← Chapters

အခန်း (၂၂၇၁-၂၂၇၂)

Vol. 168 Ch. 2271-2272

အခန်း (၂၂၇၁-၂၂၇၂)

Vol. 168 Ch. 2271-2272

အခန်း(၂၂၇၁)

ခန်းမအတွင်းသို့ပေါ်လာသည်နှင့် ယိုဖိုထျန်း၏ အေးစက်သောအသံသည် ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ကျင်းဖန်း မင်း ငါ့ကို ဒီလောက်အထိ အသည်းအသန် ခေါ်ရအောင် ဘာကိစ္စရှိလို့လဲ”

ကျင်းဖန်းနတ်ဘုရင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“စီနီယာဖိုထျန်း.. တောင်ပံနက်ခွန်ပန် မျိုးနွယ်စု ပြဿနာတက်နေပြီ”

ယိုဖိုထျန်း၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။

“ဘာပြဿနာတက်လို့လဲ”

ကျင်းဖန်းနတ်ဘုရင် ကိုယ်တိုင် သူ့ကို ဆင့်ခေါ်ပုံထောက်လျှင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ကိစ္စက သာမန်ကိစ္စ မဟုတ်မှန်း သိသာနေခဲ့သည်။

သို့သော်လည်း သူ၏ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုတွင် နတ်ဘုရင်အဆင့် ဘိုးဘေးငါးပါး ရှိပြီး ၎င်းတို့ထဲတွင် အသန်မာဆုံးသည် နတ်ဘုရင် ပဉ္စမအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ ကိုယ်တိုင် လှုပ်ရှားခြင်းမရှိသ၍ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို ပြဿနာပေးနိုင်သူမှာ မရှိသလောက်ပင်။

ဆိုရလျှင် နတ်ကုန်းမြေတိုက်ရှိ နတ်ဘုရင် သတ္တမအဆင့်ကျင့်ကြံသူများသည် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုတွင် ယိုဖိုထျန်း ရှိနေပြီး ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုက နောက်ကွယ်ကနေ ကျောထောက် နောက်ခံပေးထားကြောင်း သိရှိထားကြသည်။

ထို့ကြောင့် နတ်ကုန်းမြေတိုက် တစ်ခုလုံးတွင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို အလွယ်တကူ တိုက်ခိုက်ရဲသူ မရှိသလောက် နည်းပါးလှ၏။

သို့ဆိုလျှင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုတွင် မည်သည့်အရာများ ဖြစ်ပျက်သွားပါသနည်း။

“သိပ်မကြာခင်ကပဲ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုဝင် အများအပြားက ကျင်းယန်တောင်ကနေ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုဆီကို ထွက်ပြေးလာခဲ့ကြတယ်.. သတင်းတွေအရတော့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုနဲ့အတူ ပါလာတဲ့ အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်က ကျင်းယန်တောင်ကို တိုက်ခိုက်ခဲ့တယ်လို့ သိရတယ်.. အဲဒီလူကပဲ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုက နတ်ဘုရင်ငါးပါးကို သတ်ဖြတ်ပြီး တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို ချေမှုန်းခဲ့တယ်”

ထိုစကားကို ပြောနေစဥ် ကျင်းဖန်း နတ်ဘုရင်၏ အမူအရာသည် အလွန်တရာပင် လေးနက်နေခဲ့သည်။

“ဝုန်း..”

ကျင်းဖန်းနတ်ဘုရင်၏ စကားအဆုံးတွင် လောကရှိ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခုသည် ယိုဖိုထျန်း၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

“ဘယ်သူလဲ.. အဲဒီကောင်လေးက ဘယ်သူလဲ”

ယိုဖိုထျန်းက အလွန်အမင်း ဒေါသထွက်နေခဲ့သည်။

သူ၏ မျက်ဝန်းထဲကနေ ပြင်းထန်သော လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့၏။

တောင်ပံနက်ခွန်ပန်မျိုးနွယ်စုမှ နတ်ဘုရင်ငါးပါး စလုံး ကျဆုံးသွားခြင်းသည် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ အခြေခံအုတ်မြစ် ကျိုးပျက်သွားခြင်းနှင့် အတူတူ ဖြစ်ပြီး နောက်ထပ်နှစ်ပေါင်းထောင်ချီ ကြာလျှင်ပင် ပြန်လည် ထူထောင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

သို့ဖြစ်ရာ ယိုဖိုထျန်းသည် သူ၏ စိတ်နှလုံးထဲမှ ဒေါသကို မည်ကဲ့သို့ ထိန်းချုပ်ထားနိုင်ပါအံ့နည်း။

