← Chapters

အခန်း (၆၄)

Vol. 7 Ch. 64

အခန်း (၆၄)

Vol. 7 Ch. 64

🌹Chapter 64

အကြီးအကဲယုလီ ကိုယ့်ကိုယ်ကိုယ် ပြက်ရယ်ပြုစွာ ရယ်မောလိုက်သည်။ အဆောင်စက္ကူကို ကိုင်ပြီး အမှန်တကယ် ဆုတောင်းဖို့ ကြံမိသဖြင့် အသက်ကြီးလာလေလေ ကလေးပိုဆန်လာလေလေဖြစ်သည်ဟု သူ့ကိုယ်သူ တွေးမိပါသည်။

“ထားလိုက်ပါတော့ နင့်ဖာသာနင် ပြန်ယူလိုက်စမ်းပါ”

ယန်ရုန်ရုန်ကို အဆောင်စက္ကူပြန်ပေးဖို့ သူကြံလိုက်ပါသည်။

ယန်ရုန်ရုန် ချက်ချင်း လက်နောက်ပစ်ကာ ငြင်းလိုက်သည်။ ထို့နောက် အပြုံးဖြင့် တိုက်တွန်းလိုက်ပါသည်။

“စမ်းကြည့်လိုက်စမ်းပါ၊ အလုပ်မဖြစ်ရင်တောင် ဦးလေး ဘာဆုံးရှုံးစရာ ရှိလို့လဲ”

ထိုသို့ပြောပြီးနောက် ရှန်းဝမ်ချင်းကိုခေါ်ပြီး စာကြည့်တိုက်ထဲ ခပ်သုတ်သုတ် ဝင်သွားလေတော့သည်။

အကြီးအကဲယုလီ လက်ထဲက အဆောင်စက္ကူကိုကြည့်ရင်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။

ယခုအနားမှာ ဘယ်သူမှ ရှိမနေဘဲ အားလပ်နေချိန်လည်းဖြစ်သည်။ ထို့ကြောင့် အချိန်ဖြုန်းသည့်အနေဖြင့် စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ထိုအတွေးဖြင့် ကုလားထိုင်တွင် ပြန်ထိုင်လိုက်ပြီး အဆောင်စက္ကူကို တိုင်တည်လျက် တစ်စုံတစ်ခု ရေရွတ်လိုက်ကာ စက္ကူကို ဆုတ်ဖြဲပစ်လိုက်ပါသည်။

သိပ်မကြာလိုက်ဘဲ အကြီးအကဲယုလီ အိပ်ငိုက်လာခဲ့သည်။ မျက်ခွံများ ထိန်းမရနိုင်အောင် လေးလံလာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။

အိပ်မက်ထဲတွင် အကြီးအကဲယုလီ ငယ်ဘဝကို ပြန်လည်ရောက်ရှိသွားခဲ့ပါသည်။ ထိုအချိန်တုန်းက အကြီးအကဲယုလီမှာ သာမန် လယ်သမားမိသားစုလေးတစ်စု၏ ကလေးတစ်ယောက်သာ ဖြစ်သည်။

မိသားစုက ဆင်းရဲသော်လည်း မိဘနှစ်ပါးနှင့် ညီအစ်ကို မောင်နှမများက သူ့ကို အလွန်ချစ်မြတ်နိုးကြပါသည်။ ဘယ်လို အရသာရှိသည့် အစားအသောက်မျိုးကိုပဲ စားကြပါစေ သူ့ကို အရင်ဆုံးကျွေးလေ့ရှိပြီး စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြသည်။

နှစ်ပေါင်းများစွာကြာပြီဖြစ်သဖြင့် ဝေဝါးနေခဲ့သည့် မှတ် ဉာဏ်အချို့က အိပ်မက်ထဲတွင် အလွန်ထင်ရှားလာခဲ့သည်။

သူ့အမေလက်ဖဝါးပေါ်က နွေးထွေးမှုကို သူခံစားနေရသည်။ ပင်ပင်ပန်းပန်းရုန်းကန်ခဲ့ရမှုကြောင့် ထင်ရှားနေသည့် သူ့အဖေ မျက်နှာပေါ်က အရေးအကြောင်းများကိုလည်း ထိတွေ့ခံစားနိုင်ခဲ့သည်။ သူ့ညီအစ်ကိုမောင်နှမများ ခူးဆွတ်ပေးခဲ့သည့် ချိုမြိန်သော သစ်သီးအရသာများကိုလည်း ပါးစပ်ထဲမှာ ပြန်ခံစားနေရပါသည်။

