မမျှော်လင့်ဘဲရောက်လာသော ဘေးဒုက္ခ
Vol. 16 Ch. 155
သူတို့ထဲမှ တစ်ယောက်မှလွတ်မြောက်နိုင်မည်မဟုတ်ဟု ပိဖုန်းကကြုံးဝါးနေသော်လည်း အမှန်စင်စစ်တွင် ကျန်းချန်နှင့်အဖွဲ့မှာ ဖေးရှန်ဂိုဏ်းသို့ပြန်ရောက်နေသည်မှာ ကြာပြီဖြစ်သည်။
ပိဖုန်းသည်လည်း ကျန်းချန်ရှိရာသို့ ချက်ချင်းပြေးမလာသေးပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ နတ်ဆိုးဘုရင်တစ်ပါး ရှိနေသောကြောင့်ဖြစ်သည်။
ပိဖုန်းသည် မျက်စိသုံးလုံးကျားကို ကြောက်ရွံ့နေခြင်းမဟုတ်သော်လည်း သူအလိုရှိသည်မှာ တစ်ယောက်မကျန် သုတ်သင်ရန်ဖြစ်သည်။ စွမ်းအားအနှိမ်ခံထားရသော နတ်ဆိုးဘုရင်ပင်လျှင် အသက်ဘေးမှလွတ်မြောက်နိုင်သည့် နည်းလမ်းများစွာ ရှိပေလိမ့်မည်။ ထို့အပြင် ဂိုဏ်းစောင့်အစီအရင်၏ အကာအကွယ်လည်းရှိနေသဖြင့် သူသေချာစီမံရပေဦးမည်။
၎င်းထက် ပို၍သည်းမခံနိုင်စရာကောင်းသည်မှာ ချင်းစော့၏သစ္စာဖောက်မှုပင်။ ပိဖုန်း၏အမြင်တွင် ကျန်းချန်က သူ့ကိုဆန့်ကျင်သည်မှာ သဘာဝကျသော်လည်း နှလုံးသားဌာနမှာမူ ပူးပေါင်းရန်သဘောတူထားပြီးမှ ယခုကဲ့သို့ နောက်ကျောကိုဓားဖြင့်ထိုးခြင်းမှာ အလွန်အမင်း ဒေါသထွက်စရာဖြစ်နေသည်။
နောက်ဆုံးတွင် သူသည် မင်ရှင်းမြင့်မြတ်နယ်မြေသို့ အရင်ဆုံးပြေးဝင်သွားတော့သည်...
"ချင်းစော့... ထွက်ခဲ့စမ်း"
ဤဟိန်းဟောက်သံမှာ နှလုံးသားဌာနတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားပြီး မျိုးနွယ်စုဝင်များအားလုံး ထွက်ပေါ်လာကြသည်။ ချင်းစော့မှာလည်း ပထမဆုံး ပျံသန်းရောက်ရှိလာ၏။
သူမ၏မျက်နှာမှာ အလွန်အမင်းပျက်ယွင်းနေသည်။ သူမသည် အရှင်မြတ်အဆင့် ၉ ရှိသော မျိုးနွယ်စုခေါင်းဆောင်တစ်ဦးဖြစ်ရာ အကြိမ်ကြိမ်သည်းခံခဲ့သော်လည်း ဤမျှအထိ စော်ကားခံရခြင်းကိုမူ လက်မခံနိုင်ပေ။
"ပိဖုန်း... ရှင် ဘာသဘောလဲ"
"ဘာသဘောလဲ ဟုတ်လား"
သူတော်စင်ပိဖုန်းက အေးစက်စွာပြုံးလိုက်သည်။
"ချင်းစော့... မင်းက တကယ်ကိုဟန်ဆောင်ကောင်းတာပဲ။ မင်းမှာ ဒီလောက်အထိနက်နဲတဲ့ အကြံအစည်တွေရှိနေမယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး"
"အပြင်ပန်းမှာတော့ပျော့ညံ့ပြပြီး ကွယ်ရာမှာတော့ ဘယ်သူ့ထက်မဆို ရက်စက်နေတာပေါ့လေ"
ချင်းစော့နှင့် အကြီးအကဲများမှာ ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားကြသည်။ ဒီသူတော်စင်ပိဖုန်းရူးသွားပြီလား။ သူ၏ စကားလုံးများမှာ ပြင်းထန်လှပြီး သူတို့ကိုအပြစ်တင်နေသလို ဖြစ်နေသည်။
"သူတော်စင်ပိဖုန်း... ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ။ စကားကို လှည့်ပတ်မပြောပါနဲ့"
ပိဖုန်းက သူတို့ကိုဝေ့ကြည့်ကာ အေးစက်စွာဆိုသည်။
"ဒီအခြေအနေရောက်နေတာတောင်..."
