← Chapters

အခန်း (၆၅)

Vol. 7 Ch. 65

အခန်း (၆၅)

Vol. 7 Ch. 65

🌹Chapter 65

ယန်ရုန်ရုန်ထွက်သွားသောအခါ နန်ခယ့်ကို ရှန်းဝမ်ချင်း မေးလိုက်သည်။

“ဒုတိယအစ်ကို၊ စန်းချွမ်ကို ကျွန်တော်နဲ့အတူ ဖမ့်လိုင်ကျွန်းဆီ ဘာလို့သွားစေချင်တာလဲ”

အနားမှာ စန်းချွမ်မရှိတော့သဖြင့် နန်ခယ့်လည်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါသည်။

“သွေးယုတ်စည်းဝိုင်းကွက်အကြောင်း စုံစမ်းဖို့အတွက် ကျင်းချွီမြို့ဆီ ချင်းယောင်ကို ငါစေလွှတ်ခဲ့တာ၊ သူသဲလွန်စတွေ ရှာတွေ့ခဲ့ပေမယ့် အဲ့ဒီလင်းယွမ်ဆိုတဲ့ကောင် ပေါ်လာတယ်၊ သူအခု ချင်းယောင်ကိုဖမ်းထားပြီး စန်းချွမ်နဲ့ ချင်းယောင်ကို လာလဲရမယ်လို့ ဖိအားပေးနေတယ်”

ရှန်းဝမ်ချင်း မျက်မှောင်အလွန်ကြုတ်သွားခဲ့သည်။

“ဒါဆို မရီးကို သွားကယ်မှဖြစ်မှပေါ့!”

နန်ခယ့် လက်ပြကာ စိတ်တည်ငြိမ်အောင် ထားခိုင်းလိုက်သည်။

“စိတ်မပူပါနဲ့၊ ချင်းယောင် ဘာမှမဖြစ်သေးဘူး၊ ကျင်းချွီမြို့က နတ်ဆိုးတွေရဲ့ပိုင်နက်မှမဟုတ်တာ၊ အဲ့ဒီမှာ ထျန်းပေကျောင်းတော်က ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတွေ ရှိတယ်၊ အဲ့ဒီနေရာမှာ လူသတ်ဖို့ကြိုးစားရင် သူကိုယ်တိုင်လည်း လွတ် မြောက်နိုင်မှာမဟုတ်ဘူး”

“တကယ်တော့ ရှမ့်ယွင်ဂိုဏ်းမှာ စန်းချွမ်ရှိနေသလားဆိုတာကို လင်းယွမ်ကိုယ်တိုင်လည်း သိပ်မသေချာသေးတဲ့ပုံစံပဲ၊ မဟုတ်ရင် ငါတို့ဂိုဏ်းဆီ သူရောက်လာခဲ့တာ ကြာပေါ့၊ ဒီလိုလုပ်လိုက်ရတာက ငါတို့ဆီမှာ စန်းချွမ်တကယ်ရှိနေလား ဆိုတာကို စမ်းသပ်တဲ့သဘောဖြစ်နိုင်တယ်”

“ငါ့စကားနားထောင် ဝမ်ချင်း၊ စန်းချွမ်ကိုခေါ်ပြီး ဒီကနေ ထွက်သွားပါ၊ လင်းယွမ်ကို ငါကိုယ်တိုင် ရင်ဆိုင်လိုက်မယ်၊ သူ့ကို အညံ့ခံအောင်လုပ်ဖို့ ငါ့ဆီမှာ နည်းလမ်းတွေရှိပါတယ်”

ဒုတိယအစ်ကို၏ ဆုံးဖြတ်ချက်များကို ရှန်းဝမ်ချင်း အမြဲ တမ်းယုံကြည်ခဲ့ပါသည်။ နန်ခယ့်က ဒီလိုပြောနေသဖြင့် သူတစ်ခုခု အမှန်တကယ် စီစဉ်ထားလောက်သည်။ ထို့ကြောင့် တွန့်ဆုတ်မှု မရှိဘဲ ရှန်းဝမ်ချင်း ပြတ်ပြတ်သားသား ခေါင်း ညိတ်လိုက်ပါသည်။

