← Chapters

အခန်း (၆၇)

Vol. 7 Ch. 67

အခန်း (၆၇)

Vol. 7 Ch. 67

🌹Chapter 67

ထိုစကားကြားသည်နှင့် ယွင်ကျဲ ဆတ်ခနဲ ခေါင်းမော့လာပြီး စိတ်ခံစားချက်များ အလွန်ပြင်းထန်သွားခဲ့သည်။

“လင်းယွမ်က နတ်ဆိုးအရှင်သခင်တစ်ယောက်ပဲ! သူ့လိုနတ်ဆိုးမျိုးကို ဘာလို့ ရှမ့်ယွင်ဂိုဏ်းမှာ နေခွင့်ပေးလိုက်တာလဲ၊ သူအခု ဂိုဏ်းထဲမှာ သွားချင်တဲ့နေရာသွားပြီး ဂိုဏ်းသားတွေကို မေးခွန်းတွေ အတင်းအဓမ္မ လိုက်မေးနေတယ်”

“သူမေးတာကို အမှန်အတိုင်း မဖြေရင် ခွန်အားသုံးပြီး ခြိမ်းခြောက်တယ်၊ အခုဂိုဏ်းသားတွေအကုန် ထိတ်လန့် တုန်လှုပ်နေကြပြီ၊ ဒီတိုင်းသာဆက်သွားရင် နံပါတ်တစ်ဆိုတဲ့ ကျွန်တော်တို့ ရှမ့်ယွင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားလိမ့်မယ်နော်”

နန်ခယ့်က သားဖြစ်သူအတွက် အခါးရည်တစ်ခွင် ငှဲ့ပေးရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“အခါးရည်နည်းနည်းသောက်ပြီး စိတ်လျှော့လိုက်စမ်းပါ၊ လင်းယွမ် မေးချင်တာရှိရင် မေးပါစေ၊ သူရှာနေတဲ့လူ ဒီမှာမရှိဘူးဆိုတာ သေချာသွားရင် သူ့ဖာသာသူ ပြန်သွားလိမ့်မယ်”

အဖေဖြစ်သူ၏ နည်းလမ်းကို ယွင်ကျဲ နားမလည်နိုင်ပေ။

“သူက နတ်ဆိုးအရှင်သခင်လေ! ကျွန်တော်တို့ ရန်သူမဟုတ်ဘူးလား!”

နန်ခယ့် ဖြည်းညှင်းစွာ ပြောလိုက်သည်။

“သူက ရန်သူဆိုတာ ငါနားလည်တယ်၊ ဒါပေမယ့် အဲ့ဒီရန်သူကို ငါတို့အခု ရင်ဆိုင်နိုင်စွမ်း မရှိသေးဘူး”

ထိုအချက်ကိုတော့ ယွင်ကျဲ ငြင်းဆန်မရပေ။ သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အသက်အရွယ်နှင့် မလိုက်အောင် ခေါင်းမာနေခဲ့ပါသည်။

“နတ်ဆိုးအရှင်သခင်က စွမ်းအားကြီးမားတယ်ဆိုပေမယ့် ကျွန်တော်တို့က လူအင်အား ပိုသာတာပဲ! ကျန်တာ ဘာမှ အလုပ်မဖြစ်ရင်တောင် တခြားဂိုဏ်းတွေဆီက အကူအညီတောင်းလို့ရတယ်! မဟာဂိုဏ်းကြီး လေးခုသာ ပူးပေါင်းလိုက်ရင် ကျွန်တော်တို့ အနိုင်ရနိုင်ချေ ရှိတာပဲ”

နန်ခယ့် အခါးရည်တစ်ငုံ သောက်လိုက်ပါသည်။

“ပြဿနာတွေက မင်းထင်သလောက် မရိုးရှင်းဘူး”

မရိုးရှင်းမှန်း ယွင်ကျဲနားလည်ပါသည်။ သို့သော် ကျင့်ကြံသူတစ်ဦးအနေဖြင့် အခက်အခဲတိုင်းကို မကြောက်မရွံ့ ရင်ဆိုင် တိုက်ခိုက်သင့်ဟု သူယုံကြည်သည်။

