အခန်း (၁၃)
Vol. 2 Ch. 13
ဈေးထဲသို့ ဝင်သည်နှင့် အဘိုးအိုဝမ်နှင့် ထပ်ဆုံပြန်သည်။ ယခုတစ်ခါတွင်မူ သူသည် နှင်းမှိုများအစား ကြွက်နားရွက်မှိုများကို ရောင်းချနေသည်။
သူ့ဆိုင်ရှေ့တွင် အသက် ၂၀ ကျော်ခန့်ရှိကာ အရပ်အမောင်း အသင့်အတင့်ရှိသော လူငယ်တစ်ဦး ရပ်နေသည်။ သူသည် သစ်တောစခန်း၏ မီးခိုးရောင် ယူနီဖောင်းကို ဝတ်ဆင်ထား၏။ သူသည် ရုပ်ရည်မဆိုးသော်လည်း ဖောင်းအိနေသော မျက်လုံးငယ်လေးများကြောင့် ကြည့်ရသည်မှာ အနည်းငယ် ပျင်းရိငြီးငွေ့ဖွယ် အမူအရာ ပေါက်နေသည်။
ထိုလူငယ်သည် မှိုများကို အချိန်အတော်ကြာအောင် သေချာကြည့်နေသော်လည်း မဆုံးဖြတ်နိုင်ဘဲ ရှိနေသည်။ နောက်ဆုံးတွင် သူက "ဒါကို လက်ဆောင်ပေးဖို့ သင့်တော်မလား" ဟု အဘိုးအိုဝမ်ကို မေးလိုက်၏။
သူသည် သစ်တောစခန်းသို့ အသစ်ရောက်လာသူဖြစ်ကြောင်း ထင်ရှားလှသည်။ အတွေ့အကြုံရှိသူ မည်သူမဆို မှိုကို ဝယ်စရာမလိုဘဲ မိမိဘာသာ ရအောင် ရှာနိုင်ကြသည်သာ ဖြစ်သည်။
အဖိုးကြီးက ချက်ချင်း အမူအရာပြောင်းကာ ချိန်ခွင်ကို ကိုင်လိုက်သည်။ "လက်ဆောင်ပေးဖို့ အကောင်းဆုံးပဲ။ ဒါတွေက အဆင့်မြင့် နွေဦးမှိုတွေလေ။ အသားထူပြီး ရေစိမ်လိုက်ရင် အများကြီး ပွလာတာ။ နွေရာသီမှို ဒါမှမဟုတ် ဆောင်းဦးမှိုတွေနဲ့ မတူဘူး၊ အဲဒါတွေက အများကြီးချက်မှ နည်းနည်းပဲရတာ၊ စားလို့လဲ မကောင်းဘူး"
ထိုလူငယ်၏ အတည်ပြုချက်ကိုပင် မစောင့်ဘဲ သူက မှိုများကို ခပ်ယူကာ ချိန်လိုက်သည်။ "ဘယ်လိုလဲ၊ တစ်ပေါင်ခွဲ ရှိတယ်။"
ထိုလူငယ်မှာ စကားနည်းသူဖြစ်သဖြင့် ငြင်းဆန်မည့်အစား တွန့်ဆုတ်နေပြီးမှ "တစ်ပေါင်ဆိုရင် ရပါပြီ" ဟု တိုးတိုးလေး ပြောလိုက်သည်။
"တစ်ပေါင်တည်းလား။ လက်ဆောင်ပေးဖို့ဆိုရင် သိပ်နည်းလွန်းတာပေါ့၊ ကြည့်လိုက်ရင် ကပ်စေးနှဲရာ ရောက်လိမ့်မယ်။"
အဘိုးအိုဝမ်က သူ့စကားကို ဂရုမစိုက်ဘဲ သတင်းစာစက္ကူဖြင့် ထုပ်ပိုးရန် ပြင်ခံ့သည်။ သူက ချိန်ခွင်ပေါ်မှ မှိုများကို လောင်းထည့်ရန် ပြင်လိုက်စဉ်မှာပင် သွယ်လျဖြူဖွေးသော လက်တစ်ဖက်က လှမ်း၍ မှိုများကို ဆုပ်ကိုင်လိုက်၏။
သူ လှမ်းကြည့်လိုက်သောအခါ ရင်းနှီးနေသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။
