← Chapters

အခန်း (၂၁)

Vol. 3 Ch. 21

အခန်း (၂၁)

Vol. 3 Ch. 21

သူသည် ဘာမှလုပ်စရာမရှိသဖြင့် ကြေးခွက်ပါသော သစ်သားရိုးတံ ဆေးတံအိုကြီးကို မီးညှိလိုက်သည်။

အရှေ့မြောက်ပိုင်းဒေသ၏ လူကြီးပိုင်းများတွင် အမျိုးသမီးများပင်လျှင် ဆေးတံသောက်လေ့ရှိပြီး သူတို့၏ ဆေးတံများမှာ ပိုရှည်ကာ အမျိုးသားများမှာမူ ပိုတို၏။ လျိုတနျိုသည် သစ်ထုတ်လုပ်ရေး လုပ်ငန်းခွင်သို့ သွားမှသာ အလွယ်တကူ သောက်နိုင်ရန် စီးကရက်ကို ပြောင်းသောက်လေ့ရှိသည်။

သူသည် ရှု့ဝမ်လီအား ယုံကြည်ချက်ရှိရှိ ပြောခဲ့သော်လည်း သူကိုယ်တိုင်လည်း အပြည့်အဝတော့ မသေချာလှချေ။ ချီဖန့်သည် အလကား စကားအလွတ်များ ပြောမည့်သူ မဟုတ်ကြောင်းသာ ယုံကြည်နေမိ၏။

ဆေးတံ နှစ်အိုးခန့် အေးအေးလူလူ သောက်ပြီးနောက်တွင် အတွင်းဘက်မှ စက်သံများ ရပ်တန့်သွားလေသည်။

မကြာမီ ရှု့ဝမ်လီထွက်လာခဲ့၏။ ထိုသူသည် ဝတ်စုံကို ဝတ်ထားဆဲဖြစ်သော်လည်း မျက်နှာဖုံးနှင့် လက်အိတ်ကို ချွတ်ထားပြီး စက်ပစ္စည်းအစိတ်အပိုင်းငယ် နှစ်ခုကို မီးရောင်အောက်တွင် သေချာစစ်ဆေးနေခဲ့သည်။

လျိုတနျိုသည် သူ၏ ဆေးတံကို နံရံတွင် တစ်ချက်ခေါက်ကာ ခါလိုက်ပြီး အနားသို့ အမြန်လျှောက်သွားခဲ့သည်။ "သူ လုပ်နိုင်ခဲ့လား"

"ကြည့်ကြည့်အုံး၊ အတူတူပဲ မဟုတ်လား" ရှု့ဝမ်လီက ပစ္စည်းများကို ကမ်းပေးလိုက်၏။

လျိုတနျိုက မီးရောင်အောက်တွင် မျက်စိမှေးကာ ကြည့်လိုက်သည်။ "တော်တော်လေး ဆင်တာပဲ၊ ဒါပေမဲ့..." သူက ညာဘက်လက်ထဲက တစ်ခုကို မြှောက်ပြလိုက်သည်။ "ဒါလေးကတော့ နည်းနည်း ဟောင်းနေသလိုပဲ"

ရှု့ဝမ်လီက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။ "အဲဒါ မင်းရဲ့ နာရီထဲက ပျက်နေတဲ့ အဟောင်းလေ"

လျိုတနျိုတစ်ယောက် ဆွံ့အသွားရသည်။ "ဒါ ငါ့ဟာလား" သူ ပြန်လည်စစ်ဆေးကြည့်လိုက်၏။

"ငါကိုယ်တိုင် ဖြုတ်ထားတာလေ၊ မှားစရာလား" ရှု့ဝမ်လီသည် ထိုအစိတ်အပိုင်းကို ပြန်ယူပြီး အထဲသို့ ဝင်သွားချေသည်။

သူတို့ ပြန်ထွက်လာသောအခါ သုံးယောက်စလုံး ဝတ်စုံများ ချွတ်ထားကြပြီဖြစ်၏။ ချီဖန့်က လျိုဝေကောကို ပြောလိုက်သည်။ "ဒါကို နောက်မှ ကျွန်တော် တပ်ပေးပါမယ်၊ စမ်းသုံးကြည့်လိုက်ပါ။ အဆင်ပြေတယ်ဆိုရင် နောက်ထပ် နှစ်အနည်းငယ်လောက်တော့ အသုံးခံပါလိမ့်မယ်"

