နှလုံးသားဌာနတစ်ခုလုံးသစ္စာခံခြင်း
Vol. 16 Ch. 156
ဤအဆိုပြုချက်က တစ်မျိုးနွယ်စုလုံးကို အားတက်သွားစေသည်။ အင်မော်တယ်အကျွင်းအကျန် မျိုးနွယ်စု၏ ဌာနကိုးခုအနက် စစ်ဌာနသည် လက်ရှိတွင် အခြေအနေအကောင်းဆုံးဖြစ်သည်။
စစ်ဌာနမှမျိုးနွယ်စုဝင်များသည် မွေးရာပါတိုက်ခိုက်ရေးပါရမီရှင်များဖြစ်ကြပြီး ပညာရှင်များလည်း ပေါများလှသည်။ အရှင်မြတ်အဆင့် ဆယ်ဂဏန်းကျော်ရှိရုံတင်မကဘဲ အုပ်ချုပ်နေသော သူတော်စင်အဆင့်ပညာရှင် နှစ်ဦးရှိသည်။
ထို့အပြင် အဆင့်မြင့်မှော်ရတနာ အင်မော်တယ်သတ်လှံကိုပါ ပိုင်ဆိုင်ထားသဖြင့် သူတို့၏အင်အားမှာ အောက်ကမ္ဘာတစ်ခုလုံးတွင် ထိပ်တန်းအဆင့်ဟုဆိုနိုင်သည်။
အကယ်၍ သူတို့နှင့်ပူးပေါင်းနိုင်ပါက ပိဖုန်းသည် အမှန်တကယ်ပင် ရန်စရဲတော့မည်မဟုတ်ပေ။
ချင်းစော့က သက်ပြင်းတစ်ချက်ချကာ ခေါင်းယမ်းလိုက်ပြန်သည်။
"မင်းတို့မေ့နေကြပြီလား။ စစ်ဌာနက ကျန်တဲ့ဌာနရှစ်ခုကို အမြဲတမ်းအထင်သေးခဲ့တာလေ။ သူတို့ကို ဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်လို့ယူဆပြီး ငါတို့ကို သူတို့လူမျိုးအဖြစ် တစ်ခါမှမသတ်မှတ်ခဲ့ကြဘူး"
"ဒါဆိုရင် ပန်းချီဌာနရော။ သူတို့ရဲ့အင်အားက စစ်ဌာနလောက်မကောင်းပေမဲ့ နယ်မြေအသီးသီးကဂိုဏ်းတွေနဲ့ ဆက်ဆံရေးကောင်းတယ်လို့ကြားတယ်"
ချင်းစော့က ထပ်မံသက်ပြင်းချလိုက်မိသည်။
"ပန်းချီဌာနရှိတဲ့ စိမ်းလန်းသောဥယျာဉ်နယ်မြေက ဝိညာဉ်တစ်ထောင်နယ်မြေနဲ့ အရမ်းဝေးတယ်။ နယ်မြေပေါင်းထောင်ချီခြားနေတာ။ အဲဒီကိုမရောက်ခင်မှာတင် ပိဖုန်းကလမ်းမှာကြိုစောင့်ပြီး သတ်ပစ်လိမ့်မယ်..."
ပိဖုန်းသည် အဆက်အသွယ်အလွန်များပြားပြီး နယ်မြေအသီးသီးတွင် သူတော်စင်အဆင့် သူငယ်ချင်းများစွာရှိသည်။ ထိုခရီးမှာ သေလမ်းသို့သွားခြင်းနှင့်မခြားပေ။
တစ်ရက်အကြာတွင် ကျန်းချန်သည် ချင်းစော့နှင့် ပြန်လည်ဆုံတွေ့ရသည်။ သူမနှင့်အတူ နှလုံးသားဌာနမှမျိုးနွယ်စုဝင်သောင်းချီပါလာပြီး တစ်ယောက်မှကျန်ရစ်ခြင်းမရှိပေ။
"ဂိုဏ်းချုပ်ကျန်း... ကျွန်မတို့ ရှင်နဲ့လာရောက်ပူးပေါင်းတာပါ"
"ကျွန်မတို့ကို ကယ်တင်ပေးပါဦး..."
