အခန်း (၆၆)
Vol. 7 Ch. 66
🌹Chapter 66
လင်းယွမ်ကလည်း အားမနာတတ်ပါ။ ရှမ့်ယွင်ဂိုဏ်း၏ အတွင်းအပြင်တိုင်းကို ရှာဖွေခဲ့ပြီး နတ်ဆိုးစွမ်းအင်ကို အသုံးချကာ မြေအောက်ထဲအထိပင် ရှာဖွေခဲ့သည်။ သို့သော် ဘာမှ မတွေ့ခဲ့ရပေ။
ရှမ့်ယွင်ဂိုဏ်းတွင် ကျုံးရှောင်းရှောင်း အမှန်တကယ် ရှိမနေခဲ့ပါ။
ရွေးချယ်စရာမရှိတော့သဖြင့် နန်ခယ့်ဆီ လင်းယွမ်ထပ်ရောက်လာပြီး အေးစက်စွာ မေးလိုက်သည်။
“ကျုံးရှောင်းရှောင်းကို တစ်နေရာရာမှာဖွက်ထားတာလား”
နန်ခယ့်က မေးခွန်းပြန်ထုတ်လိုက်သည်။
“သူ့ကိုဘယ်နေရာမှာ ဖွက်ထားလို့ရမယ်ထင်လို့လဲ”
လင်းယွမ်ဘာမှ ဆက်မပြောနိုင်ခင် နန်ခယ့်က ချက်ချင်း ဆက်ပြောလိုက်ပါသည်။
“ငါမင်းကို အမှန်အတိုင်းပြောရမှာ မကြောက်ဘူး၊ အခုအချိန်မှာ စန်းချွမ်ကို ဒီတိုင်းသေသွားပါစေလို့ပဲ ငါဆုတောင်းနေတာ၊ သူ့လိုလူမျိုးကို အပင်ပန်းခံပြီး ဖွက်ပေးထားစရာအကြောင်းရှိပါ့မလား”
သူ့စကားလုံးများကို လင်းယွမ်တစ်ခွန်းမှ မယုံကြည်ပါ။
“မင်းညီက ကျုံးရှောင်းရှောင်းကို အရမ်းစွဲလမ်းနေတာလေ၊ အဲ့တာကြောင့် သူ့ကို ပြန်ခေါ်လာချင်နေတာပေါ့၊ အဲ့လိုမှ မဟုတ်ရင် သူ့မိစ္ဆာစိတ်တွေ လွတ်ထွက်လာမှာ မဟုတ်ဘူးလား”
ရှန်းဝမ်ချင်း၏ မိစ္ဆာစိတ်များအကြောင်း လင်းယွမ်သိနေလိမ့်မည်ဟု နန်ခယ့်မထင်ခဲ့ပေ။ သို့သော် နန်ခယ့် မျက်နှာ မပျက်ဘဲ ချက်ချင်းရှင်းပြလိုက်သည်။
“ဝမ်ချင်း မိစ္ဆာစိတ်တွေဖြစ်တည်လာပြီး သူ့ကျင့်ကြံခြင်းလမ်းစဉ်မှာ အနှောင့်အယှက်တွေပေါ်လာရတာ စန်းချွမ်ကြောင့် ဖြစ်နေလို့ပဲ ငါပိုသည်းမခံနိုင်တာပေါ့၊ သူ့လို ပြုပြင်မရတဲ့ မိန်းမမျိုးကို ဒီကမ္ဘာကြီးထဲကနေ ပျောက်ကွယ်သွားအောင် တစ်ခါတည်း လုပ်ပစ်လိုက်သင့်တာ၊ ဒါမှ ဝမ်ချင်းကို သူ အနှောင့်အယှက်ဆက်ပေးလို့ မရတော့မှာလေ၊ ဝမ်ချင်းရဲ့ မိစ္ဆာစိတ်တွေကို ထိန်းချုပ်နိုင်အောင် ငါတခြားနည်းလမ်း ရှာပေးလို့ရတယ်”
လင်းယွမ် မျက်ခုံးတစ်ဖက်ပင့်သွားသည်။
“ဪ ဘယ်လိုနည်းလမ်းများလဲ”
“ကြိုးထုံးတစ်ခုကိုဖြည်ဖို့အတွက် အဲ့ဒီကြိုးကို ထုံးသွားတဲ့လူကိုပြန်ရှာရတယ်တဲ့၊ ဝမ်ချင်းရဲ့ မိစ္ဆာစိတ်ဆိုတာ ချစ်မေတ္တာ သံယောဇဉ်ကြောင့် ဖြစ်တည်လာတာ၊ ဒါပေမယ့် သူတကယ်ချစ်တဲ့လူက စန်းချွမ်မဟုတ်ဘူး၊ သူ့ဘေးနားမှာ နေခိုင်းဖို့ အဲ့ဒီလူတစ်ယောက်ကို ပြန်ခေါ်လာပေးဖို့ပဲလိုတယ်၊ အချိန်တွေကြာလာရင် သူ့မိစ္ဆာစိတ်လည်း မှေးမှိန်ပျောက်ကွယ်သွားမှာပါ”
