← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

ထိုစဉ်မှာပင် ဟွမ်ဖန့်ယင်းသည် အပြေးအလွှား ပြန်ရောက်လာပြီး ယန်ရွှယ်ကို ချက်ချင်းမတွေ့သဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲရှာဖွေနေလေသည်။

"အဒေါ်လျို " ယန်ရွှယ် အမြန် လှမ်းခေါ်လိုက်၏။

ဟွမ်ဖန့်ယင်းက အနားသို့ လျှောက်လာပြီး ပြောခဲ့သည်။ "ငါ မေးခဲ့ပြီးပြီ၊ အနည်းဆုံး နောက်ထပ် နာရီဝက်လောက်တော့ ကြာဦးမယ်တဲ့"

ချီဖန့်ကို သူမဘက်တွင် တွေ့လိုက်ရသောအခါ သူမက ထပ်ပြောသည်‌။"ဪ... ချီဖန့်လည်း ဒီမှာ ရှိနေတာပဲ"

"ဟူလောင်ရှစ်ရဲ့ လွှစက် ပျက်သွားလို့၊ ကျွန်တော် အခု လက်လွှ လာယူတာ" ချီဖန့်က သူ ရောက်နေရသည့် အကြောင်းရင်းကို ရှင်းပြ၏။

လက်လွှဆိုသည်မှာ ရှေးဟောင်းလက်သုံးလွှ ဖြစ်သည်‌။ စက်လွှများ မပေါ်မီကာလက သစ်ထုတ်လုပ်ရေးစခန်းတွင် ဤလွှဖြင့်သာ သစ်ပင်များကို ခုတ်လှဲခဲ့ကြခြင်း ဖြစ်၏။

"ကောင်းပြီလေ၊ ဒါဆိုရင်တော့ အဒေါ်တို့ကြောင့် အလုပ်မနှောင့်နှေးပါစေနဲ့" ဟွမ်ဖန့်ယင်းက သူ့ကို တိုက်တွန်းလိုက်သည်‌။

သို့သော် ချီဖန့်သည် ချက်ချင်း ထွက်မသွားဘဲ လက်အိတ်ကို ချွတ်လိုက်ပြီး အိတ်ကပ်ထဲမှ သော့တစ်တွဲကို ထုတ်ကာ ယန်ရွှယ်အား ပေးလိုက်၏။ "အဒေါ်လျိုနဲ့အတူ ကိုယ့်အဆောင်မှာ သွားစောင့်နေလိုက်"

ချီဖန့်နေထိုင်ရာ မြေအောက်ခန်းသို့ ပြန်ရောက်သောအခါ ယန်ရွှယ်သည် ယခင်တစ်ခေါက်နှင့် မတူဘဲ ခံစားချက် ပြောင်းလဲနေသည်ကို သတိပြုမိလိုက်သည်‌။ ယခုအခါတွင် မည်သည့်ပစ္စည်းများမှာ သူ၏ ပစ္စည်းဖြစ်သည်ကို သူမ အလွယ်တကူ ခွဲခြားနိုင်နေပြီ ဖြစ်၏။

ထိုနေရာနှင့် ပို၍ ရင်းနှီးကျွမ်းဝင်သော ဟွမ်ဖန့်ယင်းက လျိုဝေကောနှင့် လျိုတနျိုတို့၏ ညစ်ပတ်နေသော အဝတ်အစားများကို အမြန်ထုတ်ယူလိုက်သည်‌။ သူမသည် ဇလုံကို ကိုင်ကာ ပြောလာ၏။ "နင် ဒီမှာပဲ အေးအေးဆေးဆေး ထိုင်နေနော်၊ ငါ သူတို့နှစ်ယောက်အတွက် ဒါတွေကို သွားလျှော်ပေးလိုက်ဦးမယ်"

သူမသည် အဝတ်အစားများ၏ အခြေအနေကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ "တောင်ပေါ်မှာ ရက်ပိုင်းလေးပဲ ရှိသေးတယ်၊ ဒီဘောင်းဘီတွေဆိုရင် အညစ်အကြေးတွေနဲ့ ပေပွနေတာပဲ"

"ကျွန်မလည်း လိုက်ခဲ့မယ်" ယန်ရွှယ်က ကူညီရန် ကမ်းလှမ်းလိုက်သည်၊ သူမသည် အိမ်မှုကိစ္စအားလုံးကို တာဝန်ယူမည်ဟူသော ကတိကို ရုတ်တရက် သတိရသွားခြင်း ဖြစ်၏။ သူမသည် ချီဖန့်၏ လျှော်ရန်လိုမည့် အဝတ်အစားများကို စတင် ရှာဖွေတော့သည်‌။