မှန်ပါသည်။ နောက်ဆုံးတွင် သူတို့ရွေးချယ်လိုက်သည့် တစ်ခုတည်းသောလမ်းမှာ ဖေးရှန်ဂိုဏ်းပင်ဖြစ်သည်။ နတ်ဆိုးဘုရင် မျက်စိသုံးလုံးကျားရှိနေခြင်းနှင့် ထုန်ယိုမြင့်မြတ်နယ်မြေကို ကိုယ်တိုင်ဖျက်ဆီးခဲ့ခြင်းက သူတို့၏အင်အားကိုသက်သေပြနေသည်။
ဖေးရှန်ဂိုဏ်းနှင့် သူတို့တွင် ပိဖုန်းဟူသော ဘုံရန်သူလည်းရှိနေသည်။ ကျန်းချန်၊ နတ်ဆိုးဘုရင်နှင့် သူတို့ဌာနမှအရှင်မြတ်ငါးဦးတို့ပူးပေါင်းပြီး လျှို့ဝှက်နယ်မြေကို အခိုင်အမာခုခံလျှင် ပိဖုန်း၏နောက်တစ်ကြိမ်တိုက်ခိုက်မှုကို တောင့်ခံနိုင်ကောင်းတောင့်ခံနိုင်ပေလိမ့်မည်။
ထို့အပြင်... ၎င်းမှာ နီးစပ်ရာလည်းဖြစ်သည်။ ၎င်းအပြင်... သူတို့တွင် မဟာမိတ်ဟူသော အမည်နာမလည်း ရှိနေသေးသည် မဟုတ်ပါလား။
"ဒါ... မင်းတို့ တိုက်ခိုက်ခံလိုက်ရတာလား"
သူတို့၏အမူအရာနှင့် အခြေအနေကိုကြည့်ပြီး ကျန်းချန် တစ်ခုခုကိုခန့်မှန်းမိသွားသည်။
မဖြစ်နိုင်တာ...
ကျန်းချန်က ချင်းစော့အဖြစ်ရုပ်ဖျက်ခဲ့ခြင်းမှာ ဟိုမရောက်ဒီမရောက်ဖြစ်နေသော ဤမဟာမိတ်ကိုရန်စရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သူတို့တကယ်တိုက်ခိုက်ခံရလိမ့်မည်ဟု မထင်ထားခဲ့သလို နှလုံးသားဌာနတစ်ခုလုံး မျိုးနွယ်စုလိုက် ခိုလှုံလာလိမ့်မည်ဟုလည်း မျှော်လင့်မထားခဲ့ပေ။
"ဟုတ်ပါတယ်... အဲဒီပိဖုန်းကြောင့်ပါပဲ"
ဤအကြောင်းကိုပြောလိုက်သည်နှင့် ချင်းစော့မှာ အံကြိတ်ကာ နာကျည်းမှုများဖြင့် ပြည့်နှက်သွားသည်။
"ကျွန်မတို့မျိုးနွယ်စုရဲ့ လျှို့ဝှက်နယ်မြေလည်း လုံးဝပျက်စီးသွားပြီ၊ သွားစရာနေရာမရှိတော့ဘူး"
"မျိုးနွယ်စုဝင် ၅၁၆ ယောက်လည်း အသတ်ခံလိုက်ရတယ်။ ဒီရန်ကြွေးက ဘယ်လိုမှဖြေလို့မရတော့ဘူး"
"ဂိုဏ်းချုပ်ကျန်း... အရင်က ကျွန်မတို့ရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီး ရှင်ကျေနပ်မှာမဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်"
"ကျွန်မ ဒီနေရာမှာတင် ကတိသစ္စာပြုပါတယ်။ နောင်မှာ ပိဖုန်းနဲ့ထပ်တွေ့ရင် ကျွန်မတို့မျိုးနွယ်စုက ရှေ့ဆုံးကနေတိုက်ပွဲဝင်ဖို့အသင့်ပါပဲ"
သူမ၏စကားများမှာ ပြတ်သားလှပြီး သဘောထားမှာလည်း အလွန်စစ်မှန်လှသည်။ သွေးကြွေးရှိနေပြီဖြစ်ရာ ခွေးကိုချောင်ပိတ်ရိုက်လျှင်ပြန်ကိုက်တတ်သည် မဟုတ်ပါလား။
ကျန်းချန်မှာ ပို၍ပင်အံ့ဩသွားရသည်။ သူမ၏ကတိစကားကြောင့်မဟုတ်ဘဲ နှလုံးသားဌာန၏ တိုက်ခိုက်ရေးစွမ်းအားကြောင့်ဖြစ်သည်။
တောက်... ဒီလောက်တောင်အားကောင်းတာလား...