“ကောင်းပါပြီ”

နန်ခယ့် ပြုံးကာ အားပေးစကားပြောလိုက်သည်။

“ဖမ့်လိုင်ကျွန်းကို သွားရမယ့် ခရီးက အခွင့်အရေးကောင်းတစ်ခုပဲ၊ မင်းကောင်းကောင်း အသုံးချရမယ်၊ မင်းတို့နှစ်ယောက်ဆီက ငါ သတင်းကောင်းကြားချင်တယ်”

နန်ခယ့်ပြောသည့် ‘အခွင့်အရေးကောင်း’ဟူသည် ဘာကိုဆိုလိုမှန်း ရှန်းဝမ်ချင်း နားလည်ပါသည်။ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးတို့ နှစ်ယောက်တည်း ခရီးရှည်တစ်ခု တူတူသွားရခြင်းက ခံစားချက်တွေ တည်ဆောက်ဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်လာနိုင်သည်။

ဒီတစ်ခေါက် ခရီးကို အသုံးချပြီး စန်းချွမ်နှင့် နီးစပ်အောင်လုပ်ဖို့ ရှန်းဝမ်ချင်းလည်း ရည်ရွယ်ထားသည်။ သို့သော် သူလောလို့ မဖြစ်ပေ။ ယခုလောလောဆယ် အရေးအကြီးဆုံးတာဝန်က နဂါးရိုးကို ရှာဖွေပြီး စန်းချွမ်၏ ဝိညာဉ်ရင်းမြစ်ကို ကုသပေးဖို့သာ ဖြစ်သည်။

ကျင့်ကြံသူများဖြစ်သည့်အလျောက် သာမန်လူသားတွေကဲ့သို့ အထုပ်အပိုးတွေ ပြင်စရာမလိုပါ။ သိပ်မကြာလိုက်ဘဲ ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့ ဓားပျံများ ကိုယ်စီစီးလျက် ရှမ့်ယွင်ဂိုဏ်းမှ ထွက်ခွာကာ ဖမ့်လိုင်ကျွန်းသို့ ဦးတည်ခဲ့တော့သည်။

-

ရှမ့်ယွင်ဂိုဏ်း၏ ဧည့်သည်တော်တစ်ဦးအဖြစ် လင်းယွမ်ကို နန်ခယ့် ဖိတ်ကြားလိုက်ပါသည်။

လင်းယွမ်၏သံသယကြီးတတ်သော စိတ်ဓာတ်ကို နန်ခယ့် နားလည်သည်။ သူဘယ်လောက်ပဲ ရှင်းပြပါစေ နတ်ဆိုး အရှင်သခင်က သူ့ကို ယုံကြည်မှာမဟုတ်ပါ။

ထို့ကြောင့် သူ့ကို ဂိုဏ်းထံ ဖိတ်ခေါ်လိုက်ပြီး စန်းချွမ် ရှိမရှိကို ကိုယ်တိုင် စစ်ဆေးခိုင်းလိုက်ပါမည်။

လင်းယွမ် လက်မခံမှာကို နန်ခယ့် စိတ်မပူပါ။ စန်းချွမ်ကို လင်းယွမ် မစွန့်လွှတ်နိုင်သေးသရွေ့ ကျိန်းသေပေါက် ရောက်လာပါလိမ့်မည်။

သူ့ခန့်မှန်းချက်များ မှန်ကန်ပါသည်။ ဖိတ်ကြားမှုကို ရရှိပြီးနောက် ရှမ့်ယွင်ဂိုဏ်းသို့ ချင်းယောင်နှင့်အတူတူ လင်းယွမ် ရောက်ရှိလာခဲ့သည်။

ချင်းယောင်၏ ပုံစံက ဖြူရော်ပြီး နွမ်းလျနေပါသည်။ သို့ သော် ကံကောင်းစွာဖြင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိပါ။ နန်ခယ့်ရင်နာသွားပြီး သူစိမ်းရှိနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ချင်းယောင်ကို တွဲကူပေးလိုက်ကာ စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