သာမန် လူသားကမ္ဘာ၏ အမှတ်တရများက အလွန်ရိုးရှင်းသော်လည်း မေ့မရနိုင်အောင် ရှိလှသည်။

-

အကြီးအကဲယုလီ ပြန်နိုးလာသောအခါ မျက်စိတစ်မှိတ်အချိန်အတွင်း ဘဝတစ်သက်တာ ကုန်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူအချိန်အတော်ကြာအောင် အတွေးနယ်လွန်ရင်း ရီဝေစွာ ထိုင်နေခဲ့ပါသည်။

ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့ စာကြည့်တိုက်ထဲမှ ပြန်ထွက်လာသည့်အချိန်ကျမှ အကြီးအကဲယုလီ အသိစိတ် ပြန်ကပ်သွားခဲ့သည်။

“ငါပြန်သွားကြည့်ချင်တယ်”

ယန်ရုန်ရုန် အူကြောင်ကြောင်ဖြစ်သွားသည်။

“ဘယ်ကိုပြန်မှာလဲ”

“မွေးရပ်မြေကိုလေ…”

အမှန်တော့ အကြီးအကဲယုလီ ရှမ့်ယွင်ဂိုဏ်းကို ရောက်ရှိပြီးနောက် မွေးရပ်မြေကို နှစ်ခေါက် ပြန်ခဲ့ဖူးပါသည်။

ပထမတစ်ကြိမ်ပြန်သွားစဉ်က သူ့မိဘတွေ ဆံဖြူသွားကျိုးနေကြပါပြီ။ ညီအစ်ကို မောင်နှမတွေ အားလုံးကလည်း အိမ်ထောင်ကျကာ ကလေးကိုယ်စီ ရရှိနေကြပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြသည်။

ဒုတိယအကြိမ် ပြန်သွားသောအခါ သူ့မိဘနှစ်ပါးနှင့် အစ်ကိုအကြီးဆုံးတို့ ဆုံးပါးသွားခဲ့လေပြီ။ သူနှင့် ရင်းနှီးကျွမ်းဝင်သည့်လူတွေအထဲ သူ့အစ်မကြီးတစ်ယောက်သာ သက်ရှိထင်ရှား ရှိပါတော့သည်။

သို့သော် သူ့အစ်မကြီးကလည်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပြီး အလွန်အားနည်းချည့်နဲ့နေပါပြီ။ သူမ မျက်ဝန်းများက အရောင်မှေးမှိန်နေပြီး မောင်ဖြစ်သည့် သူ့ကိုပင် မမှတ်မိနိုင်တော့ချေ။

ထို့နောက်ပိုင်းတွင် အကြီးအကဲယုလီ အိမ်ထပ်မပြန်ဖြစ်တော့ပါ။ အရာအားလုံးက အရင်အတိုင်း ရှိနေသေးသော် လည်း လူတွေသာပြောင်းလဲသွားသည့် ခံစားချက်မျိုးကို သူ ရင်မဆိုင်ချင်ခဲ့ပါ။

သူ့ဘေးနားမှာ အမြဲတမ်း ရှိနေပေးခဲ့ကြသူတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် လောကြီးထဲမှ ထွက်ခွာသွားကြပြီဖြစ်မှန်း သူနားလည်ပါသည်။ သူပြန်သွားလျှင်တောင် ယခင်တုန်းက နွေးထွေးမှု အငွေ့အသက်များကို ခံစားရတော့မှာ မဟုတ်ပေ။

သို့သော် ယခုငယ်ဘဝကို အိပ်မက်မက်ပြီး မိသားစုဝင်များ ၏မျက်နှာများကို ထင်ထင်ရှားရှား ထပ်မံမြင်တွေ့ခဲ့ရပြီးနောက် သူ့ရင်ထဲ ပြင်းပြသည့် ဆန္ဒတစ်ခု ဖြစ်တည်လာခဲ့သည်။

