အခန်း (၆၁)
Vol. 7 Ch. 61
🌹Chapter 61
ယန်ရုန်ရုန် ကျိုးကြောင်းဆီလျော်စွာ ပြန်ချေပလိုက်သည်။
“ဟဲဝေ့ရှန်းကို ကျွန်မ ဘာရန်မှမစခဲ့ဘူး၊ ကျွန်မဘက်က ရန်စခဲ့တယ်ဆိုရင်တောင် ဂိုဏ်းသားအချင်းချင်း ဓားနဲ့ တိုက်ခိုက်ခွင့်ရှိလို့လား၊ အဲ့ဒီတုန်းက မျက်မြင်သက်သေတွေအများကြီးရှိတယ်၊ ကျွန်မခန္ဓာကိုယ်ပေါ်က သေစေနိုင်တဲ့ အစိတ်အပိုင်းတွေကို သူချိန်ရွယ်ခဲ့တာ၊ ကျွန်မကို သတ်ဖို့ကြံခဲ့မှန်း သိသာတယ်၊ ဒါတောင် ကျွန်မလိမ်နေတယ်လို့ ထင်နေသေးရင် တာအိုနှလုံးသားကို တိုင်တည်ပြီး သစ္စာထပ်ဆိုပြလို့ရတယ်၊ ဒါမှမဟုတ် မနေ့က အဲ့ဒီအဖြစ်အပျက်ကို မျက်မြင်တွေ့ခဲ့ကြတဲ့ တပည့်သားတွေကို ဆင့်ခေါ်မေးမြန်းဖို့ ဂိုဏ်းခေါင်းဆောင်ကြီးကို အကူအညီတောင်းလို့ရတယ်”
ထိုစကားကြားပြီးနောက် အကြီးအကဲလဲ့ဖုန်း ပြန်မချေပနိုင်တော့ပေ။ အမှန်တကယ်တော့ စန်းချွမ် လိမ်ညာချင်လျှင်တောင် ဒီလိုဖော်ထုတ်ရလွယ်ကူသည့် အလိမ်အညာမျိုးကို ပြောမှာမဟုတ်မှန်း လဲ့ဖုန်းရင်ထဲ နားလည်နေပါသည်။ အထူးသဖြင့် မနေ့က မျက်မြင်သက်သေတွေအများကြီး ရှိနေခြင်းကြောင့်ပင်။
ဟဲဝေ့ရှန်း အလောင်းကို အကြီးအကဲလဲ့ဖုန်း လှည့်ကြည့်လိုက်သည်။ ရူးမိုက်သည့်လုပ်ရပ်ကို လုပ်ခဲ့သည့်အတွက် ဆူငေါက်ချင်ခဲ့သော်လည်း သူ့ရုပ်ပျက်ဆင်းပျက်အလောင်းကို မြင်ပြီး စကားနင်သွားခဲ့ရသည်။
အချိန်တိုအတွင်း စိတ်ခံစားချက် အတက်အကျများလွန်းသဖြင့် အကြီးအကဲလဲ့ဖုန်း ခေါင်းတွေတစ်ပတ်လည်အောင် မူးသွားပြီး ခန္ဓာကိုယ် ယိမ်းယိုင်သွားခဲ့ပါသည်။
သူ့တပည့်သားများက အမြန် တွဲကူပေးလိုက်ရလေသည်။
“ဆရာကြီး! ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ပါဦး!”
