခဏလောက် လှဲနေလိုက်"
ယခုမူ ပြင်ပလူများ မရှိတော့သဖြင့် ယန်ရွှယ်သည် အထဲသို့ဝင်ကာ ခေတ္တအနားယူနိုင်ပြီ ဖြစ်သည်။
သူတို့နှစ်ဦးကြားတွင် ချီဖန့်အနေဖြင့် အိမ်အလုပ်များကို ခေတ္တနားထားရန် သဘောတူထားသော်လည်း သူက အရာအားလုံးကို ကိုယ်တိုင်သိမ်းဆည်းပြီး သူမကို အနားယူရန် လွှတ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ယန်ရွှယ် ချက်ချင်း မလှုပ်မယှက် ရှိနေ၏။ ၎င်းကို တွေ့သောအခါ ချီဖန့်က သူသုတ်နေသည့် ဇလုံကို ချလိုက်သည်။ "မင်း အရက်သောက်ထားတယ်မဟုတ်လား" အနှီသူက အေးစက်သောလေသံဖြင့် မေးလိုက်၏။
ယန်ရွှယ်က မျက်ဝန်းလေးများ ဝိုင်းသွားအောင် ပြုံးလိုက်သည်။ "ကျွန်မ အဆင်ပြေပါတယ်။ ကြိုပြီးတော့လဲ တွက်ဆထားပြီးသားပါ။ သူတို့တွေမရောက်ခင် ကျွန်မကို အများကြီး သောက်ခိုင်းမှာမဟုတ်ဘူးဆိုတာ သိလို့ သောက်လိုက်တာ"
သူမသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲ တစ်ဖက်လူကို အရက်ပြိုင်သောက်ရန် စိန်ခေါ်ဝံ့သည်အထိ မဆင်ခြင်နိုင်သူ မဟုတ်ပေ။
သူမ၏ ယခင်ဘဝတွင် အရက်ဝိုင်းများ၌ အမျိုးသမီးများသည် ယခုခေတ်ထက် ပို၍ အားနည်းချက်ရှိတတ်ကြ၏။ ထို့ကြောင့် အရက် အနည်းဆုံး တစ်ဝက်ခန့်ကို မသောက်နိုင်ပါက အမျိုးသမီးအများစုမှာ လုံးဝမသောက်ဘဲ ရှောင်ကြဉ်ကြစမြဲ ဖြစ်သည်။
ချီဖန့်သည် အကြည့်လွှဲလိုက်ပြီး အလုပ်ဆက်လုပ်လိုက်၏။ "မင်း အဲဒီလောက်အထိ သောက်စရာမလိုပါဘူး"
ယန်ရွှယ် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ "ဘာလဲ... ရှင့်မိန်းမက ရှင့်ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးလိုက်တာက ရှင့်ရဲ့ မာနကို ထိခိုက်သွားစေလို့လား"
သူမ စကားမှာ နောက်ပြောင်နေသယောင် ရှိသော်လည်း ၎င်းမှာ တကယ် နောက်ပြောင်ခြင်း ဟုတ်မဟုတ်ကိုမူ သူမကိုယ်တိုင်သာ သိလိမ့်မည်။
ချီဖန့် သူမကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောဘဲ နေလိုက်၏။ သူက မတ်တပ်ရပ်ကာ ပစ္စည်းများကို ဗီရိုထဲသို့ သိမ်းလိုက်သည်။ "ကိုယ်က တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရတယ်လို့ ထင်ရုံပါ"
အမှန်တကယ်ပင် အခြားဖြေရှင်းနည်းများ ရှိသော်လည်း သူမသည် အခြားသူများ လာရောက်ဖြေရှင်းပေးသည်ကို ထိုင်စောင့်နေတတ်သည့် အမျိုးအစား မဟုတ်ပေ။
