← Chapters

ပြန်လည်ရှင်သန်ခြင်းစမ်းရေတွင်း

Vol. 16 Ch. 159

ပြန်လည်ရှင်သန်ခြင်းစမ်းရေတွင်း

Vol. 16 Ch. 159

လိပ်နက်ဘုရင်နှင့် သမင်ဘုရင်တို့ ဖေးရှန်ဂိုဏ်းသို့ချီတက်လာချိန်တွင် ချင်လင်နယ်မြေတစ်ခုလုံး လှုပ်ခတ်သွားတော့သည်။ နတ်ဆိုးဘုရင်များဖြတ်သန်းသွားရာတွင် သူတို့နောက်မှ နတ်ဆိုးကြီးဆယ်ကောင်ကျော်လိုက်ပါလာပြီး ကောင်းကင်ယံတစ်ခုလုံးကို မည်းမှောင်သွားစေရာ ကမ္ဘာပျက်တော့မည့်အလားပင်။

အောက်ဘက်ရှိ လူသားများနှင့် ကျင့်ကြံသူများစွာမှာ ကောင်းကင်ထက်မှ ဧရာမပုံရိပ်ကြီးများကိုကြည့်ကာ တုန်လှုပ်ချောက်ချားနေကြသည်။ ၎င်းမှာ လောကကြီးပျက်သုဉ်းတော့မည့်မြင်ကွင်းနှင့် တူလှသည်။

ဤသတင်းကိုကြားသောအခါ မြင့်မြတ်နယ်မြေခုနှစ်ခုမှလူများမှာ အလွန်အမင်းစိတ်လှုပ်ရှားစွာဖြင့် အောင်ပွဲခံကြတော့သည်။

"ဟားဟားဟား... ဖေးရှန်ဂိုဏ်းတော့သွားပြီ"

"သူတော်စင်ပိဖုန်းက တကယ့်ကိုထူးချွန်တာပဲ၊ နတ်ဆိုးဘုရင်ကြီးနှစ်ပါးလုံးကိုတောင် ဖိတ်ခေါ်နိုင်ခဲ့တယ်"

"သူတော်စင်သုံးပါးလုံးရောက်လာမှတော့ ကောင်းကင်ဘုရင်ကြီးတောင် ကျန်းချန်ကိုကယ်နိုင်မှာမဟုတ်တော့ဘူး"

"အဲဒီကောင်က ငါတို့ကိုတောင်လာတောင်းနေသေးတယ်၊ အခြေအနေကို လုံးဝမသုံးသပ်နိုင်တဲ့ကောင်ပဲ"

"ငါတို့လည်း သူတော်စင်ကြီးနဲ့အတူ တိုက်ပွဲမှာပါဝင်သင့်သလား"

"ဒီလိုပွဲကြီးပွဲကောင်းမှာ ငါတို့ ကျီယွန်မြင့်မြတ်နယ်မြေမပါရင်ဘယ်ဖြစ်မလဲ"

"ငါတို့ လီကွမ်းမြင့်မြတ်နယ်မြေကလည်း ချင်လင်နယ်မြေရဲ့ရန်သူကိုသုတ်သင်ဖို့ တာဝန်ယူရမယ်၊ ဒါ ငါတို့ရဲ့လုပ်ကိုလုပ်ရမယ့်တာဝန်ပဲ"

မူလက သူတို့သည် တက်ကြွခဲ့ကြသူများမဟုတ်ပေ။ သို့သော် ဤတိုက်ပွဲမှာ အနိုင်ရရန်သေချာနေပြီဖြစ်ရာ ကိုယ်တိုင်တိုက်ရန်ပင်မလိုဘဲ သူတော်စင်သုံးပါးက ဖြေရှင်းပေးသွားမည်ဖြစ်သည်။

သူတို့အနေဖြင့် အချိန်မီရောက်သွားရုံနှင့် ဖေးရှန်ဂိုဏ်း၏အရင်းအမြစ်များကို ခွဲဝေယူနိုင်မည်ဖြစ်သည်။ ဤသို့အမြတ်ထွက်မည့်ကိစ္စတွင် သူတို့ အဘယ်ကြောင့်နောက်ကျနေပါမည်နည်း။

