အခန်း (၁၉)
Vol. 2 Ch. 19
“ဟတ်ချိုး— ”
ယန်ရွှယ်အိမ်ထဲသို့ ခြေလှမ်းလိုက်သည့် ခဏမှာပင် နှာချေလိုက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ တစ်စုံတစ်ယောက်က သူမအကြောင်း အတင်းပြောနေသည်မှာ ထင်ရှားလှပေ၏။
နှစ်သစ်ကူးအကြိုညစာအတွက် ဆန်ဆေးနေသည့် ချီဖန့်က ထိုအသံကြောင့် လှမ်းကြည့်လိုက်သည်။ သူ ဘာမှမပြောရသေးခင်မှာပင် ယန်ရွှယ်က လက်ကာပြလိုက်၏။ “ဘာမှမဟုတ်ဘူး။ တစ်ယောက်ယောက် ကျွန်မအတင်းပြောနေလို့နေမှာ။ စောစောက လျန်ချီမောင်နဲ့ ဆုံခဲ့တယ်လေ”
“သူက ဒီနားမှာပဲ နေတာလား” အကယ်၍ ထိုသို့သာဆိုလျှင် သူတို့နှစ်ဦး ဤနေရာ၌ လက်ထပ်လိုက်သည်ကို လျန်ချီမောင် မည်သို့သိရှိသွားသနည်းဟူသော အချက်မှာ ရှင်းလင်းသွားမည်ပင် ဖြစ်သည်။
ယန်ရွှယ်က ခေါင်းညိတ်ပြရင်း ဟင်းချက်ရန် ပြင်ဆင်ရင်း သူမသိလာသမျှကို ပြောပြလိုက်၏။ သူမသည် ယခင်ဘဝက စီးပွားရေးလုပ်ငန်းငယ်လေးတစ်ခု လုပ်ကိုင်ခဲ့ဖူးသူပီပီ အယူသီးသည့် အလေ့အကျင့်အချို့ ရှိခဲ့သည်။ နှစ်သစ်ကူးကဲ့သို့သော အခါကြီးရက်ကြီးများတွင် စားမည့်သူ မည်မျှပင်နည်းပါးစေကာမူ ကံကောင်းစေရန်အတွက် ဟင်းပွဲရှစ်မျိုးကို မဖြစ်မနေ ပြင်ဆင်လေ့ရှိ၏။
ဤခေတ်ကာလတွင် နံပါတ်ရှစ်ကို ကံကောင်းခြင်းသင်္ကေတအဖြစ် ယူဆသူမှာ နည်းပါးလှသည်။ လူအများစုမှာ နှစ်သစ်ကူးအတွက် ဟင်းပွဲခြောက်မျိုးကိုသာ ပြင်ဆင်လေ့ရှိကြပြီး လေးဂဏန်းကို ကံမကောင်းဟု မှတ်ယူကြသလို ရှစ်ဂဏန်းကိုလည်း အမာရွတ် သို့မဟုတ် အမည်းစက်များနှင့် ခိုင်းနှိုင်းတတ်ကြ၏။
သို့သော် ယန်ရွှယ်ကမူ ထိုအချက်များကို ဂရုမစိုက်ပေ။ သူမသည် ချမ်းသာကြွယ်ဝမှုကိုသာ လိုလားပြီး သူမ၏ မောင်လေး ယန်ကျိအန်းကို သူမနှင့်အတူ လာနေနိုင်ရန် လုံလောက်သော ငွေကြေးကိုသာ တောင့်တမိသည်။
ဟင်းပွဲများက များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ အရေအတွက်ကိုတော့ ပြည့်အောင် ဖြည့်ဆည်းလိုက်၏။ နောက်ဆုံးတွင် သူမသည် ပန်းကန်ခွက်ယောက်များအပါအဝင် ဟင်းပွဲရှစ်မျိုး တိတိကျကျဖြစ်အောင် စီမံနိုင်ခဲ့သည်။
အားလုံးပြင်ဆင်ပြီးစီးချိန်တွင် ညနေသုံးနာရီ ထိုးလုနီးပြီပင်။ စားပွဲပေါ်တွင် ဟင်းပွဲများ အပြည့်အစုံဖြင့် မိသားစုပြန်လည်ဆုံစည်းသည့် ညစာကို စားရန် ထိုင်လိုက်ကြသော်လည်း ကျန်ရှိသည့် မိသားစုဝင်များ မရှိခြင်းက ထိုအခိုက်အတန့်ကို မမျှော်လင့်ဘဲ အထီးကျန်ဆန်စေခဲ့လေ၏။