သူတော်စင်အဆင့် ထိပ်တန်းပညာရှင်တစ်ယောက်တိုက်ခိုက်တာတောင် ၉၀ ရာခိုင်နှုန်းကျော် အသက်ရှင်ကျန်ရစ်တယ်တဲ့လား...
သူ နောက်တစ်ကြိမ်စိတ်ပျက်မိပြန်သည်။ ဒီလောက်အားကောင်းတဲ့အင်အားရှိနေပါလျက်နဲ့ ဘာလို့ တစ်ချိန်လုံးပုန်းအောင်းနေခဲ့ကြတာလဲ။
အကယ်၍ သူတို့သာနယ်မြေချဲ့ထွင်ပြီး ကျင့်ကြံခြင်းအရင်းအမြစ်တွေကိုစုဆောင်းကာ အစွမ်းကုန်ကြိုးစားခဲ့ကြရင် သူတို့ရဲ့အင်အားက အခုထက် နှစ်ဆ၊ သုံးဆလောက် ပိုအားကောင်းနေလောက်ပြီ။
"မင်းတို့ တကယ်ပြောတာလား"
"ဟုတ်ပါတယ်"
သူတို့နောက်က အရှင်မြတ်အဆင့်အကြီးအကဲများက လေးနက်သောလေသံဖြင့်ဆိုကြသည်။
"ဒီတိုက်ပွဲအပြီးမှာ အလျှော့ပေးလိုက်လျောနေတာက အားနည်းချက်တစ်ခုလိုပဲ အမြင်ခံရတယ်ဆိုတာ ကျွန်မတို့သိလိုက်ရပါပြီ"
"အခြေအနေကဒီလိုဖြစ်လာမှတော့ ကျွန်မတို့ရဲ့စွမ်းအားကိုထုတ်ပြဖို့ ဝန်လေးနေမှာမဟုတ်တော့ဘူး"
"ဂိုဏ်းချုပ်ကျန်း... နောက်တစ်ကြိမ်တိုက်ခိုက်ဖို့ လမ်းညွှန်ပေးရုံပါပဲ။ ကျွန်မတို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး"
လွန်ခဲ့သောနှစ်ပေါင်းရာချီအတွင်း ကျန်ရှိသောမြင့်မြတ်နယ်မြေခုနစ်ခုသည်လည်း သူတို့အပေါ် ကောင်းမွန်စွာဆက်ဆံခဲ့ခြင်းမရှိသဖြင့် သူတို့ရင်ထဲ၌ မကျေနပ်မှုများကိန်းအောင်းနေသည်မှာ ကြာပြီဖြစ်သည်။
တောက်... ဒီအမျိုးသမီးတွေက ငါ့ထက်တောင် တိုက်ချင်ခိုက်ချင်စိတ် ပြင်းထန်နေပါလား။ ဒါ ငါ့အမှားများလား...
