← Chapters

အခန်း (၆၈)

Vol. 7 Ch. 68

အခန်း (၆၈)

Vol. 7 Ch. 68

🌹Chapter 68

အရှေ့ဘက်ပင်လယ်ပြင်ပေါ်တွင် ဖမ့်လိုင်မသေမျိုးကျွန်း တည်ရှိသည်။

အရှေ့ဘက်ပင်လယ်ပြင်က ရှမ့်ယွင်ဂိုဏ်းနှင့် အလွန်ဝေးကွာပါသည်။ ယန်ရုန်ရုန်၏ ဝိညာဉ်စွမ်းအင်များမှာ နည်းပါးလွန်းသဖြင့် ထိုနေရာထိရောက်အောင် ဓားပျံစီးသွားနိုင်မှာ မဟုတ်ပါ။

ပထမတော့ ရှန်းဝမ်ချင်းက သူ့ဓားပျံပေါ်မှာ အတူတူစီးဖို့ ကမ်းလှမ်းခဲ့ပါသည်။

သို့သော် ယန်ရုန်ရုန် ငြင်းဆန်ခဲ့သည်။

သူမ၏ ဝိညာဉ်စွမ်းအင်များက နည်းပါးနေသော်လည်း သူမမှာ ဝှက်ဖဲတစ်ချပ် ရှိနေပါသေးသည်။

ယန်ရုန်ရုန် ငှက်ပေါက်လေးကို အသုံးပြုပြီး ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီးကို ဆင့်ခေါ်လိုက်သည်။ ငှက်ပေါက်လေးနှင့် လျို့လန်တို့ကိုခေါ်ပြီး ယန်ရုန်ရုန် ရွှမ်နျောင်ငှက်ကြီး၏ ကျောပေါ်သို့ တက်ကာ ဝိညာဉ်သားရဲအကူအညီဖြင့် ကောင်းကင်ပေါ် ပျံသန်းခဲ့ပါသည်။

ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီးနှင့်သာဆို အရှေ့ဘက်ပင်လယ်ပြင်သို့ သွားရောက်ဖို့ အလွန်လွယ်ကူပါလိမ့်မည်။

စန်းချွမ်မှာ ကိုယ့်အစီအစဉ်နှင့်ကိုယ် ရှိနေမှန်း မြင်သဖြင့် ရှန်းဝမ်ချင်းလည်း မတိုက်တွန်းတော့ဘဲ သူမတို့နောက်မှ ဓားပျံစီးကာ တိတ်တဆိတ် လိုက်လာခဲ့ရတော့သည်။

-

အရှေ့ဘက်ပင်လယ်ပြင်တွင် ကျေးရွာ၊ မြို့ငယ်လေးများစွာရှိသည်။ ထိုအရပ်များတွင် နေထိုင်သူအများစုမှာ သာမန်လူသားများ ဖြစ်ကြပြီး တံငါသည်အလုပ်ဖြင့် အသက်မွေးကြသည်။

အရှေ့ဘက်ပင်လယ်ပြင်ကို ဖမ့်လိုင်ကျွန်းက အုပ်ချုပ်ထားသဖြင့် ရေပြင်မှာ အမြဲတမ်း တည်ငြိမ်အေးချမ်းပြီး တံငါ သည်များ ဘေးအန္တရာယ်ကြုံခြင်းလည်း မရှိသလောက် ရှားပါသည်။

သို့သော် ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့ အရှေ့ဘက်ပင်လယ်ပြင်နား ရောက်ရှိလာသောအခါ ကောင်းကင်ပေါ်၌ အနက်ရောင်တိမ်တိုက်များ လွှမ်းမိုးလာပြီး ပင်လယ်ပြင်ကြီးပေါ်မှာလည်း ဧရာမလှိုင်းလုံးကြီးများ ပေါ်လာခဲ့သည်။

ထို့ကြောင့် တံငါလှေများ ပင်လယ်ပြင်သို့ မထွက်ရဘဲ ကမ်းကပ်ထားရပါသည်။ တံငါသည်များလည်း မတတ်သာဘဲ သက်ပြင်းသာချရင်း အိမ်မှာသာနေကြရသည်။ မြို့ထဲက အခြေအနေမှာလည်း အတော်လေး လေးလံထိုင်းမှိုင်းနေပြီး လမ်းမများပေါ်တွင် လူသူမရှိသလောက်ပင်။