အကြီးအကဲလဲ့ဖုန်းက အလွန် သန်မာခဲ့ဖူးသူဖြစ်သဖြင့် လူအများရှေ့မှာ အားနည်းသည့်ပုံစံကို ထုတ်မပြချင်ပါ။ ထို့ကြောင့် တပည့်သားများကို တွန်းထုတ်လိုက်ပြီး ယန်ရုန်ရုန်ကို ခပ်စူးစူး စိုက်ကြည့်လိုက်ပါသည်။
“မနေ့က မင်းဝေ့ရှန်းနဲ့ ပြဿနာဖြစ်ခဲ့တယ်၊ သိပ်မကြာဘဲ ဝေ့ရှန်း အသတ်ခံခဲ့ရတယ်၊ သူသေတဲ့ နေရာမှာ ရွှမ်နျောင်ငှက်မွေးတစ်ချောင်းကိုလည်း ရှာတွေ့ခဲ့တယ်၊ ကမ္ဘာပေါ်မှာ ဒီလောက်တိုက်ဆိုင်တဲ့အရာမျိုးရှိမယ်လို့ ငါမယုံကြည်ဘူး”
အမှန်တကယ်တော့ ယန်ရုန်ရုန်ကိုယ်တိုင်လည်း မယုံကြည်နိုင်ပါ။ သို့သော် ဝေ့ရှန်းသေဆုံးခြင်းက သူမနှင့် သက်ဆိုင်နေသည်ဟု မဟုတ်ဘဲ ဝန်မခံနိုင်ပေ။
သူမ ရင်ထဲ သံသယအချို့ရှိသော်လည်း လူတွေအများကြီးရှေ့မှာ ထုတ်ပြောဖို့ ခဲယဉ်းနေခဲ့ပါသည်။ ထို့ကြောင့် အကြီးအကဲလဲ့ဖုန်းကို မေးငေါ့ကာ ပြောလိုက်သည်။
“ရှင်ဒီမှာနေခဲ့၊ မဆိုင်တဲ့သူတွေအကုန် အပြင်ခဏထွက်ပေး”
သူမစကားကို အကြီးအကဲလဲ့ဖုန်း၏ တပည့်သားများ မကျေမနပ်ဖြစ်သွားကြပါသည်။
“ဘယ်သူ့ကို မဆိုင်တဲ့လူလို့ လာခေါ်နေတာလဲ!”
ယန်ရုန်ရုန်က တည်တည်ငြိမ်ငြိမ်ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဘာလို့ ဒီလိုတိုက်ဆိုင်မှုမျိုး ရှိလာတာလဲဆိုတာ အကြီးအကဲလဲ့ဖုန်းက သိချင်နေတာ မဟုတ်ဘူးလား၊ ကျွန်မ အဖြေပြောပြလို့ရတယ်၊ ဒါပေမယ့် အပြင်လူတွေကိုတော့ ထွက်သွားခိုင်းရလိမ့်မယ်”
စန်းချွမ်၏ အချိုးကို အကြီးအကဲလဲ့ဖုန်း သဘောမကျသော်လည်း အဖြေတစ်ခု သိရဖို့အတွက် သူ့တပည့်သားများကို အပြင်ထွက်ဖို့ လက်ဖြင့် အချက်ပြလိုက်သည်။ တပည့်သားများလည်း ရွေးချယ်စရာမရှိတော့ဘဲ အမိန့်နာခံကာ ထွက်သွားကြလေတော့သည်။
ဘယ်သူမှ မရှိတော့ခါမှ စည်းကမ်းထိန်းသိမ်းရေးခန်းမကြီး ရုတ်တရက် ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။ အကြီးအကဲလဲ့ဖုန်းက ခက်ထန်စွာ ပြောလိုက်သည်။
“မင်းပြောချင်တာ ပြောလို့ရပြီ”
အကြီးအကဲလဲ့ဖုန်းကို ယန်ရုန်ရုန် လျစ်လျူရှုလိုက်ပြီး နန်ခယ့်ဘက်သို့ လှည့်သွားပါသည်။
“ဒုတိယဦးလေးကြီး၊ မနေ့က ကျွန်မတို့ ပြောခဲ့တဲ့အကြောင်းကို မှတ်မိသေးလား”