နန်ခယ့် အဖြေက ယုံကြည်မှုပြည့်ဝနေပြီး ပြတ်သားလွန်းပါသည်။ ထိုဆင်ခြေကို အစောကြီးတကည်းက ကြိုတင် ပြင်ဆင်ထားမှန်း သိသာသည်။
ဒီတစ်ခါတော့ လင်းယွမ်ပင် ကိုယ့်စိတ်ကိုယ် သံသယဖြစ်မိသွားသည်။
‘နန်ခယ့် အမှန်အတိုင်း ပြောနေတာများလား…’
နန်ခယ့် ပြုံးလိုက်သည်။
“ဒါတောင် နတ်ဆိုးအရှင်သခင် မယုံကြည်သေးဘူးဆိုရင် ရှမ့်ယွင်ဂိုဏ်းမှာ ရက်နည်းနည်းလောက် ဆက်တည်းလို့ရတယ်၊ မျက်လုံးနဲ့ မြင်ရတဲ့အရာကသာ အမှန်တရားဆိုတော့ ငါပြောတာ မှန်မမှန် မင်းမျက်လုံးနဲ့ ကိုယ်တိုင် ဆုံးဖြတ်ပေါ့”
လင်းယွမ် ပြုံးတစ်ဝက်မဲ့တစ်ဝက်ဖြင့် ပြောလိုက်သည်။
“ငါက နတ်ဆိုးမျိုးနွယ်ရဲ့ အရှင်သခင်နော်၊ မင်းငါ့ကို ရှမ့်ယွင်ဂိုဏ်းမှာ လက်ခံထားလိုက်ရင် မင်းတို့ဂိုဏ်း နတ်ဆိုးတွေနဲ့ ပူးပေါင်းထားတယ်လို့ သတင်းထွက်သွားမှာ မစိုးရိမ်ဘူးလား”
“စိုးရိမ်ပါတယ်၊ ဒါပေမယ့် လောလောဆယ် ငါ့မှာ ရွေးချယ်စရာမှမရှိပဲ၊ ငါ့စွမ်းအားက မင်းကို ယှဉ်နိုင်စွမ်းမရှိဘူး၊ ငါ့တပည့်သားတွေကိုလည်း မလိုအပ်ဘဲ ဒုက္ခမရောက်စေချင်ဘူး၊ အဲ့တာကြောင့် ထိခိုက်မှုအနည်းဆုံး ဖြစ်စေမယ့် လမ်းကိုပဲ ရွေးလိုက်ရတာ”
လင်းယွမ် ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။
“မင်းက အခြေအနေနဲ့ လိုက်လျောညီထွေးဖြစ်အောင် စဉ်းစားတတ်သားပဲ၊ ရှမ့်ယွင်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ဖြစ်ထိုက်ပါပေတယ်”
လင်းယွမ်၏ လှောင်ပြောင်သရော်သံကို နန်ခယ့် လျစ်လျူရှုလိုက်ပြီး ယဉ်ကျေးစွာ ပြန်ပြောလိုက်ပါသည်။
“အခုလို ချီးကျူးမြှောက်ပင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်ဆိုးအရှင်သခင်”
ဒီလိုနှင့် ရှမ့်ယွင်ဂိုဏ်းတွင် လင်းယွမ် ဆက်လက် တည်းခိုခဲ့သည်။
ဂိုဏ်းတွင် ဂိုဏ်းသားပေါင်း ထောင်ချီပြီး ရှိပါသည်။ ဂိုဏ်းခေါင်းဆောင်ကြီးက သတိပေးထားလျှင်တောင် စကားကျွံမည့်လူ တစ်ဦးနှစ်ဦးတော့ ရှိနေလိမ့်မည်။
ထိုအချက်ကို လင်းယွမ်အသုံးချမည်ဖြစ်ပြီး ရှမ့်ယွင်ဂိုဏ်း တပည့်သားများကို စတင်စုံစမ်းစစ်ဆေးရန် စီစဉ်လိုက်တော့သည်။
-