လျိုဝေကောကမူ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြီး ထိုပစ္စည်းလေးကို စက္ကူဖြင့် သေသေချာချာ ထုတ်ကာ အိတ်ကပ်ထဲ ထည့်လိုက်၏။ "မင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ၊ မင်း ဒီလိုပစ္စည်းတွေကိုတောင် ကြိတ်ပြီး လုပ်တတ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ငါတော့ လုံးဝ မသိခဲ့ဘူး"

ရှု့ဝမ်လီလည်း အလားတူပင် အံ့ဩနေမိသည်။ "မင်းရဲ့လက်တွေက တကယ် ငြိမ်တာပဲ။ ငါတို့ဆီက ဒီစက်ဟောင်းကြီးတွေနဲ့ ဒီလောက် တိကျတဲ့ပစ္စည်း ထွက်လာလိမ့်မယ်လို့ ငါမထင်ထားဘူး" ထိုသူ၏ သဘောထားမှာ အစောပိုင်းကထက် သိသိသာသာ ပြောင်းလဲသွား၏။

ချီဖန့်ကမူ အေးအေးဆေးဆေးပင် ဖြေလိုက်သည်။ "ဒီက ကိရိယာတွေက တော်တော်လေး ကောင်းပါတယ်"

"အခြေခံပစ္စည်းတွေလောက်ပါပဲ၊ အများစုက တခြားနေရာက ပိုတာတွေကို ပေးထားတာ" ရှု့ဝမ်လီ ဝန်ခံလိုက်၏။ သူကိုယ်တိုင်လည်း ပြင်ဆင်ရေးသမားတစ်ဦးဖြစ်သဖြင့် အခြေအနေကို အသိဆုံးပင်။ "အဖိုးကြီးလျိုက မင်း မြို့ပေါ်က ပြုပြင်ရေးဆိုင်က လာတာလို့ ပြောတုန်းက ငါမယုံခဲ့ဘူး။ မင်းလို အရည်အချင်းမျိုးနဲ့ ဒီမှာ သစ်တောထဲ ဘာလို့ အလုပ်လာလုပ်နေတာလဲ၊ နှမြောစရာကောင်းလွန်းတယ်"

ချီဖန့်က ဘာမှပြန်မပြောဘဲ နာရီကိုသာ ကြည့်လိုက်သည်။ "ယန်ရွှယ်က ဆရာကျားဆီ သွားဖို့ရှိသေးလို့၊ ကျွန်တော် သွားတော့မယ်"

သူသည် လျို သားအဖကို ကူညီပေးထားသူဖြစ်သဖြင့် သားအဖနှစ်ယောက်စလုံးက သူ့ကို အချိန်မဆွဲချင်ကြဘဲ ပြန်ရန် တိုက်တွန်းကြလေသည်။ ရှု့ဝမ်လီမှာလည်း ဆက်ပြီး မမေးမြန်းနိုင်တော့ဘဲ လျိုတနျိုကိုသာ လူတော်တစ်ယောက်ကို လက်လွတ်လိုက်ရခြင်းအတွက် သက်ပြင်းချပြနေရလေ၏။

နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် လျိုဝေကောသည် သတင်းကောင်းနှင့်အတူ ပြန်လာခဲ့သည်။ "အလုပ်လုပ်တာ လုံးဝ အိုကေပဲ၊ တစ်နေ့လုံး တစ်မိနစ်တောင် မနှေးသွားဘူး"

"ဒါဆို သူက ဂီယာဘီးကို လုပ်ပေးနိုင်ခဲ့တာပေါ့" ယန်ရွှယ်သည် သူ၏ စိတ်သက်သာရာရသွားသော မျက်နှာကို ကြည့်ကာ ပြုံးပြီး မေးလိုက်၏။

သူမသည် မနေ့က အလုပ်ရုံသို့ လိုက်မသွားခဲ့ချေ။ ပြီးခဲ့သည့်အကြိမ်က သူမ၏ မေးခွန်းများကြောင့် ချီဖန့်စိတ်အနှောင့်အယှက် ဖြစ်သွားသည်ကို သတိထားမိပြီးနောက်ပိုင်းတွင် သူမသည် အကဲခတ်ရုံသာ အကဲခတ်နေခဲ့သည်။

အရာရာကို လျှို့ဝှက်ထားတတ်သည့် ချီဖန့်နှင့်မတူဘဲ လျိုဝေကောက အကုန်လုံးကို ဖောက်သည်ချတော့၏။ "မင်းသာ မြင်လိုက်ရရင် အံ့ဩသွားမှာ၊ သူက အဲဒီစက်တွေကို သူ့မိန်းမလိုပဲ ကိုင်တွယ်ပြီး ခဏလေးနဲ့ ပြင်ပေးလိုက်တာ"

ချီဖန့်၏ တကယ့်ဇနီးဖြစ်သူ ယန်ရွှယ် - "..."