"ကောင်းပြီလေ... မင်းတို့နေထိုင်ဖို့အတွက် တစ်ယောက်ယောက်ကို စီစဉ်ခိုင်းလိုက်မယ်"
မည်သို့ပင်ဖြစ်စေ ထုန်ယိုမြင့်မြတ်နယ်မြေ၏ လျှို့ဝှက်နယ်မြေက အလွန်ကျယ်ပြောလှသည်။ လူပေါင်း တစ်သောင်းမက၊ တစ်သိန်းထားလျှင်ပင် နေရာလွတ်ရှိနေဦးမည်ဖြစ်သည်။
နှလုံးသားဌာနသည် ဝိညာဉ်လက်နက်ကိုးခုအနက် တစ်ခုကိုပိုင်ဆိုင်ထားသဖြင့် သူတို့ကို အနီးအနားတွင်ထားရှိခြင်းက နောင်တွင်ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကို ဖွင့်လှစ်ရန်အတွက်လည်း အကျိုးရှိပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျန်း"
ချင်းစော့က လေးလေးနက်နက်ဆိုသည်။
"ကျွန်မတို့ကိုလက်ခံပေးတဲ့ ရှင့်ရဲ့ကျေးဇူးကို အမြဲတမ်းအောက်မေ့နေမှာပါ"
ကျန်းချန်သည် ချင်းစော့အဖြစ် ရုပ်ဖျက်ထားဆဲဖြစ်သဖြင့် မျက်နှာပူသွားမိသည်။ လက်နက်နှင့် စိတ်ဝိညာဉ် ဖုံးကွယ်ထားမှုကြောင့်သာ သူမတို့မသိခြင်းဖြစ်သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် သူသာရုပ်မဖျက်ခဲ့ပါက နှလုံးသားဌာနသည် အနှေးနှင့်အမြန် လက်တွေ့ဘဝ၏ရိုက်နှက်မှုကို ခံရမည်ဖြစ်သော်လည်း ယနေ့လောက်တော့ စောလိမ့်မည်မဟုတ်။
ဤအချက်ကိုတွေးမိရင်း သူနောင်တရမိကာ ပြန်လည်ကုစားပေးရန် ဆုံးဖြတ်လိုက်သည်။
"တိုက်ပွဲမှာကျဆုံးသွားတဲ့ မျိုးနွယ်စုဝင် ၅၁၆ ယောက်ရဲ့ ရုပ်အလောင်းတွေကို ယူလာခဲ့လား"
ချင်းစော့က သူဘာကြောင့်ဤသို့မေးသည်ကို နားမလည်သော်လည်း ခေါင်းညိတ်ပြသည်။
"ကျွန်မတို့ သူတို့ကို အဲဒီမှာပဲမြှုပ်နှံဖို့စီစဉ်ခဲ့ပေမဲ့ ပိဖုန်းက လူတွေခေါ်ပြီး ထပ်လာဖျက်ဆီးမှာစိုးရိမ်လို့ သူတို့ရဲ့အေးချမ်းမှုကို မနှောင့်ယှက်စေချင်တာနဲ့..."
"ဒီကိုပဲယူလာခဲ့တာပါ။ အကယ်၍ ဂိုဏ်းချုပ်ကျန်းကသဘောမတူဘူးဆိုရင် အပြင်ဘက်မှာပဲမြှုပ်နှံပါ့မယ်"
ကျန်းချန်က လက်ယမ်းပြလိုက်သည်။
"ငါက အဲဒီလောက်မတွန့်တိုပါဘူး"
"သူတို့ရဲ့ ရုပ်အလောင်းတွေကိုထုတ်လိုက်ပါ"
"ရှင်"
"ဂိုဏ်းချုပ်ကျန်းကဘာလုပ်မလို့လဲ"
နှလုံးသားဌာနမှလူများ ဇဝေဇဝါဖြစ်နေစဉ် မိုချန်က ဂိုဏ်းချုပ်၏ပြောရေးဆိုခွင့်ရှိသူအဖြစ် ရှေ့ထွက်လာသည်။
"ငါတို့ ဂိုဏ်းချုပ်က သူတို့ကိုအသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်။ မင်းတို့ ဒီနေ့ ငါတို့နဲ့မဟာမိတ်ဖွဲ့ဖို့ရွေးချယ်လိုက်တာဟာ အမြော်အမြင်အရှိဆုံးဆုံးဖြတ်ချက်ပဲ"
ဘာ... အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်ဟုတ်လား...
