ကြောက်စရာကောင်းသော ဟွမ်ရန် ( ၂ )
Vol. 9 Ch. 124
ယနေ့အဖြစ်အပျက်က အလွန်ရှုပ်ထွေးသည်ဟု ရွှီချင်း ခံစားနေရသည်။ ဤဖြစ်ရပ်၏နောက်ကွယ်တွင် အကြောင်းအရင်းသုံးမျိုး ရှိနေသည်။ ပထမတစ်မျိုးက ဆိုင်ရှင်က သူ့ကို သင်ခန်းစာ ပေးချင်နေပါသော်လည်း သူ ဖြေရှင်းနိုင်သည့်သင်ခန်းစာဖြစ်မည်မှာ သေချာသည်။
ဒုတိယတစ်မျိုးက ဟွမ်ရန်က ဤကိစ္စထဲကို ရည်ရွယ်ချက်ရှိရှိ ဝင်ပါနေပုံရသည်။ သူ၏ရည်ရွယ်ချက်ကို မှန်းဆမရပေ။
တတိယတစ်မျိုးက ရေသူထီးလူငယ်ရောက်ရှိလာခြင်းက တိုက်ဆိုင်ခြင်းသက်သက်သာဖြစ်ကြောင်း ယူဆရန် ခဲယဉ်းသည်။
အခြေအနေတစ်ခုလုံးကို သူ နားမလည်သေးခင် ကမူးရှူးထိုး မလုပ်ချင်ပေ။
ရေသူထီးလူငယ်က ဆိုင်ထဲရှိ တခြားလူများအားလုံးကို အထင်သေးသည့်အကြည့်ဖြင့် လှည့်ပတ်ကြည့်လိုက်သည်။
အမှန်စင်စစ် ချီရွှဲ့ထုံဂိုဏ်းကို ဝင်ရောက်ခြင်းက သူ၏မူလရည်ရွယ်ချက်မဟုတ်ပေ။ ရေသူမမျိုးနွယ်က မကြီးမားပါသော်ငြား မျိုးနွယ်ထဲရှိ သူ၏အဆင့်အတန်းက အလွန်မြင့်မားသောကြောင့် သူ့၌ မောက်မာသောစရိုက်ရှိသည်။ သို့ဖြစ်၍ သူ ရင်ထဲအသည်းထဲကမုန်းတီးသော လူသားမျိုးနွယ်ဆိုလျှင် သူ ပို၍ အထင်သေးစွာ ဆက်ဆံတတ်သည်။
ယနေ့ကိစ္စနှင့်ပတ်သက်၍ ဌာနက တင်ပြချက်ကို လက်ခံရရှိပြီးနောက် တာဝန်ယူသင့်သည့်အဖွဲ့က ရွှမ်ဌာနခွဲသာ ဖြစ်သည်။ သို့သော်လည်း ရွှမ်ဌာနခွဲအဖွဲ့ဝင်တစ်ယောက် ပါနေ၍ သံသယမှ ရှောင်ရှားနိုင်စေရန် ထိုကိစ္စကို တိဌာနခွဲသို့ လွှဲပေးခဲ့သည်။ ရေသူထီးလူငယ်က ထိုကိစ္စတွင် ရွှီချင်း ပါနေကြောင်း သိသွားသောအခါ ဆုကြေးငွေအတွက် ရန်ပွဲကို ပြန်တွေးမိပြီး ထိုတာဝန်ကို လက်ခံကာ အဖွဲ့ဝင်များနှင့်အတူ ကိုယ်တိုင် ထွက်လာခြင်း ဖြစ်သည်။
သူက ရွှီချင်းနှင့် ဟွမ်ရန်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“ ကျင်းကန်းဂိုဏ်းအခိုးခံရတဲ့ကိစ္စမှာ သူတို့နှစ်ယောက်က အဓိကရာဇဝတ်ကောင်တွေ၊ ခိုးရာပါပစ္စည်းတွေလည်းရှိတယ်။ တစ်ယောက်ကလည်း လူဆိုးထိန်းဌာနက အဖွဲ့ဝင်ဆိုတော့ သူတို့ကို စစ်ဆေးရအောင် ဌာနကို ခေါ်ခဲ့ကြ ”