ချီဖန့် လျိုဝေကောကို လှမ်းကြည့်လိုက်သည် - "..."

သို့သော် တစ်ယောက်က အမြဲပြုံးနေပြီး နောက်တစ်ယောက်က အမူအရာမရှိဘဲ တည်ငြိမ်နေသဖြင့် လျိုဝေကောတစ်ယောက် သတိမထားမိလိုက်ပေ။ "နောက်ဆုံးတော့ အဆင်ပြေသွားပြီ၊ ဒီနာရီကြောင့် တစ်နှစ်ပတ်လုံး ရူးမတတ် ဖြစ်နေရတာ"

"မြို့ပေါ်ကို ခဏခဏ သွားစရာမလိုတော့ဘူးပေါ့" ယန်ရွှယ်က မှတ်ချက်ပေးလိုက်၏။

"ဒါပေါ့" လျိုဝေကောက သဘောတူလိုက်သည်။ သူသည် နားထောင်ပေးမည့်သူ ရှိသဖြင့် ပျော်ရွှင်နေပြီး သူကြားထားသည့် ကောလာဟလများကိုပါ ပြောပြ

တော့၏။

ယန်ရွှယ် ချီဖန့်ကို လှမ်းကြည့်လိုက်သည်။ "သူ တကယ်ပဲ မြို့ပေါ်က ပြုပြင်ရေးဆိုင်မှာ အလုပ်လုပ်ခဲ့တာလား"

ချီဖန့်က ဘာမှမပြောသော်လည်း လျိုဝေကောကမူ ဝင်ဖြေပေးလိုက်သည်။ "မဖြစ်နိုင်ပါဘူး။ ဘယ်သူက မြို့ကိုထားခဲ့ပြီး ဒီတောထဲလာမလဲ။ တကယ်လို့ လာတယ်ဆိုရင်တောင် သစ်ထုတ်တာ မလုပ်ဘဲ ပြုပြင်ရေးဆိုင်မှာပဲ လုပ်မှာပေါ့။ သူ ဒီအဖွဲ့ထဲမှာ လုပ်လာတာ နှစ်နှစ်ကျော်ပြီလေ၊ တစ်နေရာရာမှာ လက်မှုပညာ သင်ခဲ့တာ ဖြစ်မှာပါ၊ ဟုတ်တယ်မလား"

"ဟုတ်တယ်မလား" ဟု ချီဖန့်ကို လှမ်းမေးသော်လည်း အနှီသူက ဝန်လည်းမခံ၊ ငြင်းလည်းမငြင်းဘဲ နေနေလေ၏။

ထိုအမူအရာကို သဘောတူသည်ဟု မှတ်ယူကာ လျိုဝေကောက ထပ်မေးလိုက်သည်။ "မင်း ပြုပြင်ရေးဆိုင်ကို ပြောင်းဖို့ မစဉ်းစားဘူးလား၊ သစ်ထုတ်တာထက် အများကြီး သာတယ်"

"အဲဒီမှာ လူအင်အား လုံလောက်နေပြီ" ချီဖန့်က နောက်ဆုံးတွင် ပြောလိုက်လေ၏။

လျိုဝေကောလည်း လက်ခံလိုက်သည်။ "နှမြောစရာပဲ။ ဟေ့၊ မင်း ဒီမှာလုပ်တာ သုံးနှစ်ပြည့်တော့မယ် မဟုတ်လား။ ငါ့အဖေက ဒီနှစ် မင်းကို လွှစက်သင်တန်းအတွက် အကြံပြုပေးဖို့ စဉ်းစားနေတာ။ နေရာလွတ်တစ်ခု ရှိတယ်လေ၊ လီရှု့ဝူရဲ့နေရာက အခုထိ လွတ်နေတုန်းပဲ၊ အဖေကပဲ အစားဝင်လုပ်ပေးနေရတာ။ ညတိုင်း သူ့လက်တွေ နာတယ်လို့ ညည်းနေတယ်"

