← Chapters

အခန်း (၂၃)

Vol. 3 Ch. 23

အခန်း (၂၃)

Vol. 3 Ch. 23

သူမ ရောက်သွားသည့်အချိန်မှာ အတော်လေး ကွက်တိကျလှသည်၊ အဘိုးလျိုမှာ အိမ်၌ရှိနေပြီး ခြံထဲတွင် ခွေးစာကျွေးနေ၏။ သူမကို မြင်သောအခါ သူက ပြုံး၍ နှုတ်ဆက်လာ၏။ "ရောက်လာပြီလား"

"အဘိုးလျို" ယန်ရွှယ်က တက်ကြွစွာ နှုတ်ဆက်လိုက်သည်။ "အတော်ပဲ၊ သမီး အဘိုးအတွက် တစ်ခုခု ယူလာတယ်" သူမသည် အနှိပ်ကိရိယာကို ဝှေ့ယမ်းပြလိုက်၏။

"ဒါက ဘာလဲ" အဘိုးလျိုက မေးလိုက်သည်‌။ သူသည် လျိုချွမ်းချိုင်ကို ပေးခဲ့သည့် ရိုလာစကိတ်များအကြောင်းကို သိထားပြီးသားဖြစ်ရာ လက်ကို နောက်ပစ်ပြီး လျှောက်လာကာ ထိုပစ္စည်းကို အသေအချာ ကြည့်ရှုခဲ့၏။

"နှိပ်တဲ့ဟာလေ" ယန်ရွှယ်က ဆိုကာ သူ့ကို အိမ်ထဲသို့ ဝင်ရန် တိုက်တွန်းလိုက်သည်‌။ "စမ်းကြည့်ပါအုံး၊ အဆင်ပြေစေရမယ်လို့ သမီး အာမခံတယ်။ တကယ်လို့ အဆင်မပြေရင် ပိုက်ဆံပြန်တောင်းလို့ရတယ်နော်"

"နင်က ငါ့ကို ဒါရောင်းဖို့ ကြံနေတာလား၊ 'ပိုက်ဆံပြန်တောင်း' ဆိုတော့" ထိုသူသည် တတွတ်တွတ် ညည်းညူနေသော်လည်း ခုတင်စွန်းတွင် ထိုင်ရန် သူမ ခေါ်ဆောင်ရာနောက်သို့ လိုက်လာခဲ့လေ၏။

ယန်ရွှယ်ခိုင်းထားသည့် ပစ္စည်းမှာ မရှုပ်ထွေးလှပေ၊ လင်းပိုင်ပုံစံ အနှိပ်ကိရိယာလေးတစ်ခုသာ ဖြစ်သည်‌။ ၎င်းတွင် တုန်ခါမှုစနစ် မပါဝင်သော်လည်း အလယ်ရှိ လိမ့်နေသော ပုတီးစေ့များအပေါ်တွင်သာ အခြေခံထား၏။

ယန်ရွှယ်၏ လမ်းညွှန်မှုဖြင့် အကြိမ်အနည်းငယ် လိမ့်ကြည့်ပြီးနောက် အဘိုးလျိုသည် ထူးခြားမှုကို ချက်ချင်းသတိပြုမိသွားပြီး သူမလက်ထဲမှ ယူကာ ကိုယ်တိုင်လိမ့်ကြည့်နေတော့၏။

ဟွမ်ဖန့်ယင်းက ဘေးမှကြည့်ကာ ပြောခဲ့သည်။ "ဒါက တကယ့်ကို ကောင်းတာပဲ ရှောင်ယန်ရေ။ အဖေက အမြဲတမ်း ပခုံးနာတယ်လို့ ညည်းနေပေမဲ့ ဘယ်သူ့ကိုမှ အနှိပ်မခံဘူး။ အခုတော့ အဖေ ကိုယ်တိုင် နှိပ်လို့ရသွားပြီပေါ့"

အဘိုးလျိုက မျက်နှာကို တည်ထားပြီး ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ တိုးတိုးလေး ပြောလာ၏။ "အင်္ကျီတွေက ထူလွန်းနေတယ်"

"ဒါဆိုရင်လဲ ညကျရင် ဂွမ်းအင်္ကျီချွတ်ပြီးမှ သုံးပေါ့" ဟွမ်ဖန့်ယင်းကမူ ရယ်မောရင်း ပြောလိုက်သည်‌။ ထို့နောက် သူမက ယန်ရွှယ်ဘက်သို့ လှည့်လိုက်၏။ "ဒါကိုရော အရင်က တစ်နေရာရာမှာ မြင်ဖူးခဲ့တာလား"