မြင့်မြတ်နယ်မြေခုနှစ်ခုသည် အင်အားများစုစည်းကာ စစ်ကြေညာချက်ထုတ်ပြန်ပြီး ဖေးရှန်ဂိုဏ်းကို တရားဝင်စစ်ကြေညာလိုက်၏။ ဤလှုပ်ရှားမှုက ချင်လင်နယ်မြေကို နောက်တစ်ကြိမ် တုန်လှုပ်စေပြန်သည်။

သူတော်စင်သုံးပါး၊ နတ်ဆိုးမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့၏ ပူးပေါင်းမှု၊ ထို့နောက် မြင့်မြတ်နယ်မြေခုနစ်ခုလုံးပါဝင်လာမှု... ဤကဲ့သို့သောအင်အားစုမျိုးမှာ ချင်လင်နယ်မြေသမိုင်းတွင် ပထမဆုံးပင်။ ဖေးရှန်ဂိုဏ်းသေချာပေါက်ပျက်စီးတော့မည်ဟု လူတိုင်းကထင်ကြသည်။

ချင်လင်နယ်မြေရှိ ကျင့်ကြံသူအမြောက်အမြားမှာမူ နှမြောတသဖြစ်နေကြ၏။ သူတို့သည် လူသန်းပေါင်းများစွာ၏သွေးဖြင့် အသနားခံစာရေးသားကာ စစ်ပွဲကိုရပ်တန့်ပေးရန် တောင်းဆိုချင်နေကြသည်။

ဒီလောက် ရက်ရက်ရောရောကျွေးမွေးတဲ့ဂိုဏ်းကို... ဘယ်လိုစိတ်နဲ့ဖျက်ဆီးရက်ကြတာလဲ... ငါတို့က နောက်ထပ်ပွဲတော်လုပ်မှာကိုစောင့်နေတာလေ...

ကံမကောင်းစွာဖြင့် အောက်ခြေကျင့်ကြံသူများ၏ဆန္ဒမှာ အထက်လူကြီးများထံသို့ မရောက်ရှိနိုင်ပေ။

ယနေ့တွင် နတ်ဆိုးနှင့် လူသားမျိုးနွယ် ပူးပေါင်းတပ်ဖွဲ့ကြီးသည် ဖေးရှန်ဂိုဏ်း၏ လျှို့ဝှက်နယ်မြေအပြင်ဘက်တွင် စုရုံးရောက်ရှိနေပြီဖြစ်ရာ တိုက်ပွဲကြီးမှာစတင်ပေတော့မည်။ ထိုကြောက်မက်ဖွယ်ရန်သူကြီးကိုရင်ဆိုင်ရန် လျှို့ဝှက်နယ်မြေအတွင်းရှိတပည့်များနှင့် နှလုံးသားဌာနမှလူများမှာ မျက်နှာပျက်ယွင်းနေကြပြီး စိတ်မကောင်းဖြစ်နေကြသည်။

သူတို့သည် ဂိုဏ်းချုပ်အပေါ် အမြဲတမ်းယုံကြည်ခဲ့သော်လည်း ယခုတစ်ကြိမ် ရန်သူ၏အင်အားမှာ အလွန်ကြီးမားလွန်း၏။ အကယ်၍သူသည် အင်မော်တယ်တစ်ယောက်ဖြစ်နေလျှင်ပင် အနိုင်ရရန်မလွယ်ကူဟု သူတို့ထင်မြင်နေကြသည်။

လူတိုင်းက ဂိုဏ်းချုပ်၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။ တိုက်စစ်ဆင်မှာလား... ခုခံမှာလား... လူအင်အားကို ဘယ်လိုဖြန့်ကျက်မှာလဲ...

သို့သော် ဂိုဏ်းချုပ်မှာမူ ဘာမှမသိသကဲ့သို့ထိုင်နေပြီး သူ၏စိတ်ဝိညာဉ်မှာ အခြားကမ္ဘာတစ်ခုသို့ ရောက်နေသကဲ့သို့ပင်။ အစ်ကိုကြီးချန်သည် လက်ရှိတွင် သင်္ချာပုစ္ဆာတစ်ခုကို စဉ်းစားနေခြင်းဖြစ်သည်။

ဒီလောက်လူအုပ်ကြီးဆိုရင် ငါ့အတွက် အမှတ်ဘယ်လောက်ရမလဲ...