နှလုံးသားဌာနမှလူများမှာ ဟာသတစ်ခုကိုကြားလိုက်ရသလို ခံစားလိုက်ရသည်။ ဤကဲ့သို့သောအရာမျိုး မည်သို့ဖြစ်နိုင်မည်နည်း။
သို့သော် ၁၅ မိနစ်ခန့်အကြာတွင် သူတို့၏အသိဉာဏ်များမှာ လုံးဝပြောင်းလဲသွားတော့သည်။
ကျဆုံးသွားသော လူပေါင်း ၅၁၆ ယောက်လုံးကို ကျန်းချန်က ပြန်လည်ရှင်သန်စေခဲ့သည်။ အချို့မှာ အင်္ဂါအစိတ်အပိုင်းမစုံလင်တော့ဘဲ ဆံပင်တစ်ပင်သာကျန်ခဲ့လျှင်ပင် သူက မပျက်မကွက် ပြန်လည်ရှင်သန်စေခဲ့သည်။
ဤမြင်ကွင်းမှာ လူတိုင်း၏မျက်စိရှေ့မှောက်တွင်ပင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ပြန်လည်ရှင်သန်လာသူများမှာ အနာအဆာမရှိ ကျန်းကျန်းမာမာနှင့် ပြန်လည်ထွက်ပေါ်လာကြသည်။
နှလုံးသားဌာနမှ မျိုးနွယ်စုဝင်သောင်းချီတို့မှာ ဝမ်းသာလွန်းသဖြင့် ငိုကြွေးသူကငို၊ အောင်ပွဲခံသူကခံနှင့် ဆူညံသွားတော့သည်။ မူလကတည်းက လူဦးရေနည်းပါးလှသောမျိုးနွယ်စုဖြစ်သဖြင့် ဤ ၅၁၆ ယောက်၏အသက်သည် သူတို့အတွက် ဘာနှင့်မျှမလဲနိုင်သောအရာဖြစ်သည်။
ချင်းစော့နှင့် အကြီးအကဲများမှာ ထိတ်လန့်တုန်လှုပ်သွားကာ မြေကြီးပေါ်တွင် ဒူးထောက်ပြီး ဦးချကြတော့သည်။
"ဂိုဏ်းချုပ်ကျန်း... ရှင့်ရဲ့ကြီးမားလှတဲ့ကျေးဇူးတရားကို ကျွန်မတို့တစ်သက်လုံးမေ့မှာမဟုတ်ပါဘူး"
ကျန်းချန်က ချောင်းဟန့်လိုက်ပြီး သူ၏မျက်နှာကို အနည်းငယ်ဖြူလျော့သွားအောင် လုပ်လိုက်သည်။ မိုချန်က အချိန်ကိုက်ပင် ရှေ့ထွက်လာပြီး သူ့ကိုတွဲပေးလိုက်၏။
"ဂိုဏ်းချုပ်ရဲ့ အသက်ပြန်ရှင်ခြင်းအင်မော်တယ်ပညာက ပေးဆပ်မှုရှိတယ်။ လူအများကြီးကို တစ်ပြိုင်နက်ပြန်ရှင်စေတာက သူ့အတွက်အရမ်းပင်ပန်းစေတယ်လေ"
ဟုတ်တယ်... ပေးဆပ်မှုကတကယ်ကြီးတယ်၊ ငါ့ရဲ့ အမှတ် ၁ သိန်း ၂ သောင်း ကုန်သွားတာလေ...