ပထမတော့ ပင်လယ်ပြင်ကိုကူးဖြတ်ရန် လှေတစ်စင်းငှားဖို့ ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့ ကြံရွယ်ထားခဲ့ကြသည်။ သို့သော် ဒီလို ရာသီဥတုမျိုးတွင် ဘယ်လိုလှေသမားကမှ ရွက်မလွှင့်ရဲကြပါ။

ထို့ကြောင့် နဂိုနည်းလမ်းများဖြင့်သာ ခရီးဆက်နှင်ခဲ့ကြသည်။ ရှန်းဝမ်ချင်းက ဓားပျံဆက်စီးလာခဲ့ပြီး ယန်ရုန်ရုန်၊ လျို့လန်နှင့် ငှက်ပေါက်လေးတို့ကတော့ ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီးကို ဆက်စီးလာခဲ့ကြပါသည်။

ပင်လယ်ပြင်ရှိ လေပြင်းများ၊ လှိုင်းလုံးများက သူတို့မျှော် လင့်ထားသည်ထက် အန္တရာယ်ပိုများနေခဲ့ပါသည်။ အား ကောင်းပြင်းထန်သည့် လေပြင်းတစ်ချက်ကြောင့် ဧရာမ လှိုင်းလုံးကြီးတစ်လုံး မြင့်တက်လာပြီး သူတို့ထံတည့်တည့် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။

ယန်ရုန်ရုန် မရှောင်ရှားနိုင်ခင် ရှန်းဝမ်ချင်း ဓားကို ဝေ့ယမ်းလိုက်ရာ ဓားချီတစ်ချက်က မြင့်မားလှသော လှိုင်းလုံးကြီးကို ထက်ဝက်ပိုင်းနိုင်ခဲ့ပါသည်။

သို့သော် ဒီလောက်နှင့် အဆုံးမသတ်ခဲ့ပေ။

ရှန်းဝမ်ချင်း၏ ဓားချီကြောင့် လှိုင်းလုံးများအောက် နားခိုနေသည့် သားရဲကြီးတစ်ကောင် နိုးထလာခဲ့သည်။

မြေနှင့်သဏ္ဌာန်တူပြီး ရှည်လျားလှသော သားရဲကြီးတစ်ကောင် ပင်လယ်ထဲမှ ပေါ်ထွက်လာသည်။ ခန္ဓာကိုယ်က အလွန်ကြီးမားပြီး တစ်ကိုယ်လုံး ငါးအကြေးခွံများဖြင့် ဖုံးလွှမ်းနေကာ ခေါင်းပေါ်တွင် ဦးချိုများပေါက်နေပြီး ဝမ်းဗိုက်အောက်ဘက်တွင်လည်း ရှည်လျား ချွန်ထက်သည့် လက်သည်းရှစ်ချောင်း ရှိနေပါသည်။

နဂါးတစ်ကောင်နှင့် ဆင်တူသော်လည်း နဂါးအစစ်အမှန် မဟုတ်ပါ။

ရှန်းဝမ်ချင်း ရေရွတ်လိုက်သည်။

“ကျောင်းလုံ(ရေမြွေနဂါး)တစ်ကောင်ပဲ”

အရှေ့ဘက်ပင်လယ်ပြင်တွင် ကျောင်းလုံတစ်ကောင် နေထိုင်မှန်း ရှန်းဝမ်ချင်းသိပါသည်။ သို့သော် ထိုကျောင်းလုံသားရဲ ပေါ်မလာသည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်သဖြင့် ပင်လယ်ကြမ်းပြင်တွင် သေဆုံးနေလောက်ပြီဟု အားလုံး ခန့်မှန်းထားခဲ့ကြသည်။

ယခုလိုအချိန်ကျမှ ပေါ်လာလိမ့်မည်ဟု ရှန်းဝမ်ချင်း ထင်မထားခဲ့ပါ။ ထို့အပြင် ရန်လိုနေသည့် အမူအရာကို ကြည့်ခြင်းအားဖြင့် သူတို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားမှန်း သိသာသည်။

ကျောင်းလုံသားရဲက ၎င်း၏ ပါးစပ်ကြီးကိုဟပြီး ခေါင်းနှစ်လုံးရွှမ်နျောင်ငှက်ကြီးကို ပြေးဟပ်လိုက်သည်။ ဒီဝိညာဉ်သားရဲကို သူဝါးမျိုချင်နေပါသည်။