နန်ခယ့် နှုတ်ခမ်းတွန့်သွားသည်။ ထင်ရှားပြတ်သားသည့် ‘ဒုတိယဦးလေးကြီး’ဟူသော ခေါ်သံကို မကြားချင်ယောင် ဆောင်ပြီး ပြန်မေးလိုက်ပါသည်။
“ကောင်းကင်ဘုံနန်းတော်နဲ့ ပတ်သတ်တဲ့သဲလွန်စတွေကို ပြောတာလား”
ယန်ရုန်ရုန် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ကျွန်မတို့ကို ထောင်ချောက်ထဲ မျှားခေါ်ဖို့အတွက် စာကြည့်တိုက်ဆောင်ထဲမှာ သဲလွန်စတွေကို ကြိုးကိုင်သူတစ်ယောက်ယောက်က ထားခဲ့တာလို့ ကျွန်မ သံသယဖြစ်မိတယ်၊ အဲ့ဒီသဲလွန်စတွေကို ထားခဲ့တဲ့လူက ဟဲဝေ့ရှန်းဆိုတာကို သိလိုက်ရပြီး သိပ်မကြာခင်မှာပဲ သူအသတ်ခံလိုက်ရတယ်၊ အဲ့တာ တိုက်ဆိုင်လွန်းတယ် မထင်ဘူးလား”
နန်ခယ့်လည်း တိုက်ဆိုင်လွန်းသည်ဟု ထင်မိပါသည်။
အကြီးအကဲလဲ့ဖုန်း နားမလည်နိုင်တော့ပေ။
“ဘာကောင်းကင်ဘုံနန်းတော်လဲ၊ ဘာသဲလွန်စတွေလဲ”
မနေ့က စန်းချွမ်ပြောပြခဲ့သည့် အကြောင်းအရာများကို အကြီးအကဲလဲ့ဖုန်းအား နန်ခယ့် ပြန်ရှင်းပြခဲ့သည်။ အကြီး အကဲလဲ့ဖုန်းက စိတ်ဆတ်သူဖြစ်သော်လည်း စဉ်းစားဆင် ခြင်ဉာဏ်ရှိပါသည်။ ယန်ရုန်ရုန်ဆိုလိုချင်သည့် အကြောင်း အရာကို သူချက်ချင်း နားလည်သွားခဲ့သည်။
“ဝေ့ရှန်း နှုတ်ပိတ်ခံခဲ့ရတာလို့ ပြောချင်တာလား”
သူမစကားကို လဲ့ဖုန်းအလွယ်တကူ ယုံကြည်မှာမဟုတ်မှန်းသိသဖြင့် ဆက်ပြီး သုံးသပ်ပြလိုက်ပါသည်။
“ဟဲဝေ့ရှန်းနဲ့ ကျွန်မက သူစိမ်းတွေပဲ၊ မနေ့ကမှ စတွေ့ဖူးကြတာ၊ အဲ့တာကြောင့် ဘာရန်ငြှိုးရန်စမှ မရှိခဲ့ဘူး၊ သူကျွန်မကို မုန်းတီးနေတယ်ဆိုရင်တောင် လူတွေအများကြီးရှေ့မှာ သတ်ဖို့ကြိုးစားရလောက်တဲ့အထိတော့ လုပ်မှာ မဟုတ်ဘူး”
“ဒါပေမယ့်… မနေ့က စာကြည့်တိုက်ဆောင်ကို ကျွန်မသွားခဲ့ရတဲ့ အကြောင်းအရင်းက ကောင်းကင်ဘုံနန်းတော်နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို စုံစမ်းဖို့ဆိုတာကို သူသိနေလို့ ဆိုရင်တော့ တစ်မျိုးပေါ့၊ သူ့အပြစ်တွေကို ကျွန်မ ဖော် ထုတ်လိုက်မှာစိုးလို့ ကျွန်မကို အရင်နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တာကော မဖြစ်နိုင်ဘူးလား”
အကြီးအကဲလဲ့ဖုန်း ဒေါသတကြီး ငြင်းဆန်လိုက်သည်။