ဘေးရှိ ဟွမ်ရန်သည် အမှန်၊အမှား မခွဲခြားနိုင်သေးသော လူဆိုးထိန်းဌာနအဖွဲ့ဝင်များကို ကြည့်၍ ဒေါသပေါက်ကွဲသွားတော့သည်။ ရွှီချင်းနှင့် ရေသူထီးလူငယ်ကြားကို ဝင်သွားကာ ရေသူထီးလူငယ်ကို ဒေါသတကြီး အော်ပြောလိုက်သည်။
“ မင်း မျက်လုံးကန်းနေလား။ ငါ့ပစ္စည်းတွေက ခိုးရာပါပစ္စည်း ဖြစ်မလားကွ ”
သူသည် ပြောရင်းဆိုရင်း သိုလှောင်အိတ်ကို ထုတ်၍ လူအားလုံးရှေ့မှောက်တွင် ခါလိုက်သည်။ ချက်ချင်းပင် သိုလှောင်အိတ်ထဲမှ ပစ္စည်းတစ်ခုပြီးတစ်ခု ထွက်ကျလာပြီး တောင်ပုလေးတစ်လုံးစာအရွယ် ပစ္စည်းပုံကြီး ဖြစ်သွားသည်။
ထိုပစ္စည်းပုံထဲတွင် ရွှီချင်း ရခဲ့သည့် အရိုးများနှင့် အတောင်များကဲ့သို့ တူညီသော ကုန်ကြမ်းပစ္စည်းအများစု ရှိနေသည်။ ၎င်းတို့က အမျိုးအစားတူသော သန္ဓေပြောင်းသားရဲထံမှ ရရှိခဲ့သည်မှာ ထင်ရှားသည်။
ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးက ထိုမြင်ကွင်းကို မြင်သောအခါ အသက်ရှူသွင်းလိုက်ကြပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။ ထိုပစ္စည်းများ၏ တန်ဖိုးက ဝိညာဉ်ကျောက်တုံး ထောင်ချီ၍ တန်ကြေးရှိကြောင်း သူတို့အားလုံး သိနေကြသည်။ အထူးသဖြင့် ဟွမ်ရန်၌ သိုလှောင်အိတ်တစ်အိတ်ရှိနေသည်ကို သူတို့ သတိထားမိလိုက်ကြသည်။ ထို့ကြောင့် သူတို့၏မျက်လုံးများထဲ ထူးဆန်းသောအလင်းများ ဝင်းလက်သွားကြသည်။
“ ငါ့ပစ္စည်းတွေက ခိုးရာပါပစ္စည်းတွေလို့ မင်းတို့ကောင်တွေ ပြောတယ်နော်။ ဒါတွေက ခိုးရာပါပစ္စည်းတွေလား။ ကျင်းကန်းဂိုဏ်းက ဒါတွေ ဝယ်နိုင်လား။ ဒါက မင်းအမေလင် ဖုန်းရှင်သားရဲတစ်ကောင်လုံးကွ။ အဖိုးတန်ဆုံးဦးခေါင်းခွံကို ဂိုဏ်းတူအစ်မကို ငါ ပေးလိုက်တာကွာ။ ဒါကို မင်းတို့ကောင်တွေက ငါ့ပစ္စည်းတွေကို ခိုးရာပါပစ္စည်းတွေလို့ ပြောရဲတာလား ”
ဖက်တီးလေး၏စကားဆုံးသည်နှင့် ဘေးပတ်ဝန်းကျင်မှ လူအားလုံး၏ မျက်လုံးများ ဝင်းလက်သွားသည်။ ရွှီချင်းသည်လည်း ပစ္စည်းများကို ကြည့်၍ အလိုလို ပင့်သက်ရှိုက်သွားမိသည်။
