အခန်း (၃၇)
Vol. 4 Ch. 37
ချီဖန့်၏ မျက်နှာမှာ တည်ငြိမ်နေဆဲဖြစ်ကာ လျိုဝေကောကို ကြည့်လိုက်သည်။
"ပြင်ဆင်ရေးဆိုင်က ဒါရိုက်တာရှု့ဆီမှာ ဒီလိုမျိုး တစ်လုံး ရှိတာ ကျွန်တော် မှတ်မိတယ်"
လျိုဝေကောခေတ္တ ရပ်သွားပြီးမှ သဘောပေါက်သွားသည်။ "ခဏစောင့်၊ ငါ ဦးလေး ရှု့ ဆီက သွားငှားလိုက်မယ်" ဟု ပြောပြီး ထွက်သွားတော့သည်။
ရန်စနေသူက ချီဖန့် ဘက်သို့ လှည့်လာသည်။ "ဘာလဲ? မပြင်နိုင်လို့ အတုခိုးဖို့ ရှာနေတာလား?"
"မြို့ကလူတွေက အကုန်လုံး ဒီလောက် စကားများကြတာလား?" ချီဖန့် မဖြေမီမှာပင် ယန်ရွှယ်က အနားရှိ အမျိုးသမီးကို မေးလိုက်သည်။
၎င်းမှာ သရော်စကားဖြစ်သော်လည်း မှန်ကန်လှသည်။ သူတို့ ဝင်လာကတည်းက ထိုလူမှာ စကားမရပ်ဘဲ ပြဿနာ ရှာနေခြင်း ဖြစ်သည်။ သူက အတက်ကြွဆုံးဖြစ်ပြီး၊ တကယ်လို့ မသိရင် သူကပဲ ဒီကိစ္စအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့ ထင်ရသည်။
အမျိုးသမီး ပညာတတ် လူငယ်မှာ မရယ်ဘဲ မနေနိုင်တော့ဘဲ၊ ထိုလူမှာလည်း မျက်နှာပျက်သွားကာ တိတ်သွားတော့သည်။
မိနစ် ၂၀ ခန့်အကြာတွင် လျိုဝေကော ပြန်ရောက်လာခဲ့သည်။
"ရပြီ၊ ရပြီ"
ရာသီဥတုက အေးနေသော်လည်း သူ ချွေးများ ထွက်နေသည်။
ချီဖန့်က ၎င်းကို ယူလိုက်ပြီး အမျိုးသားများကို တစ်ချက်ကြည့်ကာ နာရီကို ကျွမ်းကျင်စွာ ဖြုတ်လိုက်သည်။
ဒီတစ်ခါတွင် သူသည် သေချာ လေ့လာနေခြင်း သို့မဟုတ် နှိုင်းယှဉ်နေခြင်း မရှိဘဲ အလျှင်အမြန် လုပ်ဆောင်သည်။ သူသည် အကုန်လုံးကိုပင် မဖြုတ်ဘဲ နာရီစက်ကိုသာ ထုတ်လိုက်ပြီး အားလုံး၏ ရှေ့တွင် လဲလှယ်ရန် ပြင်လိုက်သည်။
အမျိုးသား ပညာတတ် လူငယ်များသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် အောင်မြင်တော့မည့် အရိပ်အယောင်များ ပေါ်နေသည်။
သို့သော်လည်း ချီဖန့်က နာရီစက်ကို တပ်ဆင်ပြီး ကျန်အစိတ်အပိုင်းများကို ပြန်တပ်ပြီးနောက်၊ သူသည် ရှု့ဝမ်လီ၏ နာရီထဲမှ နောက်ထပ် အစိတ်အပိုင်း တစ်ခုကို ထုတ်လိုက်သည်...
ဘယ်သူမှ အံ့ဩမှုကို မဖုံးကွယ်နိုင်မီမှာပင် သူသည် အလျှင်အမြန် ပြန်တပ်လိုက်ပြီး၊ နောက်ဖုံးကို ပိတ်ကာ နာရီကို ပတ်ပေးလိုက်ပြီး ကျန်းကောကွမ်းထံသို့ ကမ်းပေးလိုက်သည်။
"အချိန် မှန်၊ မမှန် ကြည့်လိုက်ပါဦး"
"ပြင်ပြီးသွားပြီလား?"
ကျန်းကောကွမ်းက သတိမထားမိဘဲ သူ၏ လက်များကို ဘောင်းဘီတွင် ပွတ်လိုက်သည်။
သူ အလုပ်နှေးနေသည်ကို မြင်သောအခါ ကျိုးဝမ်ဟွေ့နှင့် ပါလာသော သူငယ်ချင်းက နာရီကို ယူလိုက်သည်။ "တခြား ဘယ်သူ့မှာ နာရီ ပါသေးလဲ?"
