အခန်း (၃၆)
Vol. 4 Ch. 36
ရဲစခန်းသို့ ရောက်သောအခါ ချီဖန့်မှာ ရုတ်တရက် စကားများလာခဲ့သည်။ သူသည် ပတ်သက်နေသူများ၏ အဝတ်အစား၊ မျက်နှာသွင်ပြင်နှင့် အသေးစိတ် အချက်အလက်များကို သေချာ ဖော်ပြခဲ့သည်။
ရဲအရာရှိများက သူ့ကို ခဏခဏ ကြည့်နေကြသည်။ "ဒါဆို သုံးယောက်ပေါ့၊ ဟုတ်လား? ကျွန်တော်တို့ သတိထားကြည့်ပေးပါ့မယ်"
ချီဖန့် ဘာမှ ထပ်မပြောတော့ဘဲ ယန်ရွှယ်နှင့်အတူ ခရိုင် ဆေးဝါးစက်ရုံသို့ ထွက်လာခဲ့ကြသည်။
ထိုအခါမှ ယန်ရွှယ်ဘာကြောင့် စီးကရက်ဝယ်ခဲ့သည်ကို သူ နားလည်သွားတော့သည်။ သူမသည် လုံခြုံရေးရုံး၏ ပြတင်းပေါက်ကို ခေါက်ကာ စီးကရက်တစ်ထုပ် ကမ်းပေးလိုက်သည်။
"ရဲဘော်၊ ကျွန်မ တစ်ခုလောက် မေးချင်လို့ပါ။ ဆေးဝါးစက်ရုံမှာ ကျောက်ကျော( မှိုမွေးဖို့လိုအပ်သည် ) ရှိလား?"
မှိုကို မွေးမြူရန်အတွက် အရေးကြီးဆုံးအရာမှာ မှိုမျိုးစေ့ ဖြစ်သည်။
ထိုမှိုများကို မွေးမြူရန် အသုံးပြုသော အာဟာရ မျိုးပွားစာကို အဓိကအားဖြင့် အာလူး၊ ဂလူးကို့စ်နှင့် ကျောက်ကျောတို့ဖြင့် ပြုလုပ်ထားသည်။
အာလူးမှာ ရှာရလွယ်ကူပြီး၊ ဂလူးကို့စ်ကို ဒေသန္တရ ဆေးရုံတွင် ရှာနိုင်သော်လည်း၊ ကျောက်ကျောအတွက်မူ ယန်ရွှယ်သည် ဆေးဝါးစက်ရုံသို့သာ လာရန် စဉ်းစားမိခြင်း ဖြစ်သည်။
ကျောက်ကျောသည် ရေညှိမှ ထုတ်ယူသော အရာဖြစ်ပြီး အဓိကအားဖြင့် ဂျယ်လီနှင့် ပူတင်းများကဲ့သို့ အစားအသောက်များတွင် လည်းကောင်း၊ ဆေးဝါးလောကတွင် မွေးမြူရေးအာဟာရ မျိုးပွားစာအဖြစ် လည်းကောင်း၊ အလှကုန်ပစ္စည်းများတွင် အပျစ်တိုးစေသော အရာအဖြစ် လည်းကောင်း အသုံးပြုကြသည်။
ယန်ရွှယ်ဝယ်လာသော စီးကရက်မှာ ယင်းချွမ် တံဆိပ်ဖြစ်ပြီး တစ်ထုပ်လျှင် (၀.၂၈) ယွမ် ကျသင့်သည်။ ဆိုင်တွင် အဈေးအကြီးဆုံး မဟုတ်သော်လည်း အရည်အသွေး ကောင်းမွန်လှသည်။ လုံခြုံရေးဝန်ထမ်းက တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။
"ကျွန်တော်လည်း တကယ် မသိဘူး။ သွားမေးပေးပါ့မယ်"
သူသည် စီးကရက်ထုပ်ကို ပြန်မပေးပေ။
ယန်ရွှယ်က မျှော်လင့်ချက် ရှိမှန်း သိသဖြင့် ပြုံးပြလိုက်သည်။ "ကျေးဇူးအများကြီး တင်ပါတယ်"
"ဘာမှ အခက်အခဲ မဟုတ်ပါဘူး" လုံခြုံရေးဝန်ထမ်းက အထဲသို့ ဝင်သွားခဲ့သည်။
စက်ရုံတံခါးဝ အပြင်ဘက်တွင် ချီဖန့်က ယန်ရွှယ်ကို ကြည့်လိုက်သည်။ "မင်း ဒီအတွက်နဲ့ ဆေးဝါးစက်ရုံအထိ လာခဲ့တာလား?"