ထို့ကြောင့် ယွင်ကျဲ ခြေတစ်လှမ်းတိုးကာ ပြောလိုက်ပါသည်။

“ကျွန်တော် ရှမ့်ယွင်ဂိုဏ်းရဲ့ ကိုယ်စားလှယ်အဖြစ် တခြားဂိုဏ်းတွေနဲ့ ဆက်သွယ်ပေးလို့ရတယ်၊ နတ်ဆိုးမျိုးနွယ်က အားလုံးရဲ့ ဘုံရန်သူပဲ၊ အဲ့ဒီရှုထောင့်ကကြည့်ရင် တခြားဂိုဏ်းတွေ ကျွန်တော်တို့နဲ့ ပူးပေါင်းရပ်တည်မှာ သေချာတယ်”

သားဖြစ်သူ၏ ရူးမိုက်မှုကြောင့် နန်ခယ့် စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်ပါသည်။

“လူတွေအကြောင်း မင်းနားမလည်သေးပါဘူး၊ ကျင့်ကြံသူတွေကြားထဲမှာတောင် တစ်ကိုယ်ကောင်းဆန်တဲ့ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိတတ်ကြတယ်၊ ငါလည်း ခြွင်းချက်မဟုတ်ဘူး”

ယွင်ကျဲ နားလည်မသေးသည်ကို မြင်ပြီး နန်ခယ့် အသေး စိတ် ရှင်းပြလိုက်ပါသည်။

“မဟာဂိုဏ်းကြီး လေးခုက ‘တာအိုလမ်းစဉ်ကို ကာကွယ်ဖို့အတွက် နတ်ဆိုးမိစ္ဆာတွေကို သုတ်သင်ရမယ်’လို့ ပါးစပ်က တဖွဖွ ရွတ်နေကြပေမယ့် ဂိုဏ်းတွေအချင်းချင်းကြားမှာလည်း ယှဉ်ပြိုင်မှုတွေ ရှိနေတယ်၊ အထူးသဖြင့် နံပါတ် ၂ နေရာမှာ ရှိနေတဲ့ ပီလောဂိုဏ်းပေါ့၊ ငါတို့ရှမ့်ယွင်ဂိုဏ်းရဲ့ နံပါတ် ၁ ဆိုတဲ့ နေရာကို သူတို့ ချိန်ရွယ်နေကြတာ ကြာပြီ”

“ရှမ့်ယွင်ဂိုဏ်းမှာ နတ်ဆိုးအရှင်သခင်ရောက်နေမှန်းသာ သူတို့သိသွားကြရင် နတ်ဆိုးမိစ္ဆာတွေနဲ့ ပူးပေါင်းပါတယ်ဆိုပြီး ငါတို့ကို ချက်ချင်း စွပ်စွဲကြလိမ့်မယ်၊ ငါတို့ သက်သေပြနိုင်တယ်ဆိုရင်တောင် ပီလောဂိုဏ်းက အလကား ကူညီပေးမှာ မဟုတ်ဘူး၊ ငါတို့ ကျဉ်းထဲကျပ်ထဲ ရောက်နေတာကို အခွင့် ကောင်းယူပြီး အကျိုးအမြတ်တွေ မတော်မတရား တောင်းဆိုကြလိမ့်မယ်”

“တခြားဂိုဏ်းနှစ်ခုကလည်း အပေါ်ယံမှာ ကူညီပေးဖို့ သဘောတူကောင်းတူနိုင်ပေမယ့် အရေးကြီးတဲ့ အချိန်ကို ရောက်လာတဲ့အခါ သူတို့ကိုယ်ကျိုးကိုပဲ ဦးစားပေးကြမှာ ပြီးတော့ မဟာဂိုဏ်းကြီးလေးခုက အငြှိုးအတေးတွေ ဘေးဖယ်ထားပြီး နတ်ဆိုးအရှင်သခင်ကို အတူတူ သုတ်သင်နိုင်ခဲ့တယ်ပဲထားဦး၊ နတ်ဆိုးမျိုးနွယ်က ဒီတိုင်း ပျောက်ကွယ်သွားမှာ မဟုတ်ဘူး”

