← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

မှောင်မိုက်သော ည၏ တိတ်ဆိတ်မှုထဲတွင် သူတို့နှစ်ဦးလုံး၏ အတွေးများ ရှုပ်ထွေးနေစဉ် အပြင်ဘက်မှ ခွေးဟောင်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

သူတို့နှစ်ဦးလုံး တစ်ပြိုင်နက်တည်းပင် အပြင်ဘက်ကို အာရုံစိုက်ကာ နားစွင့်လိုက်ကြ၏။

သစ်တောစခန်းရှိ အိမ်အများစုတွင် ခွေးမွေးထားကြသဖြင့် ခွေးဟောင်သံမှာ ထူးဆန်းသည် မဟုတ်ပေ။ သို့သော် ဤနေရာမှာ တောင်ပေါ်ဒေသဖြစ်သဖြင့် သူခိုးများသာမက တောရိုင်းတိရစ္ဆာန်များကိုပါ သတိထားရပေသည်။

ခွေးဟောင်သံမှာ မရပ်တန့်ဘဲ ပို၍ ကျယ်လောင်လာကာ လူသံများပါ ရောနှောလာသည်။ ချီဖန့်က သူ၏ အင်္ကျီကို ယူလိုက်ပြီး ပြောလိုက်၏။ "ကိုယ် သွားကြည့်လိုက်အုံးမယ်"

"အင်း။" ယန်ရွှယ်က စောင်ကို ဆွဲခြုံရင်း ထထိုင်လိုက်ကာ အင်္ကျီကို အမြန်ဝတ်ပြီး ထွက်သွားသော သူ့ကို ကြည့်လိုက်သည်။ ထို့နောက် သူမ မှာလိုက်သည်။ "ဂရုစိုက်နော်"

ချီဖန့်ကမူ အင်္ကျီဝတ်ရင်း သူမကို တစ်ချက်ကြည့်လာ၏။ "အင်း" ထိုသို့ပြန်ဖြေပြီးနောက် အနှီးသူသည် တံခါးဖွင့်ကာ ထွက်သွားတော့သည်။

ယန်ရွှယ်သည်လည်း ငြိမ်မနေဘဲ တံခါးနှင့် ပြတင်းပေါက်များ လုံခြုံမှုရှိမရှိ လိုက်စစ်ဆေးလိုက်၏။ သူမ စစ်ဆေးပြီးချိန်တွင် ချီဖန့်က ပြန်ရောက်လာခဲ့သည်။ "ဘာမှမဟုတ်ပါဘူး၊ နောက်လမ်းက လင်မယားနှစ်ယောက် ရန်ဖြစ်နေကြတာ"

ညသန်းခေါင်ယံမှာ ခွေးတွေဟောင်တဲ့အထိ ရန်ဖြစ်နေကြသည်ဆိုလျှင် တော်တော်လေး ပြင်းထန်ပုံရပေလိမ့်မည်။

ချီဖန့်သည် တံခါးပိတ်ပြီး အတွင်းခန်းသို့ ပြန်ဝင်လာသောအခါ ယန်ရွှယ်စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

ယခုတစ်ကြိမ်တွင်မူ အပြင်ဘက်မှ ဆူညံသံများကြောင့် အဝတ်အစားလဲပြီး ပြန်အိပ်ရသည်မှာ အရင်လောက် စိတ်နေရမခက်တော့ပေ။

သို့သော် အခြားကိစ္စများကို စဉ်းစားရန် စိတ်မပါတော့ပေ၊ ထိုလင်မယား၏ ရန်ဖြစ်သံမှာ မရပ်မနား ထွက်ပေါ်နေဆဲပင် ဖြစ်သည်။

တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်မှုနှင့်အတူ သောက်ထားသော အရက်တစ်ဝက်၏ အရှိန်ကြောင့် ယန်ရွှယ်မှာ သန်းဝေမိခြင်းကို မအောင့်ထားနိုင်တော့ပေ။

