← Chapters

သူတို့က မင်းရဲ့အဖေကိုသတ်ချင်နေတာ

Vol. 16 Ch. 160

သူတို့က မင်းရဲ့အဖေကိုသတ်ချင်နေတာ

Vol. 16 Ch. 160

"ဂိုဏ်းချုပ်ကျန်း... ရှင်က ရန်သူကို တစ်ယောက်တည်းရင်ဆိုင်မယ်ဆိုရင်တောင် လျှို့ဝှက်နယ်မြေထဲမှာပဲနေတာက ပိုကောင်းပါလိမ့်မယ်"

ချင်းစော့သည် ကျန်းချန်ကို နောက်ဆုံးအကြိမ်အဖြစ် ဆွဲဆောင်ရန် ကြိုးစားနေဆဲပင်။

"ဘယ်လိုပဲဖြစ်ဖြစ် လျှို့ဝှက်နယ်မြေထဲမှာဆိုရင် ရှင့်ကိုကူညီပေးမယ့် အားကောင်းတဲ့အစီအရင်တွေနဲ့ တားမြစ်ချက်တွေရှိနေတာပဲ။ အပြင်ထွက်တိုက်ရင်တော့ အဲဒီအားသာချက်တွေ ဆုံးရှုံးသွားလိမ့်မယ်"

အစ်ကိုကြီးချန်က စိတ်ထဲမှကျိတ်ရယ်လိုက်သည်။

အထဲမှာတိုက်လို့ ပစ္စည်းတွေပျက်စီးကုန်ရင် မင်းတို့ကလျော်မှာမို့လို့လား...

အပြင်မှာထွက်တိုက်တာကမှ အကောင်းဆုံးပေါ့...

သူတစ်ယောက်တည်း ပျံသန်းထွက်ခွာသွားတော့သည်။

သူ လျှို့ဝှက်နယ်မြေမှထွက်လိုက်သည်နှင့် ကောင်းကင်ကြီးမှာ ပျောက်ကွယ်နေပြီဖြစ်သည်။ နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးကြီးများ၏ခန္ဓာကိုယ်များမှာ အဆုံးမရှိအောင်ရှည်လျားလှပြီး ကောင်းကင်နှင့် တိမ်တိုက်များကိုပင် ဖုံးကွယ်ထားကြသည်။

ပိဖုန်းနှင့် အခြားသူများမှာ ယခုလေးတင်ရောက်ရှိလာခြင်းဖြစ်ပြီး မည်သို့တိုက်ခိုက်မည်ကို ဆွေးနွေးနေကြဆဲပင်။ သူတို့သည် လမ်းကြောင်းကိုဖုံးကွယ်ခြင်းမရှိဘဲ ချီတက်လာကြသဖြင့် ရန်သူကသတင်းရနေမည်မှာ သေချာသည်။

ယခုအချိန်တွင် ဖေးရှန်ဂိုဏ်းသည် အစီအရင်ပေါင်းများစွာ၊ ချောင်းမြောင်းတိုက်ခိုက်မှုများနှင့် ထောင်ချောက်များကို ပြင်ဆင်ထားပြီး သံမဏိခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲထားလောက်ပြီဟု သူတို့တွေးနေကြသည်။

"ဘယ်သူအရင်တိုက်မှာလဲ"

နတ်ဆိုးဘုရင်များနှင့် မြင့်မြတ်နယ်မြေခုနှစ်ခုမှ ခေါင်းဆောင်များမှာ အချင်းချင်းကြည့်နေကြသည်။ ဘယ်သူမှ ရှေ့ဆုံးကနေအသေမခံချင်ကြ။ ပထမဆုံးတိုက်ခိုက်သူမှာ အပြင်းထန်ဆုံး တန်ပြန်တိုက်ခိုက်မှုကို ခံရမည်မဟုတ်ပါလား။

"ဒီလျှို့ဝှက်နယ်မြေအဝင်ပေါက်က မန္တာန်တစ်ခုလိုအပ်တယ်၊ အင်အားသုံးပြီးဖျက်ဆီးမှပဲ ရတော့မယ်ထင်တယ်"

ကျန်းချန်နှင့် နှလုံးသားဌာနမှလူများ ထွက်မပြေးကြသည်ကိုကြည့်လျှင် သူတို့ခုခံနိုင်မည်ဟု ယုံကြည်ချက်ရှိနေပုံရကြောင်း ပိဖုန်းကသုံးသပ်နေသည်။ အထဲတွင် ဘာတွေရှိနေနိုင်မည်ကို သူတွေးတောနေစဉ်မှာပင်...