သူ အိမ်ကို နောက်တစ်ခေါက် ပြန်ကြည့်ချင်ပါသေးသည်။

ဒီတစ်ခါတော့ သူ ရှောင်ပြေးတော့မည် မဟုတ်ပါ။

နှစ်ပေါင်းများစွာဟူသည့် အချိန်က ဆောင်ကျဉ်းပေးခဲ့သည့် ပြောင်းလဲမှုများ၊ မွေးဖွားခြင်း၊ ရှင်သန်ခြင်း၊ အိုခြင်း၊ နာခြင်း၊ သေဆုံးခြင်းများနှင့် ခွဲခွာရခြင်းတို့ကို ရဲရဲဝံ့ဝံ့ လက်ခံ ရင်ဆိုင်ပါတော့မည်။

အကြီးအကဲယုလီ တစ်စုံတစ်ခုပြောင်းလဲသွားသည်ကို ရှန်းဝမ်ချင်း အာရုံခံမိပြီး ခေါင်းညိတ်ပြလိုက်သည်။

“သွားပါ၊ ကျုပ်ဂိုဏ်းခေါင်းဆောင်ကြီးကို အကြောင်းကြားပေးမယ်”

အကြီးအကဲယုလီ လက်အုပ်ချီကာ ဂါဝရပြုလိုက်ပြီး ဓားပျံကို ဆင့်ခေါ်လျက် ထျန်ကျီးတောင်ထိပ်မှ ပျံသန်း ထွက်ခွာသွားလေတော့သည်။

အဝေးရောက်သွားသည့် အကြီးအကဲယုလီကို ငေးကြည့်ရင်း ယန်ရုန်ရုန် နားမလည်နိုင်စွာ ရေရွတ်လိုက်ပါသည်။

“ဒီတိုင်းပဲ ထွက်သွားတာလား၊ မြန်လိုက်တာ”

ရှန်းဝမ်ချင်း ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။

“ဒီတစ်ခေါက် ပြန်သွားရင် နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့တဲ့ သူ့ကျင့်ကြံခြင်းအဆင့်တွေ နောက်ဆုံးတော့ ရှေ့တစ်ဆင့် တက်လှမ်းသွားနိုင်လောက်တယ်”

ယန်ရုန်ရုန် အံ့အားသင့်သွားသည်။

“တကယ်ကြီးလား”

ယန်ရုန်ရုန်၏ ကျင့်ကြံခြင်းအဆင့်က သိပ်မမြင့်သဖြင့် သတိမထားမိခဲ့ပါ။ သို့သော် ရှန်းဝမ်ချင်းကတော့ ကျိန်းသေပေါက် သတိထားမိခဲ့ပါသည်။ အကြီးအကဲယုလီ၏ ကျင့်ကြံခြင်းအဆင့်များ တိုးတက်လာနိုင်သည့် လက္ခဏာ စတင်ပြသနေပါပြီ။

ဒီတစ်ခေါက် မွေးရပ်မြေကို ပြန်သွားခြင်းက သူ့အတွက် စမှတ်အသစ်တစ်ခု ဖြစ်သွားနိုင်သည်။ ဒီအခွင့်အရေးကို အရယူနိုင်ပါက အကြီးအကဲယုလီ နောက်တစ်ဆင့်ကို မလွဲဧကန် တက်လှမ်းနိုင်ပါလိမ့်မည်။

ထိုအတွေးဖြင့် ယန်ရုန်ရုန်ကို ရှန်းဝမ်ချင်းကြည့်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။

“ကြည့်ရတာ မင်းရဲ့ ‘အိပ်မက်အကောင်အထည်ဖော်’ အဆောင်က တကယ် အလုပ်ဖြစ်တဲ့ပုံပဲ”

အကြီးအကဲယုလီ နတ်ဝိညာဉ်သန္ဓေအဆင့်ကို ရောက်ရှိနေသည်မှာ အချိန်အတော်ကြာနေပါပြီ။ ပုံမှန်ဆို ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းသင့်နေပြီဖြစ်သော်လည်း နတ်ဝိညာဉ်သန္ဓေအဆင့်မှာပင် နှစ်ပေါင်း ၉၀၀ ကျော်တိုင်အောင် ရပ်တန့်နေခဲ့သည်။

အဓိက တရားခံက သူ့တာအိုနှလုံးသား မငြိမ်မသက်ဖြစ်နေခြင်းကြောင့်ပင်။

ယန်ရုန်ရုန်ပေးလိုက်သည့် အဆောင်စက္ကူက သူ့တာအိုနှလုံးသားကို တည်ငြိမ်သွားစေခဲ့ပြီး လျှောက်လမ်းရမည့် လမ်းစကို ချက်ချင်း ပြန်လည်ရှာဖွေနိုင်စေခဲ့သည်။