"ကျွန်မဟာ သုံးလိုက်ပါ" ယန်ရွှယ်က သူမ၏ လက်ပတ်နာရီကို ဖြုတ်ပေးလိုက်သည်။
အမျိုးသမီး နှစ်ဦးက ချက်ချင်း ဝိုင်းကြည့်ကြပြီး၊ ကျန်းကောကွမ်းနှင့် တခြား အမျိုးသားများမှာ တွန့်ဆုတ်နေသော်လည်း အနားသို့ တိုးကြည့်ကြသည်။
"မှန်တယ်... သူ တကယ် ပြင်လိုက်တာပဲ..." အမျိုးသားများမှာ လုံးဝ မယုံနိုင်ဘဲ ရှိနေကြပြီး အချို့မှာ တိုးတိုးလေး ညည်းတွားနေကြသည်။
"အချိန် မှန်တယ်ဆိုတာ သေချာလား?" ချီဖန့်က ထပ်မေးသည်။ အားလုံး တိတ်ဆိတ်သွားသဖြင့် သူက နာရီကို ပြန်ဖြုတ်လိုက်သည်။
သူသည် နာရီစက်နှင့် အစိတ်အပိုင်းများကို ရှု့ဝမ်လီ၏ နာရီထဲသို့ ပြန်ထည့်ပေးလိုက်ပြီး၊ ကျန်းကောကွမ်း၏ နာရီကိုလည်း အလျှင်အမြန် ပြန်ပြင်ပေးလိုက်သည်။
နောက်ဆုံးတွင် ထမင်းဘူးထဲ၌ ကျန်နေသော တစ်ခုတည်းသော အစိတ်အပိုင်းကို ကိုင်ကာ သူ မော့ကြည့်လိုက်သည်။ သူ၏ နက်မှောင်သော မျက်လုံးများက ကျန်းကောကွမ်းကို စိုက်ကြည့်နေသည်။
"ဒီအစိတ်အပိုင်းက ခင်ဗျားရဲ့ နာရီက မဟုတ်ဘူး၊ ဟုတ်တယ်မလား?"
"ကျွန်တော်..." ကျန်းကောကွမ်းမှာ စကားမထွက်နိုင် ဖြစ်သွားသည်။
ကျိုးဝမ်ဟွေ့နှင့် သူမ၏ သူငယ်ချင်းမှာ ပို၍ပင် အံ့အားသင့်သွားကြသည်။ ထို့နောက် သူတို့ သဘောပေါက်သွားသည်။
"ဒါက သူ့နာရီက မဟုတ်ဘူးလား?"
သူတို့ ချက်ချင်း ရိပ်မိသွားသည်။
"ရှင် တမင်တကာ လဲထားတာလား၊ ပြင်လို့ မရအောင် လုပ်ထားတာလား?"
ကျန်းကောကွမ်းသည် တခြားနာရီတစ်လုံးကို အမှန်တကယ်ပင် ခဏဌားပြီး ၎င်း၏ အစိတ်အပိုင်းတစ်ခုကို လဲလှယ်ထားခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် သူသည် အစိတ်အပိုင်းတစ်ခုကို ဖြုတ်ပစ်ရန်သာ စဉ်းစားခဲ့သော်လည်း ချီဖန့်သာ ပြင်တတ်နေပါက ပစ္စည်းပျောက်နေသည်မှာ သိသာလွန်းမည်ကို သူစိုးရိမ်ခဲ့သည်။
ဤသို့လုပ်ဆောင်ထားပါက ချီဖန့်က ပြင်ရန်ကြိုးစားလျှင်ပင် အောင်မြင်မည်မဟုတ်ဘဲ လျိုဝေကောကို လှောင်ပြောင်ရန်နှင့် ကျိုးဝမ်ဟွေ့နှင့် သူ၏ဆက်ဆံရေးကို နှောင့်ယှက်ရန် အခွင့်အရေးရမည်ဟု တွေးခဲ့ခြင်းဖြစ်သည်။
သို့သော် သူတို့မမျှော်လင့်ထားသည်မှာ ချီဖန့်သည် မျက်စိလျှင်ပြီး အသေးငယ်ဆုံးသော ကွဲလွဲမှုကိုပင် သတိထားမိသွားခြင်းပင်။ ယခုအခါ ပညာတတ်လူငယ် အမျိုးသမီးနှစ်ဦး၏ စူးစိုက်ကြည့်ရှုခြင်းကို ခံနေရသဖြင့် ကျန်းကောကွမ်း၏ စိတ်ထဲတွင် ဘာမှမရှိတော့ဘဲ ကြောင်အမ်းအမ်းဖြင့် စကားမပြောနိုင်ဘဲ ကြာမြင့်စွာ ရပ်နေမိတော့သည်။
