← Chapters

အခန်း (၂၂)

Vol. 3 Ch. 22

အခန်း (၂၂)

Vol. 3 Ch. 22

ယန်ရွှယ်လည်း အချိန်ကြည့်လိုက်ရာ ထမင်းချက်ရမည့် အချိန်ရောက်နေပြီဖြစ်ကြောင်း သိလိုက်၏။ သူမသည် သူ့နောက်သို့ လိုက်သွားပြီး အင်္ကျီလက်ကိုပင့်တင်ကာ ဟင်းချက်ရန် ပြင်ဆင်လိုက်သည်။ နှစ်သစ်ကူးတုန်းက ကျန်ခဲ့သည့် တောဝက်သားကို အသားဆော့စ် ပြုလုပ်ကာ ဖန်ပုလင်းထဲ ထည့်ပေးလိုက်၏။ "ဒါကို တောင်ပေါ် ယူသွားလိုက်၊ ဟင်းမကောင်းရင် ဒါနဲ့စားပေါ့" သူမသည် ငရုတ်သီးကြော် တစ်ပုလင်းကိုလည်း ထည့်ပေးလိုက်သေး၏။

ထိုငရုတ်သီးကြော်များကို တောဝက်ဆီဖြင့် ကြော်ထားပြီး မြေပဲနှင့် နေကြာစေ့များ ပါဝင်သဖြင့် ထမင်းနှင့် နယ်စားလျှင် အလွန်အရသာ ရှိလှသည်။

နောက်တစ်ခုမှာ မုန်လာဥချဉ် ဖြစ်၏။ "ဒါက ခဏပဲ အချဉ်တည်ထားတာဆိုတော့ အကြာကြီး မခံဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝေစားပြီး အရင်ကုန်အောင် စားလိုက်"

သူမသည် ဘာမှ ဝင်မပါတော့ဘူးဟု ပြောခဲ့သော်လည်း နောက်ဆုံးတွင်တော့ အိမ်ရှိ ဖန်ပုလင်းများ ကုန်သည်အထိ ပစ္စည်းမျိုးစုံကို ပြင်ဆင်ပေးနေမိလေ၏။

ချီဖန့်သည် သူမ ဟိုဟိုဒီဒီ လုပ်ကိုင်နေသည်ကို ကြည့်နေသော်လည်း ဘာမှမပြောချေ။ သူ့အတွက် ဒါက အထူးအဆန်း ဖြစ်နေချေသည်။

သူ၏ မိခင်မှာ ငယ်ငယ်ကတည်းက ဆုံးပါးသွားခဲ့ပြီး အဖိုးဖြစ်သူနှင့်သာ ကြီးပြင်းခဲ့ရသည်။ အဖိုးဖြစ်သူက သူ့ကို ဂရုစိုက်သော်လည်း ပညာတတ်တစ်ယောက်၏ ထုံးစံအတိုင်း အိမ်မှုကိစ္စများကို အသေးစိတ် ဂရုမစိုက်တတ်ပေ။

နောက်ပိုင်းတွင် ဆရာတစ်ယောက်နှင့် တွေ့ဆုံခဲ့ပြီး ဆရာ၏ ဇနီးက သူ့ကို သားအရင်းလို ဂရုစိုက်ပေးခဲ့ဖူး၏။ သို့သော် ကံမကောင်းစွာဖြင့်…

ချီဖန့်က အကြည့်ကို နှိမ့်လိုက်သည်။ သူ၏ ပင်ပန်းနွမ်းနယ်နေပုံကို မြင်လိုက်ရသောအခါ ယန်ရွှယ်လည်း ခေတ္တမျှ ရပ်သွားမိ၏။

ချီဖန့်ကိုယ်တိုင် ထုပ်ထားသည့် အိတ်နှင့် သူမ ထပ်ထည့်ပေးထားသည့် ပစ္စည်းများကို ကြည့်ပြီး ယန်ရွှယ်က ရယ်ကာ ပြန်ထုတ်လိုက်သည်။ "ထားလိုက်ပါတော့၊ တောင်ပေါ်ကို ဒါတွေ အကုန်သယ်သွားဖို့ မလွယ်ဘူး မဟုတ်လား"

"ရပါတယ်" လက်တစ်ဖက်က ထိုပစ္စည်းများကို သူမလက်ထဲမှ လှမ်းယူပြီး အိတ်ထဲသို့ အမြန်ထည့်လိုက်၏။

ထိုလူက အိတ်ကို မကြည့်ပြီး အလေးချိန်ကို စမ်းကြည့်သည်။ ထို့နောက် သူမကို ကြည့်ကာ ပြောလိုက်သည်။ "မင်း ဒီလိုမျိုးတွေ အမြဲ လုပ်ပေးနေကျလား"

