← Chapters

အဖေ့အကြွေးကို သားကဆပ်ရမယ်

Vol. 16 Ch. 158

အဖေ့အကြွေးကို သားကဆပ်ရမယ်

Vol. 16 Ch. 158

ဝိညာဉ်တစ်ထောင်နယ်မြေ၏မြောက်ဘက်တွင် အဆုံးအစမဲ့သောရေနက်ပိုင်းက လှိုင်းတံပိုးများဖြင့် လှုပ်ခတ်နေသည်။

ဟင်းလင်းပြင်ပင်လယ်ဟူသည်မှာ ကျင့်ကြံသူများပင် အပေါ်မှဖြတ်မပျံရဲသော တားမြစ်နယ်မြေတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပင်လယ်ရေအောက်တွင် အလွန်အစွမ်းထက်သော ရေနေနတ်ဆိုးသားရဲ အမြောက်အမြား နေထိုင်ကြသောကြောင့်ဖြစ်သည်။ ဤသည်မှာ သူတို့၏နယ်မြေပင်။

သူတော်စင်ပိဖုန်းသည် ပင်လယ်ပြင်အထက်၌ ဂုဏ်ယူဝံ့ကြွားစွာရပ်နေသည်။

မကြာမီမှာပင် အောက်ဘက်ရှိ ပင်လယ်ရေများမှာ တရိပ်ရိပ်မြင့်တက်လာ၏။ ကြီးမားလှသော ပင်လယ်ရေထုကြီးမှာ ဘေးဘက်သို့တိုးထွက်သွားပြီး မိုးထိမတတ်မြင့်မားသောလှိုင်းလုံးကြီးများနှင့် မုန်တိုင်းများကိုဖြစ်ပေါ်စေသည်။ တစ်လောကလုံး ပြောင်းပြန်လှန်ပစ်တော့မည့်အလား ခံစားရသည်။

ထို့နောက် လိပ်နှင့်တူသော်လည်း ခြေထောက်ရှစ်ချောင်းပါပြီး အခွံတစ်ခုလုံးတွင်ဆူးများပေါက်နေသော နတ်ဆိုးသားရဲကြီးတစ်ကောင် ပင်လယ်ထဲမှထွက်လာသည်။

၎င်းပေါ်လာသည်နှင့် ထိုပင်လယ်ပြင်၌ မိုင်ပေါင်းရာချီကျယ်သောစင်မြင့်ကြီးတစ်ခု ရုတ်တရက်ပေါ်လာသကဲ့သို့ဖြစ်သွားသည်။ ပင်လယ်ရေထုကြီးမှာ စင်မြင့်ပေါ်မှ အောက်သို့စီးကျလာရာ ရေတံခွန်ပေါင်းများစွာဖြစ်ပေါ်နေပြီး အလွန်ခမ်းနားလှသောမြင်ကွင်းပင်။

"ပိဖုန်း... မင်း ဒီကိုဘာလာလုပ်တာလဲ"

"မင်းနဲ့ငါက တစ်ယောက်နယ်ပယ် တစ်ယောက်မကျူးကျော်ဖို့ သဘောတူထားတာလေ။ အခု မင်းက အဲဒီသဘောတူညီချက်ကို ချိုးဖောက်တော့မလို့လား"

၎င်း၏အသံမှာ မိုးကြိုးပစ်သကဲ့သို့ကျယ်လောင်လှပြီး ဝေးလံသောနေရာရှိ နတ်ဆိုးသားရဲငယ်လေးများမှာ ထိတ်လန့်တုန်လှုပ်ကာ ထွက်ပြေးကုန်ကြသည်။

ဝိညာဉ်တစ်ထောင်နယ်မြေအတွင်းတွင် နတ်ဆိုးဘုရင်များနှင့် သူတော်စင်အဆင့်ရှိသူများ နယ်မြေမကျော်ရန် သဘောတူညီချက်ရှိ၏။

"ပိလင်လိပ်နက်ဘုရင်ကြီး... ငါက ရန်လိုတဲ့စိတ်နဲ့ လာတာမဟုတ်ပါဘူး"

ဝိညာဉ်တစ်ထောင်နယ်မြေတွင် ပိဖုန်းတစ်ဦးတည်းသာ သူတော်စင်အဆင့် ရှိသည်မဟုတ်ဘဲ အပြင်ဘက်တွင် နတ်ဆိုးဘုရင်နှစ်ပါးလည်းရှိသေးသည်။ ၎င်းတို့မှာ လိပ်နက်ဘုရင်နှင့် သမင်ဘုရင်တို့ ဖြစ်ကြသည်။