သို့သော် အနှံ့အပြား ရှာဖွေသော်လည်း ညစ်ပတ်နေသော အဝတ်အစား တစ်ထည်ကိုမျှ ရှာမတွေ့ပေ။

သူ၏ အဝတ်အစားများမှာ သန့်ရှင်းနေရုံတင်မကဘဲ သေသေသပ်သပ်လည်း ခေါက်ထားလေ၏။ ဟွမ်ဖန့်ယင်းက သူမ၏ ဇဝေဇဝါဖြစ်နေသော ပုံစံကို ကြည့်ကာ ရယ်မောလိုက်သည်။ "ငါ ပြောဖို့ မေ့နေတာ၊ သူ့အဝတ်အစားတွေကို လျှော်ပေးစရာ မလိုဘူး။ ချီဖန့်က သူ့အဝတ်အစားတွေကို သူကိုယ်တိုင် အမြဲလျှော်တာ။ ငါတို့အိမ်မှာ နေတုန်းကလဲ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ အလုပ်က ဘယ်လောက်ပဲ နောက်ကျမှ ပြန်လာပါစေ သူက အမြဲတမ်း ရေချိုးပြီး အဝတ်လျှော်လေ့ရှိတယ်။ ဒီကောင်လေး အိပ်ကောအိပ်ရဲ့လားလို့တောင် ငါ တွေးဖူးတယ်"

ယန်ရွှယ် ပြန်စဉ်းစားကြည့်လိုက်၏။ "သူက ညဥ့်နက်မှ အိပ်ပြီး မနက်စောစော ထတာပဲလေ"

"ဟုတ်တယ်မလား၊ အခုက နေ့တာတိုနေလို့ သိပ်မသိသာတာ။ နွေရာသီဆိုရင် ငါ အိပ်ရာကနိုးတဲ့အချိန်ဆို သူက ရေအိုးကြီးကို အပြည့် ဖြည့်ထားပြီးသားပဲ"

သစ်ထုတ်လုပ်ရေးစခန်းတွင် ရေပိုက်စနစ် မရှိသဖြင့် သောက်သုံးရေကို အနီးရှိ မြစ်ထဲမှ သယ်ယူကြရသည်‌။ ရေအိုးကြီးတစ်လုံးလုံး ပြည့်အောင် ဖြည့်ရခြင်းမှာ သာမန်အလုပ် မဟုတ်ပေ။

ယန်ရွှယ် တွက်ချက်ကြည့်လိုက်၏။ "သူ တစ်ညကို ခြောက်နာရီလောက်တောင် အိပ်ချိန်ရရဲ့လား"

"နင်က ငါ့ကို လာမေးနေတာလား၊ ငါက ဘယ်လိုလုပ် သိမှာလဲ။ ငါက သူနဲ့အတူ အိပ်တာမှ မဟုတ်တာ"

ဟွမ်ဖန့်ယင်း၏ ရုတ်တရက် ထွက်ပေါ်လာသော ဟာသစကားကြောင့် ယန်ရွှယ် အကျပ်ရိုက်သွားရသည်။

သို့သော်လည်း မွန်းတည့်ချိန်တွင် အခြားအလုပ်သမားများ နေ့လယ်စာစားရန် ပြန်ရောက်လာကြသောအခါမှသာ အမှန်တကယ် "ဘရိတ်မပါဘဲ မောင်းနှင်ခြင်း" ဟူသည်မှာ မည်သို့ရှိသည်ကို ယန်ရွှယ်တစ်ယောက် မျက်မြင်တွေ့ခဲ့ရတော့၏။

တောင်ပေါ်စခန်းတွင် ပညာအရည်အချင်း နည်းပါးသော အမျိုးသားများသာ အများစုရှိကြသည်‌။ ၎င်းတို့သည် မိမိကိုယ်ကိုယ် ကြွားဝါပြောဆိုခြင်း မပြုလျှင် အမျိုးသမီးများအကြောင်းကိုသာ ပြောလေ့ရှိကြ၏။ ကဗျာရွတ်ခြင်း သို့မဟုတ် အတွေးအခေါ် ဆွေးနွေးခြင်းကဲ့သို့သော အရာများမှာ ဤနေရာတွင် ရှိနေပါမည်လော။