သူ့မှတ်ဉာဏ်ထဲတွင် ယန်ရွှယ်သည် အလိုလိုက်ခံထားရသည့် မိန်းကလေးတစ်ဦးသာ ဖြစ်သည်။ သူမ အိမ်မှုကိစ္စတွေ လုပ်နေသည်ကို တွေ့ရသောအခါ သူ အံ့ဩနေမိ၏။

ယန်ရွှယ်က ပြုံးလိုက်မိသည်။ "အဲ့လိုပါပဲ ကျွန်မမောင်လေးကို ဂရုစိုက်ပေးရင်းနဲ့ ကျင့်သားရနေတာ"

တကယ်တော့ သူမ၏ အရင်ဘဝက ဖခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ခဲ့ရခြင်းကြောင့် ဖြစ်သည်။ အိမ်တွင် အမျိုးသမီး မရှိဘဲ ဖခင်ကလည်း လမ်းမလျှောက်နိုင်သဖြင့် သူမသည် ငယ်ငယ်ကတည်းက အရာရာကို ကိုယ်တိုင်လုပ်တတ်ခဲ့ခြင်း ဖြစ်၏။

သူမ၏ အပြုံးက တောက်ပလှသော်လည်း ချီဖန့်အတွက်မူ ဖန်လုံအိမ်ထဲက ပန်းလေးတစ်ပွင့်ထက် လမ်းဘေးက မြက်တောကြားမှာ ပေါက်နေသည့် တောပန်းလေးနှင့် ပိုတူနေလေသည်။

နေရောင်ခြည်ကို မျက်နှာမူပြီး ခိုင်ခိုင်မာမာ ပေါက်နေသည့် ပန်းလေးကဲ့သို့ပင်။ ကြည့်ရသည်မှာ နုနယ်သော်လည်း စိတ်ဓာတ်ကမူ မာကျောလှ၏။

ဘာက သူမကို ဒီလောက်အထိ ပြောင်းလဲသွားစေတာလဲ။

ယန်မိသားစုမှာ တစ်ခုခု ဖြစ်ခဲ့လို့လား၊ ဒါမှမဟုတ် သူမရဲ့ မောင်လေးကြောင့်လား။

ချီဖန့်တစ်ယောက် ပထမဆုံးအကြိမ်အဖြစ် စူးစမ်းချင်စိတ် ပေါ်လာသော်လည်း ချက်ချင်း ပြန်ထိန်းလိုက်သည်။ ယန်ရွှယ်ကမူ ဘာမှမဖြစ်သလိုပင် ရှေ့ဆက်သွားနေလေ၏။

သူတို့သည် ဇနီးမောင်နှံ ဖြစ်နေကြပြီ ဖြစ်သော်လည်း သူတို့ကြားတွင် မမြင်ရသည့် စည်းတစ်ခု ရှိနေလေသည်။ နှစ်ယောက်စလုံးက ထိုစည်းကို မကျော်မိအောင် ဂရုစိုက်နေကြလေ၏။

ညဘက် စောင်တစ်ထည်တည်း အတူသုံးသော်လည်း သူတို့ကြားတွင် အမြဲတမ်း အကွာအဝေးတစ်ခု ရှိနေသည်။ အဝတ်အစားလဲသည့် အခါတွင်ပင် ယန်ရွှယ်က အရင်လဲပြီး အိပ်ရာထဲဝင်ကာ ချီဖန့်က နောက်မှ မီးပိတ်ပြီး အမှောင်ထဲတွင် လဲလေ့ရှိ၏။

သို့သော် ဒီနေ့ညကတော့ မတူချေ။

ချီဖန့်ပြန်လာသောအခါ ယန်ရွှယ်သည် အိပ်ရာထဲတွင် ရှိမနေဘဲ စောင်ကို ပုခုံးပေါ်တင်ကာ သူ့ကို စောင့်နေလေ၏။

သူမသည် ဆံပင်ကျစ်ဆံမြီးများကို ဖြေချထားသဖြင့် ဆံနွယ်များက ပုခုံးပေါ်တွင် ဝဲကျနေသည်။ သူမ၏ ဖြူဖွေးသော အသားအရေနှင့် ဝတ်ထားသည့် အင်္ကျီပါးလေးမှာ မီးရောင်အောက်တွင် ထင်ရှားနေ၏။

ချီဖန့်တစ်ယောက် လှမ်းလက်စ ခြေလှမ်းများ ရပ်တန့်သွားပြီး အိပ်ရာနှင့် အနည်းငယ် အကွာတွင် ရပ်နေမိသည်။