ဒီနေ့ သူသည် ထူးထူးခြားခြား စကားများနေသည်။ သူသည် ယခင်က သူမ၏ ကိစ္စများကို ဝင်မစွက်ဖက်ဖူးပေ။
သူမ၏ ကိစ္စများသာမက ဤလူသည် အရာရာကို စိတ်မဝင်စားဘဲ အေးစက်နေတတ်ပြီး၊ တခြားသူများက သူ့ကို စူးစမ်းသည်ကိုလည်း မကြိုက်ပေ။
ယန်ရွှယ်က သူ့ကို သေချာ ကြည့်လိုက်သည်။ "ဟုတ်တယ်၊ ဒီအတွက်ပဲ။ ဒါပေမဲ့ သူတို့မှာ ရှိမရှိတော့ မသေချာဘူး"
"ရှိမှာ မဟုတ်ဘူး" ချီဖန့်က ပြောသည်။
"ဒါက ရှားတယ်။ နိုင်ငံထဲမှာ အကြီးအကျယ် ထုတ်လုပ်နေတာ မရှိသေးဘူး"
"ရှင် အဲဒါကို သိတာလား?" ယန်ရွှယ်မှာ ပို၍ အံ့ဩသွားသည်။
ချီဖန့်သည် သူမက သူ ကောလိပ်မှာ ဘာသင်ခဲ့လဲဆိုတာတောင် မမှတ်မိသည်ကို ချက်ချင်း သတိရသွားပြီး ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။
"တခြားသူတွေ ပြောတာ ကြားဖူးလို့ပါ"
သူသည် ဤဘာသာရပ်ကို မသင်ခဲ့သော်လည်း ပတ်သက်သော နယ်ပယ်မှ လူများကို သိကျွမ်းသည်။
ယန်ရွှယ်သည် ဤလူက တကယ်တမ်းတွင် အများကြီး သိထားကြောင်း နားလည်သွားသည်။ မှတ်ဉာဏ်ကောင်းသူ ဖြစ်သဖြင့် သူ၏ ဦးနှောက်ထဲတွင် အချက်အလက်များစွာ သိမ်းဆည်းထားနိုင်လိမ့်မည်မှာ သေချာလှသည်။ နှမြောစရာပင်။ အကယ်၍ ဤထက်မြက်သော ဦးနှောက်ကို ခုနစ်နှစ်၊ ရှစ်နှစ် စောပြီး သို့မဟုတ် နောက်ကျပြီး မွေးဖွားခဲ့လျှင် သူ တက္ကသိုလ်သို့ လွယ်လင့်တကူ တက်ရောက်နိုင်လိမ့်မည် ဖြစ်သည်။ သို့သော် ယခုမူ...
အကြောင်းပြချက် တစ်ခုကြောင့် ချီဖန့်သည် သူ့အပေါ်ထားသော ယန်ရွှယ်၏ အကြည့်ထဲတွင် နောင်တရသော အရိပ်အယောင်များ ပါနေသည်ဟု ခံစားလိုက်ရသည်။ သူ မေးရန် ပြင်လိုက်စဉ်မှာပင် လုံခြုံရေးဝန်ထမ်း ပြန်ထွက်လာခဲ့သည်။
"ကျွန်တော် မေးကြည့်ပြီးပြီ၊ စက်ရုံမှာ မရှိဘူးတဲ့။ သူတို့က ဇီဝဆေးဝါးစက်ရုံမှာ သွားရှာရမယ်တဲ့။ ကျွန်တော်တို့က တရုတ်တိုင်းရင်းဆေးပဲ ထုတ်တာပါ"
ထင်ထားသည့်အတိုင်းပင် ချီဖန့် ခန့်မှန်းသည်က မှန်နေသည်။ ယန်ရွှယ်က သူ့ကို တစ်ချက် ကြည့်လိုက်သော်လည်း စိတ်မပျက်ပေ။ သူမသည် ထိုယင်းချွမ် စီးကရက်ထုပ်ကို လုံခြုံရေးဝန်ထမ်းထံတွင် ထားခဲ့လိုက်သည်။
နောက်ထပ် တစ်ထုပ်ကိုမူ ဆေးဝါးစက်ရုံတွင် ကျောက်ကျော မရှိသဖြင့် ခေတ္တ သိမ်းထားလိုက်သည်။
သူတို့နှစ်ဦး အပြင်သို့ အတူ လျှောက်လာကြသည်။ ချီဖန့်က ခေါင်းငုံ့ကာ မေးလိုက်သည်။
"ပြည်နယ်မြို့တော်ကို သွားကြည့်မလား?"