“သခင်မ ဘာဖြစ်သွားသေးလဲ၊ ထိခိုက်ဒဏ်ရာတွေ ရခဲ့သေးလား”

ချင်းယောင် ခေါင်းခါလိုက်ပြီး တီးတိုးမေးလိုက်သည်။

“ကျွန်မ အဆင်ပြေပါတယ်၊ ဝမ်ချင်း ဘယ်မှာလဲ”

စန်းချွမ်အကြောင်း သူမ မေးမြန်းချင်ခဲ့သော်လည်း လင်းယွမ်ရှိနေသဖြင့် ထုတ်မပြောခဲ့ပါ။

ပေါင်းသင်းလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သဖြင့် ဇနီးဖြစ်သူအတွေးကို နန်ခယ့်ချက်ချင်း နားလည်လိုက်သည်။

“ဝမ်ချင်း ဂူအောင်းကျင့်ကြံနေတယ်၊ ဆယ်စုနှစ်တွေကြာတဲ့အထိ ထွက်လာမှာမဟုတ်ဘူး”

ထို့နောက် ချင်းယောင်ကိုအနားယူခိုင်းရန် ခေါ်ဆောင်သွားဖို့ တစ်စုံတစ်ယောက်ကို တာဝန်ပေးလိုက်သည်။

လင်းယွမ်ကတော့ ဝေ့လည်ကြောင်ပတ်လုပ်မနေဘဲ တဲ့တိုးမေးလိုက်ပါသည်။

“ရှောင်းရှောင်း ဘယ်မှာလဲ၊ မင်းတို့သူ့ကို ဘယ်မှာဖွက်ထားတာလဲ”

နန်ခယ့် စိတ်ပင်ပန်းစွာ ပြုံးလိုက်သည်။

“စန်းချွမ်ကို မင်းလာရှာမှန်း ငါသိတယ်၊ ချင်ရှားလျှို့ဝှက်နယ်မြေမှာ မတော်တဆမှုဖြစ်ပြီးကတည်းက ငါတို့လည်း သူ့အကြောင်း ဘာသတင်းမှ မကြားခဲ့ရဘူး၊ အမှန်အတိုင်းပြောရရင် ငါတို့လည်း သူ့ကို ရှာချင်နေတာ၊ အဲ့တာကြောင့် ဝရမ်းတွေတစ်ခုပြီးတစ်ခု ထုတ်ခဲ့ပေမယ့် ဘာမှ အကြောင်းမထူးဘူး၊ သူသေသလား ရှင်သလားဆိုတာတောင် ငါတို့မသိဘူး”

လင်းယွမ် မယုံကြည်ပေ။

“မင်းတို့ ပေါက်ကရပြောတာတွေ ငါယုံမယ်ထင်လို့လား၊ ကျုံးရှောင်းရှောင်းကို အခုချက်ချင်း ထုတ်ပေးရင်ပေး၊ ထုတ်မပေးရင် ရှမ့်ယွင်ဂိုဏ်းရဲ့သွေးနဲ့ ငါ့လက်ကို ဆေးကြောပစ်မယ်!”

ချင်းရှားလျှို့ဝှက်နယ်မြေအတွင်း မတော်တဆမှုဖြစ်ပြီး တစ်လကျော်ခန့် ကြာပါပြီ။

ပထမတော့ ယန်ရုန်ရုန်သေဆုံးသွားသည်ကို အရှင်လေးပါးစလုံး မယုံကြည်ခဲ့ကြပေ။ လျှို့ဝှက်နယ်မြေ၏ နေရာတိုင်းကို မဆုတ်မနစ် ရှာဖွေခဲ့ကြသည်။

သို့သော် အချိန်ကြာမြင့်လာသည်နှင့်အမျှ ဟမ်ယဲ့နှင့် ရှုယင်တို့ လက်တွေ့အမှန်တရားကို ရင်ဆိုင်လိုက်ကြပြီး သူမကို အသက်ပြန်သွင်းဖို့အတွက် ကိုယ့်နည်းလမ်းကိုယ်ရှာဖွေဖို့ ပြန်သွားခဲ့ကြသည်။