ကျောင်းလုံသားရဲကြီးကို မယှဉ်နိုင်မှန်းသိသဖြင့် ရွှမ်နျောင်ငှက်ကြီးလည်း ထိပ်တိုက်ရင်မဆိုင်ရဲဘဲ ကောင်းကင်ပေါ် ခပ်မြင့်မြင့် ပျံတက်သွားခဲ့သည်။

ထိုအချိန်တွင် လျို့လန်တစ်ယောက် ယန်ရုန်ရုန်၏လက်ကို ရုတ်တရက်လွှတ်ကာ ရွှမ်နျောင်ငှက်ကြီး၏ ကျောပေါ်မှ ခုန်ချသွားခဲ့ပါသည်။

လေထဲတွင် ထောင်ထျဲသားရဲအသွင်ပြန်ပြောင်းကာ ၎င်း၏ ကျယ်လောင်လှသော ပါးစပ်ကြီးဖြင့် ကျောင်းလုံသားရဲကို ကိုက်ချပစ်လိုက်သည်။

ဓားထုတ်ဖို့ကြံနေသည့် ရှန်းဝမ်ချင်းတစ်ယောက် ရုတ်တရက် ရပ်တန့်သွားခဲ့ပါသည်။

ယန်ရုန်ရုန်လည်း ရွှမ်နျောင်ငှက်ကြီး၏ ကျောပေါ်မှ အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူမ အမြင်တွင် အလွန်သေးငယ်သည့် ထောင်ထျဲသားရဲနှင့် ဧရာမကျောင်းလုံသားရဲကြီးတို့က ကလေးတစ်ယောက်နှင့် လူကြီးတစ်ယောက်ကဲ့သို့ အရွယ် အစားချင်း ကွာရှားလွန်းလှပါသည်။

သို့သောာ် သားရဲတစ်ကောင်၏ခွန်အားက အရွယ်အစားအပေါ် မူတည်ခြင်းမဟုတ်ပေ။

ထောင်ထျဲသားရဲ၏ စွမ်းအားများက ယခင်တုန်းကလောက် မသန်မာတော့လျှင်တောင် ရှေးဟောင်းသားရဲမျိုးနွယ်စုကြီးလေးစု၏ အနွယ်ဝင်ဖြစ်နေဆဲပင်။ အရာရာကို ဝါးမျိုနိုင်သည့် သားရဲတစ်ကောင်အဖြစ် ရှိနေဆဲဖြစ်ပါသည်။

ကျောင်းလုံသားရဲက ထောင်ထျဲကို ပြန်ကိုက်သော်လည်း အလွန်မာကျောသည့် အကြေးခွံများကို မထိုးဖောက်နိုင်ခဲ့ပါ။ ထိုအခါ ထောင်ထျဲသားရဲက ကျောင်းလုံ၏လျှာကိုကိုက်ပြီး ဆွဲဖြတ်ပစ်လိုက်ပါသည်။

ကျောင်းလုံသားရဲ၏ ပါးစပ်ထဲမှ အနက်ရောင်သွေးများ ပန်းထွက်လာပြီး အနီးနားရှိ ပင်လယ်ရေများလည်း နောက်ကျိသွားခဲ့သည်။ ကျောင်းလုံသားရဲကြီး နာနာကျင်ကျင်ဖြင့် အော်မြည်လိုက်လေသည်။

ထိုမြင်ကွင်းကိုမြင်ပြီး ယန်ရုန်ရုန်မျက်နှာ ရှုံ့မဲ့သွားခဲ့သည်။ ဘေးမှ ရပ်ကြည့်နေသူများပင် နာကျင်မှုကို ခံစားနိုင်ပါသည်။

ထောင်ထျဲက ကျောင်းလုံသားရဲ၏လျှာကို မျိုချလိုက်ပါသည်။

ကျောင်းလုံသားရဲဟူသည်မှာ နဂါးတစ်ကောင်နှင့် အနီးစပ်ဆုံး သတ္တဝါဖြစ်ပြီး စွမ်းအားကလည်း သာမန်ဝိညာဉ် သားရဲများထက် အဆပေါင်းများစွာ ပိုကြီးမားပါသည်။ ၎င်း၏ အသားကို စားလိုက်ရသဖြင့် ထောင်ထျဲသားရဲ ရုတ်တရက် စွမ်းအင်များ ထိုးတက်လာခဲ့သည်။

ထို့ကြောင့် ထောင်ထျဲသားရဲ စိတ်လှုပ်ရှားသွားပြီး ကျောင်းလုံသားရဲကို လောဘကြီးပြီး ဆာလောင်နေသော အကြည့်မျိုးဖြင့် ထပ်ကြည့်လိုက်သည်။