“အသေးစိတ်ကိုတော့ မသိသေးဘူး.. ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုဆီ ထွက်ပြေးလာတဲ့ လူတွေရဲ့ ပြောကြားချက်ကို သုံးသပ်ရသလောက်တော့ သူတို့က လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေမှာ တွေ့ခဲ့တဲ့လူတွေပဲ ဖြစ်ရမယ်.. အဲဒီအချိန်က ယိုယွဲ့ နတ်ဘုရင်က ငါ့ကို တောင်ပံနက်ခွန်ပန် မျိုးနွယ်စုဆီ ဖိတ်ကြားခဲ့ပေမဲ့လည်း အဆုံးသတ်မှာ သူတို့တွေ လွတ်မြောက်သွားခဲ့တယ်”

ကျင်းဖန်းနတ်ဘုရင်က လေးနက်စွာ ရှင်းပြလိုက်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ခန့်က နတ်ကုန်းမြေတိုက်တွင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အရိပ်အယောင်ကို ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေတွင် တစ်ကြိမ် တွေ့ရှိခဲ့ဖူးသည်။

သို့ရာတွင် သူသိထားသလောက် ဆိုလျှင် ဘိုးဘွားနယ်မြေတွင် တွေ့ရသော ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှ သူများသည် ကောင်းကင်နတ်ဘုရား အဆင့်တွင်သာ ရှိနေသေးသည်။

ထိုအချိန်မှစ၍ ရေတွက်လျှင် ဆယ်စုနှစ် တစ်ခုကျော်မျှသာ ကြာမြင့်သေး၏။

ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အကြွင်းအကျန်များသည် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို ချေမှုန်းနိုင်လောက်အောင် အစွမ်းအစ ရှိလာသည်အထိ အင်အားကြီးမားလာခဲ့ခြင်း ဖြစ်နိုင်ပါသလော။

သို့မဟုတ် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှ အစွမ်းထက်ကျင့်ကြံသူ တချို့သည် နတ်ဘုရားနယ်မြေတွင် ယခုထက်တိုင် အသက်ရှင်နေဆဲ ဖြစ်နိုင်ပါသလော။

မည်သို့ပင်ဖြစ်စေကာမူ ထိုအရာသည် သူတို့ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု အတွက် သတင်းကောင်း မဟုတ်သည်မှာတော့ သေချာ၏။

“ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ အကြွင်းအကျန်လေးတွေက သိပ်သတ္တိကောင်းနေကြပါလား”

ယိုဖိုထျန်း၏ နှုတ်ကနေ ကျယ်လောင်သော ကြုံးဝါးသံ ထွက်ပေါ်လာခဲ့သည်။

“ငါ့ရဲ့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို ထိပါးရဲမှတော့ သေခြင်းတရားထက် ဆိုးရွားတဲ့ ဝေဒနာကို သူတို့ကို သေချာပေါက် ခံစားစေရမယ်”

“စီနီယာအစ်ကိုထျန်း စိတ်အေးအေးထားပါဦး.. ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို တိုက်ခိုက်ပြီး ကျင်းယန်တောင်ကို ပြန်သိမ်းရဲတယ် ဆိုမှတော့ သူတို့ဆီမှာ အားကိုးစရာ တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်.. ဒီကိစ္စကို အချိန်ယူပြီး ကျွန်တော်တို့ သေချာ စဥ်းစားကြတာပေါ့”

အလွန်အမင်း ဒေါသထွက်နေသော ယိုဖိုထျန်းကိုမြင်လျှင် ကျင်းဖန်းနတ်ဘုရင်သည် အလျင်အမြန်ပင် ဖျောင်းဖျလိုက်သည်။

တောင်ပံနက်ခွန်ပန် မျိုးနွယ်စုမှ နတ်ဘုရင်ငါးပါး စလုံး ကျဆုံးသွားခြင်းသည် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု အတွက် အလွန် ကြီးမားသော ထိုးနှက်ချက် ဖြစ်နေခဲ့ချေပြီ။

အကယ်၍သာ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ယိုဖိုထျန်း တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် အမှန်တကယ်ပင် အပြင်းအထန် ထိခိုက်သွားပေလိမ့်မည်။