ရန်ထောင်ကသာ ဝင်ရောက်ပြီး အခြေအနေကို ဖျောင်းဖျပေးခဲ့ရသည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲဒီအပိုင်းက ဟောင်းနွမ်းသွားလို့ နေမှာပါ။ မင်း မှားကြည့်တာ ဖြစ်လိမ့်မယ်။"
"ဒီနာရီက ပေကျင်းတံဆိပ်ပါ၊ ဒါပေမဲ့ အဲဒီအပိုင်းက ရှန်ဟိုင်းတံဆိပ် ဖြစ်နေတယ်" ချီဖန့်က အေးဆေးစွာပင် ထောက်ပြလိုက်သည်။
"ကျွန်တော့်အိမ်မှာ ရှန်ဟိုင်းတံဆိပ် အမျိုးသားဝတ်နာရီ တစ်လုံးရှိတယ်။ မင်း သက်သေလိုချင်ရင် ငါ အဲဒါကို ဖြုတ်ပြီး ပြပေးနိုင်တယ်။"
ထိုစကားကြောင့် ရန်ထောင်ပင် စကားစ လုံးဝပြတ်သွားတော့သည်။ သူတို့ ဆက်ပြီး ငြင်းဆိုနေပါက မိမိကိုယ်ကို ပို၍ပင် အရှက်ခွဲရာ ရောက်ပေလိမ့်မည်။
"ဒါဆို အဲဒါက အမှန်ပဲပေါ့လေ?"
ကျိုးဝမ်ဟွေ့၏ အသံထဲတွင် မယုံကြည်နိုင်မှုနှင့် ပြင်းထန်သော ဒေါသများ ရောယှက်နေသည်။
"သူတို့က နင်တို့ကို ဘာလုပ်လို့လဲ? နင်တို့ကို ဘာမှလည်း စော်ကားတာမရှိဘူး၊ နင်တို့ပစ္စည်းတွေကိုတောင် စေတနာနဲ့ ပြင်ပေးဖို့ ကမ်းလှမ်းခဲ့သေးတယ်။ နင်တို့က သူတို့ကို ဒီလိုမျိုး ပြန်ဆက်ဆံတာလား?"
အေးအေးဆေးဆေး နေတတ်သည့် မိန်းကလေးမှာ အလွန်အမင်း ဒေါသထွက်သွားသဖြင့် မျက်ဝန်းများပင် နီရဲလာခဲ့သည်။
"ပြီးတော့ နင်!"
သူမက စတင်ကြံစည်သူကို လက်ညှိုးထိုးလိုက်သည်။ "နင်က ယန်ရွှယ်ရဲ့ ခင်ပွန်းကို ပစ္စည်းဖျက်ဆီးတယ်ဆိုပြီး စွပ်စွဲပြီး လျော်ကြေးတောင် တောင်းခဲ့သေးတယ်။ ဘယ်လောက်တောင် အရှက်မရှိလိုက်သလဲ။ တကယ့်ကို အရှက်မရှိတဲ့လူတွေ!"
သူမသည် ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီးတစ်ဦး ဖြစ်သည့်အတွက် တိုက်ရိုက်ဆဲဆိုခြင်း မပြုနိုင်သော်လည်း သူမ၏ ဒေါသမှာ သိသာလှသည်။
သူမ၏ ဒေါသပေါက်ကွဲမှုကြောင့် လျိုဝေကော၏ ဒေါသမှာ အနည်းငယ် လျော့ကျသွားခဲ့သည်။ "ဒီလိုလူမျိုးတွေအတွက် စကားအပို မပြောပါနဲ့တော့" ဟု သူက ဆိုသည်။
စွပ်စွဲခံရသူမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့သည်။ "ငါက နောက်တာပါ! သူတို့ကို တကယ် လျော်ခိုင်းဖို့ စိတ်ကူးမရှိပါဘူး..."
"အေးလေ၊ ငါတို့က ရယ်စရာလုပ်တာပါ။ သူတို့အပေါ် အခွင့်အရေးယူဖို့ ကြိုးစားတာ မဟုတ်ပါဘူး။ မင်းက ဘာလို့ ဒီလောက်တောင် အကြီးအကျယ် လုပ်နေတာလဲ?"