ဂိုဏ်းချုပ်ကျန်း ပျံသန်းထွက်လာခဲ့သည်။

သူပေါ်လာသည်နှင့် မြင့်မြတ်နယ်မြေခုနှစ်ခုမှ ထိပ်တန်းလူများမှာ လန့်ဖျပ်သွားပြီး မိုင်ပေါင်းများစွာအဝေးသို့ အလျင်အမြန်ဆုတ်ခွာသွား၏။ တစ်ယောက်တည်းမှန်း သိလိုက်ရသောအခါ ပိဖုန်းပင်လျှင် မျက်မှောင်ကြုတ်မိသွားသည်။

ထားလိုက်ပါတော့... ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ကြတာပေါ့။

"ကျန်းချန်... မင်း မြင့်မြတ်နယ်မြေနှစ်ခုကို ဖျက်ဆီးတုန်းက ဒီလိုနေ့မျိုးရောက်လာလိမ့်မယ်လို့ တွေးခဲ့ဖူးလား"

အစ်ကိုကြီးချန်က ကောင်းကင်ယံရှိ နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးကြီးများကို အကဲခတ်နေသည်။

ဝိုး... ဒါက ဆပ်ကပ်ပွဲကျနေတာပဲ၊ ထူးဆန်းတဲ့ရုပ်ရည်ရှိတဲ့ နတ်ဆိုးသားရဲတွေ အကုန်ရှိနေတာပဲ...

သူတို့နှင့် ယှဉ်လိုက်လျှင် မျက်စိသုံးလုံးကျားမှာ ချောမောလှပသည့် အမျိုးအစားထဲတွင် ပါဝင်နေသည်။

မေးခွန်းကို ကြားသောအခါ သူကခေါင်းညိတ်ပြသည်။

"တွေးဖူးတာပေါ့... ဒီနေ့ ရောက်လာမယ်ဆိုတာ သိပြီးသားပါ"

ပိဖုန်းမှာ ဆွံ့အသွားသည်။ ပထမဆုံးစကားတစ်ခွန်းတည်းနှင့်ပင် စကားဝိုင်းမှာပျက်သွားပြီဖြစ်ရာ သူဘယ်လိုဆက်ပြောရမည်နည်း။

"မင်းရဲ့လူတွေကို ထွက်လာခိုင်းလိုက်ပါ"

ပိဖုန်းက အရာအားလုံးကိုသိမြင်ထားသည့် အမူအရာဖြင့်ဆိုသည်။

"ကြီးမားတဲ့အင်အားရှေ့မှာ ချောင်းမြောင်းတိုက်ခိုက်တာတွေက အဓိပ္ပာယ်မရှိဘူး"

"ဘာကို ချောင်းမြောင်းတိုက်ခိုက်ရမှာလဲ"

အမြန်ဆုံးအသတ်ခံရစေရန်အတွက် ဂိုဏ်းချုပ်ကျန်းက လက်ကိုဖြန့်ပြကာ သူ၏စစ်မှန်မှုကို ပြသလိုက်သည်။

"ငါတစ်ယောက်တည်းပါပဲ... ရဲရဲဝံ့ဝံ့သာလာခဲ့ပါ"

သူသည် လက်နက်ပင် ကိုင်ဆောင်မထားသလို သိုလှောင်လက်စွပ်လည်း ဝတ်မထားပေ။ လုံးဝ လက်ဗလာပင်။ ပိဖုန်းသည် သူ၏ စိတ်ဝိညာဉ်ဖြင့် ပတ်ဝန်းကျင်ကို အကြိမ်ကြိမ်စစ်ဆေးပြီးဖြစ်သော်လည်း ဘာမှရှာမတွေ့ပေ။

တကယ်ပဲ သူတစ်ယောက်တည်းလား...