“ဟမ့် ကျင်းဖန်း မင်းက ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုရဲ့ခေါင်းဆောင် ဖြစ်ပြီး သတ္တိနည်းလှချည်လား...ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စုရဲ့ အကြွင်းအကျန်တွေကို နှိမ်နင်းဖို့အတွက်နဲ့ ဘာလို့ အချိန်ယူပြီး စဥ်းစားနေရဦးမှာလဲ.. ငါတစ်ယောက်တည်းနဲ့တင် လုံလောက်တယ်”

ယိုဖိုထျန်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် ယိုဖိုထျန်းသည် ခန်းမအတွင်းကနေ တစ္ဆေတစ်ကောင်နှယ် တိုက်ရိုက် ပျောက်ကွယ်သွားခဲ့၏။

ယိုဖိုထျန်းကို လုံးဝ ဖျောင်းဖျ၍ မရသည်အား မြင်လျှင် ကျင်းဖန်းနတ်ဘုရင်၏ မျက်ဝန်းထဲ၌ ကူကယ်ရာမဲ့သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျင်းယန်တောင်၏ လက်ရှိအခြေအနေကို သူမသိသော်လည်း ကျင်းယန်တောင်ကို ယိုဖိုထျန်း သွားခြင်းသည် မည်သည့် အကျိုးအမြတ်မှ ရရှိမည် မဟုတ်ကြောင်း ပင်ကိုဗီဇအရ ခံစားမိနေခဲ့သည်။

ဆိုရလျှင် ယိုဖိုထျန်းအနေဖြင့် ကျင်းယန်တောင်တွင် ဒုက္ခနှင့်ပင် ကြုံတွေ့ရနိုင်သည်ဟု သူထင်မြင်နေမိ၏။

“ယိုဖိုထျန်း တစ်ခုခု ဖြစ်လို့မရဘူး.. ဒီအတိုင်းဆိုရင် စီနီယာ ခွန်ယွင်ကို ဖိတ်ခေါ်ရတော့မယ်”

ကျင်းဖန်းနတ်ဘုရင်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် ခန်းမ အတွင်းကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

----------------

ယိုဖိုထျန်းသည် ကျင်းဖန်းနတ်ဘုရင်၏ စကားများကို လျစ်လျူရှုကာ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုကနေ ထွက်ခွာလာခဲ့ပြီး လေထုထဲတွင် တည်နေရာ‌ ရွှေ့ပြောင်းသကဲ့သို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။

သိပ်မကြာမီမှာပင် ယိုဖိုထျန်းသည် မိုင်ပေါင်း သိန်းချီဝေးကွာသော ကျင်းယန်တောင်သို့ ရောက်ရှိလာခဲ့၏။

သူက ကျင်းယန်တောင်၏ အထက် ကောင်းကင်ယံတွင် ဝင့်ကြွားစွာရပ်နေခဲ့ပြီး အေးစက်စက် မျက်ဝန်းများဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။

လောကတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ် အရှိန်အဝါများသည် လေထုထဲတွင် ပျံ့နှံ့သွားခဲ့သည်။

“ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ အကြွင်းအကျန်တွေ ထွက်လာပြီး အသေခံကြစမ်း”

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ကြုံးဝါးသံကို ကြားလျှင် ကျင်းယန်တောင်ကို ရှင်းလင်းနေကြသော လဲ့လင်နှင့် အခြားသူများသည် စိတ်နှလုံး တုန်ယင်သွားကြပြီး မျက်နှာများချက်ချင်းဆိုသလို ဖြူဖျော့သွားကြသည်။

လဲ့လင်က သူ၏ ခန္ဓာကိုယ်ကို အတင်းအကျပ် ထိန်းချုပ်ကာ ကျင်းယန်တောင်၏ အထက် ကောင်းကင်ယံကို မော့ကြည့်လိုက်၏။

ထိုအခါ ဖျက်စီးခြင်းအလင်းများ လွှမ်းခြုံထားပြီး ဖျက်ဆီးခြင်း နတ်ဆိုးတစ်ပါး ကဲ့သို့ ဝင့်ကြွားစွာရပ်နေသော အနက်ရောင်ဝတ်စုံဝတ် ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေသော ထိုပုံရိပ်ကို မြင်လျှင် လဲ့လင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

တောင်ပံနက်ခွန်ပန်မျိုးနွယ်စု၏ နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေးဖြစ်သည့် ယိုဖိုထျန်းသည် အဆုံးသတ်တွင် ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလား။

“ဝုန်း..”