သစ်ထုတ်လုပ်ရေးသမား တစ်စုမှာ ဆူညံစွာဖြင့် ဝင်လာကြပြီး ယန်ရွှယ်ကို မြင်လိုက်သည်နှင့် တစ်ယောက်က ချီဖန့်ကို တံတောင်ဖြင့် တွတ်ကာ စနောက်လိုက်သည်။ "တောင်ပေါ်တက်လာတာ ရက်ပိုင်းပဲ ရှိသေးတယ်၊ မင်းမိန်းမက မင်းကို လွမ်းနေပြီတဲ့လား။ နှစ်သစ်ကူးတုန်းက အတူတူနေရတာ မဝသေးဘူးလား"

စကား၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသဖြင့် အမျိုးသားအချို့မှာ ဝိုင်းရယ်မောကြ၏။ "မနောက်ကြနဲ့ သူတို့လို လူငယ်တွေကျတော့ အားလပ်ရက် ရက်ပိုင်းလေးနဲ့ ဘယ်လောက်ပဲ အတူနေနေ ဝပါအုံးမလဲ"

အခြားတစ်ယောက်ကလည်း ပထမပြောသူကို ပြန်လည်နောက်ပြောင်ခဲ့သည်။ "နေစမ်းပါကွာ၊ ဘယ်သူ့မိန်းမကမှ မင်းမိန်းမလောက် 'ဗိုက်ဆာနေတဲ့ ဝံပုလွေ' အဆင့်မျိုး မဟုတ်ပါဘူးကွ"

တိတ်ဆိတ်ငြိမ်သက်တတ်သော လူသစ် ချီဖန့်နှင့် နှိုင်းယှဉ်လျှင် ထိုသူတို့မှာ အလွန်ပင် ရင်းနှီးပွင့်လင်းကြသူများ ဖြစ်သည်။ အခန်းထဲတွင် ရယ်မောသံများဖြင့် ဆူညံသွားခဲ့၏။

ချီဖန့်၏ မျက်မှောင်မှာ အနည်းငယ် ကြုတ်သွားပြီး သူ၏အကြည့်မှာ ယန်ရွှယ်ထံသို့ ဝေ့ဝဲသွားခဲ့သည်‌။

သူ၏ စရိုက်ကို သိသော လျိုဝေကောက ကြားဖြတ်ဝင်ပြောလိုက်၏။ "မင်းတို့ ဗိုက်မဆာကြဘူးလား။ ဒီမှာပဲ ရပ်ပြီး စကားများနေတော့မှာလား။ ဒီနေ့ ငါ့အမေက ငါ့အတွက် စားကောင်းသောက်ဖွယ်တွေ အများကြီး ထည့်ပေးလိုက်တယ်"

အစားအကြောင်း ပြောလိုက်သည်နှင့် ထိုသူများမှာ ချက်ချင်း စိတ်ဝင်စားသွားကြသည်‌။ "ဒီတစ်ခါ သူ ဘာတွေ ထည့်ပေးလိုက်တာလဲ၊ ကြည့်ရအောင်"

"အရင်ဆုံး အပူပေးရအုံးမယ်၊ အကုန် အေးစက်နေပြီ"

လျိုဝေကောက သူ၏ ထမင်းချိုင့်ကို ယူလိုက်သောအခါ အခြားသူများမှာလည်း ကန်တင်းသို့ သွားရန် လူစုကွဲသွားကြလေ၏။

သို့သော် စတင်နောက်ပြောင်ခဲ့သူမှာ မသွားခင် နောက်တစ်ကြိမ် ချီဖန့်မှင့် ယန်ရွယ်ဘက်သို့ လှမ်းကြည့်ကာ ပြောခဲ့သေးသည်။"ငါတို့ နောက်ကျမှ ပြန်လာရမလား။ ထမင်းစားချိန်က မင်းတို့နှစ်ယောက်အတွက် လုံလောက်ပါတယ်နော်"

စကားပင် မဆုံးသေးမီ သူကိုယ်တိုင်က အရင်ဦးအောင် ရယ်မောနေပြီး အခြားသူများကလည်း လိုက်၍ ပြုံးရယ်နေကြသည်‌။