ချီဖန့်သည် မှောင်ရိပ်ထဲတွင် ခေတ္တမျှ တွေဝေနေပြီးမှ တိုးတိုးလေး ပြောလိုက်၏။ "အိပ်တော့"

သူတို့နှစ်ဦးထဲမှ တစ်ဦးကမူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ယန်ရွှယ် နောက်တစ်ကြိမ် မျက်လုံးပွင့်လာချိန်၌ မနက်မိုးလင်းနေပြီပင် ဖြစ်၏။

မွန်းလွဲတစ်နာရီကျော်တွင် လျိုဝေကောသည် မနေ့က ငှားသွားသော ဇလုံကို လာပြန်ပေးခဲ့သည်။ သူ ဝင်လာသည်နှင့် ချီဖန့်အား မျက်လုံးပင့်ကာ စနောက်လိုက်၏။ "မင်းတို့နှစ်ယောက် စောစောနိုးမှာ မဟုတ်ဘူးဆိုတာ ငါသိလို့ အခုမှ လာတာ၊ ငါက တော်တော် စာနာတတ်တယ် မဟုတ်လား"

သို့သော် သူ ထင်သလို ဖြစ်မလာခဲ့ပေ၊ မနေ့ညက သူတို့ ဘာမှမလုပ်ခဲ့ကြပေ။

ယန်ရွှယ်သည် ထိုအကြောင်းကို မပြောဘဲ ပြုံးလျက်သာ ဇလုံကို ယူ၍ သိမ်းလိုက်သည်။

ချီဖန့်ကလည်း ဘာမှမဖြစ်သလိုပင်၊ လျိုဝေကော ပွေ့ထားသော ပစ္စည်းကိုသာ တစ်ချက် ကြည့်လိုက်၏။

လျိုဝေကောက ပစ္စည်းကို ချပြလိုက်သည်။ "ငါ့ရဲ့ နာရီလေးက ထပ်ပျက်နေပြန်ပြီ၊ ချီဖန့်၊ မင်း တစ်ချက်လောက် ကြည့်ပေးပါအုံး"

ဤအကြောင်းကြောင့်ပင် သူသည် ထိုအရာကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပေ၏။ အစကတည်းက နာရီဟူသည်မှာ မင်္ဂလာရှိသော လက်ဆောင်တစ်ခု မဟုတ်သည့်အပြင် ယခုတစ်ခုမှာလည်း အသုံးပြုပြီးသား အဟောင်းတစ်လုံး ဖြစ်နေသည်မှာ သိသာလှသည်။

လက်ဆေးပြီးနောက် ချီဖန့် ပြန်လာသောအခါ နာရီကို စာရေးစားပွဲပေါ်သို့ တင်ထားပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။ သူသည် နာရီကို အသာအယာလှည့်လိုက်ပြီး နောက်ကျောဘက်ရှိ သစ်သားအကန့်ကို ကျွမ်းကျင်စွာ ဖွင့်လိုက်၏။ "မင်း ဒါကို အချိန်မှန်မှန် ဆီထည့်ပေးရဲ့လား"

"လုပ်တာပေါ့” လျိုဝေကော ဖြေလိုက်၏။ “ဆီထည့်ရုံတင်မကဘူး၊ ဖုန်တွေပါ သေချာ သုတ်ထားတာ။ ဒါတောင် မရလို့ မင်းဆီ ယူလာတာ"

ချီဖန့်ကမူ ဘာမှထပ်မပြောဘဲ စားပွဲအောက်ရှိ ကိရိယာသေတ္တာကို ထုတ်လိုက်သည်။

သူ၏ လက်ချောင်းများမှာ ရှည်လျားပြီး သွက်လက်လှ၏။ သူသည် နာရီကို တစ်စစီ ဖြုတ်လိုက်ပြီး အစိတ်အပိုင်းလေးများကို စားပွဲပေါ်တွင် တင်လိုက်သည်။

