ဒေါသအမျက်ခြောင်းခြောင်းထွက်နေသော သူတော်စင်
Vol. 16 Ch. 154
ဘာတွေလဲ... ဒီလောက်တောင် ဈေးပေါတာလား။
ကျန်းချန်သည် ထိုဂဏန်းနှစ်လုံးကို မယုံကြည်နိုင်စွာဖြင့် အထပ်ထပ်အခါခါ ပြန်လည်စစ်ဆေးနေမိသည်။
သူမျက်စိမှားခြင်းမဟုတ်။ ၈၆ မှတ်တည်းသာဖြစ်သည်။ ၈ သိန်း ၆ သောင်းလည်း မဟုတ်သလို ၈.၆ ဘီလီယံလည်း မဟုတ်ပေ။
၎င်းမှာ အလွန်ထူးဆန်းလှသည်။ တပည့်တစ်ယောက်၏ ပါရမီကိုမြှင့်တင်ရန် သို့မဟုတ် ကျင့်စဉ်အဆင့်ကိုမြှင့်တင်ရန်အတွက် အမှတ်ထောင်ပေါင်းများစွာမှ သန်းပေါင်းများစွာအထိ ကုန်ကျတတ်သည် မဟုတ်ပါလား။ သို့သော် အသက်ပြန်ရှင်ခြင်းက အမှတ်ဆယ်ဂဏန်းသာ ကုန်သည်ဆိုခြင်းက ပုံမှန်မဟုတ်။
ဒါက အသက်ပြန်ရှင်တာလေ...
သေသူကိုအသက်ပြန်သွင်းတဲ့ကိစ္စက စနစ်အတွက် ဘာမှတန်ဖိုးမရှိတဲ့အရာမျိုးလား...
ပါရမီနဲ့ အဆင့်အတန်းတွေကို မြှင့်တင်ပေးရတာကမှ စနစ်အတွက် ပိုခက်ခဲပြီး အမှတ်ပိုကုန်တာလား...
အသက်ပြန်ရှင်စေဖို့ကတော့ လက်ဖျောက်တစ်ချက်တီးရသလောက်တောင် မခက်ခဲတာလား...
သူစဉ်းစားနိုင်သည့် တစ်ခုတည်းသောအကြောင်းပြချက်မှာ ဤအချက်သာ ရှိတော့သည်။
သူသည် အခြားတပည့်နှစ်ဦးကိုကြည့်လိုက်၏။ ရှုရန်လင်းအတွက် ၁၂၉ မှတ် ၊ ကုန်းချင်းအတွက် ၁၃၃ မှတ်...
၎င်းတို့မှာ ခေါင်းနှင့်ကိုယ်တခြားစီဖြစ်နေသောကြောင့် ဈေးနှုန်းအနည်းငယ်ပိုသွားခြင်းဖြစ်နိုင်သည်။
အစ်ကိုကြီးချန် အားရပါးရရယ်မောမိတော့မည့်အခြေအနေ ဖြစ်သွားသည်။ သူသည် တပည့်များအတွက် အမှတ်များစွာအကုန်ခံရန်ပြင်ဆင်ထားသော်လည်း စနစ်ကသူ့ကို အလွန်နှစ်လိုဖွယ်ကောင်းသော အံ့အားသင့်မှုကြီး ပေးလိုက်ခြင်းပင်။
ဒီလောက်မှန်းသိရင် စောစောကဘာလို့ အပင်ပန်းခံနေဦးမလဲ။ တပည့်တိုင်းကို အကြိမ်တစ်ရာလောက် အသတ်ခံခိုင်းရင်တောင် အမှတ်အများကြီးကုန်မှာမဟုတ်ပေ။
အသက်ပြန်ရှင်ခြင်းစွမ်းရည်မှာ အချိန်စောင့်ဆိုင်းရန်မလိုသလို အကြိမ်ရေကန့်သတ်ချက်လည်း မရှိပေ။
