အခန်း (၂၃၇၃-၂၃၇၄)
Vol. 168 Ch. 2373-2374
အခန်း(၂၂၇၃)
လဲ့လင်နှင့်အခြားသူများ၏ စောင့်ကြည့်မှုအောက်မှာပင် လေထုထဲမှ အဖျက်စွမ်းအင် မုန်တိုင်းသည် တစ်ခဏမျှကြာပြီးနောက်တွင် အဆုံးသတ်၌ ဖြည်းဖြည်းချင်း လွင့်ပြယ်သွားခဲ့ပြီး ပုံရိပ်နှစ်ခုသည် သူတို့၏ မြင်ကွင်းထဲတွင် တစ်ကျော့ပြန်ပေါ်လာခဲ့သည်။
ကျန်းချန်၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး သူ၏ အဝတ်အစားများသည်လည်း စုတ်ပြတ်သတ်နေခဲ့ကာ ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာ ငါးခု၊ခြောက်ခု ခန့် ရှိနေခဲ့သည်။
ထိုဒဏ်ရာများ၏ ပတ်ပတ်လည်တွင် အနက်ရောင်အခိုးအငွေ့များ ရှိနေခဲ့၏။
၎င်းသည် ဒဏ်ရာကို ပြန်လည်မကျက်စေရန် တားဆီးနေသည့် ဖျက်ဆီးခြင်းလမ်းစဥ်၏ စွမ်းအားပင် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ကျန်းချန်၏ ကိုယ်ပေါ်တွင် အသက်သစ်ကိုင်း တစ်ခက် ရှိနေခဲ့သည်။
မကြာမီမှာပင် အသက်ဓာတ် စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဒဏ်ရာကျက်မည်ကို အနှောင့်အယှက်ပေးနေသော ဖျက်ဆီးခြင်းလမ်းစဥ် နတ်စွမ်းအားကို သန့်စင်ပစ်လိုက်သည်။
ကျန်းချန်၏ ဆန့်ကျင်ဘက်ရှိ ယိုဖိုထျန်း၏ အခြေအနေသည်လည်း သိသိသာသာပင် ပိုမကောင်းလှပေ။
သူ၏ ဝတ်စုံက အပိုင်းပိုင်း စုတ်ပြတ်နေခဲ့ပြီး ဝတ်စုံအောက်ရှိ အသားနှင့် သွေးများကိုပင် မြင်နေရသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေခဲ့၏။
သူ၏ ခန္ဓာကိုယ်တစ်ဝက် နီးပါးသည် ဓားစွမ်းအင်ကြောင့် ကြေမွလုနီးပါးပင် ဖြစ်နေခဲ့သည်။
“ဒီအဘိုးကြီးက ဖျက်ဆီးခြင်းလမ်းစဥ်ကို အထူးပြုတဲ့ နတ်ဘုရင် သတ္တမအဆင့် ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. တကယ်ကို သန်မာလွန်းတာပဲ”
ကျန်းချန်က နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်သည်။
နတ်ဘုရင်အဆင့်တွင် အဆင့်ကိုးဆင့်ရှိပြီး တစ်ဆင့်ချင်းစီသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားလှသည်။
အထူးသဖြင့် နတ်ဘုရင် သတ္တမအဆင့်သို့ ရောက်ရှိပြီးနောက်တွင် တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်အမင်းတိုးတက်လာလိမ့်မည် ဖြစ်၏။
အကယ်၍ လော့ရှင်းဟယ်သာ နတ်ဘုရင် သတ္တမအဆင့်အစောပိုင်းတွင် ရှိနေလျှင် သူ့ရှေ့မှ ယိုဖိုထျန်းသည် နတ်ဘုရင်သတ္တမအဆင့် အလယ်အလတ်အဆင့် ရှိနေလောက်သည်။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ယိုဖိုထျန်း ကဲ့သို့ နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူကို ထိပ်တိုက် ရင်ဆိုင်ရန် လုံလောက်သော်လည်း လုံးဝအနိုင်ယူရန် သို့မဟုတ် သတ်ဖြတ်ရန်မှာမူ မလွယ်ကူပေ။