"မလိုပါဘူး" ယန်ရွှယ် ခေါင်းခါပြလိုက်သည်။
"ကျွန်မ တခြားနည်းလမ်း စဉ်းစားလိုက်မယ်။ အသင့်ရှိတာပဲ သုံးရမယ်လို့ မရှိပါဘူး"
သူမကိုယ်တိုင် ကျောက်ကျော ပြုလုပ်နည်းကို သိသော်လည်း အသင့်ရလျှင် ဘာကြောင့် အပင်ပန်းခံမည်နည်း။
ချီဖန့်က နားလည်ဟန် ရှိပြီး သူမကို တစ်ချက် ကြည့်လိုက်သော်လည်း ထပ်မမေးတော့ပေ။
"ပြန်ကြတော့မလား?"
"ပြန်ရမှာပေါ့" ယန်ရွှယ်က နာရီကို ကြည့်လိုက်သည်။
"အခု မပြန်ရင် ရထားလေးကို မှီမှာ မဟုတ်ဘူး"
ကားဂိတ်တွင် ဆင်းပြီးနောက် သူတို့ အပြေး သွားကြရာ ရထားလေး မထွက်မီလေးမှာပင် တက်နိုင်ခဲ့ကြသည်။ လက်မှတ်များကို ရထားပေါ်မှာတင် ဝယ်လိုက်သည်။
သစ်တောစခန်းသို့ ပြန်ရောက်သောအခါ ကိုယ်တိုင်လုပ် လေးခွနှင့် လေသေနတ်များကို သယ်ဆောင်လာသော ပညာတတ် လူငယ်တစ်စုနှင့် တွေ့ခဲ့သည်။ သူတို့သည် တောထဲတွင် ငှက်ပစ်ပြီး ပြန်လာကြခြင်း ဖြစ်သည်။
ချီဖန့်က ဝက်ဝံမည်းကို သေနတ်နှစ်ချက်တည်းနှင့် ပစ်ချနိုင်ခဲ့ပြီးကတည်းက ဤလူငယ်အုပ်စုမှာ စိတ်ဝင်စားမှု ပိုရှိလာကြသည်။ သို့သော် ကင်းလှည့်အဖွဲ့က သူတို့ကို ပါဝင်ခွင့် ပေးမည် မဟုတ်ပေ။ ယွီရုန်ကျစ်နှင့် ဒါရိုက်တာယွီတို့ကလည်း ခွင့်မပြုကြပေ။
အဓိကမှာ အကြီးဆုံးသားဖြစ်သူ၏ ပစ်ခတ်မှု စွမ်းရည်မှာ မပြည့်ဝဘဲ ဝက်ဝံမည်းနောက်သို့ မဆင်မခြင် လိုက်ခဲ့သောကြောင့် ဖြစ်သည်။ ဒါရိုက်တာယွီက သူ့ကို သေနတ် ကိုင်ခွင့် ထပ်မပေးတော့သည်မှာ သေချာလှသည်။
သို့သော် အကြီးဆုံးသားမှာ တောကောင်ကြီးများကို မပစ်နိုင်သော်လည်း ငှက်များနှင့် တောကြက်များကို ပစ်ခတ်ခြင်းက ပြဿနာ မရှိနိုင်ပေ။
သူတို့၏ အလုပ်စွမ်းဆောင်ရည်မှာ သာမန်မျှသာ ဖြစ်သော်လည်း အားလပ်ချိန်မှာမူ အများကြီး ရှိသည်။ ဤပညာတတ် လူငယ်များသည် တောင်ပေါ်သို့ ရောက်လာသောအခါ အလုပ်ကို အလေးအနက် မလုပ်ကြပေ။
ထိုနေ့တွင် သူတို့အားလုံး အောင်မြင်မှု အနည်းငယ် ရခဲ့ကြသည်။ လမ်းလျှောက်ရင်း ပေါ့ပေါ့ပါးပါး စကားပြောနေကြပြီး သူတို့အနားတွင် ယန်ရွှယ်နှင့် ချီဖန့် ရှိနေသည်ကို သတိမထားမိကြပေ။
အစပိုင်းတွင် ယန်ရွှယ်နှင့် ချီဖန့်တို့သည်လည်း သူတို့ကို ဂရုမစိုက်ခဲ့ကြပေ။ သို့သော် အနည်းငယ် ဆက်လျှောက်ပြီးနောက် ချီဖန့်၏ အကြည့်မှာ နောက်သို့ ရုတ်တရက် ပြန်ရောက်သွားခဲ့သည်။