ဟွမ်ရန်က ချမ်းသာသည်ကို သူ သိထားပါသော်လည်း သိုလှောင်အိတ်ထဲမှ ကုန်ကြမ်းပစ္စည်းများကြောင့် သူ အံ့အားသင့်သွားရမြဲပင်။
ရေသူထီးလူငယ်က ဆိုင်ရှင်ကို လှမ်းကြည့်လိုက်သည်။
ဆိုင်ရှင် ခေါင်းကိုက်လာရသည်။ လူဆိုးထိန်းဌာနက ယခုလို မြန်ဆန်စွာ ရောက်ချလာပြီး သူ၏အစီအစဉ်များကို အနှောင့်အယှက်ဖြစ်သွားစေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ယခုအခါ သူ တွေဝေတွန့်ဆုတ်နေရပါသော်လည်း မြားကို လေးညှို့တွင် ဆွဲတင်ထားပြီးဖြစ်ပေရာ ပစ်လိုက်ရန်မှတစ်ပါး တခြားရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် သူက အားတင်း၍ ပြောလိုက်သည်။
“ အဲဒီဖုန်းရှင်သားရဲကလည်း ကျင်းကန်းဂိုဏ်းရဲ့ အစီရင်ခံစာမှာ ပါတယ် ”
အခြေအနေက မမျှော်လင့်ထားသောဦးတည်ချက်သို့ သွားနေသည်ကို မြင်သောအခါ ရွှီချင်းက နှုတ်ဆိတ်နေလိုက်ပြီး တည်ငြိမ်စွာ စောင့်ကြည့်လိုက်သည်။
“ အဲဒီဦးခေါင်းခွံလည်း ခိုးရာပါပစ္စည်းပဲ။ အဲဒါကို မင်းဂိုဏ်းတူအစ်မကို ပေးခဲ့တာမလား။ အဲဒါဆို အဲဒီဂိုဏ်းတူအစ်မလည်း ခိုးရာပါပစ္စည်းတွေကို လက်ခံတဲ့ ရာဇဝတ်ကောင်ပဲ။ မင်းတို့ကောင်တွေ ဘာလို့ သူတို့ကို မဖမ်းသေးတာတုံး။ သူတို့ကို စစ်ဆေးဖို့ ဖမ်းလိုက်ကြ။ အဲဒီရာဇဝတ်ကောင်မကိုလည်း တရားစီရင်ဖို့ ခေါ်ရမယ် ”
ရေသူထီးလူငယ်က တည်ငြိမ်စွာ ပြောသည်။ သူ၏နောက်ရှိ အသင်းဝင်လေးယောက်က ရွှီချင်းနှင့် ဟွမ်ရန်ထံ ချက်ချင်း လျှောက်လာသည်။ သူတို့ထဲမှတစ်ယောက်က ဟွမ်ရန်ဆီ သွားလိုက်ပြီး တခြားသုံးယောက်က ရွှီချင်းထံ တန်းတန်းမတ်မတ် သွားလိုက်သည်။
“ မင်းကမှ ရာဇဝတ်ကောင်၊ မင်းတို့တစ်ဆွေလုံးတစ်မျိုးလုံးကမှ ရာဇဝတ်ကောင်တွေကွ”
ဟွမ်ရန်က အင်္ကျီလက်စကို ခါလိုက်ပြီး ခုန်၍ ဒေါသတကြီး ပြေးဝင်သွားသည်။
ရွှီချင်းက သူ့ထံဝင်လာသည့် လူသုံးယောက်ကို အေးတိအေးစက် ကြည့်လိုက်သည်။ မူလက အခြေအနေတစ်ခုလုံးကို နားမလည်သေးခင် သူ ကမူးရှူးထိုး မလုပ်ချင်ခဲ့ပေ။ သို့သော် ယခု တစ်ဖက်လူက တရားလွန်လာခဲ့ပြီဖြစ်ပေရာ ညာလက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်သည်။