ဤနတ်ဆိုးဘုရင်နှစ်ပါးမှာ ပိဖုန်းထက်ပင်သက်တမ်းပိုရှည်၏။ အထူးသဖြင့် လိပ်နက်ဘုရင်မှာ ၎င်း၏သဘာဝသက်တမ်းအားသာချက်ကြောင့် အသက် ၁၀ သန်းကျော်ပင် ရှိနေပြီဖြစ်သည်။

"ရန်လိုတဲ့စိတ်မရှိဘူး ဟုတ်လား"

လိပ်နက်ဘုရင်ကြီးမှာ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ် ၇ သန်းတုန်းက မင်းက တာအိုနန်းဆောင်အဆင့်ပဲ ရှိသေးတယ်၊ အဲဒီတုန်းက ငါ့ရဲ့ဟင်းလင်းပြင်ပင်လယ်ထဲကိုခိုးဝင်ပြီး နှလုံးသားငှက်မွှေးသစ်ရွက်ကို ခိုးသွားခဲ့တယ်"

"လွန်ခဲ့တဲ့ နှစ် ၅ သန်းတုန်းက..."

"မင်းက လူသားကျင့်ကြံသူတစ်စုကိုဦးဆောင်ပြီး ငါ့မျိုးနွယ်စုရဲ့နတ်ဆိုးကြီးသုံးကောင်ကို အမဲလိုက်ခဲ့တယ်။ သူတို့ရဲ့နတ်ဆိုးအမြုတေတွေကိုထုတ်ပြီး အစီအရင်တွေဖော်ခဲ့တယ်"

"လွန်ခဲ့တဲ့ နှစ် ၂ သန်းတုန်းကလည်း မင်းက မြင့်မြတ်နယ်မြေ ၉ ခုကို စုစည်းပြီး ငါ့နတ်ဆိုးမျိုးနွယ်စုကို အကြီးအကျယ်စစ်ကြေညာခဲ့တယ်။ အဲဒီတုန်းက ငါ့မျိုးနွယ်ဝင် နတ်ဆိုးကြီး ၉ ကောင် ကျဆုံးခဲ့ပြီး မကျူးကျော်ဖို့သဘောတူညီချက်ကို အဓမ္မလက်မှတ်ထိုးခိုင်းခဲ့တယ်"

ဤအချက်များမှာ တကယ်ကို နာကျည်းစရာကောင်းလှသော အချက်များပင်။

"မင်းလို ကိုယ့်အကျိုးအတွက်ပဲကြည့်ပြီး အမြဲတမ်း ပရိယာယ်တွေ၊ အကြံအစည်တွေနဲ့ ပြည့်နှက်ကနေတဲ့လူယုတ်မာက ငါ့ကို ရန်လိုတဲ့စိတ်မရှိဘူးလို့ ပြောရဲသေးတယ်လား"

"ဒီနှစ်ပိုင်းတွေမှာ ငါ့ပင်လယ်ရေအောက်ကပဋိပက္ခတွေဟာ မင်းရဲ့ နောက်ကွယ်ကသွေးထိုးပေးမှုတွေမပါဘူးလို့ မင်းပြောရဲလား"

"ဝိညာဉ်တစ်ထောင်နယ်မြေမှာ မင်းလိုလူညစ်ပတ်ကြီးမရှိခဲ့ရင် ငါတို့အားလုံး အများကြီးပိုအေးချမ်းမှာ၊ ပြီးတော့ နောက်ထပ်နတ်ဆိုးဘုရင်နှစ်ပါးတောင် ပေါ်ထွက်လာနိုင်သေးတယ်"

အကယ်၍ အစ်ကိုကြီးချန်သာ ဤနေရာတွင်ရှိနေလျှင် ပိဖုန်းအပေါ် အမြင်သစ်တစ်ခု ရရှိသွားပေလိမ့်မည်။ ဤလူမှာ တကယ့်ပါရမီရှင်ပင်။

သူအားနည်းစဉ်မှ အားကောင်းလာသည်အထိ ပစ်မှတ်ထားသမျှ စုန်းမျိုးနွယ်၊ နှလုံးသားဌာန၊ အခြားမြင့်မြတ်နယ်မြေများ သို့မဟုတ် နတ်ဆိုးမျိုးနွယ်များသာမက အခြားနယ်မြေများပင်လျှင် သူ၏ အကြံအစည်မှ လွတ်မြောက်နိုင်ခြင်းမရှိခဲ့ပေ။ အားလုံးမှာ အခွံနွှာခံခဲ့ရသည်။