ယန်ရွှယ်လည်း ထိုသို့သာ ပြောနိုင်တော့၏။ "ကျွန်မ သတိထားမိတာက အဘိုးလျိုက သူ့ပခုံးကို အမြဲတမ်း ပွတ်နေတတ်တယ်၊ အထူးသဖြင့် သေနတ်ထမ်းတဲ့ဘက်ကိုပေါ့။ အဲဒါနဲ့ အရင်က တစ်ယောက်ယောက် ဒီလိုမျိုး သုံးနေတာကို မြင်ဖူးသလိုလို ရှိတာနဲ့ ဆရာကျားကို လုပ်ခိုင်းပြီး အဘိုးကို စမ်းသုံးကြည့်ခိုင်းတာပါ"

သူမက ပြုံးလျက် ထပ်ပြောလိုက်သည်‌။ "သမီးကို အားနာမနေပါနဲ့။ အဒေါ်တို့ မိသားစုက ကျွန်မတို့ကို အများကြီး ကူညီပေးခဲ့တာပဲ၊ အမဲသားတွေလဲ အများကြီး ခွဲဝေပေးခဲ့သေးတယ်"

"အမဲသားတွေကို နင်က ပိုက်ဆံပေးပြီး ဝယ်တာပဲလေ၊ အလကားယူတာမှ မဟုတ်တာ" ဟွမ်ဖန့်ယင်းက သူမကို စနောက်လိုက်သည်။ "တကယ်တော့ နင် ငါတို့ကို သတိတရနဲ့ ဒီလောက်အထိ ထည့်သွင်းစဉ်းစားပေးလို့ပါပဲ"

အဘိုးလျိုသည် ၎င်းတို့နှစ်ဦး စကားပြောပြီးသည်အထိ တိတ်ဆိတ်နေပြီးမှ ယန်ရွှယ်ကို ရုတ်တရက်မေးလိုက်သည်‌။ "နောက်နှစ်ရက်လောက်နေလို့ နှင်းတွေကျပြီးရင် ငါ တောင်ပေါ်တက်ပြီး ထောင်ချောက်သွားဆင်မလို့၊ လိုက်ချင်လား"

"ကျွန်မလား" ယန်ရွှယ်သည် အံ့သြမှုကို မဖုံးဖိနိုင်ဘဲ မေးလိုက်၏။

ဟွမ်ဖန့်ယင်းပင်လျှင် အံ့အားသင့်သွားသည်‌။ သစ်ထုတ်လုပ်ရေးစခန်းတွင် အဘိုးလျို၏ အရည်အချင်းကို အားကျသူ မရှိသည်မဟုတ်၊ အများအပြားပင် လက်ဆောင်ပစ္စည်းများ ယူဆောင်လာပြီး သူ့ထံမှ ပညာသင်ယူရန် ကြိုးစားခဲ့ကြသော်လည်း သူက အားလုံးကို ငြင်းပယ်ခဲ့ဖူးသည်‌။ သို့သော် ယခုမူ သူကိုယ်တိုင်ပင် ယန်ရွှယ်ကို ဖိတ်ခေါ်နေခြင်း ဖြစ်၏။

အဘိုးလျို သဘောကျသွားသည်မှာ ယန်ရွှယ်၏ စစ်မှန်သော ဉာဏ်ပညာပင် ဖြစ်သည်‌။ အနည်းဆုံးတော့ သူမသည် သူ့အတွက် အသုံးဝင်မည့်အရာတစ်ခုခု လုပ်ပေးရန်သာ စဉ်းစားခဲ့ပြီး အခြား မည်သည့်မရိုးသားသော ရည်ရွယ်ချက်မှ မရှိခဲ့ပေ။

သူ့ပခုံးကို ပွတ်ရင်း အဘိုးလျိုက သူမကို တစ်ချက်ကြည့်လိုက်၏။ "ဟိုတစ်ခါ ထင်းရှူးသီးသွားကောက်တုန်းက နင် ငါ့ကို အမဲလိုက်တဲ့အကြောင်းတွေ အများကြီး မေးခဲ့တယ်မဟုတ်လား"

ယန်ရွှယ် အမှန်တကယ်ပင် မေးမြန်းခဲ့ဖူးသည်‌။ အကြောင်းရင်းတစ်ခုမှာ ထိုစဉ်က အဘိုးလျိုက သေနတ်ကို ကိုင်ဆောင်ထားသဖြင့် သူမက တကယ်ပင် စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး နောက်ထပ်အကြောင်းရင်းတစ်ခုမှာ သစ်ထုတ်လုပ်ရေးစခန်းတွင် ငွေရှာနိုင်မည့် နည်းလမ်းမှန်သမျှကို သိထားလိုသောကြောင့် ဖြစ်၏။