"ပြည့်တော့မယ်" ချီဖန့်က အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။

လျိုဝေကောသည် ထိုအမူအရာကို ကျင့်သားရနေပြီဖြစ်သဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ "ယွီရုန်ကျစ်က မင်းကို အမြဲတမ်း မျက်စိစပါးမွှေး စူးနေတာ။ ဒါရိုက်တာ ယွီက မင်းရဲ့အမည်စာရင်း တင်တာကို ကန့်ကွက်မယ်လို့ ထင်လား"

ဒါရိုက်တာသည် ဒုတိယအကြီးအကဲသာ ဖြစ်သော်လည်း အတွင်းရေးမှူး လျန်က အပေါ်မှာ ရှိနေ၏။ သို့သော် ဒါရိုက်တာ ယွီသာ တကယ်ပဲ ပြဿနာရှာချင်သည်ဆိုပါက ချီဖန့်ကို သိပ်မသိသော အတွင်းရေးမှူး လျန်က ကြားဝင်ကူညီပေးချင်မှ ပေးလိမ့်မည်။

"ငါတို့ တစ်ယောက်ယောက်ကို အကူအညီ တောင်းထားရမလား" လျိုဝေကောက အသံကို နှိမ့်ပြီး မေးလိုက်သည်။

"အချိန်ကျရင် သိရမှာပေါ့" ချီဖန့်က အေးစက်စက် ပြန်ဖြေကာ မေးခွန်းပြန်မေးလိုက်၏။ "မင်း ပစ္စည်းတွေ အကုန်ထုတ်ပြီးပြီလား"

မနက်ဖြန်သည် နှစ်သစ်ကူးအပြီး ရှစ်ရက်မြောက်နေ့ဖြစ်သဖြင့် သူတို့သည် တောင်ပေါ်သို့ပြန်ကာ မတ်လ သို့မဟုတ် ဧပြီလ နှင်းများ အရည်ပျော်ချိန်အထိ သစ်ထုတ်လုပ်ရေးကို ဆက်လုပ်ဆောင်ရမည် ဖြစ်သည်။

လျိုဝေကော ခေါင်းညိတ်လိုက်၏။ "ထုတ်ပြီးပြီ၊ အမေ ကူလုပ်ပေးတယ်။" ထို့နောက် တစ်ခုခုကို သတိရသွားပြီး ယန်ရွှယ်ကို မေးလိုက်သည်။ "မင်းဆီမှာ ရိုလာစကိတ်စ် ပုံစံကားချပ်တွေ ရှိသေးလား"

"ရှိတာပေါ့" ယန်ရွှယ်က ပြောကာ သူမ၏ စားပွဲအံဆွဲကို ဆွဲဖွင့်လိုက်၏။

လျိုဝေကောက အနားသို့ အမြန်ရောက်လာသည်။ "ငါ့ကို ခဏလောက် ငှားလို့ရမလား။ ငါ့ညီမနဲ့ ညီလေးက ရူးမတတ် ဖြစ်နေကြတာ၊ အထူးသဖြင့် ဝေပင်းပေါ့။ သူ ညတိုင်း ဂျီကျနေတာ၊ သူလဲ တစ်စုံလိုချင်လို့တဲ့။ ချွမ်းချိုင်ကလဲ သူ့ဟာသူ ရတနာတစ်ခုလို သိမ်းထားတာ၊ ဘယ်သူ့ကိုမှ အကိုင်မခံဘူး၊ ဘယ်လိုလုပ်ထားလဲဆိုတာကိုတောင် လုံးဝ အကြည့်မခံဘူး"

"ယူသွားပါ၊ ဒါက ချွမ်းချိုင်အတွက် ဆွဲထားပေးတာပဲ" ယန်ရွှယ်က စက္ကူများကို ကမ်းပေးလိုက်၏။ "ဒါပေမဲ့ ဒါက သူ့အတွက် သုံးခဲ့တဲ့ ပုံစံနဲ့တော့ အတိအကျ တူချင်မှတူလိမ့်မယ်နော်၊ ကွာခြားတာလေးတွေ ရှိနိုင်တယ်"

လျိုဝေကောက စက္ကူများကို ခေါက်ပြီး အိတ်ကပ်ထဲ ထည့်လိုက်သည်။ "ကျေးဇူးပဲ။ ချီဖန့်က မနက်ဖြန် သွားတော့မှာဆိုတော့ မင်းတို့နှစ်ယောက် ပြောစရာတွေ အများကြီး ရှိမှာပဲ။ ငါတော့ ကြားထဲက အနှောင့်အယှက် မဖြစ်ချင်ဘူး" ထို့နောက် သူက ချီဖန့်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်လေ၏။