ယန်ရွှယ်က မင်္ဂလာဆောင်တုန်းက ကျန်နေခဲ့သည့် ပိုင်ကျို့ အရက်ပုလင်းကို ထုတ်ယူကာ သူမအတွက် ခွက်တစ်ဝက်နှင့် ချီဖန့်အတွက်မူ တစ်ငုံစာခန့် ငှဲ့ပေးလိုက်သည်။ သူမက ခွက်ကို မြှောက်ရင်း ပြုံးလိုက်၏။ “ပျော်ရွှင်စရာ နှစ်သစ်လေးဖြစ်ပါစေ”
သူမ ပြုံးလိုက်သည့်အခါ သူမ၏မျက်လုံးများက အထူးတလည် ဆွဲဆောင်မှုရှိနေပြီး စိုးရိမ်ပူပန်မှုများ ကင်းစင်နေသည့်အလား တောက်ပဝင်းလက်နေခဲ့သည်။
ချီဖန့် သူမကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ သူ၏ ကြွေခွက်ကို မြှောက်ကာ သူမ၏ခွက်နှင့် ခပ်ဖွဖွ တိုက်လိုက်၏။ “ပျော်ရွှင်စရာ နှစ်သစ်ပါ”
သန့်စင်သည့် ကောက်နှံများဖြင့် ချက်ထားသော ထိုအရက်သည် အနံ့မွှေးသလောက် လည်ချောင်းထဲသို့ စီးဝင်သွားသည့်အခါ စပ်ဖျဥ်းဖျဉ်းနှင့် ပူလောင်လှကာ လည်ချောင်းမှသည် အစာအိမ်အထိ လောင်မြိုက်သွားပြီးနောက် သူ၏မျက်နှာကို နီမြန်းပူနွေးလာစေသည်။
ယန်ရွှယ်၏ စိတ်ထင်ကြောင့်လား မသိသော်လည်း ချီဖန့်၏ နှုတ်ခမ်းများကမူ ပုံမှန်ထက် ပိုနီနေသယောင် ခံစားရလိုက်၏။ သူမက မေးစေ့ကို လက်ဖြင့်ထောက်ရင်း မေးမြန်းလိုက်၏။ “ရှင်က အမြဲတမ်း အရက်မသောက်နိုင်တာလား”
“အင်း” ချီဖန့်က ပုံမှန်အတိုင်း အေးစက်စက် လေသံဖြင့် ပြန်ဖြေခဲ့သည်။ “အရွယ်ရောက်တဲ့အထိ အရက်ကို တစ်ခါမှ မထိဖူးဘူး”
သို့သော် ယနေ့သည် နှစ်သစ်ကူးအကြိုညဖြစ်သောကြောင့်လား မသိ၊ သူသည် စကားတစ်လုံးထက် ပို၍ ပြောဆိုလာ၏။
ယန်ရွှယ်က ဟင်းတစ်လုပ်ကို မြည်းလိုက်ရင်း စကားစကို ဆက်၍ ဆွဲထုတ်ကြည့်လိုက်သည်။ “ဒါဆို ကြီးလာတော့ရော။ မိသားစုထဲက လူကြီးတွေနဲ့ မသောက်ဖူးဘူးလား”
အနှီသူကဲ့သို့ ရုပ်ရည်မျိုးရှိသည့် အမျိုးသားတစ်ဦးအတွက် အရက်မသောက်နိုင်ခြင်းမှာ အန္တရာယ်ရှိလှ၏။ အကယ်၍ သူမ၏ ယခင်ဘဝ၌သာဆိုလျှင် သူသည် အမျိုးမျိုးသော ပရိယာယ်များဖြင့် ထောင်ချောက်ဆင်ခြင်း ခံရနိုင်ပေသည်။
ချီဖန့်ကမူ ခေတ္တ တန့်သွားလေ၏။ “မသောက်ဖူးဘူး။ အရွယ်ရောက်ပြီးတည်းက ငါ့အချိန်တွေကို တောင်ပေါ်မှာပဲ ကုန်ဆုံးခဲ့တာ”
“တောင်ပေါ်မှာလား” ယန်ရွှယ် အံ့သြသွားမိသည်။
သူ၏ အဓိပ္ပာယ်ဖော်ရခက်သော မျက်ဝန်းနက်ကြီးများက သူမထံ၌ တည်ရှိနေ၏။ “ဟုတ်တယ်။ လေယာဉ်ရုံတွေကို စောင့်ရင်းနဲ့ပေါ့”
ခဏတာမျှ သူ၏မျက်ဝန်းထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ဟု သူမ ထင်လိုက်မိသော်လည်း သေချာအောင် မကြည့်ရသေးခင်မှာပင် ထိုအရိပ်မှာ ပျောက်ကွယ်သွားခဲ့သည်။