ရန်သူ၏ကြောက်စရာစွမ်းအားကို အာရုံခံမိလိုက်သော ကျောင်းလုံသားရဲလည်း မယှဉ်ရဲတော့ဘဲ ထွက်ပြေးဖို့ ကြိုးစားလေတော့သည်။

သို့သော် ထောင်ထျဲက အလွတ်မပေးပါ။ ကျောင်းလုံသားရဲနောက်လိုက်ကာ အသားများကို စုတ်ဖြဲပစ်လိုက်သည်။ ကျောင်းလုံသားရဲက အသည်းအသန်ရုန်းကန်နေသဖြင့် ပင်လယ်လှိုင်းများ ပိုမိုထန်လာခဲ့ပါသည်။ ပင်လယ်ပြင်တစ်လျှောက် အော်သံများလည်း ပဲ့တင်သံထပ်သွားခဲ့သည်။

ထိုဆူညံသံများကို အနီးနားတွင် ရှိနေသော ဝိညာဉ်လှေတစ်စင်းက ကြားသွားခဲ့ပါသည်။

ထိုလှေပေါ်ရှိ ရွှေအမြုတေကျင့်ကြံသူတစ်ဦးက ထိုမြင်ကွင်းများကို မြင်သွားသည်။ ကျောင်းလုံသားရဲကြီးကို ထောင်ထျဲသားရဲတစ်စစီဆုတ်ဖြဲနေပုံအားမြင်ပြီး သူ့တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။

ထောင်ထျဲသားရဲက သားကောင်ကို ပါးစပ်ဖြင့် ကိုက်ချီပြီး လေထဲ ပြန်တက်လာခဲ့သည်။ တစ်ကိုယ်လုံး အနက်ရောင်သွေးများ ပေကျံနေပြီး ရွှမ်နျောင်ငှက်ကြီး၏ကျောပေါ်ရှိ ယန်ရုန်ရုန်ကို အမြီးလှုပ်ပြရင်း ကြွားဝါလိုက်ပါသည်။

စုတ်ပြတ်သပ်နေသည့် ကျောင်းလုံသားရဲကိုကြည့်ရင်း ရှေးဟောင်းသားရဲတစ်ကောင်၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို ယန်ရုန်ရုန် ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရသည်။

‘ချင်းရှားလျှို့ဝှက်နယ်မြေထဲမှာ ငါဉာဏ်ကိုလွှာသုံးခဲ့လို့ တော်သေးတာပေါ့၊ ဒီတိုင်းသာ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခဲ့ရင် အခုလောက်ဆို ငါ့အုတ်ဂူပေါ်မှာ မြက်ပင်တွေ သုံးပေလောက် မြင့်နေလောက်ပြီ!’

ယန်ရုန်ရုန် ပြုံးလိုက်ပြီး ချီးကျူးလိုက်ပါသည်။

“ငါ့လျို့လန်လေးက အရမ်းတော်တာပဲ!”

ထောင်ထျဲသားရဲ ပျော်ရွှင်သွားပါသည်။ ကျောင်းလုံသားရဲ ၏ခန္ဓာကိုယ်ထဲနှိုက်ကာ အနက်ရောင်တောက်နေသည့် ဓာတ်လုံးတစ်လုံးကို ဆွဲထုတ်လိုက်သည်။ ယန်ရုန်ရုန်ထံ သွေးစွန်းနေသည့်လက်များဖြင့် သူပေးလိုက်ပါသည်။

“မေမေ့အတွက်”

ထိုဓာတ်လုံးက ကျောင်းလုံသားရဲ၏အမြုတေဖြစ်ပြီး အဂ္ဂိရတ်ပညာတွင် အသုံးပြုသည်ဖြစ်စေ၊ နတ်ပစ္စည်းလက်နက်များ သွန်းလုပ်ဖို့ အသုံးပြုသည်ဖြစ်စေ အလွန်အဖိုးတန်ပြီး ထိပ်တန်းအရည်အသွေးရှိသည့် ကုန်ကြမ်းတစ်ခု ဖြစ်ပါသည်။

အားလုံး ထိုအမြုတေကို စိုက်ကြည့်လိုက်ကြသည်။

ယန်ရုန်ရုန် ထိုအမြုတေကို ကိုင်ကြည့်လိုက်ရင်း မသေချာ မရေရာစွာ မေးလိုက်ပါသည်။

“သေချာရဲ့လား၊ ဒီအမြုတေက အရမ်းတန်ဖိုးကြီးမယ့်ပုံပဲနော်”

ထောင်ထျဲသားရဲ တောက်ပစွာ ပြုံးလိုက်သည်။

“မေမေက အကောင်းဆုံးတွေနဲ့ပဲ ထိုက်တန်တယ်!”