လင်းယွမ်နှင့် ရှန်းဝမ်ချင်းတို့ကတော့ ထွက်မသွားခဲ့ကြသေးပေ။

ကျုံးရှောင်းရှောင်း သေဆုံးသွားသည်ကို လက်မခံနိုင်သဖြင့် လင်းယွမ် ဆက်နေခဲ့ခြင်းဖြစ်သည်။ သူမအကြောင်း လင်းယွမ်သိသဖြင့် ကိုယ့်အသက်ကိုယ် အရာရာထက်ပိုတန်ဖိုးထားတတ်သည့် မိန်းမ ဖြစ်ကြောင်းကိုလည်း သူသိနေပါ သည်။

ရှင်းရှင်းပြောရလျှင် ကျုံးရှောင်းရှောင်းက သေရမှာကို ကြောက်သည်။ မျှော်လင့်ချက် စိုးစင်းလေး ရှိနေလျှင်တောင် လင်းယွမ် လက်လျှော့မည်မဟုတ်ပါ။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက အဆုံးမဲ့အသူရာချောက်နက်အတွင်းမှ သူ့ကိုကယ်တင်ပေးဖို့ ကျုံးရှောင်း ရှောင်း အသက်ကိုရင်းခဲ့ဖူးသည်။ ထိုအချိန်ကတည်းက သူမ ထွက်ပြေးဖို့ ကြိုတင်စီစဉ်ထားခဲ့ခြင်းဖြစ်နိုင်သည်။

ကောင်းကင်ဘုံနန်းတော်ထဲတွင် ထောင်ထျဲသားရဲနှင့် ရင်ဆိုင်ခဲ့ရစဉ်တုန်းက ထိုသားရဲကြီးကို သူမ ရန်စပြီး အာရုံစိုက်ခံရအောင်လုပ်ခဲ့သည်။ ထို့နောက် ရှောင်ရှားရမည့်အစား သားရဲကြီး၏ပါးစပ်ထဲ တန်းတန်းမတ်မတ် ပြေးဝင်သွားခဲ့ပါသည်။

ဒါကျုံးရှောင်းရှောင်းလိုလူမျိုး လုပ်မည့် လုပ်ရပ်မျိုးမဟုတ်ပေ။ သူမတွင် ဝှက်ဖဲတစ်ခုခု ရှိနေလိမ့်မည်ဟု လင်းယွမ် ခန့်မှန်းမိပါသည်။

သူမ အသက်ရှင်နေသေးမှာ ကျိန်သေးသည်။

ရှန်းဝမ်ချင်းကမူ လက်ဆုပ်လက်ကိုင်မပြနိုင်သည့် မျှော်လင့်ချက်များဖြင့်သာ လျှို့ဝှက်နယ်မြေမှာ ခေါင်းမာမာ စောင့်နေခဲ့ခြင်းဖြစ်သည်။

ထိုနယ်မြေတွင် ရှန်းဝမ်ချင်း တစ်သက်လုံးစောင့်နေလိမ့်မည်ဟု လင်းယွမ် ထင်ထားခဲ့ပါသည်။ သို့သော် တစ်ရက်တွင် ရှန်းဝမ်ချင်း ရုတ်တရက်ထွက်သွားခဲ့သည်။

ရှန်းဝမ်ချင်း ဘာမှပြောမသွားသော်လည်း သူ့လုံ့လဝီရိယကို ယခုလိုချိုးဖျက်နိုင်သည့်အရာဟူ၍ စန်းချွမ်နှင့် ပတ်သတ်သည့်ကိစ္စများသာ ရှိပါလိမ့်မည်။ ထို့ကြောင့် လင်းယွမ်လည်း လျှို့ဝှက်နယ်မြေမှ ထွက်လာကာ ရှန်းဝမ်ချင်းကို ခြေရာခံရင်း ကျင်းချွီမြို့သို့ ရောက်လာခဲ့လေသည်။