အခြား တစ်ဖက်တွင်လည်း ယိုဖိုထျန်းသည် အလွန်အမင်း အံ့ဩထိတ်လန့်နေခဲ့သည်။
သူ၏ရှေ့မှ အနက်ရောင် ဝတ်စုံဝတ်လူငယ်က သူ့ကို ဤအခြေအနေ အထိ တွန်းပို့နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သိထားရမည့်အချက်မှာ နတ်ဘုရားနယ်မြေ၏ အသန်မာဆုံးနတ်ဘုရင် စာရင်းတွင် အဆင့် ၈၅ နေရာ၌ ရှိပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် သတ္တမအဆင့် အလယ်အလတ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း နတ်ဘုရင် စတုတ္ထအဆင့်သာ ရှိသည့် သူရှေ့မှကောင်လေးသည် တိုက်ပွဲ တစ်လျှောက်လုံးတွင် သူ့အပေါ်အနည်းငယ် အသာစီး ယူထားနိုင်ခဲ့သည်။
သူသိထားသလောက်ဆိုလျှင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းထဲတွင် အသန်မာဆုံး နတ်ဘုရင်စာရင်းကို ဝင်ရောက်နိုင်သည့် ကျင့်ကြံသူ နှစ်ဦးသာ ရှိသည်။
ထိုနှစ်ဦးမှာ ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ ကျန့်ဝူရှင်းနှင့် လူသားဧကရာဇ်နန်းတော်၏ ကျန်းမျိုးနွယ်စုမှ ကျန်းရွမ်တို့ပင် ဖြစ်သည်။
ထိုနှစ်ဦးသည် အသန်မာဆုံးနတ်ဘုရင် စာရင်းတွင် အဆင့် ၉၃ နှင့် အဆင့် ၉၉ နေရာတွင် အသီးသီး ရှိကြ၏။
၎င်းတို့ နှစ်ဦးက နတ်ဘုရင် သတ္တမအဆင့်နှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိကြသော်လည်း သူ့ရှေမှ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကဲ့သို့ သူ့ကို အလွယ်တကူ ဖိနှိပ်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ဤအခိုက်အတန့်တွင် ယိုဖိုထျန်းသည် အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်နေခဲ့သည်။
နတ်ကုန်းမြေတိုက်တွင် ကျန့်ဝူရှင်းနှင့် ကျန်းရွမ် တို့ထက်ပင် ကောင်းကင်ကို အလွန်အမင်း ဆန့်ကျင်နေသည့် အနှိုင်းမဲ့ပါရမီရှင် တစ်ဦး မည်သည့်အချိန်က ပေါ်ထွက်လာခဲ့ပါသနည်း။
“ကောင်လေး.. မင်းက နတ်ဘုရင် စတုတ္ထအဆင့်နဲ့တင် ဒီလောက်အထိ တိုက်ခိုက်ရေးစွမ်းရည် ရှိနေတယ်ဆိုတော့ တကယ့်ကို ထူးခြားတဲ့ ပါရမီရှင်တစ်ဦးပဲ.. ငါ့အထင် မင်းရဲ့ ပါရမီကို ယှဥ်နိုင်တဲ့သူ နတ်ကုန်းမြေတိုက်မှာ မရှိသလောက်ပဲ"
"ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက ပျက်စီးသွားတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ.. ဒီလိုအမှိုက်လေးတွေ အတွက်နဲ့ မင်းက ဘာလို့ အကူအညီပေးနေဦးမှာလဲ"
"မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်က အတော်လေး ကောင်းမွန်တယ်ဆိုပေမဲ့ ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စုက အမှိုက်တွေ အတွက်နဲ့ ငါတို့ ကောင်းကင်ခွန်ပင်မျိုးနွယ်စုကို ရန်သူအဖြစ် သတ်မှတ်တာက ဥာဏ်ရှိတဲ့ရွေးချယ်မှုမဟုတ်ဘူး.. တကယ်လို့ မင်းအနေနဲ့ ကျင်းယန်တောင်ကနေ အခုထွက်သွားမယ်ဆိုရင် အချိန်မီသေးတယ်”
ယိုဖိုထျန်းက ကျန်းချန်ကို စူးစိုက်ကြည့်လိုက်ပြီး သုန်မှုန်သောအမူအရာဖြင့် ပြောလိုက်သည်။
တိုက်ခိုက်ရေးစွမ်းရည်တွင် နတ်ဘုရင် သတ္တမအဆင့်ထက် မနိမ့်ကျသော အနှိုင်းမဲ့ပါရမီရှင် တစ်ဦးကို ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုပင်လျှင် အတိုင်းအတာ တစ်ခုအထိ ကြောက်ရွံ့ရလိမ့်မည် ဖြစ်သည်။
အကယ်၍ သူသာ ယနေ့တွင် ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် သူ၏ အနိုင်ရနိုင်ခြေသည် သုံးဆယ်ရာခိုင်နှုန်းထက် မပိုသည်မှာ သေချာသလောက်ပင်။
ယိုဖိုထျန်းက ကျန်းချန်ကို အရင်ဆုတ်ခွာအောင် ခြိမ်းခြောက်ပြီးမှ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အကြွင်းအကျန်များကို ချေမှုန်းကာ ကျင်းယန်တောင်ကို ပြန်လည်သိမ်းပိုက်ရန် ရည်ရွယ်ထားခဲ့သည်။
“ယိုဖိုထျန်း အပိုစကားတွေပြောမနေနဲ့.. ငါအသက်ရှင်နေသရွေ့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုဘက်က ရပ်တည်ဖို့ပဲ ဆုံးဖြတ်ထားတယ်.. မင်းဒီနေ့ ဒီနေရာကို ရောက်လာမှတော့ ကျင်းယန်တောင်ကနေ အသက်ရှင်လျက်ပြန်ဖို့ စိတ်မကူးနဲ့တော့.. မင်းကို သတ်လိုက်မှပဲ ကောင်းကင်ခွန်ပန် မျိုးနွယ်စုကို ကျင်းယန်တောင်ဆီ အလွယ်တကူ မလာရဲအောင် ခြောက်လှန့်ပြီးသား ဖြစ်သွားလိမ့်မယ်”
ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။
သူ၏ အထက်စီးဆန်သော စကားသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
ကျန်းချန်၏ စကားကိုကြားလျှင် ယိုဖိုထျန်း၏ အိုမင်းသောမျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။
ယိုဖိုထျန်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
“ကောင်းတယ် သိပ်ကောင်းတယ်.. ကောင်လေး မင်းက ငါ့ကို အသုံးချပြီး ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုကို ခြောက်လှန့်ဖို့ ကြိုးစားရဲမှတော့ မင်းမှာ အဲဒီလို အရည်အချင်းရှိမရှိ ကြည့်ရသေးတာပေါ့”
ထို့နောက်တွင် ဖျက်ဆီးခြင်းလမ်းစဥ် နတ်စွမ်းအားများသည် ကောင်းကင်ယံသို့ ချက်ချင်းဆိုသလို ထိုးတက်သွားခဲ့ပြီး သူ၏ ကျောဘက်တွင် ပေခုနစ်သောင်းခွဲ ရှိသော နတ်ဘုရင်လမ်းစဥ် တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုနတ်ဘုရင်လမ်းစဥ်သည် အလွန်တရာပင် နက်မှောင်နေခဲ့သည်။
အဆုံးမဲ့ပျက်စီးခြင်း အရှိန်အဝါများသည်လည်း နတ်ဘုရင်လမ်းစဥ်ကနေ ပျံ့နှံ့နေခဲ့၏။
