အခန်း (၆၂)
Vol. 7 Ch. 62
🌹Chapter 62
နန်ခယ့်က အဓိကအချက်ကို ချက်ချင်း ရိပ်စားမိသွားပြီး အလျှင်အမြန် မေးလိုက်သည်။
“ထောင်ထျဲသားရဲက အဲ့ဒီ နောက်ကွယ်ကကြိုးကိုင်သူနဲ့ တွေ့ဖူးတယ်မလား၊ အဲ့တာဆို အဲ့ဒီလူ ဘယ်သူဘယ်ဝါမှန်း သူသိနိုင်တဲ့သဘောပေါ့ ဟုတ်တယ်မလား”
ထိုစကားလုံးများ ထွက်လာသည်နှင့်တစ်ပြိုင်နက် အားလုံး လျို့လန်ကို ဝိုင်းကြည့်လိုက်ကြသည်။
လျို့လန် သစ်တော်သီးကို ပြောင်စင်အောင်စားပြီးပြီဖြစ်ကာ မဝသေးသည့်ပုံစံဖြင့် နှုတ်ခမ်းများကို လျှာဖြင့်လျက်နေပါသည်။ အားလုံး၏ အကြည့်များကို သတိထားမိသောအခါ လျို့လန် ဘာမှ မသိနားမလည်ဘဲ အူတူတူဖြင့် မော့ကြည့်လိုက်သည်။
အကြီးအကဲ လဲ့ဖုန်းက အဖြေသိရဖို့ မစောင့်နိုင်တော့ဘဲ အမြန်မေးလိုက်ပါသည်။
“အဲ့ဒီလူကို မင်းတွေ့ဖူးတယ်မလား၊ သူဘယ်သူလဲ မြန်မြန်ပြောစမ်း!”
လျို့လန်ကလည်း အလွန်စိတ်ဆတ်တတ်သူဖြစ်သည်။ ဦးနှောက်ပျက်နေသော်လည်း စရိုက်က မပြောင်းလဲသေးပါ။ သူ့ ‘အမေ’တစ်ယောက်တည်းကိုသာ ခြွင်းချက်ထားပြီး သည်းခံပေးတတ်သည်။
ယခု အကြီးအကဲလဲ့ဖုန်း၏ ခက်ခက်ထန်ထန် စစ်ဆေးမေးမြန်းမှုကို ခံရသောအခါ လျို့လန် ချက်ချင်း ပါးစပ်ဟပြီး ချွန်ထက်နေသော အစွယ်များကို ဖြဲပြလိုက်သည်။ အကြီး အကဲလဲ့ဖုန်းကို မာန်ဖီကာ အဝေးမှာနေဖို့ သတိပေးလိုက်ပါသည်။
လျို့လန်၏ခေါင်းကို ယန်ရုန်ရုန် ပွတ်သပ်ပေးလိုက်ပြီး ချော့ပြောလိုက်သည်။
“ကောင်းကင်ဘုံနန်းတော်ရဲ့ အကာအရံတွေကို ဖျက်ဆီးသွားတဲ့လူက ဘယ်သူလဲ အမေ့ကို ပြောပြနော်”
ထိုအခါမှ လျို့လန် အစွယ်များကို ပြန်သိမ်းလိုက်ပြီး လိမ်လိမ်မာမာ ပြန်ဖြေလိုက်ပါသည်။
“သားသူ့ကို မသိဘူး”
“အဲ့တာဆို သူဘယ်လိုပုံစံမျိုးရှိလဲ မှတ်မိလား”
ယန်ရုန်ရုန် မေးလိုက်သည်။
လျို့လန် ခေတ္တစဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်ပါသည်။
“မီးခိုးရောင်ဝတ်ရုံရှည်ကြီးကို ခြုံထားတယ်၊ မျက်နှာပေါ်မှာလည်း အဖြူရောင် မျက်နှာဖုံးတစ်ခု တပ်ထားသေးတယ်၊ အဲ့ဒီ မျက်နှာဖုံးက မှော်ရတနာတစ်ခုထင်တယ်၊ သားသူ့မျက်နှာ အစစ်အမှန်ကို ဖောက်မမြင်နိုင်ခဲ့ဘူး”
တစ်နည်းအားဖြင့် ထိုလူ၏ သရုပ်မှန်ကို ထောင်ထျင်သားရဲပင် မသိနိုင်ခဲ့ပေ။ နန်ခယ့်နှင့် လဲ့ဖုန်းတို့နှစ်ယောက် အလွန် စိတ်ပျက်သွားခဲ့ကြပါသည်။