ပိဖုန်းသည် အရင်ရန်သူများကဲ့သို့ ကြောက်ရွံ့နေမည့်သူ မဟုတ်ပေ။ သူ၏စိတ်ဝိညာဉ်ကိုအသုံးချကာ တိတ်တဆိတ်တိုက်ခိုက်လိုက်သည်။ ဝိညာဉ်စွမ်းအားကို အသုံးမပြုသော်လည်း ပတ်ဝန်းကျင်တွင် လေပြင်းများ ရုတ်တရက်တိုက်ခတ်လာသည်။

ကျန်းချန်သည်လည်း ၎င်းကိုလျစ်လျူမရှုနိုင်သဖြင့် သူ၏စိတ်ဝိညာဉ်ကို ထုတ်လွှတ်ကာ တုံ့ပြန်လိုက်၏။ ထိုလေပြင်းများကြားတွင် အော်ဟစ်သံပေါင်းများစွာပါဝင်နေပြီး စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာသို့ တိုက်ရိုက်ရိုက်ခတ်နေသည်။

တစ်ချိန်တည်းမှာပင် ပိဖုန်းက ဂါထာတစ်ခုကိုရွတ်ဆိုလိုက်သည်။

"ပျက်စီးစေ"

ချက်ချင်းပင် ပတ်ဝန်းကျင်တောင်တန်းများပေါ်ရှိ သစ်တောများညှိုးနွမ်းသွားပြီး လျင်မြန်စွာပုပ်သိုးသွားကြသည်။ ကောင်းကင်ယံရှိ နတ်ဆိုးကြီးများမှာလည်း ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြသည်။ ဤသူတော်စင်အဆင့်ဝိညာဉ်တိုက်ခိုက်မှုက သူတို့အပေါ်သက်ရောက်မှုရှိနေ၏။

မြင့်မြတ်နယ်မြေခုနှစ်ခုမှ လူများကမူ ဘာမှမဖြစ်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အင်အားမထုတ်လိုသဖြင့် အဝေးကြီးတွင်ရပ်နေကြသောကြောင့်ဖြစ်သည်။

"ဟား..."

ပိဖုန်းက ၎င်းကိုကြိုတင်သိမြင်ထားသကဲ့သို့ အားရပါးရရယ်မောလိုက်သည်။

"သူတော်စင်အစောပိုင်းအဆင့်... ထင်တဲ့အတိုင်းပဲ၊ မင်းရဲ့အစွမ်းက အပေါ်ယံထက် အများကြီးပိုတာပဲ"

ဖေးရှန်ဂိုဏ်းကို တိုက်ခိုက်ရန်အတွက် သူသည် သူ၏ဓမ္မခန္ဓာငါးခုအနက် လေးခုကိုပြန်လည်ခေါ်ယူထားရာ ယခုအခါ သူ၏အစွမ်းမှာ အထွတ်အထိပ်၏ ၉၀ ရာခိုင်နှုန်းအထိ ရှိနေပြီဖြစ်သည်။ သူ၏စိတ်ဝိညာဉ်အဆင့်မှာ ကျန်းချန်၏အစောပိုင်းအဆင့်ထက် အများကြီးပိုမြင့်မားသည်။

စိတ်ဝိညာဉ်နှစ်ခု ကောင်းကင်ယံတွင်ထိပ်တိုက်တွေ့ဆုံလေ၏...

လက်နက်များအသုံးမပြုဘဲ၊ မည်သည့်လှည့်ကွက်မှမသုံးသော်လည်း ကောင်းကင်ယံတွင် ပေါက်ကွဲသံများ စဉ်ဆက်မပြတ်ထွက်ပေါ်နေသည်။

ဝုန်း... ဝုန်း... ဝုန်း...

ဤအချိန်တွင် အဝေး၌ရပ်နေသော မြင့်မြတ်နယ်မြေမှလူများပင် သက်ရောက်ခံလိုက်ရသည်။ တာအိုနန်းတော်အဆင့်အောက်ရှိ တပည့်အမြောက်အမြားမှာ ဘာမှမသိလိုက်ဘဲ အောက်သို့ငြိမ်သက်စွာပြုတ်ကျသွားကြတော့သည်။

စိတ်ဝိညာဉ်များတိုက်ခိုက်ခြင်းမှာ ပုံသဏ္ဍာန်မရှိသော်လည်း အလွန်အန္တရာယ်များ၏။ အထူးသဖြင့် သူတော်စင်အဆင့် စိတ်ဝိညာဉ်နှစ်ခုတိုက်မိခြင်းဖြစ်သည်။ ဤတိုက်ခိုက်မှုတစ်ချက်တည်းနှင့်ပင် မြင့်မြတ်နယ်မြေများမှ တပည့်ပေါင်းသောင်းချီသေဆုံးသွားခဲ့ရသည်။