သူတို့ ပြောစရာတွေ များနေမလား၊ လုပ်စရာတွေ များနေမလားဆိုသည်မှာ လူကြီးချင်းဆိုလျှင် ရိပ်မိနိုင်ပါသည်။

သို့သော် လျိုဝေကော ထွက်သွားပြီး မကြာမီမှာပင် နောက်ထပ် ဧည့်သည်များ ရောက်လာကြပြန်၏။

ယခုတစ်ခေါက်မှာမူ ချွမ်းချိုင်နှင့် အသက်ရွယ်တူ ဆယ်ကျော်သက်တစ်စု ဖြစ်သည်။ သူတို့က တံခါးခေါက်ကာ မေးမြန်းကြလေ၏။ "ဒါ ယန်ရွှယ်ရဲ့ အိမ်လား"

ယန်ရွှယ်သည် သစ်စခန်းသို့ ရောက်လာသည်မှာ နှစ်ပတ်ကျော်သာ ရှိသေးသဖြင့် ချီဖန့်ကို မရှာဘဲ သူမကို လာရှာကြသည်မှာ အံ့ဩစရာပင်။ ထို့ကြောင့် သူမ စိတ်ဝင်စားသွားရသည်။

သူတို့သည်လည်း ပုံစံကားချပ်များကို လာတောင်းခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ ကလေးများသည် ရှက်ကိုးရှက်ကန်းနှင့် ပြောခဲ့သည်။ "ဒီမနက် လျိုချွမ်းချိုင် စကိတ်စီးနေတာ တွေ့လို့ပါ။ အစ်မက လုပ်ပေးတာလို့ သူက ပြောတယ်"

"ဟုတ်တယ် အစ်မ၊ ဒါကို ဘယ်သူ့ကို လုပ်ခိုင်းတာလဲ၊ ဆရာကျားလား။ သူက ဒီလိုမျိုးတွေ လုပ်တတ်တယ်လို့ မကြားဖူးဘူး"

ရိုလာစကိတ်စ် အကြောင်း ပြောလိုက်သည်နှင့် ကလေးများသည် စိတ်လှုပ်ရှားစွာဖြင့် စကားတွေ ဝိုင်းပြောကြတော့သည်။

ယန်ရွှယ် ခေတ္တစဉ်းစားလိုက်သောအခါ ငါးဖမ်းသွားတုန်းက ချွမ်းချိုင်ကို စနောက်ခဲ့သည့် အုပ်စုဖြစ်ကြောင်း မှတ်မိသွား၏။

နှစ်ပေါင်းများစွာ လှောင်ပြောင်ခံခဲ့ရသော ချွမ်းချိုင်သည် စကိတ်စီးတတ်သွားသောအခါ အခွင့်အရေးကို လက်လွှတ်မခံဘဲ ကြွားလိုက်ပုံရသည်။ ဆောင်းရာသီမှာပဲ စီးလို့ရသည့် ရေခဲစကိတ်ထက်စာလျှင် ရိုလာစကိတ်စ် က ပိုပြီး ဆွဲဆောင်မှု ရှိနေလေ၏။ အထူးသဖြင့် ဖေဖော်ဝါရီလနှောင်းပိုင်းဖြစ်၍ မြစ်ထဲက ရေခဲများက မကြာခင် အရည်ပျော်တော့မည် ဖြစ်သည်။

ယန်ရွှယ် ပြုံးလိုက်၏။ "ဟုတ်တယ်၊ အစ်မ အခြားတစ်ယောက်ကို လုပ်ခိုင်းလိုက်တာ။ ပုံစံကားချပ်လဲ ရှိတယ်"

"ကျွန်တော်တို့ ကြည့်လို့ရမလား" ကလေးများ၏ မျက်နှာများမှာ ချက်ချင်း ဝင်းပသွားသည်။ "ကျွန်တော်တို့ ခဏပဲ ငှားကြည့်မှာပါ၊ ပြီးရင် ချက်ချင်း ပြန်ပေးပါ့မယ်"

"စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ချွမ်းချိုင်ရဲ့ အစ်ကို ခုနကပဲ ယူသွားပြီ" ယန်ရွှယ်က ပြောကာ ပုခုံးတွန့်ပြလိုက်၏။