ယန်ရွှယ်လည်း ရပ်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူငယ်များသည် လျိုဝေကောအကြောင်းကို မလေးမစား ပြောနေကြခြင်း ဖြစ်သည်။
"ရယ်စရာကြီး မဟုတ်လား? သူက တကယ်ပဲ ကျိုးဝမ်ဟွေ့နဲ့ တွဲနိုင်မယ်လို့ ထင်နေတာလား။ ကိုယ့်ကိုယ်ကိုယ် အရင် ပြန်ကြည့်သင့်တာ"
"ချိုင့်ဝှမ်းက လူတွေက အမြင်မကျယ်ကြဘူး။ သူတို့က သစ်ဖြတ်တတ်ရုံ၊ သေနတ်ပစ်တတ်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် ထူးခြားတယ် ထင်နေကြတာ"
"ဖြစ်နိုင်တာက ကျိုးဝမ်ဟွေ့က ဒီလို လူစားမျိုးကို ကြိုက်တာ ဖြစ်မှာပေါ့။ မမြင်ဘူးလား? သူက သူမရဲ့ နှိုးစက်နာရီကိုတောင် ပြင်ပေးခဲ့သေးတယ်"
"တစ်ယောက်ယောက်က မင်းကို အမြဲတမ်း မုန့်တွေ လာပေးနေရင် မင်းရော သူ့အပေါ် မကောင်းဘဲ နေမလား? ပြီးတော့ တစ်ယောက်ယောက်က မင်းရဲ့ နှိုးစက်နာရီကို အလကား ပြင်ပေးချင်နေတယ်ဆိုရင် ဘာလို့ ခွင့်မပြုရမှာလဲ?"
'ချိုင့်ဝှမ်း' ဆိုသည်မှာ မူလက သစ်တောစခန်း ဝန်းကျင်ရှိ တောင်ပေါ်ရွာလေးများကို ခေါ်သော အမည်ဖြစ်သော်လည်း၊ သူတို့၏ ပါးစပ်မှ ထွက်လာသောအခါ ၎င်းမှာ စော်ကားသည့် အသံ ထွက်နေသည်။
လမ်းလျှောက်နေရင်း တစ်ယောက်က လေသေနတ်ကိုင်ထားသူကို မေးလိုက်သည်။
"ကွမ်းဇီ၊ မင်း ဘာတွေ တွေးနေတာလဲ? ဘာလို့ သူ့ကို မင်းရဲ့ နာရီ ပြင်ခိုင်းလိုက်ရတာလဲ?"
ယန်ရွှယ်ထိုလူကို မှတ်မိသည်။ ထိုသူမှာ ကျန်းကောကွမ်းဖြစ်သည်။ သူသည် ချမ်းသာသော မိသားစုမှ လာသူဖြစ်ပြီး မြို့ပေါ်ရှိ သစ်တောဗျူရိုတွင် အဆက်အသွယ် ရှိသဖြင့် သစ်တောစခန်းမှ အလုပ်ကို ဂရုမစိုက်ဘဲ အချိန်ဖြုန်းရန်သာ လာသူ ဖြစ်သည်။
ကျန်းကောကွမ်း မဖြေမီ အနားရှိ အရပ်ပုပုနှင့် လူက အရင်ရယ်လိုက်သည်။ "ရန်ထောင်ရယ်၊ မင်းကလဲ မင်းက လျိုဝေကော အရှက်ကွဲတာကို မြင်ချင်နေတာ မဟုတ်လား? သူ့သူငယ်ချင်းက အဲဒါကို ပြင်နိုင်မယ်လို့ မင်း တကယ် ထင်နေတာလား?"
၎င်းမှာ ရန်ထောင်ဖြစ်ပြီး ကျန်းကောကွမ်းနှင့် မခွဲမခွာ နေတတ်သူ ဖြစ်သည်။
"အင်း... ဒီနေရာလေးက သိပ်မကြီးပါဘူး။ သူ နာရီ ဘယ်နှစ်လုံးလောက် မြင်ဖူးမှာမို့လဲ? သူ ပြင်ကြည့်မယ်လို့ ပြောတာ မဆန်းပါဘူး။ သူကိုယ်တိုင်လည်း သေချာမှာ မဟုတ်ပါဘူး"
"ဒါဆို သူက ဘာလို့ အလုပ်ကို လက်ခံတာလဲ?"