ထိုအခါ ယန်ရွှယ်က ပျားရည်ထက် ချိုမြိန်သော အပြုံးဖြင့် ပြန်ပြောလိုက်၏။ "ထွက်သွားတဲ့အခါ တံခါးလေး ပိတ်ပေးခဲ့ပါအုံးနော်၊ ကျေးဇူးတင်ပါတယ်"

သူမ၏ မျက်ဝန်းများမှာ အပြစ်ကင်းစင်စွာဖြင့် ဝိုင်းစက်နေပြီး ရှက်ရွံ့နေသည့် အရိပ်အယောင် သို့မဟုတ် ထိုသူ၏ စကားများကို နားလည်သည့် အရိပ်အယောင်မျှပင် မပြပေ။

ထိုသူမှာ အံ့အားသင့်သွားပြီး မျက်လုံးများပင် ပြူးထွက်မတတ် ဖြစ်သွားချေသည်‌။ သို့သော် ယန်ရွှယ်တစ်ယောက် အမျိုးသားတစ်ဦးကို အရက်သောက်ပြိုင်ပြီး အနိုင်ယူခဲ့သည်ကို မြင်ဖူးသော လျိုဝေကောမှာမူ မအံ့သြပေ။ သူက ထိုသူ၏ ပုခုံးကို ဖက်လိုက်ပြီး ခပ်ပြုံးပြုံးဖြင့် ပြောလိုက်၏။

"မှတ်ပြီလား၊ သွားစနေတာ။ သူ့ရဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်ကို ကြည့်ပြီး အထင်မသေးနဲ့၊ သူမက ချီဖန့်ထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်"

"မဖြစ်နိုင်တာ၊ သူက ဘယ်လောက် ရှိအုံးမှာမို့လို့လဲ" ထိုသူမှာ အပြင်သို့ ထွက်သွားရင်း နောက်သို့ လှည့်လှည့်ကြည့်နေတော့သည်‌။

ထိုစဉ် ယန်ရွှယ်၏ တိုးညင်းသော်လည်း ပြတ်သားသောအသံမှာ ချီဖန့်ထံသို့ ရောက်သွားသည်‌။ "အဲဒီလူတွေကို မှတ်ထားနော်၊ ကျွန်မယူလာတဲ့ အစားအစာတွေကို သူတို့ကို လုံးဝ မကျွေးနဲ့"

ထိုစကားကို ကြားလိုက်ရသော အလုပ်သမားက မကျေမချမ်း ပြန်အော်ပြောလိုက်၏။ "သူက ဘယ်တုန်းကမှ မင်းပေးတာတွေကို ငါတို့နဲ့ ဝေစားဖူးလို့လဲ"

ချီဖန့်သည် အဆောင်တွင် အဆင်းရဲဆုံးဖြစ်ပြီး မိမိအဝတ်အစားကို မိမိဖာသာ ပြန်ချုပ်ဝတ်တတ်ကြောင်း လူတိုင်း သိကြသည်‌။ ယခုနှစ် နှစ်သစ်ကူးတွင် ဇနီးတစ်ယောက်နှင့်အတူ ပြန်မလာခင်အထိ မည်သူကမျှ သူ့ထံသို့ အထောက်အပံ့ပစ္စည်းများ ပေးပို့ခြင်း မရှိခဲ့ပေ။

သူ့ဇနီးမှာ အလွန်လှပပြီး အစားအစာများစွာ ယူဆောင်လာပေးသည်ဟု သတင်းများ ထွက်နေလေ၏။ ထမင်းစားချိန်တိုင်းတွင် သူသည် သူမလုပ်ပေးထားသော အသားဆော့စ်တစ်ဇွန်းကို ထမင်းချိုင့်ထဲသို့ ထည့်ကာ မီးဖိုပေါ်တွင် အပူပေးလေ့ရှိရာ ထိုမွှေးကြိုင်သော အနံ့မှာ ဘေးလူများကို သွားရည်ကျစေသည်‌။

သို့သော် ထိုလူမှာ အလွန်တွန့်တို၏။ မြည်းကြည့်ရန် တောင်းလျှင် အနည်းငယ်သာ ပေးတတ်ပြီး နောက်တစ်ကြိမ် ထပ်တောင်းရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

သူသည် ဇနီးဖြစ်သူ၏ လက်ရာကို နောက်တစ်လုတ် ထပ်ကျွေးမည့်အစား ထမင်းစားလက်မှတ်များကို အသုံးပြု၍ ကန်တင်းတွင် ဝယ်ကျွေးရန်သာ ရွေးချယ်မည့်သူ ဖြစ်သည်။