ကြိုးကိုင်သူ၏ သရုပ်မှန်ကို မသိခဲ့ရသော်လည်း အနည်းဆုံးတော့ အရေးပါသည့် သဲလွန်စတစ်ခုကို လျို့လန် ပေးနိုင်ခဲ့သည်။ ထိုသဲလွန်စကို အသုံးချပြီး ဆက်လက်စုံစမ်းစစ်ဆေးဖို့ နန်ခယ့်နှင့် လဲ့ဖုန်းတို့ ဆုံးဖြတ်ထားကြပါသည်။
သံသယများ ယာယီကင်းစင်သွားပြီဖြစ်သဖြင့် ယွီကျမ့်တောင်ထိပ်သို့ ရှန်းဝမ်ချင်းနှင့်အတူတူ ယန်ရုန်ရုန် ပြန်ခွင့် ရခဲ့သည်။
-
နောက်ရက်များတွင် ယန်ရုန်ရုန် စာကြည့်တိုက်ဆောင်သို့ နေ့တိုင်းသွားပြီး အသိပညာအသစ်များ လေ့လာသင်ယူခဲ့သည်။ ရှန်းဝမ်ချင်းကလည်း အမြဲတမ်း အဖော်လိုက်လာခဲ့သည်။
ရှန်းဝမ်ချင်းက စာအုပ်တွေကို သိပ်ပြီး စိတ်မဝင်စားပါ။ ထို့ကြောင့် စာကြည့်တိုက်ထဲကို ရောက်တိုင်း မျက်လုံးမှိတ်ကာ တရားကျင့်ကြံနေလေ့ရှိသည်။
တစ်နေ့တော့ ရှန်းဝမ်ချင်း တရားထိုင်နေစဉ် တကျွတ်ကျွတ် မြည်သံတွေကို ဆက်တိုက်ကြားလာရသည်။ စာကြည့်တိုက်ထဲ ကြွက်တစ်ကောင်ဝင်လာခြင်းဖြစ်မည်ဟု တွေးလျက် မျက်လုံးဖွင့်ကြည့်လိုက်ရာ ဖရုံစေ့များ ဝါးစားနေသော ယန်ရုန်ရုန်ကိုသာ မြင်လိုက်ရပါသည်။
ယန်ရုန်ရုန် ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်နေပြီး သူမရှေ့တွင် စာလိပ်တစ်ခုကို ဖြန့်ကာ ဖွင့်ထားသည်။ လက်ထဲတွင် ဖရုံစေ့ထုပ်တစ်ထုပ်ကို ကိုင်ထားပြီး ခွာထားပြီးသား အခွံများကို ခပ်လှမ်းလှမ်းတွင်ရှိနေသည့် အမှိုက်ပုံးထဲ ကွက်တိဝင်အောင် ထွေးထုတ်နေလေသည်။
ရှန်းဝမ်ချင်း မျက်မှောင်ကြုတ်သွားခဲ့ပါသည်။
“စာဖတ်ချင်တယ်ဆိုရင် စာကိုပဲ အာရုံစိုက်ထားသင့်တာပေါ့၊ ဘာလို့ တခြားအလုပ်တွေဆီ အာရုံများနေတာလဲ”
သူဓားသိုင်းကျင့်ကြံတိုင်း အမြဲတမ်း စိတ်ကို ရှင်းလင်းထားတတ်သည်။ ပြင်ပ ဖြစ်ရပ်အားလုံးကို သူ မေ့ဖျောက်ထားတတ်ပါသည်။ ကျင့်ကြံသူတိုင်း ဒီလို ပြုမူသင့်သည်ဟု ရှန်းဝမ်ချင် ယုံကြည်သည်။
ယန်ရုန်ရုန် သစ်တော်သီးတစ်လုံး ထပ်ထုတ်ကာ မေးလိုက်သည်။
“စားဦးမလား”
လျို့လန်က သစ်တော်သီးကို ပျော်ပျော်ကြီး လက်ခံလိုက်ပါသည်။
ထို့နောက် ယန်ရုန်ရုန် ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။
