← Chapters

အခန်း (၆၃)

Vol. 7 Ch. 63

အခန်း (၆၃)

Vol. 7 Ch. 63

🌹Chapter 63

စန်းချွမ်၏ ပါရမီကို မျက်မြင်တွေ့ခဲ့ရသဖြင့် ရှန်းဝမ်ချင်း ကျေနပ်ဝမ်းသာနေပါသည်။

သူမ ဓားလမ်းစဉ်ကို မကျင့်ကြံဘဲ စက်ဝန်းအခင်းအကျင်းနှင့် အဆောင်စက္ကူပညာများကိုသာ အာရုံစိုက် ကျင့်ကြံမည်ဆိုလျှင်တောင် အောင်မြင်မှုတွေ ရရှိနိုင်ပါလိမ့်မည်။

သို့သော် သိပ်မကြာလိုက်ဘဲ သူ ဝမ်းသာစောသွားခဲ့မှန်း နားလည်ခဲ့ရသည်။

နောက်တစ်နေ့ စန်းချွမ်ကိုတွေ့ဖို့ ဝါးအိမ်သို့ ရှန်းဝမ်ချင်း ရောက်လာခဲ့သောအခါ တစ်အိမ်လုံးတွင် ငယ်ရွယ်နုပျို ချောမောသော ‘သခင်လေး’များနှင့် ပြည့်နေမှန်း မြင်လိုက်ရပါသည်။

ထိုသခင်လေးများက အလွန်အလုပ်များနေကြသည်။ အချို့က အိမ်သန့်ရှင်းရေးလုပ်နေကြပြီး အချို့က အစားအ သောက်များ ချက်ပြုတ်ပြင်ဆင်နေကာ အချို့ကတော့ ပန်းပင်ရေလောင်းနေကြပါသည်။

ရှန်းဝမ်ချင်းက ကျင့်ကြံခြင်းအဆင့် မြင့်မားသူဖြစ်သဖြင့် တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် ထို ‘သခင်လေး’များက လူအစစ်တွေ မဟုတ်ကြဘဲ အဆောင်စက္ကူများဖြင့် ဖန်တီးထားသော စက္ကူအရုပ်များသာဖြစ်မှန်း သိနိုင်လေသည်။

ရှန်းဝမ်ချင်း ဒုတိယထပ်သို့ တက်လာသောအခါ ကုလားထိုင်တစ်လုံးတွင် ဇိမ်ကျကျ ထိုင်နေသည့် စန်းချွမ်ကို မြင်သွားသည်။ သူမဘေးတွင်လည်း သခင်လေးနှစ်ယောက် ရှိနေကာ တစ်ယောက်က သူမခြေထောက်များကို နှိပ်နယ်ပေးနေပြီး နောက်တစ်ယောက်ကတော့ စပျစ်သီးခွံ့ကျွေးနေပါသည်။

စန်းချွမ် အတော်လေး ဇိမ်ကျနေပုံပင်။

ထိုလူတွေက အစစ်အမှန် မဟုတ်မှန်း သိသော်လည်း ရှန်းဝမ်ချင်း မျက်နှာ မှောင်မိုက်သွားဆဲပင်။ သူ့လက်ကို တစ်ချက်ဝေ့ယမ်းလိုက်ပြီး ဓားလေပြင်းတစ်ချက်ထုတ်ကာ ထိုမျက်စိစပါးမွေးစူးစရာ ‘သခင်လေး’နှစ်ယောက်ကို မူလအသွင် ပြန်ပြောင်းသွားအောင် တိုက်ခိုက်လိုက်ပါသည်။

ချက်ချင်းဆိုသလို အဆောင်စက္ကူလေးနှစ်ရွက် ကြမ်းပြင်ပေါ် ကျသွားခဲ့သည်။

ယန်ရုန်ရုန် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး ရှန်းဝမ်ချင်းကို မကျေမနပ်ကြည့်လိုက်သည်။

“ရှင် ဘာလုပ်နေတာလဲ!”