ယန်ရွှယ်သည် လက်ထဲမှ မှိုများကို စစ်ဆေးကြည့်ကာ ပြုံးလိုက်ကာ "ဒါကို နွေဦးမှိုလို့ ခေါ်တာလား" ဟု စနောက်သည့် လေသံဖြင့် မေးလိုက်၏။
အဘိုးအိုဝမ် စိတ်ပူသွားသော်လည်း စိုးရိမ်စရာမရှိဘူးဟု မိမိကိုယ်ကိုယ် ပြန်အားပေးလိုက်သည်။
ဒီလို ဝန်ထမ်းလူငယ်လေးတောင် မခွဲခြားနိုင်တာကို အပြင်ကလာတဲ့ မိန်းကလေးတစ်ယောက်က ဘာသိမှာလဲ။ သူမ အိတ်ပေါက်နေတာကို သိသွားလို့ လာရန်တွေ့တာ ဖြစ်မှာပါဟု သူ တွေးလိုက်မိသည်။
သို့သော် သူ မကြောက်ပေ။ သူမမှာ သက်သေမရှိချေ။ သူမသာ သက်သေမရှိဘဲ စွပ်စွဲလာပါက သူမ လိမ်နေခြင်းဖြစ်ကြောင်း သူက ပြန်ပြောနိုင်သည်သာ ဖြစ်သည်။
အဖိုးကြီးက သူမကို မျက်စောင်းထိုးကြည့်ကာ "ဒါက နွေဦးမှို မဟုတ်ရင် ဘာမှိုလဲ။ ဆောင်းဦးမှိုလား" ဟု မေးလိုက်၏။
သူသည် ချိန်ခွင်ကို သူမဘက်သို့ တွန်းပို့ကာ မှိုများကို ပြန်ထည့်ရန် အချက်ပြလိုက်သည်။ "ဝယ်ချင်ရင် အလှည့်စောင့်ပါ။ မဝယ်ရင်လဲ သွားတော့။ ဒါက တခြားလူ မှာထားတာ၊ မင်း အဲ့လို လာကိုင်လို့မရဘူး"
"ရပါတယ်၊ ဒီမိန်းကလေးကို အရင် ရောင်းပေးလိုက်ပါ" လူငယ်က သူတို့ကြားမှ တင်းမာမှုကို သတိမထားမိဘဲ သဘောကောင်းစွာ ပြောလိုက်၏။
ယန်ရွှယ်သည် လက်ထဲမှ မှိုများကို ပြန်မထည့်ဘဲ အကဲခတ်ကြည့်ကာ ပြောလိုက်သည်။ "ဒါက ကြည့်ရတာ နွေဦးမှိုနဲ့ မတူသလိုပဲနော်"
"မင်း ရန်လာစနေတာလား" ဟုအဘိုးအိုဝမ်က ပြောကာ ချိန်ခွင်ကို အိတ်ထဲသို့ ဘုန်း ခနဲ ပြန်ထည့်လိုက်၏။
အဖိုးကြီး၏ အသံကျယ်သွားသဖြင့် ဘေးပတ်ဝန်းကျင်မှ လူများ သတိပြုမိသွားကြသည်။ သူသည် လူကြီးတစ်ဦးဖြစ်သဖြင့် လူများ၏ သံသယအကြည့်မှာ လူငယ်နှစ်ဦးပေါ်သို့သာ ကျရောက်လာသည်။
လူငယ်မှာ လူများ၏ အကြည့်အောက်တွင် အနေရခက်သွားကာ အသံကိုနှိမ့်၍ "အေးအေးဆေးဆေး စကားပြောကြရအောင်ပါ" ဟု ကြားဝင်ဖျန်ဖြေရန် ကြိုးစားလေ၏။
"ငါက အေးအေးဆေးဆေး မပြောလို့လား။ သူက ပြဿနာရှာနေတာလေ။” အဘိုးအိုဝမ်က ပို၍ အသံကျယ်လောင်စွာ အော်ဟစ်တော့၏။ “ ငါလို လူကြီးတစ်ယောက်ကို အနိုင်ကျင့်ရတာ လွယ်တယ်လို့ ထင်နေတာလား"
"ဒီမိန်းကလေးက မသိလို့ ဖြစ်မှာပါ..."