"မင်းတို့က ဟန်ဆောင်နေတုန်းပဲလား"
"ဘာမှမဖြစ်ခဲ့သလိုမျိုး လုပ်နေတာပေါ့လေ"
"မင်းတို့ဒီလိုလုပ်ပြရုံနဲ့ ငါ့ရဲ့ထုန်ယိုမြင့်မြတ်နယ်မြေကို တိုက်ခိုက်ခဲ့တဲ့ကိစ္စက ပြီးသွားမယ်လို့ ထင်နေတာလား"
"ရှင် ဘာပြောလိုက်တယ်"
ချင်းစော့နှင့်အဖွဲ့မှာ ထိတ်လန့်သွားကြသည်။
"ထုန်ယိုမြင့်မြတ်နယ်မြေကိုတိုက်ခိုက်တယ် ဟုတ်လား။ အဲဒါက ကျွန်မတို့နဲ့ဘာဆိုင်လို့လဲ"
"မင်းတို့က ငြင်းနေတုန်းပဲလား"
သူတော်စင်ပိဖုန်းက ပြတ်သားစွာဆိုသည်။
"မင်းကိုယ်တိုင်လှုပ်ရှားခဲ့တာကို ငါ့ဂိုဏ်းက လူတွေရော အပြင်ကလူတွေပါ အကုန်မြင်ခဲ့တာလေ"
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူမ ထိုနေရာသို့ သွားပင်မသွားခဲ့ချေ။
"သူတော်စင်ကြီး... ဒါ တစ်ခုခုမှားနေတာဖြစ်ရမယ် ။ ဖေးရှန်ဂိုဏ်းကပဲ ရှင့်ကိုတိုက်ခိုက်တာပါ၊ ကျွန်မတို့ လုံးဝမပါဝင်ခဲ့ဘူး"
"ဟုတ်ပါတယ်၊ အဲဒီတုန်းက ကျွန်မတို့ ပြတ်ပြတ်သားသားငြင်းခဲ့တာပါ"
"ဒါက ကျန်းချန်တစ်ယောက်တည်းသဘောနဲ့ လုပ်ဆောင်ခဲ့တာပါ"
နှလုံးသားဌာနမှပညာရှင်များသည် မိမိတို့အပြစ်ကင်းစင်ကြောင်းပြရန်ရန် မဟာမိတ်ကျန်းချန်ကို တိုက်ရိုက်ရောင်းစားလိုက်ကြသည်။ ကံမကောင်းစွာဖြင့် ထိုသို့ပြောခြင်းက ပို၍ဆိုးရွားသွားစေသည်။ ဤစကားကြောင့် သူတို့နှင့် ဖေးရှန်ဂိုဏ်း ကြိုတင်တိုင်ပင်ခဲ့ဖူးကြောင်း သက်သေပြလိုက်သကဲ့သို့ဖြစ်သွား၏။
"ဟက်"
"ဟားဟားဟားဟား..."
သူတော်စင်ပိဖုန်းသည် အလွန်အမင်းဒေါသထွက်သွားသဖြင့် တဟားဟားရယ်မောလိုက်ရာ ချိုင့်ဝှမ်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
"ဒါဆို မင်းတို့ တကယ်ပဲပါဝင်ခဲ့တာပေါ့"
"အရင်က ငါ့ကိုဘယ်လိုကတိပေးခဲ့လဲ ။ ဖေးရှန်ဂိုဏ်းနဲ့ လမ်းမခွဲရုံတင်မကဘဲ အခုတော့ အတူတူပူးပေါင်းလာကြတယ်ပေါ့လေ"
"ငါ့ရဲ့ထုန်ယိုမြင့်မြတ်နယ်မြေကတော့ ပျက်စီးသွားပြီ၊ ဒါပေမဲ့ နင်တို့ကတော့ အေးအေးဆေးဆေး နေချင်သေးတယ်ပေါ့"
သူ၏စကားကြောင့် ချင်းစော့တို့မှာ ပို၍ထိတ်လန့်သွားကြသည်။ ထုန်ယိုမြင့်မြတ်နယ်မြေ တကယ်ပျက်စီးသွားပြီတဲ့လား။
ကျန်းချန်က လူ ၇၀ ကျော်နဲ့ စွမ်းအားအနှိမ်ခံထားရတဲ့ နတ်ဆိုးဘုရင်တစ်ပါးကိုပဲ ခေါ်သွားခဲ့တာလေ။ အစောင့်အကြပ်တွေ၊ အစီအရင်တွေနဲ့ ရန်သူထောင်ပေါင်းများစွာကို သူတို့ ဘယ်လိုများနှိမ်နင်းခဲ့ကြတာလဲ။ ၎င်းမှာ လုံးဝကို စိတ်ကူးမရနိုင်သောကိစ္စပင်။
"သူတော်စင်ပိဖုန်း... ရှင်းပြတာကိုနားထောင်ပါဦး ။ ဒါ သူတို့လုပ်တာပါ ။ လက်စားချေချင်ရင် သူတို့ဆီပဲသွားပါ..."