လဲ့လင် ထိတ်လန့်နေစဥ်မှာပင် တောက်ပသော အလင်းတန်းတစ်ခုသည် ကျင်းယန်တောင်ကနေ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး အဆုံးသတ်တွင် ယိုဖိုထျန်း၏ မျက်နှာချင်းဆိုင်၌ ပုံရိပ်တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုပုံရိပ်မှာ တခြားသူ မဟုတ်ဘဲ ကျန်းချန်ပင် ဖြစ်သည်။

သူ့ရှေ့တွင် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ယိုဖိုထျန်း၏ မျက်ဝန်းထဲတွင် အေးစက်စက် ဖျက်ဆီးခြင်း အလင်းများ လင်းလက်သွားခဲ့၏။

“ကောင်လေး ငါ့ရဲ့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုက နတ်ဘုရင်ငါးပါးကို သတ်ခဲ့တာ မင်းလား”

ကျန်းချန်က တည်ငြိမ်စွာဖြင့်ပင် ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ် ငါသတ်လိုက်တာပဲ”

“ဒါဆိုရင်လည်း သွားသေလိုက်တော့”

စကားဆုံးသည်နှင့် ယိုဖိုထျန်း၏ ဖျက်ဆီးခြင်းလမ်းစဥ် နတ်စွမ်းအားများသည် ဓားမြှောင်တစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ လေထုကို ထိုးဖောက်ပြီး ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။

ကျန်းချန်က လက်ဟန်များကို အလျင်အမြန် ပြုလုပ်လိုက်ပြီး လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်၏ ပထမတိုက်ကွက် ဖြစ်သော ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်ကာ ဓားမြှောင်ကို ရင်ဆိုင်လိုက်၏။

“ဝုန်း..”

ကျယ်လောင်သောပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းသည် ကျင်းယန်တောင်၏ အထက်ကောင်းကင်ယံ တစ်ခုလုံးကို ပရမ်းပတာ ဖြစ်သွားစေခဲ့သည်။

ယိုဖိုထျန်းသည် ဖျက်ဆီးခြင်းမုန်တိုင်း၏ သက်ရောက်မှုကို မခံရဘဲ ပရမ်းပတာ ဖြစ်နေသော လေထုထဲတွင် တည်ငြိမ်စွာ ရပ်နေသည့် ကျန်းချန်ကို တအံ့တဩ ကြည့်လိုက်သည်။

“လူသားဧကရာဇ် ရှေးဟောင်းတံဆိပ်တော်ပါလား.. မင်းက လူသားဧကရာဇ်နန်းတော်ရဲ့ အဖွဲ့ဝင်လား”

“ငါဘယ်သူလဲဆိုတာ မင်းသိဖို့မလိုဘူး”

ကျန်းချန်က တည်ငြိမ်စွာ ရပ်နေခဲ့ပြီး ယိုဖိုထျန်းကို အေးစက်စက် ကြည့်လိုက်သည်။

“ဒီနေ့ မင်းကို သတ်မဲ့သူက ငါဆိုတာပဲ မင်းသိထားဖို့ လိုတယ်”

“ဟားဟား လေလုံးထွားလှချည်လား.. ကောင်လေး မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို တိုက်ခိုက်ရဲမှတော့ အဲဒီအတွက် ကြီးမားတဲ့ အဖိုးအခကို မင်းပြန်ပေးဆပ်ရလိမ့်မယ်”

စကားဆုံးသည်နှင့် ယိုဖိုထျန်း၏ ခန္ဓာကိုယ်ကနေ ပိုမို၍ ကြောက်မက်ဖွယ်ရာကောင်းသော ဖျက်ဆီးခြင်းလမ်းစဥ် အရှိန်အဝါများသည် ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်လာခဲ့သည်။

အခန်း(၂၂၇၁)ပြီး၏။

အခန်း(၂၂၇၂)

ယိုဖိုထျန်း၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာခဲ့သည်။

သူက လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ကျန်းချန်၏ ပတ်ပတ်လည်ရှိ လေထုထဲတွင် နေရာလွတ် လှိုင်းလုံးများ ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။

မကြာမီမှာပင် အဆုံးမဲ့ ဖျက်ဆီးခြင်းစွမ်းအားများ ကိန်းအောင်းနေသော မရေမတွက်နိုင်သည့် အနက်ရောင်လှံရှည်များသည် သူ၏ ပတ်ပတ်လည်ရှိ နေရာလွတ်ကနေ တိုးထွက်လာခဲ့ပြီး ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။

“ဒါကို ဖျက်ဆီးဖို့က ငါ့အတွက် ပုရွက်ဆိတ် သတ်သလောက်တောင် မခက်ဘူး”