သူ၏ လှုပ်ရှားမှုများမှာ အေးအေးလူလူ ရှိလှသော်လည်း လက်သွက်လွန်းလှသဖြင့် လျိုဝေကောမှာ မျက်ခြေမပြတ်အောင်ပင် အားစိုက်ကြည့်နေရ၏။ ထို့ပြင် ပြန့်ကျဲနေသော စက်ပစ္စည်း အစိတ်အပိုင်းငယ်လေးများထဲမှ တစ်ခုခု ပျောက်ဆုံးသွားမည်ကို စိုးရိမ်သဖြင့် သူသည် လက်ဖျားနှင့်ပင် မထိရဲဘဲ ရှိနေလေတော့သည်။

နောက်ဆုံးတွင်မူ သူသည် နာရီဝက်ခန့်အကြာ၌ ရပ်နေရင်း၊ ဘာများလုပ်နေသလဲဟု သိလိုစိတ်ဖြင့် လည်ပင်းကို ဆန့်ကာ ကြည့်ရှုရင်း မေးမြန်းလိုက်သည်။ "မင်း ယွီရုန်ကျစ် ဘယ်မှာ သောက်လဲဆိုတာ မေးခိုင်းထားတယ်မလား၊ ဘယ်သူ့အိမ်မှာလဲဆိုတာ ခန့်မှန်းကြည့်"

သူသည် တကယ်ပင် အတင်းအဖျင်း ပြောရန် ရောက်လာခြင်း ဖြစ်၏။ ချီဖန့် ပြောသလိုပင် သူသည် ဘာကိုမှ လျှို့ဝှက်မထားနိုင်ပေ။

ချီဖန့်သည် ဤကဲ့သို့ ပစ္စည်းများ ပြင်တတ်သည်ကို ယန်ရွှယ်လည်း မသိခဲ့ပေ။ ထို့ကြောင့် သူမလည်း စိတ်ဝင်တစား ကြည့်ရင်း နားထောင်နေမိ၏။

ချီဖန် ခန့်မှန်းထားသည့်အတိုင်းပင် လျိုဝေကောမှာ မေးမြန်းနေရန်ပင် မလိုခဲ့ပေ။ ချီဖန်က စိတ်မဝင်စားသလိုဖြင့် 'အင်း' ဟု တစ်ခွန်းသာ ဆိုလိုက်သော်လည်း သူသည် 'အဲ့ဒါ သူ့ယောက်ဖအိမ်မှာလေ' ဟု ချက်ချင်းပင် ဗြုန်းစားကြီး ထုတ်ပြောလိုက်တော့သည်။ သူသည် လျှို့ဝှက်ချက်ကို အနည်းငယ်မျှပင် ဆိုင်းငံ့ထားခြင်း မရှိပေ။

"လျန် ဆိုတဲ့ တစ်ယောက်လား။" ယန်ရွှယ်က သူမကို တောင်ပေါ် လိုက်ပို့ပေးခဲ့သော အစ်ကို လျန်ကို သတိရသွားသည်။ သူသည် ဒါရိုက်တာယွီ၏သမက် ဖြစ်၏။

"မင်း သူ့ကို သိတာလား။" လျိုဝေကောက စိတ်ဝင်တစား နားထောင်မည့်သူ ရှိသွားသဖြင့် ဝမ်းသာသွားလေသည်။ "ဟုတ်တယ်၊ လျန်ချီမောင်လေ၊ ယွီရုန်ကျစ်မှာ ယောက်ဖ လေးယောက်ရှိတာ။ သူ့အစ်မတွေက အနားမှာပဲ နေကြတာ။ သူက အရက်သိပ်ကြိုက်တော့ အဲဒီအိမ်တွေမှာပဲ သွားသောက်နေတာ။ အထူးသဖြင့် သူ့ရဲ့ ဒုတိယအစ်မ—သူမက သူ့ကို အလိုလိုက်လွန်းတယ်။ သူ အလုပ်စလုပ်ပြီးတဲ့နောက်မှာတောင် သူမက သူ့အတွက် အဝတ်တွေ လျှော်ပေးနေတုန်း။"