ရုတ်တရက် ပြင်းထန်သော ဖိအားတစ်ရပ်နှင့်အတူ ဘေးပတ်ဝန်းကျင်မှ ရေစက်ကလေးများ တဝုန်းဝုန်း ထွက်ပေါ်လာသည်။ ၎င်းတို့က ဖိအားများ ထုတ်လွှတ်နေပေရာ အသင်းဝင်သုံးယောက် မျက်နှာများ ပျက်သွားကြသည်။ သူတို့မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်များ ပေါ်လာပြီး သူတို့ခန္ဓာကိုယ်များ အရှိန်ပြင်းစွာ တုန်ခါသွားကာ ခြေတစ်လှမ်းပင် မတိုးနိုင်အောင် ဖြစ်သွားသည်။
ယခင်က ညဉ့်ငှက်အဖွဲ့ဝင်များကို ဖမ်းဆီးရာတွင် အမှတ်ခြောက်အသင်းနှင့် သူတို့ ပူးပေါင်းခဲ့ကြပါသော်လည်း ရွှီချင်း၏ အစွမ်းကို မျက်ဝါးထင်ထင် မမြင်ဖူးကြပေ။ တခြားလူများ ပြောပြသည်ကိုသာ နားစွန်နားဖျား ကြားခဲ့ရသည်။ ယခု သူတို့ကိုယ်တိုင် ကြုံတွေ့လိုက်ရပြီဖြစ်ပြီး စိတ်ထဲဗြောင်းဆန်သွားရသည်။
“ တရားဥပဒေကို ဖီဆန်တယ်ပေါ့ ”
ရေသူထီးလူငယ်က စူးရှချွန်ထက်သော သွားများပေါ်လာသည့်တိုင်အောင် ပြုံးလိုက်သည်။ ထို့နောက် သူက လှစ်ခနဲ ဝင်ရောက်သွားပြီး သူ၏အမြန်နှုန်းကြောင့် ဆိုင်ထဲ ဝုန်းခနဲ မြည်ဟည်းသွားသည်။ လျှပ်တစ်ပြက်အတွင်း ရွှီချင်းရှေ့ကို သူ ရောက်သွားပြီး ရွှီချင်း၏လည်ပင်းကို ဆုပ်ရန် ညာလက်ကို မြှောက်လိုက်သည်။
သူ့လက်သည်းများက စူးရှချွန်ထက်ပြီး အေးစက်စက် ဝင်းလက်နေသည်။ တခြားတစ်ယောက်သာဆိုပါက ထိုအမြန်နှုန်းကြောင့် ပြန်လည်တုန့်ပြန်ရန် အချိန်ရလိုက်မည် မဟုတ်ပေ။ သို့သော် သူ အနီးကပ်လာသည့်အခိုက် သူ၏လက်ဝါးရှေ့တွင် သံတုတ်ကလေး ပေါ်လာသည်။
သူက မြန်ဆန်ပါသော်လည်း ရွှီချင်းက သူ့ထက် ပိုမြန်နေသည်။ ရွှီချင်းက သံတုတ်ကို ဝှေ့ယမ်းလိုက်သည့်အချိန်မှာပင် ညာဘက်ဒူးကို ကွေးညွှတ်၍ ရေသူထီးလူငယ်ကို အညှာအတာမဲ့စွာ ပိတ်တိုက်လိုက်သည်။
တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ ရေသူထီးလူငယ်၏ ညာလက်ကို အလျင်အမြန် နောက်ဆုတ်သွားပြီး ရွှီချင်း၏ ဒူးကို သူ့ညာဒူးဖြင့် ခံလိုက်သည်။