ဤသည်မှာ ယန်ရွှယ်အတွက် သတင်းထူး ဖြစ်၏။ သူမသည် လူများ ထွက်သွားသည်အထိ စောင့်လိုက်ပြီးမှ ချီဖန့်ဘက်သို့ လှည့်လိုက်သည်။ "ရှင် တကယ်ပဲ သူတို့ကို မကျွေးဘူးလား"

"ကျွေးပါတယ်" ချီဖန့်က မျက်တောင်မခတ်ဘဲ ပြန်ဖြေလေ၏။ အနည်းငယ်မျှ ကျွေးခြင်းကလည်း ဝေမျှခြင်းတွင် ပါဝင်သည်ဟု သူ ယူဆသည်။

ချီဖန့်သည် ထိုမျှလောက်အထိ စိတ်ပုတ်မည့်သူ မဟုတ်ဟု ယန်ရွှယ်က တွေးလိုက်မိ၏။ ထိုသူက နောက်ပြောင်ခြင်းသာ ဖြစ်ပါလိမ့်မည်‌။ "ဒီမှာပဲ စားမှာလား၊ ဒါမှမဟုတ် ကန်တင်း သွားမလား" သူမ၏ အိတ်ထဲမှ ထမင်းဘူး နှစ်ခုကို ထုတ်လိုက်သည်‌။

ချီဖန့်ကမူ ထိုချိုင့်များကို ယူ၍ မီးဖိုပေါ်တွင် တင်လိုက်၏။ "ဒီမှာပဲ စားမယ်၊ ကိုယ် နောက်ထပ် ဟင်းအချို့ သွားယူလိုက်အုံးမယ်"

ဘာကြောင့်လဲဆိုသည်ကို သူကိုယ်တိုင်လည်း ရှင်းမပြနိုင်သော်လည်း သူမ ယူဆောင်လာပေးသည်များကို သူတစ်ပါးအား မမျှဝေချင်ပေ။ အခြားသူများတွင် အမြဲတမ်း ပေါပေါများများ ရှိနေသော်လည်း သူ့အတွက်မူ ဤသည်မှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ရရှိခြင်း ဖြစ်သောကြောင့် ဖြစ်နိုင်သည်‌။

ကန်တင်းတွင် ချီဖန့်မှာ အစနောက်ခံရသော်လည်း သူသည် ဂရုမစိုက်ဘဲ အဆောင်သို့ ဟင်းများနှင့်အတူ ပြန်လာခဲ့၏။

ပါးပါးလှီးထားသော အသားကြော်မှာ ဆီများဖြင့် တမြှည့်မြှည့် အသံထွက်နေစဉ် ယန်ရွှယ်က တူဖြင့် ထိုးကြည့်လိုက်သည်။ "ဒါကို အရင်စားကြရအောင်။ နံရိုးဟင်းက ပူဖို့ နည်းနည်း ထပ်စောင့်ရအုံးမယ်"

သူမ ငုံ့ကြည့်လိုက်ချိန်တွင် ရှည်လျားသော မျက်တောင်များက အရိပ်ကျနေပြီး သူမ၏ မျက်ဝန်းများမှာ တည်ငြိမ်အေးချမ်းသော အသွင်ကို ဆောင်နေလေ၏။

သူမသည် အမြဲတမ်း ဤကဲ့သို့ပင်ဖြစ်သည်၊ သစ်ထုတ်လုပ်ရေးစခန်း၏ ခက်ခဲကြမ်းတမ်းသော အခြေအနေများကို တစ်ခါမျှ မညည်းညူဘဲ မိမိကိုယ်ကိုယ် အလုပ်များအောင် ထားကာ နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းတတ်၏။

ယန်ရွှယ်သည် သူ့ကို လက်ထပ်ရန် သစ်တောစခန်းသို့ လာနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်နေသည့် အချက်သာ မရှိခဲ့ပါလျှင်၊ ချီဖန့် သူမအား သူမှတ်မိနေသည့် လူတူတစ်ယောက်သာ ဖြစ်မည်လားဟု တစ်ခါတစ်ရံ တွေးမိလိမ့်မည်ပင်။

ချီဖန့်က "အင်း" ဟု တိုးတိုးလေး ဖြေလိုက်ပြီး ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မေးလိုက်သည်‌။ "မင်း မိသားစုဝင်တွေ အလုပ်အဖွဲ့အတွက် စာရင်းသွင်းပြီးပြီလား"