သူသည် ဟန်ဆောင်မှုအချို့ ပြုလုပ်လိုက်သည်။ အရင်ဆုံး ဝိညာဉ်စွမ်းအင်ဘောလုံးတစ်ခုကို လက်ဖဝါးထဲတွင်စုစည်းကာ ကျန့်စုဟန်၏ဦးခေါင်းထက်၌ ဝှေ့ယမ်းလိုက်၏။ ထို့နောက် မျက်လုံးများကိုမှိတ်ကာ မရှိသောဂါထာမန္တန်များကို ရွတ်ဖတ်နေလိုက်သည်။
ကျန်သူများမှာ ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြ၏။ သူတို့၏မျက်လုံးများမှာ ကျန်းချန်၏လက်လှုပ်ရှားမှုနောက်သို့ကပ်ပါနေပြီး အသက်ပြန်မရှင်မည်ကို စိုးရိမ်နေကြသည်။
မျက်စိသုံးလုံးကျားနှင့် မိုချန်တို့ပင်လျှင် မျက်လုံးအပြူးသားဖြင့် အသေအချာစောင့်ကြည့်နေကြသည်။ ကျန်းချန်သည် အံ့ဖွယ်ကိစ္စများစွာပြုလုပ်ခဲ့ဖူးသဖြင့် သူတို့သည် သာမန်အသိဖြင့် မဆုံးဖြတ်ရဲကြတော့ပေ။
ထို့နောက် ကျန့်စုဟန်၏ ခြေထောက်မှဦးခေါင်းအထိ စိမ်းဖျော့ဖျော့အလင်းတန်းတစ်ခုစီးဆင်းသွားပြီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ကြရသည်။ သေဆုံးသွားသောမိန်းကလေးမှာ မျက်လုံးများ ပွင့်လာလေ၏။
သူမသည် အသက်ပြန်ရှင်လာရုံသာမက ဒဏ်ရာဒဏ်ချက်များအားလုံးပါ ပျောက်ကွယ်သွားခြင်းဖြစ်သည်။ အားလုံးက သူမကိုဝိုင်းအုံကြည့်နေကြသဖြင့် သူမမှာ ကြောင်တောင်တောင်ဖြစ်နေရှာသည်။
"အားလုံးပဲ... ဟင်... ကျွန်မသေသွားတာမဟုတ်ဘူးလား"
ဟေး...
မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သော အောင်ပွဲခံသံများ ထွက်ပေါ်လာတော့သည်။ လူအုပ်ကြီးမှာ သူမဆီသို့ပြေးဝင်ကာဖက်ထားကြသဖြင့် သူမမှာ အသက်ရှူရကျပ်သွားလေ၏။
"စီနီယာအမကျန့်... ဝါးးး"
"လိမ္မာတဲ့တပည့်လေး... မင်းက ဆရာ့ကို သေမတတ်ထိတ်လန့်အောင်လုပ်တာပဲ"
"ကောင်းလိုက်တာ ၊ ကောင်းလိုက်တာ... ဂျူနီယာညီမလေးကျန့် ပြန်ရှင်လာပြီ"
အစ်ကိုကြီးချန်သည် အောင်ပွဲခံရာတွင်မပါဝင်ဘဲ ကျန်သောတပည့်နှစ်ဦးကို အမြန်အသက်ပြန်ရှင်စေလိုက်သည်။ ဖေးရှန်ဂိုဏ်းမှာ ယခင်ကအတိုင်း လူစုံတက်စုံပြန်ဖြစ်သွားပြီဖြစ်ရာ အောင်ပွဲခံသံများမှာ ဟိန်းထွက်နေ၏။ ကျန်းချန်၏ ဂုဏ်သတင်းမှာလည်း တပည့်များ၏စိတ်ထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ခိုင်မာသွားပြန်သည်။