ယိုဖိုထျန်း၏ တိုက်ကွက်ကို ရင်ဆိုင်ရင်း ကျန်းချန်သည် အေးစက်စက်ပြောလိုက်သည်။

မရေမတွက်နိုင်သော ဓားအလင်းများသည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ပြီး သူ့ထံသို့ သက်ရောက်လာသော ဖျက်ဆီးခြင်းစွမ်းအားများ ကိန်းအောင်းနေသည့် လှံရှည်များကို ချက်ချင်းဆိုသလိုပင် ချေမှုန်းပစ်လိုက်သည်။

ထိုမြင်ကွင်းသည် ယိုဖိုထျန်း၏ မျက်စိသူငယ်အိမ်များကိုပင် အနည်းငယ် ကျုံ့သွားစေခဲ့၏။

သူက ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။

“ကောင်လေး မင်းဘယ်သူလဲ.. ဘာလို့ ငါတို့ တောင်ပံနက်ခွန်ပန်မျိုးနွယ်စုကို ရန်သူအဖြစ် သတ်မှတ်နေရတာလဲ”

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့်ပင် နတ်ဘုရင်စတုတ္ထအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေရုံသာမက သူ၏ တိုက်ကွက်ကိုလည်း အလွယ်တကူ ခုခံနိုင်ခဲ့သည်။

ဤကဲ့သို့သော ပါရမီရှင်ကို အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် နံပါတ်တစ် နေရာ၌ ရှိသည့် ဓားတစ်သောင်းသူတော်စင်ဂိုဏ်းမှ လူငယ်နှင့်သာ နှိုင်းယှဥ်နိုင်ပေလိမ့်မည်။

ထိုကဲ့သို့ အလွန်တရာဆန်းကြယ်သောပါရမီရှင်နှင့် ရင်ဆိုင်ရသောအခါတွင် ယိုဖိုထျန်းသည် စိုးရိမ်စိတ်များ ဝင်လာခဲ့သည်။

ကျန်းချန်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ငါက ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စုကို စောင့်ရှောက်ပေးပါ့မယ်လို့ လူတစ်ယောက်ကို ကတိပေးခဲ့လို့ပဲ.. ဒါကြောင့်လည်း သူတို့ရဲ့နယ်မြေကို ပြန်ယူပေးခဲ့တာပဲ”

ထိုစကားကိုကြားလျှင် ယိုဖိုထျန်း၏ မျက်ဝန်းများသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ အေးစက်သွားခဲ့သည်။

တောင်ပံနက်ခွန်ပန် မျိုးနွယ်စုသည် ထိုအချိန်က ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို ဖျက်ဆီးခဲ့သော ကောင်းကင်ခွန်ပန်မျိုးနွယ်စု၏ ပင်မအင်အားစုများထဲမှ တစ်စု ဖြစ်သည်။

နောက်ပိုင်းတွင် သူတို့သည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ နယ်မြေကို သိမ်းပိုက်ခဲ့သည်။

ဆိုရလျှင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုနှင့် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုအကြားရှိ ရန်ငြိုးသည် မပြေလည်နိုင်သော ရန်ငြိုးဆိုလည်း မမှားပေ။

ထိုကောင်လေးက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု အတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်နေသည် ဖြစ်ရာ သူတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ရန်သူပင် မဟုတ်ပါလော။

“သေစမ်း”

ယိုဖိုထျန်းက စကားရှည်ရှည်ဝေးဝေး ပြောမနေတော့ဘဲ ဖျက်ဆီးခြင်းလမ်းစဥ်၏ နတ်စွမ်းအားကို ထပ်မံ အသုံးပြုကာ လက်ဟန်များ ပြုလုပ်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

ကြောက်မက်ဖွယ်ရာကောင်းသော ဖျက်ဆီးခြင်း အရှိန်အဝါများသည် လေထုထဲတွင် လှိုင်းထန်သွားခဲ့ပြီး ဧရာမ အနက်ရောင် ဓားရှည်တစ်လက်အဖြစ်သို့‌ ပြောင်းလဲသွားခဲ့ကာ နေရာလွတ်ကို ထိုးဖောက်၍ ကျန်းချန် ဆီသို့ ဦးတည်လာခဲ့သည်။

ထိုဧရာမ အနက်ရောင်ဓားရှည် ဖြတ်သန်းသွားသော လမ်းတစ်လျှောက်ရှိ နေရာလွတ်များသည် ပြိုကွဲသွားခဲ့ပြီး ပတ်ဝန်းကျင် တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် ပရမ်းပတာ ဖြစ်သွားခဲ့သည်။