"ကျိုးဝမ်ဟွေ့ရှေ့မှာ ဟန်လုပ်ချင်လို့ ဖြစ်မှာပေါ့။ သူက အခုတလော တော်တော်လေး ဘဝင်မြင့်နေတာ၊ ကိုယ့်နာမည်ကိုယ်တောင် မေ့နေပုံပဲ"
အားလုံးက ထိုသို့ တွေးနေကြသည် မဟုတ်ပေ။
"တကယ်လို့ ချီဖန့်က တကယ် ပြင်နိုင်ရင်ရော?"
"ပြင်နိုင်ရင်လည်း ဘာဖြစ်လဲ?" ကျန်းကောကွမ်းက တိုးတိုးလေး ရယ်ရင်း ပြောလိုက်သည်။
ပညာတတ် လူငယ်တစ်စုမှာ အနားသို့ တိုးကပ်သွားကြပြီး သူတို့၏ စကားသံများကို မကြားရတော့သော်လည်း သူတို့၏ မျက်နှာအမူအရာအရ တစ်ခုခုကို ကြံစည်နေကြကြောင်း သိသာလှသည်။
ထင်ထားသည့်အတိုင်းပင် ခဏအကြာတွင် တစ်ယောက်က ရယ်မောလိုက်သည်။
"ဒါဆိုရင် ငါလည်း လိုက်သွားပြီး သူ့မျက်နှာကို တည့်တည့်ကြည့်ပြီး လှောင်ရမှာပေါ့"
"ကျိုးဝမ်ဟွေ့ကိုလည်း ခေါ်ခဲ့၊ လျိုဝေကောတစ်ယောက် သူ့အရည်အချင်းနဲ့ မတန်တာကို ဆက်ပြီး စိတ်ကူးယဉ်ရဲသေးလား ကြည့်ရအောင်"
"ဟုတ်တယ်၊ ကျိုးဝမ်ဟွေ့ကိုယ်တိုင် မြင်ပါစေ။ သူက စကားပဲ ရှိတာ၊ ဘာမှ မဟုတ်ဘူးဆိုတာ..."
သူတို့ တဖြည်းဖြည်း ဝေးသွားသောအခါ ယန်ရွှယ်က ချီဖန့်ကို ကြည့်လိုက်သည်။
"ရှင် တကယ်ပဲ သူတို့အတွက် ပြင်ပေးမှာလား?"
"အင်း" ချီဖန့်က ရိုးရှင်းပြတ်သားစွာ ပြန်ဖြေခဲ့သည်။ သူ၏ အသံမှာ တည်ငြိမ်နေရုံသာမက ထူးခြားသော အေးစက်မှုလည်း ပါဝင်နေသည်။
သူသည် အရာရာကို စိတ်မဝင်စားသလို နေတတ်သဖြင့် ဤကဲ့သို့သော ပြတ်သားမှုမှာ ထူးခြားလှသည်။ သူသည် သစ်တောစခန်းသို့ ရောက်ခါစဖြစ်ပြီး လျို မိသားစုနှင့် နေထိုင်နေခြင်း ဖြစ်သည်။ လျိုဝေကောမှာ သူ၏ အနည်းငယ်သော သူငယ်ချင်းများထဲမှ တစ်ဦး ဖြစ်သည်။
ယန်ရွှယ်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။
လျိုဝေကောက ကျိုးဝမ်ဟွေ့နဲ့ တွဲတာ၊ မတွဲတာ သူတို့နဲ့ ဘာဆိုင်လို့လဲ? အဓိကမှာ သူတို့က သစ်တောစခန်းက လူတွေကို အထင်သေးပြီး ရယ်စရာတစ်ခုလို သဘောထားနေကြခြင်း ဖြစ်သည်။
ဤလူများသည် အလုပ်ကို အလေးအနက် မလုပ်ကြဘဲ ပရိယာယ် ဆင်ရန်သာ အားထုတ်နေကြသည်။ ယခုလည်း သူတို့က ချီဖန့်ကို အသုံးချပြီး လျိုဝေကောကို ဒုက္ခပေးချင်နေကြသည်။
နောက်တစ်နေ့တွင် လျိုဝေကော နာရီသွားယူရန် ပညာတတ် လူငယ်စခန်းသို့ သွားသောအခါ လူအုပ်ကြီး စောင့်နေသည်ကို တွေ့လိုက်ပြီး အားလုံးက လိုက်ချင်ကြသည်ဟု ပြောကြသည်။
လူများလွန်းသည်ဟု သူ ထင်မိသည်။ ကျိုးဝမ်ဟွေ့လည်း ထိုအတိုင်း ခံစားရပုံရပြီး ကြားညပ်နေသဖြင့် အားနာနေဟန် ရှိသည်။
"ငါ မလိုက်တော့ပါဘူး။ နာရီပြင်မှာက ငါမှ မဟုတ်တာ"
"နင် မလိုက်လို့ ဘယ်ဖြစ်မလဲ?" လူငယ်တစ်ယောက်က ချက်ချင်း ကန့်ကွက်ခဲ့သည်။
"နင် မလိုက်ရင် ငါတို့က ဘယ်သူတွေလဲဆိုတာ သူတို့ ဘယ်သိမှာလဲ?"