ဤလူသည် စကားကို ခဲရာခဲဆစ် ပြောတတ်သူ ဖြစ်ရာ ယန်ရွှယ်က သူ့ကို ကြည့်ပြီး ပြောလိုက်သည်။"အင်း၊ ရှစ်ရက်နေ့က စာရင်းသွင်းခဲ့တာ။ ခေါင်းဆောင်လင်းကတော့ အိမ်မှာပဲ သတင်းစောင့်နေပါလို့ ပြောတယ်"

ထိုအချိန်တွင် စကားဝိုင်းမှာ နောက်တစ်ကြိမ် ပြန်လည် တိတ်ဆိတ်သွားပြန်၏။

အမှန်အတိုင်းဆိုရလျှင် ချီဖန့်မှာ စကားပြောနည်းသူဖြစ်သလို ယန်ရွှယ်ကလည်း စကားအတင်းဖန်တီးပြောရသည်ကို မနှစ်သက်ပေ။ သူမ၏ လူမှုဆက်ဆံရေးမှာ ရှင်သန်ရန် လိုအပ်ချက်ကြောင့်သာ တတ်မြောက်ထားခြင်း ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ဟင်းမှာ အဆင်သင့်ဖြစ်သွားလေ၏။ ယန်ရွှယ်က အသားအချို့ကို ယူ၍ ချီဖန့်၏ ထမင်းချိုင့်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် နံရိုးဟင်းဘက်သို့ အာရုံပြောင်းလိုက်သည်။

သူမသည် နံရိုးများကို အနှစ်များစွာဖြင့် ချက်ထားသဖြင့် ၎င်း၏ ရွှေအိုရောင်အသွင်မှာပင် သွားရည်ကျစရာ ကောင်းလှ၏။ ပြန်အပူပေးလိုက်သောအခါ သကြားနှင့် ပဲငံပြာရည်အနှစ်များမှာ ပွက်ပွက်ဆူလာပြီး မွှေးကြိုင်သော ရနံ့များမှာ လေထုထဲတွင် ပျံ့နှံ့သွားတော့သည်။

ချီဖန့်က ထိုဟင်းကို ယူ၍ သူ့အတွက် အချို့ဖယ်လိုက်ပြီး မထင်မှတ်ဘဲ သူမ၏ ထမင်းချိုင့်ထဲသို့လည်း နံရိုးနှစ်တုံး ထည့်ပေးလာ၏။

ထိုလုပ်ရပ်မှာ သူမကို စားရန် တိုက်တွန်းခြင်းဖြစ်ကြောင်း သိသာလှသည်‌။ ယန်ရွှယ်လည်း ဘာမှမပြောဘဲ ထမင်းတစ်လုတ် စားလိုက်ချိန်တွင် ထိုလူက အေးစက်သောလေသံဖြင့် ထပ်ပြောလာခဲ့သည်‌။ "နောက်ဆိုရင် အန္တရာယ်ရှိတဲ့ နေရာတွေကို မသွားနဲ့တော့"

ဤသည်မှာ စိုးရိမ်စိတ်ကြောင့်လား၊ သို့မဟုတ် သူမကို လျှောက်မသွားစေချင်၍လား။

ယန်ရွှယ်က မော့ကြည့်သော်လည်း ချီဖန့်ကမူ သူမကို မကြည့်ဘဲ ထုံးစံအတိုင်း ငုံ့နေမြဲပင်။

သူမသည် စိုးရိမ်စိတ်ကြောင့် ဖြစ်မည်ဟုသာ ဆုံးဖြတ်လိုက်ပြီး အနှီသူ့ကို ငြင်းပယ်ခြင်း မပြုချင်သဖြင့် ခေတ္တစဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။ "ကျွန်မ ကြိုးစားကြည့်ပါ့မယ်"

တောတောင်ဒေသတွင် မည်သည့်နေရာက ဘေးကင်းပြီး မည်သည့်နေရာက အန္တရာယ်ရှိသည်ဟု ပြောရန်မှာ ခက်ခဲလှသည်၊ ထို့အပြင် တောင်ပေါ်သို့ လုံးဝမတက်ဘဲ နေရန်မှာလည်း မဖြစ်နိုင်ပေ။