သူ၏ တစ်ခုတည်းသောဆုံးရှုံးမှုမှာ ယခု ထုန်ယိုမြင့်မြတ်နယ်မြေပျက်စီးသွားခြင်းပင်။ သူသည် စည်းမျဉ်းများကိုဂရုမစိုက်ဘဲ ပြောသည့်အတိုင်းလုပ်ဆောင်တတ်သည့် ဂိုဏ်းချုပ်ကျန်းနှင့် တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

"လိပ်ဘုရင်ကြီး... စိတ်လျှော့ပါ၊ ဒီနေ့ ဒီကိုလာတာက မင်းနဲ့ပူးပေါင်းဖို့ပါ"

ပိဖုန်းသည် အရာအားလုံးကိုထိန်းချုပ်ထားနိုင်သကဲ့သို့ အေးဆေးစွာပြုံးလိုက်သည်။ လိပ်နက်ဘုရင်ကြီးကမူ နှာခေါင်းရှုံ့လိုက်ရာ ပင်လယ်ရေမျက်နှာပြင်မှာ နောက်တစ်ကြိမ် လှိုင်းကြီးများထသွားပြန်သည်။

"မင်းပြန်လို့ရပြီ၊ ငါ မင်းနဲ့ပူးပေါင်းဖို့စိတ်မဝင်စားဘူး"

ပိဖုန်း၏လုပ်ရပ်များအရ ဤမဟာမိတ်ဖွဲ့ခြင်းသည် သူ့ကိုအသုံးချရန်အကြံယုတ်များ ပါဝင်နေမှာသေချာသည်။ နောက်ဆုံးတွင် သူပါအသတ်ခံရနိုင်သည် မဟုတ်ပါလား။

သို့သော် ပိဖုန်းကပြန်မသွားဘဲ ဟင်းလင်းပြင်ဘက်သို့လှည့်ကာ ပြုံးလိုက်သည်။

"သမင်ဘုရင်ကြီး... အခုထွက်လာလို့ရပါပြီ"

သူပြောပြီးသည်နှင့် ချိုလေးချောင်းပါပြီး တစ်ကိုယ်လုံးအစက်အပြောက်များရှိသည့် ဧရာမသမင်ကြီးတစ်ကောင်သည် တိမ်တိုက်များပေါ်မှဆင်းသက်လာသည်။ ၎င်း၏ခန္ဓာကိုယ်ပတ်လည်တွင် ရောင်စုံတိမ်တိုက်များဝန်းရံထားရာ နတ်သမင်တစ်ကောင် မြေပြင်သို့ဆင်းသက်လာသကဲ့သို့ပင်။ သို့သော် ထိုတိမ်တိုက်များကြားမှထွက်ပေါ်နေသော ရက်စက်ကြမ်းကြုတ်သည့်အငွေ့အသက်များမှာလည်း အလွန်သိသာလှသည်။

"သမင်ဘုရင်... ဘာလို့ဒီကိုရောက်နေတာလဲ"

လိပ်နက်ဘုရင်မှာ အလွန်စိတ်ပျက်သွားပုံရပြီး

"မင်းလည်း ဒီလူယုတ်မာနဲ့ပူးပေါင်းလိုက်ပြီလား"

အော်ဟစ်မေးမြန်းသည်။

"တစ္ဆေတောင်မှာ သူဘာတွေလုပ်ခဲ့လဲဆိုတာ မင်းမေ့သွားပြီလား"

"လိပ်ကြီး... မင်းနားလည်မှုလွဲနေပြီ"

သမင်ဘုရင်သည် ပိဖုန်းနှင့် လိပ်နက်ဘုရင်ကြားတွင် ဆင်းသက်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"နတ်မိစ္ဆာနယ်မြေက မျက်စိသုံးလုံးကျားဘုရင်ရောက်နေတာကို မင်းကဂရုမစိုက်ဘူးလား"

"ဘာ..."

"မျက်စိသုံးလုံးကျားဘုရင်က ဒီကိုလာရဲတယ်ဟုတ်လား"

လိပ်နက်ဘုရင်မှာ ပထမတွင်ဒေါသထွက်သွားသော်လည်း နောက်ပိုင်းတွင် အားရပါးရရယ်မောလိုက်သည်။

"အဲဒီတုန်းကအရှက်ရခဲ့တာတွေကို နှစ်ဆပြန်ဆပ်ရမယ်"

သူ၏ရယ်သံထဲတွင် မေ့မရနိုင်သောနာကျည်းမှုများ ပါဝင်နေသည်။ နတ်မိစ္ဆာနယ်မြေတွင် လူသားကျင့်ကြံသူမရှိသလောက်ဖြစ်ပြီး နတ်ဆိုးဘုရင် ၁၂ ပါးကအုပ်ချုပ်သော နတ်ဆိုးများ၏နယ်မြေဖြစ်သည်။