ယန်ရုန်ရုန် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပါသည်။

“မဟုတ်တာ… အိပ်မက်အကောင်အထည်ဖော် အဆောင်လို့ နာမည်ပေးထားပေမယ့် တကယ်တော့ သုံးလိုက်တဲ့လူကို အိပ်မွေ့ချပြီး အိပ်မက်လှလှမက်အောင်ပဲ လုပ်ပေးနိုင်တဲ့ အဆောင်ပါ”

ယခင်တုန်းကသာဆို သူမကို ရှန်းဝမ်ချင်း အများကြီး ရှင်းပြနေမှာ မဟုတ်ပါ။

ကျင့်ကြံခြင်းလမ်းစဉ်တွင် အားလုံး ကိုယ့်အားကိုယ် ကိုးရမည်ဟု ရှန်းဝမ်ချင်း အမြဲတမ်း ယုံကြည်ခဲ့သည်။ သို့သော် ယွင်ကျဲပြောခဲ့သည့် စကားလုံးများက သူ့နှလုံးသားကို လှုပ်ခါနိုင်ခဲ့ပါသည်။

သူ့အပေါ် စန်းချွမ် နဂိုကတည်းက နားလည်မှုလွဲနေပြီးသားဖြစ်သည်။ ထို့ကြောင့် ဆက်ပြီးလျစ်လျူရှုထားပါက အဝေးသို့ ထပ်တွန်းပို့လိုက်သလို ဖြစ်သွားနိုင်ပါသည်။

ထို့ကြောင့် ရှန်းဝမ်ချင်း စိတ်ရှည်ရှည်ထားပြီး အသေးစိတ် ရှင်းပြလိုက်လေသည်။

ရှန်းဝမ်ချင်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယန်ရုန်ရုန် ရုတ်တရက် နားလည်သွားခဲ့ပါသည်။ မေးပွတ်လျက် သူမ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“အဲ့လို တွေးကြည့်ရင် အကြီးအကဲယုလီ ကျွန်မကို ကျေးဇူး တင်သင့်တာပေါ့!”

ရှန်းဝမ်ချင်း ခေတ္တစဉ်းစားလိုက်ပြီး ထပ်ပြောလိုက်သည်။

“နောက်နောင် မေးစရာရှိရင် ငါ့ကို ပွင့်ပွင့်လင်းလင်း မေးလို့ရတယ်”

ယန်ရုန်ရုန် အံ့အားသင့်သွားသည်။ ရှန်းဝမ်ချင်း ရုတ်တရက် ဘာကြောင့် ဒီလိုစကားမျိုး ပြောနေရသလဲ သူမ နားမလည်ပေ။

ယခင်တုန်းကဆို အမြဲတမ်း အေးတိအေးစက်နေတတ်သူဖြစ်ကာ ကျင့်ကြံခြင်းနှင့်ပတ်သတ်သည့် မေးခွန်းများ သူမ မေးလိုက်တိုင်း အမြဲတမ်း ပထုတ်လေ့ရှိသည်။ သူမ ကိုယ် တိုင် စဉ်းစားပြီး အဖြေရှာသင့်သည်ဟုသာ ပြောလေ့ရှိပါသည်။

ယခုတော့ သူ့အချိုးတွေ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

အလွန့်အလွန် ထူးဆန်းလွန်းပါဘိ။

-

အကြီးအကဲယုလီ ထွက်သွားပြီးနောက်ပိုင်း ရှန်းဝမ်ချင်းနှင့် ယန်ရုန်ရုန်တို့ စာကြည့်တိုက်ဆောင်သို့ နေ့စဉ် ပုံမှန်အတိုင်း လာရောက်ခဲ့ကြပါသည်။ စာကြည့်တိုက် ကြီးကြပ်သူကိုတော့ အခြားတစ်ယောက်ဖြင့် လူစားထိုးခဲ့ရသည်။

နဝမထပ်ရှိ စာအုပ်အားလုံးကို ယန်ရုန်ရုန် ဖတ်ပြီးခါနီးဆဲဆဲအချိန်တွင် ယွီကျမ့်တောင်ထိပ်သို့ နန်ခယ့် ရုတ်တရက် ရောက်ရှိလာခဲ့သည်။