၎င်းမှာ စနောက်သည့် လေသံဖြစ်သည်။ ကျိုးဝမ်ဟွေ့၏ မျက်နှာမှာ နီရဲသွားပြီး လျိုဝေကောကတော့ ပြုံးနေမိသည်။
အရပ်ပုသော ရန်ထောင်က လျိုဝေကော၏ ပုခုံးကို ပုတ်ကာ ထွက်လာခဲ့ကြသည်။
"ဘာပဲဖြစ်ဖြစ် အခုက အားလပ်ရက်ပဲလေ။ အချိန်ဖြုန်းနေတာထက်စာရင် အားလုံး ဝိုင်းသွားကြတာပေါ့"
လျိုဝေကောလည်း မငြင်းတော့ပေ။
သူတို့ ယန်ရွှယ်နှင့် ချီဖန့်တို့ အိမ်သို့ ရောက်သောအခါ ချီဖန့်ကို အလွန်အမင်း ချီးကျူးကြတော့သည်။ ထိုဟန်ဆောင်မှုများမှာ အလွန်လွန်ကဲလှသဖြင့် ယန်ရွှယ်၊ ချီဖန့်နှင့် လျိုဝေကောတို့ပင် အနေခက်သွားကြသည်။
"နာရီ ဘယ်မှာလဲ? ယူလာတယ် မဟုတ်လား?" လျိုဝေကောက အလုပ်ကို အာရုံစိုက်ရန် သတိပေးလိုက်သည်။
"အင်း၊ ယူလာတယ်"
ကျန်းကောကွမ်းက သူ၏ အိတ်ထဲမှ နာရီကို ထုတ်ပေးလိုက်ပြီး ချီဖန့်ကို မဲ့ပြုံးပြုံးလျက် ကြည့်လိုက်သည်။
"မင်း တကယ် ပြင်နိုင်တာလား?"
သူ၏ မျက်နှာမှာ စနောက်နေသော်လည်း သံသယအောက်တွင် စိန်ခေါ်မှုများ ပါဝင်နေသည်။
လျိုဝေကောက ချက်ချင်း ရိပ်မိသွားသည်။ ချီဖန့် မဖြေမီ သူက ဝင်ပြောလိုက်သည်။
"ကျွန်တော် ဘာမှ ကတိမပေးထားဘူးနော်။ ကြည့်ပေးမယ်လို့ပဲ ပြောထားတာ"
"ကတိမပေးဘဲနဲ့ ဘာလို့ လက်ခံတာလဲ? တကယ်လို့ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ?" လူအုပ်ထဲမှ တစ်ယောက်က ကန့်ကွက်ခဲ့သည်။
"ဟုတ်တယ်၊ ဒါက (၁၀၀) ကျော် တန်တာနော်။ သူ ဖျက်ဆီးလိုက်ရင် ဘယ်သူက လျော်မှာလဲ?"