ယန်ရွှယ်သည် သူ့ကို တစ်ခုခု ပြောချင်နေခြင်း ဖြစ်သော်လည်း သူ၏ တုံ့ပြန်မှုကို မြင်သောအခါ မျက်လုံးလေး မှေးကြည့်လိုက်မိလေ၏။

လျိုဝေကောသာ သိရင် ယုံမှာ မဟုတ်သော်လည်း လက်ထပ်ပြီးကတည်းက သူမသည် ချီဖန့်၏ အင်္ကျီအောက်က ခန္ဓာကိုယ်ကို တစ်ခါမှ မမြင်ဖူးသေးပေ။

ထိုလူမှာ ညအိပ်ဝတ်စုံကို အပြည့်အစုံ ဝတ်အိပ်တတ်ပြီး ညှပ်ရိုးလေးကိုသာ မြင်ရတတ်သည်။ သူမ သူ့ကို တစ်ခုခု လုပ်မည်ကို ထိုသူက ပိုကြောက်နေတာလားဟုပင် သူမ တွေးနေမိသည်။

ဒီလောက်အထိ လိုလို့လား။

သူမက မလိုလားတဲ့သူကို အတင်းအဓမ္မ လုပ်မဲ့ မိန်းမမျိုးလဲ မဟုတ်ပါဘူး။

ယန်ရွှယ်သည် သူ့ကို ဘာမှမပြောဘဲ စိုက်ကြည့်နေလိုက်သည်။

သူမ၏ မျက်လုံးများမှာ အရမ်းကြီး ဆွဲဆောင်မှု မရှိသော်လည်း တောက်ပနေသဖြင့် လျစ်လျူရှုထားရန်မူ ခက်ခဲလှသည်။

သူမ ခြုံထားသည့် စောင်မှာ ထူသော်လည်း သူမ၏ ကိုယ်လုံးလေးကိုတော့ ဖုံးကွယ်ထားနိုင်ခြင်း မရှိပါ။ ယန်ရွှယ်သည် အရပ်ပုသော်လည်း သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာတော့ အရွယ်ရောက်ပြီးသူ တစ်ဦးကဲ့သို့ပင် လှပနေလေ၏။

ချီဖန့်က အကြည့်ကို လွှဲလိုက်လေသည်။ "ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ပါဘူး" ယန်ရွှယ်က ပြုံးပြီး သူပြောခဲ့သည့် စကားကိုပင် ပြန်ပြောလိုက်၏။

ယခုတစ်ခေါက်တွင်တော့ ထိုလူက သူမကို ပြန်ကြည့်လာခဲ့သည်။ ခေတ္တမျှ ကြည့်ပြီးနောက် အိပ်ရာထဲသို့ ဝင်ကာ မီးပိတ်လိုက်၏။

သူက အင်္ကျီချွတ်လိုက်စဉ်မှာပင် အမှောင်ထဲမှ သူမ၏ အသံထွက်လာသည်။ "ရှင် မနက်ဖြန်ဆို တောင်ပေါ်သွားရတော့မယ်နော်"

ချီဖန့်ခဏ ရပ်သွားပြီးမှ အင်္ကျီကို ဆက်ချွတ်ကာ သူမဘက်သို့ လှည့်လိုက်သည်။ "မင်း ဘာပြောချင်လို့လဲ"

သူမတွင် တခြားသော ရည်ရွယ်ချက် ရှိလိမ့်မည်ဟု သူ မယုံကြည်ပေ။ ညတိုင်း သူ အိပ်ချင်ယောင်ဆောင်နေချိန်တွင် သူ သူမ၏ သက်ပြင်းချသံကို ကြားနေရ၏။

ယန်ရွှယ်က တကယ့်အလုပ်အကြောင်းကို ပြောလိုက်ခြင်းပင် ဖြစ်သည်။ "သစ်စခန်းက မိသားစုဝင်တွေလဲ ယာယီအလုပ်သမားအဖွဲ့မှာ ပါလို့ရတယ် မဟုတ်လား။ ကျွန်မလဲ သွားချင်လို့ ဘာတွေ ပြင်ဆင်ရမလဲ၊ ဘယ်သူ့ဆီမှာ စာရင်းပေးရမလဲဆိုတာ သိချင်လို့"

နောက်တစ်နေ့မနက်တွင် ယန်ရွှယ်အစောကြီး ထလာသော်လည်း ချီဖန့်မှာ နိုးနှင့်နေပြီဖြစ်သည်။ သူသည် မနက်စာအတွက် ဘီစကစ်များကို စိမ်နေခဲ့၏။