"ဂိုဏ်းချုပ် သက်တော်ရာကျော်ရှည်ပါစေ"
"တကယ်ကိုမယုံနိုင်စရာပဲ"
"ဟားဟား၊ ကျွန်တော်တို့မျက်ရည်တွေကို အလဟဿဖြစ်အောင်လုပ်တာပဲ။ ဂိုဏ်းချုပ်ကလည်း... စောစောကတည်းက မပြောဘူး... တကယ်ကို လူဆိုးကြီးပဲ"
"ဟုတ်တယ်၊ သူ တမင်လုပ်တာနေမှာ"
"ဒီလောက်အံ့ဖွယ်ကောင်းတဲ့ အင်မော်တယ်ပညာရပ်တွေ... ကျွန်တော်တို့ရော ဘယ်တော့များမှ အင်မော်တယ်ဖြစ်မှာလဲ"
တပည့်များအဖို့ ကျန်းချန်သည် အင်မော်တယ်တစ်ပါး၏စွမ်းအားကို နောက်တစ်ကြိမ်ပြသလိုက်ခြင်းဖြစ်သည်။ မိုချန်အဖို့မူ ၎င်းမှာ လုံးဝကိုအံ့ဖွယ်တန်ခိုးတော်ပင်။
သူသည် တပည့်များကို ဆွဲခါပြီး
"အင်မော်တယ်တွေက သေသူကိုပြန်ရှင်စေနိုင်တယ်လို့ ဘယ်သူပြောလဲ"
ဟု အော်ဟစ်မေးမြန်းချင်နေသည်။ အင်မော်တယ်လောကရှိ ကောင်းကင်သားတော်များပင်လျှင် သေသူသုံးဦးကို ဤမျှလွယ်လွယ်ကူကူ ပြန်ရှင်စေနိုင်မည်မဟုတ်။ သို့သော် ဂိုဏ်းချုပ်ကလုပ်ပြခဲ့သည်။
ဘေးတွင်ရှိနေသောလန်ယီမှာမူ သူမ၏ကမ္ဘာကြီးတစ်ခုလုံးပြိုလဲသွားသကဲ့သို့ ခံစားနေရသည်။ သူမ ဤအရာကို နားမလည်နိုင်ပေ၊ ၎င်းမှာ မျက်လှည့်တစ်ခုဟုပင် သံသယဝင်မိသည်။
သူမသည် အခြားတပည့်များကဲ့သို့ ပါရမီနှင့် အဆင့်များ မြှင့်တင်ပေးသည်ကို မမြင်ဖူးခဲ့သဖြင့် ပို၍ထိတ်လန့်နေခြင်းဖြစ်သည်။
မျက်စိသုံးလုံးကျားမှာမူ... သူသည် ကိုယ်ကိုသေးအောင်လုပ်ကာ အစ်ကိုကြီးချန်၏ပေါင်ကို ဖက်တွယ်ထားပြန်သည်။
"ဆရာကြီး... ခင်ဗျားက တကယ်ကိုအံ့မခန်းပဲ"
"ကျွန်တော် ခင်ဗျားကို ကိုးကွယ်နေပြီ"
သူ ပါးနပ်လှသည်။ ယခုအချိန်တွင် အသက်ပြန်ရှင်ခြင်းက သူ့အတွက်အသုံးမလိုသေးသော်လည်း နောင်တစ်ချိန်တွင်မလိုအပ်ဘူးဟု မည်သူကအာမခံနိုင်မည်နည်း။
ကျင့်ကြံခြင်းလောကတွင် အသတ်မခံရဘူးဟု မည်သူမျှမပြောနိုင်ပေ။ ကျန်းချန်၏ အသက်ပြန်ရှင်ခြင်း အင်မော်တယ်ပညာရပ်ရှိနေလျှင် သေခြင်းတရားကိုကြောက်စရာမလိုတော့ပေ။ ၎င်းမှာ အိမ်တိုင်း၊ ခရီးသွားတိုင်း ဆောင်ထားသင့်သည့် အကာအကွယ်ထီးကြီးတစ်ခုပင်။