နတ်ဆိုးတွေမှာ သိုလှောင်လက်စွပ်တွေ မရှိဘူးထင်တယ်၊ ဒါဆို သူတို့ကသိပ်တန်ဖိုးမရှိဘူး...

ဒီလောက်ရန်သူများတာ... တစ်ခါလောက် အသေခံလိုက်ရင်ကောင်းမလား...

သူအကြာကြီးငြိမ်သက်နေသည်ကိုတွေ့သောအခါ ချင်းစော့က ဖြည်းညှင်းစွာရှေ့တိုးလာသည်။

"ဂိုဏ်းချုပ်ကျန်း... ကျွန်မတို့ မျိုးနွယ်စုကအဆင်သင့်ပါပဲ"

"ဘာအတွက် အသင့်ဖြစ်တာလဲ"

သူမ၏ သေရဲသည့်မျက်ဝန်းများနှင့် နောက်ကွယ်ရှိနှလုံးသားဌာနမှပညာရှင်များ၏ တင်းမာသောမျက်နှာများကိုကြည့်ပြီး ကျန်းချန် အနည်းငယ်ဇဝေဇဝါဖြစ်သွားသည်။

"ရန်သူကြီးရောက်နေပြီလေ၊ ဂိုဏ်းချုပ်ကျန်း အမြန်ဆုံးအစီအစဉ်ချပေးပါ"

ချင်းစော့သည် သူမ၏နှလုံးသားထိုးဖောက်ကန်တော့ကို တင်းတင်းဆုပ်ကိုင်ကာ လေးနက်သောအသံဖြင့်ဆိုသည်။

"ကျွန်မတို့မျိုးနွယ်စုက သူတော်စင်ပိဖုန်းကို အသက်ပေးတိုက်ပွဲဝင်ဖို့အသင့်ပါပဲ"

"နောက်ဆုံးတစ်ယောက်ကျန်တဲ့အထိ နောက်မဆုတ်တမ်း တိုက်ခိုက်မယ်"

သူမ၏စကားအဆုံးတွင် နှလုံးသားဌာနမှလူများကလည်း ဟိန်းဟောက်ကာထောက်ခံကြသည်။

"နောက်မဆုတ်ဘူး"

ဟေး... ဟေး... မင်းတို့ ငါ့ကိုနောက်နေတာလား...

ဒါ အရင်က ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ပဲသိပြီး ပြဿနာကိုရှောင်တတ်တဲ့ နှလုံးသားဌာနဟုတ်ရဲ့လား...

ဘာလို့ရုတ်တရက်ကြီး သေကြောင်းကြံတဲ့စစ်သည်တော်တွေ ဖြစ်ကုန်ကြတာလဲ...

"ဟမ်... ဒီတိုက်ပွဲအတွက် မင်းတို့စိုးရိမ်စရာမလိုပါဘူး။ ငါတစ်ယောက်တည်း ထွက်ပြီးရင်ဆိုင်လိုက်မယ်"

ရန်သူ့အင်အားက အလွန်ကြီးမားသဖြင့် သူတို့ရှိသည့်လူအနည်းငယ်နှင့်တိုက်ခိုက်လျှင် သေချာပေါက် ရှုံးပေလိမ့်မည်။ ဂိုဏ်းစောင့်အစီအရင်များရှိသော်လည်း နတ်ဆိုးဘုရင်ကြီးနှစ်ပါး၊ အရှင်မြတ်အဆင့်ရှိသော နတ်ဆိုးကြီးဆယ်ဂဏန်းနှင့် မြင့်မြတ်နယ်မြေခုနှစ်ခုတို့ကို ရင်ဆိုင်ရန် မလွယ်ကူပေ။

ချင်းစော့တို့အနေဖြင့် ပိဖုန်းတစ်ယောက်တည်းကိုပင် မနည်းတောင့်ခံရပေလိမ့်မည်။ နတ်ဆိုးဘုရင်နှစ်ပါးထဲမှ တစ်ပါးကပင် မျက်စိသုံးလုံးကျားကို အလွယ်တကူချေမှုန်းနိုင်စွမ်းရှိသည်။

ဒါဆိုရင် ကျန်တဲ့ဖေးရှန်ဂိုဏ်းတပည့် ၇၀ နဲ့ ဘယ်လိုလုပ်မလဲ...