လူငယ်က ယန်ရွှယ်ဘက်မှ ကာကွယ်ပြောဆိုပေးရန် ကြိုးစားသော်လည်း သူမကမူ လှောင်ပြုံးလေးဖြင့် ပြန်မေးလိုက်သည်။ "ကျွန်မက မေးရုံတင် မေးတာပါ။ ရှင် ဘာလို့ ဒီလောက်တောင် ခုခံပြောနေရတာလဲ။ ကျွန်မပြောတာ မှန်နေလို့လား"
"လျှောက်မပြောနဲ့" အဖိုးကြီးက ဆဲဆိုတော့သည်။
ယန်ရွှယ်သည် သူ၏ဒေါသများ လျော့ပါးသွားသည်အထိ ဘာမှဝင်မပြောဘဲ စောင့်နေလိုက်သည်။ ထို့နောက်မှ သူမ၏ အပြုံးများ ပျောက်ကွယ်သွားကာ မေးလိုက်၏။
"နွေဦးမှိုက နွေရာသီရဲ့ အပူဆုံးနေ့ရက်တွေ မတိုင်ခင်မှာ ပေါက်တာ။ အကောင်ကြီးပြီး အသားထူတယ်၊ အရောင်က မီးခိုးနက်ရောင်ရှိပြီး ရေစုပ်ယူမှုအားလည်း ကောင်းတယ်။ အသားပါးတဲ့ နွေရာသီမှို ဒါမှမဟုတ် အကောင်သေးပြီး ရေစုပ်ယူမှုနည်းတဲ့ ဆောင်းဦးမှိုတွေနဲ့ မတူဘူး။ ကျွန်မပြောတာ မှားနေလို့လား"
အဘိုးအိုဝမ်သည် သူမက ဤမျှအထိ သိထားလိမ့်မည်ဟု မထင်ထားပေ။ သူသည် အံ့အားသင့်သွားပြီးမှ ပြန်အော်လိုက်သည်။"အဲ့တော့ ဘာဖြစ်လဲ"
"ဒါဆိုရင် နွေဦးမှိုက ဒီသုံးမျိုးထဲမှာ အကောင်းဆုံးဆိုတာကိုလည်း ရှင်သိမှာပေါ့။ ခူးတဲ့သူတွေက ရင့်တဲ့အကောင်တွေကိုပဲ ခူးကြပြီး အကောင်သေးလေးတွေကိုတော့ ကြီးထွားလာအောင် ချန်ထားခဲ့ကြတာ။ နွေရာသီနဲ့ ဆောင်းဦးမှိုတွေကိုပဲ အကြီးအသေး မခွဲဘဲ ခူးကြတာ"
ယန်ရွှယ်သည် အရာရာတိုင်းတွင် ကျွမ်းကျင်သူတစ်ဦး မဟုတ်သော်လည်း ယခင်ဘဝက ဖခင်ဖြစ်သူကို ပြုစုရင်း အွန်လိုင်းစတိုးတစ်ခု ဖွင့်ခဲ့ဖူးသည်။ ထိုစဉ်က သူမသည် ပျားရည်၊ ကြွက်နားရွက်မှိုနှင့် ဂျင်ဆင်းကဲ့သို့သော တောင်ပေါ်ထွက် ပစ္စည်းများကို ရောင်းချခဲ့ခြင်း ဖြစ်သည်။
ဤပစ္စည်းများနှင့် ရင်းနှီးကျွမ်းဝင်မှုကြောင့်ပင် သူမသည် ဒုတိယအဘွားအား အိမ်ထောင်ရေးကိစ္စ ကူညီပေးရန် တောင်းဆိုခဲ့ပြီး ဤအေးခဲလှသော မြောက်ဘက်နယ်စပ်ဒေသအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူမသည် အဖိုးကြီးကို စိုက်ကြည့်လိုက်ပြီး သူ စကားမပြောမီ ကြားဖြတ်ကာ ပြောလိုက်သည်။ "ရှင်က နောက်တစ်ခေါက် မသွားချင်လို့ အကုန်ခူးလာတယ်လို့ပဲ ထားပါဦး။ ဒါပေမဲ့ ဒီအရောင်က အရမ်းကို မည်းလွန်းနေတယ်"
သူမသည် သူမ၏ လက်ဖဝါးကို ဖြန့်ပြလိုက်ရာ အရွယ်အစားမညီသော မှိုများမှာ အလွန်အမင်း မည်းနက်နေသည်ကို တွေ့ရ၏။ သူမ ပြောပြချက်အရ ၎င်းတို့မှာ နွေဦးမှိုနှင့် လုံးဝ မတူပေ။