"သူ့မိသားစုမှာ သားဘယ်နှစ်ယောက် ရှိတာလဲ" ယန်ရွှယ် မေးလိုက်သည်။

"သူတစ်ယောက်တည်းပဲ ရှိတာ။ ကျန်တဲ့တစ်ယောက်က ငယ်ငယ်ကတည်းက ဆုံးသွားပြီ။ အဲဒါကြောင့်လဲ သူ့ကို ဒီလောက် အလိုလိုက်ထားကြတာပေါ့"

အစ်မ လေးယောက်ရှိကာ တစ်ဦးတည်းသော သားဖြစ်သဖြင့် သူသည် ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရသည်မှာ သေချာလှပေသည်။

ယန်ရွှယ် ဟန်ဆောင်မေးလိုက်၏။ "သူ့ယောက်ဖတွေက ဘာမှမပြောကြဘူးလား"

"ပြောတာပေါ့၊ ဒါပေမဲ့ သူ့အဖေက ဒါရိုက်တာဖြစ်နေတော့ သူတို့လဲ သည်းခံနေရတာပေါ့"

ယန်ရွှယ်ထင်သည့်အတိုင်းပင် ဖြစ်သည်။ လျန်ချီမောင်သည် ယွီရုန်ကျစ်ကို စိတ်မရှည်သဖြင့် ချီဖန့်နှင့် ပြဿနာတက်အောင် မြှောက်ပေးလိုက်ခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် သူသည် သူ့ယောက်ဖအား ပြဿနာရှာဖို့ လွှတ်လိုက်ခြင်းပင်။

အကယ်၍ ပြဿနာတက်လျှင် နှစ်ဖက်လုံး ထိခိုက်မည်ဖြစ်ရာ လျန်ချီမောင် အတွက်မူ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင် ဖြစ်၏။

"မင်း တောင်ပေါ်ကို ချီဖန့်ဆီ သွားတုန်းက သူ မင်းအကြောင်းတွေ လိုက်ပြောသေးတယ် မဟုတ်လား။ အဲဒီအချိန်တုန်းက ဒါကို သိသွားတာလား"

ယန်ရွှယ်သည် ချီဖန့်ထက် ပို၍ နားထောင်ကောင်းသူဖြစ်သဖြင့် လျိုဝေကောသည် စကားပြောရင်း သူမအနားသို့ တဖြည်းဖြည်း တိုးကပ်လာ၏။

ချီဖန့် မော့ကြည့်လိုက်သောအခါ သူတို့နှစ်ဦးမှာ အလွန်ပင် စကားပြောကောင်းနေကြသည်ကို တွေ့လိုက်ရသဖြင့် ဝက်အူလှည့်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ "ပြဿနာကို တွေ့ပြီ"

လျိုဝေကောက ချက်ချင်း ကိုယ်ကို ပြန်မတ်လိုက်ပြီး အနီးသို့ တိုးလာ၏။ "ဘာဖြစ်တာလဲ"

ချီဖန့်က ဂီယာတစ်ခုကို ကိုင်ပြလာသည်။ "ဒါက တော်တော်လေး ပွန်းနေပြီ။ ဒီနာရီရဲ့ အရည်အသွေးက သိပ်မကောင်းဘူး။ ဝမ်ပင်းရဲ့ 'Starry Sky' မော်ဒယ်နဲ့ ယှဉ်လို့ မရဘူး"

"ဒါဆို ဘယ်လိုလုပ်ရမလဲ။" လျိုဝေကောက ဂီယာကို ယူကြည့်ရင်း ဘာလုပ်ရမှန်း မသိဖြစ်နေ၏။

ချီဖန့်သည် အခြားအစိတ်အပိုင်းများကို ပြန်တပ်လိုက်သည်။ "မြို့ထဲက နာရီပြင်ဆိုင်မှာ သွားရှာကြည့်လိုက်၊ အသစ်တစ်ခု ဝယ်ပြီး လဲလိုက်ရင် ရပြီ"

"မရှိရင်ကော၊ ဒါက အဟောင်းကြီးပဲလေ။"