ဤရန်သူများကိုဖြေရှင်းရန်မှာ သူ၏အသက်ပြန်ရှင်ခြင်းအားကိုးရပေမည်။ ပြန်ရှင်လာရန်အတွက် သူ အရင်ဆုံးအသတ်ခံရမည်။ အသတ်ခံရခြင်းက သူ၏ပုံရိပ်ကိုထိခိုက်စေသဖြင့် မိမိလူများ၏ရှေ့တွင် အသတ်မခံလိုခြင်းပင်။

ထို့ကြောင့်သူသည် နှလုံးသားဌာနမှလူသောင်းချီကိုခေါ်သွားရန် သဘောမတူနိုင်ပေ။ ဒီလောက်လူအများကြီးရှေ့မှာ အသတ်ခံလိုက်ရင် သူ၏ ဟန်ဆောင်မှုဘုရင်ဂုဏ်ပုဒ် ထိခိုက်ကုန်မည် မဟုတ်ပါလား။

"ဘာ"

"ဂိုဏ်းချုပ်ကျန်း... ရှင်တစ်ယောက်တည်း ထွက်တိုက်မလို့လား"

ချင်းစော့မှာ ခဏမျှကြောင်သွားပြီးနောက် ပြင်းပြင်းထန်ထန် ကန့်ကွက်တော့သည်။

"ဒါ လုံးဝမဖြစ်သင့်ဘူး"

အခြားအကြီးအကဲများလည်း တားကြသည်။

"ပိဖုန်းက ငါတို့နှလုံးသားဌာနရဲ့ရန်သူပဲ၊ ဂိုဏ်းချုပ်ကျန်းကို တစ်ယောက်တည်းမလွှတ်နိုင်ဘူး"

"ဂိုဏ်းချုပ်ကျန်း... နောက်တန်းကနေပဲအမိန့်ပေးပါ"

"ဟုတ်ပါတယ်... ဂိုဏ်းချုပ်ကျန်းက အရေးကြီးဆုံးလူပဲ၊ အန္တရာယ်အဖြစ်မခံပါနဲ့"

ကျန်းချန် နောက်ဆုံးတော့နားလည်သွားသည်။ ဒီအမျိုးသမီးတွေက သူ့ကို အသက်ပြန်ရှင်ခြင်း စမ်းရေတွင်းလိုမျိုး သဘောထားနေကြတာပဲ... (သူတို့သေသွားလည်း ကျန်းချန်က ပြန်ရှင်အောင်လုပ်ပေးနိုင်တယ်လေ...)

သူတို့ ဒီလောက်သေရဲနေကြတာ အံ့ဩစရာမဟုတ်တော့ပေ။ ပိဖုန်းကို နာကျည်းတာကတစ်ပိုင်း၊ အဓိကကတော့ သူတို့သေသွားရင် ကျန်းချန်က ပြန်ရှင်အောင်လုပ်ပေးနိုင်တယ်ဆိုတာကို ယုံကြည်နေကြခြင်းဖြစ်သည်။ အကယ်၍ ကျန်းချန်သာသေသွားရင်တော့ သူတို့အတွက် မျှော်လင့်ချက်မရှိတော့ဘူးလို့ ယူဆနေကြခြင်းဖြစ်သည်။

တောက်... ဒါက တကယ်ကိုထိခိုက်စရာပဲ။ ငါ့လိုခန့်ညားလှတဲ့ ဟန်ဆောင်မှုဘုရင်ကြီးကို အပိုပစ္စည်းတစ်ခုလို သဘောထားနေကြတာလား...

ငါက ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားရှင်ပါကွ... မင်းတို့မိသားစုတစ်ခုလုံးသာ အသက်ပြန်ရှင်ခြင်းစမ်းရေတွင်း ဖြစ်လိုက်ကြ...

ပြီးတော့ လူသောင်းချီကို ခဏခဏပြန်ရှင်အောင်လုပ်ပေးဖို့က အမှတ်ဘယ်လောက်ကုန်မလဲ မင်းတို့သိလား...

