အခန်း (၆၉)
Vol. 7 Ch. 69
🌹Chapter 69
ဖမ့်လိုင်မသေမျိုးကျွန်းက ပြင်ပလောက ပြဿနာများတွင် ပါဝင်ပတ်သတ်လေ့ မရှိပေ။ ထို့ကြောင့် ရှန်းဝမ်ချင်းပင် သူတို့အကြောင်း သိပ်မသိပါ။
လက်ရှိ ကျွန်းသခင် လျို့ဖုကျွင်းက ဇနီးဖြစ်သူဆုံးပါးသွားပြီးနောက် အလွန်စိတ်ဆတ်တတ်သူတစ်ဦး ဖြစ်လာခဲ့သည့်အကြောင်းကိုသာ ရှန်းဝမ်ချင်း ကြားဖူးပါသည်။ ကျွန်းပေါ်မှ နှစ်ပေါင်းများစွာတိုင်အောင် တစ်ဖဝါးမှ မခွာခဲ့ဘဲ သူ့ထံ လာရောက် လည်ပတ်ဖို့ ကြိုးစားခဲ့ကြသည့် ကျင့်ကြံသူများကလည်း နန်းတော်ဝင်ပေါက်ရှေ့မှာတင် လှည့်ပြန်ခဲ့ကြရသည်။
ယန်ရုန်ရုန်တို့ကို ခေါ်ဆောင်လာခဲ့သော ရွှေအမြုတေကျင့်ကြံသူအမည်ကား ဝမ်ဟဲကျစ်ဖြစ်သည်။
သူတို့ ကျွန်းသခင်ကြီးက ပြင်ပလူတွေကို မုန်းတီးမှန်း ဝမ်ဟဲကျစ်သိသော်လည်း ဒီတစ်ခေါက် ဧည့်သည်တော်များက ရှမ့်ယွင်ဂိုဏ်းသားများဖြစ်ကြသည်။
ဖြစ်နိုင်လျှင် နံပါတ်တစ် စွမ်းအားအကြီးမားဆုံး ဂိုဏ်းတစ်ခုကို ဖမ့်လိုင်ကျွန်းက မစော်ကားသင့်ပေ။ ထို့အပြင် ထောင်ထျဲသားရဲကြီး၏ ရက်စက်ကြမ်းကြုတ်မှုကို မျက်မြင်တွေ့ခဲ့ရသဖြင့် ဝမ်ဟဲကျစ် အရိုးထဲထိစိမ့်အောင် ကြောက်ရွံ့ခဲ့ရပြီး ခေါင်းခါလိုက်လျှင် ကျောင်းလုံသားရဲကဲ့သို့ ဇာတ်သိမ်းသွားမည်ကို စိုးရိမ်နေခဲ့ပါသည်။
ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့ကို ခေါ်ဆောင်ပြီး ဖမ့်လိုင်မသေမျိုးနန်းတော်၏ ဝင်ပေါက်သို့ ရောက်လာခဲ့သည်။
“ဒီမှာခဏလောက် စောင့်ပေးပါနော်၊ ကျွန်တော်အထဲဝင်ပြီး သခင်ကြီးကို အကြောင်းကြားပေးပါ့မယ်”
ထို့နောက် နန်းတော်ထဲ သူဝင်သွားခဲ့သည်။
အထဲတွင် လျို့ဖုကျွင်းတစ်ယောက် ထုံးစံအတိုင်း သေဆုံးသွားပြီဖြစ်သည့် ဇနီးဖြစ်သူ၏ ပုံတူပန်းချီကားကို ကြည့်ရင်း သေရည်သောက်ကာ တစ်ယောက်တည်း စကားတွေ ပြောနေခဲ့ပါသည်။
အပြင်မှ ခြေသံအချို့ကိုကြားသောအခါ သူမျက်မှောင် ကြုတ်သွားပြီး သေရည်ခွက်ကိုချလျက် အေးစက်စွာ မေးလိုက်သည်။
“ဘာလဲ”
ခန်းဆီးအပြင်ဘက်မှ ဝမ်ဟဲကျစ် မဝံ့မရဲ ပြောလိုက်ပါသည်။
“ရှမ့်ယွင်ဂိုဏ်းက ဧည့်သည်တော်နှစ်ယောက် ကျွန်းသခင်ကြီးနဲ့ တွေ့ဆုံဖို့ ရောက်လာတဲ့အကြောင်း အစီအရင်လာခံတာပါ”