ထို့နောက် အနက်ရောင်နှင့် ရွှေရောင်တို့ ရောစပ်ထားသည့် ကြွေပုလင်းတစ်လုံးကို ထုတ်ပေးလိုက်ပါသည်။

“ဒါရှို့လင်းဆေးလုံးလို့ခေါ်တယ်၊ မင်းအတွက် သီးသန့် ဖော်စပ်ပေးထားတာ၊ ဝိညာဉ်ရင်းမြစ်ကို ကုသပေးနိုင်တဲ့ ဆေးလုံးပဲ၊ ဒါပေမယ့် လက္ခဏာတွေကိုပဲ ကုသပေးနိုင်လိမ့်မယ်၊ အကောင်းပကတိအတိုင်း ပြန်ဖြစ်ချင်တယ်ဆိုရင်တော့ ဖမ့်လိုင်မသေမျိုးကျွန်းကိုသွားပြီး ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးကို ရှာဖွေရလိမ့်မယ်”

ယန်ရုန်ရုန် အမြန်မေးလိုက်သည်။

“ဘယ်လိုဆေးဖက်ဝင်ပစ္စည်းလဲ”

“နဂါးရိုး”

နန်ခယ့် တိုးညှင်းစွာ ပြန်ဖြေလိုက်ပါသည်။

နဂါးမျိုးနွယ်စု မျိုးသုဉ်းပျောက်ကွယ်သွားခဲ့သည်မှာ ကြာပြီဖြစ်မှန်း လူတိုင်းသိကြသည်။ ၎င်းတို့၏ အရိုးစုများကပင် အချိန်နှင့် သမိုင်းရေစီးကြောင်းထဲ ပျောက်ကွယ်သွားခဲ့လေပြီ။

သို့သော် ဖမ့်လိုင်မသေမျိုးကျွန်း၏ သခင်ကြီးတွင် နဂါးရိုးတစ်ခု ပိုင်ဆိုင်ထားသည်ဟု ကောလဟာလများရှိနေသည်။

ယန်ရုန်ရုန် စိတ်ပူသွားခဲ့သည်။

“နဂါးရိုးဆိုတာ အရမ်းအဖိုးတန်တဲ့ ရတနာမဟုတ်ဘူးလား၊ ဖမ့်လိုင်သခင်ကြီးက သူ့ရတနာကို လိုလိုလားလား ပေးမှာတော့ မဟုတ်လောက်ဘူးထင်တယ်”

ရှန်းဝမ်ချင်းကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ ရုတ်တရက်ပြောလိုက်သည်။

“ကျွန်တော်အခုပဲ ဖမ့်လိုင်ကျွန်းကို သွားလိုက်ပါ့မယ်”

နန်ခယ့် အသိပေးလိုက်သည်။

“စန်းချွမ်ကိုပါ ခေါ်သွားလိုက်၊ လမ်းမှာ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုပေးလို့ရတယ်၊ ဟိုရောက်ရင်လည်း အချင်းချင်း စောင့်ရှောက်ပေးလို့ရတာပေါ့”

သူမနှင့် သက်ဆိုင်နေသည့် အရာဖြစ်သဖြင့် ယန်ရုန်ရုန် ဒီတိုင်း ထိုင်မနေနိုင်ပေ။

“ဟုတ်ကဲ့ပါ၊ ကျွန်မ လိုက်သွားလိုက်ပါ့မယ်”

ရှန်းဝမ်ချင်း အနည်းငယ် တွန့်ဆုတ်သွားခဲ့သည်။ ရှမ့်ယွင်ဂိုဏ်းမှ ဖမ့်လိုင်ကျွန်းသို့ သွားရမည့်ခရီးလမ်းက ရှည်လျားပါသည်။ ထို့အပြင် ဖမ့်လိုင်သခင်ကြီးက ဖော်ရွေတတ်သူမဟုတ်ပေ။ စန်းချွမ်ကို သူ ဒုက္ခမပေးချင်ပါ။

သို့သော် နန်ခယ့်မျက်လုံးများကိုမြင်ပြီး သူ့အစ်ကိုကြီးမှာ ကိုယ်ပိုင်အစီအစဉ်များရှိနေလိမ့်မည်ဟု ရှန်းဝမ်ချင်း ယုံ ကြည်သွားသည်။ ထို့ကြောင့် ဘာမှပြန်မပြောတော့ဘဲ နှုတ်ဆိတ်ကာ သဘောတူခဲ့ပါသည်။

All Chapters