ယန်ရွှယ်က တောက်ပစွာ ပြုံးလိုက်၏။ "ဒါက အမြန်ဆုံးနည်းလမ်း မဟုတ်ဘူးလား။ ရှင် ချွမ်းချိုင်ရဲ့ အစ်ကိုကို အကူအညီတောင်းထားတယ်ဆိုတာ ကျွန်မ မသိခဲ့ဘူးလေ"
တစ်ဖက်လူကို မှောက်သွားအောင် တိုက်လိုက်ခြင်းမှာ အမှန်တကယ်ပင် ပို၍ မြန်ဆန်ထိရောက်လှသည်။ သူမ မသိပါဟု ပြောခြင်းနှင့် ပတ်သက်၍မူ…
သူမသည် သူ၏ အစီအစဉ်အသေးစိတ်ကို မသိနိုင်သော်လည်း သူတစ်စုံတစ်ခု ပြင်ဆင်ထားသည်ကို သူမ မသိဘဲနေမည်ဟု သူ မယုံကြည်ပေ။
ချီဖန့်သည် သူမ၏ ပြုံးနေသော မျက်နှာကို အကြာကြီး စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် ပြောလိုက်၏။ "သွားနားတော့"
ထိုသူ အလုပ်သိမ်းချိန်တွင် မိုးမှာ လုံးဝချုပ်သွားပြီ ဖြစ်သည်။ ချီဖန့် အင်္ကျီလက်များကို ပြန်ချလိုက်ပြီး အတွင်းခန်းသို့ ဝင်လာရာ ခုတင်ပေါ်တွင် လက်မောင်းကို ခေါင်းအုံးကာ ကွေးကွေးလေး အိပ်ပျော်နေသော သူမကို တွေ့လိုက်ရ၏။
မှောင်ရိပ်ထဲတွင် သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူမ၏ သေးငယ်သော ကိုယ်ထည်မှာ ကလေးတစ်ယောက်နှင့်ပင် မှားနိုင်စရာ ရှိသည်။ အရက်သောက်နိုင်သော လူကြီးတစ်ယောက်ကို အနိုင်တိုက်နိုင်သူဟု ထင်ရန် ခက်ခဲလှပေ၏။
ချီဖန့် ခေတ္တမျှ ရပ်တန့်သွားသော်လည်း မီးမဖွင့်ခဲ့ပေ။ သို့သော် ယန်ရွှယ်ကမူ မျက်လုံးဖွင့်လာပြီး သူ့ဘက်သို့ လှည့်ကြည့်လာသည်။ "အကုန်ပြီးပြီလား" သူမ၏ အသံမှာ အိပ်ချင်မူးတူး အသံပေါက်နေ၏။
အနှီသူက "အင်း" ဟုသာ တိုးတိုးလေး ဖြေလိုက်သည်။
ယန်ရွှယ်သည် ကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ပြီး ပြတ်ပြတ်သားသား မေးလိုက်၏။ "ဒါနဲ့ ယွီရုန်ကျစ်က ကျွန်မတို့ ဒီနေ့ လက်ထပ်တာကို ဘယ်လိုသိတာလဲ။ ပြီးတော့ ဘာလို့ အဲ့လိုမျိုး ပေါ်လာရတာလဲ"
ထိုမေးခွန်းမှာ ပေါ့ပေါ့ပါးပါးဟု ထင်ရသော်လည်း ကိစ္စရပ်၏ အဓိက အချက်အချာကို ထိမှန်နေပေသည်။
ချီဖန့်သည် မင်္ဂလာပွဲကို ခမ်းခမ်းနားနား မလုပ်ခဲ့ဘဲ လူနည်းစုကိုသာ ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ သတင်းမှာ မည်သို့ကြောင့် ဤမျှ မြန်မြန် ပျံ့နှံ့သွားရသနည်း။
ယွီရုန်ကျစ် အနေဖြင့် ပြဿနာရှာရန် အခွင့်အရေးကို စောင့်ကြည့်နေသည် ဆိုလျှင်ပင် ယနေ့မှာ ရွေးချယ်စရာ မဟုတ်ပေ။ လူအများကြီး ရှိနေချိန်၌ ရန်ဖြစ်ခြင်းမှာ သူ့အတွက်သာ အထိနာစေမည် ဖြစ်၏။