ထင်ထားသည့်အတိုင်းပင် လျို့ဖုကျွင်းချက်ချင်း ငြင်းဆန်ခဲ့ပါသည်။
“မတွေ့ချင်ဘူး၊ ပြန်လွှတ်လိုက်”
ဝမ်ဟဲကျစ် တွန့်ဆုတ်သွားပြီး သတ္တိမွေးကာ ဆက်ပြောလိုက်ပါသည်။
“သူတို့နှစ်ယောက်က သာမန်လူတွေမဟုတ်ကြဘူး သခင်ကြီး၊ အထူးသဖြင့် အဲ့ဒီဓားသိုင်းကျင့်ကြံသူရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းမြင့်မားတယ်၊ အတိအကျမပြောနိုင်ပေမယ့် အနည်းဆုံး ဟင်းလင်းပြင်ကျင့်ကြံခြင်းအဆင့်နဲ့ အထက် ရှိလိမ့်မယ်လို့ ကျွန်တော်ခန့်မှန်းမိပါတယ်”
ဒီလူတွေက သူတို့ငြင်းချင်တိုင်းငြင်းနိုင်သည့် လူတွေမဟုတ်ကြောင်း ကျွန်းသခင်ကြီးကို သတိပေးနေခြင်းဖြစ်သည်။ လျို့ဖုကျွင်းက ဝိညာဉ်အသွင်ပြောင်းလဲခြင်းနှောင်းပိုင်းအဆင့်မှာသာ ရှိသေးပြီး ဧည့်သည်တော်များ၏ ကျင့်ကြံခြင်း အဆင့်နှင့် မိုးနဲ့မြေလို ကွာခြားပါသည်။
လျို့ဖုကျွင်းသာ သူတို့ကို ဒေါသထွက်အောင် လုပ်လိုက်လျှင် နန်းတော်ကြီးတစ်ခုလုံးကို မြေလှန်ပစ်လိုက်နိုင်သည်။
လျို့ဖုကျွင်း အေးစက်စွာ ရယ်မောလိုက်သည်။
“ဟင်းလင်းပြင်ကျင့်ကြံခြင်းအဆင့်ဟုတ်လား၊ အဲ့တော့ ဘာဖြစ်လဲ၊ ဒါဖမ့်လိုင်ကျွန်းကွ! ငါ့ကို လက်ဖျားနဲ့ လာထိရဲတဲ့ကောင်မှန်သမျှကို ငါနဲ့အတူ ငရဲဆီခေါ်သွားပစ်မယ်!”
အရှေ့ဘက်ပင်လင်ပြင်ကို နှစ်ပေါင်းများစွာတိုင်အောင် ဖမ့်လိုင်ကျွန်း အုပ်စိုးထားနိုင်ခဲ့ခြင်းက ကျွန်းအောက်တွင် ဖုံးကွယ်ထားသည့် လျှို့ဝှက်ရတနာတစ်ခုကြောင့်ဖြစ်သည်။ ထိုရတနာကို အသုံးပြုလိုက်ပါက ကျွန်းတစ်ကျွန်းလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိပြီး ကျွန်းပေါ်တွင် နေထိုင်ကြသူများအားလုံးလည်း သေဆုံးသွားနိုင်ပါသည်။
ဒါလျို့ဖုကျွင်း၏ ဝှက်ဖဲပင်။ ဆုံးရှုံးစရာမရှိတော့သည့်လူတစ်ယောက်အတွက် ရန်သူနှင့်အတူတူ သေဆုံးရခြင်းက အကောင်းဆုံး အောင်မြင်မှုတစ်ခု ဖြစ်ပါသည်။
သူ့သခင်ကြီး၏စိတ်ကိုနားလည်သည့် ဝမ်ဟဲကျစ်က ဆက်ပြောလိုက်ပါသည်။
“သူတို့ ကျောင်းလုံသားရဲကို နှိမ်နင်းခဲ့ပြီး အမြုတေကို ထုတ်ယူနိုင်ခဲ့ကြတယ်”
ထိုစကားကိုကြားခါမှ လျို့ဖုကျွင်းရုတ်တရက် ခါးမတ်သွားခဲ့သည်။ တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ သူ့မျက်နှာ ထူးဆန်းသွားခဲ့ပါသည်။ နောက်ဆုံးတော့ သေရည်ခွက်ကို ချရင်း သူအမိန့်ပေးလိုက်သည်။