ရွှီချင်း၏ခန္ဓာကိုယ် အနည်းငယ် ယိုင်သွားသည်။ ရေသူထီးလူငယ်သည်လည်း ခြေငါးလှမ်းဆုတ်သွားရ၏။ သူ ခေါင်းမော့ကြည့်လိုက်သောအခါ သူ၏မျက်လုံးများထဲ ရူးသွပ်သည့်အရိပ်အယောင်များ ထင်ဟပ်နေသည်။
“ စိတ်ဝင်စားစရာပဲ ”
သူ၏ခန္ဓာကိုယ်မှ တဖျစ်ဖျစ်မြည်သံများ ထွက်ပေါ်လာပြီး ချီစုစည်းခြင်းအဆင့်ကိုး အငွေ့အသက်များ ပျံ့လွင့်လာသည်။ သူ့နောက်၌ မည်းနက်တောက်ပြောင်နေသော ခက်ရင်းခွကြီးကို ကိုင်ထားသည့် ကြောက်စရာရေသူမတစ်ကောင် ပေါ်လာသည်။
ယင်းသည် သွေးနှင့်ချီပြောင်းလဲသွားရာမှ အရိပ်ဖြစ်လာခြင်း မဟုတ်ဘဲ သူ့သွေးမျိုးဆက်၏ မွေးရာပါစွမ်းအား ဖြစ်သည်။ ယခုအခါ သူသည် စွမ်းအားများဖြင့် တဟုန်းဟုန်းတောက်လောင်နေပြီး ရွှီချင်းထံ ချက်ချင်း ဝင်ရောက်သွားပြန်သည်။ ထို့နောက် ဆိုင်ထဲတွင် သူနှင့် ရွှီချင်းက ထိပ်တိုက်တိုက်ခိုက်နေကြသည်။
သူတို့နှစ်ယောက်က တခဏလေးအတွင်း ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် တိုက်ခိုက်ပြီးသွားကြပြီဖြစ်သည်။ အကြိမ်တိုင်း တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်နေပြီး ဆိုင်လေးအပေါ်ကိုလည်း သက်ရောက်သွားသည်။ သို့သော် ဆိုင်ထဲတွင် မန္တန်အစီအရင်ရှိနေ၍ ပြိုလဲသွားခြင်း မရှိပေ။
သို့ပေမည့် ထိုမြင်ကွင်းက အနီးနားက ရှောင်နေကြသည့်လူများ၏အကြည့်များကို စူးရှသွားစေသည်။
“ သူတို့က အင်မတန် အစွမ်းထက်တာပဲ ”
“ ရေသူမမျိုးနွယ်ဝင်တစ်ယောက်ဖြစ်တဲ့ အမှတ်သုံးအသင်းခေါင်းဆောင်က ရေသူမမျိုးနွယ်ရဲ့ မွေးရာပါသွေးစွမ်းအားကို ပိုင်ဆိုင်ထားတာပဲ။ ကြည့်ရတာ သူ့တိုက်ရည်ခိုက်ရည် ဂိုဏ်းကြီးတစ်ဂိုဏ်းက ချီစုစည်းခြင်းအဆင့်အထွတ်အထိပ်ဂိုဏ်းသားတစ်ယောက်ကို ယှဉ်နိုင်တယ်။ ပြီးတော့ ရွှီချင်း … သူလည်း အံ့သြဖို့ကောင်းတာပဲ ”
“ အရင်တုန်းက ရွှမ်ဌာနခွဲက သာမန်ဂိုဏ်းသားတစ်ယောက်က ညဉ့်ငှက်အဖွဲ့က ရန်သူခေါင်းဆောင်တစ်ယောက်ကို သတ်ခဲ့တယ်ဆိုပြီး ကောလာဟလတွေ ထွက်လိုက်သေးတယ်။ အဲဒီဂိုဏ်းသားက ရွှီချင်း ဖြစ်မယ်ထင်တယ် ”