သူမ စကားလုံးကို ဂရုတစိုက် ရွေးချယ်ပြီး မေးလိုက်၏။ “နှစ်သစ်ကူးမှာတောင်မှလား”
“နှစ်တိုင်းပဲ” ထိုသူသည် မျက်တောင်ချလိုက်သော်လည်း မျက်နှာအမူအရာမှာမူ မထူးမခြားနားပင် ရှိနေသေးသည်။
တခြားသူများက မိသားစုဆီ ပြန်ကြသည့်အချိန်၊ နယ်ဘက်သို့ ရောက်နေသည့် ပညာတတ်လူငယ်များပင် အိမ်ပြန်ကြသည့်အချိန်၌ ထိုသူသည် သွားစရာနေရာ မရှိခဲ့ပေ။ ထို့ကြောင့် သူကသာ အမြဲတမ်း ချန်ရစ်ခြင်း ခံခဲ့ရသူ ဖြစ်ခဲ့ရ၏။
ဒီနှစ်မှာလည်း ထိုအတိုင်းပင် ဖြစ်လိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သော်လည်း မထင်မှတ်ထားသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။
သူသည် နောက်ထပ်တစ်ငုံကို သောက်ရင်း သူ၏သွယ်လျသော လက်ချောင်းလေးများဖြင့် ခွက်အနားသတ်ကို အသာအယာ ပွတ်သပ်နေခဲ့သည်။ ထိုသူ၏ မက်မွန်ပွင့်သဏ္ဌာန် မျက်ဝန်းအစုံမှာ တစ်ဝက်ခန့် မှေးစင်းနေပြီး မည်သည့်ခံစားချက်ကိုမျှ ဖော်ပြခြင်း မရှိပေ။
သူ ဘာတွေးနေသည်ကို ယန်ရွှယ် မသိသော်လည်း ပျော်ရွှင်စရာတစ်ခုခုတော့ မဟုတ်နိုင်ပေ။ တခြားသူများ မိသားစုနှင့် ပျော်ပါးနေချိန်မှာ ထိုသူသည် အေးစက်ခြောက်သွေ့နေသည့် လေယာဉ်ရုံကြီးတွေကို စောင့်ရင်း တောင်ပေါ်မှာ တစ်ယောက်တည်း ရှိနေခဲ့ရလေ၏။
သူမ အရက်ပုလင်းကို လှမ်းယူပြီး သူ့ခွက်ထဲသို့ ထပ်ထည့်ပေးလိုက်သည်။ “ဒီနေ့တော့ နည်းနည်းလောက် ထပ်သောက်ကြည့်ပါလား။ ရှင် ဘယ်လောက်ထိ သောက်နိုင်လဲ သိရအောင်လို့”
သူ့သောက်နိုင်စွမ်းကို သိချင်သည်ဖြစ်စေ၊ ဝမ်းနည်းမှုကို ဖြေဖျောက်ချင်သည်ဖြစ်စေ သူမ ဂရုမစိုက်ပေ။ သူမကိုယ်တိုင်လည်း အရက်သိပ်မမူးတတ်သူမို့ တစ်ဖက်လူက သောက်စားနေသည်မှာ ဆိုးလှသည်တော့ မဟုတ်ပေ။
သို့သော် သူက ခွက်ကို လက်ဖြင့်အုပ်ကာ တိုက်ရိုက်ပင် ငြင်းဆိုလာ၏။ “မလိုပါဘူး”
ထိုသူသည် မူးယစ်ခြင်းမှရသည့် မှားယွင်းသော သက်သာမှုကို အလိုမရှိဘဲ သတိကပ်နေခြင်းကိုသာ ပို၍ နှစ်သက်ပုံရသည်။ ယန်ရွှယ်သည် ပုလင်းကို လေထဲတွင် ခေတ္တမျှ ကိုင်ထားပြီးမှ ပြန်ချလိုက်၏။ “ပြီးတာပါပဲ”
နှစ်သစ်ကူးပွဲတော် ဖျော်ဖြေရေးအသံများ မရှိဘဲ အခန်းထဲမှာ တိတ်ဆိတ်လွန်းနေသည်။ နှင်းများ ဖုံးလွမ်းနေသည့် ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်ရင်း ယန်ရွှယ်၏ အတွေးများမှာ လွင့်ပျံသွားခဲ့၏။