“ဒါက နတ်ဘုရင် သတ္တမအဆင့်ရဲ့ စွမ်းအားလား.. တကယ်ကို ကြောက်စရာကောင်းတာပဲ”

ယိုဖိုထျန်း၏ ဓားချက်ကိုမြင်လျှင် ကျင်းယန်တောင်ကနေ ကောင်းကင်ကို မော့ကြည့်နေသည့် လဲ့လင်၏ မျက်နှာ အမူအရာက အလွန်တရာပင် လေးနက်သွားခဲ့သည်။

အသန်မာဆုံးနတ်ဘုရင် စာရင်းတွင် ယိုဖိုထျန်းသည် လော့ရှင်းဟယ်ထက် အဆင့်အနည်းငယ်သာ မြင့်သော်လည်း ခွန်အားကမူ လော့ရှင်းဟယ်ထက် သိသိသာသာပင် ပို၍ သန်မာနေခဲ့သည်။

အထူးသဖြင့် ယိုဖိုထျန်း ကျင့်ကြံထား‌သော ဖျက်ဆီးခြင်း လမ်းစဥ်သည် လမ်းစဥ် သုံးထောင်ထဲတွင် အစွမ်းအထက်ဆုံး လမ်းစဥ်များထဲမှ တစ်ခု ဖြစ်၏။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က နတ်ဘုရင် သတ္တမအဆင့်ထက် မနိမ့်ကျကြောင်း သိသော်လည်း ဤအခိုက်အတန့်တွင် လဲ့လင်သည် ကျန်းချန် အတွက် ဇောချွေးပျံသည် အထိ စိုးရိမ်နေမိခဲ့သည်။

သူ၏ စိတ်နှလုံးထဲကနေ ကျန်းချန်က ယိုဖိုထျန်းကို တားဆီးနိုင်ပါစေဟုသာ ဆုတောင်းနေမိ၏။

သို့မဟုတ်လျှင် ကျင်းယန်တောင် တစ်ခုလုံးသည် ယိုဖိုထျန်း၏ လက်ချက်ဖြင့် မြေလှန်ခံရလိမ့်မည် မဟုတ်ပါလော။

“သိပ်ကောင်းတယ်”

ယိုဖိုထျန်း၏ တိုက်ကွက်ကို ကြည့်ရင်း ကျန်းချန်၏ တိုက်ခိုက်လိုစိတ်များသည်လည်း ပေါက်ကွဲထွက်လာခဲ့သည်။

သူက နတ်ဘုရင်စတုတ္ထအဆင့် အထွတ်အထိပ်ကို ထိုးဖောက်ပြီးနောက်တွင် စစ်မှန်သော တိုက်ပွဲကြီး တစ်ပွဲကိုမှ မဆင်နွှဲရသေးပေ။

ထို့ကြောင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည် မည်မျှအထိ ရှိသည်ကို သိရှိနိုင်ရန် အတွက် ယိုဖိုထျန်းနှင့် စမ်းသပ်ကြည့်ခြင်းသည် အကောင်းဆုံး အခွင့်အရေးပင် မဟုတ်ပါလား။

ကျန်းချန်က လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားကို ဝှေ့ယမ်းကာ ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်‌ဖော်လိုက်သည်။

ကောင်းကင်ယံတွင် ခုနစ်စဥ်ကြယ်က ထွက်ပေါ်လာခဲ့ပြီး အဆုံးမဲ့ ကြယ်တာရာစွမ်းအားများသည် ဧရာမ ကြယ်တာရာဓားတစ်လက် အဖြစ်သို့ ပြောင်းလဲကာ ယိုဖိုထျန်း၏ ဖျက်ဆီးခြင်းဓားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ကြောက်မက်ဖွယ်စွမ်းအားနှစ်ခု ထိပ်တိုက် ဆုံတွေ့သွားပြီးနောက်တွင် အဖျက်စွမ်းအင် မုန်တိုင်းတစ်ခုသည် ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး မိုင်ပေါင်းထောင်ချီ အတွင်းရှိ နေရာလွတ်များကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေခဲ့သည်။

သို့သော်လည် နှစ်ဦးစလုံးသည် ပတ်ဝန်းကျင်တွင် ဆက်တိုက်ဆိုသလို ပြိုကွဲနေသော နေရာလွတ်ကို ဂရုမစိုက်ဘဲ ဆက်လက် တိုက်ခိုက်နေခဲ့ကြသည်။

“ဝုန်း.. ဝုန်း.. ဝုန်း..”