အဘိုးလျိုက အနှိပ်ကိရိယာကို ချထားလိုက်သည်။ "လိုက်မယ်ဆိုရင်တော့ အိမ်ပြန်ပြီး လိုအပ်တာတွေ ပြင်ဆင်ထားလိုက်။ အဆင်သင့်ဖြစ်ပြီဆိုရင် ငါ လှမ်းပြောလိုက်မယ်"

၎င်းမှာ အမှန်တကယ်ပင် မမျှော်လင့်ထားသော ဝမ်းမြောက်စရာ သတင်းဖြစ်၏။ မိသားစုအဖွဲ့တွင် အလုပ်မရှိသေးသဖြင့် ယန်ရွှယ်မှာ လုပ်စရာ သိပ်မရှိပေ။ တောင်ပေါ်တွင် ထောင်ချောက်ဆင်တတ်ရန် သင်ယူခြင်းမှာ ချက်ချင်း ငွေမရနိုင်သော်လည်း အနည်းဆုံးတော့ နောင်တစ်ချိန်တွင် စားစရာအတွက် အထောက်အကူ ဖြစ်စေလိမ့်မည်‌။

သူမသည် အိမ်ပြန်ကာ အဘိုးလျို ညွှန်ကြားသည့်အတိုင်း နန်းကြိုးမျှင်များနှင့် ကြိုးများကို ပြင်ဆင်လိုက်ပြီး ရေဘူး၊ ရိက္ခာခြောက်များနှင့် ထင်းရှူးသီးကောက်စဉ်က သုံးခဲ့သည့် ကိရိယာများကိုလည်း အဆင်သင့် ပြုလုပ်ထားလိုက်၏။

အဘိုးလျိုသည် သစ်ထုတ်လုပ်ရေးစခန်းတွင် နှင်းအနည်းငယ် ကျလာသည်အထိ ရက်အနည်းငယ်ကြာ စိတ်ရှည်စွာ စောင့်ဆိုင်းနေပြီးမှ ယန်ရွှယ်ကို ထွက်ခွာရန် အကြောင်းကြားလာသည်‌။ အဘိုးလျို၏ ကိရိယာများကို ကူသယ်ပေးရန်အတွက် ဟွမ်ဖန့်ယင်းကလည်း လိုက်ပါလာခဲ့လေ၏။ "ကလေးတွေလဲ ကျောင်းသွားပြီဆိုတော့ သူတို့ကို နေ့လယ်စာတွေ ယူသွားခိုင်းလိုက်တယ်။ အဲဒါကြောင့် ငါလဲ အဖေနဲ့အတူလိုက်ပြီး ကူပေးမလို့"

ထောင်ချောက်ဆင်ခြင်း သို့မဟုတ် "ကျော့ကွင်းချခြင်း" ဆိုသည်မှာ အဓိကအားဖြင့် သားကောင်များ သွားလာလေ့ရှိသော လမ်းကြောင်းများတွင် နန်းကြိုး သို့မဟုတ် ကြိုးကွင်းများကို ထားရှိခြင်းဖြစ်သည်‌။

"ယုန်တွေက တောင်ကုန်းကို ပတ်သွားတတ်ပေမဲ့ သူတို့ရဲ့တွင်းဟောင်းကိုပဲ အမြဲပြန်လာတတ်တယ်" ဆိုသည့် စကားပုံအတိုင်း တောရိုင်းတိရစ္ဆာန်များသည် ၎င်းတို့အတွက် ဘေးကင်းသည်ဟု ယူဆထားသော လမ်းကြောင်းများကိုသာ အမြဲအသုံးပြုလေ့ရှိကြ၏။

ထိုသို့ အမြဲတမ်းသွားလာနေသော လမ်းကြောင်းများတွင် ခြေရာများ ကျန်ရစ်လေ့ရှိပြီး အထူးသဖြင့် ဆောင်းရာသီ နှင်းအသစ်များ ကျပြီးချိန်၌ ပို၍သိသာသည်‌။ ဝါရင့်မုဆိုးတစ်ယောက်သည် မည်သည့်တိရစ္ဆာန်မျိုး ဖြတ်သန်းသွားသည်နှင့် မည်မျှကြာခဲ့ပြီကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်၏။

နွေရာသီတွင်မူ ပို၍ခက်ခဲသည်‌။ မုဆိုးများသည် ခြေရာများကို ရှာဖွေမည့်အစား တိရစ္ဆာန်များ၏ အညစ်အကြေးများ၊ အပင်များပေါ်ရှိ ကိုက်ရာများနှင့် ပိပြားနေသော မြက်ပင်များကို ကြည့်ရှုကာ ခြေရာခံကြရသည်‌။

တောင်ပေါ်သို့ ရောက်ပြီး မကြာမီမှာပင် အဘိုးလျိုသည် တောယုန်ခြေရာများကို တွေ့ရှိသွားပြီး ဟွမ်ဖန့်ယင်းကို လှမ်းပြောလိုက်သည်‌။ "နန်းကြိုးပေးအုံး"