မှိုဝယ်ရန် ပြင်နေသော လူငယ်သာမက ဘေးပတ်ဝန်းကျင်မှ လူများကလည်း အဘိုးအိုဝမ်၏ မျက်နှာပျက်နေမှုကို လျစ်လျူရှုကာ ပစ္စည်းများကို သေချာစွာ စစ်ဆေးကြည့်ကြတော့သည်။
ယန်ရွှယ်သည် လက်ထဲမှ ကြွက်နားရွက်မှိုများကို ပြန်ချကာ ပြောလိုက်၏။ "အရောင်က နွေဦးမှိုနဲ့ မတူသလို အရွယ်အစားကလည်း ဆောင်းဦးမှိုနဲ့ မကိုက်ညီဘူး။ ဒါတွေက အညံ့ဆုံးဖြစ်တဲ့ နွေရာသီမှိုတွေ မဟုတ်လား။ နွေရာသီမှိုကို နွေဦးမှိုဈေးနဲ့ ရောင်းနေတာလား။ ကျွန်မကတော့ မဝယ်ရဲပါဘူး"
မည်သည့် တုံ့ပြန်မှုကိုမျှ မစောင့်တော့ဘဲ သူမသည် စွပ်ဖားကို ဆွဲကာ ထွက်ခွာသွားတော့သည်။
အစောပိုင်းက အိတ်ပေါက်သွားသည့် ကိစ္စအတွက် သူမတွင် သက်သေမရှိသော်လည်း ၎င်းအတွက် ရန်တွေ့ရန်လည်း သူမ စိတ်မကူးခဲ့ပေ။ သူကိုယ်တိုင်ကသာ သူမအတွက် အခွင့်အရေးတစ်ခုကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
သူမသည် လူစုလူဝေးဖြစ်အောင်လည်း မလုပ်ခဲ့ပါ။ သတင်းများ ပြန့်နှံ့သွားသည်ဖြစ်စေ၊ သူ၏ စီးပွားရေး ထိခိုက်သွားသည်ဖြစ်စေ သူမနှင့် မဆိုင်တော့ပေ။
အနီးအနားတွင် တောဝက်သား ရောင်းနေသည်ကို မြင်သောအခါ ယန်ရွှယ်သည် ခြေလှမ်းများကို မြန်လိုက်ကာ လူအုပ်ထဲသို့ တိုးဝင်သွားခဲ့သည်။
တောဝက်သားမှာ အိမ်မွေးဝက်သားကဲ့သို့ အရသာမကောင်းပါ။ အထူးသဖြင့် အသားသီးသန့်မှာ မာကျောပြီး ကြမ်းတမ်းလှသည်။
သို့သော် ၎င်းမှာ အသားဝယ်ကူပွန် မလိုသလို ဝယ်ယူမှု ကန့်သတ်ချက်လည်း မရှိဘဲ ဈေးလည်း ပေါလှသည်။ အဆီပါသော အပိုင်းများကို ဝက်ဆီချက်ရန် အသုံးပြုနိုင်သည်။ တစ်ပေါင်လျှင် ၆၀ ပြားသာ ရှိသဖြင့် ယန်ရွှယ်သည် အပေါင် ၂၀ ကျော် ဝယ်ယူကာ စွပ်ဖားပေါ်သို့ တင်လိုက်၏။
ဝယ်စရာ အခြားပစ္စည်း မရှိတော့သဖြင့် သူမသည် မွန်းလွဲပိုင်းအထိ လျှောက်ကြည့်နေပြီးနောက် အိမ်ပြန်ရန်အတွက် ရထားငယ်စီးရန် ဘူတာသို့ ထွက်လာခဲ့သည်။
ရထားပေါ်တက်စဉ် သူမ၏ အတွေးများမှာ ရှန်ရှို့ဖန်နှင့် တွေ့စဉ်က မိန်းကလေးတစ်ဦး စီးထားသော ရေခဲစကိတ်စီးဖိနပ်များဆီသို့ ရောက်သွားသည်။ ၎င်းက လျိုချွမ်းချိုင်ကို သတိရစေ၏။
နောက်ပိုင်းတွင် သူမက ချီဖန့်ကို မေးမြန်းကြည့်ရာ လျိုချွမ်းချိုင်၏ အစ်ကိုဖြစ်သူမှာ ရေခဲပြင်ပေါက်၍ ရေနစ်သေဆုံးခဲ့ဖူးသဖြင့် လျို မိသားစုက ကလေးများကို ရေခဲစကိတ်မစီးခိုင်းခြင်း ဖြစ်ကြောင်း သိခဲ့ရသည်။