ကျင်းချွီမြို့တွင် လင်းယွမ်ကို တိုက်ခိုက်ရင်း ချင်းယောင် ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါသည်။ ကံကောင်းစွာဖြင့် ဒဏ်ရာများက မပြင်းထန်ပေ။
နန်ခယ့်ကိုယ်တိုင် ဆေးဖော်စပ်ပြီး သူမကို သေသေချာချာ ပြုစုပေးခဲ့သဖြင့် အလျှင်အမြန်သက်သာသွားခဲ့ပါသည်။
မြို့စားကြီးစံအိမ်တွင် သူမစုံစမ်းရရှိခဲ့သည့် ရလဒ်များကို ချင်းယောင် ပြန်တင်ပြလိုက်ပါသည်။
“ချမ့်ထုံရှန်း သေသွားပြီဆိုပေမယ့် သူ့ဝိညာဉ်ရှိနေတုန်းပဲ၊ ကျွန်မ သူ့ဝိညာဉ်ကိုဆင့်ခေါ်ပြီး သူ့မှတ်ဉာဏ်တွေထဲကို ဝင်ကြည့်ခဲ့တယ်၊ သူ့ကို သွေးယုတ်စည်းဝိုင်းကွက်ပညာ သင်ကြားပေးခဲ့တဲ့လူကို ကျွန်မ မြင်ခဲ့ရတယ်”
နန်ခယ့် ချက်ချင်း မေးလိုက်သည်။
“ဘယ်သူလဲ”
“အဲ့ဒီလူက သူ့နာမည်ကို လုံးဝ ပြောမသွားဘူး၊ အဲ့ဒီလူကိုကြည့်ပြီး ကျွန်မ ပုံတူဆွဲထားတဲ့ ရုပ်ပုံတစ်ခုတော့ ရှိတယ်”
ထို့နောက် ချင်းယောင် ချန့်ခွင်းအိတ်ထဲမှ ရုပ်ပုံတစ်ပုံ ထုတ်ပြလိုက်သည်။
ရုပ်ပုံထဲတွင် ထိုလူက မီးခိုးရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး အဖြူရောင် မျက်နှာဖုံးကို တပ်ထားသည်။ ခန္ဓာကိုယ် အချိုး အစား၊ မျက်နှာအနေအထားနှင့် အသက်အရွယ်ကိုပင် လုံးဝ မခန့်မှန်းနိုင်ပါ။
ထိုပုံကို စိုက်ကြည့်ရင်း နန်ခယ့် မျက်မှောင်ကြုတ်သွားခဲ့ပါသည်။
“သူပဲလား”
“ရှင်သူ့ကို သိလို့လား”
နန်ခယ့် ခေါင်းခါလိုက်ပြီး ကောင်းကင်ဘုံနန်းတော်နှင့် ဟဲဝေ့ရှန်းတို့၏အကြောင်းကို ချင်းယောင်အား ပြန်ပြောပြခဲ့ပါသည်။
“ကောင်းကင်ဘုံနန်းတော်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေ၊ ဟဲဝေ့ရှန်းရဲ့ သေဆုံးမှုနဲ့ ကျင်းချွီမြို့မှာ သွေးယုတ်စည်းဝိုင်းကွက် ပေါ်လာတာတွေ အကုန်လုံးက အဲ့ဒီ မီးခိုးရောင်ဝတ်ရုံလူနဲ့ ဆက်နွယ်နေတယ်၊ ဒီလူက ပေါ့သေးသေးတော့ မဟုတ်ဘူး”
ချင်းယောင်လည်း မျက်မှောင်ကြုတ်သွားပါသည်။
“အဲ့ဒီလူက ဝိညာဉ်လမ်းစဉ်ကျင့်ကြံသူများလား”
ပုံမှန်ဆို ကျင့်ကြံခြင်းလောကထဲ လူသတ်မှုတစ်ခုကြုံလာရတိုင်း နတ်ဆိုးမျိုးနွယ်ဝင်များကိုသာ ဦးစွာ သံသယဖြစ်တတ်ကြသည်။ ထို့အပြင် နတ်ဆိုးမျိုးနွယ်ဝင်တွေကလည်း များ သောအားဖြင့် မငြင်းတတ်ကြဘဲ သူတို့ကို ကုန်းမြေတိုက်ကိုးခုစလုံး ကြောက်ရွံ့သွားစေဖို့အတွက် ဂုဏ်ယူဝံ့ကြွားစွာပင် ဝန်ခံတတ်ကြသေးသည်။