သူတို့၏ မျက်နှာများ ညှိုးငယ်သွားသည်ကို မြင်သောအခါ သူမက ထပ်ပြောလိုက်သည်။ "မင်းတို့ လိုချင်ရင် ချွမ်းချိုင်ကို သွားမေးကြည့်လေ၊ ဒါက သူမအတွက်ပဲ ဆွဲပေးထားတာ"

ချွမ်းချိုင်ကို စနောက်ခဲ့သည်မှာ သူတို့ဖြစ်ပြီး သူမ မဟုတ်ချေ။ ထို့ကြောင့် ငှားမငှားဆိုသည်မှာ ချွမ်းချိုင်၏ ဆုံးဖြတ်ချက်သာ ဖြစ်သင့်သည်ဟု သူမ ယူဆ၏။

ကလေးများသည် စိတ်ပျက်လက်ပျက်ဖြင့် တစ်ဦးကိုတစ်ဦး တွန်းတိုက်ကာ တိုးတိုးတိုးတိုး ပြောဆိုရင်း ထွက်သွားကြသည်။

သူတို့က ဆိုးပေရုံသာဖြစ်ပြီး စိတ်ပုပ်သူများတော့ မဟုတ်ကြပေ။ ပုံစံကားချပ်ကို သွားတောင်းသည့်အခါ ချွမ်းချိုင်ကို တောင်းပန်ကြလိမ့်မည်ဟု ယန်ရွှယ် တွေးနေမိ၏။

သူမ တံခါးပိတ်ပြီး လှည့်လိုက်သောအခါ အတွင်းတံခါးဝတွင် မှီပြီး သူမကို ကြည့်နေသော ချီဖန့်ကို တွေ့လိုက်ရသည်။

ထိုလူမှာ အရမ်းကို အရပ်မြင့်လွန်းလှသဖြင့် ယန်ရွှယ် သူ့ကိုကြည့်ရန် ခေါင်းကို အမြဲတမ်း မော့နေရသည်။ သူ၏ မျက်ဝန်းများမှာလည်း တစ်စုံတစ်ဦးကို ကြည့်လိုက်လျှင် ကြင်နာမှုများ ပါဝင်နေသယောင် ထင်မှတ်ရလေ၏။

ယန်ရွှယ်သည် သူမကိုယ်သူမ စိတ်ကို ထိန်းချုပ်နိုင်ပြီဟု ထင်ထားသော်လည်း ခေတ္တမျှ မှင်တက်သွားပြီးမှ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး" ချီဖန့်ပြောကာ အကြည့်ကို လွှဲလိုက်၏။

ဤသို့ပင် သူသည် အမြဲတမ်း အကဲခတ်နေတတ်ပြီး စကားကိုတော့ မြိုသိပ်ထားတတ်သည်။ သူ ဘာတွေးနေမှန်း ဘယ်သူက သိနိုင်မှာလဲ။

ယန်ရွှယ်သည် တစိမ့်စိမ့် လိုက်မေးတတ်သည့် အမျိုးအစား မဟုတ်သည်မှာ ကံကောင်းလှ၏။ မဟုတ်လျှင် သူမ စိတ်မရှည်နိုင်သည်မှာ ကြာပြီဖြစ်သည်။

သူမ၏ အပြုံးမှာ အနည်းငယ် တန့်သွားရလေ၏။ တစ်ခုခု ပြောရန် ပြင်နေစဉ်မှာပင် အပြင်ဘက်မှ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။ "ယန်ရွှယ်က ဒီမှာ နေတာလား"

ဤအသံမှာ ကလေးများကဲ့သို့ ယဉ်ကျေးမှု မရှိချေ။ ရန်လိုနေသည့်ပုံစံမျိုး ပေါက်နေလေ၏။

ယန်ရွှယ် လှည့်ကြည့်လိုက်သောအခါ သူမ တစ်ခါသာ တွေ့ဖူးသည့် လျန်ချီမောင်၏ ဇနီး ယွီချွေ့ယွင်ကို တွေ့လိုက်ရသည်။ သူမ၏ နောက်တွင် အသက်ကိုးနှစ် ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက် မျက်ရည်တွေနှင့် လိုက်လာလေ၏။

သူတို့ အနားသို့ ရောက်လာသောအခါ ယွီချွေ့ယွင်က သူမ၏ သားကို လှည့်ဆူနေသည်။ "မင်း ဒီအသက်အရွယ်နဲ့ ဒီလို ငိုနေတာ မရှက်ဘူးလား"