နှစ်ဦးသား တစ်ခဏအတွင်း တိုက်ကွက် မည်မျှ တိုက်ခိုက်ခဲ့မှန်းပင် မသိနိုင်တော့ပေ။

ရွှေရောင်တောက်ပနေသော ဓားလမ်းစဥ် နတ်စွမ်းအားနှင့် အနက်ရောင် တောက်ပနေသော အဖျက်စွမ်းအင် နတ်စွမ်းအားများသည် လေထုထဲတွင် ပြည့်နှက်နေခဲ့သည်။

မ‌ရေမတွက်နိုင်သော အဖျက်စွမ်းအင် မုန်တိုင်းများသည် လေထုထဲတွင် လွင့်ပျံနေခဲ့ပြီး ပတ်ဝန်းကျင် နေရာလွတ်များကို ဆက်တိုက်ဆိုသလို ပြိုကွဲစေခဲ့ကာ ကမ္ဘာလောက တစ်ခုလုံး ပျက်စီးတော့မည့်အလား ဖြစ်နေခဲ့၏။

မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော လေထု တစ်ခုလုံးသည် ဤအခိုက်အတန့်တွင် တွင်းနက်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်တို့ နှစ်ဦးသည် တွင်းနက်ကြီးထဲမှ ပရမ်းပတာ ဖြစ်နေသော စွမ်းအင်လှိုင်းများထဲကိုပင် ရောက်ရှိသွားကြပြီး အဖျက်စွမ်းအင် မုန်တိုင်းများကြားတွင် ဆက်လက် တိုက်ခိုက်နေခဲ့ကြသည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ဦး၏ တိုက်ခိုက်မှုသည် ပိုမို၍ ပြင်းထန်လာခဲ့၏။

“ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဘယ်လိုလုပ်ပြီး ဒီလောက်‌တောင် သန်မာနေရတာလဲ”

ယိုဖိုထျန်းသည် တဖြည်းဖြည်း ပို၍ ထိတ်လန့်လာခဲ့သည်။

သူ၏ရှေ့မှ ကောင်လေးသည် နတ်ဘုရင် စတုတ္ထအဆင့်သာ ရှိသော်လည်း တိုက်ိခုက်ရေးစွမ်းရည်ကမူ နတ်ဘုရင် သတ္တမအဆင့် ရှိသည့် သူ့ထက်ပင် မနိမ့်ကျပေ။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က နတ်ဘုရင် သတ္တမအဆင့်နှင့် နှိုင်းယှဥ်နိုင်လျှင်ပင် နတ်လမ်းစဥ် စွမ်းအားကမူ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည့် သူ့ထက် များစွာ နိမ့်ကျနေ၍ ကြာရှည် တောင့်ခံနိုင်လိမ့်မည် မဟုတ်ဟု မူလက သူထင်ထားခဲ့သည်။

သို့သော်လည်း လက်တွေ့ကမူ သူ မျှော်လင့်ထားသည်ထက်ကိုပင် လုံးဝ ကျော်လွန်နေခဲ့၏။

တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ နတ်ဘုရင် သတ္တမအဆင့် ဖြစ်သည့် သူကိုယ်တိုင်ပင်လျှင် အနည်းငယ် မောဟိုက်လာသော်လည်း ကျန်းချန်ကမူ ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်ပင် မပြသေးပေ။

“ဒီကောင့်မှာ ခွန်အားကို အလျင်အမြန် ပြန်လည် ဖြည့်ဆည်းပေးနိုင်တဲ့ ရတနာတစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်.. ဒီအတိုင်းဆက်ပြီး တိုက်ခိုက်နေလို့ မဖြစ်တော့ဘူး”

ထိုသို့တွေးမိလျှင် ယိုဖိုထျန်း၏ စိတ်နှလုံးတွင် ထိတ်လန့်သွားခဲ့သည်။

ယခုအခါတွင် သူ၏ ခန္ဓာကိုယ်ထဲ၌ စွမ်းအင်များစွာ ကုန်ဆုံးနေပြီ ဖြစ်သည်။

အကယ်၍သာ ဤအတိုင်း ဆက်လက် တိုက်ခိုက်ပြီး စွမ်းအင်ဖြုန်းတီးနေလျှင် အဆုံးသတ်တွင် သေဆုံးရမည်မှာ သူသာ ဖြစ်လာပေလိမ့်မည် မဟုတ်ပါလား။

ယိုဖိုထျန်းက တွေဝေမနေတော့ဘဲ ခန္ဓာကိုယ် တစ်ခုလုံးရှိ ဖျက်ဆီးခြင်းစွမ်းအားများကို ချက်ချင်းဆိုသလိုပင် အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