တစ်ဖက်တွင်မူ ကောင်းကင်ယံကိုစိုးမိုးထားသော နတ်ဆိုးဘုရင်နှစ်ပါးမှာ သူတို့၏သူတော်စင်နယ်ပယ်များကို ဖွင့်လှစ်လိုက်ပြီး သူတို့နောက်ကွယ်ရှိ နတ်ဆိုးကြီးများကို ကာကွယ်ပေးထားကြသည်။

ကျန်းချန်မှာမူ ဘာမှမဖြစ်ဘဲ မတ်တပ်ရပ်နေဆဲပင်...

၎င်းမှာ မဖြစ်နိုင်သောအရာဖြစ်သည်။ အစ်ကိုကြီးချန်ကိုယ်တိုင်ပင် ဇဝေဇဝါဖြစ်သွားသည်။

အထွတ်အထိပ်သူတော်စင်အဆင့်နှင့် အစောပိုင်းသူတော်စင်အဆင့်တို့ စိတ်ဝိညာဉ်တိုက်ခိုက်ကြလျှင် သူသည် မျက်စိတစ်မှိတ်အတွင်း လဲကျသွားရမည်ဖြစ်သည်။ သို့သော် ဤတိုက်ပွဲတွင် နှစ်ဖက်စလုံးမှာ လက်ရည်တူဖြစ်နေသည်။

သူ့ရှေ့တွင်ရှိသော ပိဖုန်းမှာ ပို၍ပင်ထိတ်လန့်သွားသည်။ သူသည် ထူးဆန်းသောသတ္တဝါတစ်ကောင်ကို ကြည့်နေသကဲ့သို့ အသက်ကိုပြင်းပြင်းရှူလိုက်သည်။

"မင်းရဲ့စိတ်ဝိညာဉ်က ထာဝရအဆင့်ကို ကျော်လွန်သွားပြီလား"

သူ့အတွက်မူ ၎င်းမှာ လုံးဝမဖြစ်နိုင်သောအရာဖြစ်သည်။ စိတ်ဝိညာဉ်များကို အဆင့်အတန်းခွဲခြားထားပြီး တစ်ဆင့်နှင့်တစ်ဆင့်မှာ ကမ္ဘာကြီးခြားထားကဲ့သို့ ကွာခြားလှသည်။

ပိဖုန်းသည် နှစ်ပေါင်းသန်းချီကျင့်ကြံခဲ့ပြီး သာမန်ဝိညာဉ်မှသည် အဆင့်ဆင့်ကျော်ဖြတ်ကာ နောက်ဆုံးတွင် အလွှာတစ်ရာအဆင့်သို့ ရောက်ရှိခဲ့၏။ ဤအဆင့်သည်ပင် အောက်ကမ္ဘာရှိ နယ်မြေပေါင်းသောင်းချီတွင် ထိပ်တန်းအဆင့်ဖြစ်သည်။

ပိုမိုမြင့်မားသော အလွှာတစ်ထောင်အဆင့်သို့ရောက်ရန် အင်မော်တယ်ဖြစ်ရန်လိုအပ်သည်။ သို့သော် ယခု...

ကျန်းချန်၏အဆင့်မှာနိမ့်သော်လည်း ပိဖုန်း၏ဝိညာဉ်တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။ ၎င်းမှာ အလွှာတစ်ထောင်အဆင့်ပင် မလုပ်နိုင်သောအရာဖြစ်ရာ ဒဏ္ဍာရီလာအမြင့်ဆုံးအဆင့်ဖြစ်သည့် ထာဝရအဆင့်သို့ ရောက်ရှိနေခြင်းဖြစ်ရမည်။

သို့မှသာ အစောပိုင်းသူတော်စင်အဆင့်တစ်ယောက်က အထွတ်အထိပ်သူတော်စင်အဆင့်၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်ဖြစ်သည်...