ပင်မမြစ်ရှိ ရေခဲပေါက်များမှာ အများအပြားရှိပြီး ငါးဖမ်းပေါက်များထက် ပို၍ ကြီးမားသဖြင့် ပို၍ အန္တရာယ်ရှိသည်။ အချိန်မီ ကယ်တင်နိုင်ခဲ့သော တချမ်းနှင့် မတူဘဲ လျိုချွမ်းချိုင်၏ အစ်ကိုမှာမူ ကံမကောင်းခဲ့ပေ။ ရေထဲမှ ပြန်ဆွဲတင်သည့်အချိန်တွင် နောက်ကျသွားသဖြင့် နာရီအနည်းငယ်အတွင်း သေဆုံးသွားခဲ့သည်။ ထို့ကြောင့်ပင် လျိုမိသားစုက ကလေးများကို ရေခဲစကိတ်မစီးခိုင်းခြင်း ဖြစ်သည်။
လျိုမိသားစုသာမက ထိုဖြစ်ရပ်ပြီးနောက်
မိဘတိုင်းမှာ ကလေးများကို ပို၍ တင်းကျပ်စွာ ထိန်းသိမ်းကြသည်။ ရေခဲပေါက်များအနီး သို့မဟုတ် နွေဦးပေါက် ရေခဲအရည်ပျော်ချိန် မြစ်များပေါ်တွင် စကိတ်စီးခြင်းကို တင်းကျပ်စွာ တားမြစ်ထားကြ၏။
သို့သော် ရေခဲစကိတ်စီးချင်ပါက ရေခဲပြင်ပေါ်သို့ သွားရန် မလိုအပ်သည်မှာ အမှန်ပင် ဖြစ်သည်...
ခရီးစဉ်မှာ တစ်နာရီကျော် ကျန်သေးသဖြင့် ယန်ရွှယ်သည် မနေ့က ဝယ်စရာစာရင်း ရေးထားသော မှတ်စုစာအုပ်ကို ထုတ်ကာ ဒူးပေါ်တင်၍ ပုံဆွဲတော့သည်။ သူမ သတိမထားမိလိုက်ခင် ဖြတ်သွားသူတစ်ဦးသည် သူမဘေးတွင် တုံ့ဆိုင်းနေပြီးနောက် ရပ်ကြည့်နေတော့သည်။
ချီဖန့်တစ်ယောက် ဒီတိုက်ဆိုင်မှုကို မယုံနိုင်လောက်အောင် ဖြစ်နေရသည်။ စောစောက စျေးထဲတွင် သူ့ကို ကူညီခဲ့သည့် မိန်းကလေးမှာ ယခု ဤရထားပေါ်သို့ အတူတူ ရောက်ရှိနေသည် မဟုတ်ပါလား။
သူမ၏ မျက်နှာလေးမှာ ရင်းနှီးနေသလို ရှိသည်။ အထူးသဖြင့် ပြုံးလိုက်လျှင် လခြမ်းကွေးလေးသဖွယ် ဖြစ်သွားတတ်သည့် တောက်ပသော မျက်ဝန်းဝိုင်းလေးများမှာ အမှတ်ရစရာ ဖြစ်၏။ သူမ မပြုံးနေသည့် အချိန်၌ပင် ထိုမျက်ဝန်းလေးများထဲတွင် တစ်စုံတစ်ခုကို သဘောကျနေဟန် အရိပ်အယောင်လေးများ အမြဲကိန်းအောင်းနေတတ်သည်။
သူမ မျက်နှာကို အုပ်ထားသည့် ပဝါကို အောက်သို့ ဆွဲချလိုက်သောအခါ ပို၍ပင် လှပသွားပြီး တည့်တည့်ကြည့်ရန်ပင် ခက်ခဲလောက်အောင် စူးရှတောက်ပနေတော့သည်။ သို့သော်လည်း ချီဖန့်မှာမူ သူမ၏ အနီးအနားတွင်သာ မယောင်မလည် တဝဲဝဲလည်နေမိသည်။
ဘာပဲဖြစ်ဖြစ် ရထားပေါ်မှာ ထိုင်ခုံမှ မကျန်တော့တာ၊ ဒီနားမှာ ရပ်နေတာက တခြားနေရာမှာ ရပ်နေတာနဲ့ ဘာမှမထူးပါဘူး...
