← Chapters

အခန်း (၂၆)

Vol. 3 Ch. 26

အခန်း (၂၆)

Vol. 3 Ch. 26

ယန်ရွှယ်သည် အကြောင်းပြန်စာ စရေးရန် ပြင်နေစဉ် ခေတ္တ ရပ်လိုက်ပြီး အပြင်သို့ ထွက်ကာ အေးခဲနေသော သမင်သားတစ်တုံးကို သွားယူလိုက်သည်‌။

သူမ၏ ဇာတိတွင် အစားအစာ ရှားပါးလှ၏၊ အထူးသဖြင့် ကျိအန်းနှင့် အဖွားတို့မှာ တစ်ဦးက ငယ်လွန်းပြီး တစ်ဦးက ကြီးလွန်းလှသည်‌။ အသားစိုမှာ ခရီးဝေး သယ်ဆောင်ရန် မလွယ်ကူသော်လည်း အသားခြောက်ဆိုလျှင်မူ ဖြစ်နိုင်သည်‌။

သူမ၏ အရင်ဘဝက အလွန်ခြောက်သွေ့သော အမဲသားခြောက် တစ်မျိုးကို ရေးရေးလေး မှတ်မိနေသည်၊ ၎င်းမှာ အစိုဓာတ် လုံးဝမရှိသဖြင့် ရေခဲသေတ္တာ မလိုဘဲ အထားခံ၏။

သို့သော် မည်သို့ ပြုလုပ်ရမည်ကို သူမ သေသေချာချာ မသိပေ။ ထို့ကြောင့် ဆီဖြင့်ကြော်ခြင်း၊ အိုးပူတိုက်ခြင်း သို့မဟုတ် မီးဖြင့် ကင်ခြင်း စသည်ဖြင့် နည်းအမျိုးမျိုးကို စမ်းသပ်ကြည့်ရန် လိုအပ်သည်‌။

သူမသည် သမင်သားကို လက်သန်းခန့် အချောင်းလေးများ လှီးဖြတ်လိုက်ပြီး နယ်ဖတ်ကာ နောက်တစ်နေ့ နံနက်စာ စားပြီးနောက် နည်းလမ်း တစ်ခုချင်းစီကို စမ်းသပ်တော့သည်‌။

ဆီဖြင့် ကြော်ခြင်းမှာ အသားကို ကြွပ်ရွစေသော်လည်း အေးသွားသောအခါ ဆီပြန်ကာ အီလွန်းသည်‌။

မီးဖြင့် ကင်ခြင်းမှာ ခက်ခဲလှသည်၊ အသား မခြောက်မီမှာပင် လောင်ကျွမ်းသွားရန် လွယ်ကူလှ၏။

သို့သော် မြေပဲလှော်သကဲ့သို့ မီးအေးအေးဖြင့် အိုးပူတိုက်ခြင်းမှာမူ အနေတော်ပင် ဖြစ်သွားသည်‌။

သူမ မြည်းကြည့်လိုက်ရာ သမင်သားမှာ အစပိုင်းတွင် အနည်းငယ် ကြွပ်နေပြီး အလွန်ခြောက်သွေ့သဖြင့် အရသာ မရှိသလို ထင်ရသော်လည်း ဝါးလေလေ အရသာ ပိုရှိလေလေ ဖြစ်၏။

သူမသည် နည်းလမ်း တစ်ခုစီမှ အသားခြောက် တစ်ချောင်းစီကို ယူ၍ ခြံထဲတွင် ဆော့နေသော ထျဲတန်ထံ သွားလိုက်သည်‌။ "မမကို ဒါလေးတွေ မြည်းပေးပါအုံး၊ ဘယ်ဟာက ပိုစားကောင်းလဲဆိုတာ ပြောပြနော်"

စားစရာဟု ကြားလိုက်ရသောအခါ ကောင်လေးမှာ ယခင်တစ်ခေါက်ကလို ငြင်းမနေတော့ပေ။ ပထမတစ်လုတ် စားကြည့်ပြီးသည်နှင့် သူ၏မျက်လုံးများမှာ တောက်ပသွားကာ ဆိုလေ၏။ "စားကောင်းတယ်"

ဒုတိယတစ်ခုကိုလည်း "စားကောင်းတယ်" ဟုသာ ပြန်ပြောလေသည်‌။

တတိယတစ်ခုတွင်မူ သူ၏မျက်လုံးကြီးများမှာ အရောင်တောက်နေပြီး "ဒါလဲ စားကောင်းတာပဲ" ဟု ပြောပြန်သည်‌။