ရှန်းဝမ်ချင်း ခံစားချက်မဲ့စွာ ပြန်ပြောလိုက်သည်။

“အဲ့တာ ငါမေးရမယ့်မေးခွန်း၊ သေသေချာချာ လေ့ကျင့်နေရမယ့်အချိန်မှာ စက္ကူလူသားတွေနဲ့ ရေသာခို ပျော်ပါးနေတယ်၊ မင်းဘာဖြစ်ချင်နေတာလဲ”

ယန်ရုန်ရုန်က အမှားလုပ်ထားသူဖြစ်သော်လည်း သတ္တိကောင်းစွာ ချက်ချင်းပြန်ငေါက်လိုက်သည်။

“အဲ့ဒီ စက္ကူလူသားတွေအကုန်လုံးကို ကျွန်မကိုယ်တိုင် အပင်ပန်းခံပြီး ရေးဆွဲထားတာ! ကျွန်မ ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်လေးတွေကို စမ်းသပ်ကြည့်နေတာလေ၊ ဘာခွင့်မပြုနိုင်စရာအကြောင်း ရှိလို့လဲ”

“စမ်းသပ်တာဟုတ်လား”

ရှန်းဝမ်ချင်းလေသံ ပိုမိုအေးစက်သွားခဲ့သည်။

“ကျင့်ကြံသူတစ်ယောက်ဆိုတာ ကိုယ့်စိတ်ကိုယ် အမြဲတမ်း နိုင်အောင် ထိန်းထားရတယ်၊ အရေးမပါတဲ့ကိစ္စတွေကြောင့် လေလွင့်သွားစရာအကြောင်းမရှိဘူး၊ မင်းဒီလို သာယာမှုတွေကိုပဲ မက်မောနေရင် မဟာအောင်မြင်ခြင်းကို ဘယ်လို ဆွတ်ခူးနိုင်မှာလဲ!”

အဆောင်စက္ကူများ ဆွဲသားရခြင်းက ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးစေသည်။ အထူးသဖြင့် စက္ကူအရုပ်ဖန်တီးသည့် အဆောင်များက ဝိညာဉ်စွမ်းအင် အများကြီး ပိုကုန်ဆုံးစေပါသည်။

စန်းချွမ်က အခြေခံအုတ်မြစ်ချအဆင့်သာ ရှိသေးသဖြင့် သူမ ဒန်တျန်ထဲတွင် သိုလှောင်ထားသည့် ဝိညာဉ်စွမ်းအင်က အလွန်နည်းပါးလိမ့်မည်။ မနေ့ညက စက္ကူလူသား ၆ ယောက်ကို ဆွဲသားဖို့အတွက် ဝိညာဉ်စွမ်းအင် အားလုံးကို အသုံးပြုခဲ့ရသည်။

အလကားသက်သက် ပျက်စီးသွားသည့် သူမလက်ရာများအတွက် ယန်ရုန်ရုန် ရင်နာသွားပါသည်။ သို့သော် သူမ မရှက်ပါ။

ရှန်းဝမ်ချင်း၏ ‘လရောင်ဖြူ’လေးက သန်မာသည့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဓားသိုင်းကျင့်ကြံခြင်းကိုသာ အလေးထားခဲ့ကာ မသေမျိုးတစ်ယောက် ဖြစ်လာနိုင်ဖို့ အမြဲတမ်းလိုလို ကြိုးစားအားထုတ်ခဲ့သူဖြစ်မှန်း ယန်ရုန်ရုန် သိပါသည်။

ယခင်တုန်းက စနစ်မစ်ရှင်အောင်မြင်ဖို့အတွက် သူမလည်း ထိုလရောင်ဖြူလေးနှင့်တူအောင် ကြိုးစားအားထုတ်ခဲ့သည်။ ဝိညာဉ်ရင်းမြစ်များ ပျက်စီးနေသည့် သူမအတွက် ကျင့်ကြံခြင်းက ခက်ခဲသော်လည်း အစွမ်းကုန် ကြိုးစားခဲ့ပါသည်။

ယခုတော့ ယန်ရုန်ရုန် ဆန့်ကျင်ဘက်တွေသာ လုပ်ဖို့ ကြံရွယ်ထားသည်။ ရည်မှန်းချက်မရှိ၊ အိပ်မက်မရှိဘဲ သာယာမှုကိုသာ လိုလားသော ငပျင်းတစ်ယောက်လိုသာ နေထိုင်တော့မည်။ သူမက သူသဘောကျနိုင်သည့် လူမျိုးမဟုတ်မှန်း ရှန်းဝမ်ချင်း နားလည်သွားအောင် လုပ်ပြရပါမည်။