ပိဖုန်းမှာ နားထောင်လိုစိတ်မရှိတော့ပေ။
"သေလိုက်တော့"
သူတော်စင်အဆင့်ပညာရှင်သည် နောက်ဆုံးတွင် လှုပ်ရှားလိုက်ပြီဖြစ်သည်။ တစ်ခဏချင်းမှာပင် မင်ရှင်းမြင့်မြတ်နယ်မြေတစ်ခုလုံးမှာ လေများသာရှိသောကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ခံစားလိုက်ရ၏။ ကောင်းကင်နှင့်မြေကြီးကို ထိတွေ့၍မရတော့ဘဲ စိတ်ဝိညာဉ်များမှာ လွင့်မြောနေပြီး အားကိုးရာမဲ့သွားကြသည်။
နှလုံးသားဌာနမှ မျိုးနွယ်စုဝင်များစွာမှာ မိမိတို့၏ဝိညာဉ်စွမ်းအားနှင့် စိတ်ဝိညာဉ်ကို ထိန်းချုပ်၍မရတော့ပေ။ ဟာရီကိန်းမုန်တိုင်းထဲမှ ပိုးမွှားလေးများကဲ့သို့ ခုခံနိုင်စွမ်းကင်းမဲ့နေကြသည်။
ကံကောင်းသည်မှာ ချင်းစော့နှင့်အဖွဲ့မှာ တုံ့ပြန်မှုမနှေးလှပေ။ သူတို့သည် ပုံမှန်အားဖြင့် အေးအေးဆေးဆေး နေတတ်ကြသော်လည်း ရန်သူက ဓားဖြင့်ခုတ်လာသည့်အခါတွင်မူ ငြိမ်ခံနေမည် မဟုတ်။ နှလုံးသားဌာန၏ အရှင်မြတ် ၅ ဦးမှာလည်း အပျော်ထည့်ထားခြင်းမဟုတ်ပေ။
ချင်းစော့သည် လက်ကိုမြှောက်၍ဝှေ့ယမ်းလိုက်ရာ လက်တစ်ဖဝါးခန့်ရှိသော အဖြူရောင်ကတော့ချွန်ပုံစံ မှော်ရတနာတစ်ခုမှာ လေထဲသို့ပျံတက်သွားပြီး တဖြည်းဖြည်းကြီးမားလာ၏။ ထိုလက်နက်မှ နို့နှစ်ရောင်အလင်းတန်းများ ဖြာထွက်လာပြီးနောက် နှလုံးသားမျိုးနွယ်စုဝင်များ၏စိတ်ဝိညာဉ်မှာ ပြန်လည်တည်ငြိမ်သွားကြသည်။
တစ်ဖက်တွင်မူ ထိုအလင်းတန်း၏ ထိတွေ့မှုကိုခံရသော ပိဖုန်းမှာ နာကျင်သောအမူအရာ ပေါ်လာသည်။ ၎င်းမှာ နှလုံးသားထိုးဖောက်ကန်တော့ဟုခေါ်သော အဆင့်မြင့်မှော်ရတနာဖြစ်ပြီး ရန်သူ၏စိတ်ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်ခြင်းဖြစ်ရာ သူတော်စင်တစ်ဦးပင် ခုခံရန်ခက်ခဲလှသည်။
လေမုန်တိုင်းကမ္ဘာမှာ တဖြည်းဖြည်းပျက်ယွင်းလာပြီးနောက် နှလုံးသားဌာနမှ ကျန်သောအရှင်မြတ် ၄ ဦးမှာလည်း တိုက်ခိုက်တော့သည်။ မြင့်မြတ်နယ်မြေအတွင်းရှိ အစီအရင်များနှင့် တားမြစ်ချက်များလည်း အသက်ဝင်လာ၏။
တစ်ကိုယ်တော်ဖြစ်နေသောပိဖုန်းသည် အစီအရင်နှင့် မှော်ရတနာတို့၏ ဖိအားအောက်တွင် ဟိုပြေးဒီလွှား တိုက်ခိုက်နေရသည်။ သူ၏ဓားချက်များက ချိုင့်ဝှမ်းကြီးကိုပျက်စီးစေသော်လည်း အရှင်မြတ် ၅ ဦးကို ထိခိုက်အောင်မလုပ်နိုင်ဘဲ ပုန်းအောင်းရန်အချိန်မရလိုက်သော အဆင့်နိမ့်မျိုးနွယ်စုဝင်အချို့ကိုသာ သတ်ဖြတ်နိုင်ခဲ့သည်။