ဟွမ်ဖန့်ယင်းက သူမ၏ အိတ်ထဲမှ နန်းကြိုးကို အမြန်ထုတ်ကာ ကမ်းပေးလိုက်၏။

အဘိုးလျိုက ၎င်းကို ယူလိုက်ပြီး အနီးရှိ သစ်ကိုင်းများကို အသုံးပြုကာ နန်းကြိုးကို ကျော့ကွင်းပုံစံ ပြုလုပ်လိုက်ပြီး ယုန်လမ်းကြောင်း၏ အလယ်တည့်တည့်တွင် ထားရှိလိုက်သည်‌။ သူသည် အလုပ်လုပ်ရင်းနှင့် ယုန်ခြေရာများကို မည်သို့ခွဲခြားရမည်ကို ယန်ရွှယ်အား ရှင်းပြနေလေ၏။

ထိုနေရာတွင် သိထားသင့်သည့် ပညာရပ်များစွာ ရှိနေသည်၊ အဓိကအားဖြင့် ခြေရာများကို ကြည့်ကာ သားကောင်၏ အရွယ်အစားကို ခန့်မှန်းပြီး ကျော့ကွင်း၏ အမြင့်နှင့် အရွယ်အစားကို သတ်မှတ်ရခြင်းပင် ဖြစ်၏။

ကျော့ကွင်းက ကြီးလွန်းလျှင် ဝမ်းဗိုက်တွင် ငြိသွားနိုင်ပြီး သေးလွန်းလျှင်လည်း ခေါင်းဝင်မည်မဟုတ်ပေ။ အမြင့် သို့မဟုတ် အနိမ့်မှားသွားလျှင်လည်း ထောင်ချောက်မှာ အလုပ်လုပ်မည်မဟုတ်ပေ။

လမ်းလျှောက်နေစဉ် ယန်ရွှယ်က အသေအချာ နားထောင်နေပြီး တိရစ္ဆာန်ခြေရာဟု ယူဆရသည့် နေရာများကို တွေ့သောအခါ သူမကိုယ်တိုင်ပင် ကျော့ကွင်းနှစ်ခုလောက်ကို စမ်းသပ်ပြုလုပ်ကြည့်လေ၏။

ခြေရာများကို သူမ ခန့်မှန်းသည်မှာ မှန်ကန်ခြင်း ရှိမရှိကို စောင့်ကြည့်ရဦးမည် ဖြစ်သော်လည်း အနည်းဆုံးတော့ သူမပြုလုပ်ထားသည့် ကျော့ကွင်းများမှာ ကြည့်ကောင်းလှသည်‌။ အဘိုးလျိုသည် လက်ကို နောက်ပစ်ကာ ဘေးမှရပ်ကြည့်နေပြီး အနည်းငယ် ပြင်ဆင်ပေးပြီးနောက် ခေါင်းငြိမ့်ပြခဲ့၏။ "မဆိုးဘူး"

"ဒါ နင် တော်တော်လေး လုပ်နိုင်တယ်လို့ ပြောတာပဲ" ဟွမ်ဖန့်ယင်းက သူမ၏ ယောက္ခမစကားကို ဘာသာပြန်ပေးလိုက်သည်။ "ငါ အရင်တုန်းက အဖေ့နောက် တောင်ပေါ်လိုက်တုန်းကဆို သူ ငါ့ကို တစ်ခါမှ 'မဆိုးဘူး' လို့ မပြောခဲ့ဖူးဘူး"

နောက်ဆုံးတွင် ၎င်းတို့သည် ယုန်နှင့် တောကြက် ထောင်ချောက်များစွာကို ဆင်ခဲ့ကြ၏။ အဘိုးလျိုသည် သမင်ငယ် ခြေရာများကိုပင် တွေ့ရှိခဲ့ပြီး သစ်ကိုင်းနှင့် ကြိုးများကို အသုံးပြုကာ အရှိန်ဖြင့် ရုန်းတက်သွားစေမည့် ထောင်ချောက်တစ်ခုကို ပြုလုပ်လိုက်သည်‌။

ဤကဲ့သို့သော ထောင်ချောက်မျိုးမှာ သမင်ကဲ့သို့သော ပိုကြီးသည့် တိရစ္ဆာန်များအတွက် ရည်ရွယ်ခြင်းဖြစ်၏။ သစ်ကိုင်းမှာ လုံလောက်သော ပျော့ပျောင်းမှုရှိရမည်ဖြစ်ပြီး သားကောင်က ထောင်ချောက်ကို နင်းမိသောအခါ ကြိုးသည် ခြေထောက်တွင် တင်းကျပ်သွားကာ သားကောင်ကို လေထဲသို့ ဆွဲတင်လိုက်မည်ဖြစ်သည်‌။