ခေတ္တမျှ စဉ်းစားပြီးနောက် သူ၏ လက်ချောင်းလေးဖြင့် တတိယမြောက် တစ်ခုကို ညွှန်ပြ၏။ "ဒါလေးပဲ၊ အဖွားက ဆီတွေ အများကြီး မသုံးရဘူးလို့ ပြောတယ်"

ဤခေတ်ကာလတွင် လူများမှာ ဆီကို လုံလုံလောက်လောက် မစားသုံးနိုင်ကြသေးပေ။ တစ်ခါတစ်ရံ ဟင်းတစ်ခွက် ကြော်ရန်အတွက် တူကို ဆီထဲတွင် အနည်းငယ် တို့လိုက်ရုံမျှသာ ရှိတတ်သည်‌။

"ဒါဆိုရင်တော့ တတိယနည်းလမ်းနဲ့ပဲ လုပ်တော့မယ်" ယန်ရွှယ်က လက်ကျန် အသားခြောက်များကို သူ့အား ပေးလိုက်သည်‌။ "ကူညီပေးတဲ့အတွက် ကျေးဇူးပဲနော်"

ထျဲတန်မှာ ပြုံးပျော်သွားပြီး အသားခြောက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေ၏။ ထို့နောက် သူသည် အိမ်ထဲသို့ ပြေးဝင်သွားခဲ့သည်။ "အဖွား... အဖွား မြည်းကြည့်ဖို့ စားကောင်းတာလေးတွေ ရလာတယ်"

ယန်ရွှယ်သည် သမင်သားခြောက် နှစ်ပေါင်ခန့် ပြင်ဆင်ပြီးနောက်တွင်မှ အကြောင်းပြန်စာကို စာတိုက်ပုံးထဲသို့ ထည့်လိုက်၏။ ထိုထုပ်ပိုးထားသော အသားခြောက်များကိုမူ စာပို့သမား မြို့သို့ သယ်ဆောင်သွားရန် စောင့်ရအုံးမည်ပင် ဖြစ်သည်။

သူမ ပြန်လှည့်လာစဉ် ပုဝါများ ပတ်ထားသော အလတ်တန်းစား အမျိုးသမီး နှစ်ဦးမှာ စကားတပြောပြောဖြင့် လျှောက်လာကြ၏။

"ဒီနှစ် ဘာဖြစ်တာလဲ၊ ရာသီအလိုက် အလုပ်အဖွဲ့က ဘာလို့ ဒီလောက် စောစော စတာလဲ"

"ဘယ်သူက သိမှာလဲ၊ နွေဦးကလဲ ကြာနေတော့ နောက်ကျမယ် ထင်နေတာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ အကြောင်းကြားလာတယ်၊ ငါ့ချွေးမဆိုရင် သူ့မိဘအိမ်ကတောင် ပြန်မလာသေးဘူး"

"မြန်မြန် လုပ်ခိုင်းလိုက်အုံး၊ တစ်ရက်နောက်ကျရင် တစ်ရက်စာ ဝင်ငွေ လျော့တာပဲလေ..."

ယန်ရွှယ်သည် ၎င်းတို့ကို ဖြတ်ကျော်သွားပြီးမှ ရုတ်တရက် ပြန်လှည့်လာကာ မေးလိုက်၏။ "အဒေါ်... ခဏလောက်ပါ၊ အန်တီတို့ ခုနက ပြောနေတာ ရာသီအလိုက် အလုပ်အဖွဲ့အကြောင်းလား"

အသိပေးချက် ထွက်လာသည်မှာ တစ်နေ့ကတည်းက ဖြစ်သော်လည်း ယန်ရွှယ်မှာ ယခုထက်ထိ ဘာသတင်းမှ မကြားရသေးပေ။ သို့သော် သူမသည် တစ်နေ့လျှင် ၂၄ နာရီပတ်လုံး အိမ်မှာရှိနေသူ မဟုတ်သဖြင့် သူမ နားကြားမမှားကြောင်း အတည်ပြုပြီးနောက် လွန်ခဲ့သောရက်များက သူမအား လာရောက်ရှာဖွေသူ ရှိ၊ မရှိကို ဘေးအိမ်မှ အဒေါ်ကောထံ သွားရောက်မေးမြန်းခဲ့သည်။