သူမ နိုးနေပြီဖြစ်ကြောင်း တွေ့ရသဖြင့် ချီဖန့်က မီးခလုတ်ကို ဆွဲလိုက်၏။ "လျိုဝေကော ဧည့်သည်တွေ သွားဖိတ်တုန်းက ယွီရုန်ကျစ် ဘယ်မှာ အရက်သောက်နေလဲဆိုတာကို စုံစမ်းခိုင်းထားတယ်"
ဝါကျင်ကျင် မီးရောင်မှာ အခန်းထဲသို့ ပျံ့နှံ့သွားသည်။ ယန်ရွှယ်သည် မျက်လုံးကို အလိုအလျောက် ပိတ်လိုက်ရင်း ထိုသူ၏ ပါးနပ်မှုကို ချီးကျူးမိ၏။
အဓိကအချက်မှာ ဒါရိုက်တာယွီက အမှန်အတိုင်း ပြောပြခြင်း မဟုတ်ဘဲ တစ်စုံတစ်ယောက်က သူ့သားကို မြှောက်ပေးနေသည်အား သူသိသွားစေရန် ဖြစ်သည်။ ဤကဲ့သို့ သေးငယ်သော သစ်တောစခန်းတွင် လျှို့ဝှက်ချက်ဟူသည် ကြာရှည်မခံပေ။ သူ မပြောလျှင်ပင် အခြားနည်းဖြင့် သိအောင် လုပ်နိုင်လေ၏။
ဒါရိုက်တာယွီသည် လျိုဝေကောအား မသိပါဟု ပြောခဲ့သော်လည်း ချီဖန့် ထိုအကြောင်းကို ပြောပြသောအခါ သူ၏ မျက်နှာတွင် စိတ်ပျက်သည့် အရိပ်အယောင် လုံးဝမရှိခဲ့ပေ။
ယန်ရွှယ်က ရယ်မောလိုက်သည်။ "ရှင်နဲ့ ချွမ်းချိုင် အစ်ကို တော်တော် စကားပြောဖြစ်ပုံရတယ်။ မနက်ဖြန်ကျရင် သူ ဘယ်မှာ သောက်လဲဆိုတာ ကျွန်မ လိုက်မေးကြည့်ရမယ်"
"မလိုပါဘူး။” ချီဖန့်က ပွင့်ပွင့်လင်းလင်း ပြော၏။ “လျိုဝေကောက ဘယ်အရာကိုမှ လျှို့ဝှက်မထားနိုင်ဘူး"
ဆိုလိုသည်မှာ လျိုဝေကောက သေချာပေါက် စုံစမ်းပေလိမ့်မည်၊ သူသိလျှင် သူတို့လည်း သိရပေမည်။ သူသည် သစ်တောစခန်းတွင် ကြီးပြင်းလာသူ ဖြစ်သဖြင့် ဒေသခံများနှင့် ပို၍ ရင်းနှီးကျွမ်းဝင်သူပင် ဖြစ်သည်။
ယန်ရွှယ် ချီဖန့်နှင့် စေ့စပ်ရန် တောင်ပေါ်သို့ ပထမဆုံးအကြိမ် လာခဲ့စဉ်က လျိုဝေကောအပြင်သို့ ခဏထွက်သွားရုံနှင့် သတင်းများ ချက်ချင်း ပျံ့နှံ့သွားပုံကို ပြန်လည် သတိရမိ၏။
သူမ သက်ပြင်းချလိုက်မိသည်။ "ရှင်ကတော့ ရှင့်ပတ်ဝန်းကျင်က လူတွေကို တကယ် ကောင်းကောင်းသိတာပဲ"
ကောင်းကောင်း သိတာလား။
ချီဖန့်၏ လှုပ်ရှားမှုမှာ ခေတ္တမျှ ရပ်တန့်သွားသော်လည်း သူက စားပွဲပေါ်ရှိ နေကြာစေ့လင်ဗန်းကို ဗီရိုထဲသို့ ထည့်လိုက်ကာ ပြောလိုက်သည်။ "ကိုယ်က အဲ့လောက်အထိ အရည်အချင်းမရှိပါဘူး"
သူ နှိမ့်ချပြောဆိုနေခြင်းလား သို့မဟုတ် မိမိကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေခြင်းလား ဆိုသည်ကို ခွဲခြားရန် ခက်ခဲလှ၏။ ထိုစကားကြောင့် ယန်ရွှယ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က ကိစ္စတစ်ခုကို သတိရသွားသည်။