"မျိုးနွယ်စုခေါင်းဆောင်ချင်းစော့နဲ့ နှလုံးသားဌာနကလူအားလုံး... အားလုံးရဲ့စေတနာကို နားလည်ပါတယ်"

"ဒါပေမဲ့ အရင်ကပြောခဲ့သလိုပဲ၊ အခုကစပြီး ငါကပဲ အရာရာကိုအမိန့်ပေးမယ်၊ မင်းတို့က နာခံဖို့ပဲလိုတယ်"

ချင်းစော့၏မျက်နှာမှာ တင်းမာသွားသည်။ ထိုသို့ ကတိပေးခဲ့သည်မှာမှန်သော်လည်း...

"ဒါပေမဲ့ ရန်သူက အရမ်းအင်အားကြီးတယ်..."

ကျန်းချန်က သူမ၏စကားကို အော်ဟစ်၍ဖြတ်ပြောလိုက်သည်။

"ရန်သူအင်အားကြီးလို့ပဲ ငါကမင်းတို့နဲ့ ငါ့တပည့်တွေကို အန္တရာယ်အဖြစ်မခံနိုင်တာ"

"အန္တရာယ်အရှိဆုံးအလုပ်တွေကို အရေးကြီးဆုံးလူကပဲလုပ်ရမယ်"

"ဒါက... ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါ့ရဲ့တာဝန်ပဲ"

ဤကဲ့သို့သော စိတ်အားထက်သန်ဖွယ်၊ ကိုယ်ကျိုးမငဲ့သောစကားများကို ပြောလိုက်သောအခါ လူတိုင်းမှာ ဂိုဏ်းချုပ်ကျန်း၏ခန္ဓာကိုယ်မှ အံ့ဖွယ်အလင်းတန်းများ ထွက်ပေါ်နေသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ဤကဲ့သို့သော အပေါ်ယံစကားများမှာ သာမန်တပည့်များကိုသာ ဆွဲဆောင်နိုင်သော်လည်း အဆင့်မြင့်ပညာရှင်များကမူ ဘယ်လိုတိုက်ခိုက်မည်ကို သိလိုနေကြသည်။

ကျန်းချန်ကို ဆက်လက်တားဆီးနေကြသည်ကို တွေ့သောအခါ မိုချန်ကရှေ့ထွက်လာသည်။

"ဟဲဟဲ... နှလုံးသားဌာနကမိတ်ဆွေတို့ စိုးရိမ်စရာမလိုပါဘူး"

"ဂိုဏ်းချုပ်မှာ ရန်သူကိုနှိမ်နင်းဖို့ မဟာဗျူဟာရှိပြီးသားပါ။ အရာအားလုံးက သူ့ရဲ့အစီအစဉ်အတိုင်းပါပဲ"

"ငါတို့က သူ့ရဲ့ အစီအစဉ်အတိုင်း လိုက်လုပ်ဖို့ပဲလိုတယ်"

တကယ်တော့မိုချန်လည်း ကျန်းချန်ဘယ်လိုအနိုင်ယူမလဲဆိုတာမသိပေ။ သို့သော် ကျန်းချန်မှာ ကြီးမားသောကံတရားရှိသည်ကို သူယုံကြည်သည်။

ဤကဲ့သို့သောလူမျိုး၏ဆုံးဖြတ်ချက်မှာ မည်မျှပင်ကျိုးကြောင်းမဆီလျော်ဟုထင်ရပါစေ နောက်ဆုံးတွင် မယုံနိုင်လောက်သောနည်းလမ်းဖြင့် အောင်မြင်သွားမည်ကို အင်မော်တယ်လောကတွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့သော ဤမြေခွေးအိုကြီးက အခိုင်အမာယုံကြည်၏။

"အကြီးအကဲမိုချန်က ငါ့ကိုအသိဆုံးပဲ"

ကျန်းချန်က သူ့ကို ကျေနပ်စွာကြည့်လိုက်သည်။ ဤအင်မော်တယ်အိုကြီးကို ခေါ်ထားရသည်မှာ တကယ်ထိုက်တန်သည်။ သူသည် ကျန်းချန်၏ဟန်ဆောင်မှုများအတွက် လမ်းခင်းပေးရာတွင် အမြဲတမ်းထောင့်စေ့၏။ အင်မော်တယ်‌လောကသို့ရောက်လျှင်ပင် သူ့ကို ဆက်လက်အားကိုးရပေဦးမည်။

All Chapters