“ကောင်လေး.. ငါ့ရဲ့ဒီတိုက်ကွက်က နတ်ဘုရင်လမ်းစဥ်နဲ့ ပေါင်းစပ်ထားတဲ့ တိုက်ကွက်ပဲ.. ငါ့ကို ဒီတိုက်ကွက် ထုတ်သုံးစေတဲ့အထိ တွန်းအားပေးနိုင်ခဲ့တဲ့ အတွက် မင်းအနေနဲ့ ဂုဏ်ယူလို့ရပြီ.. ဖျက်ဆီးခြင်းအလင်း စုစည်းစမ်း”
ယိုဖိုထျန်းက လေထုအလယ်တွင် ဖျက်ဆီးခြင်းနတ်ဆိုး ဧကရာဇ်တစ်ပါး ကဲ့သို့ ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
ထို့နောက်တွင် သူက လက်ဟန်တစ်ခုကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ဆန်းကြယ်သော အနက်ရောင်အလင်းစက် တစ်ခုသည် ယိုဖိုထျန်း၏ နတ်ဘုရင်လမ်းစဥ် အဆုံးသတ်နေရာကနေ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
ထို့နောက်တွင် အနက်ရောင် အလင်းစက်သည် ရေစက်တစ်စက် ကဲ့သို့ နတ်ဘုရင်လမ်းစဥ် အတိုင်း အောက်သို့ လှိမ့်ဆင်းလာခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် အနက်ရောင် အလင်းစက်သည် ပေခုနစ်သောင်းခွဲ ရှိသော နတ်ဘုရင်လမ်းစဥ်ကို ဖြတ်ကျော်ကာ လှိမ့်ဆင်းသွားခဲ့သည်။
“ဝုန်း..”
ထိုအနက်ရောင် အလင်းစက်က နတ်ဘုရင်လမ်းစဥ်ကနေ ထွက်ခွာလာသည့် အခိုက်အတန့်မှာပင် ရုတ်တရက်ကြီး ပြန့်ကားလာခဲ့ပြီး ကျန်းချန်၏ ဦးခေါင်းအထက်ရှိ နေရာလွတ်ကိုပင် ဘာမှမကျန်ရှိအောင် ချေမှုန်းပစ်နိုင်လောက်သည့် ဖျက်ဆီးခြင်း စက်ဝန်းတစ်ခု အဖြစ်သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စက်ဝန်းကို ကြည့်ရင်း ကျန်းချန်၏ အမူအရာသည် ပြောင်းလဲခြင်း မရှိခဲ့ပေ။
သူက ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်းကာ အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ထုတ်သုံးလိုက်တော့သည်။
ကြောက်မက်ဖွယ်စွမ်းအား တစ်ခုသည် ရှေးဟောင်းရွှေရောင်ဓားမှတစ်ဆင့် ထွက်ပေါ်လာခဲ့၏။
“အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ရဲ့ တတိယတိုက်ကွက်.. အပြာရောင်ဧကရာဇ်ဓားချက်”
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်သည်။
ရှေးဟောင်းရွှေရောင်ဓားကနေ ထွက်ပေါ်လာသော အပြာရောင်ဓားအလင်းသည် အဆုံးမဲ့ နေရာလွတ်ကို ဆုတ်ဖြဲပစ်လိုက်ပြီးနောက် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်ယောင် တစ်ခုသည် ထိုနေရာလွတ်ထဲကနေ ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်ယောင်က အနှိုင်းမဲ့ ဓားနတ်ဘုရားတစ်ပါး ကဲ့သို့ပင်။