အဒေါ်ကောက တမင်တကာ ဖုံးကွယ်ထားမည်ဟု သံသယရှိ၍မဟုတ်ဘဲ အဒေါ်ကောမှာ အသက်ကြီးပြီဖြစ်သဖြင့် မေ့လျော့သွားနိုင်သည့် အခွင့်အရေး အနည်းငယ်ကိုပါ ထည့်သွင်းစဉ်းစားလိုခြင်းကြောင့်သာ ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်နိုင်ခြေ မရှိခဲ့ပေ။ သူမအား လာရောက်ရှာဖွေသူ လုံးဝမရှိခဲ့ပေ။

နောက်တစ်နေ့တွင်လည်း လာသူမရှိသော်လည်း သစ်ထုတ်လုပ်ရေးစခန်းမှ ကြိုပို့ဘတ်စ်ကားမှာ လူများကို တောင်ပေါ်သို့ စတင်ပို့ဆောင်နေပြီ ဖြစ်သည်။ ယန်ရွှယ်မှာ တည်ငြိမ်စွာပင် စောင့်ကြည့်နေခဲ့သည်။ ညနေပိုင်းတွင် ဘတ်စ်ကားပြန်ရောက်လာပြီး ခရီးသည်အများစုမှာ အမျိုးသမီးများဖြစ်ကာ လူငယ်အနည်းငယ် (တောင်ပေါ်သို့ ပို့ဆောင်ခံရသော ပညာတတ်လူငယ်များ ဖြစ်ဟန်တူသည်) သာ ပါရှိကြောင်း အတည်ပြုပြီးနောက်မှသာ ခေါင်းဆောင်လင်း၏ အိမ်သို့ သွားရောက်ရန် အခွင့်အရေးကို အရယူလိုက်တော့သည်။

သစ်ထုတ်လုပ်ရေးစခန်းမှ ပညာတတ်လူငယ်များကိုလည်း ယာယီအလုပ်သမားများအဖြစ် သတ်မှတ်ထားပြီး လောလောဆယ်တွင် မှီခိုသူအဖွဲ့ထံ တာဝန်ပေးထားသည်။ ထိုအဖွဲ့ကို စိုက်ပျိုးရေးအဖွဲ့နှင့် ရာသီပေါ်အလုပ်သမားအဖွဲ့ဟူ၍ ထပ်မံခွဲခြားထားသည်။

ယန်ရွှယ်သည် ခေါင်းဆောင်လင်း၏ အိမ်တံခါးဝသို့ မရောက်ခင်မှာပင် သူ၏ ချောင်းဆိုးသံကို ကြားနေရသည်။ ၁၀ ရက်ကျော်သွားပြီဖြစ်သော်လည်း သူ၏ကျန်းမာရေးမှာ တိုးတက်လာခြင်း မရှိသေးပေ။ ယန်ရွှယ် တံခါးခေါက်လိုက်သောအခါ ခေါင်းဆောင်လင်း၏ ဇနီးက ထွက်လာပြီး လက်အနားစများကို လိပ်တင်ထားရာ သူမ အိမ်ပြန်ရောက်ကာ ညစာပြင်ဆင်နေခြင်း ဖြစ်ဟန်တူသည်။

ယန်ရွှယ်ကို မြင်မြင်ချင်း သူမက တောင်းပန်စကား ဆိုသည်။ "ကျွန်မယောကျ်ားရဲ့ အခြေအနေက ပြန်ဆိုးသွားလို့ ဆေးသောက်ပြီး အနားယူနေတယ်။ ပြောစရာရှိရင် ဒီမှာပဲ ပြောလို့ရပါတယ်"

တံခါးပွင့်သွားသောအခါ ဆေးနံ့များ ထွက်ပေါ်လာပြီး ခေါင်းဆောင်လင်း၏ ဇနီးဆီတွင်လည်း ထိုအနံ့များ စွဲကပ်နေသည်။ ယန်ရွှယ်က တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။ "ခေါင်းဆောင်လင်း အဆင်ပြေရဲ့လား? ကျွန်မ အထဲဝင်ပြီး ကြည့်လို့ရမလား?"