"တောက်... ဘာလို့ ဒီလောက်တောင်ကပ်နေရတာလဲ"
ကျားကြီးက ပေါင်ကိုဖက်ထားသဖြင့် ကျိလင်းဟန် ၊ လင်းနင်နှင့် အခြားအမျိုးသမီးလေးများအနားသို့ သူ မကပ်နိုင်တော့ပေ။ သူ အားကုန်ကန်ထုတ်သော်လည်း ခွာမရ။
"ဆရာကြီး... ကျွန်တော်တို့က သူငယ်ချင်းတွေပဲလေ။ ဒါက ကျွန်တော့်ရဲ့ရိုသေမှုကိုပြသတဲ့ ပုံစံပါ"
"တော်စမ်းပါ။ နောက်နှစ်နှစ်နေရင် မင်းလွတ်လပ်ပြီ။ မင်း သွားချင်တဲ့နေရာသွားလို့ရတယ်"
နောက်နှစ်နှစ်ကြာလျှင် သူသည် တပည့်များနှင့်အတူ အင်မော်တယ်လောကသို့ တက်လှမ်းပေလိမ့်မည်။ ထိုအချိန်တွင် နတ်ဆိုးဘုရင်တစ်ပါးကို သက်တော်စောင့်အဖြစ်ထားရန် မလိုတော့ပေ။
မျက်စိသုံးလုံးကျားကမူ ငတုံးလုပ်နေသည်။
"ဆရာကြီးကလည်း နောက်နေပြန်ပြီ။ ကျွန်တော်တို့ တစ်သက်လုံးအတူတူနေမယ်လို့ သဘောတူထားတာမဟုတ်လား"
ယခုမောင်းထုတ်လျှင်တောင် သူထွက်သွားမည်မဟုတ်။
"ဂိုဏ်းစောင့်နတ်သားရဲအဖြစ် သုံးနှစ်သာနေမည်" ဟူသော ကတိကဝတ်ကို ခြင်္သေ့ကြီး (သို့မဟုတ် ကျားကြီး) က ပြောခဲ့ဖူးသလော။ ၎င်းမှာ ထာဝရမဟုတ်ပါလား။
"ငါ့ရှေ့ကဖယ်စမ်း။ ပစ္စည်းတွေသိမ်းရဦးမယ်"
"ဆရာကြီး လက်ညှိုးညွှန်လိုက်... ကျွန်တော် အကုန်လုပ်ပေးပါ့မယ်..."
ထိုအခါမှ မျက်စိသုံးလုံးကျားသည် လွှတ်ပေးကာ အရပ်ရပ်တွင်ပျံ့နှံ့နေသော သိုလှောင်လက်စွပ်များနှင့် ဝိညာဉ်လက်နက်များကို လိုက်လံသိမ်းဆည်းတော့သည်။ သူသည် လူသားများ၏ပစ္စည်းများကို စိတ်မဝင်စားသဖြင့် ခိုးယူရန်လည်းမစဉ်းစားပေ။
နောက်ဆုံး စာရင်းဇယားအရ ဆေးဝါးဖော်စပ်ရန်နှင့် လက်နက်ပြုလုပ်ရန်လိုအပ်သော ကောင်းကင်နှင့်မြေကြီးရတနာအချို့ကို ချန်ထားခဲ့ပြီး ကျန်ပစ္စည်းအားလုံးကို လဲလှယ်လိုက်သည်။
အမှတ်ပေါင်း သန်း ၃၀၀ ခန့် တိုးလာသည်။ ယခင်ရှိရင်းစွဲအမှတ်များနှင့် ပေါင်းလိုက်လျှင် ယခုသူ့တွင် အမှတ်သန်း ၉၂၀ ခန့် ရှိနေပြီဖြစ်သည်။
"ကဲ... အကုန်သိမ်းကြတော့။ ဖေးရှန်ဂိုဏ်းကို ပြန်ကြမယ်"