“မရှိရင် ငါ့ဆီ ပြန်လာခဲ့” ချီဖန့်သည် ဝက်အူလှည့်ဖြင့် အလုပ်လုပ်နေရင်း အပြုအမူကို ခေတ္တရပ်တန့်လိုက်ပြီးမှ နောက်ဆုံးတွင် စကားတစ်ခွန်းကို ထပ်မံဖြည့်စွက်၍ ပြောလိုက်သည်။

လျိုဝေကောသည် တခြားနည်းလမ်းမရှိသဖြင့် နာရီကို ယူကာ "ကောင်းပြီ၊ ငါ သွားကြည့်လိုက်ဦးမယ်၊ ကျေးဇူးပဲ" ဟု ပြောကာ ထွက်သွားသည်။

ယန်ရွှယ်က ချီဖန့်၏ ကိရိယာများကို ကြည့်လိုက်၏။ "ရှင် နာရီပြင်တတ်မယ်လို့ ကျွန်မ မထင်ထားဘူး"

ထိုစကားကြောင့် ချီဖန့်ရပ်တန့်သွားပြီး သူမကို အဓိပ္ပာယ်ဖော်ရခက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ယန်ရွှယ်သည် မျက်တောင်လေး ခတ်ပြီး ဘာမှထပ်မပြောတော့ပေ။

သို့သော် သူမ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသည်မှာ သိသာလှ၏။ သူတို့ မိသားစုချင်း အဆက်အသွယ် ပြတ်သွားသည်မှာ သုံးနှစ်ကျော်ရုံသာ ရှိသေးရာ သူ ကလေးဘဝက ဘာတွေ လေ့လာခဲ့သည်ကို သူမ မသိဘဲ နေမည်လား။

ချီဖန့်သည် မျက်လွှာချလိုက်ပြီး ကိရိယာများကို ဘာမှမပြောဘဲ ပြန်သိမ်းလိုက်သည်။

ထိုနေ့ နေ့ခင်းပိုင်းတွင် သူတို့သည် ထင်းခွဲခြင်း၊ ဖုန်သုတ်ခြင်းနှင့် နောက်ရက်အတွက် စားစရာများ ပြင်ဆင်ခြင်းတို့ဖြင့် အချိန်ကုန်လွန်ခဲ့ကြသည်။ ချီဖန့်မှာလည်း အလုပ်များနေသဖြင့် စကားသိပ်မပြောဖြစ်ကြချေ။

အခြေအနေမှာ ထူးဆန်းနေသည်ကို ယန်ရွှယ်သတိထားမိ၏။ သူမ ပြောလိုက်သော စကားက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်လားဟု သူမ တွေးနေမိသော်လည်း ဘယ်အချက်က မှားသွားသည်ကို သူမ မသိပေ။

"စိတ်ကူးရခက်လိုက်တဲ့လူ၊ သူက Scorpio လား မသိဘူး။"

သူမသည် သူ၏ မွေးနေ့ကို ပြန်စဉ်းစားကြည့်ရာ ထိုကာလဝန်းကျင်တွင် ဖြစ်ပုံရသည်။ သူ၏ ခံစားချက်မှာ သူ၏ ပြဿနာသာ ဖြစ်ပေလိမ့်မည်။

သူသည် လူကြီးတစ်ယောက် ဖြစ်သဖြင့် မိမိ၏ ခံစားချက်ကို မိမိဘာသာ ကိုင်တွယ်နိုင်ပေလိမ့်မည်။ ချော့ဖို့ မလိုပေ။

ညရောက်သောအခါ ထုံးစံအတိုင်း နွေးသောဘက်တွင် ယန်ရွှယ်အိပ်ရန် ပြင်ပေးထား၏။ ချီဖန့်သည်လည်း မျက်နှာသစ်ပြီးနောက် ဘာမှမပြောဘဲ လှဲလျက် မျက်လုံးမှိတ်ထားလိုက်သည်။