“ဝင်ခိုင်းလိုက်၊ ငါသူတို့ကို တွေ့မယ်”
ဝမ်ဟဲကျစ် အမိန့်နာခံလိုက်ပြီး အမြန်ပြန်ထွက်လာခဲ့သည်။ ထို့နောက် ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့ကို ခေါ်ဆောင်လာခဲ့ပါသည်။
-
အခန်းထဲဝင်လိုက်သည်နှင့်တစ်ပြိုင်တည်း ယန်ရုန်ရုန် သေရည်နံ့ ခပ်ပြင်းပြင်းကို ရရှိခဲ့သည်။
စားပွဲတစ်လုံးပေါ်တွင် သေရည်အိုးတစ်အိုးနှင့် ခွက်တချို့ကို သူမ မြင်ခဲ့ပါသည်။ ခပ်ပွပွဝတ်ရုံကြီးတစ်ခုကို ခြုံထားသည့် ပိန်ပိန်ပါးပါး သက်လတ်ပိုင်းယောက်ျားတစ်ဦး ထိုစားပွဲတွင် ထိုင်နေသည်။
ဆံပင်ရှည်များက ပခုံးပေါ်ဝဲကျနေကာ ရုပ်ရည်ပြေပြစ်သော်လည်း သေရည်ကို နှစ်ပေါင်းများစွာ လွန်လွန်ကြူး ကြူး သောက်သုံးခဲ့သဖြင့် အလွန်ပင်ပန်းနွမ်းနယ်နေပုံ ရပါသည်။
ဝမ်ဟဲကျစ်က မိတ်ဆက်ပေးလိုက်သည်။
“ဒါကျွန်တော်တို့ရဲ့ ကျွန်းသခင်ကြီးပါ”
ယန်ရုန်ရုန်နှင့် ရှန်းဝမ်ချင်းတို့နှစ်ယောက်ကို လျို့ဖုကျွင်း လှည့်ကြည့်လိုက်သည်။ ယန်ရုန်ရုန်က အခြေခံအုတ်မြစ်ချ အဆင့်မှာသာ ရှိသေးမှန်း သူတန်းမြင်နိုင်ပါသည်။ သို့သော် ရှန်းဝမ်ချင်း၏အဆင့်ကိုတော့ မခန့်မှန်းနိုင်ခဲ့ပေ။
ဝမ်ဟဲကျစ်ပြောတာမှန်ပါသည်။ ဒီလူ့ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားလွန်းသည်။
လျို့ဖုကျွင်း ဧည့်ဝတ်ကျေပွန်ဖို့ အစီအစဉ်မရှိသဖြင့် သေရည်ခွက်ထဲက ဝိုင်များကို ဝေ့ယမ်းရင်း ဖြည်းညှင်းစွာ မေးလိုက်ပါသည်။
“မင်းတို့ကို ဘယ်လိုခေါ်ရမလဲ”
ယန်ရုန်ရုန်: “ကျွန်မနာမည် စန်းချွမ်ပါ၊ ဒါက ကျွန်မဆရာ”
ရှန်းဝမ်ချင်းကို လျို့ဖုကျွင်း ပြုံးတစ်ဝက်မဲ့တစ်ဝက်ဖြင့် ကြည့်လိုက်သည်။
“မင်းရဲ့ ဂုဏ်သရေရှိ မျိုးရိုးအမည်ကို သိခွင့်ရှိမလား”
ရှန်းဝမ်ချင်းကလည်း သရုပ်မှန်ကို ဖုံးကွယ်ထားဖို့ အစီအစဉ်မရှိဘဲ ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်ပါသည်။
“ကျုပ်မျိုးရိုးနာမည်က ရှန်းပါ”
လျို့ဖုကျွင်းမျက်နှာပေါ်မှ အပြုံးခေတ္တအေးခဲသွားပြီး ရုတ်တရက် မတ်တပ်ထရပ်လိုက်ပါသည်။
“မင်းက ရွှမ်ယွဲ့ဓားသခင် ရှန်းဝမ်ချင်းလား!”