သူမ၏မောင်လေး ယန်ကျိအန်း ဘယ်လိုနေမလဲဟု သူမ တွေးမိသည်။ သူမ၏ အိမ်ထောင်ရေးကိစ္စများ ပြီးစီးသွားပြီးနောက် အိမ်ကို စာတစ်စောင်နှင့်အတူ ငွေတစ်ရာ ပို့ပေးခဲ့ပြီး အလုပ်အဖွဲ့ထံ၌ တင်နေသည့် အကြွေးများကို ဆပ်ရန် အဘွားကို မှာကြားလိုက်၏။ ယခုအချိန်ဆိုလျှင် ထိုငွေများ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
သူမ၏မောင်လေးက စာဖတ်ရာတွင် အနည်းငယ် ခက်ခဲနေသေးသဖြင့် ကျိအန်း နားလည်စေရန် စာကို ရိုးရိုးရှင်းရှင်းသာ ရေးသားခဲ့၏။ သူ၏ ကျောင်းစာများလည်း လစ်ဟင်းနေပေလိမ့်မည်။ အဘွားကတော့ စာလုံးဝ မတတ်ပေ။
အပြင်ဘက်မှ လှုပ်ရှားသံတစ်ခုက ယန်ရွှယ်၏ အာရုံကို ဖမ်းစားလိုက်သည်အထိ ထမင်းစားပွဲမှာ တိတ်ဆိတ်နေခဲ့သည်။ နှင်းတွေကြောင့် ပြတင်းပေါက်က ကြည့်ရခက်နေသဖြင့် သူမသည် ဖိနပ်ကို စီးကာ အပြင်သို့ ထွက်ကြည့်လိုက်သည်။
ထိုသူမှာ ကောချန်ပင်းနှင့် သူ၏မိသားစုဝင် သုံးဦးတို့ ဖြစ်ကြသည်။ ကောချန်ပင်းကို အခြားတစ်ယောက်အား ဆေးရုံလိုက်ပို့စဉ်က သူမ ဆုံဖူးသော်လည်း သူ၏ဇနီးအား မြင်ရသည်မှာ ယခု ပထမဆုံးအကြိမ်ပင် ဖြစ်၏။သူမသည် ပင်ပန်းနေ၍လား၊ စိတ်ညစ်နေ၍လား မသိ၊ ထိုအမျိုးသမီး၏ မျက်နှာမှာ တင်းမာနေပြီး ပြုံးရယ်ခြင်း မရှိပေ။
အိမ်ငှားအသစ်များအကြောင်း သိထားကြသဖြင့် ဇနီးမောင်နှံနှစ်ဦးက ယန်ရွှယ်ကို နှုတ်ဆက်ပြီးနောက် ကလေးနှင့်အတူ အိမ်ထဲသို့ ဝင်သွားကြသည်။ သူတို့သည် နှစ်သစ်ကူးပြီးနောက် ဆေးရုံရှိ အဒေါ်ကောအား သွားရောက် လူလဲပေးကြမည့်ပုံပင်။
မထင်မှတ်ဘဲ ကောချန်ပင်းသည် အားလပ်ရက်မှာ အနားမယူခဲ့ချေ။ ထိုအစား သူသည် လီရှု့ဝူ၏ အိမ်အနီးတွင် ချောင်းမြောင်းစောင့်ဆိုင်းကာ သူ့ကို အပိုင်ဖမ်း၍ ဝိုင်းရိုက်ခဲ့၏။
“လီရှု့ဝူရဲ့ မိန်းမက အဒေါ်ကောကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကားခဲ့သမျှ သူက အကြွေးပြန်တောင်းလိုက်တာ ဖြစ်မှာပေါ့” လာလည်သည့် လျိုဝေကောက ပြောလာသည်။ “သွားနှစ်ချောင်းတောင် ကျိုးသွားတာလေ။ အခုလောက်ဆို သူ အကြပ်ရိုက်နေလောက်ပြီ— မြို့က ဆေးရုံမှာ သွားတုစိုက်ဖို့က ရက်တွေအကြာကြီး စောင့်ရအုံးမှာ၊ သစ်ခုတ်အဖွဲ့ကလဲ ရှစ်ရက်နေ့ဆို တောင်ပေါ် ပြန်တက်ရတော့မှာ။ သူတော့ တစ်လကျော်လောက် သွားမရှိဘဲ နေရတော့မှာပဲ”
သူ၏လေသံမှာ ရယ်မောချင်မှုများပါနေပြီး တခြားသူများကို ဒုက္ခပေးတတ်သည့် တစ်ကိုယ်ကောင်းဆန်သော လီရှု့ဝူ အပေါ်တွင် ဂရုဏာသက်ဟန် မရှိပေ။