ချီဖန့်သည် သူမ၏ အကြည့်များကို ရှောင်လွှဲနေသော်လည်း သူမ၏ လက်ကလေးများကိုမူ မသိမသာ ခိုးကြည့်နေမိ၏။
ထိုမိန်းကလေး၏ လက်ကလေးများမှာ ဖြူဖွေးနုနယ်နေပြီး သွယ်လျသော လက်ချောင်းလေးများမှာ လှပလွန်းလှသည်။ ဤဒေသရှိ လူအများစုကဲ့သို့ လက်ဆစ်များ ကြမ်းတမ်းကြီးထွားနေခြင်း မရှိပေ။ သူမသည် ခဲတံကို အလိုက်သင့် ကိုင်ထားပြီး စာရွက်ပေါ်တွင် ဖိနပ်ပုံကြမ်းတစ်ခုကို ဘာတွန့်ဆုတ်မှုမှ မရှိဘဲ ကျွမ်းကျင်စွာ ဆွဲနေသည်မှာ မြင်ရသူအဖို့ စွဲမက်စရာ ကောင်းလှသည်။
ထူးဆန်းသည်မှာ ထိုဖိနပ်၏ အောက်ခြေတွင် ဘီးလေးဘီး ထည့်ဆွဲလိုက်ခြင်းပင် ဖြစ်သည်။ သူမသည် ထိုပုံကို သဘောမကျပုံရသဖြင့် စာရွက်အသစ် တစ်ရွက်သို့ လှန်ကာ ပြန်ဆွဲနေပြန်သည်။
ဤတစ်ကြိမ်တွင်မူ ပုံမှန်ဖိနပ်ပေါ်ကနေ ထပ်စွပ်လို့ရသည့် ရေခဲလျှောစီးဖိနပ်နှင့် တူသော အစွပ်ပုံစံကို ကြိုးများ၊ ဘီးလေးဘီးများနှင့်တကွ သေချာစွာ ရေးဆွဲနေပြန်၏။
သူမ ဘာကို ဒီဇိုင်းဆွဲနေသည်လဲဆိုသည်ကို ချီဖန့်စတင် သဘောပေါက်လာသည်။ သို့သော်လည်း အာရုံစူးစိုက်ကြည့်နေမိသဖြင့် ပတ်ဝန်းကျင်ကို မေ့သွားကာ ရထားအရှိန်ကြောင့် အနည်းငယ် ယိမ်းထိုးသွားစဉ် သူမ၏ ပုခုံးကို အမှတ်မထင် တိုက်မိသွားတော့သည်။
“တောင်းပန်ပါတယ်၊ ကျွန်တော် တကယ် တောင်းပန်ပါတယ်” သူက ပျာပျာသလဲ ပြောလိုက်၏။
ယန်ရွှယ် “ရပါတယ်” ဟု အမှတ်မထင် ပြန်ဖြေလိုက်ပြီးမှ မော့ကြည့်လိုက်ရာ ကမ္ဘာကြီးသည် တကယ်ပင် ကျဉ်းမြောင်းလှသည်ဟု တွေးမိသွားသည်။
သူလည်း သူမကို မှတ်မိသွားပုံရသည်။ သူမက အကြည့်လွှဲလိုက်သည်ကို မြင်သောအခါ သူက ထပ်တောင်းပန်ခဲ့သည်။ “တကယ် တမင်တိုက်တာ မဟုတ်ပါဘူး”
ထို့နောက် သူက ခေါင်းကို ရှက်ကိုးရှက်ကန်း ကုတ်ရင်း ထပ်ပြောလာ၏။ “ပြီးတော့ စောစောကအတွက်လဲ ကျေးဇူးတင်ပါတယ်၊ ခင်ဗျားသာ မကူညီရင် ကျွန်တော် ကျွန်တော့်အဒေါ်အတွက် ဟိုကြွက်နားရွက်မှိုတွေကို ဝယ်မိတော့မှာ”
ယန်ရွှယ်မှာမူ စိတ်ရင်းသက်သက်ဖြင့် ကူညီခဲ့ခြင်း မဟုတ်သဖြင့် ကျေးဇူးတင်စကားကို သိပ်မခံယူချင်ပေ။ ထို့ကြောင့် သူမ ပြုံးရင်း မေးလိုက်သည်။ “အဆင်ပြေတာရော ဝယ်ခဲ့ရရဲ့လား”
သူက ရိုးရိုးသားသား ဖြေလာ၏။ “ဟုတ်ကဲ့၊ စျေးထဲက တခြားဆိုင်တစ်ဆိုင်ကနေ ဝယ်ခဲ့ပါတယ်” ထို့နောက် စက္ကူဖြင့် ထုပ်ထားသော အထုပ်ကို ပျာပျာသလဲ ထုတ်ပြခဲ့သည်။