တခြားလူများကလည်း ဆင်ခြေအမျိုးမျိုး ပေးကြသော်လည်း ကျိုးဝမ်ဟွေ့ကမူ လုံးဝလက်မခံခဲ့ပေ။
လျိုဝေကောက ချီဖန့်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "သူတို့ ဘယ်အပိုင်းတွေကိုပဲ ရှုပ်ထားရှုပ်ထား၊ အကုန်ပြန်တပ်ပြီး သူတို့ကို ဒီကနေ အမြန်မောင်းထုတ်လိုက်တော့!"
သူ၏စကားများမှာ ပြင်းထန်သော်လည်း အားလုံး၏ ရှေ့တွင် (အထူးသဖြင့် ပညာတတ်လူငယ် အမျိုးသမီးနှစ်ဦး၏ ရှေ့တွင်) ဖော်ထုတ်ခံလိုက်ရသဖြင့် ပြစ်မှုကျူးလွန်သူများမှာ မျက်နှာပြစရာပင် မရှိတော့ပေ။
တစ်ယောက်ကမူ ဆက်၍ ဆင်ခြေပေးရန် ကြိုးစားနေသေးသော်လည်း ကျန်းကောကွမ်းကမူ အရှက်ကို ငဲ့ပြီး ချီဖန့်ထံမှ နာရီကို ဆွဲယူလိုက်သည်။
"ငါ့ဘာသာငါ ပြင်မယ်။ မင်း ပြင်ပေးစရာ မလိုဘူး။"
ထိုလူစုသည် ကျန်ရှိနေသော မာန်မာနကလေးဖြင့် အပြင်သို့ ထွက်ရန် ကြိုးစားသော်လည်း တံခါးဝသို့ မရောက်မီ ချီဖန့်၏ အေးစက်သောအသံက သူတို့ကို တားဆီးလိုက်သည်။
"နောက်တစ်ချက်၊ ဒီနာရီတံဆိပ် နှစ်ခုရဲ့ အတွင်းပိုင်း တည်ဆောက်ပုံက တော်တော်တူတယ်။ အစိတ်အပိုင်းတစ်ခု လဲထားရင်တောင် အဲဒါက အလုပ်လုပ်ဦးမှာပဲ— အနည်းအကျဉ်းလောက်ပေါ့။"
တစ်နည်းအားဖြင့်ဆိုသော် သူတို့၏ အကြံအစည်မှာ အစကတည်းက အချည်းနှီးသာ ဖြစ်သည်။
သူတို့၏ ခြေလှမ်းများ တုံ့သွားပြီးနောက် တံခါးကို အကျယ်ကြီး ဆောင့်ပိတ်သံ ကြားလိုက်ရသည်။
လျိုဝေကောက ချက်ချင်း နောက်မှ လိုက်သွားခဲ့သည်။ "မင်းတို့ကမှ အမှားလုပ်ထားပြီး ဦးနှောက်လည်း မရှိတာကို၊ အခုကျမှ တံခါးကို ဆောင့်ပိတ်ရဲသေးတယ်လား?"
အခန်းထဲတွင် တိတ်ဆိတ်သွားပြီး ယန်ရွှယ်၊ သူမ၏ ခင်ပွန်းနှင့် ပညာတတ်လူငယ် အမျိုးသမီးနှစ်ဦးသာ ကျန်ရစ်တော့သည်။ အစောပိုင်းက တင်းမာမှုများမှာ အနေရခက်သော အခြေအနေတစ်ခုသို့ ပြောင်းလဲသွားသည်။
"တောင်းပန်ပါတယ်"
ကျိုးဝမ်ဟွေ့က ဇနီးမောင်နှံကို ဦးညွှတ်ကာ တိုးတိုးလေး ပြောခဲ့သည်။ "သူတို့ ဒီလိုမျိုး လုပ်မယ်မှန်း သိရင် သူတို့ကို ဒီကို ခေါ်မလာသလို နင်တို့ကိုလည်း အကူအညီ တောင်းခိုင်းမှာ မဟုတ်ပါဘူး။"
"ဒါ မင်းအပြစ် မဟုတ်ပါဘူး" အပြင်မှ ပြန်ဝင်လာသော လျိုဝေကောက ကြားဖြတ်ပြောလိုက်သည်။ "သူတို့ကသာ ငါ့ကို ပြင်ပေးမယ့်လူ ရှာခိုင်းလို့ ဇွတ်လုပ်ခဲ့ကြတာ။"
ထို့နောက် သူက ချီဖန့်ဘက်သို့ လှည့်ကာ အားနာစွာဖြင့် ပြောခဲ့သည်။ "ဒီကိစ္စအတွက် တောင်းပန်ပါတယ်။ မင်းကို နောက်ထပ် ဒုက္ခတွေထဲ မဆွဲသွင်းတော့ပါဘူး။"
သူတို့နှစ်ဦးစလုံးက တစ်ယောက်ပြီးတစ်ယောက် အလွန်အမင်း ရိုးသားစွာ တောင်းပန်နေသဖြင့် အနားတွင် ရပ်နေသော အခြားပညာတတ်လူငယ် အမျိုးသမီးမှာပင် နေရခက်လာသည်။
သူမက ချောင်းဟန့်ပြီး ပြောလိုက်သည်။ "ငါလည်း တောင်းပန်သင့်ပါတယ်။ နှိုးစက်နာရီ ပြင်တဲ့သတင်းကို ငါပဲ စပြီး ဖြန့်လိုက်တာ။"
"ဒါ ဘာလဲ၊ ဝန်ခံပွဲ လုပ်နေကြတာလား?"