ထို့နောက်တွင် သူက လက်ဟန်များကို လျင်မြန်စွာပြုလုပ်လိုက်ရာ မိုင်ပေါင်းထောင်ချီ မြင့်မားသော အနက်ရောင် ခွန်ပန် ပုံရိပ်ယောင်ကြီး တစ်ခုသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့သည်။

ထိုခဏဝယ် ယိုဖိုထျန်း၏ မျက်ဝန်းထဲတွင် ဖျက်ဆီးခြင်း နတ်အလင်းများ လင်းလက်သွားခဲ့၏။

သူ၏ အေးစက်စက် ကြုံးဝါးသံသည် ပတ်ဝန်းကျင်တွင်ပဲ့တင်ထပ်သွားခဲ့သည်။

“ခွန်ပန် နေရာလွတ်ဝါးမျိုခြင်း တိုက်ကွက်.. ဝါးမျိုလိုက်စမ်း”

ယိုဖိုထျန်း၏ အေးစက်စက် ကြုံးဝါးသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် လေထုထဲရှိ ခွန်ပန် ပုံရိပ်ယောင်ကြီးသည် ကောင်းကင်ကိုပင် တုန်ခါစေသည်အထိ အော်ဟစ်လိုက်၏။

ထို့နောက်တွင် ခွန်ပန် ပုံရိပ်ယောင်ကြီးသည် မီတာထောင်ချီကျယ်ဝန်းသော ဧရာမ ပါးစပ်ကြီးကို ဖွင့်ဟလိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသည့် ဝါးမျိုခြင်းစွမ်းအားများသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန် ရှိနေသည့် ပတ်ဝန်းကျင် နေရာလွတ် တစ်ခုလုံးကို တစ်လုတ်တည်းဖြင့် ဝါးမျိုတော့မည့်အလား ဖြစ်နေခဲ့သည်။

“လူသားဧကရာဇ်ဓား.. ပိုင်းဖြတ်စမ်း”

ကျန်းချန်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ပေ။

သူက နတ်ခန္ဓာပုံရိပ်ဖြစ်သည့် လူသားဧကရာဇ်ဓားကို ထုတ်ဖော်လိုက်ပြီး လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားဖြင့် ပေါင်းစပ်လိုက်သည်။

လူသားဧကရာဇ်ဓားသည် လေထုထဲရှိ ခွန်ပန် ပုံရိပ်ယောင်ဆီသို့ ပျံသန်းသွားခဲ့သည်။

“ဝုန်း..”

ကြောက်မက်ဖွယ်ရာကောင်းသည့် သဘာဝလွန်စွမ်းအား နှစ်ခုသည် ထိပ်တိုက် ဆုံတွေ့သွားခဲ့ကြသည်။

လေထုတစ်ခုလုံးက တုန်ခါနေခဲ့ပြီး နေနှင့်လတို့ပင် ဗြောင်းဆန်သွားခဲ့သည်။

လူသားဧကရာဇ်ဓားနှင့် ခွန်ပန်ပုံရိပ်ယောင် တို့သည် လေထုထဲတွင် ထိပ်တိုက် ရင်ဆိုင်နေခဲ့ကြပြီး အဆုံးသတ်တွင် လေထုတစ်ခုလုံးကို လွှမ်းခြုံသွားသည့် အဖျက်စွမ်းအင် မုန်တိုင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင် မုန်တိုင်းထဲတွင် ကျန်းချန်နှင့် ယိုဖိုထျန်းတို့ ပင်လျှင် တစ်ခဏအတွင်း နစ်မြုပ်သွားခဲ့သည်။

“ဘယ်သူအနိုင်ရသွားတာလဲ”

အဖျက်စွမ်းအင်မုန်တိုင်းများ လွှမ်းခြုံနေသော လေထုကို စိုက်ကြည့်ကာ လဲ့လင်သည် အသက်ကိုပင် ခပ်ပြင်းပြင်း မရှူရဲလောက်အောင် ဖြစ်နေခဲ့၏။

အကယ်၍ ကျန်းချန်သာ နိုင်သွားခဲ့လျှင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ပေါ်တွင် တစ်ကျော့ပြန် ရပ်တည်နိုင်လိမ့်မည် ဖြစ်သည်။

ယိုဖိုထျန်း အနိုင်ရသွားလျှင်မူ သူတို့သည် ထာဝရဇာတ်သိမ်းသွားရပေလိမ့်မည်။

အခန်း(၂၂၇၂)ပြီး၏။

All Chapters