"ကျွန်မ တစ်ခုခု လုပ်ပေးမယ်၊ ပါဝင်ပစ္စည်းတွေက ပြင်ပြီးသား ပြောင်းဖူးယာဂု သောက်သွားလိုက်"

ယန်ရွှယ်သည် အမြန်ထပြီး မနက်စာ ပြင်ပေးလိုက်သည်။ ချီဖန့်က မနက်စာစားပြီးနောက် အလုပ်သွားရန် ထွက်ခွာသွား၏။

လျိုဝေကောကမူ အနည်းငယ် နောက်ကျပြီး ရောက်လာသည်။ သူသည် သမ်းဝေရင်း လမ်းလျှောက်လာသော်လည်း ချီဖန့်၏ အိတ်ကို ချက်ချင်း သတိထားမိသွားသည်။ "မင်းအိတ်က ဘာလို့ ပုံမှန်ထက် ကြီးနေရတာလဲ"

ချီဖန့်သည် ဘာမှမပြောသော်လည်း လျိုဝေကောကတော့ သေချာနေခဲ့သည်။ "တကယ် ကြီးတာပဲ၊ ငါ့ဟာထက်တောင် ပိုပြည့်နေသေးတယ်။ မင်းမိန်းမ ထည့်ပေးလိုက်တာလား"

သူက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "အိမ်ထောင်ကျတာက လူတစ်ယောက်ကို တကယ် ပြောင်းလဲစေတာပဲ။ မင်းမိန်းမ ဘာတွေ ထည့်ပေးလိုက်တာလဲ"

ချီဖန့်ကမူ ဘာမှမပြောဘဲ အိတ်ကို အသာအယာ ပြောင်းလွယ်လိုက်၏။

သူ့မိန်းမက ကောင်းတာတွေ ထည့်ပေးလိုက်တာ မဟုတ်ရင် လျိုဝေကောတစ်ယောက် စားချင်တာ စားပါစေဟု တွေးနေမိ၏။

သူ ထပ်မေးရန် ပြင်နေစဉ်မှာပင် သယ်ယူပို့ဆောင်ရေး စက်ကြီး ရောက်လာသဖြင့် အလုပ်သမားများ အလုအယက် တက်ကြရာ လျိုဝေကောလည်း ထိုအကြောင်းကို ခေတ္တရပ်ထားလိုက်ရလေ၏။

ဥသြသံကြီးနှင့်အတူ သစ်ထုတ်လုပ်ရေး ရာသီသစ်ကြီး တစ်ဖန် ပြန်လည် စတင်ခဲ့ပြီ ဖြစ်သည်။

တစ်ဖက်တွင်လည်း ယန်ရွှယ်မှာ အားမနေချေ။ သူမသည် မနက်စာစားပြီးနောက် အိမ်ကို သန့်ရှင်းရေးလုပ်ကာ ယာယီအလုပ်သမားအဖွဲ့ ခေါင်းဆောင်ရှိရာသို့ ထွက်ခွာသွားခဲ့သည်။

ချီဖန့်သည် မိသားစုကူညီရေးအဖွဲ့တွင် မည်သည့်နေရာ၌ စာရင်းပေးသွင်းရမည်နှင့် မည်သည့်အထောက်အထားများ လိုအပ်သည်ကို ကြိုတင်စုံစမ်းထားပုံရသည်၊ သူသည် အရာရာကို အစီအစဉ်တကျ ပြင်ဆင်ထားပြီး ဖြစ်၏။

သစ်တောရေးရာဌာနသည် မိသားစုကူညီရေးအဖွဲ့အတွက် လူသစ်များ တကယ်ပင် ခေါ်ယူနေခြင်းဖြစ်ပြီး အဓိကအားဖြင့် စိုက်ပျိုးရေးအဖွဲ့နှင့် ရာသီပေါ်လုပ်သားဟူ၍ အမျိုးအစားနှစ်မျိုး ခွဲခြားထားသည်‌။

စိုက်ပျိုးရေးအဖွဲ့သည် သစ်တောဌာန၏ တောင်ဘက်ရှိ ဧက ခြောက်ရာမှ ခုနစ်ရာခန့် ကျယ်ဝန်းသော မြေကွက်ကြီးကို တာဝန်ယူရပြီး အဓိကအားဖြင့် ထမင်းစားဆောင်အတွက် ဟင်းသီးဟင်းရွက်များနှင့် ဝန်ထမ်းများကို ပြန်လည်ရောင်းချရန် ကောက်ပဲသီးနှံများအား စိုက်ပျိုးရခြင်းဖြစ်၏။