“နတ်ဆိုးလောကဆိုတာ ရှေးခေတ်ကတည်းက တည်ရှိခဲ့တာ၊ အရေအတွက်ကလည်း သန်းချီတယ်၊ လင်းယွမ် သေသွားရင်တောင် နတ်ဆိုးအရှင်သခင်အဖြစ် နောက်တစ်ယောက်ကို ချက်ချင်း တင်မြှောက်လိုက်မှာပဲ၊ အဲ့ဒီ နတ်ဆိုးအရှင်သခင်အသစ်က ဘာလုပ်မယ်လို့ မင်းထင်လဲ”

“လင်းယွမ်အတွက် ကလဲ့စားချေဖို့ဆိုတဲ့ အကြောင်းပြချက်ကိုသုံးပြီး မဟာဂိုဏ်းကြီးလေးခုကို စစ်ကြေညာလိမ့်မယ်၊ အဲ့ဒီအခါကျရင် လူသားတွေနဲ့ နတ်ဆိုးတွေအကြား အကြီး အကျယ် စစ်မက်ဖြစ်ပွားပြီး အပြစ်မဲ့တဲ့ပြည်သူတွေပဲ အသက်ဆုံးရှုံးရမှာ”

ယွင်ကျဲ ဆွံ့အသွားခဲ့သည်။ သို့သော် သူအရှုံးမပေးချင်သေးပါ။

“ဒါပေမယ့် နတ်ဆိုးတွေက ကျင့်ကြံသူတွေအများကြီးကို သတ်ခဲ့ဖူးတယ်လေ… သူတို့ကို ဒီတိုင်းပဲ ခွင့်လွှတ်ပေးလိုက်တော့မှာလား”

နန်ခယ့်က ပြန်မေးလိုက်ပါသည်။

“ကျင့်ကြံသူတွေအများကြီးကို နတ်ဆိုးတွေက သတ်ခဲ့တယ်ပေါ့၊ သူတို့ သေဆုံးတာကို မင်းမျက်လုံးနဲ့ တပ်အပ်မြင်ဖူးလို့လား”

“မြင်ဖူးတာပေါ့!”

ယွင်ကျဲ မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

“ဒါဆို ငါမင်းကိုတစ်ခုလောက် မေးပါရစေဦး၊ မင်းမြင်ဖူးတဲ့ သေဆုံးမှုတွေထဲမှာ နတ်ဆိုးတွေသတ်လို့ သေတာက ပိုများသလား၊ ကျင့်ကြံသူတွေအချင်းချင်း အငြှိုးအတေးတွေ၊ မနာလိုဝန်တိုမှုတွေကြောင့် သတ်ဖြတ်ကြလို့ သေတာက ပိုများသလား”

ယွင်ကျဲ သေချာစဉ်းစားပြီး မသေချာမရေရာစွာ ပြန်ဖြေလိုက်ပါသည်။

“အချင်းချင်းသတ်ကြလို့… သေတာက ပိုများမယ်ထင်တယ်”

ကျင့်ကြံသူများကို နတ်ဆိုးတွေသတ်ဖြတ်တာ ယွင်ကျဲ မြင်ဖူးသော်လည်း ကျင့်ကြံသူအချင်းချင်း မလိုမုန်းထားမှုမျာားကြောင့် သတ်ဖြတ်ကြသည်ကို ပိုမြင်ဖူးပါသည်။ လက်မခံချင်သော်လည်း လက်ခံရမည့် အမှန်တရားတစ်ခုပင်။

နန်ခယ့် တိုးညှင်းစွာ သက်ပြင်းချလိုက်သည်

“နတ်ဆိုးတွေက စက်ဆုပ်စရာကောင်းတာ မှန်တယ်၊ ဒါပေမယ့် လူသားတွေရဲ့ နှလုံးသားထဲက အမှောင်ထုက နတ်ဆိုးတွေထက် အဆပေါင်းများစွာ ကြောက်ဖို့ကောင်းတယ်၊ နတ်ဆိုးတွေကို ခွင့်လွှတ်ပေးဖို့ ဒီလိုစကားမျိုး ပြောနေတာမဟုတ်ဘူးနော်၊ နတ်ဆိုးတွေမရှိတော့ဘူးဆိုရင်တောင် ငါတို့ကမ္ဘာကြီး ငြိမ်းချမ်းလာဦးမှာ မဟုတ်တဲ့အကြောင်း မင်းကို နားလည်စေချင်လို့”