ဤအင်အားမှာ အောက်ကမ္ဘာတွင် ထိပ်တန်း ၁၀ ခုစာရင်းဝင်သည်။

ဝိညာဉ်တစ်ထောင်နယ်မြေမှ မွေးဖွားလာသော လိပ်နက်ဘုရင်သည် တစ်ချိန်က ထိုနယ်မြေသို့သွားရောက်ရန် အလွန်ဆန္ဒပြင်းပြခဲ့ဖူးသည်။ သူ၏စိတ်ထဲတွင် နတ်မိစ္ဆာနယ်မြေသည် လောကရှိနတ်ဆိုးအားလုံးအတွက် မြင့်မြတ်သောနေရာပင်။

လွန်ခဲ့သော နှစ် ၃ သန်းတုန်းက သူနှင့် သမင်ဘုရင်တို့သည် စိတ်လှုပ်ရှားမှုများဖြင့် နတ်မိစ္ဆာနယ်မြေသို့ အတူတူသွားခဲ့ကြသည်။ သို့သော် လက်တွေ့ဘဝက သူတို့အပေါ်အလွန်ရက်စက်၏။

နတ်မိစ္ဆာနယ်မြေမှ နတ်ဆိုးဘုရင် ၁၂ ပါးမှာ အမြဲတမ်း အချင်းချင်းတိုက်ခိုက်နေကြပြီး ကျားမျိုးနွယ်က ကျားမျိုးနွယ်၊ နဂါးမျိုးနွယ်က နဂါးမျိုးနွယ်၊ ယုန်မျိုးနွယ်က ယုန်မျိုးနွယ်သာဖြစ်ကြသည်။ သူတို့တွင် နတ်ဆိုးမျိုးနွယ်စုဟူသော စည်းလုံးသည့်အယူအဆမရှိပေ။ ထို့အပြင် အခြားနယ်မြေမှလာသော နတ်ဆိုးဘုရင်နှစ်ပါးကို ပို၍ပင်အသိအမှတ်မပြုကြ။

ထိုစဉ်က လိပ်နက်ဘုရင်နှင့် သမင်ဘုရင်တို့ စတင်ခြေချခဲ့သည့်နေရာမှာ ကျားမျိုးနွယ်၏နယ်မြေဖြစ်သည်။ သူတို့ရှင်းပြခွင့်ပင်မရလိုက်ဘဲ မျက်စိသုံးလုံးကျားဘုရင်၏ ရိုက်နှက်မှုကို အပြင်းအထန်ခံလိုက်ရပြီး သူတို့၏ကျင့်စဉ်အဆင့်များပင် လျော့ကျသွားခဲ့၏။

အကယ်၍ ကျားဘုရင်က သူတို့ကို လက်အောက်ခံအဖြစ်အသုံးချရန် အကြံမရှိခဲ့ပါက ထိုစဉ်ကတည်းက သူတို့သေဆုံးသွားရပေမည်။

သို့သော် ဤအချက်ကြောင့်ပင် သူတို့နှစ်ဦးမှာအခွင့်အရေးရကာ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ခြင်းဖြစ်သည်။ ဤကိစ္စမှာ သူတို့အတွက် အလွန်ကြီးမားသော အရှက်ရမှုနှင့် နာကျည်းမှုဖြစ်ခဲ့ရသည်။

ဤအကြောင်းကြောင့်ပင် သူတို့၏နတ်ဆိုးအမြုတေများတွင် စိတ်မိစ္ဆာများကိန်းအောင်းသွားပြီး ကျားဘုရင်ကိုမသတ်နိုင်သရွေ့ သူတို့၏ကျင့်စဉ်မှာပြည့်စုံတော့မည်မဟုတ်။

နယ်မြေတစ်ခုကိုဖြတ်ကျော်ပြီးလက်စားချေရန်မှာ စည်းမျဉ်းများ၏ဖိနှိပ်မှုကို ခံရပေလိမ့်မည်။ ထို့အပြင် ထိုစဉ်က မျက်စိသုံးလုံးကျားဘုရင်၏အစွမ်းမှာ နတ်မိစ္ဆာနယ်မြေ၌ ထိပ်တန်း ၃ ယောက်စာရင်းဝင်သည်။ စည်းမျဉ်းများ၏ဖိနှိပ်မှုမရှိခဲ့လျှင်ပင် လိပ်နက်ဘုရင်နှင့် သမင်ဘုရင် နှစ်ယောက်ပေါင်းသော်လည်း ရှုံးနိမ့်ဦးမည်သာ။