ထိုဖြစ်ရပ်က ထမင်းစားပွဲဝိုင်းတွင် အတင်းပြောစရာ ဖြစ်ခဲ့သော်လည်း နှစ်သစ်ကူးပွဲတော်၏ ပျော်ရွှင်မှုများကိုတော့ မယှဉ်နိုင်ခဲ့ပေ။
ဝေးလံခေါင်ဖျားသည့် နေရာတစ်ခုဖြစ်သော်လည်း သစ်တောစခန်းသည် နိုင်ငံတော်စီးပွားရေး၏ အဓိကမဏ္ဍိုင်ဖြစ်သော သစ်လုပ်ငန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်၏။ သစ်တောရေးရာဌာနသည် နှစ်စဉ် သစ်ကုဗမီတာ သန်းပေါင်းများစွာကို ထုတ်လုပ်ပေးနေပြီး ဒေသတွင်း၌ အလုပ်အကိုင် အများအဆုံး ပေးထားသည့် နေရာတစ်ခုလည်း ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း သစ်တောရေးရာဌာနသည် အလုပ်သမားများနှင့် သူတို့၏ မိသားစုဝင်များအတွက် ရုပ်ရှင်ပြသပေးခြင်းနှင့် ယန်ကော အကပွဲများကဲ့သို့သော ဖျော်ဖြေရေးအစီအစဉ်များကို စီစဉ်ပေးလေ့ရှိ၏။ သစ်ထုတ်လုပ်မှု အမြင့်ဆုံး ရာသီများတွင်မူ ဖျော်ဖြေရေးအဖွဲ့များသည် သစ်ခုတ်သမားများကို ဖျော်ဖြေမှုပေးနိုင်ရန်အတွက် တောင်ပေါ်စခန်းများအထိပင် ခက်ခဲစွာ သွားရောက်ပေးခဲ့ကြသည်။
ယန်ရွှယ်သည် မနှစ်က ဖျော်ဖြေပွဲအပြီး နောက်ကျမှ ရောက်လာခဲ့သော်လည်း ယန်ကျင်းမှ နှင်ထုတ်ခံရသည့် နာမည်ကြီး အဆိုတော်တစ်ဦး လာရောက်ဖျော်ဖြေခဲ့သည်ဟူသော ကောလာဟလများကို သူမ ကြားခဲ့ရသည်။ မိသားစုများစွာမှာ ထိုအဆိုတော်၏ အသံကို နားထောင်ရန် တောင်ပေါ်အထိ သွားရောက်ခဲ့ကြသည်ဟု ဆိုကြ၏။
လျိုဝေကောသည် တစ်ယောက်တည်း လာခြင်းမဟုတ်ပေ။ သူ၏ညီမ လျိုချွမ်းချိုင်သည်လည်း ယန်ရွှယ်ကို ယန်ကော အက သွားကြည့်ရန် ဖိတ်ခေါ်ဖို့ လိုက်ပါလာခဲ့သည်။
ချီဖန့်ကမူ ထိုကဲ့သို့သော ပွဲလမ်းသဘင်များကို စိတ်မဝင်စားပေ။ မေးမြန်းကြည့်ရာတွင် သူ စိတ်မပါသည်မှာ သေချာသွားသဖြင့် မောင်နှမနှစ်ယောက်က ယန်ရွှယ်ကိုသာ ခေါ်သွားကြတော့၏။
ယန်ကော အဖွဲ့မှာ သက်ဝင်လှုပ်ရှားနေပြီး ဗုံများ၊ မောင်းများနှင့် အသံများ ဆူညံနေကာ ကပြသူများက ယပ်တောင်များကို လှည့်ပတ်ကစားရင်း၊ ဒေါက်ထောက်ဖိနပ်များ စီးကာ ခုန်ပေါက်ရင်း၊ မျက်နှာဖုံးကြီးများတပ်ကာ တစ်ဦးနှင့်တစ်ဦး လိုက်လံစနောက်နေကြသည်။
ယန်ကော အကအဖွဲ့က သစ်တောစခန်း၏ လမ်းမကြီးတစ်လျှောက် ကပြဖျော်ဖြေသွားကြရာ လမ်းဘေးတွင် လူကြီးလူငယ်မရွေး တန်းစီကာ ကြည့်ရှုနေကြ၏။ ယန်ရွှယ်သည် ဤခေတ်ကာလ၏ နှစ်သစ်ကူးပွဲတော် အရသာကို နောက်ဆုံးတွင် ခံစားလိုက်ရပြီ ဖြစ်သည်။ သူမ၏ ယခင်ဘဝ၌မူ ထိုကဲ့သို့သော လှုပ်ရှားမှုများမှာ ကွယ်ပျောက်သွားခဲ့ပြီပင်။