လူအားလုံး၏ စကားသံများကို ကြား၍ ဘေးသို့ ရှောင်နေသော ဟွမ်ရန်သည် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။ သူ၏မျက်နှာပေါ်၌ အမည်ဖော်ရခက်သော အပြုံးတစ်စ ပေါ်လာပါသော်လည်း ချက်ချင်း ပျောက်ကွယ်သွားပြီး ဒေါသထွက်နေသော ရုပ်သွင်အဖြစ် ပြောင်းလဲသွားကာ အော်ဟစ်လိုက်သည်။
“ အစ်ကိုရွှီချင်း၊ ခင်ဗျား လုပ်နိုင်ပါတယ်။ အဲဒီငါးလေးကို သတ်ပစ်လိုက်စမ်းပါ။ ကျနော်တို့ကို အကျဉ်းချချင်တဲ့ကောင်၊ သူ့ကို သတ်လိုက်အစ်ကို။ ကျနော်တို့ ဒီည ငါးကင်စားကြမယ် ”
ထိုအချိန်၌ ရေသူထီးလူငယ် ထပ်မံနောက်ဆုတ်သွားသည်။ သူ၏နှုတ်ခမ်းထောင့်စွန်းတွင် သွေးများ စွန်းထင်းနေပြီး သွေးဆာနေသော သူ၏အကြည့်မှာလည်း ပို၍ စူးရှလာသည်။ လတ်ဆတ်သောသွေးများက သူ့ကို ပို၍ပင် စိတ်လှုပ်ရှားသွားစေသည်။ ယင်းအပြင် ယခုတိုင်အောင် သူ ထုတ်မသုံးရသေးသည့် ဝှက်ဖဲများ ရှိသေးသည် မဟုတ်ပါလား။ သူက တဟင်းဟင်း ရယ်ကာ လက်နှစ်ဖက်ကိုမြှောက်၍ မန္တန်လက်ကွက်များ ဖော်လိုက်သည်။
သို့သော်လည်း ရွှီချင်း၏အရိပ်က သူ့ခြေထောက်အောက်သို့ ရောက်နေသည်ကို သူ သတိမထားမိပေ။
ရွှီချင်းသည် ပုံမှန်အတိုင်း တည်ငြိမ်နေ၏။ ထိုစဉ် သူ၏မျက်လုံးများမှေးသွားပြီး လူသတ်ငွေ့များဖြင့် ဝင်းလက်သွားသည်။ သူ တိုက်ခိုက်ရန် ပြင်လိုက်စဉ် ရုတ်တရက် ပြင်းထန်သော အရှိန်အဝါတစ်ခု သက်ရောက်လာပြီး နေရာတစ်ခုလုံးကို ပိတ်လှောင်လိုက်သည်။
“ မင်းတို့ကောင်တွေ စောင့်ကြည့်လိုက် ”
ရေသူထီးလူငယ်က သွေးအေးစွာ ရယ်သွမ်းသွေးလိုက်ပြီး သူ့အရှိန်အဝါများ ငြိမ်ကျသွားသည်။ သို့သော်လည်း ဆိုင်အပြင်ဘက်မှ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာ၏။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ထိုအရှိန်အဝါက အစောပိုင်းက နေရာတစ်ခုလုံးကို ပိတ်လှောင်လိုက်သည့် အရှိန်အဝါအနည်းငယ်အား ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်၏။
ထိုဖြစ်ရပ်ကြောင့် ရေသူထီးလူငယ် ဆွံ့အသွားရသည်။ သူ လှည့်ကြည့်လိုက်သောအခါ ချက်ချင်းပင် သိသိသာသာ မျက်နှာပျက်သွား၏။ ရွှီချင်းသည်လည်း ခေါင်းမော့ကြည့်လိုက်သည်။ အပြင်ဘက်မှ အရှိန်အဝါကို သူ အာရုံခံမိလိုက်သောအခါ မျက်လုံးများ မှေးသွားသည်။