“စားတာသောက်တာက ကျွန်မကို အာရုံမပျက်စေပါဘူး၊ တကယ်တော့ စဉ်းစားဉာဏ်ပိုထွက်အောင်တောင် အကူအညီပေးသေးတယ်”
ယခင်တုန်းက ယန်ရုန်ရုန်တစ်ခုခုကို စဉ်းစားတိုင်း လက်သည်းကိုက်တတ်သည့် အကျင့်ဆိုးရှိသည်။ ထို့ကြောင့် ထိုအကျင့်ဆိုးနေရာတွင် အစားထိုးဖို့အတွက် သူမ လေးလေးနက်နက်စဉ်းစားဖို့လိုလာတိုင်း ချန့်ခွင်းအိတ်ထဲမှ မုန့်တွေ ထုတ်ကာ စားလေ့ရှိပါသည်။
ရှန်းဝမ်ချင်း အတွေးများ နက်ရှိုင်းသွားခဲ့သည်။
‘စားတာသောက်တာက ကျင့်ကြံခြင်းကို တကယ် အထောက်အကူ ဖြစ်စေတာလား…’
ယန်ရုန်ရုန် ရှေ့က စာလိပ်ကို ပြန်ပိတ်ရင်း စိန်ခေါ်လိုက်သည်။
“ကျွန်မ ပြောတာ မယုံရင် စမ်းသပ်ကြည့်လိုက်လေ”
ရှန်းဝမ်ချင်း စာလိပ်ကို ယူလိုက်ပြီး မေးခွန်းသုံးခုကို ကျပန်းရွေးချယ်လိုက်သည်။ ယန်ရုန်ရုန်က တစ်လုံးမကျန် တိတိကျကျ အဖြေပေးနိုင်ခဲ့ပါသည်။
ယန်ရုန်ရုန်မှာ စွမ်းရည်အချို့ အမှန်တကယ်ရှိနေကြောင်းကိုတော့ ရှန်းဝမ်ချင်းဝန်ခံရပါမည်။ သို့သော် သူ မယုံကြည်သေးပေ။
“စာအုပ်ထဲက အသိပညာတွေကို အလွတ်ကျက် မှတ်သားနိုင်တာနဲ့ပဲ လက်တွေ့မှာ အသုံးချနိုင်လိမ့်မယ်လို့ မဆိုလိုဘူး”
ယန်ရုန်ရုန် မျက်စပစ်ကာ ပြုံးလိုက်သည်။
“အဲ့တာလောက်တော့ အလွယ်တကူ သက်သေပြလို့ရတယ်၊ အဲ့ဒီ စာလိပ်ထဲမှာ အဆောင်စက္ကူရေးဆွဲနည်းအကြောင်းတွေ ဖော်ပြထားတာ၊ ကျွန်မ အခုချက်ချင်း အဆောင်စက္ကူတစ်ခု ဖန်တီးပြမယ်လေ”
သူမ ဘယ်လောက်အထိ သင်ယူတတ်မြောက်ထားသလဲ ရှန်းဝမ်ချင်း မြင်ချင်သဖြင့် အကြံကို သဘောတူလိုက်ပါသည်။ သို့သော် သူသတိပေးလိုက်သည်။
“သူများဆွဲထားပြီးသား အဆောင်စက္ကူကို ဒီတိုင်းကူးချတာမျိုးတော့ လုပ်လို့မရဘူး”
‘တီထွင်ဆန်းသစ်စေချင်တာပေါ့ ဟုတ်လား’
ယန်ရုန်ရုန် တွန့်ဆုတ်မှုမရှိ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဖရုံစေ့များကို ဘေးချကာ အဆောင်စက္ကူ ရေးဆွဲဖို့အတွက် ချန့်ခွင်းအိတ်ထဲမှ စုတ်တံ၊ မင်နှင့် ဗလာစက္ကူတို့ကို ထုတ်လိုက်ပါသည်။
ထို့နောက် စုတ်တံကို ခပ်သွက်သွက် လှုပ်ရှားလိုက်ပြီး အဆောင်စက္ကူအသစ်စက်စက်တစ်ရွက်ကို အလျှင်အမြန် ဖန်တီးလိုက်သည်။
ထိုအဆောင်စက္ကူအသစ်ကို တစ်ခါမှ မမြင်ဖူးမှန်း ရှန်းဝမ်ချင်း အတည်ပြုနိင်ခဲ့သည်။ ထို့ကြောင့် သူ မေးကြည့်လိုက်ပါသည်။