အမှန်စင်စစ် သစ်တောဌာနတွင် ကိုယ်ပိုင်မြေကွက်များ မရှိဘဲ အိမ်များမှာလည်း ကပ်လျက်တည်ရှိနေသဖြင့် မိသားစုတစ်စုချင်းစီ၏ ဟင်းသီးဟင်းရွက်စိုက်ခင်းများမှာ သေးငယ်လှသည်‌။ လစဉ်ရရှိသော ရိက္ခာဆန်မှာလည်း အမြဲတမ်းဖူလုံမှုမရှိသဖြင့် ဝန်ထမ်းများကို ကောက်ပဲသီးနှံများ ပြန်လည်ရောင်းချခြင်းက စားနပ်ရိက္ခာ ပြတ်လပ်မှုအား ဖြေရှင်းပေးနိုင်သည့်အပြင် မိသားစုများအတွက်လည်း ဝင်ငွေရရှိစေ၏။

အားနည်းချက်မှာ ဝင်ငွေနည်းပါးခြင်းပင် ဖြစ်သည်။ လုပ်အားခကို သီးနှံများရောင်းချပြီးမှသာ အလုပ်လုပ်သည့်မှတ်တမ်းပေါ်မူတည်၍ တွက်ချက်ပေးခြင်းဖြစ်၏။ ထို့အပြင် သစ်တောဌာနမှာ တောင်တန်းများနှင့် နီးကပ်သဖြင့် တောရိုင်းတိရစ္ဆာန်များက ကောက်ပဲသီးနှံများကို လာရောက်ဖျက်ဆီးလေ့ရှိရာ ဆောင်းဦးပေါက်ချိန်တွင် လယ်ကွင်းများကို အလှည့်ကျ စောင့်ကြပ်ကြရသည်‌။

၎င်းမှာ အချိန်ကုန်သလောက် အကျိုးအမြတ်နည်းပါးပြီး နေရပ်ဟောင်းရှိ ကျေးလက်ဘဝနှင့် သိပ်မထူးခြားလှကြောင်း ယန်ရွှယ် ကောက်ချက်ချလိုက်၏။

ရာသီပေါ်လုပ်သားများအတွက်မူ အလုပ်က ပို၍ပင်ပန်းပြီး အဓိကအားဖြင့် တောရှင်းခြင်းနှင့် သစ်တောကာကွယ်ခြင်းကဲ့သို့သော သစ်တောလုပ်ငန်းများကို လုပ်ကိုင်ရသည်‌။ ၎င်းတို့သည် စိုက်ပျိုးရေးအဖွဲ့ထက် ဝင်ငွေပိုကောင်းသော်လည်း အလုပ်မှာ အမြဲတမ်းရှိနေသည်မဟုတ်ပေ။

သို့သော်လည်း ပုံသေမရှိသော အလုပ်ချိန်များကြောင့် အားလပ်ချိန်ပိုရသဖြင့် တောင်ပေါ်တက်ကာ အခြားအလုပ်များ လုပ်ကိုင်ရ ပို၍လွယ်ကူစေသည်‌။ သစ်တောဌာနရှိ ဝါရင့်လုပ်သားအများစုမှာ ဤရွေးချယ်မှုကိုသာ ပို၍နှစ်သက်ကြလေ၏။

အသေအချာ စဉ်းစားပြီးနောက် ယန်ရွှယ်သည် သူမ၏ အခြေအနေအရ ပို၍စွန့်စားရသော်လည်း အမြတ်အစွန်းပိုထွက်နိုင်သည့် ရာသီပေါ်လုပ်သားလမ်းကြောင်းကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်‌။

သူမတွင် ထောက်ပံ့ရမည့် မောင်လေးတစ်ယောက်ရှိနေပြီး စိုက်ပျိုးရေးအဖွဲ့၏ ဝင်ငွေမှာ အလွန်အမင်း ကန့်သတ်ချက်ရှိလွန်းလှ၏။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ဟွမ်ဖန့်ယင်းတို့နှင့်အတူ တောင်ပေါ်တက်ပြီး စွန့်စားကြည့်ခြင်းက ပို၍ကောင်းပေလိမ့်မည်‌။

အမှန်တကယ်တော့ ယခုမှာ ဖေဖော်ဝါရီလနှောင်းပိုင်းသာ ရှိသေးသဖြင့် မိသားစုကူညီရေးအဖွဲ့အတွက် အလုပ်မှာ အစောဆုံး မတ်လကျမှသာ ရှိလိမ့်မည်‌။ လောလောဆယ်တွင်မူ သူမသည် စာရင်းပေးသွင်းရန်သာ လာခဲ့ခြင်းဖြစ်သည်။