ဘေးနားမှ ဝမ်ဟဲကျစ်လည်း ထိတ်လန့်သွားခဲ့ကာ ရှန်းဝမ်ချင်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါသည်။ သူတို့ရှေ့မှာ ရပ်နေသည့်လူက စွမ်းအားအကြီးမားဆုံး နံပါတ်တစ် ဓားသိုင်းကျင့်ကြံသူ ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့မိပေ။
ရှန်းဝမ်တိုးညှင်းစွာ အတည်ပြုလိုက်သည်။
“အင်း”
သူ့မျက်နှာကို စေ့စေ့စိုက်ကြည့်ရင်း လျို့ဖုကျွင်း အားရပါးရ ရယ်မောလိုက်ပါသည်။
“အဲ့တာကြောင့်ကိုး! အဲ့တာကြောင့် ကျောင်းလုံသားရဲကို အနိုင်ယူနိုင်ခဲ့တာပေါ့! မင်းစွမ်းရည်နဲ့သာဆို အဲ့ဒီသတ္တဝါကို သတ်ဖို့ မခဲယဉ်းနိုင်ဘူး ဟုတ်တယ်မလား”
ကျောင်းလုံသားရဲကို သုတ်သင်ခဲ့သူက ရှန်းဝမ်ချင်း မဟုတ်ကြောင်း ဝမ်ဟဲကျစ် ဝင်ပြောချင်ခဲ့သည်။ သို့သော် ရှန်းဝမ်ချင်းကိုယ်တိုင်က မငြင်းသဖြင့် သူလည်း ဘာဝင်မပြောရဲတော့ဘဲ အခြေအနေကို တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့ပါသည်။
ရှန်းဝမ်ချင်းရှေ့သို့ လျို့ဖုကျွင်း ခပ်သုတ်သုတ်လျှောက်လာပြီး ခေါင်းအစ ခြေအဆုံး အကဲခတ်လိုက်ကာ ခေါင်းညိတ်လိုက်ပါသည်။ ရှန်းဝမ်ချင်း၏ စွမ်းပကားကို လေးစားသည့် ပုံစံဖြင့် သူ့မျက်နှာပေါ်က အပြုံးလည်း ပိုပိုပြီး နွေးထွေးလာခဲ့သည်။
“ကောင်းတယ်! သိပ်ကောင်းတယ်!”
လျို့ဖုကျွင်း ဘာကိုဆိုလိုမှန်း ယန်ရုန်ရုန်နားမလည်ခဲ့ပါ။ သို့သော် လျို့ဖုကျွင်း၏နောက်ထပ် မေးခွန်းကို သူမ ကြား လိုက်ရသည်။
“ရွှမ်ယွဲ့ဓားသခင်က လက်ဆက်ထိန်းမြှားပြီးသားလား”
ယန်ရုန်ရုန်: “…”
သူမ နားလည်သွားပါပြီ။ လျို့ဖုကျွင်းက ရှန်းဝမ်ချင်းအတွက် အောင်သွယ်တော်လုပ်ပေးဖို့ ကြံနေခြင်းဖြစ်ပါလိမ့်မည်။
ရှန်းဝမ်ချင်း အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။
“ကျွန်းသခင်ကြီးက ဘာလို့မေးရတာလဲ”
လျို့ဖုကျွင်း လမ်းအနည်းငယ်ဖယ်ပေးလိုက်ပြီး ဖိတ်ကြားလိုက်ပါသည်။
“လာကြပါ၊ အေးအေးဆေးဆေး စကားထိုင်ပြောကြရအောင်”
စားပွဲတွင် ထိုင်လိုက်ကြပြီးနောက် လျို့ဖုကျွင်းက အခါးရည်နှင့် သစ်သီးဝလံများ ယူဆောင်လာဖို့ အစေခံများကို အမိန့်ပေးလိုက်သည်။
“ဒီသစ်သီးတွေက ဖမ့်လိုင်ကျွန်းမှာပဲ ရှိတယ်၊ အခြားဘယ်နေရာမှာမှ တွေ့ရမှာမဟုတ်ဘူး၊ သုံးဆောင်ကြည့်ကြပါဦး”