လူအားလုံး၏မြင်ကွင်းထဲကို လူရိပ်တစ်ရိပ် ဝင်ရောက်လာပြီး ဆိုင်အပြင်ဘက်မှ အမျိုးသမီးသံတစ်သံ လွင့်ပျံလာသည်။
“ ငါ့ပစ္စည်းတွေက ခိုးရာပါပစ္စည်းတွေလို့ ဘယ်သူ ပြောတာတုံး ”
ထိုအသံက လေအေးတစ်ချက်အလား ဆိုင်ထဲရှိ လူအားလုံးကို ချက်ချင်း တောင့်တင်းသွားစေသည်။ ရေသူထီးလူငယ်ဖြစ်စေ၊ ဆိုင်ရှင်ဖြစ်စေ ထိုစကားတစ်ခွန်းကို ကြားသောအခါ ထိန်းမထားနိုင်တော့ဘဲ တုန်ရီသွားရပြီး အသံကြားရာကို ကြည့်လိုက်ကြသည်။
အနှီအမျိုးသမီးက အရပ်မြင့်မြင့်၊ ထောင်ထောင်မောင်းမောင်းရှိပြီး ကြမ်းတမ်းသောသဘောကို ဆောင်နေသည့် ဝါဖန့်ဖန့်အသားအရေရှိသည်။ သူမ၏ဆံပင်ရှည်များက လေထဲတွင် လွင့်ပျံနေပါသော်ငြား နူးညံ့ညင်သာခြင်း စိုးစဉ်းမျှမရှိဘဲ အရိုင်းဆန်သည့်အရိပ်အယောင်တစ်ခုသာ ရှိနေသည်။
သူမသည် နက်မှောင်သောခရမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ငါးပေရှည်သော ဧရာမဓားကြီးတစ်လက်ကို တရွတ်တိုက်ဆွဲထားသည်။ သူမ လမ်းလျှောက်လိုက်သည့်အခါ ဓားထိပ်ဖျားက ကြမ်းခင်းပြားများကို ဖြတ်တောက်နေပြီး မီးပွားလေးများ ဖွာထွက်နေသည်။
ထိုမြင်ကွင်းက လူအားလုံးကို မှင်သက်သွားစေသည်။ မည်သူက စတင်ဦးညွှတ်လိုက်သည် မသိပါသော်လည်း လူတိုင်း ခေါင်းများငုံ့၍ လေးစားစွာ လက်နှစ်ဖက်ကို ဆုပ်လိုက်ကြသည်။
“ ဒုတိယမင်းသမီးကို နှုတ်ဆက်ပါတယ် ”
“ ဒုတိယမင်းသမီးကို နှုတ်ဆက်ပါတယ် ”
“ ဒုတိယမင်းသမီးကို နှုတ်ဆက်ပါတယ် ”
ဝင်ရောက်လာသည့်ပုဂ္ဂိုလ်က သတ္တမမြောက်တောင်ထိပ်၏ အကြီးဆုံး မင်းသမီးတစ်ပါးကဲ့သို့ လူတစ်ယောက်ပင်။ သာမန်ဂိုဏ်းသားများ၏ သေခြင်း၊ရှင်ခြင်းကို သူမ အဆုံးအဖြတ် ပေးနိုင်ပြီး အဓိကဂိုဏ်းသားဆိုသည့် ဂုဏ်ပုဒ်ကိုပင် ဖယ်ရှားနိုင်သည်။ သူမသည် တောင်သခင်၏ ဒုတိယမြောက် တပည့်ရင်း ဖြစ်ပေသည်။
“ ဂိုဏ်းတူအစ်မ၊ နောက်ဆုံးတော့ ဂိုဏ်းတူအစ်မ ရောက်လာပြီပဲ ”
ဟွမ်ရန်က ပုန်းနေသည့်နေရာမှ စိတ်လှုပ်တရှား ပြေးထွက်လာသည်။