ယန်ရွှယ် မရယ်ဘဲ မနေနိုင်တော့ပေ။ သူမ၏ ပေါ့ပေါ့ပါးပါး တုံ့ပြန်မှုကြောင့် အခန်းထဲရှိ တင်းမာမှုများ ပြေလျော့သွားသည်။
လျိုဝေကောက သူ၏နှာခေါင်းကို အားနာသလို ပွတ်ရင်း ပြောလိုက်သည်။ "ငါ ချီဖန့်အတွက် စိတ်မကောင်းဖြစ်လို့ပါ။"
ချီဖန့်ကမူ အေးဆေးပင်။ "နောက်ဆိုရင် ငါ့ကို အကြောင်းပြချက်အဖြစ် မသုံးရင် ရပြီ။"
လျိုဝေကောသည် ကျိုးဝမ်ဟွေ့နှင့် ပိုနီးစပ်ရန်အတွက် သူ့ကို မည်သို့ ဆွဲထည့်ခဲ့သည်ကို သူက ရည်ညွှန်းနေခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် ချီဖန့်သည် ပိုင်စိုးပိုင်နင်းနိုင်သူဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။
လျိုဝေကော ရယ်မောလိုက်မိသည်။ "ဟေ့၊ မင်းလည်း အတင်းငြင်းတာ မဟုတ်ဘဲနဲ့။ တကယ်လို့ မင်းသာ လုံးဝမသွားချင်ရင် ငါက မင်းကို အတင်းခေါ်လို့ ရပါ့မလား?"
သူငယ်ချင်းများဖြစ်သည့်အတွက် အမှားများကို ဖွင့်ပြောပြီး တောင်းပန်ပြီးသည့်နောက် ကိစ္စမှာ ပြေလည်သွားသည်။ သို့သော် ကျိုးဝမ်ဟွေ့ကမူ သူမကြောင့် ဖြစ်ရသည်ဟု ခံစားနေရဆဲ ဖြစ်သဖြင့် ဆက်တိုက် တောင်းပန်နေမိသည်။
ထိုမိန်းကလေးမှာ ကိုယ်ကျင့်တရား အလွန်ကောင်းသူ ဖြစ်သည်။ သူမအပြစ် မဟုတ်ဟု ပြောသော်လည်း သူမ စိတ်ထဲတွင် လုံးဝ မေ့မရနိုင်ဘဲ ဖြစ်နေသည်။
ရုတ်တရက် ချီဖန့်က သူမကို မေးလိုက်သည် "သစ်တောဦးစီးဌာနရဲ့ ထောက်ပံ့ပို့ဆောင်ရေးမှာ မင်းအမျိုးတွေ အလုပ်လုပ်နေတာ ရှိလား?"
ကျိုးဝမ်ဟွေ့မှာ ထိုမေးခွန်းကြောင့် အံ့အားသင့်သွားခဲ့သည်။ "ဟုတ်ကဲ့၊ ကျွန်မဦးလေးက ထောက်ပံ့ပို့ဆောင်ရေးမှာ လုပ်ပါတယ်၊ သစ်တောစခန်းတွေက စတိုးဆိုင်တွေကို ပစ္စည်းတွေ ပို့ပေးရတာ။ ရှင် ဘယ်လိုသိတာလဲ?"