ယွင်ကျဲ တိတ်ဆိတ်သွားခဲ့သည်။ သူငယ်စဉ်ကတည်းက ဘေးကင်းလုံခြုံသည့် အကာအကွယ်များအကြား ကြီးပြင်းလာခဲ့ရသဖြင့် လောကကြီးကို အဖြူအမည်းနှင့်သာ မြင်တတ်ပါသည်။

သူ့စိတ်ထဲမှာတော့ နတ်ဆိုးများနှင့် ဝိညာဉ်လမ်းစဉ်ကျင့်ကြံသူများက ယုတ်ညံ့သော မကောင်းဆိုးဝါးများသာဖြစ်သည်။ ၎င်းတို့ကို အမြစ်ပြတ်ချေမှုန်းနိုင်မှသာ ကျင့်ကြံခြင်းလောကကြီး ငြိမ်းချမ်းသွားလိမ့်မည်ဟု ယွင်ကျဲ ယုံကြည်ထားခဲ့ပါသည်။ သို့သော် ယခု အဖေဖြစ်သူ၏ စကားကြောင့် သူ့အမြင်များ ယိမ်းယိုင်သွားခဲ့ရသည်။

အချိန်အတော်ကြာသောအခါ တိတ်ဆိတ်နေခဲ့သည့် ချင်းယောင်ကို ယွင်ကျဲ လှည့်မေးလိုက်သည်။

“အမေကော အဲ့လို ယုံကြည်ထားတာလား”

သားဖြစ်သူကို ချင်းယောင် စိတ်ပျက်အားလျော့ မသွားစေချင်ပါ။ သို့သော် ရှမ့်ယွင်ဂိုဏ်း၏ အနာဂတ် ဆက်ခံသူတစ်ယောက်အနေဖြင့် ယွင်ကျဲ တစ်သက်လုံး ရိုးအနေလို့မဖြစ်မှန်း ချင်းယောင် နားလည်ပါသည်။ လောကကြီးပေါ်ထားသည့် သူ့အမြင်တွေ ပြောင်းလဲချိန်တန်ပါပြီ။

ထို့ကြောင့် ချင်းယောင် စကားလုံးများကို သေချာ ရွေးချယ်ပြီး ပြောလိုက်သည်။

“အရင်တုန်းက ငါစွန့်စားခရီးတွေ ထွက်ခဲ့ဖူးတယ်၊ အဲ့ဒီတုန်းက လူတွေကို နတ်ဆိုးတွေ သတ်ဖြတ်တဲ့ ကောလဟာလတွေ အများကြီး ကြားခဲ့ရတယ်၊ ငါလည်း နင့်လိုပဲ တရားမျှတမှုကိုလိုလားတဲ့စိတ်ကြောင့် အဲ့ဒီနတ်ဆိုးတွေကို ဖမ်းဆီးပြီး ချက်ချင်း ကွပ်မျက်ချင်ခဲ့တာ”

“ဒါပေမယ့် အမှန်တရားကို စုံစမ်းကြည့်လိုက်တော့ တရားခံက နတ်ဆိုးတစ်ကောင် မဟုတ်ဘူး၊ ပထမတော့ ငါလည်း အံ့အားသင့်ခဲ့ရတယ်၊ ဒါပေမယ့် အဲ့လိုဖြစ်ရပ်မျိုးအကြိမ် ကြိမ်အခါခါ ကြုံတွေ့လာရတော့ အသားကျလာတယ်ပဲ ဆိုရမှာပေါ့၊ လူသားတွေရဲ့စိတ်က ရှုပ်ထွေးလွန်းတယ်၊ တရားမျှတမှုနဲ့ ယုတ်ညံ့မှုဆိုတာ အကြွေစေ့တစ်ချပ်ရဲ့ မျက်နှာပြင် နှစ်ဖက်လိုပဲ”