“မဖြစ်နိုင်တာ! ဝေ့ရှောင်းက ခေါင်းမာတတ်တာ မှန်တယ်၊ လူတွေကို အတိုက်အခံလုပ်တတ်ပြီး ဂိုဏ်းသားအများစုကလည်း သူ့ကို သဘောမကျကြဘူး၊ ဒါပေမယ့် သူ့စိတ်ဓာတ်က အဲ့လောက် မယုတ်ညံ့ဘူး၊ ဂိုဏ်းသားအချင်းချင်း သတ်ရလောက်တဲ့အထိ လုံးဝ လုပ်မှာ မဟုတ်ဘူး”
ယန်ရုန်ရုန် လက်ယမ်းပြကာ စကားကိုဖြတ်မပြောဖို့ အချက်ပြလိုက်ပါသည်။
“စကားကို ဆုံးအောင်နားထောင်ပါဦး၊ ဒါသုံးသပ်ချက်အဆင့်ပဲရှိသေးတယ်၊ လူရှေ့သူရှေ့မှာ ကျွန်မကို သတ်ရလောက်တဲ့အထိ ဟဲဝေ့ရှန်း ဉာဏ်တိမ်မှာမဟုတ်ဘူးလို့ ကျွန်မလည်း ထင်ထားပြီးသားပါ၊ ကျွန်မကို ဓားနဲ့ ရွယ်လိုက်တော့ သူ့မျက်နှာ တော်တော်ထူးဆန်းနေတာကို သတိထားမိတယ်၊ အခုသေချာစဉ်းစားကြည့်မှ သူ့မျက်နှာက တုန်လှုပ်ချောက်ချားသွားတဲ့ပုံစံမျိုးပဲ”
“ကျွန်မကို သတ်ပစ်ဖို့ ဆုံးဖြတ်ထားပြီးသားဆို ဘာမှ တုန် လှုပ်ချောက်ချားနေစရာ အကြောင်းမရှိဘူးလေ၊ ဒါမှမဟုတ်… အဲ့ဒီတုန်းက ကျွန်မကို သူသတ်ဖို့အစီအစဉ်မရှိခဲ့တာ ဖြစ်နိုင်တယ်၊ ကျွန်မကို တကယ်သတ်ချင်ခဲ့တဲ့လူက အခြားတစ်ယောက် ဖြစ်နေနိုင်တယ်၊ ဟဲဝေ့ရှန်းက အဲ့ဒီလူရဲ့လက်ထဲက အသုံးချခံ ဓားတစ်လက်သာသာပဲ”
စကားတွေ မရပ်မနား ပြောလိုက်ရသဖြင့် ယန်ရုန်ရုန် အာ ခြောက်လာခဲ့သည်။ ထို့ကြောင့် ချန့်ခွင်းအိတ်ထဲမှ သစ်တော် သီးတစ်လုံးထုတ်လိုက်ပါသည်။ သူမ ကိုက်စားဖို့ ပြင်လိုက်စဉ် သူမကို မျှော်လင့်တကြီး စိုက်ကြည့်နေသည့် လျို့လန်ကို မြင်လိုက်ရလေသည်။ သူ့ပုံစံကအတော် သနားစရာကောင်းနေပါသည်။
ခုနက သူမကို လျို့လန် ကာကွယ်ပေးဖို့ ကြိုးစားခဲ့မှန်း ပြန်သတိရကာ ဆုချသည့်အနေဖြင့် သစ်တော်သီးတစ်လုံး ပစ်ပေးလိုက်ပါသည်။ သူမကတော့ နောက်တစ်လုံးထုတ်လိုက်ပြီး ကိုက်စားလိုက်ပါသည်။ အရည်ရွှမ်းသည့် သစ်တော်သီးကြောင့် သူမ ရေငတ်ပြေသွားခဲ့သည်။
စန်းချွမ်သုံးသပ်ပြသည့် အကြောင်းအရာများကို နန်ခယ့်နှင့် လဲ့ဖုန်းတို့ လက်ခံနိုင်ဖို့ ကြိုးစားနေရဆဲပင်။ စန်းချွမ်၏ ပုံစံက ယုံကြည်ချင်စရာမကောင်းသော်လည်း သူမ သုံးသပ်ပြခဲ့သည့် အကြောင်းအရာများက ယုတ္တိရှိနေသည်ကိုတော့ ငြင်းမရပေ။