သို့သော် လင်းယွမ်၏လက်ရှိအပြုအမူများကို ကြည့်ခြင်းအားဖြင့် သူ့လက်ချက် မဖြစ်နိုင်ပါ။ ထို့ကြောင့် ချင်းယောင် နံပါတ် ၂ ဖြစ်နိုင်ချေ အရှိဆုံး ဝိညာဉ်လမ်းစဉ်ကျင့်ကြံသူများထံ မြှားဦးလှည့်လိုက်ရသည်။
ဝိညာဉ်လမ်းစဉ်ကျင့်ကြံသူများက ယုတ်ညံ့သည့် ကျင့်ကြံခြင်းပညာများကို သဘောကျနှစ်သက်ကြသည်။ ‘သွေးယုတ်စည်းဝိုင်းကွက်’ဟူသည့် အခင်းအကျင်းအမည်က ဝိညာဉ်လမ်းစဉ်ကျင့်ကြံသူများ ဖန်တီးမည့် အမည်မျိုးလည်း ဖြစ်နေပါသည်။
ထို့အပြင် ထိုကျင့်ကြံသူများက များသောအားဖြင့် ဝိညာဉ်များနှင့်တူအောင် နေထိုင်တတ်ကြပြီး အဖြူရောင်ဝတ်ရုံရှည်ကြီးများ၊ မျက်နှာဖုံးများကို တပ်ဆင်ထားတတ်ကြကာ မျက်နှာအစစ်အမှန်ကို ထုတ်မပြသလောက် ရှားပါသည်။ ထိုအချက်တွေအားလုံး ရုပ်ပုံထဲမှ လူနှင့် ကိုက်ညီနေသည်။
နန်ခယ့် သေချာစဉ်းစားလိုက်ပြီး အလွယ်တကူ ကောက်ချက်မချသင့်ဟု တွေးလိုက်သည်။
“ချင်းရှားလျှို့ဝှက်နယ်မြေထဲမှာရှိတဲ့ ကောင်းကင်ဘုံနန်းတော်ကို ဝိညာဉ်လမ်းစဉ်ကျင့်ကြံသူတစ်ယောက်က ဖျက်ဆီးသွားတာဆိုရင် အဲ့ဒီနေ့က ဝိညာဉ်ဧကရာဇ်ရှုယင် အပြင်မှာ ဒီတိုင်း စိတ်ဖိစီးပြီး စောင့်နေမှာ မဟုတ်ဘူး”
နန်ခယ့်၏ သုံးသပ်ချက်က အဓိပ္ပာယ်ရှိသည်ဟု ချင်းယောင်လည်း ခံစားမိပါသည်။
အမှန်ပင်။ ဝိညာဉ်ဧကရာဇ်ကလည်း စန်းချွမ်ကို အရူးအမူး စွဲလမ်းနေသူဖြစ်သဖြင့် ထောင်ထျဲသားရဲကြီး စန်းချွမ်ကို ဝါးမျိုလိုက်သည့် မြင်ကွင်းအားမြင်ပြီး တတ်နိုင်လျှင် ဒီတိုင်းရပ်ကြည့်နေခဲ့မှာမဟုတ်ပါ။ သို့သော် အခြားသူတွေလိုပဲ အထဲကို မဝင်နိုင်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် အမှန်တကယ် နည်းလမ်းရှာမရခဲ့ခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည်။
နန်ခယ့် ထိုရုပ်ပုံကို အလွန်စိုးရိမ်ကြောင့်ကြစွာ စိုက်ကြည့်လိုက်သည်။
“ဒီဖြစ်ရပ်တွေက အစပထမပဲ ရှိဦးမယ်လို့ ကျုပ်ခံစားမိတယ်၊ မကြာခင် ကျင့်ကြံခြင်းလောကထဲ ကြီးမားတဲ့ ကပ်ဘေးတွေ ကျရောက်လာနိုင်တယ်”
ချင်းယောင် နန်ခယ့်၏ကျောပြင်ကို ပွတ်ပေးကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
“ဘာတွေကြောက်စရာရှိလို့လဲ၊ ရှင့်မှာ ကျွန်မရှိနေတာပဲ! ကောင်းကင်ကြီးပြိုကျလာရင်တောင် ရှင့်အတွက် ကျွန်မ ထမ်းပေးထားမယ်!”