ယခုအခါ၌မူ ယန်ရွှယ်တစ်ယောက် အတင်းပြုံးနေရပြီဖြစ်သည်။ ဒါက တစ်ခုခုကို လာပြီး ပြဿနာရှာမည့် မိဘမျိုးဖြစ်မည်ဟု သူမ ခံစားလိုက်ရ၏။

သူမနှင့် ချီဖန့်သည် ကလေးကို ဘယ်တော့မှ အနိုင်ကျင့်မည် မဟုတ်သော်လည်း မိသားစုနှစ်ခုကြားက တင်းမာမှုမှာ အားလုံးက သိထားပြီးသား ဖြစ်ကြသည်။ ထိုမြင်ကွင်းမှာ စိတ်တိုနေသည့် မိခင်ဖြစ်သူက သားဖြစ်သူကို ဆွဲခေါ်လာပြီး လာရောက် ရန်တွေ့သည့် ပုံစံမျိုး ဖြစ်နေလေ၏။

ယန်ရွှယ်က တံခါးကို လုံးဝ မဖွင့်ပေးဘဲ သူတို့ အထဲဝင်လာသည်ကိုသာ စောင့်နေလိုက်သည်။ ယွီချွေ့ယွင်ကမူ ဝင်လာသည်နှင့် ပြောတော့သည်။ "နင်က ယန်ရွှယ်လား၊ မင်းဆီမှာ ဟိုဟာတွေ ရှိလား..."

သူမသည် စကားလုံး ရှာမရသဖြင့် နောက်က ကောင်လေးက ဝင်ပြောလိုက်သည်။ "ရိုလာစကိတ်စ်လေ”

"ဟုတ်တယ်၊ ရိုလာစကိတ်စ်။ ငါ့သားက တခြားသူ စီးတာကို တွေ့ပြီး လိုချင်နေလို့။ အဲဒီ ပုံစံကားချပ်ကို ငှားလို့ရမလား"

တောင်းပန်မည့်သူများကို လွှတ်လိုက်ပြီးကာမှ ယခုတော့ မတောင်းပန်မည့်သူတွေက ရောက်လာ၏။

ချီဖန့်သည် ထင်ရှားပေါ်လွင်လှသည့် နေရာမှာ ရပ်နေသော်လည်း ယွီချွေ့ယွင်ကမူ မရှိသလိုမျိုး ဟန်ဆောင်ကာ သူမတွင် ပုံစံကားချပ်ကို တောင်းဆိုပိုင်ခွင့်ရှိသည့်အတိုင်း ပြောဆိုနေလေ၏။

ယန်ရွှယ်သည် တံခါးဝမှာပင် ရပ်နေပြီး ပြောလိုက်သည်။ "နောက်ကျသွားပါပြီ။ အဲဒါတွေကိုက ငှားပေးလိုက်ပြီ"

(အမှန်တကယ်တွင် ချီဖန့်ဆီမှာ နောက်ထပ် မိတ္တူတစ်ခု ရှိနေသေးသော်လည်း ၎င်းမှာ ထိုသူကိုယ်တိုင် ဆွဲထားတာဖြစ်သဖြင့် သူမ အလွယ်တကူ ထုတ်မပေးချင်ပေ။)

ယွီချွေ့ယွင် ဘာမှ မပြောရသေးခင်မှာပင် သူမ၏သားက အော်ငိုလေတော့သည်။ "ကျွန်တော် ရိုလာစကိတ်စ် လိုချင်တယ်၊ အခု လိုချင်တယ်"

"တိတ်စမ်း" ယွီချွေ့ယွင်က ငေါက်လိုက်ပြီး ယန်ရွှယ်ဘက်သို့ လှည့်ကာ အသံကို ပိုမြှင့်လိုက်သည်။ "ငါတို့က ဒီအိမ်ရဲ့ နောက်ဖေးမှာပဲ နေတာ၊ ဒါကို မပျောက်စေရဘူး။"

သူမ ပြောချင်သည်မှာ ရှင်းသည်၊ ယန်ရွှယ်က တမင်တကာ မငှားဘဲ ကပ်စေးနှဲနေသည်ဟု ဆိုလိုခြင်း ဖြစ်၏။