မိသားစုကူညီရေးအဖွဲ့၏ ခေါင်းဆောင်မှာ အသက်လေးဆယ်ဝန်းကျင်ရှိ လင်းဟု မျိုးရိုးအမည်ရှိသော ပိန်ပိန်ပါးပါး လူတစ်ယောက်ပင် ဖြစ်၏။ သူသည် မကြာသေးမီက အအေးမိထားပုံရပြီး ယန်ရွှယ်ဝင်လာသည့်အချိန်မှစ၍ မရပ်မနား ချောင်းဆိုးနေလေသည်။

သူ့ဇနီးသည်မှာမူ အသက် ၃၄၊ ၃၅ ခန့်သာရှိသေးပြီး ငယ်ရွယ်နုပျိုကာ လှပသူဖြစ်၏။ သူမ၏ မျက်ဝန်းများမှာ အပေါ်သို့ အနည်းငယ် စွေတက်နေပြီး လူတိုင်းကို နွေးထွေးသော အပြုံးများဖြင့် ဆီးကြိုနှုတ်ဆက်တတ်သည်‌။

ယန်ရွှယ် လာရင်းကိစ္စကို ကြားရသောအခါ ခေါင်းဆောင်လင်းသည် ကုတ်အင်္ကျီကို ကောက်စွပ်လိုက်ပြီး ခုတင်ပေါ်မှ ဆင်းကာ စားပွဲတင်အံဆွဲထဲမှ မှတ်တမ်းစာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်၏။

ယန်ရွှယ်သည် သူမ၏ အိမ်ထောင်စုစာရင်းနှင့် အိမ်ထောင်ရေးလက်မှတ်ကို ပြသကာ အချက်အလက်များ ဖြည့်စွက်လိုက်ပြီးသောအခါ ချောင်းတဟွတ်ဟွတ် ဆိုးနေဆဲဖြစ်သော ခေါင်းဆောင်လင်းက သတင်းစောင့်ရန်နှင့် အလုပ်ရှိပါက အကြောင်းကြားမည်ဖြစ်ကြောင်း ပြောခဲ့၏။

ခေါင်းဆောင်လင်း၏ ဇနီးက သူမကို တံခါးဝအထိ ကိုယ်တိုင်လိုက်ပို့ခဲ့သည်။ “ဒါဆို ညီမက ချီဖန့်ရဲ့ ဇနီးပေါ့။ သူ့လို ရုပ်ဖြောင့်တဲ့သူနဲ့ ဘယ်လို မိန်းကလေးမျိုးကများ လိုက်ဖက်မှာလဲလို့ အမြဲတွေးနေခဲ့တာ"

သူမ၏ လေသံအရ ချီဖန့်ကို သိထားပြီးဖြစ်သလို သူ အိမ်ထောင်ကျသွားသည်ကိုလည်း သိနေပုံရ၏၊ ၎င်းမှာ ယွီရုန်ကျစ် ဖန်တီးခဲ့သော ပြဿနာကြောင့်လည်း ဖြစ်နိုင်သည်။

သတို့သမီးအသစ်လေး၏ ရှက်သွေးဖြာဟန်ကို ဆက်လက်ထိန်းသိမ်းထားရင်း ယန်ရွှယ်က ဘာမှပြန်မပြောဘဲ ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်၏။ သို့သော် သူမ မော့ကြည့်လိုက်သည့်အချိန်တွင် အထဲသို့ ဝင်လာသော ယွီချွေ့ယွင်နှင့် မမျှော်လင့်ဘဲ မျက်လုံးချင်း ဆုံသွားခဲ့၏။

ယွီချွေ့ယွင်သည် သူမကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသော်လည်း ခေါင်းဆောင်လင်း၏ ဇနီးကမူ အရင်ဆုံး နွေးထွေးမှုဖြင့် နှုတ်ဆက်လိုက်သည်‌။ "ဒီနေ့ ဘာကိစ္စထူးလို့ လာတာလဲ"

သူမ၏ လေသံမှာ တက်ကြွမှုနှင့် ရင်းနှီးကျွမ်းဝင်မှုတို့ ရောယှက်နေသဖြင့် ၎င်းတို့နှစ်ဦးမှာ ရင်းနှီးသူများဖြစ်ကြောင်း သိသာလှ၏။