“ဖွင့်မပြပါနဲ့၊ ဖိတ်ကုန်ပါဦးမယ်” ယန်ရွှယ် အနည်းငယ် စိတ်မရှည်သလို ပြောလိုက်ရ၏။
လူငယ်လေးမှာ အနေရခက်စွာဖြင့် ထိုအထုပ်ကို ပြန်သိမ်းလိုက်သည်။
သူ့စိတ်ထဲ အဆင်မပြေဖြစ်နေသည်ကို သတိထားမိသဖြင့် ယန်ရွှယ်က စကားလမ်းကြောင်း လွှဲလိုက်သည်။ “အခုတော့ အဒေါ်ကို ပေးဖို့ လက်ဆောင်ရသွားတာပေါ့”
ထိုအခါ သူက ခေါင်းကို ပို၍ပင် အားရပါးရ ကုတ်ရင်း ပြန်ပြော၏။ “တကယ်က အဒေါ်ဆီသွားရင်း ကိစ္စလေးတစ်ခု မေးမလို့ပဲ၊ ဒါပေမဲ့ သူ့ယောက္ခထီး နေမကောင်းလို့ဆိုပြီး ကျွန်တော့်ဦးလေးနဲ့အတူ နယ်ပြန်သွားကြတယ်၊ အဲဒါကြောင့် မတွေ့ခဲ့ရဘူးဗျ”
မလိုအပ်ဘဲနှင့် အကုန်လျှောက်ပြောနေတတ်သော ထိုလူမှာ အားနာစရာကောင်းလောက်အောင်ပင် ရိုးအလွန်းလှသည်ဟု ဆိုရမည်။
ယခင်ဘဝက စျေးဆိုင်နှင့် အွန်လိုင်းရှော့ပင် လုပ်ငန်းများ လုပ်ကိုင်ခဲ့စဉ် ခက်ခဲသော ဖောက်သည်ပေါင်းစုံနှင့် တွေ့ခဲ့ဖူးသော်လည်း ဤကဲ့သို့ ပွင့်လင်းရိုးသားလွန်းသည့် လူမျိုးနှင့်တော့ ယန်ရွှယ် မဆုံဖူးသေးပေ။ ထို့ကြောင့် သူမ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားရ၏။
သူမသည် အကြည့်ကို နှိမ့်ချလိုက်ကာ တိုက်မိစဉ်က ဆွဲမိသွားသော ခဲကြောင်းကို ခဲဖျက်ဖြင့် ဖျက်ရင်း ပြောလိုက်သည်။ “နှမြောစရာပဲ၊ သူမပြန်လာတဲ့အထိ စောင့်ရတော့မှာပေါ့”
ချီဖန့်က အင်း ဟုသာ အသံပြုပြီး သူမ၏ လှုပ်ရှားမှုများကို ငေးကြည့်နေမိသည်။ သူ တစ်ခုခုကို မေးချင်နေသော်လည်း စကားလုံး ရှာမရ ဖြစ်နေပြန်၏။
ယန်ရွှယ်မှာမူ ထိုအရာကို သတိမထားမိပေ။ ခဲဖျက်က သိပ်မပြောင်သည့်အပြင် စက္ကူပါ နည်းနည်း စုတ်သွားသည်ကို မြင်သောအခါ စာရွက်အသစ်သို့ လှန်ကာ ပုံကို ပြန်ဆွဲလိုက်သည်။
နှစ်ဦးသား ဘာစကားမှ မပြောဖြစ်ဘဲ တစ်ယောက်က ထိုင်၊ တစ်ယောက်က ရပ်လျက်ဖြင့် ကျင်းချွမ်သစ်တောဘူတာသို့ ရောက်ရှိကြောင်း အသိပေးသံ ကြားရသည်အထိ တိတ်ဆိတ်နေခဲ့ကြသည်။
ယန်ရွှယ်က သူမ၏ ပုံဆွဲစာအုပ်ကို ပိတ်ပြီး အိတ်ထဲထည့်ကာ ဆင်းရန် ပြင်လိုက်သောအခါ ချီဖန့်မှာ လန့်သွားရ၏။ “ခင်ဗျား ဒီမှာ ဆင်းမှာလား”
“အင်း” သူမ ပြန်ဖြေပြီး မျက်နှာကို ပဝါဖြင့် ပြန်အုပ်လိုက်၏။
ချီဖန့် ပျာယာခတ်သွားရသည်။ “နေပါအုံး၊ ခုနက ဆွဲနေတဲ့ပုံလေး... ကျွန်တော့်ကို ပေးလို့ရမလား”