ဒီတစ်ခါတော့ ယွင်ကျဲ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပါသည်။ ချင်းယောင်နှင့် နန်ခယ့်တို့လည်း ဘာမှထပ်မပြောတော့ဘဲ အခါးရည်သာ သောက်နေကြသည်။

အတန်ကြာမှ ယွင်ကျဲ ပြောလိုက်ပါသည်။

“နတ်ဆိုးတွေ သေသင့်တယ်လို့ ကျွန်တော် ယုံကြည်နေတုန်းပဲဆိုပေမယ့် တချို့အရာတွေမှာ ကိုယ်မြင်ရတဲ့ဘက်နဲ့ မမြင်ရတဲ့ဘက်ဆိုတာ ရှိမှန်းတော့ နားလည်ပါပြီ”

ရှစ်ကျဲစန်းချွမ်တုန်းကလိုပင်…။

စန်းချွမ်ကို ရူးမိုက်ပြီး အစွမ်းအစမဲ့သူဖြစ်သည်ဟု ယွင်ကျဲ ထင်ခဲ့ဖူးသည်။ ကျင့်ကြံခြင်းကို အားမထုတ်ဘဲ ဦးလေးရှန်းကိုသာ အမြဲတမ်း နှောင့်ယှက်နေသဖြင့် စိတ်ရှုပ်စရာကောင်းသည်ဟု တွေးခဲ့ပါသည်။

သို့သော် အမှန်တရားကို သူ့မျက်လုံးနှင့် တပ်အပ် မြင်ခဲ့ရသည်။ စန်းချွမ်က သူထင်ထားသည်ထက် အများကြီး သတ္တိရှိပြီး ထူးချွန်ပါသည်။

ရှစ်ကျဲစန်းချွမ်ကို နတ်ဆိုးများနှင့် မနှိုင်းယှဉ်ချင်ပါ။ သို့သော် သူမကြောင့် အရာရာကို တစ်ဖက်တည်းမှမကြည့်ဖို့ ယွင်ကျဲနားလည်ခဲ့ရသည်။

အခြေအမြစ်မရှိသော ခံယူချက်များကြောင့် အမှားတစ်ခု ပြုလုပ်ခဲ့ပြီးပါပြီ။ နောက်တစ်ခါ ထပ်မမှားသင့်တော့ပေ။

“အဖေတို့က ကျွန်တော့်ထက် အရာရာကို ပိုတွေးခေါ်နိုင်စွမ်းရှိပါတယ်၊ ကျွန်တော် စိတ်လိုက်မာန်ပါ လုပ်မိသွားတယ်…”

ထိုသို့ပြောပြီးနောက် ယွင်ကျဲ လှည့်ထွက်သွားခဲ့သည်။ တံခါးဝသို့ရောက်သောအခါ သူရပ်တန့်သွားပြီး တိုးညှင်းစွာ ပြောလိုက်ပါသည်။

“ကျွန်တော် ခဏလောက် ခရီးထွက်ချင်တယ်”

နန်ခယ့် နွေးထွေးစွာ ခွင့်ပြုလိုက်ပါသည်။

“ကောင်းပြီ၊ လောကကြီးအကြောင်း နားလည်အောင် သင်ယူခဲ့၊ မင်းမဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ကြုံတွေ့လာရရင် သတင်းပါးလိုက်ပါ”

“ဟုတ်ကဲ့”

ထိုနေ့ညက ရှမ့်ယွင်ဂိုဏ်းထံမှ ယွင်ကျဲတစ်ယောက်တည်း ထွက်လာခဲ့ပါသည်။ သူ့အမေလိုပဲ နတ်ဆိုးများနှင့် ပတ်သတ်နေသည့် ကောလဟာလများကို သူကိုယ်တိုင် စုံစမ်းချင်သည်။

နတ်ဆိုးနှင့် လူသားနှလုံးသား ဘယ်အရာက ပိုပြီး စက်ဆုပ်စရာကောင်းသလဲဆိုတာကို သူကိုယ်တိုင် ရှာဖွေနားလည်ချင်မိသည်။

All Chapters