ယန်ရွှယ်သည် သူမ၏ အရင်ဘဝက ဒီထက်ဆိုးတာတွေကို ရင်ဆိုင်ခဲ့ဖူးသည်။ သူမ၏ အပြုံးကမူ ပျက်မသွားဘဲ ပြောလိုက်သည်။ "တကယ်ပဲ မရှိတော့တာပါ။ ခုနကပဲ တခြားသူတွေ လာတောင်းသွားကြသေးတယ်"

သူမ အသံကို လျှော့ပြီး ပြောလိုက်သည်။ "နောက်ရက်မှပဲ ပြန်လာကြည့်ပါလား၊ အိမ်နီးချင်းတွေဆိုတော့ မဝေးပါဘူး" သူမသည် ထိုသို့ ပြောလိုက်သော်လည်း ဘယ်သူ့ဆီမှာ ရှိနေသည်ကိုတော့ လုံးဝ ထည့်မပြောခဲ့ပေ။

ယွီချွေ့ယွင်သည် ဆက်မပြောတော့ဘဲ "ပြီးတာပဲ" ဟု ဆိုကာ မကျေမနပ်နှင့် ထွက်သွားရန် ပြင်ခဲ့သည်။

သူမ လှည့်ထွက်သွားသည်နှင့် သားဖြစ်သူက ထပ်ငိုပြန်လေ၏။ " အခုလိုချင်တာ"

"မင်း တော်လိုက်တော့" ယွီချွေ့ယွင်သည် သူ့လက်ကို ဆွဲခေါ်သွားခဲ့သည်။

"ဂရုမစိုက်ဘူး၊ တခြားသူတွေ အကုန်လုံးမှာ ရှိတယ်၊ သူ့ကို နောက်တစ်စုံ ဆွဲခိုင်းလိုက်"

ယွီချွေ့ယွင်သည် ယန်ရွှယ်ကို ကြည့်လိုက်သော်လည်း သူမ စကားမပြောရသေးခင်မှာပင် ချီဖန့်က အထဲမှ လှမ်းခေါ်လိုက်၏။ "ကိုယ့်ရဲ့ ဘောင်းဘီပြာ ဘယ်မှာလဲ"

ယန်ရွှယ်က ချက်ချင်း အခွင့်အရေးကို ယူလိုက်သည်။ "ခဏလေးနော်" သူမ ယွီချွေ့ယွင်ကို တောင်းပန်သလို ပြောလိုက်သည်။ "သူ မနက်ဖြန် တောင်ပေါ်သွားရမှာမို့ ပစ္စည်းတွေ ထုပ်နေရလို့ပါ"သူမ ထိုသို့ပြောကာ အထဲသို့ အမြန်ဝင်သွားလေ၏။

အခြားနည်းလမ်းမရှိသဖြင့် ယွီချွေ့ယွင်သည် သူမ၏ သားကို ဆွဲခေါ်သွားတော့၏။ "နောက်ရက်မှ လာတော့ ဘာဖြစ်သွားမှာမို့လို့လဲ"

သူတို့ ဝေးသွားသောအခါ သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။ "သူ့ကို ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ၊ အဲဒီ မျက်လုံးတွေက..."

အမှန်တော့ ချီဖန့်သည် ဘောင်းဘီ ရှာခိုင်းနေခြင်း မဟုတ်ပေ။ သူသည် အရာအားလုံးကို ထုပ်ပိုးပြီးသားဖြစ်ပြီး ယန်ရွှယ်ကို ထိုအခြေအနေမှ လွတ်မြောက်စေရန် အကြောင်းပြချက် ပေးလိုက်ခြင်းသာ ဖြစ်၏။

ယန်ရွှယ်ကလည်း သိနေသည်။ သူမ အခန်းထဲဝင်သွားသည့်အခါ အံဆွဲတွေကို ဖွင့်မကြည့်တော့ဘဲ ရင်ဘတ်ကို ဖိကာ ပြုံးလိုက်၏။ "ရှင် ချက်ချင်း တုံ့ပြန်လိုက်နိုင်တာ တော်သေးတယ်"

သူမ၏ ဉာဏ်ပြေးမှုက ပိုသည်ဟု ဆိုရပေမည်။ သူ စကားစလိုက်သည်နှင့် သူမက ဘာပြန်ပြောရမည်ကို သိနှင့်နေပြီးသား ဖြစ်လေ၏။

ချီဖန့် သူမကို တစ်ချက် ကြည့်လိုက်၏။ "ထမင်းချက်ရအောင်" သူသည် ထိုသို့ပြောကာ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။

All Chapters