"ဒါက ရောဂါဟောင်းပါ။ လွန်ခဲ့တဲ့ နှစ်တွေက သစ်ထုတ်လုပ်ရင်း ဒဏ်ရာရခဲ့လို့ အားနည်းချက် ကျန်ခဲ့တာ။ ဆောင်းတွင်း အေးလာတိုင်း ပြန်ဖြစ်တာပဲ" ခေါင်းဆောင်လင်း၏ ဇနီးက ခါးသီးစွာ ပြုံးလိုက်သည်။ "ဒါကြောင့်ပဲ သူ့အသက်အရွယ်နဲ့ ဒီလောက် ပိန်နေရတာပေါ့။ အခုတော့ သူ့ကို မှီခိုသူအဖွဲ့ဆီ ပြောင်းထားတယ်။ သူ့အခြေအနေနဲ့ သူ စကားတောင် ကောင်းကောင်း မပြောနိုင်ရှာဘူး။ အဲဒီတော့ ရှင့်မှာ ဘာကိစ္စရှိလဲဆိုတာကို ကျွန်မကိုပဲ ပြောပါ"

ယန်ရွှယ်က သူမကို ကြည့်လိုက်ပြီး အထဲခန်းဆီသို့ တစ်ချက်ဝေ့ကြည့်လိုက်သော်လည်း ဇွတ်မဝင်တော့ပေ။ "ကောင်းပါပြီ။ တခြားမှီခိုသူတွေ တောင်ပေါ်တက်နေကြပြီဆိုတာ သတိထားမိလို့၊ ကျွန်မဆီ ဘာလို့ အကြောင်းကြားစာ မရောက်တာလဲဆိုတာ လာမေးတာပါ"

"အဲဒါက..." ခေါင်းဆောင်လင်း၏ ဇနီးက စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် တုံ့ဆိုင်းနေသည်။

"ကျွန်မကို အကြောင်းကြားဖို့များ မတော်တဆ ချန်ရစ်ခဲ့တာလား?" ယန်ရွှယ်က မေးလိုက်ရာ သူမ၏ ကြည်လင်သော မျက်ဝန်းများမှာ ထိုအမျိုးသမီး၏ ပုံရိပ်က ထင်ဟပ်နေသည်။

ခေါင်းဆောင်လင်း၏ ဇနီးက သက်ပြင်းချလိုက်သည်။ "အဲဒီလိုတော့ မဟုတ်ပါဘူး။ ရှင်က နာမည်စာရင်းပေးတာ နောက်ကျသွားလို့ပါ။ အခုလောလောဆယ် မှီခိုသူအဖွဲ့မှာ လူအများကြီး မလိုသေးလို့ အကြောင်းမကြားဖြစ်တာပါ"

ထိုစကားကြောင့် ယန်ရွှယ်သည် မျက်လွှာချလိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်ဖြင့် အတော်ကြာ တိတ်ဆိတ်သွားသည်။

ခေါင်းဆောင်လင်း၏ ဇနီးက သူမကို ဖျောင်းဖျရန် ကြိုးစားသည်။ "သူတို့ ဘယ်တော့မှ မခေါ်တော့ဘူးလို့ မဆိုလိုပါဘူး။ နောက်ရက်တွေမှာ အလုပ်လိုအပ်လာရင် ရှင်ကို သေချာပေါက် အကြောင်းကြားပါ့မယ်။ သိပ်ပြီး စိတ်မပူပါနဲ့။ မဟုတ်ရင်လည်း စိုက်ပျိုးရေးအဖွဲ့ ရှိသေးတာပဲ။ သူတို့က နောက်လကျရင် လူလိုတော့မှာ"

"တကယ်ပဲ လူမလိုတာ သေချာလား?" ယန်ရွှယ်က အလျှော့မပေးဘဲ ထပ်မံမေးမြန်းသည်။

ခေါင်းဆောင်လင်း၏ ဇနီးက ခေါင်းငြိမ့်ပြခဲ့သည်။ "လူလိုမယ်ဆိုရင် ရှင့်ကို အကြောင်းကြားပြီးသား ဖြစ်မှာပေါ့။ ရှင်ပဲ ခေါင်းဆောင်လင်းဆီမှာ နာမည်စာရင်း သွားပေးခဲ့တာ မဟုတ်လား?"

"ကောင်းပြီလေ။" ယန်ရွှယ်က အတင်းပြုံးပြပြီး မကျေမနပ်ဖြစ်ဟန်ဖြင့် ထွက်ခွာသွားတော့သည်။

ခေါင်းဆောင်လင်း၏ ဇနီးသည် သူမ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေပြီးမှ တံခါးကို ပိတ်လိုက်သည်။ သူမ သတိမထားမိလိုက်သည်မှာ ယန်ရွှယ် ကျောခိုင်းလိုက်သည်နှင့် မကျေနပ်သော အမူအရာများမှာ ပျောက်ကွယ်သွားပြီး တည်ငြိမ်မှုအဖြစ် ပြောင်းလဲသွားခြင်းပင်။

အမှန်စင်စစ်မှာ အလွန်ပင် တည်ငြိမ်နေခဲ့ခြင်း ဖြစ်သည်။ ဘေးအိမ်မှ အဒေါ်ကောက သူမ ပြန်လာသည်ကို မြင်သောအခါ ယန်ရွှယ်၏ မျက်နှာကို အကြာကြီး ကြည့်သော်လည်း ဘာမှ အကဲမခတ်နိုင်ခဲ့ပေ။ "ဘယ်လိုလဲ? ဘာဖြစ်ခဲ့လို့လဲ?"