ယခင်တုန်းက သူမ တည်ဆောက်ခဲ့သည့် ပုံစံကို သူမကိုယ်တိုင် ပြန်ဖျက်ဆီးပြမည်။

ရှန်းဝမ်ချင်း သူမကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

“မင်းဘဝကို ဒီလို သာမန်အတိုင်းနေထိုင်ပြီး ဖြုန်းတီးလိုက်တော့မှာလား”

“ဒါပေါ့!”

ယန်ရုန်ရုန် ခေါင်းမော့ရင်ကော့ကာ ဖြေလိုက်သည်။

“သာမန်ဖြစ်နေတာနဲ့ပဲ ဘာမှ ရှက်စရာမလိုဘူး၊ ကျွန်မ ဒီလိုဘဝနဲ့ နေထိုင်ရတာကိုပဲ သဘောကျတယ်၊ ရှင်တို့ ကြိုးစားပမ်းစား ကျင့်ကြံနေကြတာက တစ်နေ့ကျရင် နတ်ဘုရားလောကကို တက်လှမ်းနိုင်ဖို့၊ ကျွန်မ ကြိုးစားပမ်းစား ကျင့်ကြံနေတာက သက်တောင့်သက်သာ ဘဝမျိုးမှာ နေထိုင်နိုင်ဖို့ပဲ၊ နေ့တိုင်း ဘုန်းကြီးတစ်ပါးလို စည်းတွေစနစ်တွေနဲ့ နေထိုင်ရမယ်ဆိုရင် လုံးဝ မကျင့်ကြံတော့တာကမှ ပိုကောင်းဦးမယ်! လူတိုင်းမှာ လွတ်လပ်ခွင့်ဆိုတာ ရှိသင့်တယ်”

ရှန်းဝမ်ချင်း ဒေါသထွက်သွားမည့်အချိန်ကို ယန်ရုန်ရုန် စောင့်နေခဲ့သည်။ သို့သော် ထင်မထားစွာဖြင့် ရှန်းဝမ်ချင်းက ဒေါသမထွက်သည့်အပြင် တိတ်ဆိတ်သွားခဲ့လေသည်။

အချိန်အတော်ကြာမှ ရှန်းဝမ်ချင်း လေးနက်စွာ ပြန်ပြောခဲ့ပါသည်။

“မင်းပြောတာ အတိုင်းအတာတစ်ခုအထိတော့ အဓိပ္ပာယ်ရှိပါတယ်၊ ငါ သဘောထား သေးသိမ်ခဲ့မိတယ်”

ယန်ရုန်ရုန်: ???

သူမ နားရွက်တွေ အကောင်းအတိုင်းရှိသေးရဲ့လားဟု ယန်ရုန်ရုန် သံသယဖြစ်မိသွားသည်။

‘ငါနားကြားလွဲသွားတာလား၊ ငါ့စကားကို သူထောက်ခံလိုက်တာလား!’

ရှန်းဝမ်ချင်း ဆက်ပြောလိုက်သည်။

“လူတိုင်းမှာ ကိုယ်ပိုင် ‘တာအို’အယူအဆတွေ ရှိတတ်ကြတာပဲ၊ ငါ့စံနှုန်းနဲ့ နှိုင်းယှဉ်ပြီး မင်းဆီမှာ မျှော်လင့်ချက်တွေ မထားသင့်ဘူး၊ အဲ့လိုလုပ်ရင် မင်းကို ကူညီပေးရာမကျဘဲ ပိုထိခိုက်စေလိမ့်မယ်၊ နှလုံးသားစေရာအတိုင်း တသွေမတိမ်းလိုက်နာပြီး ကြိုးစားမယ်ဆိုရင် ကျင့်ကြံခြင်းလမ်းစဉ်တိုင်းက မဟာအောင်မြင်ခြင်း ပန်းတိုင်ကို ထပ်တူ ရောက်ရှိနိုင်ကြမှာပါ”