“Roller skates ပုံကိုလား” ယန်ရွှယ်မှာ အနှီးသူက စိတ်ဝင်တစား ရှိနေသည်ကို အံ့သြသွားရသည်။
Roller skates ဆိုတာ ဘာလဲဆိုသည်ကို ချီဖန့် မသိသော်လည်း မျက်နှာလေး ရဲတက်သွားကာ ပြောလိုက်သည်။“ဟို... ခုနက ပျက်သွားတဲ့ စာရွက်လေးပဲ ပေးပေးရင် ရပါတယ်”
နားမလည်နိုင် ဖြစ်နေသော်လည်း ဤခေတ်ကာလတွင် ဤကဲ့သို့ ဖိနပ်မျိုးက ဆန်းသစ်နေဦးမည်ဟု ယန်ရွှယ် တွေးမိသည်။ သူမ အချိန်မရွေး ပြန်ဆွဲနိုင်သည်ဖြစ်ရာ သပ်သပ်ရပ်ရပ် ရှိသော စာရွက်ကို ဆွဲဖြဲပြီး သူ့ကို ပေးလိုက်၏။
ခရီးသည်များ ဆင်းသွားပြီး ရထား ပြန်ထွက်သောအခါ ရထားဝန်ထမ်းက တံခါးများကို ပိတ်ရင်း တစ်နေရာတည်းတွင် ရပ်နေဆဲဖြစ်သော ချီဖန့်ကို မြင်လိုက်ရသည်။ “ထိုင်ခုံ အားနေပြီလေ၊ မထိုင်တော့ဘူးလား”
“ဪ၊ ကျွန်တော် ဒါလေး ကြည့်နေလို့ပါ” ချီဖန့်က ပုံကြမ်းစာရွက်လေးကို အမြန် ထောင်ပြလိုက်၏။
ရထားဝန်ထမ်းမှာလည်း ရှောင်ကျင်းချွမ်ကပင်ဖြစ်ပြီး ချီဖန့်နှင့် ရွယ်တူဖြစ်သောကြောင့် အတန်ငယ် ရင်းနှီးသူ ဖြစ်သည်။
ချီဖန့်က စာရွက်ကို ဖြန့်လိုက်ရင်း ပြောလိုက်၏။ “ဒါက Roller skate တစ်မျိုး ထင်တယ်၊ ကြည့်ရတာ ရှုပ်ထွေးတယ်ဗျ၊ လုပ်လို့ရပါ့မလားတောင် မသိဘူး”
“တစ်ခါမှ မမြင်ဖူးပါဘူး” ရထားဝန်ထမ်းက စိတ်ဝင်တစား အကြံပေးရှာသည်။ “ဒါပေမဲ့ ဦးလေးယန်ကို ပြကြည့်ပါလား၊ သူ့မိသားစုက လက်မှုပညာမှာ နာမည်ကြီးတယ်လေ၊ အနုစိတ်တာတွေကို သူတို့ လုပ်နိုင်တယ်”
ချီဖန့်က ခေါင်းညိတ်လိုက်ပြီး စာရွက်ကို သေချာပြန်ခေါက်ကာ အိတ်ကပ်ထဲ ထည့်လိုက်၏။
ဘူတာမှာ ခရီးသည် သိပ်မရှိသဖြင့် ရထားဝန်ထမ်းက အနားတွင် ခဏမှီရပ်ရင်း မေးမြန်းခဲ့၏။ “နေပါအုံး၊ မင်းကို အိမ်က လူကြီးတွေ အောင်သွယ်ထားတယ်ဆိုတာ ဘယ်လိုဖြစ်သွားလဲ”
“မတွေ့ရသေးဘူး” ချီဖန့် ပြန်ဖြေလိုက်သည်။ တကယ်တော့ သူသည် ထိုကိစ္စကို စီစဉ်ပေးသော အဒေါ်ဖြစ်သူထံ သွားမေးရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း သူမ မရှိသဖြင့် ပြန်လာသည်အထိ စောင့်ရန်မှတစ်ပါး အခြားမရှိတော့ပေ။
“မင်း အလိမ်ခံရတာတော့ မဟုတ်ပါဘူးနော်” ဝန်ထမ်းက နောက်ပြောင်လိုက်သည်။
ချီဖန့်က တည်တည်တံ့တံ့ဖြင့် ခေါင်းခါလိုက်၏။ “မဖြစ်နိုင်တာ၊ သူမက ကျွန်တော်တို့ အရပ်ကပဲ၊ သူမနောက်ကြောင်းကိုလဲ သိပါတယ်၊ တစ်ခုခုကြောင့် ကြန့်ကြာနေတာ နေမှာပါ”