ဓလေ့ထုံးစံအရ မင်္ဂလာပွဲတွင် ဆွေမျိုးများကို ဖိတ်ကြားရစမြဲ ဖြစ်သည်။ ယန်ရွှယ်၏ မိသားစုမှာ ဝေးကွာလှပြီး အနီးအနားတွင်ရှိသော တစ်ဦးတည်းသော ဆွေမျိုး ရှန်ရှို့ဖန်မှာလည်း နှစ်သစ်ကူးတွင် လာရန် မနီးစပ်လှပေ။ သို့သော် ချီဖန့်မှာ သူ၏ အဒေါ်ဖြစ်သူနှင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သဖြင့် သူတို့ကို ဖိတ်ကြားသင့်ပေ၏။
သို့သော် သူမက ဖိတ်ရန် ဆွေမျိုးရှိမရှိ မေးသောအခါ သူက အေးစက်စက်နှင့် ပြတ်ပြတ်သားသားပင် မရှိဘူးဟု ဖြေခဲ့သည်။
ထိုစဉ်က ယန်ရွှယ်သည် ချီဖန့်နှင့် သူ၏ အဒေါ်မိသားစုကြားတွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေမလားဟု တွေးမိခဲ့၏။ သူ၏ အဒေါ်မှာ သွေးသားတော်စပ်သော်လည်း ဦးလေးမှာမူ မဟုတ်ပေ။
သူ့အဒေါ်တွင် ကလေးများစွာ ရှိပြီးသားဖြစ်သဖြင့် သူ့ကိုပါ ခေါ်ယူကျွေးမွေးရန်မှာ မလွယ်ကူနိုင်ကြောင်း ကောလာဟလများ ရှိခဲ့ဖူးသည်။
ယန်ရွှယ်သည် သူတစ်ပါး၏ စိတ်မချမ်းမြေ့စရာ ကိစ္စများကို လိုက်မေးတတ်သူ မဟုတ်သလို ချီဖန့်သည်လည်း ထိုကဲ့သို့ပင် ဖြစ်ပုံရ၏။ ထို့ကြောင့်လည်း သူသည် သူမ၏ မိသားစုအကြောင်းကို ယခုအထိ မမေးဘဲ နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သူမက စကားလမ်းကြောင်းပြောင်းလိုက်သည်။ "ဒါနဲ့ သစ်တောစခန်းမှာ လက်သမားအလုပ် ကောင်းကောင်းလုပ်နိုင်တဲ့သူ ဘယ်သူရှိလဲ ရှင်သိလား"
ချီဖန့်သည် သူမ ဘာကြောင့် သိချင်ရသလဲဟု မမေးခဲ့ချေ။ "ဆရာကျား ဆိုတာ ရှိတယ်။ ဒီက ပရိဘောဂတွေ အကုန်လုံးကို သူပဲ လုပ်တာ"
"ဒါဆိုရင် နှစ်သစ်ကူးပြီးရင် သူ့ကို တစ်ခုခု လုပ်ခိုင်းရမယ်။"
သူမသည် ရိုလာ စကိတ်စ်နှင့် နောက်ထပ် အရာတစ်ခုကို တွေးနေခြင်း ဖြစ်၏။ လျိုမိသားစုသည် သူမတို့ကို အများကြီး ကူညီခဲ့သဖြင့် သူမ တစ်စုံတစ်ခု ပြန်ပေးချင်နေမိသည်။
ချီဖန့်က "အင်း" ဟု ခေါင်းညိတ်လိုက်၏။ "ပိတ်ရက်ပြီးရင် ကိုယ် လိုက်ပို့ပေးမယ်" ထိုသို့ဆိုပြီးနောက် အခန်းထဲတွင် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။
သူတို့သည် တရားဝင် လက်ထပ်ထားကြသော်လည်း လက်တွေ့တွင်မူ သူစိမ်းများကဲ့သို့ပင် ဖြစ်နေကြ၏။ သူတို့၏ ဆုံတွေ့မှု အနည်းငယ်မှာလည်း မင်္ဂလာကိစ္စများအပေါ်တွင်သာ အခြေခံခဲ့သည်။ ယခု ပွဲပြီးသွားပြီဖြစ်သဖြင့် သူတို့ကြား ပြောစရာ စကား သိပ်မရှိတော့ချေ။