အသံက မကျယ်သော်လည်း လျိုဝေကောမျက်နှာ ချက်ချင်း ပျက်သွားသည်။
"ခင်ဗျားတို့ ပြင်စေချင်တာလား၊ မပြင်စေချင်တာလား! ပြင်ပေးမယ့်သူ ရှာပေးပါဆိုလို့ ရှာပေးတာကို အခုကျတော့ ဒီလိုတွေ လုပ်နေကြတာလား"
"မပြင်နိုင်ရင် အလုပ်ကို လက်မခံနဲ့လေ! ငါတို့က အတင်းအကျပ် ခိုင်းတာ မဟုတ်ဘူး။ မင်းကပဲ ကျိုးဝမ်ဟွေ့ရဲ့ နှိုးစက်နာရီကို မင်းရှာပေးတဲ့သူက ပြင်ပေးတယ်ဆိုပြီး လိုက်ကြွားနေတာ။ လူတွေက မင်းကို ကျွမ်းကျင်သူလို့ ထင်ကုန်ကြမှာပေါ့"
ထိုလူက ဟန်မဆောင်တော့ပေ။ လျိုဝေကောက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သူက အကျယ်ကြီး အော်လိုက်သည်။
"ကျိုးဝမ်ဟွေ့၊ ကြည့်လိုက်ဦး! သူက ပြင်ပေးမယ်လို့ ကတိပေးပြီး အခုကျတော့ မပြင်နိုင်ဘဲ ဒေါသထွက်နေပြီ!"
"ဟုတ်တယ်၊ ဘယ်လို စကားမျိုးလဲ? ဒါက အဓိပ္ပာယ် မရှိဘူး!"
တခြားသူများကလည်း ဝင်ပြောကြသဖြင့် ကျိုးဝမ်ဟွေ့မျက်နှာ နီမြန်းလာသည်။
"ငါ့ကို အဲဒီထဲ ဆွဲမထည့်ကြနဲ့!"
သို့သော် လျိုဝေကောမှာမူ သူကိုယ်တိုင် ဤပြဿနာထဲသို့ ဝင်ပါခဲ့သလို ဖြစ်နေသည်။ အကယ်၍ ဒီနေ့ ချီဖန့်က ပြင်နိုင်ကြောင်း သက်သေမပြနိုင်လျှင် ဤကိစ္စက ပြီးဆုံးမည် မဟုတ်ပေ။
လျိုဝေကောနှင့် ချီဖန့်တို့ ဘာကြောင့် သူငယ်ချင်း ဖြစ်နေကြသည်မှာ မဆန်းတော့ပေ။ သူသည် ချီဖန့်ကို ဤကိစ္စထဲ မဆွဲထည့်ချင်သဖြင့် ကျိုးဝမ်ဟွေ့ရှေ့တွင် အရှက်ကွဲခံရန်ပင် ဆုံးဖြတ်လိုက်သည်။
"ငါက ကြွားရုံသက်သက်ပါ။ မပြင်ရင် ဘာဖြစ်လဲ? အခု... သွားကြတော့၊ ထွက်သွားကြ!"
သူက အားလုံးကို မောင်းထုတ်တော့သည်။
ပညာတတ် လူငယ်အချို့က ထပ်ပြောချင်သေးသော်လည်း၊ အခုထိ စကားတစ်လုံးမျှ မပြောသေးသော ချီဖန့်က ကျန်းကောကွမ်းထံသို့ လက်ကမ်းလိုက်သည်။
"နာရီ ပေးပါ"
လျိုဝေကောအံ့အားသင့်သွားပြီး "ချီဖန့်" ဟု ခေါ်လိုက်သည်။
ကျန်းကောကွမ်းက ချက်ချင်း ရယ်မောလိုက်သည်
"မင်းက ပွင့်လင်းသားပဲ၊ ငါ ကြိုက်တယ်။"
သူက နာရီကို ပြန်မယူဘဲ ချီဖန့်ထံသို့ ပေးလိုက်သည်။
ချီဖန့် ဘာမှ မပြောဘဲ နာရီနောက်ကျောမှ နာမည်ကို တစ်ချက်ကြည့်လိုက်ပြီး စားပွဲတွင် ထိုင်ကာ ဖြုတ်တော့သည်။
ယန်ရွှယ်က အစိတ်အပိုင်းများကို ထည့်ရန် ထမင်းဘူးတစ်ခုကို ကြိုတင် ဆေးကြောသန့်စင်ထားပြီးသား ဖြစ်သည်။ သူမက ချိုသာစွာ ပြုံးပြီး အုပ်စုကို ပြောလိုက်သည်။
"တစ်ခုခု ပျောက်သွားတယ်လို့ မပြောရအောင် တစ်ယောက်ယောက်က လာကြည့်သင့်တယ်နော်"