ချင်းယောင်၏ တောက်တောက်ပပအပြုံးကိုမြင်ပြီး နန်ခယ့် စိုးရိမ်ပူပန်မှုများ ချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့သည်။ ချင်းယောင်နားကပ်ကာ သူ့မခါးလေးကို နန်ခယ့် ပွေ့ဖက်လိုက်ပါသည်။
“သခင်မက ကျုပ်အပေါ် အရမ်းကောင်းတာပဲ”
လင်မယားနှစ်ယောက် ကြည်နူးဖို့ ပြင်နေစဉ် ယွင်ကျဲ ရုတ်တရက် ဝင်လာခဲ့သည်။
“အဖေ! နတ်ဆိုးအရှင်သခင်ကို ဘာလို့..”
ယွင်ကျဲ စကားမဆုံးခင် သူ့အဖေနှင့်အမေ ပွေ့ဖက်နေသည့်မြင်ကွင်းကို မြင်ပြီး စိတ်ချောက်ချားသွားကာ မျက်လုံးအုပ်လျက် အပြင်ပြန်ထွက်သွားပါသည်။
နန်ခယ့်နှင့် ချင်းယောင်တို့က မရှက်ပေ။ နှစ်ပေါင်းများစွာ ပေါင်းသင်းလာကြသည့် လင်မယားများဖြစ်ကြသလို ကျင့်ကြံသူတွေလည်း ဖြစ်သဖြင့် လူသားတွေလို အရှက် အကြောက် မကြီးတတ်ပါ။
နှစ်ယောက်သား ခွာလိုက်ကြပြီး ယွင်ကျဲကိုအထဲပြန်ခေါ်လိုက်ပါသည်။
ငယ်ရွယ်သေးသည့် ယွင်ကျဲကတော့ မျက်နှာပူနေဆဲပင်။
“အဖေတို့တွေ မကြည်နူးခင် တံခါးကို သေချာပိတ်ထားလို့ မရဘူးလား”
သူ့ကို ချင်းယောင် မကျေမနပ်ကြည့်လိုက်သည်။
“တံခါးမခေါက်ဘဲ အလိုက်ကမ်းဆိုးမသိ ဝင်လာတဲ့လူ ရှိမယ်လို့မှ ထင်မထားခဲ့တာ၊ နင့်ကို ဘယ်သူမှ သင်မပေးထားဘူးလား၊ ယဉ်ကျေးမှုကို မရှိဘူး”
ပုံမှန်ဆို ယွင်ကျဲက စည်းစနစ်ရှိသူဖြစ်ကာ အမြဲတမ်း မဝင်ခင် တံခါးခေါက်လေ့ရှိသည်။ သို့သော် ယနေ့တော့ စိတ်လှုပ်ရှားလွန်းနေသဖြင့် တံခါးခေါက်ဖို့ မေ့လျော့သွားခြင်းပင်။
သားဖြစ်သူကို စကားလမ်းကြောင်းလွှဲနိုင်ဖို့အတွက် နန်ခယ့် ကူညီပေးလိုက်သည်။
“ခုနက နတ်ဆိုးအရှင်သခင်အကြောင်း ပြောလိုက်တာလား၊ သူဘာတွေလုပ်နေလို့လဲ”