ဒါက ပြဿနာမဟုတ်ပေ၊ ယန်ရွှယ်သည် တိတ်ဆိတ်နေခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်တတ်သူ မဟုတ်ပေ။ တကယ့် ပြဿနာမှာ ယနေ့ည၊ သူတို့၏ မင်္ဂလာဦးညပင် ဖြစ်သည်။
သူစိမ်းနီးပါးဖြစ်နေသော လူတစ်ယောက်နှင့် အတူအိပ်ရခြင်းမှာ ခေတ္တခဏ ပျော်ပါးခြင်းနှင့် မခြားနားလှပေ။ သူမသည် ခေတ်သစ်က လာသူဖြစ်သော်လည်း ထိုမျှအထိ စိတ်သဘောထား မကြီးနိုင်သေးပေ။ ထိုအတွေးကြောင့်ပင် သူမ စိတ်မသက်မသာ ဖြစ်နေမိ၏။
သူမ၏ ထိုခေတ္တခဏ ပျော်ပါးရမည့် လက်တွဲဖော်မှာ ထူးခြားလှပသော မျက်နှာ၊ လှပသော ကိုယ်ထည်နှင့် သန်မာသော ကြွက်သားများ ရှိနေသော်လည်း…
ယန်ရွှယ်က လက်မောင်းကို ပြန်ခေါင်းအုံးလိုက်သည်။ သူမ ကိုယ်ခန္ဓာမှာ အရက်ရှိန်ကြောင့် နွေးနေသော်လည်း အိပ်၍မရပေ။ သူမသည် ရှစ်နာရီကျော်သည်အထိ မျက်လုံးမှိတ်ကာ လှဲနေခဲ့၏။
စားပွဲတွင် ထိုင်နေသော ချီဖန့်လည်း သူရေးနေသော မှတ်စုစာအုပ်ကို ပိတ်ပြီး သေတ္တာလေးထဲသို့ ထည့်ကာ သော့ခတ်လိုက်သည်။ ထို့နောက် သူက ခေတ္တမျှ တွေဝေနေပြီးမှ တိုးတိုးလေး ခေါ်လိုက်၏။ "ယန်ရွှယ်"
သူမသည် အိပ်ချင်ဟန်ဆောင်နေမလား သို့မဟုတ် လက်တွေ့ကို ရင်ဆိုင်မလားဟု ခေတ္တစဉ်းစားပြီးနောက် ဒုတိယနည်းလမ်းကိုသာ ရွေးချယ်လိုက်ကာ ထ၍ မျက်နှာသစ်လိုက်သည်။
သူမ ပြန်လာသောအခါ အိပ်ရာမှာ အဆင်သင့် ခင်းထားပြီးဖြစ်နေ၏။ ပို၍ နွေးသောနေရာမှာ သူမအတွက် ဖြစ်ကြောင်း သိသာလှသည်။ ချီဖန့်ကမူ ဘာမှမပြောဘဲ အပြင်ခန်းသို့ ထွက်သွားလေ၏။
သူ ပြန်ဝင်လာချိန်တွင် သစ်တောစခန်း၌ မီးပြတ်သွားသဖြင့် အရာအားလုံး မှောင်အတိ ကျသွားတော့သည်။
တိတ်ဆိတ်မှုထဲတွင် တစ်စုံတစ်ယောက်၏ အသက်ရှူသံမှာ အနည်းငယ် ပြတ်တောင်းသွား၏။ ထို့နောက် အင်္ကျီချွတ်သံနှင့် စောင်လှန်သံများ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်က ယန်ရွှယ်၏ ဘေးတွင် လှဲလျက် နေရာယူလိုက်သည်။
ဆပ်ပြာနံ့ သင်းသင်းလေးမှာ လေထဲတွင် လွင့်ပျံ့နေသဖြင့် "အနည်းဆုံးတော့ ဒီလူက သန့်ရှင်းရေး အလေ့အကျင့်ရှိသားပဲ" ဟု ယန်ရွှယ်တွေးမိ၏။ အကယ်၍ သူသာ ခြေလက်မဆေးဘဲ အိပ်မည်ဆိုလျှင် သူ၏ နတ်ဘုရားကဲ့သို့ ရုပ်ရည်မှာလည်း ကယ်တင်နိုင်မည် မဟုတ်ပေ။
သူမ မျက်လုံးမှိတ်ပြီး စောင့်နေသော်လည်း ဘေးနားမှ မည်သည့် လှုပ်ရှားမှုမျှ ရှိမလာပေ။