သူတို့သည် ဤနာကျည်းမှုကို မေ့ဖျောက်နိုင်ခြင်းမရှိခဲ့ကြပေ။ မူလက တစ်သက်လုံး လက်စားချေနိုင်တော့မည်မဟုတ်ဟု ထင်ထားခဲ့သော်လည်း ယခု ထိုသတင်းကို ကြားလိုက်ရခြင်းဖြစ်သည်။

မျက်စိသုံးလုံးကျားဘုရင်က နတ်မိစ္ဆာနယ်မြေကနေ ဝိညာဉ်တစ်ထောင်နယ်မြေကို လာခဲ့တယ်ဟုတ်လား။ ဒါဆိုရင်သူက ဒီနယ်မြေကစည်းမျဉ်းစွမ်းအားတွေနဲ့ ဖိနှိပ်ခံရမှာပဲ...

ထိပ်တန်းနတ်ဆိုးဘုရင်တစ်ပါး၏အစွမ်းမှာ အလယ်အလတ်အဆင့် သို့မဟုတ် အစောပိုင်းအဆင့်အထိပင် လျော့ကျသွားနိုင်သည်။

အချိန်ကျရင်တော့... ဟဲဟဲ

ရန်ငြိုးရှိသူကလက်စားချေမည်၊ အကြွေးရှိကပြန်ဆပ်ရမည်...

"သူဘယ်မှာလဲ။ မြန်မြန်ပြောစမ်း"

သူမစောင့်နိုင်တော့ပေ။ ပိဖုန်း၏အပြုံးမှာ ပို၍နက်နဲလာသည်၊ အရာအားလုံး အောင်မြင်သွားပြီ။

"လိပ်ဘုရင်ကြီး နားလည်မှုလွဲနေပါပြီ။ အဲဒီတုန်းက မျက်စိသုံးလုံးကျားဘုရင်ကတော့ သက်တမ်းကုန်လို့သေသွားပါပြီ။ အခု ဒီကိုရောက်နေတာက သူ့ရဲ့ သားစဉ်မြေးဆက်ဖြစ်တဲ့ မျက်စိသုံးလုံးကျားဘုရင်အသစ်ပါ"

ပိဖုန်းသည် နယ်မြေအသီးသီးသို့ခရီးသွားလေ့ရှိသဖြင့် သူ၏သတင်းအချက်အလက်မှာ ဤနတ်ဆိုးဘုရင်နှစ်ပါးထက် ပိုမိုပြည့်စုံလှသည်။

"ကျားဘုရင်အသစ်ဟုတ်လား"

လိပ်နက်ဘုရင်မှာ အနည်းငယ်စိတ်ပျက်သွားသည် ။ လူကိုယ်တိုင်မဟုတ်သဖြင့် လက်စားချေရသည့်အရသာမှာ အနည်းငယ်လျော့နည်းသွားသည်။ အဓိကအချက်မှာ မျက်စိသုံးလုံးကျားမျိုးနွယ်စုမှာ တိုက်ခိုက်ရေးတွင်အလွန်ထူးချွန်သဖြင့် စည်းမျဉ်းများ၏ဖိနှိပ်မှုခံရလျှင်ပင် အနိုင်ရရန်ခက်ခဲသောတိုက်ပွဲတစ်ခု ဖြစ်လာနိုင်ပေသည်။

"ဒီကျားအသစ်ရဲ့အစွမ်းက ဘယ်လောက်လဲ"

သမင်ဘုရင်ကအထင်သေးစွာဖြင့်ဆိုသည်။

"နတ်ဆိုးဘုရင်အစောပိုင်းအဆင့်ပဲ ရှိပါသေးတယ်"

ဘာ... အစောပိုင်းအဆင့်ပဲလား...

ဒါဆိုရင် စည်းမျဉ်းတွေရဲ့ဖိနှိပ်မှုကိုခံရရင် သူက သူတော်စင်တွေထဲမှာ အနိမ့်ဆုံးအဆင့်အထိဖြစ်သွားမှာပေါ့။ လက်တစ်ဖက်တည်းနဲ့တောင် ဖိချေပစ်လို့ရနေပြီပဲ။

"အဖေ့အကြွေးကို သားကဆပ်ရမယ်၊ အကြွေးကအကြွေးပဲ"

"ဟားဟားဟားဟား"

"သတ်ပစ်"

လိပ်နက်ဘုရင်၏တိုက်ခိုက်လိုစိတ်မှာ တစ်ခဏချင်းမှာပင် ကောင်းကင်သို့ရောက်ရှိသွားတော့သည်။

All Chapters