သူမ၏ အသံမှာ နူးညံ့ပြီး တက်ကြွနေသော်လည်း အချို့လူများမှာ အပြစ်မကင်းသလို ခံစားရသဖြင့် မျက်နှာလွှဲလိုက်ကြသည်။
နောက်ဆုံးတွင် ကျိုးဝမ်ဟွေ့က ရှေ့သို့ တက်လာခဲ့သည်။ "ကျွန်မ ကြည့်ပါ့မယ်"
သူမ၏ မျက်နှာမှာ တင်းမာနေသည်။
သူမနှင့်အတူ ပါလာသော သူငယ်ချင်းကလည်း "ကျွန်မလည်း ကြည့်မယ်" ဟု ပြောခဲ့သည်။
နှိုးစက်နာရီ ပြင်သည့်ကိစ္စမှာ သူမ စကားချော်ပြောမိရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ဤမျှအထိ ကြီးကျယ်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ထို့ပြင် ယန်ရွှယ်မှာ အနည်းဆုံးတော့ သူတို့နှင့် မိသားစုအဖွဲ့ တစ်ခုတည်းမှ ဖြစ်ပြီး အရေးကြီးသော အချိန်တွင် ကူညီပေးခဲ့ဖူးသည်။ ကိုယ့်လွတ်ရုန်းဖို့ပဲ ကြည့်တတ်သော အမျိုးသား ပညာတတ် လူငယ်များနှင့် မတူပေ။
အမျိုးသမီး နှစ်ဦးမှာ စားပွဲဘေးတွင် မျက်တောင်မခတ်ဘဲ ကြည့်နေကြပြီး၊ ယန်ရွှယ်ကမူ သူတို့ကို နေရာပေးရန် နောက်သို့ ဆုတ်ပေးလိုက်သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ မကြာမီမှာပင် သံထည် အစိတ်အပိုင်းလေးများ ထမင်းဘူးထဲသို့ ကျသံများ ရပ်သွားသည်။
ချီဖန့်က နာရီကိုယ်ထည်ကို ချလိုက်ပြီး၊ နောက်ဆုံး အစိတ်အပိုင်းလေး တစ်ခုကို သူ၏ လက်ချောင်းများဖြင့် ကိုင်ကာ အမျိုးသား ပညာတတ် လူငယ်များကို နားမလည်နိုင်သော အမူအရာဖြင့် ပြန်ကြည့်လိုက်သည်။
ချက်ချင်း တစ်ယောက်၏ မျက်လုံးများမှာ ပျာယာခတ်သွားပြီး ကျန်းကောကွမ်းကို လှမ်းကြည့်လိုက်မိသည်။
ကျန်းကောကွမ်း၏ မျက်နှာအမူအရာမှာလည်း ခေတ္တမျှ တောင့်တင်းသွားသော်လည်း၊ ရန်ထောင်ကမူ ပြုံးပျော်လျက် မေးလိုက်သည်။
"ပြဿနာကို တွေ့ပြီလား?"
"နာရီစက်ထဲကို ရေဝင်သွားလို့ အသစ်လဲရမယ်။ အစိတ်အပိုင်း အချို့ကတော့ ပွန်းနေပေမဲ့ သုံးလို့ ရသေးတယ်" ဟု ပြောပြီး ချီဖန့်က ထိုအစိတ်အပိုင်းကို ထမင်းဘူးထဲသို့ ထည့်လိုက်သည်။
သာယာသော "တိန်" ဆိုသည့် အသံနှင့်အတူ တစ်စုံတစ်ဦးက သက်ပြင်းအသာ ချလိုက်သည်။
ကျန်းကောကွမ်းက သူ အများကြီး တွေးနေမိသည်ဟု ထင်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။
"ဒါဆိုရင် ငါ နာရီစက် အသစ်ဝယ်လာရင် မင်း သေချာပေါက် ပြင်နိုင်မယ်ပေါ့? တကယ်လို့ မပြင်နိုင်ရင်ရော?"
"ပြင်လို့ မရရင် အသစ်ပဲ ဝယ်ခိုင်းလိုက်ပေါ့" လျိုဝေကောနှင့် စောစောက စကားများနေသူက ဝင်ပြောခဲ့သည်။
"သူ ဖြုတ်ပြီးရင် ပြန်တပ်နိုင်ပါ့မလားတောင် ဘယ်သူသိမှာလဲ"
လျိုဝေကောက သူ့ကို စိုက်ကြည့်လိုက်သည်။ "မင်း မပြီးသေးဘူးလား?"