ယန်ရုန်ရုန် လက်ထဲက အမြုတေကို ငုံ့ကြည့်လိုက်ပါသည်။

ထောင်ထျဲသားရဲက နှလုံးသားမဲ့သည့် သားရဲတစ်ကောင်ဖြစ်ပြီး မိုးကြိုးပစ်ခံထားရခြင်းကြောင့်သာ ဦးနှောက်ပျက်ကာ လိမ္မာနေခြင်းဖြစ်မှန်းသိသော်လည်း သူမ ကြည်နူးမိဆဲပင်။ အတိတ်တွေ အနာဂတ်တွေအကြောင်း မစဉ်းစားဘဲ ယခု အခိုက်အတန့်မှာတော့ သူမအပေါ်ထားသည့် စေတနာက စစ်မှန်ပါသည်။

ယန်ရုန်ရုန် အမြုတေကို မြဲစွာ ဆုပ်ကိုင်လိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ထောင်ထျဲသားရဲက ကျောင်းလုံသားရဲကြီးကို သုံးကိုက်၊ လေးကိုက်တည်းဖြင့် အပြောင်စားပစ်လိုက်ပါသည်။ အရိုးတစ်မျှင်ပင် မကျန်ခဲ့ပေ။

ကျောင်းလုံသားရဲကြီး သေဆုံးသွားပြီးနောက် လေပြင်းမုန်တိုင်းများလည်း ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်ပေါ်မှ တိမ်နက်များ ကင်းစင်သွားကာ ပင်လယ်ပြင်ပေါ်သို့ နေရောင်ခြည် ပြန်ကျရောက်လာခဲ့ပါသည်။

ကျောင်းလုံသားရဲကြီးကြောင့် အရှေ့ဘက်ပင်လယ်ပြင် မငြိမ်မသက်ဖြစ်ခဲ့ရခြင်းပင်။ ယခု ကျောင်းလုံသားရဲ သေဆုံးသွားပြီဖြစ်သဖြင့် အားလုံးပြန်တည်ငြိမ်သွားခဲ့ပါပြီ။

နောက်ဆုံးတော့ ယန်ရုန်ရုန်တို့နှင့် ဝိညာဉ်လှေပေါ်ရှိ ရွှေအမြုတေကျင့်ကြံသူ စကားပြောခွင့် ရခဲ့ပါသည်။

“ခင်ဗျားတို့ ဘယ်သူတွေလဲ သိခွင့်ရှိမလား၊ ဘာကိစ္စနဲ့ ကျွန်တော်တို့ အရှေ့ဘက်ပင်လယ်ပြင်ကို ရောက်လာခဲ့တာလဲ”

ယန်ရုန်ရုန်က ရွှမ်နျောင်ငှက်ကြီးကို ကောင်းကင်ပေါ်မှ ဆင်းသက်ခိုင်းလိုက်သည်။ ထို့နောက် ရွှေအမြုတေကျင့်ကြံသူ၏ မေးခွန်းကို ပြန်ဖြေလိုက်ပါသည်။

“ကျွန်မနာမည် စန်းချွမ်ပါ၊ ကျွန်မတို့ ရှမ့်ယွင်ဂိုဏ်းက လာခဲ့ကြတာ၊ ဒါကျွန်မဆရာလေ၊ ဖမ့်လိုင်မသေမျိုးကျွန်းရဲ့ သခင်ကြီးဆီ လာရောက်လည်ပတ်တာပါ”

ရွှေအမြုတေအဆင့် ကျင့်ကြံသူကလည်း ဖမ့်လိုင်ကျွန်းသား တစ်ယောက်ဖြစ်သည်။ ထိုစကားကိုကြားသောအခါ သူ့မျက်နှာတောက်ပသွားခဲ့ပါသည်။

“ရှမ့်ယွင်ဂိုဏ်းက ဂုဏ်သရေရှိ ဧည့်သည်တော်တွေကိုး! ကြိုဆိုပါတယ်ဗျာ ကြိုဆိုပါတယ်!”

All Chapters