ဒီညလည်း ဘာမှမဖြစ်တော့ဘူးပေါ့လေ။

ယန်ရွှယ်က သူ့ကို ခေတ္တမျှ ကြည့်နေပြီးနောက် ဟိုဘက်လှည့်ကာ အိပ်ပျော်သွားတော့၏။

အတော်ကြာမှ ချီဖန့်မျက်လုံးပွင့်လာသည်။ သူ့ဘေးနားရှိ လူမှာမူ အိပ်မောကျနေပြီ ဖြစ်သည်။

သူက သူ၏ နားထင်ကို ပွတ်သပ်လိုက်ပြီး အိပ်မပျော်နိုင်သော နောက်ထပ် ညတစ်ညကို ရင်ဆိုင်ရန် ပြင်လိုက်တော့၏။

ယန်ရွှယ်ကမူ ကောင်းကောင်း အိပ်ပျော်ခဲ့သည်။ သူမ နိုးလာသောအခါ ဘေးတွင် ဘယ်သူမှ မရှိတော့ပေ။

ထိုအမျိုးသားသည် စားပွဲကို မှီရပ်ရင်း သူ၏ လက်ပတ်နာရီကို သံပတ်ပေးနေလေသည်။ သူ၏ ရှည်လျားသော ခြေတံများနှင့် ခန့်ညားသော ဘေးတိုက်ရုပ်သွင်ကို မြင်ရုံမျှဖြင့်ပင် နံနက်ခင်းကို သာယာတောက်ပသွားစေရန် လုံလောက်သည်။

သို့သော် သူသည် အလွန်ပင် ပင်ပန်းနွမ်းနယ်နေပုံရသည်မှာ နှမြောစရာပင်။ သူမ နိုးလာပြီးနောက် စောင်ကို ခေါက်သိမ်းနေသည်ကို ကြည့်နေစဉ်မှာပင် သူ၏ မျက်ခွံများမှာ လေးလံလျက် ရှိနေ၏။

သူ ကောင်းကောင်း မအိပ်ရဘူးလား။

ယန်ရွှယသည်် အင်္ကျီကြယ်သီး တပ်နေသော်လည်း သူ့အကြောင်းကို မမေးခဲ့ပေ။

နှစ်သစ်ကူး အကြိုနေ့တွင် အလုပ်များလှသည်။ ပထမဆုံးအနေဖြင့် တံခါးတွင် စာတန်းများ ကပ်ရ၏။

မင်္ဂလာဆောင်စဉ်က လျိုမိသားစု ကူညီပေးထားသော စာတန်းများကို ယန်ရွှယ်က ကပ်ပြီး ချီဖန့်က ကော်သုတ်ပေးသည်။ သူတို့ ပြီးခါနီးတွင် ဘေးအိမ်မှ အဒေါ်ကော ထွက်လာ၏။

ကောချန်အန်းသည် လဝက်ခန့် ဆေးရုံတက်ရကာ အဒေါ်ကောနှင့် သူမ၏မြေးဖြစ်သူကိုသာ အိမ်မှာထားခဲ့ပြီး သူမ၏ အကြီးဆုံးသား ကောချန်ပင်းနှင့် ဇနီးဖြစ်သူမှာ ဆေးရုံတွင် နေခဲ့သည်။ သူမ၏ ရုန်းကန်မှုကို မြင်သောအခါ ယန်ရွှယ်က သူမအား ကူညီရန် ကမ်းလှမ်းခဲ့သည်။ ချီဖန့်သည် တိတ်ဆိတ်နေသော်လည်း ကန့်ကွက်ခြင်းမရှိဘဲ လိုက်လာခဲ့သည်။

"လူငယ်တွေကတော့ မြန်လိုက်တာ။" အဒေါ်ကော ကျေးဇူးတင်စကား ပြောလိုက်၏။ "ငါ ဆေးရုံကို သွားတော့မယ်၊ မင်းတို့နှစ်ယောက်ပဲ အိမ်မှာ ကျန်ခဲ့မှာပေါ့"

"အဒေါ်က အိမ်မှာ နှစ်သစ်ကူး မလုပ်ဘူးလား" ယန်ရွှယ် မေးလိုက်သည်။

"မလုပ်တော့ပါဘူး၊ ငါ ဖက်ထုပ်တွေ လုပ်ပြီးပြီ ဆေးရုံမှာပဲ အားလုံးနဲ့အတူ မျှစားတော့မယ်။ "