ယန်ရွှယ်က သူမအား မေးမြန်းကတည်းက အဒေါ်ကောမှာ စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်သည်။ ထိုနေ့မနက်က ကြိုပို့ဘတ်စ်ကားအကြောင်းကို ယန်ရွှယ်အား ပြောပြခဲ့သူမှာလည်း သူမပင် ဖြစ်သည်။

ယန်ရွှယ် ပြုံးလိုက်သည်။ "ခေါင်းဆောင်လင်းရဲ့ ဇနီးက ပြောပါတယ်။ လောလောဆယ် လူအများကြီး မလိုသေးလို့ ကျွန်မကို အကြောင်းမကြားတာတဲ့။ သတင်းကို ဆက်စောင့်ရဦးမှာပေါ့"

"ဒါလည်း ဖြစ်နိုင်တာပဲ။ စိတ်မပူပါနဲ့။ စိုက်ပျိုးရေးအဖွဲ့ ရှိသေးတာပဲ မဟုတ်လား?" အဒေါ်ကောက နှစ်သိမ့်စကား အနည်းငယ် ပြောကြားရာ ယန်ရွှယ်က ပြုံးလျက် နားထောင်နေခဲ့သည်။ သို့သော် အခန်းထဲရောက်သည်နှင့် သူမ ကြိုတင်ပြင်ဆင်ထားသော အသားခြောက်များကို ယူကာ လျိုမိသားစုအိမ်သို့ ထွက်လာခဲ့သည်။

လျိုမိသားစုမှ ကလေးများမှာ နွေးထွေးသော ခန်အနီးတွင် အိမ်စာလုပ်နေကြသည်။ တိတိကျကျ ပြောရလျှင် ဒုတိယသမီးဖြစ်သူ လျိုချွမ်းနီတစ်ယောက်သာ တကယ်လုပ်နေခြင်း ဖြစ်သည်။ လျိုချွမ်းချိုင်မှာ သူမအနီးတွင် ဝိုင်းပြီး ညွှန်ကြားနေသည်။

"အဖြေက ၁၅ ။ ၁၅ ဆိုတာ သေချာတယ်။ ငါ့ကို ယုံစမ်းပါ"

လျိုချွမ်းနီသည် ခဲတံကို ကိုက်ရင်း မျက်မှောင်ကြုတ်နေသည်။ "ဒါပေမဲ့ ကျွန်မထင်တာ ၁.၅ ထင်တယ်"

"ငါက အခု အလယ်တန်းတက်နေတာနော်။ မူလတန်းသင်္ချာပုစ္ဆာကို ဘယ်လိုလုပ် မှားမှာလဲ? ၁၅ ပါဆို။ ရေးလိုက်တော့၊ ဒါမှ ငါတို့ သွားကစားလို့ ရမှာ!"

လျိုချွမ်းချိုင်က အတင်းအကျပ် ပြောနေခဲ့သည်။

အငယ်ဆုံးသား လျိုဝေပင်းမှာမူ သူ၏ ရိုလာစကိတ်ဖိနပ် အသစ်ကို စီးကာ အခန်းထဲတွင် ဟိုဟိုဒီဒီ လျှောစီးနေသည်။

"ဟုတ်တယ်၊ ဒုတိယအစ်မ၊ မြန်မြန်လုပ်! ကျွန်တော်တို့ စောင့်နေရတာ ကြာလှပြီ"

လျိုချွမ်းနီမှာ သံသယရှိနေဆဲဖြစ်ပြီး ခဲတံထိပ်မှ ခဲဖျက်ကို ပုံပျက်သွားသည်အထိ ကိုက်နေမိသည်။