သူတို့ပြန်ရောက်ပြီး မကြာမီမှာပင် သူတော်စင်ပိဖုန်းသည် ထုန်ယိုမြင့်မြတ်နယ်မြေ ဖျက်ဆီးခံလိုက်ရကြောင်း သတင်းရရှိသွား၏။ သူ သတင်းရနောက်ကျခြင်းမဟုတ်ပေ၊ သူသည် လျှို့ဝှက်နေရာတစ်ခုတွင် တရားထိုင်နေခြင်းဖြစ်သည်။
အရှင်မြတ်ရွှမ်ကွမ်းမှလွဲ၍ မည်သူမျှ သူ့ကိုဆက်သွယ်၍မရ။ အရှင်မြတ်ရွှမ်ကွမ်း အသတ်ခံရစဉ်ကလည်း ကျန်းချန်နှင့် ကျားကြီးအကြား ပိတ်မိနေသဖြင့် အကူအညီတောင်းရန် အခွင့်အရေးမရခဲ့ပေ။
ပိဖုန်းသည် သူ၏တရားထိုင်မှုကို အနှောင့်အယှက်ဖြစ်စေသော စိတ်မချမ်းမြေ့မှုကိုခံစားရသဖြင့် စစ်ဆေးကြည့်ရာမှ မြင့်မြတ်နယ်မြေပျက်စီးသွားခြင်းကို သိရှိရခြင်းဖြစ်သည်။ သူသည် အဆင့်မြင့်ပညာရှင်များအားလုံး၏ အသက်ကျောက်ပြားများ ကြေမွသွားသည်ကို တွေ့လိုက်ရ၏။
ထိုထိတ်လန့်မှုကြောင့် သူသည် စွမ်းအားများဖောက်ပြန်ကာ သွေးအန်မတတ်ဖြစ်သွားသည်။ သူ၏ သူတော်စင်အဆင့်အငွေ့အသက်များမှာ အထိန်းအကွပ်မဲ့ထွက်ပေါ်လာပြီး မိုင်ပေါင်းတစ်သိန်းပတ်လည်ကို ကမောက်ကမဖြစ်စေကာ သက်ရှိအားလုံးကို ဘေးဒုက္ခဆိုက်ရောက်စေသည်။
"ချင်းစော့"
"နင် တကယ်ကိုရက်စက်တာပဲ"
"နင်တို့နှလုံးသားဌာနကတော့ ငါ့ကိုမျက်လုံးပွင့်သွားအောင် လုပ်လိုက်တာပဲ"
သူသည် ထုန်ယိုမြင့်မြတ်နယ်မြေသို့ အလျင်အမြန်ပျံသန်းသွား၏။ အပျက်အစီးများကိုမြင်သောအခါ သူ သွေးအန်မတတ်ခံစားရသည်။
သို့သော် ပိဖုန်းသည် အလွန်ပါးနပ်သူဖြစ်ရာ ယခုတိုင် အသိတရားအနည်းငယ်ကျန်ရှိနေသေးသည် ။ သူ၏ စိတ်ဝိညာဉ်အာရုံကိုဖြန့်ကြက်လိုက်ရာ တိုက်ပွဲမှလွတ်မြောက်သွားသော အကြွင်းအကျန်အချို့ကို တွေ့လိုက်ရ၏။ ၎င်းတို့၏ စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်စစ်ဆေးလိုက်ရာ တိုက်ပွဲ၏နောက်ဆုံးမှတ်ဉာဏ်များကို မြင်တွေ့လိုက်ရသည်။
"ဒါဆို ဖေးရှန်ဂိုဏ်းက ဒီကိစ္စမှာပါဝင်နေတာပေါ့"
"ကျန်းချန်... ကျန်းချန်... ငါက မင်းကို အမြစ်မဖြတ်သေးတာကို ပြန်ပြီးတိုက်ခိုက်ရဲတယ်ပေါ့"
"ကောင်းတယ်... တကယ်ကောင်းတယ်"
"မင်းတို့ထဲက တစ်ယောက်မှမလွတ်စေရဘူး"