ဒါကလည်း ကောင်းသော ကိစ္စပင်၊ အနည်းဆုံးတော့ မိသားစုဝင်အားလုံး ဆုံနိုင်သည် မဟုတ်ပါလား။

အဒေါ်ကောသည် မြေးကိုလည်း ချီ၊ အိတ်များကိုလည်း မထားရသဖြင့် ယန်ရွှယ်က အိတ်အချို့ကို ဝိုင်းမပေးကာ လိုက်ပို့ပေးလိုက်၏။

လမ်းဆုံတွင် သူတို့သည် အခြားလူစုတစ်ခုနှင့် ဆုံခဲ့ရာ ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ပြဿနာရှာခဲ့သော အစ်ကို လျန်သည် ပုဝါအထူကြီးကို ပတ်ထားခဲ့သည်။ အရပ်ရှည်သည့်ကလေးသည် သူ့ဘေး၌ လမ်းလျှောက်နေပြီး သူ့ဇနီး ယွီချွေ့ယွင်သည် အငယ်တစ်ယောက်အား ချီထားခဲ့သည်။

"အားလပ်ရက် အိမ်ပြန်ကြတော့မလို့လား" အဒေါ်ကော မေးလိုက်သည်။

"အာ ဟုတ်တယ်" လျန်ချီမောင်သည် ယန်ရွှယ်ကို မြင်သောအခါ ပုဝါကို ပို၍ ဆွဲတင်လိုက်၏။

ထိုအချက်က ယန်ရွှယ်၏ အာရုံကို ဆွဲဆောင်သွားသည်။ အရင်က တွေ့စဉ်က ဒီထက် အေးသော်လည်း သူသည် ဦးထုပ်သာ ဆောင်းထားခဲ့သည်။ ယခု ဘာကြောင့် ပုဝါကို ပတ်ထားရသနည်း။ နောက်ပြီး ဘာလို့ အမျိုးသမီးတစ်ယောက်ရဲ့ပုံနဲ့ တူနေတာလဲ။

သူ ဒဏ်ရာတစ်ခုခုကို ဖုံးကွယ်နေတာလား။

သူမက သူ၏ မျက်နှာကို စိုက်ကြည့်ရင်း မေးလိုက်သည်။"အစ်ကို လျန်၊ နေမကောင်းဘူးလား"

"ဟုတ်တယ်၊ ဟုတ်တယ်။ တခြားသူတွေကို ကူးမှာစိုးလို့" သူက မလုံမလဲ ဖြေ၏။

သူမ ထပ်မေးမည်ကို စိုးရိမ်သဖြင့် သူက ခြေလှမ်းများကို မြန်လိုက်သည်။ "ရထားမီဖို့ လောနေလို့ သွားလိုက်ဦးမယ်" သူသည် အဒေါ်ကောလည်း အတူတူဆိုတာ မစဉ်းစားမိခဲ့ပေ။

ယခုမူ ယန်ရွှယ်ပို၍ သံသယဝင်သွား၏။ သူမ သူတို့ လာခဲ့သည့် ဘက်သို့ လှည့်ကြည့်လိုက်သည်။

ထိုဘက်မှာ သူတို့အိမ်၏ နောက်လမ်းပင် ဖြစ်သည်။ ဟိုတစ်နေ့ညက ရန်ဖြစ်နေတဲ့ လင်မယားက သူတို့များလား။

ယွီရုန်ကျစ် ကိစ္စကြောင့်လား။

ထိုအတောအတွင်း ယွီချွေ့ယွင်က သူမ၏ ခင်ပွန်းကို မေးမြန်းနေ၏။ "ဘာလို့ အဲ့လောက် အလောတကြီး ထွက်လာရတာလဲ။ သူ သိသွားမှာ ကြောက်လို့လား။ ရှင်က ဘယ်တုန်းကတည်းက သူ့ကို သိနေတာလဲ"