"ပစ္စည်းပို့တဲ့လူတွေ မင်းဆီ ပစ္စည်းလာပေးတာ ငါမြင်ဖူးလို့" ချီဖန့်၏ အကြည့်က ယန်ရွှယ်ဘက်သို့ ရောက်သွားသည်။
အစပိုင်းတွင် ယန်ရွှယ် သဘောမပေါက်သော်လည်း နောက်မှ သူမ သိသွားသည်။ သစ်တောဦးစီးဌာနသည် သီးခြားလည်ပတ်နေပြီး ၎င်း၏ စတိုးဆိုင်များမှာ ထောက်ပံ့ပို့ဆောင်ရေးမှတစ်ဆင့် ပစ္စည်းများ ရယူခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ထိုဌာနတွင် ပစ္စည်းဝယ်ယူရေး လမ်းကြောင်းများ ရှိနေသည်။
သူမအနေဖြင့် ကျောက်ကျော အကြောင်းကို တိုက်ရိုက်မေးသင့်လား?
ဒါက အကောင်းဆုံးနည်းလမ်းတော့ မဟုတ်တန်ရာ။
သူမ စဉ်းစားလိုက်ပြီးနောက် လမ်းစတစ်ခု တွေ့သွားခဲ့သည်။ "နင့်ဦးလေးက စတိုးဆိုင်တွေအတွက် ပင်လယ်ရေမှော်တွေကို ဘယ်ကရလဲ သိလား?"
"အော်၊ အဲဒါတော့ ကျွန်မသိတယ်" ကျိုးဝမ်ဟွေ့က ပြောလိုက်သည်။ "ခရိုင်ရဲ့ ဒေသထွက်ကုန်ကုမ္ပဏီက တခြားဒေသတွေကနေ တင်သွင်းတာ။"
ထိုခေတ်ကာလတွင် အိမ်သုံးဆားများမှာ အိုင်အိုဒင်း မပါဝင်သေးသဖြင့် လူများသည် လည်ပင်းကြီးရောဂါကို ကာကွယ်ရန် ပင်လယ်ရေမှော်ကို အားကိုးကြရသည်။ ထို့ကြောင့် ဒေသထွက်ကုန်ကုမ္ပဏီက နှစ်စဉ် အမြောက်အမြား တင်သွင်းလေ့ရှိသည်။
ကျိုးဝင်ဟွေ့က ခေါင်းလေးစောင်းကာ မေးလိုက်သည်။ "ရှင်က ပိုဝယ်ချင်လို့လား၊ ဒါမှမဟုတ် ဈေးသက်သက်သာသာနဲ့ လိုချင်လို့လား?"
"နှစ်ခုလုံး မဟုတ်ဘူး။ ကျွန်မက တခြားအရာတစ်ခုကို ရှာနေတာ။"
ယန်ရွှယ်က ဆက်ပြီး စုံစမ်းရန် ပြင်လိုက်စဉ်မှာပင် ကျိုးဝမ်ဟွေ့က မမျှော်လင့်ဘဲ ကမ်းလှမ်းလာသည်။
"ကျွန်မ ဦးလေးကို မေးပေးမယ်လေ။ သူက ဒေသထွက်ကုန်ကုမ္ပဏီနဲ့ လက်ကားဌာနတွေမှာ အဆက်အသွယ် ရှိတယ်။ သူတို့ နောက်တစ်ခေါက် ပစ္စည်းဝယ်တဲ့အခါ နင်လိုအပ်တာကို ကူပြီး ရှာပေးနိုင်လိမ့်မယ်။"
ဒါက မမျှော်လင့်ထားသော ကံကောင်းမှုပင်။ ယန်ရွှယ်က အများကြီး ကြိုးစားရလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
"တကယ့်ကို ကောင်းတာပဲ။ ငါ အဲဒါကို ရေးပေးမယ်။"
သူမ စားပွဲဆီသို့ သွားရန် ပြင်လိုက်သော်လည်း စားပွဲကို မှီရပ်နေသော ချီဖန့်က အံဆွဲကို ဖွင့်ပြီး စက္ကူနှင့် ဘောပင်ကို သူမလက်ထဲသို့ ကမ်းပေးပြီးသား ဖြစ်နေသည်။
ယန်ရွှယ်က ၎င်းတို့ကို ယူပြီး "ကျန်းလီ " နှင့် "ဟိုင်လျို" ဟု ရေးလိုက်သည်။ ခဏစဉ်းစားပြီးနောက် "အဲဒါတွေ မရရင် "ဟိုင်ထိုက်" လည်း ရပါတယ်" ဟု ထပ်ဖြည့်လိုက်သည်။
[ "ဟိုင်ထိုက်"/"ဟိုင်လျို"/"ကျန်းလီ " - အကုန်လုံးက ရေညှိတွေပါ]
"မင်း ဘာလုပ်ဖို့ စိတ်ကူးနေတာလဲ?" လျိုဝေကောက စပ်စုသည့်အလား လာကြည့်သည်။
ယန်ရွှယ်သည် ကျောက်ကျောကို ကိုယ်တိုင်လုပ်ရန် စိတ်ကူးထားသော်လည်း ပါဝင်ပစ္စည်းများ မရသေးသဖြင့် လျှို့ဝှက်ထားလိုက်သည်။
"ခန့်မှန်းကြည့်လေ။"
"မခန့်မှန်းတော့ဘူး။"
လျိုဝေကောက ချီဖန့်ဘက်သို့ လှည့်လိုက်သည်။ "မင်းမိန်းမ ဘာလုပ်နေတာလဲ?"