"ခဲတံမကိုက်နဲ့လို့ အမေပြောထားတယ်လေ။ ရွံစရာကြီး!" လျိုချွမ်းချိုင်က ဆူလိုက်သည်။

လျိုချွမ်းနီက ချက်ချင်းရပ်လိုက်သော်လည်း သူမသည် သူမ၏ မောင်နှမများကဲ့သို့ မဟုတ်ဘဲ ရှက်တတ်သူ၊ အေးဆေးသူနှင့် ခေါင်းမာသူ ဖြစ်သည်။ သူမ တစ်ခုခုမှားနေသည်ဟု ထင်လျှင် မည်သူကမျှ ဖျောင်းဖျ၍ မရပေ။

နောက်ဆုံးတွင် သူမသည် အိမ်ထဲသို့ ခုလေးတင် ဝင်လာသော ယန်ရွှယ်ဘက်သို့ လှည့်လိုက်သည်။

"မမယန်ရွှယ်၊ ဒီပုစ္ဆာကို ဘယ်လိုတွက်ရမလဲ သိလား?"

"မမ ကြည့်ပါရစေ" ယန်ရွှယ်က အိမ်စာစာအုပ်ကို ယူကာ စိတ်ထဲမှ အမြန်တွက်ချက်လိုက်သည်။ "၁.၅ လေ"

"၁.၅ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" လျိုချွမ်းချိုင်က ကန့်ကွက်သည်။

ယန်ရွှယ်က စကားတစ်ခွန်းမှ မဆိုဘဲ လျိုချွမ်းနီ၏ တွက်ချက်သည့် စက္ကူအကြမ်းကို ယူကာ တွက်နည်းအဆင့်ဆင့်ကို ရှင်းလင်းစွာ ရေးပြလိုက်ရာ အဖြေမှာ ၁.၅ ဖြစ်ကြောင်း သက်သေပြလိုက်သည်။

ယခုအခါ လျိုချွမ်းချိုင်မှာ ခေါင်းကုတ်နေရပြီး လျိုချွမ်းနီမှာမူ စိတ်ချလက်ချဖြင့် သူမ၏ အိမ်စာစာအုပ်ထဲတွင် အဖြေမှန်ကို ကူးရေးလိုက်တော့သည်။

အမြဲတမ်း ဘက်ပြောင်းတတ်သော လျိုဝေပင်းက ချက်ချင်းပင် ဝင်ပြောသည်။ "မမက အလယ်တန်းတက်နေတာ မဟုတ်လား? မူလတန်းသင်္ချာပုစ္ဆာတောင် မတွက်တတ်ဘူးလား?"

လျိုချွမ်းချိုင်က သူမ၏ အေးဆေးသော ညီမလေးနှင့် မတူဘဲ သူ့ကို စိုက်ကြည့်လိုက်သည်။ "မတွက်တတ်တော့ ဘာဖြစ်လဲ? ငါတို့က နန်းတွင်းစာမေးပွဲ ဖြေမှာမှ မဟုတ်တာ။ အားလုံးက ကျေးလက်ကိုပဲ သွားကြရမှာပဲဟာ!"

ဒါက ထိုခေတ်ကာလ၏ ပျံ့နှံ့နေသော အတွေးအခေါ် ဖြစ်သည်။ စာတော်သည်ဖြစ်စေ၊ ညံ့သည်ဖြစ်စေ အားလုံးက ကျေးလက်ဒေသသို့သာ သွားရမည်ဖြစ်ရာ ဘာကြောင့် ကြိုးစားနေရမည်နည်း?

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများ ရပ်ဆိုင်းထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး၊ အကယ်၍ ရှိနေလျှင်ပင် သစ်ထုတ်လုပ်ရေးစခန်းမှ လူအများစုမှာ အဆင့်မြင့်ပညာရေးကို စိတ်မဝင်စားကြသော အလုပ်သမားများသာ ဖြစ်ကြသည်။ အထက်တန်းအောင်လျှင်ပင် အောင်မြင်မှုတစ်ခုဟု သတ်မှတ်ကြသည်။

ယန်ရွှယ်သည် သူတို့ကို အများကြီး ဆုံးမ၍ မရသဖြင့် လျိုချွမ်းချိုင်ကိုသာ မေးလိုက်သည်။ "စာမသင်ရင် ပစ္စည်းတွေ ဝယ်တဲ့အခါ၊ ရောင်းတဲ့အခါ ဈေးနှုန်းတွေကို ဘယ်လိုတွက်မလဲ?"