"ဒီစခန်းက အကျယ်ကြီးပဲ၊ မင်းက လူတိုင်းကို သိနေလို့လား" လျန်ချီမောင်က ငေါက်လိုက်သည်။

သို့သော် ယွီချွေ့ယွင်က လက်မလျှော့ဘဲ ဆက်မေးခဲ့၏။ "ဒါဆို ဘယ်လို သိတာလဲ ရှင်နဲ့တွေ့နိုင်ရင် ဘာလို့ ကျွန်မနဲ့ မတွေ့ရတာလဲ"

လျန်ချီမောင် ခေါင်းကိုက်သွားရသည်။ "စကားကို တိုးတိုးပြောစမ်းပါ။ ညက ရန်ဖြစ်ထားတာ မဝသေးဘူးလား။ ငါ့မျက်နှာကို အမေ့ကို ဘယ်လို ရှင်းပြရမလဲတောင် မသိဘူး"

"သူမကို အမှန်အတိုင်း ပြောလိုက်ပေါ့။ ရှင် ရုန်ကျစ်ကို မြှောက်ပေးပြီး ပြဿနာရှာခိုင်းတာလေ၊ ရှင်က မှန်တယ် ထင်နေတာလား"

ယွီချွေ့ယွင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ကျွန်မအဖေသာ မရှိရင် ရှင် ဒီထွန်စက်မောင်းတဲ့အလုပ်ကို ရမှာမဟုတ်ဘူး။ ပြီးတော့ သူ့ကို ဘယ်လိုပြန်ဆပ်ခဲ့လဲ။ အခု ရှင်က ရုန်ကျစ်ကို အသုံးချနေတာလား။ မနေ့ညက ကိုးနာရီကျော်အထိ သူ သတိမရသေးဘူး။ ဘယ်သူက သူ့ကို အဲ့လောက်အထိ တိုက်လိုက်တာလဲ မသိဘူး"

လျန်ချီမောင်သည်လည်း ယွီရုန်ကျစ်ကို ပြဿနာမရှာနိုင်ခင် အလဲတိုက်လိုက်သည့် လူမှာ မည်သူဖြစ်မည်နည်းဟု တွေးနေမိ၏။

သို့သော် သူ ဝန်မခံခဲ့ချေ။ "ငါက သူ့ကို ဘယ်တုန်းက အသုံးချလို့လဲ။ ချီဖန့် လက်ထပ်တယ်လို့ပဲ ပြောလိုက်တာလေ။ သူ အဲ့လောက်အထိ လုပ်မယ်လို့ ငါမှမသိတာ"

"ရှင် သူတို့နှစ်ယောက် ပြဿနာရှိတာကို မသိဘူးလား။ ရှင် သူ့ကို မတားနိုင်ဘူးလား"

"သူက နားထောင်မဲ့သူလား။ ပြီးတော့ မင်းလဲ အဲ့ဒီအချိန်မှာ အပြင်မှာ ရှိနေတာပဲ၊ မင်းလဲ သူ့ကို မမြင်ခဲ့ဘူးမလား"

"ဆင်ခြေတွေ ပေးမနေနဲ့။ ရှင်က အမြဲတမ်း ရုန်ကျစ်ကို မကြည့်ချင်တာ။ ဒါက တမင် လုပ်တာပဲ..."

သူတို့သည် လမ်းလျှောက်ရင်း ဆက်၍ရန်ဖြစ်နေကြရာ ကလေးများမှာလည်း တ‌စ်ယောက်မှာ တိတ်ဆိတ်နေပြီး တစ်ယောက်မှာ သမ်းဝေလျက် လိုက်လာကြရ၏။

'ဒါနဲ့ ဘယ်သူက ငါ့ဦးလေးကို အဲ့လောက်အထိ မူးအောင် တိုက်လိုက်တာလဲ။ မနေ့ညကတည်းက ဆူညံနေတာ၊ ငါတော့ ရူးတော့မှာပဲ။'

......

ချီဖန့် - အသားမစားရတဲ့ ပထမဆုံးနေ့ [sad][sad][sad]

All Chapters