၎င်းတို့ကို ဆွဲဆောင်ရန်အတွက် အဘိုးလျိုက နှင်းအချို့ကို ဖယ်ရှားလိုက်ပြီး သမင်များ နှစ်သက်သော ရေညှိပင်များကို အစာအဖြစ် ဖြူးပေးထားလိုက်၏။

နောက်တစ်နေ့တွင် ထောင်ချောက်များကို လာရောက်စစ်ဆေးရန်သာ ကျန်တော့သည်‌။ ၎င်းတို့အဖွဲ့ ပြန်လည်ထွက်ခွာလာကြစဉ် ယန်ရွှယ်သည် သူမသင်ယူခဲ့ရသော ထောင်ချောက်ပုံစံအမျိုးမျိုးကို မှတ်စုစာအုပ်ထဲတွင် အသေအချာ ပုံဆွဲမှတ်သားထား၏။

နောက်တစ်နေ့တွင်မူ အဘိုးလျိုက ထောင်ချောက်တွင် မိနေသော သားကောင်များကို လုယူစားသောက်မည့် တောရိုင်းတိရစ္ဆာန်များကို ခြောက်လှန့်ရန်အတွက် အမဲလိုက်ခွေးတစ်ကောင်ကိုပါ ခေါ်လာခဲ့သည်‌။ သို့သော် ၎င်းတို့၏ ပထမဆုံး ထောင်ချောက်မှာ ဗလာဖြစ်နေပြီး တစ်ခုခုမိခဲ့သော်လည်း အခြားတိရစ္ဆာန်တစ်ကောင်က စားသွားပြီး ဖြစ်၏။

ဒုတိယမြောက် ထောင်ချောက်မှာလည်း အလားတူပင်ဖြစ်ပြီး အကြွင်းအကျန်အချို့သာ ရှိတော့သည်‌။ နောက်ထပ် သုံးလေးခုမှာလည်း ရလဒ်ချင်း တူညီနေ၏။

အဘိုးလျိုက စိတ်ပျက်လက်ပျက်ဖြင့် ရယ်မောရင်း ပြောလိုက်သည်‌။ "ဒီကောင်တွေက ငါအထွက်ကို တမင်စောင့်ပြီးမှ လာစားနေကြတာလား မသိဘူး"

ထောင်ချောက်တွင် မိနေသော သားကောင်များကို အခြားသားရဲများက ခိုးယူစားသောက်ခြင်းမှာ မဆန်းသော်လည်း ယန်ရွှယ်၏ ပထမဆုံး ခရီးစဉ်တွင် ဤသို့ဖြစ်ရခြင်းက အဘိုးလျို၏ ဂုဏ်သိက္ခာကိုမူ အနည်းငယ် ထိခိုက်စေသည်‌။

သို့သော်လည်း ယန်ရွှယ်မှာ ထိုရလဒ်အပေါ် စိတ်မပျက်ပေ။ "အနည်းဆုံးတော့ တစ်ခုခု မိခဲ့တာပဲ မဟုတ်လား။ ဒီထောင်ချောက်တွေက တစ်ခုနဲ့တစ်ခု ဝေးတော့ လာစားတဲ့ကောင်တွေက တစ်ကောင်တည်း မဟုတ်လောက်ဘူး"

သူမ၏ အကောင်းမြင်စိတ်ကြောင့် အဘိုးလျိုက သူမကို တစ်ချက်ကြည့်လိုက်၏။ "နင် ဆင်ထားတာတွေကို သွားကြည့်ရအောင်"

ယန်ရွှယ်၏ ရလဒ်မှာ ပို၍ပင် စိတ်ပျက်စရာကောင်းသည်၊ ယုန်ထောင်ချောက် နှစ်ခုနှင့် တောကြက်ထောင်ချောက် တစ်ခုလုံးမှာ ဘာမှမိခြင်းမရှိဘဲ ဗလာဖြစ်နေ၏။

သို့သော်ငြားလည်း သူမက စိတ်မညစ်ဘဲ အဘိုးလျိုကို စနောက်လိုက်သေးသည်‌။ "တွေ့လား... အဘိုးရဲ့ အရည်အချင်းက အတော်ဆုံးပဲ"

"ငါ ဒါကို လုပ်လာတာ ဘယ်နှစ်နှစ်ရှိပြီမို့လို့လဲ" အဘိုးလျိုက ထိုသို့ဆိုကာ နောက်ဆုံးယုန်ထောင်ချောက်ကို ညွှန်ပြပြီး ပြောလိုက်သည်။ "ဒါကတော့ အကောင်းအတိုင်းပဲ ရှိသေးတယ်။ နက်ဖြန်ကျမှ ထပ်ကြည့်ကြတာပေါ့"