သူမ ပြုံးပြုံးရွှင်ရွှင်နှင့် ပြန်ရောက်လာသည့်အခါ ချီဖန့်က သူမကို မေးလိုက်၏။ “မင်း မြို့ကို ဘယ်တော့သွားဖို့ စဉ်းစားထားလဲ”
“မြို့ကိုလား” သူ ဤအကြောင်းကို ပြောခဲ့ဖူးသည်အား ယန်ရွှယ် မမှတ်မိပေ။
“ဟိုတစ်ခေါက်က မဝယ်ခဲ့ရသေးတာတွေ သွားဝယ်ဖို့လေ” ချီဖန့်က ဆိုသည်။ “ကိုယ် အားလပ်ရက် ကျန်နေသေးတုန်း”
ပြီးခဲ့သည့်အကြိမ်က သူမသည် အလျင်စလိုနှင့် တစ်ယောက်တည်း သွားခဲ့ရသဖြင့် မဝယ်ရသေးသည့် ပစ္စည်းအချို့ ကျန်ရှိနေခဲ့၏။ ယန်ရွှယ် ခေတ္တ စဉ်းစားလိုက်သည်။ “ဒေါ်လေး ရှန်ရှို့ဖန်ဆီလဲ ဝင်ရအောင်။ ပြီးခဲ့တဲ့တစ်ခေါက်က သူ့ကို မတွေ့ခဲ့ရဘူး”
“ဒေါ်လေး ရှန်ရှို့ဖန်လား” ချီဖန့် သူမကို လှမ်းကြည့်လိုက်သည်။
“ကျွန်မအဘွား ညီမရဲ့ သမီးအကြီးဆုံးလေ။ ရှင် မမှတ်မိဘူးလား။ သူမက မြို့မှာနေတာ။ ဒီကိုလာနိုင်အောင် ကူညီပေးခဲ့လို့ ကျွန်မ သူ့ကို ကျေးဇူးတင်ရအုံးမယ်”
ယန်မိသားစုတွင် ဆွေမျိုး မည်မျှရှိသည်ကို ချီဖန့် မသိသဖြင့် ထပ်မမေးတော့ချေ။ “ကောင်းပြီ”
ချီဖန့်၏ အဒေါ်နှင့် ပတ်သက်၍မူ သူသည် လွန်ခဲ့သည့် နှစ်အနည်းငယ်လုံးလုံး တောင်ပေါ်တွင် တစ်ယောက်တည်း ဖြတ်သန်းခဲ့ရသဖြင့် ယန်ရွှယ်ကလည်း ဘာမှ ထုတ်မပြောတော့ပေ။
သို့သော် သူတို့ မြို့ပေါ်ရောက်သည့်အခါ ရှန်ရှို့ဖန်နှင့် ထပ်မံ လွဲချော်ခဲ့ပြန်၏။ သူမ၏မိသားစုမှာ ယောက္ခမအိမ်သို့ နှစ်သစ်ကူးသွားနေကြပြီး လဆန်း ၆ ရက်နေ့မှသာ ပြန်လာကြမည် ဖြစ်သည်။
သူတို့သည် ၅ ရက်နေ့မှာ ရောက်လာခဲ့ကြခြင်းဖြစ်ပြီး နှစ်သစ်ကူးပွဲတော်များ ပြီးဆုံးလုနီးပါး ဖြစ်နေပြီပင်။ သစ်တောစခန်းမှ လာရသည်မှာ မလွယ်ကူသဖြင့် နောက်တစ်ခေါက် ထပ်မလာနိုင်တော့သောကြောင့် လက်ဆောင်ပစ္စည်းများကို မျက်နှာချင်းဆိုင်ရှိ အိမ်နီးချင်းထံတွင် ထားခဲ့လိုက်ကြ၏။
သူတို့နှစ်ဦး လမ်းကြားထဲမှ ထွက်လာစဉ်မှာပင် နောက်ထပ်လမ်းသွယ်တစ်ခုဆီသို့ ရယ်ရယ်မောမောဖြင့် ဦးတည်သွားနေကြသော လူငယ်တစ်စုနှင့် ထိပ်တိုက်တိုးမိလေသည်။
ချီဖန့်သည် သူတို့ကို တစ်ချက်သာ ကြည့်ပြီး မျက်နှာလွှဲလိုက်၏။ ယန်ရွှယ်ကမူ သတိမထားမိလိုက်သော်ငြား ထိုလူငယ်တွေထဲမှ တစ်ယောက်က လှည့်ကြည့်နေသဖြင့် သူငယ်ချင်းဖြစ်သူက ပခုံးဖြင့် တိုက်ကာ မေးလိုက်သည်။ “ဘာကြည့်နေတာလဲ”
“ဘာမှမဟုတ်ပါဘူး။ လူမှားတာ ဖြစ်မှာပါ”