"အခြေခံလောက် သိရင် မလုံလောက်ဘူးလား?" လျိုချွမ်းချိုင်က ညည်းညူခဲ့သည်။

"ဒါပေမဲ့ မင်းက စာရင်းကိုင် လုပ်ချင်တယ်ဆိုရင် ပိုသင်ရလိမ့်မယ်။ ဆရာဝန်တွေ၊ သူနာပြုတွေ၊ စက်ပြင်စက်ရုံက အင်ဂျင်နီယာတွေတောင် စာသင်ခဲ့ရတာပဲ"

ထိုမိန်းကလေး တိတ်သွားသည်ကို မြင်သောအခါ ယန်ရွှယ်က စနောက်လိုက်သေးသည်။

"စာမဖတ်ဘူး၊ ဗဟုသုတ မရှိဘူးဆိုရင် အသက်ကြီးလာတဲ့အခါ 'ကျန်းမာရေးဖြည့်စွက်စာ' တွေ ဝယ်ဖို့ အလိမ်ခံရလိမ့်မယ်"

"ကျန်းမာရေးဖြည့်စွက်စာဆိုတာ ဘာလဲ?" လျိုချွမ်းချိုင်က ထိုဝေါဟာရနှင့် မရင်းနှီးသဖြင့် မေးသည်။

ယန်ရွှယ်က ခပ်ဖွဖွ ပြုံးလိုက်သည်။ "လူကို ကျန်းမာစေတယ်လို့ ဆိုတဲ့အရာတွေပေါ့"

"ဂျင်ဆင်း လိုမျိုးလား?"

"အတိအကျပဲ။ တကယ်လို့ တစ်ယောက်ယောက်က တောဂျင်ဆင်းကို ဂျင်ဆင်းအစစ်ပါဆိုပြီး လာလိမ်ရောင်းရင် ဘယ်လိုလုပ်မလဲ?"

"ဂျင်ဆင်းပုံစံကို ကျွန်မ သိပါတယ်" လျိုချွမ်းချိုင်က နှာခေါင်းရှုံ့လိုက်သည်။

သို့သော် သေချာနားထောင်နေသော လျိုဝေပင်းက ရုတ်တရက် ဝင်ပြောခဲ့သည်။ "တောဂျင်ဆင်းနဲ့ ဂျင်ဆင်း နှစ်ခုစလုံးက 'ရှန်း' အမျိုးအစားတွေ မဟုတ်ဘူးလား?"

အကယ်၍ ဖုန်းနှင့် ကြက်နှစ်ခုစလုံးကို "ကျိ" ဟု ခေါ်မည်ဆိုလျှင် သူသည်လည်း ယခုပင် ကျန်းမာရေးဖြည့်စွက်စာ အလိမ်ခံရမည့်သူ ဖြစ်သည်။

လျိုချွမ်းနီ တစ်ယောက်သာ တိတ်ဆိတ်နေပြီး စကားလုံးတိုင်းကို မှတ်သားရင်း ခဲတံနှင့် စာအုပ်ကို လွယ်အိတ်ထဲသို့ သေချာထည့်နေသည်။

"မသွားကြသေးနဲ့ဦး" ယန်ရွှယ်က သူမ ယူလာသော အသားခြောက်ထုတ်ကို ဖြေရင်း ပြောလိုက်သည်။ "မမက မုန့်တွေ ယူလာပေးတယ်။ ဒါတွေစားပြီးမှ အပြင်ထွက်ကစားကြ"

အရသာရှိသော မုန့်များကို မြင်သောအခါ ကလေးများမှာ စိတ်လှုပ်ရှားသွားကြသော်လည်း ဟွမ်ဖန့်ယင်းက ယန်ရွှယ်ကို မဆူဘဲ မနေနိုင်တော့ပေ။ "ဒါက သမင်သားနဲ့ လုပ်ထားတာ မဟုတ်လား? အသားက နည်းနည်းလေးပဲ ကျန်တော့တာကို၊ ဒီကို ဘာလို့ ယူလာရသေးတာလဲ?"

"ကျွန်မ အခုမှ ဒါကို ဘယ်လိုလုပ်ရမလဲ သိသွားလို့ လာကြွားတာပါ။ နောက်တစ်ခါကျရင် မယူလာတော့ဘူး၊ အဒေါ် ကိုယ်တိုင်လုပ်တတ်အောင် သင်ပေးမယ်လေ" ယန်ရွှယ်က မျက်စိတစ်ဖက် မှိတ်ပြရင်း ပြောလိုက်ရာ ဟွမ်ဖန့်ယင်းမှာ သူမကို ဆူရမလို၊ ဒီအတိုင်း လွှတ်ထားရမလို ဖြစ်သွားတော့သည်။