မှန်ပါသည်။ ချင်းစော့နှင့်အဖွဲ့မှာ မျက်ရည်ကျလောက်အောင် စိတ်လှုပ်ရှားသွားကြသည်။
"ဂိုဏ်းချုပ်ကျန်း... ဒီနေ့ကစပြီး ရှင်က ကျွန်မတို့နှလုံးသားဌာနရဲ့ အဖိုးတန်ဆုံးသူငယ်ချင်းပဲ။ ဘယ်တော့မှ ပစ်ပယ်မှာမဟုတ်ပါဘူး"
"အကယ်၍ တစ်စုံတစ်ယောက်က ရှင့်ကိုရန်မူမယ်ဆိုရင် သူကကျွန်မတို့နှလုံးသားဌာနရဲ့ရန်သူပဲ"
"နောင်တစ်ချိန်မှာ ကျွန်မတို့ကွဲကွာသွားခဲ့ရင်တောင် ဂိုဏ်းချုပ်ကျန်းက တစ်ချက်ခေါ်လိုက်ရုံနဲ့ ကျွန်မတို့နှလုံးသားဌာနက အရောက်လာပြီးအမှုထမ်းပါ့မယ်"
သူတို့တင်မကဘဲ ကျန်သည့်သောင်းချီသောမျိုးနွယ်စုဝင်များကလည်း သူ့ကိုကျေးဇူးတင်သောမျက်ဝန်းများဖြင့် ကြည့်နေကြသည်။ သူတို့၏သဘောထားမှာ သူ့အပေါ် အလွန်ရင်းနှီးသွားပြီး ကိုယ့်လူတစ်ယောက်ကဲ့သို့ အပြည့်အဝလက်ခံသွားကြလေပြီ။
ဤရလဒ်က ကျန်းချန်ကိုအံ့အားသင့်သွားစေသည်။ ဤကဲ့သို့ ကြိုးစားအားထုတ်ပြီးနောက်တွင် ဟိုယိမ်းဒီယိမ်းဖြစ်နေသော အားကောင်းလှသည့်ဤအဖွဲ့ကို နောက်ဆုံးတွင် သစ္စာခံစေနိုင်ခဲ့၏။
ဤသို့ဖြင့် နှလုံးသားဌာနသည် လျှို့ဝှက်နယ်မြေအတွင်း တရားဝင်အခြေချနေထိုင်ခွင့် ရရှိသွားသည်။ ဤလျှို့ဝှက်နယ်မြေမှာ မိုင်ပေါင်းသောင်းချီကျယ်ဝန်း၏။
ဖေးရှန်ဂိုဏ်းက ဗဟိုခန်းမဆောင်ကြီးတွင်ရှိပြီး နှလုံးသားဌာနကမူ အနောက်တောင်ဘက်ရှိ တောင်တန်းများတွင်ရှိသည်။
နှစ်ဖက်စလုံး၏ လှုပ်ရှားရာနယ်မြေမှာ မိုင်ပေါင်းသောင်းချီဝေးကွာသဖြင့် လက်တွေ့တွင်မူ သူတို့ဘာသာသူတို့ သီးခြားနေထိုင်ကြခြင်းဖြစ်သည်။ ကျန်းချန်ဘက်မှတပည့်များ ကျင့်ကြံနေခြင်းက သူတို့နှင့်မသက်ဆိုင်သလို၊ သူတို့ဘက်ကလည်း ကိစ္စမရှိလျှင် လာရောက်နှောင့်ယှက်ခြင်းမရှိပေ။
နှစ်ဖက်စလုံးမှာ သူတော်စင်ပိဖုန်းရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေကြတော့သည်။