“ဒီအဆောင်ကို ဘာလုပ်ဖို့ သုံးရတာလဲ”
ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။
“အဲ့ဒီအဆောင်စက္ကူကို စမ်းသပ်ဖို့ လူတစ်ယောက်ရှာပြီးရင် သိရလိမ့်မယ်”
ထို့နောက် ယန်ရုန်ရုန် အောက်ထပ်သို့ စိတ်လှုပ်ရှားစွာ ဆင်းသွားခဲ့သည်။ ရှန်းဝမ်ချင်းလည်း သူမနောက် လိုက်လာခဲ့ပါသည်။
-
စာကြည့်တိုက်ဆောင်၏ ဝင်ပေါက်ရှေ့တွင် အကြီးအကဲယုလီတစ်ယောက် ထိုင်ခုံတွင်သက်တောင့်သက်သာ ထိုင်ရင်း အခါးရည်သောက်ကာ စာအုပ်တစ်အုပ် ဇိမ်ကျကျ ဖတ်နေပါသည်။
ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့ ပြန်ထွက်လာသည်ကိုမြင်ပြီး သူ အံ့အားသင့်သွားခဲ့သည်။
“မင်းတို့နှစ်ယောက် ဒီနေ့ဘာလို့ အစောကြီးထွက်လာကြတာလဲ”
ယန်ရုန်ရုန် လက်ထဲက အဆောင်စက္ကူကို ခါယမ်းပြလိုက်သည်။
“ဒါကျွန်မ အသစ်စက်စက် ဖန်တီးထားတဲ့ အဆောင်စက္ကူလေ၊ ဒီအဆောင်ရဲ့ အာနိသင်ကို ဦးလေးနဲ့ စမ်းသပ်ကြည့်ချင်လို့၊ စိတ်မပူပါနဲ့ အန္တရာယ်များတဲ့ အဆောင်မျိုးမဟုတ်လို့ ဘာမှ မထိခိုက်ဘူးနော်”
အကြီးအကဲယုလီ ရယ်မောလိုက်သည်။
“ဟုတ်ပါပြီ စမ်းကြည့်ကြတာပေါ့”
အဆောင်က အန္တရာယ်များနေလျှင်တောင် အခြေခံအုတ် မြစ်ချအဆင့်ရှိသည့် ယန်ရုန်ရုန်က သူ့လို နတ်ဝိညာဉ်သန္ဓေ အဆင့်ရှိသည့် ကျင့်ကြံသူတစ်ယောက်ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါ။
ထို့ကြောင့် အကြီးအကဲယုလီ နှစ်ခါပြန်မစဉ်းစားဘဲ အဆောင်စက္ကူကိုယူကာ သူ့ကိုယ်ပေါ်မှာ ကပ်လိုက်ပါသည်။
ထို့နောက် သူ့နားထဲ သီချင်းသံတစ်သံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။
‘ကျယ်ပြောလှတဲ့ တောရိုင်းမြေကို ငါချစ်တယ်၊ စိမ်းလန်းစိုပြည်တဲ့ တောင်ခြေလေးမှာ ပန်းတွေ ဝေဆာလို့နေပြီ’
ထိုသီချင်းကို အကြီးအကဲယုလီ တစ်ခါမှ မကြားဖူးပေ။ ပထမတော့ ထူးဆန်းသည်ဟု ခံစားရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သီချင်းသံကို ပိုမို စိတ်ပါဝင်စားလာခဲ့သည်။
ထို့ကြောင့် စည်းချက်နှင့်အတူတူ သူ့ခန္ဓာကိုယ်ကို လိုက်လံ လှုပ်ရှားမိသည်။ ခဏအကြာမှာတော့ အရာရာကို မေ့ပျောက်သွားခဲ့ပြီး စိတ်ပါလက်ပါနှင့် ကခုန်လေတော့သည်။