သို့သော် အစားအစာက တကယ်ပင် အရသာရှိပြီး ကလေးများကလည်း ကြိုက်နှစ်သက်ကြသဖြင့် ဟွမ်ဖန့်ယင်းသည် အနာဂတ်တွင် ကိုယ်တိုင်လုပ်ကြည့်ရန်အတွက် လုပ်နည်းကို မေးမြန်းခဲ့သည်။

ကလေးများက အသားခြောက်များကို ယူကာ အပြင်သို့ ထွက်ပြေးသွားကြသောအခါ ယန်ရွှယ်သည် လေးနက်သော အမူအရာဖြင့် "အဒေါ်၊ ကျွန်မ အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ" ဟု ပြောလိုက်သည်။

"ပြောလေ အားနာနေဖို့ မလိုပါဘူး"

"မှီခိုသူအဖွဲ့က ဒီနှစ် ရာသီပေါ်အလုပ်သမား ဘယ်နှယောက် ခေါ်လဲဆိုတာ သိအောင် ကူညီပေးနိုင်မလား? စာရင်းပေးထားပေမဲ့ မရတဲ့သူတွေရော ရှိလား? ပြီးတော့ အခု အဖွဲ့မှာ လူလိုနေသေးလားဆိုတာကိုပါ"

ယန်ရွှယ်သည် သူမထံ အကြောင်းကြားစာ မရောက်ရခြင်းမှာ ခေါင်းဆောင်လင်း၏ ဇနီးပြောသကဲ့သို့ လူပြည့်နေ၍ မဟုတ်ဘဲ အခြားအကြောင်းရင်း တစ်ခုခုကြောင့်ဖြစ်မည်ဟု ပြင်းပြင်းထန်ထန် သံသယရှိနေသည်။ သို့သော် သက်သေမရှိဘဲ ကောက်ချက်မချနိုင်သဖြင့် ဟွမ်ဖန့်ယင်းအား စုံစမ်းပေးရန် အကူအညီတောင်းခြင်း ဖြစ်သည်။

ဟွမ်ဖန့်ယင်းက ဘာမှထပ်မမေးဘဲ ချက်ချင်း သဘောတူလိုက်သည်။"ရတယ်၊ မနက်ဖြန်ကျရင် အကြောင်းပြန်ပေးမယ်"

နောက်တစ်နေ့ မွန်းတည့်ခါနီးတွင် ဟွမ်ဖန့်ယင်းသည် ယန်ရွှယ်၏ အိမ်သို့ ရောက်လာပြီး ရေတစ်ငုံတောင် မသောက်ဘဲ စတင်ပြောတော့သည်။ "ငါ စုံစမ်းပြီးပြီ။ ဒီနှစ် မှီခိုသူအဖွဲ့မှာ စာရင်းပေးတဲ့သူ တစ်ယောက်မှ ပယ်ခံရတာ မရှိဘူး။ တကယ်တော့ လူတောင် လိုနေသေးတာ။ ငါတို့ သစ်ထုတ်လုပ်ရေးစခန်းက ဒီနှစ် သတ်မှတ်ချက်ထက် ပိုပြီး ထုတ်လုပ်နိုင်ခဲ့တော့ ရှင်းလင်းရမယ့် သစ်တွေ ပိုများလာတယ်၊ အဲဒါကြောင့် မှီခိုသူအဖွဲ့မှာ အလုပ်ပိုများလာတာ။ ဒါကြောင့်လည်း သူတို့က ထုံးစံထက် စောပြီး စတင်ခဲ့တာပေါ့။ စောပြီး စတင်လိုက်တော့ လူအနည်းငယ်က အချိန်မီ ပြန်မလာနိုင်ကြဘူး"

ပြန်မလာနိုင်သေးသူ နှစ်ယောက်ကို ယန်ရွှယ် သိထားသည်။ တစ်ယောက်မှာ သူမ လွန်ခဲ့သောရက်က တွေ့ခဲ့သော အဒေါ်ကြီး၏ ချွေးမဖြစ်ပြီး၊ နောက်တစ်ယောက်မှာ ဘေးအိမ်မှ ကောချန်ပင်း၏ ဇနီးဖြစ်သည်။

သူမ မသိသည်မှာ ကောချန်ပင်း၏ ဇနီးမှာ ဆေးရုံတက်နေဆဲဖြစ်၍ အကြောင်းမကြားခြင်းလား၊ သို့မဟုတ် ကောမိသားစုကြောင့် သူမပါ ချန်လှပ်ခံရခြင်းလား ဆိုသည်ကိုပင်။

All Chapters