ထိုသစ်သီးများကို ယန်ရုန်ရုန် တစ်ခါမှမမြင်ဖူးသဖြင့် စိတ်ဝင်စားသွားပါသည်။ သူမ အနီရောင် သစ်သီးတစ်လုံးကို အခွံခွာပြီး စာားကြည့်လိုက်သည်။ ချိုချိုချဉ်ချဉ်လေးနှင့် အရသာရှိလှပါသည်။
ရှန်းဝမ်ချင်းကတော့ သစ်သီးများကို မထိခဲ့ပေ။ လျို့ဖုကျွင်းကိုကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။
“ဖမ့်လိုင်ကျွန်းကို ကျုပ်တို့ဘာအကြောင်းကိစ္စနဲ့ လာခဲ့တာလဲလို့ ကျွန်းသခင်ကြီး မမေးမြန်းတော့ဘူးလား’
လျို့ဖုကျွင်း အခုမှ သတိရသွားသကဲ့သို့ ပြုမူကာ မေးလိုက်သည်။
“ဖမ့်လိုင်ကျွန်းဆီကို မိုင်ပေါင်းသောင်းချီဖြတ်သန်းပြီး လာခဲ့ကြရတာပဲ၊ ဘာအရေးကိစ္စများရှိလို့လဲ”
ရှန်းဝမ်ချင်း: “ကျွန်းသခင်ကြီးဆီက ငှားရမ်းစရာ ပစ္စည်းရှိလို့ပါ”
လျို့ဖုကျွင်း လက်ကို တခမ်းတနား ခါယမ်းလိုက်သည်။
“ရွှမ်ယွဲ့ဓားသခင်သာ တောင်းဆိုရင် ဘယ်လိုအရာမျိုးပဲဖြစ်ဖြစ် ဖမ့်လိုင်ကျွန်းမှာရှိနေသရွေ့ ကျုပ်ပေးမှာပါ!”
ရှန်းဝမ်ချင်း ဝေ့လည်ကြောင်ပတ်မလုပ်ဘဲ တဲ့တိုးပြောလိုက်သည်။
“ကျုပ်တို့ လိုချင်တာ နဂါးရိုး”
ထိုစကားကိုကြားပြီး လျို့ဖုကျွင်းမျက်နှာပေါ်မှအပြုံးမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
အခြေအနေတွေ မဟန်တော့သည်ကိုမြင်ပြီး ယန်ရုန်ရုန် စားနေသည့် သစ်သီးကို ပြန်ချထားကာ ကန်ထုတ်ခံရဖို့ အသင့်ပြင်လိုက်ပါသည်။ နဂါးရိုးဟူသည်မှာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားသည့် ရတနာတစ်ခုဖြစ်သည်။ ကျွန်းသခင်ကြီးနေရာမှာ သူမသာဆိုလျှင်လည်း ဒေါသထွက်မိပါလိမ့်မည်။
လျို့ဖုကျွင်း တကယ် စိတ်မကြည်တော့ပါ။ သို့သော် သူတို့ကို မောင်းမထုတ်သေးဘဲ အေးစက်စွာ မေးလိုက်သည်။
“နဂါးရိုးဆိုတာ ဘယ်လောက်အဖိုးတန်တဲ့အရာလဲ မင်းတို့နားလည်ရဲ့လား”
ရှန်းဝမ်ချင်း တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“ကျွန်းသခင်ကြီးသာ ကျုပ်တို့ကို နဂါးရိုး ပေးမယ်ဆိုရင် ဝိညာဉ်ကျောက်တုံး ကြိုက်သလောက် တောင်းနိုင်တယ်”
လျို့ဖုကျွင်း အထင်အမြင်သေးစွာ ပြုံးလိုက်ပါသည်။
“ငါ့ပုံစံက ဝိညာဉ်ကျောက်တုံးရှားတဲ့ပုံစံ ပေါက်နေလို့လား”
ရှန်းဝမ်ချင်းက ဆက်ပြောသည်။
“ဝိညာဉ်ကျောက်တုံးတင်မဟုတ်ဘူး၊ ကျွန်းသခင်ကြီး ဘာပဲလိုချင်လိုချင် ကျုပ်အစွမ်းကုန် ကြိုးစားရှာဖွေပေးပါ့မယ်”
“ငါဘာမှမလိုအပ်ဘူး၊ မင်းဆီက ကတိတစ်ခုပဲ လိုချင်တယ်”
“ဘာများလဲ”