ထောင်ချောက်တိုင်းမှာ ချက်ချင်း ရလဒ်ထွက်သည်မဟုတ်သည်ကို ယန်ရွှယ်သိသောကြောင့် နားလည်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်‌။

အဘိုးလျိုက ခွေးကြိုးကို ဆွဲလိုက်သည်။ "ဒီနေ့တော့ ဒီလောက်ပဲ။ နင့်ကို ဘယ်လိုလုပ်ရမလဲဆိုတာ ပြဖို့ ခေါ်လာတာ၊ အခုတော့ ငါပဲ အရှက်ကွဲရသလို ဖြစ်နေပြီ"

၎င်းတို့ ပြန်လှည့်ထွက်လာစဉ် ယန်ရွှယ်မှာ ရွေ့လျားခြင်းမရှိသည်ကို သတိပြုမိလိုက်ကြသည်‌။ တကယ်တမ်းတွင် သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ခြင်းဖြစ်၏။

"အဘိုးလျို" သူမက လှမ်းခေါ်လိုက်ပြီး ယုန်ထောင်ချောက်အနီးရှိ ပွနေသော နှင်းပုံလေးကို စိုက်ကြည့်ကာ ပြောလိုက်သည်။ "ဒါက သမင်ခြေရာနဲ့ မတူဘူးလား"

သူမ မမှားကြောင်း သေချာစေရန် မှတ်စုစာအုပ်ကို ထုတ်ကာ နှိုင်းယှဉ်ကြည့်လိုက်သည်‌။ "အလယ်မှာ နွားခွာလိုပဲ နှစ်ခြမ်းကွဲနေတယ်၊ ဒါပေမဲ့ ပိုသေးတယ်" ၎င်းမှာ မနေ့က ထောင်ချောက်ဆင်စဉ်က အဘိုးလျိုသင်ပေးထားသည့် အချက်ပင် ဖြစ်သည်‌။

ခြေဖဝါး အသားနုပါသော သားရဲတိရစ္ဆာန်များနှင့် မတူဘဲ သမင်ကဲ့သို့သော တိရစ္ဆာန်များသည် မာကျောပြီး နှစ်ခြမ်းကွဲနေသော ခွာများရှိကြ၏။

အစပိုင်းတွင် အဘိုးလျိုက သိပ်ဂရုမစိုက်သော်လည်း တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ဆောင့်ကြောင့်ထိုင်ကြည့်ကာ ပြောခဲ့သည်။ "နင်ပြောတာ မှန်နိုင်တယ်။ တစ်ကောင်တည်း မဟုတ်လောက်ဘူး"

"အုပ်စုလိုက်ကြီးလား" ဟွမ်ဖန့်ယင်းက အနားသို့ တိုးကြည့်သည်။ "မနေ့က ဒါတွေကို တွေ့ခဲ့တယ်လို့ဖြင့် မမှတ်မိပါဘူး"

ယန်ရွှယ်ကလည်း အသေအချာ ပြန်စဉ်းစားကြည့်ပြီး ပြောလိုက်သည်‌။ "ကျွန်မလဲ မမြင်မိဘူး"

"ဒါဆိုရင်တော့ ဒါတွေက အသစ်ပဲ" အဘိုးလျိုက အနီးကပ်စစ်ဆေးပြီး ပြောလိုက်သည်‌။ သူသည် ခြေရာများဦးတည်ရာဘက်ကို လေ့လာလိုက်သည်။ "လိုက်ကြည့်ကြတာပေါ့၊ သိပ်မဝေးလောက်ဘူး"

သူတို့၏ ကံဆိုးမှုများ ကုန်ဆုံးသွားပြီထင်ရသည်၊ အဘယ်ကြောင့်ဆိုသော် ယခုအကြိမ် ခြေရာခံခြင်းမှာ တကယ့်ကို အရာထင်ခဲ့သောကြောင့်ပင် ဖြစ်၏။

သာမန်သမင်များထက် သေးငယ်သော သမင်ငယ်အုပ်စုတစ်စုကို မြင်တွေ့လိုက်ရသည်၊ ၎င်းတို့မှာ ခုနစ်ကောင် ရှစ်ကောင်ခန့်ရှိပြီး အညိုရောင်အမွှေးများ၊ အမြီးတိုများနှင့် အမြီးရင်းတွင် အဖြူရောင်အမွှေးအစုအဝေးများ ရှိကြသည်‌။ ၎င်းတို့သည် နှင်းများကို ခွာများဖြင့် ယက်ထုတ်ကာ အောက်ရှိ အစာများကို ရှာဖွေနေကြ၏။