ကျန်းချန်၏ စိတ်ဝိညာဉ်မှာ နာကျည်းနေသောဝိညာဉ်ပေါင်းတစ်သိန်း၏ စေတနာအလျောက်စုစည်းမှုမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သူမည်သို့သိနိုင်ပါမည်နည်း။ ၎င်းမှာ မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရသော ထူးခြားသည့်အရာပင်။

"ထာဝရအဆင့်တို့ဘာတို့ ငါမသိဘူး"

အစ်ကိုကြီးချန်မှာ ဤအသုံးအနှုန်းကို တစ်ခါမှမကြားဖူးသဖြင့် နားမလည်ပေ။

"ကဲ... ဆက်လုပ်ပါဦး"

ပိဖုန်းသည် ဆက်လက်မတိုက်ခိုက်တော့ဘဲ ယခုအခါ ကျန်းချန်ကို သူနှင့်အဆင့်တူပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။

"မင်းတစ်ယောက်တည်းထွက်လာရဲတာ အံ့ဩစရာမရှိတော့ပါဘူး"

"ငါတစ်ယောက်တည်းနဲ့တော့ မင်းကိုနှိမ်နင်းဖို့ မလုံလောက်တော့ဘူးထင်တယ်"

"ကောင်းပြီလေ... ဒီနေ့က လူကြီးလူကောင်းဆန်ဆန်ယှဉ်ပြိုင်တဲ့ပွဲမဟုတ်ဘူး၊ ရန်ကြွေးဆပ်တဲ့ပွဲပဲ။ ဒါကြောင့်နည်းလမ်းတွေကို ဂရုစိုက်နေမှာမဟုတ်ဘူး"

ဤစကားထွက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ဆူညံသွားတော့သည်။

နောက်နေတာလား...

အထွတ်အထိပ်သူတော်စင်ပိဖုန်းက ကျန်းချန်ကို တစ်ယောက်တည်းမနိုင်ဘူးလို့ ဝန်ခံလိုက်တာလား...

ဒီလူတစ်ယောက်တည်းကိုနှိမ်နင်းဖို့ သူတို့အားလုံးဝိုင်းတိုက်ဖို့လိုအပ်နေတာလား...

ဒီလူက အဲဒီလောက်တောင်ကြောက်ဖို့ကောင်းတာလား...

မယုံနိုင်စရာပဲ...

နတ်ဆိုးဘုရင်နှစ်ပါးသည် ပိဖုန်းနှင့် ခေတ္တမျှဆွေးနွေးကြပြီး နောက်ဆုံးတွင် သူတော်စင်သုံးပါးပေါင်းကာ ကျန်းချန်ကိုဝိုင်းဝန်းတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

"မင်းကအစွမ်းထက်ပါတယ်... ဒါပေမဲ့ မင်းအဲဒီမျက်စိသုံးလုံးကျားကိုတော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

"ငါတို့ ဝိုင်းတိုက်တာကိုတော့ အပြစ်မတင်နဲ့၊ မင်းကိုယ်တိုင်က မာန်မာနထောင်လွှားလွန်းလို့ ဒီလိုဖြစ်ရတာပဲ"

သူ့ကိုဝိုင်းရံထားသော သူတော်စင်သုံးပါးကိုကြည့်ပြီး ကျန်းချန်မှာ အလွန်ဝမ်းသာသွားသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါကမာနကြီးတယ်... မင်းတို့ပြောတာမှန်တယ်။ လာခဲ့ကြစမ်းပါ"

သူသည် ပိုမိုပြင်းထန်သောတိုက်ခိုက်မှုကိုခံယူရန် စောင့်ဆိုင်းနေစဉ်မှာပင် လျှို့ဝှက်နယ်မြေထဲမှပုံရိပ်နှစ်ခု ရုတ်တရက်ခုန်ထွက်လာသည်။

လူတစ်ယောက်နှင့် ကျားတစ်ကောင်။ ကျားမှာ မျက်စိသုံးလုံးကျားဖြစ်ပြီး ၎င်း၏ကျောပေါ်တွင်စီးနင်းလာသူမှာ ကျောက်စိမ်းကဲ့သို့လှပသော မိန်းကလေးငယ်လေး အဝါလေးပင်ဖြစ်သည်။

သူတို့ပေါ်လာသည်နှင့် မျက်စိသုံးလုံးကျားသည် တစ်ဖက်လူများကိုလက်ညှိုးထိုးပြပြီး အကျယ်ကြီးတိုင်တောလိုက်သည်။

"ဒါသူတို့ပဲ"

"သူတို့က မင်းရဲ့အဖေကိုသတ်ချင်နေတာ"

All Chapters