ချီဖန့်လည်း ထိုအတိုင်းပင် ပြန်ဖြေလိုက်သည်။ "ခန့်မှန်းကြည့်လေ။"
လျိုဝေကော တစ်ယောက် မျက်လုံးလှန်ပြလိုက်တော့သည်။
ကျိုးဝမ်ဟွေ့သည် စာရင်းကို ကိုင်ကာ ပြန်ရန် ပြင်ခဲ့သည်။ အမှားအတွက် ပြန်လည်ပေးဆပ်နိုင်မည့် နည်းလမ်းရသွားသဖြင့် သူမ၏ စိတ်ထဲတွင် ပေါ့ပါးသွားပုံရသည်။
လျိုဝေကောကမူ ချန်ရစ်ခဲ့ပြီး ခန် ပေါ်တွင် ထိုင်ရင်း ချီဖန့်ကို ထပ်တောင်းပန်နေသည်။
"အဲဒီပညာတတ်လူငယ်တွေက မင်းကို ပစ်မှတ်ထားတာဟာ ငါ ကျိုးဝမ်ဟွေ့နဲ့ နီးစပ်နေလို့ မနာလိုဖြစ်ကြလို့ ဖြစ်မှာပါ။"
"အင်း၊ အနည်းဆုံးတော့ မင်းကိုယ်မင်း သိသားပဲ" ချီဖန့်က ခပ်အေးအေးနှင့် လှောင်ပြောင်သလို ပြန်ပြောခဲ့သည်။
လျိုဝေကောက ထိုအစနောက်ကို စိတ်မရှိပေ။ "ငါက ပြဿနာရှာမိတာပဲ၊ ကဲ့ရဲ့ချင်သလောက် ကဲ့ရဲ့ပါ။ တော်သေးတာက မင်းက တော်နေလို့၊ မဟုတ်ရင် ဒီနေ့ ငါတို့ပဲ အလှောင်ခံရမှာ၊ လျော်ကြေးတောင် ပေးရနိုင်တယ်။"
တစ်ဖက်လူက ရယ်စရာဟု ပြောသော်လည်း လူတစ်ဖက်သားကို အရှက်ရစေသည့် ရယ်စရာမျိုး တကယ်ရှိလား?
အကယ်၍ ချီဖန့်သာ ဒီနေ့ နာရီကို မပြင်နိုင်ခဲ့ပါက လှောင်ပြောင်ခံရခြင်းမှာ အသေးအဖွဲ့သာ ရှိလိမ့်မည်။ တစ်စုံတစ်ယောက်က သူတို့ပစ္စည်းကို ဖျက်ဆီးသည်ဟု စွပ်စွဲကာ လျော်ကြေးတောင်းခြင်း သို့မဟုတ် အကျိုးဆက်များကို ရင်ဆိုင်ခိုင်းခြင်းမျိုး ကြုံရနိုင်သည်။
ပိုဆိုးသည်မှာ လျိုဝေကောက ပြဿနာစခဲ့သော်လည်း ချီဖန့်ပါ ဆွဲထည့်ခံလိုက်ရခြင်း ဖြစ်သည်။ ဤကိစ္စပြီးနောက် သူတို့ မည်သို့ ဆက်ဆံကြမည်နည်း?