ယွီချွေ့ယွင်သည် ယန်ရွှယ်ကို လျစ်လျူရှုထားလိုက်သည်။ "နင်က ဆရာကျားနဲ့ ရင်းနှီးတယ်ဆိုတော့ ငါ အကူအညီတစ်ခုလောက် တောင်းချင်လို့။ ငါ့သား ကျန်းကျွင်းက ရိုလာစကိတ်တစ်စုံ လိုချင်နေလို့လေ။ ပုံစံကားချပ်ကို ငှားကြည့်ပေမဲ့ မရခဲ့ဘူး၊ အဲဒါကြောင့် ဆရာကျားဆီမှာ တစ်ချက်လောက် စုံစမ်းပေးပါအုံး။ တကယ်လို့ တစ်ယောက်ယောက်က သူ့ကို မှာထားတာရှိရင် ကျန်းကျွင်း အတွက်ပါ တစ်ခါတည်း လုပ်ပေးလို့ရမလားလို့။ နင် သူ့ဖိနပ်ဆိုဒ်ကို သိတာပဲလေ"

သူမသည် ခေါင်းဆောင်လင်း၏ ဇနီးကို ပြောနေခြင်းလား သို့မဟုတ် ယန်ရွှယ်ကြားအောင် တမင်တကာ ပြောနေခြင်းလား ဆိုသည်မှာ မသဲကွဲပေ၊ သူမအနေဖြင့် ပုံစံကားချပ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စကိတ်ကို ရအောင်ယူမည်ဟု ကြုံးဝါးနေပုံရ၏။

ခေါင်းဆောင်လင်း၏ ဇနီးသည်လည်း လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်‌။ "ကောင်းပြီလေ၊ ခဏနေရင် ငါ သွားမေးပေးမယ်။ ဒါပေမဲ့ ဘယ်သူတွေ မှာထားလဲဆိုတာတော့ ငါလဲ မသိဘူး"

"ရှိမှာပါ၊ ဒီသစ်တောဌာနမှာ သူကလွဲလို့ တခြားဘယ်သူ့ဆီ သွားမှာလဲ။ သူက တစ်ဦးတည်းသော လက်သမားပဲဟာ"

ယွီချွေ့ယွင်သည် ယန်ရွှယ်ကို နောက်ထပ်တစ်ကြိမ် စူးစိုက်ကြည့်လိုက်ပြန်၏။

ယန်ရွှယ်သည် အနည်းငယ်မျှပင် စိတ်မဆိုးပေ။ ထိုဒီဇိုင်းမှာ သူမ၏ ကိုယ်ပိုင်ဖြစ်နေလျှင်ပင် ဤခေတ်ကာလတွင် မူပိုင်ခွင့်အကာအကွယ် မရှိသဖြင့် လူများက သိပ်မကြာခင်မှာပင်ဖြစ်စေ၊ နောက်မှဖြစ်စေ ကူးယူကြမည်သာ ဖြစ်သည်။

တကယ်လို့ ယွီချွေ့ယွင်မှာ အရည်အချင်းရှိရင်တော့ စမ်းကြည့်နိုင်တာပေါ့။ ဒါပေမဲ့ အဲဒီလို အချိုးမျိုးနဲ့ဆိုရင်တော့ ယန်ရွှယ်ဘက်က ပုံစံကားချပ်ကို ဘယ်တော့မှ ပေးမည်မဟုတ်ချေ။

သူမ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိဘဲ ယန်ရွှယ်သည် ခေါင်းဆောင်လင်း၏ ဇနီးကို ပြုံး၍ နှုတ်ဆက်ကာ သူမ၏ လည်ပတ်ပုဝါကို ပတ်လိုက်ပြီး သူမမှာထားသည့်ပစ္စည်း ပြီးမပြီး စစ်ဆေးရန် ဆရာကျားထံသို့ ထွက်လာခဲ့လိုက်၏။

၎င်းမှာ ကြီးမားသော ပစ္စည်းမဟုတ်ပေ၊ လွန်ခဲ့သော နှစ်ရက်ကပင် ပုံစံကားချပ်ကို ပေးထားခဲ့ခြင်းဖြစ်သဖြင့် ယခုအချိန်တွင် ပြီးလောက်ပြီဟု သူမ ထင်မိသည်‌။

ယန်ရွှယ်၏ အရေးမစိုက်သော အမူအရာကြောင့် ယွီချွေ့ယွင်မှာ ဂွမ်းပုံကို ထိုးလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူမကိုယ်သူမ လူပြိန်းတစ်ယောက်ပမာ ဖြစ်သွားသဖြင့် တိတ်တဆိတ် ဒေါသထွက်နေမိ၏။

ပြီးတော့ ယန်ရွှယ်ရဲ့ မျက်လုံးတွေကလည်း…

ယန်ရွှယ်တစ်ယောက် မြင်ကွင်းမှ ပျောက်လုနီးပါးဖြစ်ချိန်တွင် ယွီချွေ့ယွင်က ရုတ်တရက် သတိရသွားကာ ပြောလိုက်သည်‌။ "ဪ... ဘယ်မှာမြင်ဖူးပါလိမ့်လို့၊ ဟိုတစ်နေ့က လောင်လျန်နဲ့ စကားပြောနေတဲ့သူပဲ"