"ဒါ သမင်အုပ်ပဲ" ဟွမ်ဖန့်ယင်းက တိုးတိုးလေး ပြောသည်‌။ "သူတို့က အမြဲတမ်း အုပ်စုလိုက် သွားတတ်ကြတယ်၊ အထီးတစ်ကောင်ရယ်၊ အမ နှစ်ကောင် သုံးကောင်ရယ်၊ ပြီးတော့ အကောင်ပေါက်လေးတွေရယ်ပေါ့"

၎င်းတို့ အနားသို့ တိတ်တဆိတ် ကပ်သွားစဉ် အဘိုးလျိုက လက်မြှောက်ပြကာ ဟွမ်ဖန့်ယင်းနှင့် ယန်ရွှယ်ကို ရပ်နေရန် အချက်ပြလိုက်သည်‌။ သူသည် တစ်ဦးတည်း ရှေ့သို့ တိုးသွားပြီး သေနတ်ကို အသံမထွက်စေဘဲ ပြင်ဆင်ကာ အမဲလိုက်ခွေးများကို လွှတ်လိုက်၏။

သေနတ်သံ တစ်ချက် ထွက်ပေါ်လာပြီး တက်ကြွနေသော ခွေးနှစ်ကောင်မှာ ရှေ့သို့ ပြေးထွက်သွားကာ သားကောင်ကို ကိုက်ခဲထားလိုက်သည်‌။ ကျန်ရှိသော လန့်သွားသည့် သမင်များသည် အမြီးမှ အဖြူရောင်အမွှေးများကို ဖြန့်ကာ နှင်းပြင်ပေါ်တွင် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြရာ ခဏချင်းမှာပင် မီတာပေါင်းများစွာ အကွာသို့ ပျောက်ကွယ်သွားကြ၏။

"ဒီလောက်တောင် မြန်တာလား" ယန်ရွှယ်မှာ အံ့အားသင့်သွားရသည်။

"ဒီသမင်တွေကို 'နှင်းပေါ်က ပျံသန်းသူတွေ' လို့တောင် ခေါ်ကြတယ်" ဟွမ်ဖန့်ယင်းက ဆို၏။ "သူတို့က အရမ်းမြန်ပြီး နှင်းခဲနေတဲ့ လမ်းကြောင်းတွေကိုပဲ အမြဲရွေးပြေးတတ်ကြတယ်"

"ဒါဆို သူတို့ကို ဖမ်းဖို့ မဖြစ်နိုင်တော့ဘူးပေါ့"

"မသေချာဘူး၊ ကြည့်နေလိုက်"

ဟွမ်ဖန့်ယင်းပြောပြီးသည်နှင့် မကြာမီမှာပင် ထွက်ပြေးသွားသော သမင်အုပ်မှာ ရုတ်တရက် ရပ်တန့်သွားပြီး စူးစမ်းလိုသော မျက်လုံးများဖြင့် နောက်သို့ လှည့်ကြည့်နေကြသည်‌။

"သူတို့ မပြေးတော့ဘူးလား" ယန်ရွှယ်က မေးလိုက်သည်‌။ သူမ ခန့်မှန်းရသလောက် ၎င်းတို့မှာ ကီလိုမီတာဝက်ခန့်သာ ပြေးရသေးသဖြင့် ဘေးကင်းသော အကွာအဝေးဟု မဆိုနိုင်ပေ။

သို့သော်လည်း ၎င်းတို့သည် ဆက်ထွက်ပြေးမည့်အစား သူတို့ရှိရာဘက်သို့ပင် ဖြည်းဖြည်းချင်း ပြန်လာနေကြ၏။

ယန်ရွှယ်မှာ ဆွံ့အသွားရသည်။ "ဒီသမင်တွေက ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတကြာလား၊ ဘာလို့ ပြန်လာရတာလဲ"

"ဒါကြောင့်လဲ သူတို့ကို 'သမင်အ' တွေလို့ ခေါ်ကြတာပေါ့" ဟွမ်ဖန့်ယင်းက ရယ်မောရင်း ပြောလာသည်‌။ "သူတို့က အရမ်းစပ်စုတတ်တယ်၊ ဘာဖြစ်နေသလဲဆိုတာကို သိအောင် လာကြည့်တတ်ကြတယ်"

အဘိုးလျိုကမူ ဘာမှပြန်မပြောဘဲ သေနတ်ကို ထမ်းကာ ရှေ့သို့ ဆက်သွားလေသည်‌။ မကြာမီ နောက်ထပ် သေနတ်သံတစ်ချက် ထပ်ထွက်လာပြီး ဒုတိယမြောက် သမင်တစ်ကောင် ထပ်မံ လဲကျသွားပြန်၏။