ဤတစ်ခေါက်တွင်တော့ သူတို့လိုအပ်သမျှကို အားလုံး ဝယ်နိုင်ခဲ့ကြ၏။ တစ်ခုတည်းသော အခက်အခဲမှာ ဤခေတ်တွင် ပလတ်စတစ်အိတ်များ မရှိခြင်းပင် ဖြစ်သည်။ အရာအားလုံးကို စက္ကူဖြင့် ထုပ်ပိုးထားခြင်း သို့မဟုတ် စက္ကူကြိုးဖြင့် ချည်နှောင်ထားခြင်းသာ ရှိလေ၏။
ယန်ရွှယ်သည် လည်စည်းနှင့် လက်အိတ်များကို ချွတ်လိုက်သည်။ “ရှင်က ရှစ်ရက်နေ့ဆို တောင်ပေါ် ပြန်တက်ရတော့မှာဆိုတော့ ကျွန်မ ဘာတွေ ပြင်ပေးရအုံးမလဲ”
“မလိုပါဘူး” ချီဖန့်သည် ချက်ချင်း ငြင်းဆိုလိုက်သော်လည်း သူ၏လေသံ ပြင်းသွားသည်ကို သတိထားမိသွားပုံရပြီး သူမကို ကြည့်လိုက်၏။ “ကိုယ့်ဘာသာပဲ စီစဉ်လိုက်မယ်”
“ဒါဆိုလဲ ကျွန်မ ဝင်မရှုပ်တော့ဘူး” ယန်ရွှယ်သည် အသစ်ဝယ်လာသည့် ဘီစကစ်အချို့ကို သူ့အတွက် ထည့်ပေးရန် စဉ်းစားထားသော်လည်း သူက မလိုချင်ဟုဆိုသဖြင့် ဒီအတိုင်း ထားလိုက်တော့သည်။
သူမ ပစ္စည်းများကို သိမ်းဆည်းနေစဉ် ရထားဝန်ထမ်းတစ်ဦး ဖြတ်သွားလေ၏။ ထိုသူသည် ကျော်သွားပြီးမှ ပြန်လှည့်လာပြီး ယန်ရွှယ်ကို စိုက်ကြည့်နေခဲ့သည်။
ထိုသို့ကြည့်နေသည်ကို သတိထားမိသဖြင့် ယန်ရွှယ်က မေးလိုက်၏။ “တစ်ခုခု ကူညီပေးရမလား ရဲဘော်” ချီဖန့်လည်း လှည့်ကြည့်လိုက်သည်။
“မင်း ချီကို ပေးခဲ့…” အမည်ကို မသိနိုင်သည်ကို သတိရသွားသဖြင့် ထိုဝန်ထမ်းက စကားကို ပြင်လိုက်ပြီး မေးလာ၏။ “မင်း တစ်ယောက်ယောက်ကို ဖိနပ်ပုံဆွဲပေးခဲ့ဖူးလား။ ရိုလာစကိတ်ဆိုလား။”
“ရိုလာစကိတ်ကို ပြောတာလား” ယန်ရွှယ် ပေးခဲ့ဖူးသည်မှာ ထိုတစ်ခုသာ ရှိပေသည်။
ဝန်ထမ်းက ခေါင်းညိတ်ပြ၏။ “ဟုတ်တယ်၊ အောက်မှာ ဘီးလေးဘီး ပါတာလေ”
ထို့နောက် သူမနှင့် ဘေးတွင်ထိုင်နေသည့် ချီဖန့်ကို တစ်ချက်ကြည့်ပြီး ရထားဝန်ထမ်းက ထပ်ပြောလာခဲ့သည်။ “သူက မင်းကို တစ်ခု ပေးခိုင်းလိုက်တယ်။ ဒီမှာ ခဏစောင့်အုံး၊ နားနေခန်းထဲက သွားယူလိုက်မယ်”
“ကျွန်မအတွက် တစ်ခုလား” ယန်ရွှယ် အံ့သြသွားရ၏။
“မစိုးရိမ်ပါနဲ့၊ အဖိုးတန်တာတော့ မဟုတ်ပါဘူး” ဝန်ထမ်းက ထိုသို့ပြောရင်း ထွက်သွားပြီ ဖြစ်သည်။
ချီဖန့်သည် ပြတင်းပေါက်ဘေးတွင် ထိုင်ရင်း ယန်ရွှယ်ကို ကြည့်နေသော်လည်း ဘာမှတော့ မမေးပေ။
ယန်ရွှယ်ကမူ ချက်ချင်း ရှင်းပြလိုက်၏။ “ဟိုတစ်လောက ဈေးထဲမှာ လူတွေကို လိမ်ရောင်းနေတဲ့ အဘိုးဝမ်ကို မိခဲ့သေးတယ်လေ။ အလိမ်ခံရလုနီးပါး ဖြစ်သွားတဲ့လူက အခု ဝန်ထမ်းပြောတဲ့လူပဲ။ နောက်တော့ ရထားပေါ်မှာ သူနဲ့ ထပ်ဆုံတော့ သူက ကျွန်မ ပုံဆွဲနေတာကို မြင်သွားပြီး အဲဒီပုံကို တောင်းတာနဲ့ ပေးလိုက်တာ”