"ဘယ်သူက လောင်လျန်နဲ့ စကားပြောတာလဲ" ခေါင်းဆောင်လင်း၏ ဇနီးက ချက်ချင်းလှည့်မေးခဲ့၏။

"စောစောက ယန်ရွှယ်လေ။ သူက ငါ့ရဲ့ လောင်လျန်‌ကို နေမကောင်းဘူးလားလို့တောင် လာမေးသေးတယ်။ သူမကိုကြည့်ရတာနဲ့တင် လူကောင်းမဟုတ်မှန်း သိသာတယ်"

"ရှောင်လျန်က သူ့ကို သိတာလား" ခေါင်းဆောင်လင်း၏ ဇနီးက အံ့သြတကြီး မေးခဲ့သည်‌။ "သူမ ဒီကိုရောက်တာ ရက်ပိုင်းပဲ ရှိသေးတာလေ"

"ဘယ်သူသိမှာလဲ။ သူ့ကိုကြည့်ရတာနဲ့တင် ငါ စိတ်တိုတယ်။ သူက နင့် ခေါင်းဆောင်လင်းဆီမှာ ဘာလာလုပ်တာလဲ..."

ဆရာကျား၏ နေရာမှာ ခေါင်းဆောင်လင်းတို့အိမ်နှင့် မဝေးလှပေ။ ယန်ရွှယ်ရောက်ရှိသွားပြီး မေးမြန်းကြည့်သောအခါ သူမ မှာထားသည့် ပစ္စည်းမှာ အမှန်တကယ်ပင် ပြီးစီးနေပြီ ဖြစ်၏။

ဆရာကျားသည် အလွန်အသေးစိတ်ကျသူဖြစ်ပြီး ထိုပစ္စည်းကို အတွင်းအပြင် နှစ်ကြိမ်တိုင်တိုင် စနစ်တကျ ပွတ်တိုက်ထားပေးသည်‌။ "ညီမ သိပ်မလောရင်တော့ အိမ်ယူသွားပြီးမှ ဗားနစ်လေး ဘာလေး ပြန်သုတ်လိုက်လေ"

ထို့နောက် သူက ဆက်မေးလေ၏။ "ဒါနဲ့ ဒါက ဘာပစ္စည်းလဲ။ ကြည့်ရတာ တုတ်နဲ့လဲမတူသလို ကျောကုတ်တံနဲ့လဲ မတူဘူး"

"နှိပ်ဖို့အတွက်ပါ" ယန်ရွှယ်က ပြန်ဖြေလိုက်သည်။ ပစ္စည်းမှာ သူမ စိတ်ကြိုက်ဖြစ်သည်ကို အတည်ပြုပြီးနောက် သဘောတူထားသော ဝန်ဆောင်ခကို ပေးချေလိုက်၏။

ဆရာကျားက ပိုက်ဆံကို လက်ခံလိုက်သော်လည်း ထိုပစ္စည်းကို စပ်စုသော မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။ "ဒါက နှိပ်ဖို့အတွက်လား။ ဒီနောက်ပိုင်း လူတွေက ထူးထူးဆန်းဆန်းတွေပဲ လာလာခိုင်းနေကြတယ်"

ဆရာကျားသည် ရိုလာစကိတ်များကို ဆိုလိုခြင်းဖြစ်မည်ဟု ယန်ရွှယ်က ခန့်မှန်းမိလိုက်သည်‌။ သူမသည် တစ်ဝက်တစ်ပျက် ပြီးစီးနေသော စကိတ်ဘောင်များကို တွေ့ရှိခဲ့ပြီးဖြစ်ရာ မကြာမီ သစ်တောဌာနတစ်ခုလုံး စကိတ်များဖြင့် ပြည့်နှက်သွားတော့မည်ဖြစ်၏။

သူမသည် ထိုအနှိပ်ကိရိယာကို ဗားနစ်သုတ်ရန် အစီအစဉ်မရှိပေ။ ၎င်းမှာ မလိုအပ်သည့်အပြင် ဗားနစ်၏ အနံ့မှာ ပြင်းထန်ပြီး ကျန်းမာရေးအတွက်လည်း မကောင်းသောကြောင့် ဖြစ်၏။ ထို့ကြောင့် သူမသည် ၎င်းကို ယူဆောင်ကာ လျိုမိသားစုအိမ်သို့ တန်းတန်း ထွက်လာခဲ့လိုက်သည်‌။

All Chapters