ထိုစကားကြောင့် ချီဖန့်သည် သူမကို နောက်ဆုံးတွင် မော့ကြည့်လိုက်သည်‌။ ၎င်းတို့နှစ်ဦးကြားတွင် လေထုမှာ ငြိမ်သက်သွားပြီး ဟွမ်ဖန့်ယင်းတစ်ယောက် အဝတ်လျှော်ရာမှ ပြန်ရောက်လာကာ ညည်းညူလိုက်မှသာ ပုံမှန် ပြန်ဖြစ်သွားလေ၏။ "ဒီမှာ အဝတ်လျှော်ရတာ တော်တော် ခက်တာပဲ"

ယန်ရွှယ်သည် ချက်ချင်း ထရပ်ကာ နေရာဖယ်ပေးလိုက်သည်။ "အဒေါ် ကျွန်မတို့ ထမင်းစားနေတာ၊ အတူတူ လာစားပါလား"

"မစားတော့ဘူး၊ အိမ်မှာ စားခဲ့ပြီးပြီ" ဟွမ်ဖန့်ယင်းက ငြင်းလိုက်ပြီး သားအဖနှစ်ယောက်၏ အိပ်ရာများကို ပြင်ဆင်ပေးနေခဲ့သည်၊ သူမမှာ လုပ်စရာ အိမ်မှုကိစ္စများ မကုန်နိုင်သကဲ့သို့ ရှိနေ၏။

ချီဖန့်က ယန်ရွှယ်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီးနောက် ထိုကိစ္စကို ဆက်မပြောတော့ဘဲ ရပ်လိုက်သည်‌။

အပြန်လမ်းတွင် စက်ခေါင်းပေါ် လိုက်ပါစီးနင်းခွင့် မရသဖြင့် ယန်ရွှယ်နှင့် ဟွမ်ဖန့်ယင်းတို့မှာ လမ်းလျှောက်၍သာ ပြန်ခဲ့ကြရ၏။ အိမ်သို့ရောက်ရန် နှစ်နာရီတိတိ ကြာမြင့်ခဲ့‌သည်။

ယခုကဲ့သို့ အချိန်မျိုးတွင် ယန်ရွှယ်သည် ထိုစဉ်က အစ်ကိုလျန်နှင့်အတူ တောင်ပေါ်သို့ လိုက်သွားခဲ့သည်မှာ မှန်ကန်သည်ဟု တွေးမိ၏။ အစ်ကို လျန်မှာ အနည်းငယ် ထူးဆန်းသူဖြစ်သော်လည်း နေရာရှာရန် ကိုယ့်ဖာသာ အပင်ပန်းခံရသည်ထက်တော့ ပို၍ ကောင်းမွန်သည်‌။

အိမ်ပြန်ရောက်၍ ထိုင်ရုံရှိသေး အဒေါ် ကောက မီးခိုးရောင် ယုန်တစ်ကောင်ကို ကိုင်ကာ ရောက်လာခဲ့၏။ "အဘိုးလျိုက ဒါကို နင့်အတွက် လာပေးသွားတာ၊ နင့်ထောင်ချောက်မှာ မိတာတဲ့"

"ကျွန်မ ထောင်ချောက်ထဲမှာလား" ယန်ရွှယ်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

သူမ၏ ထောင်ချောက်များ အားလုံး အချည်းနှီးဖြစ်သွားပြီဟု ထင်မှတ်ထားသော်လည်း ယနေ့ အဖိုးအို တောင်ပေါ်တက်ခဲ့ခြင်းမှာ ရလဒ်ကောင်းများ ရရှိခဲ့ခြင်း ဖြစ်၏။

အဒေါ်ကော၏ မြေးဖြစ်သူ ထျဲတန်မှာလည်း အနောက်မှ ပါလာပြီး သိချင်စိတ်ဖြင့် ကြည့်နေလေသည်‌။ ယန်ရွှယ်က မေးကာ စနောက်လိုက်၏။ "ထျဲတန်... ယုန်သား စားချင်လား"

"ဟင့်အင်း" ကောင်လေးက တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းခါပြခဲ့သည်‌။ "ယုန်က မမအတွက်လေ၊ မမပဲ စားရမှာ" သူက လေးလေးနက်နက် ပြန်ပြောလာ၏။

၎င်းတို့၏ ဆွေမျိုးတော်စပ်ပုံမှာ အနည်းငယ် ရှုပ်ထွေးသည်၊ ယန်ရွှယ်က ကောင်လေး၏ အဖွားကို "အဒေါ်ကော" ဟု ခေါ်ပြီး သူ၏ဖခင်ဖြစ်သူကို "အစ်ကို" ဟု ခေါ်သော်လည်း ကောင်လေးကမူ သူမကို "မမ" ဟုသာ ခေါ်လေ၏။