ယန်ရုန်ရုန် ဆွံ့အသွားခဲ့သည်။ သူမ ရည်ရွယ်ချက်ရှိရှိ အပျင်းထူနေခြင်းကို ရှန်းဝမ်ချင်းက ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဟု မှတ်ယူနေလေသည်။ သူမ စကားတွေကို ရှန်းဝမ်ချင်း အတည်ပေါက် ယုံကြည်သွားပါသည်။

သူမ ပေါက်ကရတွေ ပြောခဲ့ခြင်းသာဖြစ်သည်ဟု ဖွင့်ပြောဖို့ ယန်ရုန်ရုန် နှုတ်ခမ်းဟလိုက်သည်။ သို့သော် ရှန်းဝမ်ချင်း၏ တည်တံ့နေသော မျက်နှာကို မြင်ပြီး ဘာစကားလုံးမှ ထွက်မလာတော့ပါ။

သူမ အကြံအစည် အောင်မြင်သွားတာလား… ဒါမှမဟုတ် ကျရှုံးသွားတာလား…

ရှန်းဝမ်ချင်းကတော့ သူမလို အတွေးမများခဲ့ပေ။

“ဒီနေ့ကော စာကြည့်တိုက်ဆောင်ကို သွားဦးမှာလား”

အဌမထပ်ရှိ စာအုပ်အားလုံးကို ယန်ရုန်ရုန် ဖတ်ရှုပြီးသွားပါပြီ။ သို့သော် နဝမထပ်ကိုတော့ မရောက်ဖူးသေးပေ။ ထို့ကြောင့် သူမ ချက်ချင်း ခေါင်းညိတ်လိုက်ပါသည်။

“သွားမှာ သွားမှာ၊ သွားကြစို့!”

ဝါးအိမ်လေးထဲမှ ထွက်လာကြစဉ် စက္ကူလူသားများကို ရှန်းဝမ်ချင်း လှမ်းကြည့်လိုက်ပါသည်။ ထိုအရုပ်တွေ အားလုံးက ရုပ်ရည်ချောမောကြပြီး နှုတ်ခမ်းနီနီ၊ သွားဖြူဖြူလေးများကို ပိုင်ဆိုင်ကာ အလွန်လည်းလိမ္မာကြသည်။

ရှန်းဝမ်ချင်း စိတ်ထဲမှ တွေးလိုက်မိသည်။ ‘စန်းချွမ်က ဒီလိုပုံစံမျိုးတွေကို သဘောကျတတ်တာလား’

ကျန်အရှင်သုံးပါးဖြစ်သော ဟမ်ယဲ့၊ လင်းယွမ်၊ ရှုယင်တို့ သုံးယောက်၏ မျက်နှာများကို ရှန်းဝမ်ချင်း စိတ်ထဲမှ ပြင်မြင်ယောင်ကြည့်လိုက်သည်။ အားလုံးထဲတွင် ရှုယင်တစ်ယောက်တည်းသာ ထိုစက္ကူလူသားများ၏ ရုပ်ရည်နှင့် ဆင်တူပါသည်။

သို့သော် အပေါ်ယံဆင်တူမှုသာ ဖြစ်သည်။ ရှုယင်၏ စရိုက်က ထိုစက္ကူလူသားများ၏လိမ္မာယဉ်ကျေးသည့်အသွင်နှင့် မိုးနဲ့မြေလို ကွာခြားသည်။

ထိုသို့တွေးကြည့်လိုက်လျှင် အရှင်သုံးပါးစလုံးက စန်းချွမ်သဘောကျမည့် ပုံစံမျိုးတွေ မဟုတ်ကြပေ။

ထိုအတွေးဖြင့် ရှန်းဝမ်ချင်း ထူးထူးဆန်းဆန်း စိတ်ကျေနပ်သွားခဲ့သည်။ သူ့အတွက် အခွင့်အရေးရှိသေးသည့် သဘောပင်။

-

စာကြည့်တိုက်ဆောင်အပြင်ဘက်တွင် စောင့်ကြပ်နေသော အကြီးအကဲယုလီတစ်ယောက် ယန်ရုန်ရုန်ကို မြင်လိုက်ရသည်နှင့် မနေ့က သူ့ကို အရှက်ခွဲသွားသည့်အဖြစ်ကို ပြန်သတိရကာ ဒေါသထွက်သွားပြီး မုတ်ဆိတ်မွေးများပင် တုန်ယင်သွားခဲ့သည်။

“နင်တို့ မျက်နှာ လာပြရဲသေးတယ်ပေါ့!”