မင်ရှင်းမြင့်မြတ်နယ်မြေ၏ တိုက်ခိုက်ရေးစွမ်းအားမှာ သူထင်ထားသည်ထက် ပိုမိုအစွမ်းထက်နေ၏။ သူတော်စင်တစ်ဦးဖြစ်သော်လည်း အသာစီးမရရုံတင်မကဘဲ သူ၏စိတ်ဓာတ်မှာလည်း တဖြည်းဖြည်းတိုက်စားခံနေရသည်။
၎င်းမှာ သူတော်စင်ပိဖုန်း အားနည်းသောကြောင့်မဟုတ်ဘဲ သူ၏စီးပွားရေးလုပ်ငန်းများအတွက် ကိုယ်ပွား ၅ ခုကို အခြားနယ်မြေများသို့ စေလွှတ်ထားသောကြောင့် မူလခန္ဓာမှာ အင်အားတစ်ဝက်ကျော် လျော့နည်းနေခြင်းဖြစ်သည်။
သူ့တွင် နှလုံးသားထိုးဖောက်ကန်တော့နှင့် အဆင့်တူသော အရိုးချေဖျက်အလံရှိသော်လည်း သူသည် စုန်းဌာနမှ မဟုတ်သဖြင့် ထိုလက်နက်၏စွမ်းအားကို အပြည့်အဝမထုတ်နိုင်ပေ။
"တစ်လအတွင်းမှာ နှလုံးသားဌာနကိုအပြတ်ရှင်းပြမယ်"
နောက်ဆုံးတွင် သူသည် ဆုတ်ခွာရန်ဆုံးဖြတ်လိုက်သည်။ သို့သော် ဤကိစ္စမှာ ဤမျှနှင့်မပြီးဆုံးသေးပေ။
တိုက်ပွဲအပြီးတွင် ပျက်စီးသွားသောလျှို့ဝှက်နယ်မြေကိုကြည့်ရင်း ချင်းစော့နှင့်အဖွဲ့မှာ ရင်ကွဲမတတ် ခံစားရသည်။
"ဒါက တကယ်ကိုလွန်လွန်းတယ်... ပိဖုန်း... ရှင့်ကို အောက်ကျို့ပြီးဆက်ဆံခဲ့တာတောင် ရှင်က စိတ်ရှိတိုင်းလာသတ်နေတာလား"
"မျိုးနွယ်စုခေါင်းဆောင်... အခု ကျွန်မတို့ဘာဆက်လုပ်ကြမလဲ"
ချင်းစော့သည် အားပါးတရသက်ပြင်းချလိုက်သည် ။ သူမသည် ကျန်သူများအတွက် နည်းလမ်းရှာရပေမည်။
"နောက်တစ်ခါ ပိဖုန်းပြန်လာရင် သူ့ရဲ့ကိုယ်ပွားတွေအကုန်ပြန်ခေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် သူ့အစွမ်းက အခုလိုမဟုတ်တော့ဘူး"
"သူက တခြားအကူအညီတွေကိုလည်း ခေါ်လာမှာသေချာတယ်။ ငါတို့ တားနိုင်မှာမဟုတ်ဘူး"
သူမ၏စိတ်များ ရှုပ်ထွေးနေစဉ်မှာပင် အကြံတစ်ခုရလာသည်။
" မိုးကြိုးဌာနဆီမှာ သွားပြီးခိုလှုံကြရင်ကော။ ငါတို့နဲ့ သူတို့နဲ့က ဆက်ဆံရေးကောင်းကြတာပဲ..."
မိုးကြိုးဌာနသည်လည်း အင်မော်တယ်အကျွင်းအကျန် မျိုးနွယ်စု၏ ဌာနကိုးခုအနက်တစ်ခုဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ဌာနကိုးခုကွဲကွာသွားပြီးနောက် အရပ်ရပ်သို့ပျံ့နှံ့သွားကြရာ မိုးကြိုးဌာနမှာ အပြာရောင်မိုးကြိုးနယ်မြေသို့ ရောက်ရှိသွားခြင်းဖြစ်သည်။
ချင်းစော့က ခေါင်းယမ်းလိုက်သည်။
"သူတို့အခြေအနေကလည်း မကောင်းဘူး။ ဒေသခံအင်အားစုတွေရဲ့ ဖယ်ကျဉ်တာခံနေရတာ ငါတို့ထက်တောင်ပိုဆိုးဦးမယ်"
"ဒါဆိုရင် မြင့်မြတ်ဟင်းလင်းပြင်နယ်မြေက စစ်ဌာနဆီ သွားကြမလား။ သူတို့က အဲဒီနယ်မြေတစ်ခုလုံးကို စိုးမိုးထားတယ်လို့ ကြားတယ်..."