ကျင်းချွီမြို့ထဲ လင်းယွမ် ခိုးဝင်လာသောအခါ ရှန်းဝမ်ချင်း မရှိတော့ပေ။ ကျင်းချွီမြို့တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်း အရာများကို မြို့ထဲတွင် လင်းယွမ် လိုက်လံမေးမြန်းကြည့်ခဲ့သည်။

‘စန်းချွမ်’ဟူသည့် အမည်ကို မကြားခဲ့ရသော်လည်း ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီး ကောင်းကင်ပေါ်မှာ ပေါ်လာသည့်အကြောင်းနှင့် မြို့စားကြီး၏ စံအိမ်တွင် လူသားစား သားရဲကြီးတစ်ကောင်ပေါ်လာသည့် အကြောင်းတို့ကို ကြားခဲ့ရပါသည်။

ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်များက အလွန်ရှားပါးသည့် သတ္တဝါများဖြစ်ကြပြီး လူသားစား သားရဲဟူသည်မှာလည်း ထောင်ထျဲသားရဲဖြစ်နိုင်ချေများပါသည်။ ထိုသတ္တဝါနှစ်ကောင်စလုံးက ကျုံးရှောင်းရှောင်းနှင့် ပတ်သတ်နေသည်။

တိုက်ဆိုင်မှုတွေကို လင်းယွမ် မယုံကြည်တတ်ပေ။ ထို့ ကြောင့် ကျင်းချွီမြို့သို့ ကျုံးရှောင်းရှောင်း ကျိန်းသေ‌ရောက် လာပြီး ရှမ့်ယွင်ဂိုဏ်းသို့ ရှန်းဝမ်ချင်း ပြန်ခေါ်သွားခြင်းဖြစ်မည်ဟုသာ သံသယဖြစ်ခဲ့သည်။

တိုက်ဆိုင်စွာဖြင့် ဂိုဏ်းခေါင်းဆောင်ကြီး၏ဇနီးဖြစ်သူ ချင်းယောင်ကလည်း ကျင်းချွီမြို့ကို ရောက်ရှိလာခဲ့သည်။ လင်းယွမ် သူ့သရုပ်မှန်ကို ဖော်ခဲ့ပြီး ချင်းယောင်ကို ဓားစာခံအဖြစ် ဖမ်းဆီးကာ ကျုံးရှောင်းရှောင်းနှင့် လဲလှယ်ဖို့ ရှမ့်ယွင်ဂိုဏ်းကို ဖိအားပေးခဲ့သည်။

သို့သော် ဂိုဏ်းခေါင်းဆောင်ကြီးက သူ့ကို ဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့ပါသည်။ ရှမ့်ယွင်ဂိုဏ်း၏တစ်နေရာရာတွင် ကျုံးရှောင်းရှောင်း ပုန်းခိုနေခြင်းဖြစ်မည်ဟု လင်းယွမ်သံသယရှိသဖြင့် ဖိတ်ကြားမှုကို လက်ခံခဲ့ပါသည်။

ဂိုဏ်းခေါင်းဆောင် နန်ခယ့်သာ ကျုံးရှောင်းရှောင်းကို ထုတ် ပေးဖို့ ငြင်းဆန်နေလျှင် သူရှာနေသည့် လူကို ရှာမတွေ့မချင်း ရှမ့်ယွင်ဂိုဏ်းကို မြေလှန်ပစ်မည်ဟုလည်း လင်းယွမ် ဆုံးဖြတ်ထားခဲ့သည်။

နတ်ဆိုးအရှင်သခင်၏ခြိမ်းခြောက်စကားများကို ရင်ဆိုင်ရသောအခါ နန်ခယ့် ဘာမှမတတ်နိုင်ခဲ့ပေ။

“မင်းငါ့ကို သတ်လိုက်ရင်တောင် ဘာမှထူးမှာမဟုတ်ဘူး၊ စန်းချွမ် ဒီမှာ တကယ်မှရှိမနေတာ၊ ငါပြောတာ မယုံရင် ဂိုဏ်းထဲမှာ မင်းကြိုက်သလောက် လိုက်ရှာလို့ရတယ်”

All Chapters