ယန်ရုန်ရုန် သွားဖြီးပြလိုက်ပါသည်။

“ကျွန်မ အဆောင်စက္ကူအသစ်တစ်မျိုး ဖန်တီးထားသေးတယ်၊ ဦးလေး စမ်းကြည့်ချင်သေးလား၊ ဒီတစ်ခုကို ဦးလေး အရမ်းသဘောကျမှာ သေချာတယ်!”

သူမကို ယုလီ မကျေမနပ် စိုက်ကြည့်လိုက်သည်။

“ငါ့ကို စမ်းသပ်ခံအဖြစ် ထပ်အသုံးချဖို့ စိတ်တောင်မကူးနဲ့နော်!”

ယန်ရုန်ရုန် ချန့်ခွင်းအိတ်ထဲမှ အဆောင်စက္ကူအသစ်စက် စက်တစ်ရွက်ကို ထုတ်ပြလိုက်ပါသည်။

“စိတ်ချပါ ဦးလေးရဲ့၊ ဒါကျွန်မရဲ့ အသစ်စက်စက် တီထွင်ဖန်တီးမှုတစ်ခုပဲ၊ ဦးလေး လုံးဝ စိတ်မပျက်စေရဘူး၊ ဒါကို ‘အိပ်မက်အကောင်အထည်ဖော် အဆောင်’လို့ နာမည်ပေးထာားတယ်၊ ကမ္ဘာပေါ်မှာ ဒီတစ်ခုပဲ ရှိတာနော်၊ ကျွန်မ ကိုယ်တိုင်တောင် မသုံးရက်ဘူး၊ စမ်းကြည့်စမ်းပါ!”

အကြီးအကဲယုလီ သိပ်မယုံကြည်ချင်သေးပါ။

“အဲ့လောက် တကယ်မှော်ဆန်နိုင်လို့လား၊ ငါ့ကို ထပ်လှည့်စားဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူးနော်”

ယန်ရုန်ရုန် ရင်ဘတ်ကိုထုရင်း အာမခံလိုက်ပါသည်။

“ဒီအဆောင်ကို သုံးလိုက်ရင် ဦးလေးရင်ထဲက ဆန္ဒတွေ အမှန်တကယ် ဖြစ်လာလိမ့်မယ်၊ အဲ့တာကြောင့် အိပ်မက်အကောင်အထည်ဖော် အဆောင်လို့ နာမည်ပေးထားတာပေါ့၊ ဆန္ဒတစ်ခုကို ဆုတောင်းရင်း အဆောင်စက္ကူကို ဆုတ်ဖြဲပစ်လိုက်၊ အဲ့တာဆို အကောင်အထည်ပေါ်လာလိမ့်မယ်!”

ယုလီ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ သို့သော် နောက်ဆုံးမှာတော့ စိတ်ဝင်စားမှုကို မထိန်းချုပ်နိုင်တော့ဘဲ အဆောင်စက္ကူကို လှမ်းယူလိုက်ပါသည်။

သူ့လက်ထဲရောက်လာသည့် အဆောင်စက္ကူကို ယုလီ ငုံ့ကြည့်လိုက်သည်။ ယခု သူ့ရင်ထဲမှာ ဆန္ဒအရှိဆုံး အရာကို ပြောပါဆိုလျှင် ကျင့်ကြံခြင်းအဆင့် တိုးတက်စေဖို့သာ ဖြစ်ပါလိမ့်မည်။

သို့သော် စမ်းသပ်မကြည့်ရသေးခင်မှာပင် သူနားလည်ပါသည်။ စက္ကူတစ်ရွက်ကို အားကိုးရုံနှင့် ထိုကဲ့သို့ အိပ်မက်မျိုး အမှန်တကယ် ဖြစ်မလာနိုင်ပေ။

All Chapters