ဤအကြိမ်တွင်မူ သမင်အုပ်မှာ အန္တရာယ်ကို အမှန်တကယ် သဘောပေါက်သွားပုံရပြီး မိုးကုတ်စက်ဝိုင်းတွင် အစက်အပြောက်လေးများအဖြစ် ပျောက်ကွယ်သွားသည်အထိ အတင်းပြေးကြတော့သည်‌။

"တော်ပြီ၊ အခု သူတို့ကို ဖမ်းလို့မရတော့ဘူး" အဘိုးလျိုက သေနတ်ကို အောက်ချလိုက်၏။

သူက ဟွမ်ဖန့်ယင်း၏ ရှင်းပြချက်ကို ထပ်ပြီး ပြောခဲ့သည်။ "တကယ်လို့ ခွေးတွေသာ မပါလာရင် တစ်ကောင်ကို ပစ်လိုက်ရင်တောင် သူတို့က မပြေးကြဘူး၊ ဘာဖြစ်တာလဲဆိုပြီး ဝိုင်းကြည့်နေတတ်ကြသေးတာ"

"ဒါဆိုရင်တော့ သူတို့က အရမ်းကို သားပေါလို့နေမယ်၊ မဟုတ်ရင်တော့ အမဲလိုက်ခံရလွန်းလို့ မျိုးတုံးကုန်တာ ကြာလှပြီ" ယန်ရွှယ်က မှတ်ချက်ပေး၏။

ဟွမ်ဖန့်ယင်းက တဟားဟား ရယ်မောလိုက်ပြီး သူမအိတ်ထဲမှ ဓားတစ်ချောင်းကို ရှာဖွေထုတ်ယူလိုက်သည်‌။ "ကဲ... သူတို့ကို ဆက်မလိုက်နိုင်တော့မှတော့ ရထားတဲ့အကောင်တွေကိုပဲ အသားဖျက်ကြတာပေါ့"

ယန်ရွှယ်၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို မြင်သောအခါ သူမ ရှင်းပြလိုက်၏။ "ဆောင်းရာသီမှာ တောင်ပေါ်လေက အရမ်းအေးတယ်၊ တကယ်လို့ ကလီစာတွေကို ချက်ချင်းမထုတ်ပစ်ရင် အထဲက ပုပ်သွားပြီး အသားတွေကို ပျက်စီးစေလိမ့်မယ်"

ယန်ရွှယ်က ကူညီရန် အမြန်သွားလိုက်သည်‌။ ၎င်းတို့သည် သမင် လေးကောင် ရရှိခဲ့ကြ၏၊ အထီးတစ်ကောင်၊ အမ နှစ်ကောင်နှင့် အကောင်ပေါက်လေး တစ်ကောင် ဖြစ်သည်‌။ ကလီစာများကို ခွေးများအား ကျွေးလိုက်ပြီး ကျန်ရှိသော အပိုင်းများကိုမူ တောင်စောင့်နတ်ကို ပူဇော်သည့်အနေဖြင့် သစ်ပင်ပေါ်တွင် ချိတ်ဆွဲထားလိုက်၏။

ရိုးရာဓလေ့ဟောင်းများကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ရှိနေသော်လည်း တောင်ပေါ်တွင် အခြေပြုနေထိုင်ကြသူများမှာ အချို့သော ဓလေ့ထုံးတမ်းများကို အမြတ်တနိုး ထိန်းသိမ်းထားကြဆဲဖြစ်ပြီး ၎င်းတို့အထဲတွင် တောင်စောင့်နတ်ကို ပူဇော်ခြင်းမှာ အဓိကဖြစ်သည်‌။

ဥပမာအားဖြင့် သစ်ခုတ်ပြီး ကျန်ရစ်သော သစ်ငုတ်တိုများကို တောင်စောင့်နတ်၏ ပလ္လင်ဟု ယူဆကြသဖြင့် ၎င်းတို့အပေါ်တွင် မထိုင်ရပေ။ လဲကျနေသော သစ်လုံးများ သို့မဟုတ် ကျောက်တုံးများပေါ်တွင်သာ ထိုင်ခွင့်ရှိသည်‌။ ယန်ရွှယ်သည် သူမ၏ ပထမဆုံး တောင်ပေါ်ခရီးစဉ်တွင် လျိုချွမ်းချိုင်ထံမှ ဤအချက်ကို သင်ယူခဲ့ရခြင်းဖြစ်၏။

တောကောင်များ ရှာဖွေခြင်းတွင်မူ စည်းကမ်းများ ပို၍များပြားလှသည်၊ ၎င်းမှာ ယန်ရွှယ်ဘဝဟောင်းက တောင်ပေါ်ထွက်ကုန် ရောင်းချသူတစ်ဦးအဖြစ် သိရှိခဲ့ရသည့် အကြောင်းအရာများ ဖြစ်သည်‌။

All Chapters