စန်းချွမ်ကို နန်ခယ့် ချီးကျူးဖို့ ကြံလိုက်စဉ် သစ်တော်သီးတစ်လုံးကို အားရပါးရကိုင်ရင်း ဣန္ဒြေမဲ့စွာ တကျွပ်ကျွပ်မြည်အောင် ကိုက်စားနေသည်ကို မြင်လိုက်ရသည်။ နှုတ် ဖျားကိုရောက်နေသည့် နန်ခယ့်၏ ချီးကျူးစကားများ လည်ချောင်းထဲ ပြန်ဝင်သွားခဲ့ပါသည်။
သို့သော် အကြီးအကဲလဲ့ဖုန်းကတော့ သူမ၏ အပြောင်အပျက်လုပ်ရပ်များကို သတိမထားမိဘဲ မှောင်မိုက်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
“စန်းချွမ်ပြောတာ အမှန်ပဲဆိုရင် ဝေ့ရှန်းကို ကြိုးကိုင်သူတစ်ယောက်ယောက်က နှုတ်ပိတ်လိုက်တာပေါ့”
ယန်ရုန်ရုန် သစ်တော်သီး ဝါးစားရင်း ပြောလိုက်သည်။
“ဧကန္တ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်လောက်ကတည်းက အဲ့ဒီကြိုးကိုင်သူနဲ့ ဟဲဝေ့ရှန်း ဆက်သွယ်ခဲ့တာ ဖြစ်နိုင်တယ်၊ ချင်းရှားလျှို့ဝှက်နယ်မြေမှာ ခေါင်းနှစ်လုံး ရွှမ်နျောင်ငှက် ကြီးနဲ့ ကောင်းကင်ဘုံနန်းတော်တို့ကို ဟဲဝေ့ရှန်း မြင်နိုင်ခဲ့တာလည်း အဲ့ဒီလူရဲ့ အကူအညီကြောင့် ဖြစ်နိုင်တယ်၊ ဟဲဝေ့ရှန်းက အမှန်တရားကို နားမလည်ဘဲ အဲ့ဒီလူရဲ့ လှည့်စားမှုကြောင့် စာကြည့်တိုက်ဆောင်ထဲ သဲလွန်စ ထောင်ချောက်တွေ ထားခဲ့တာ”
“ယွင်ကျဲနဲ့ ကျွန်မတို့သာ အဲ့ဒီကောင်းကင်ဘုံနန်းတော်ထဲမှာ သေသွားခဲ့ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး၊ ဒါပေမယ့် ကျွန်မတို့ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တဲ့အပြင် ထောင်ထျဲသားရဲကိုပါ ခေါ်ထုတ်လာနိုင်ခဲ့တယ်၊ ဆိုလိုတာက အဲ့ဒီ အတုအယောင် သဲလွန်စတွေကို ဆက်ပြီး ဖုံးကွယ်မထားနိုင်တော့တဲ့သဘောပဲ၊ အဲ့ဒီ သဲလွန်စတွေကို ထားခဲ့တဲ့ တရားခံက ဟဲဝေ့ရှန်းဆိုတာကို ကျွန်မတို့ သိသွားရင် နောက်ကွယ်က ကြိုးကိုင်သူလည်း အလိုလို ပေါ်လာမှာပဲ”
အကြီးအကဲလဲ့ဖုန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“အတော်ယုတ်ညံ့တဲ့ မကောင်းဆိုးဝါးပဲ၊ သေသင့်တယ်… အဲ့ဒီလူကို သတ်ပစ်သင့်တယ်!”
ဘာမှ နားမလည်ဘဲ အသုံးချခံအဖြစ် အသက်ဆုံးရှုံးခဲ့ရသည့် သူ့တပည့်အတွက် လဲ့ဖုန်း အလွန်စိတ်မကောင်း ဖြစ်မိသည်။