စာကြည့်တိုက်ဆောင်၏ ဝင်ပေါက်တွင် အကြီးအကဲယုလီ အားရပါးရ ကခုန်နေခဲ့ပါသည်။ စာအုပ်ငှားဖို့ ရောက်လာကြသည့် တပည့်သားအချို့က အကြီးအကဲယုလီ၏အဖြစ်ကို မြင်သွားကြပြီး ကြက်သေသေကုန်ကြလေသည်။
သီချင်းသံအဆုံးသတ်သွားသည့်တိုင်အောင် ယုလီ ကလို့ မဝသေးပါ။ အတန်ကြာမှ အသိစိတ်ပြန်ဝင်လာခဲ့ပြီး သူ့ရှေ့မှာ တပည့်သားတွေ အများကြီးရပ်နေသည်ကို တွေ့လိုက်ရသည်။ အားလုံးက သူ့ကို ‘ထူးထူးဆန်းဆန်း’အကြည့်များဖြင့် ဝိုင်းကြည့်နေကြပါသည်။
တပည့်သားတွေအများကြီးရှေ့မှာ သူ ဣန္ဒြေသိက္ခာမဲ့စွာ ကခုန်ခဲ့မိမှန်း အကြီးအကဲယုလီ နားလည်သွားပြီး မျက်နှာတစ်ခုလုံး နီရဲသွားခဲ့သည်။
အဆောင်စက္ကူ၏ အာနိသင်ပြယ်သွားခဲ့ပါပြီ။ တရားခံတွေကို ယုလီ လှည့်ရှာခဲ့သော်လည်း ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့ ထွက်သွားကြတာ ကြာလေပြီ။
-
ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့ ထျန်ကျီးတောင်ထိပ်မှ ပြန်လာကြပါပြီ။ ယန်ရုန်ရုန် ဓားပျံပေါ်တွင် ထိုင်ရင်း ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်သည်။
“တွေ့လား ကျွန်မဖန်တီးထားတဲ့ အဆောင်စက္ကူတွေက အရမ်းအစွမ်းထက်တယ်မလား”
အကြီးအကဲယုလီက နတ်ဝိညာဉ်သန္ဓေအဆင့်ရှိသူဖြစ်ပြီး ယန်ရုန်ရုန်ကတော့ အခြေခံအုတ်မြစ်ချအဆင့်မှာသာ ရှိပါသေးသည်။ သူမ ရေးဆွဲထားသည့် အဆောင်စက္ကူဖြင့် ယုလီကို ဒီလောက်အချိန်ကြာကြာ ထိန်းချုပ်ခဲ့နိုင်ခြင်းအား ကြည့်ခြင်းအားဖြင့် ထိုအဆောင်စက္ကူ ဘယ်လောက်အစွမ်းထက်ကြောင်း ခန့်မှန်းနိုင်ပါလိမ့်မည်။
ထို့အပြင် ယန်ရုန်ရုန်၏ အဆောင်စက္ကူဖန်တီးနိုင်စွမ်းကိုလည်း သက်သေပြနိုင်ခဲ့သည်။
ကောင်းကင်ကြီးက မှောင်ရီပျိုးနေခဲ့ပါပြီ။ ဝါးအိမ်လေးသို့ ပြန်ရောက်သောအခါ ယန်ရုန်ရုန် ဆေးသောက်ပြီး အိပ်ရာဝင်ဖို့ ပြင်လိုက်ပါသည်။
ရှန်းဝမ်ချင်းကတော့ မအိပ်စက်နိုင်သေးပေ၊ တောင်နောက် သို့သွားပြီး ဓားသိုင်းကျင့်ကြံရပါဦးမည်။
မဟာအောင်မြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် စားသောက်ခြင်း၊ အိပ်စက်ခြင်းများကို မလိုအပ်တော့ပါ။ အကျိုးမရှိသည့် အိပ်စက်ခြင်းများအတွက် အချိန်ဖြုန်းမည့်အစား ဓားသိုင်းကျင့်ကြံရင်းသာ အချိန်ကို အကျိုးရှိရှိ အသုံးချသင့်ပါသည်။