အဒေါ်ကောသည် သူမမြေး၏ လိမ္မာမှုကို သဘောကျကာ ခေါင်းကို ပုတ်ပေးလိုက်ပြီးနောက် စာတစ်စောင်ကို ထုတ်ပေးလာသည်‌။ "ဒီမနက် နင့်ဆီ စာတစ်စောင် ရောက်လာတယ်၊ နင် မရှိလို့ ငါ သိမ်းထားပေးတာ"

ယန်ရွှယ်သည် သူမ၏ ဇာတိမြို့မှ ဖြစ်မည်ဟု ခန့်မှန်းလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်၏။ သူမ ထင်သည့်အတိုင်းပင် ထိုစာမှာ ဇာတိမှ ဖြစ်သည်။

ပထမဦးဆုံး ကြည့်လိုက်လျှင် လက်ရေးမှာ သပ်သပ်ရပ်ရပ် ရှိသော်လည်း အလွန်အမင်း လှပခြင်းတော့ မရှိပေ။ သို့သော် စာပါအကြောင်းအရာကို ဖတ်လိုက်ရသောအခါ ယန်ရွှယ်မှာ မပြုံးဘဲ မနေနိုင်တော့ပေ။

၎င်းမှာ ယန်ကျိအန်း ကိုယ်တိုင် ရေးထားခြင်းဖြစ်ပြီး စာလုံးအမှားအချို့ ပါဝင်နေသလို သူ မသိသော စကားလုံးများကိုလည်း သူမ သင်ပေးခဲ့သော ဖျင်ယင်း များဖြင့် အစားထိုး ရေးသားထားလေ၏။ ဖတ်ရန် အနည်းငယ် အားထုတ်ရသော်လည်း ယန်ရွှယ်မှာ ဂုဏ်ယူမိချေသည်‌။ အနည်းဆုံးတော့ ကျိအန်းသည် သူမ သင်ပေးခဲ့သည်များကို မမေ့ဘဲ စာရေးရာတွင် အသုံးပြုနေပြီ ဖြစ်၏။

သူမသည် စားပွဲတင်ခုံထဲမှ ဘောပင်ကို ထုတ်ကာ အမှားများကို ဝိုင်းလိုက်ပြီး အမှန်များကို ဘေးတွင် ရေးပေးလိုက်သည်‌။ ဖျင်ယင်း နေရာများတွင်လည်း သက်ဆိုင်ရာ စာလုံးများကို ဖြည့်စွက်ပေးလိုက်ပြီး အိမ်စာစစ်သကဲ့သို့ပင် ထိုအမှားပြင်ထားသော စာကို သူမ၏ အကြောင်းပြန်စာနှင့်အတူ ပြန်ပို့ရန် ဆုံးဖြတ်လိုက်၏။

အမှားများ အားလုံး ပြင်ဆင်ပြီးမှသာ သူမသည် စာကို နောက်တစ်ကြိမ် သေသေချာချာ ဖတ်ကြည့်ခဲ့သည်‌။

စာထဲတွင် ငွေတစ်ရာကို အကြွေးဆပ်ရန် အသုံးပြုခဲ့ကြောင်း၊ အိမ်တွင် အားလုံး အဆင်ပြေပြီး သူနှင့် အဖွားမှာလည်း ကျန်းမာစွာ ရှိနေကြောင်း ရေးထား၏။ သူမကို စိုးရိမ်မနေရန်နှင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရန်လည်း မှာကြားထားသေးသည်။

သူတို့ တကယ် အဆင်ပြေရဲ့လားဆိုသည်ကို သူမ မသိနိုင်သော်လည်း အကွာအဝေးကြောင့် သူမအနေဖြင့် ဘာမှ မတတ်နိုင်သည်မှာတော့ အမှန်ပင် ဖြစ်၏။

........

ချီဖန့် - မင်း တကယ်ပဲ ကိုယ်နဲ့ အိပ်ရာတစ်ခုတည်းမှာ အတူတူ နေကြည့်တဲ့အခါ ကိုယ် ညဘက် အိပ်လား၊ မအိပ်ဘူးလားဆိုတာ သိရမှာပါ။

All Chapters