“ဒါက မင်း အရင်က ပြောဖူးတဲ့ ‘မနှစ်မြို့စရာ ကိစ္စ’ ဆိုတာလား”
“အကုန်လုံးတော့ မဟုတ်ဘူး” ယန်ရွှယ်က ထိုမျှအထိတော့ စိတ်ကောင်းရှိသူ မဟုတ်ပေ။ “အဘိုးဝမ်နဲ့ ကျွန်မက အရင်ကတည်းက ပြဿနာရှိဖူးတယ်။ သူက ကျွန်မရဲ့ ထင်းရှူးစေ့အိတ်ကို ဓားနဲ့ လှီးခဲ့တာလေ”
တစ်ခုပြီးတစ်ခုပါလား…
ချီဖန့်သည် တစ်ခုခု ပိုရှိနေဦးမည်ဟု ခံစားမိသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူ မြင်တွေ့ခဲ့ရသလောက် ယန်ရွှယ်သည် ပြဿနာရှာတတ်သူ မဟုတ်ပေ။ အမှန်တော့ လျိုမိသားစုနှင့် အဒေါ်ကောတို့က သူမအပေါ် ဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့် သူမသည် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတစ်ဦးဖြစ်ကြောင်း သိသာလှပေ၏။
သို့သော် သူမ အသေးစိတ် မပြောသဖြင့် သူလည်း ထပ်မမေးတော့ပေ။ မကြာမီ ဝန်ထမ်း ပြန်ရောက်လာခဲ့သည်။ “ရော့၊ ဒါကို သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ပေးထားတာ။ ရထားပေါ်မှာ မင်းနဲ့ မဆုံလို့ သိမ်းထားပေးရတာ”
ယန်ရွှယ်၏ ရှေ့တွင် လက်ဖြင့်ပြုလုပ်ထားသည့် သစ်သားရိုလာစကိတ် တစ်စုံ ရှိနေခဲ့၏။
“ပြန်ပေးခိုင်းဖို့တော့ မစဉ်းစားနဲ့နော်” ဝန်ထမ်းက ဆိုသည်။ “ဒါက မင်းရဲ့ ဆိုဒ်အတိုင်း လုပ်ထားတာ။ တခြားသူတွေ စီးလို့ရမှာ မဟုတ်ဘူး”
ထိုအချက်မှာ မှန်ကန်လှ၏။ ယန်ရွှယ်သည် ခန္ဓာကိုယ် သေးသွယ်သူဖြစ်ပြီး ထိုစကိတ်ဖိနပ်မှာ သူမနှင့် အံကိုက်ပင် ဖြစ်သည်။ ခြေထောက် အနည်းငယ်ကြီးသည့် အမျိုးသမီးများပင် စီးနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူမ ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်သည်။ “သူ့ကို ကျေးဇူးတင်ကြောင်း ပြောပေးပါအုံး”
သူမက ဝန်ထမ်းကို ငှက်ပျောသီးအချို့နှင့် ဘီစကစ်ထုတ်ကို ကမ်းပေးလိုက်၏။ “ပျော်ရွှင်စရာ နှစ်သစ်ပါ ရဲဘော်။ ဒါက ကျွန်မနဲ့ ကျွန်မအမျိုးသားဆီက လက်ဆောင်ပါ။ သူ့ကို ပေးပေးပါအုံး”
“ကျွန်မနဲ့ ကျွန်မအမျိုးသား” ဟူသော စကားလုံးကြောင့် ဝန်ထမ်းက ချီဖန့်ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည်။
သို့သော် ယန်ရွှယ်သည် ကိစ္စရပ်အားလုံးကို လိမ်မာပါးနပ်စွာ ကိုင်တွယ်နိုင်ခဲ့၏။ ကျေးဇူးတုံ့ပြန်သည့်အပြင် လာပို့ပေးသူကိုပါ လက်ဆောင်ပေးခဲ့သည်။ ဝန်ထမ်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။ “ကောင်းပါပြီ၊ ငါ သေချာ ပေးလိုက်ပါ့မယ်”