"ဒီမြို့ကလာတဲ့ ပညာတတ်လူငယ်တွေက တကယ် အလုပ်မလုပ်ဘူး။ ပြဿနာပဲ လိုက်ရှာနေကြတာ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတောင် သူတို့က အိမ်တော်တော်များများက ကြက်တွေကို ခိုးပြီး တောင်ပေါ်မှာ ကင်စားခဲ့ကြသေးတယ်။"
လျိုဝေကောသည် ဒေါသထွက်နေဆဲဖြစ်သော်လည်း ယန်ရွှယ်က ရယ်မောရင်း ပြောလိုက်သည်။ "ကျိုးဝမ်ဟွေ့ကလည်း မြို့ကလာတဲ့ ပညာတတ်လူငယ်ပဲလေ။"
ထိုစကားကြောင့် သူ နှုတ်ဆိတ်သွားသည်။ "အဲဒါက မတူဘူးလေ။ သူမက ဒီလိုမျိုး ဘယ်တော့မှ မလုပ်ဘူး။"
ယနေ့ဖြစ်ရပ်အရ ကျိုးဝမ်ဟွေ့သည် တရားမျှတမှုရှိပြီး အမှားအမှန် ခွဲခြားတတ်သူဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။
ယန်ရွှယ်က လျိုဝေကောကို ရယ်ချင်စိတ်ဖြင့် ကြည့်လိုက်သည်။ "ရှင့်ရဲ့ အမြင်က တော်တော်ကောင်းတာပဲ။"
"ဒါပေါ့။"
လျိုဝေကောသည် ချက်ချင်း ဂုဏ်ယူစွာဖြင့် ရင်ကော့လိုက်ပြီးနောက်၊ သူသည် တစ်ချိန်က ယန်ရွှယ်ကို စိတ်ဝင်စားခဲ့သည်ကို သတိရကာ ချီဖန့်ကို ခပ်မြန်မြန် လှမ်းကြည့်လိုက်သည်။
"ဟေ့ ချီဖန့်၊ မင်း ငယ်ငယ်ကတည်းက ပစ္စည်းတွေကို ဖြုတ်ပြီး ဆော့နေကျလား? အစိတ်အပိုင်းတွေ လဲထားတာကို ချက်ချင်း ဘယ်လိုသိတာလဲ?"
"မဟုတ်ဘူး။ မှတ်ဉာဏ် ကောင်းရုံပါ။" ချီဖန့်၏ အဖြေမှာ တိုတောင်းလှသည်။ သူ အတိတ်ကို ပြန်စဉ်းစားနေ၍လား သို့မဟုတ် မပြောချင်၍လားဆိုသည်မှာ ခန့်မှန်းရခက်သည်။
သို့သော် ထိုမျှလောက် စူးရှသော မှတ်ဉာဏ်မှာ ရှားပါးလှသည်။ သူ တက္ကသိုလ်တက်ခွင့် ဆုံးရှုံးခဲ့ရသည့်အတွက် ယန်ရွှယ် စိတ်မကောင်းဖြစ်မိသည်။
လျိုဝေကောကလည်း ထိုအတိုင်းပင် ခံစားရသည်။ "မင်းက ဒီလို ပြင်ဆိုင်လေးမှာပဲ နေရမှာ မဟုတ်ဘူး။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် အနည်းဆုံးတော့ မြို့နယ် စက်မှုစက်ရုံမှာ အင်ဂျင်နီယာ ဖြစ်နေသင့်တာ။"
သို့သော် ချီဖန့်ကမူ ဘာမှမထူးခြားသလိုပင် နာရီပြင်ရာတွင် သုံးခဲ့သည့် ကိရိယာများကို အေးဆေးစွာ ပြန်သိမ်းနေသည်။
သူတို့ ခဏကြာ ထိုင်နေကြပြီးနောက် လျိုဝေကော ပြန်ရန် ပြင်စဉ်တွင် အပြင်မှ တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သည်။ "ဒီမှာ ချီဖန့် နေတာလား?"
ယန်ရွှယ်က ထိုအသံကို မမှတ်မိသော်လည်း လျိုဝေကောက အပြင်ကို ချောင်းကြည့်ကာ အော်လိုက်သည်။ "တချမ်းလား"
"မင်းလည်း ဒီမှာလား?" ထိုလူက ပြုံးလိုက်သည်။ "အတော်ပဲ။ နေ့ဘက်မှာ အိမ်မှာ လူရှိတယ်မလား? ဒီနေ့ မင်းတို့ဆီ ထင်းတွေ လာပို့မလို့။"
"ရှိပါတယ်" ယန်ရွှယ်က ခေါင်းညိတ်ပြလိုက်သည်။ "တစ်နေ့လုံး လူရှိမှာပါ။"
"ကောင်းပြီ။ လှည်းပေါ် ပစ္စည်းတင်ဖို့ ငါပြောလိုက်မယ်။ နောက်တစ်နာရီလောက်ဆို ရောက်လာလိမ့်မယ်။"
ထို့ကြောင့် လျိုဝေကောသည် ထင်းများ ကူချပေးရန်အတွက် ဆက်နေလိုက်သည်။ သူတို့ အံ့သြသွားသည်မှာ လှည်းနှစ်စီး ရောက်လာခြင်းပင်— တစ်စီးနှင့် တစ်ဝက်မှာ သစ်ငုတ်တိုကြီးများဖြင့် ပြည့်နှက်နေခဲ့သည်။