၎င်းမှာ တစ်စုံတစ်ခု ဖြစ်တော့မည်ကို သိသော်လည်း အချိန်အကြာကြီး စောင့်နေရသကဲ့သို့ ဖြစ်နေသည်။ ယန်ရွှယ်သည် စိတ်မရှည်တော့ဘဲ ဟိုဘက်သို့ လှည့်ကာ ဘေးကလူကို ကြည့်လိုက်၏။
ချီဖန့်သည်လည်း မအိပ်သေးကြောင်း သိသာလှသည်။ သူသည် ပက်လက်လှဲလျက် မျက်လုံးကို အနည်းငယ်မှိတ်ထားပြီး အင်္ကျီကိုလည်း မချွတ်ရသေးဘဲ ကော်လာမှ ကြယ်သီးအချို့ကိုသာ ဖြုတ်ထား၏။
သူသည် သူမ လှည့်လာသည်ကို ခံစားမိသောအခါ ခေတ္တမျှ ရပ်တန့်သွားပြီးမှ သူမကို ကြည့်လိုက်သည်။ မှောင်ရိပ်ထဲတွင် သူ၏ မျက်ဝန်းများမှာ ဘာကိုဆိုလိုမှန်း ခန့်မှန်းရ ခက်ခဲလှပေ၏။
သူတို့နှစ်ဦးသည် တိတ်ဆိတ်သောညတွင် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြပြီးနောက် သဘောတူထားသကဲ့သို့ပင် တစ်ပြိုင်နက်တည်း အကြည့်လွှဲလိုက်ကြသည်။
ယန်ရွှယ်က ချီဖန့်ကို ကျောပေးကာ တစ်ဖက်သို့ ပြန်လှည့်သွားသည်။ ထိုသူက ပက်လက်လှဲနေဆဲ ဖြစ်သော်လည်း သူ၏လက်ကမူ စောင်ကို အလိုအလျောက် အပေါ်သို့ ဆွဲတင်လိုက်မိ၏။
ဒီလူ စိတ်လှုပ်ရှားနေတာလား၊ ဘာမှမသိတာလား၊ ဒါမှမဟုတ် သူမဘက်က စတင်ဖို့ကိုပဲ စောင့်နေတာလား။
ယန်ရွှယ်တစ်ယောက် လှောင်ရယ်ချင်စိတ်ပင် ပေါက်သွားရသည်။
သူမ မသိသည်မှာ ချီဖန့်ကလည်း သူမအကြောင်း၊ သူမ၏ မငြိမ်မသက်ဖြစ်နေသော လှုပ်ရှားမှုများနှင့် စောစောက သူမမေးခဲ့သော မေးခွန်းများအကြောင်းကို တွေးနေခြင်းပင် ဖြစ်သည်။
ယန်ရွှယ်သည် စကားပြောကောင်းသူတစ်ဦးဟု ထင်ရသော်လည်း အကျိုးမရှိသော စကားများကို အပိုပြောတတ်သူ မဟုတ်ပေ။
သူမသည် အခြားသူများ၏ ကိစ္စကို စပ်စုတတ်သူ မဟုတ်သလို ဝေဖန်တတ်သူလည်း မဟုတ်ပေ။ ထို့ကြောင့် သူမ စောစောက မေးခဲ့သော မေးခွန်းနှစ်ခုမှာ သူမ၏ စရိုက်နှင့် လုံးဝမကိုက်ညီလှပေ။
သူမက အခုမှ သူတို့ လက်ထပ်လိုက်ပြီဆိုတာကို သတိပြုမိပြီး စိတ်လှုပ်ရှားနေတာလား။
ဒါမှမဟုတ် သူမ နောင်တရနေတာလား…
ချီဖန့်သည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကံကြမ္မာက သူ့အား အဆိုးဆုံးသော အခြေအနေများသို့ တွန်းပို့ခဲ့သကဲ့သို့ ယခုလည်း သူသည် အဆိုးဆုံးကိုသာ တွေးမိနေတော့၏။
သူမ တစ်ဖက်သို့ လှည့်သွားခြင်းမှာ စိတ်မသက်မသာ ဖြစ်နေသည့် လက္ခဏာ မဟုတ်လား။
သူမသည် သူ တစ်ခုခု လုပ်မည်ကို ကြောက်နေပုံရ၏။