၎င်း၏ လက်ထဲတွင် အပြာရောင် ရှေးဟောင်း ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး လက်ထဲမှ ဓားကို သာမန်လောက်သာ ဝှေ့ယမ်းလိုက်သည်။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး လေထုထဲတွင် တဖြည်းဖြည်း ပြန့်ကားလာသော ဖျက်ဆီးခြင်းစက်ဝန်းသည် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲထွက်သွားခဲ့ကာ ယိုဖိုထျန်း၏ ကျောဘက်ရှိ ပေခုနစ်သောင်းခွဲရှိသော ဖျက်ဆီးခြင်းနတ်ဘုရင် လမ်းစဥ်သည်လည်း ပြိုကျသွားခဲ့သည်။
ထို့အပြင် ယိုဖိုထျန်း၏ ခန္ဓာကိုယ်သည်လည်း ဓားအလင်းကြောင့် ထက်ပိုင်းပြတ်သွားခဲ့၏။
“ယိုဖိုထျန်း သေသွားပြီလား”
ကျင်းယန်တောင်ပေါ်ရှိ လဲ့လင်နှင့် အခြားသူများသည် လေထုထဲမှ ထိတ်လန့်ဖွယ်မြင်ကွင်းကို ကြည့်ကာ မှင်တက်နေခဲ့ကြသည်။
ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့သည်မှာ ထင်ရှားနေခဲ့၏။
တောင်ပံနက် ခွန်ပန်မျိုးနွယ်စုမှ နတ်ဘုရင် သတ္တမအဆင့်ကျင့်ကြံသူ ယိုဖိုထျန်းသည် ကျန်းချန်၏ ဓားချက် တစ်ချက်တည်းဖြင့်ပင် အသတ်ခံရသည် မဟုတ်ပါလော။
မကြာမီမှာပင် လဲ့လင်တို့အားလုံး၏ မျက်နှာထက်တွင် အလွန်တရာ ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က နတ်ဘုရင်သတ္တမအဆင့် ယိုဖိုထျန်းကို သတ်နိုင်ခဲ့ခြင်းသည် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုကို အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့သွားစေရန် လုံလောက်နေပြီ ဖြစ်သည်။
ဤကဲ့သို့ အစွမ်းထက်သော ကျင့်ကြံသူက ကျောထောက်နောက်ခံ ပေးထားသရွေ့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ပေါ်တွင် အမှန်တကယ်ပင် အခြေချနိုင်တော့မည် မဟုတ်ပါလား။
အခန်း(၂၂၇၃)ပြီး၏။
အခန်း(၂၂၇၄)
“အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ရဲ့ နောက်ဆုံးသိုင်းကွက်က တကယ်ကို ကြောက်စရာပါလား”
ထိုဓားကွက်၏ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိလျှင် ကျန်းချန်၏ ဖြူဖျော့နေသော မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
အစောပိုင်းက လေထုထဲတွင် ပေါ်ထွက်လာသည့် ပုံရိပ်ယောင်သည် အင်မော်တယ်ကျောက်တိုင် ထဲတွင် အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ် သူ့ကို သင်ပေးခဲ့သည့် ဓားအင်မော်တယ်ဧကရာဇ် ရှချင်း နှင့် အတော်လေး ဆင်တူနေခဲ့သည်။
နောက်ဆုံးဓားကွက် ဖြစ်သည့် အပြာရောင်ဧကရာဇ် ဓားကွက်သည် အနှိုင်းမဲ့ဓားကွက် တစ်ကွက်ကို ထုတ်ဖော်နိုင်စွမ်း ရှိနေခဲ့သည်။
သူ၏ လက်ရှိခွန်အားဖြင့်သာ ထိုဓားကွက်ကို အသုံးပြုမည်ဆိုလျှင် နတ်ဘုရင် သတ္တမအဆင့် အလယ်အလတ် ကျင့်ကြံသူဖြစ်သည့် ယိုဖိုထျန်းကိုပင် အလွယ်တကူ သတ်ပစ်နိုင်စွမ်းရှိသည်။
သို့ရာတွင် အပြာရောင်ဧကရာဇ် ဓားကွက်သည် အလွန်တရာ အစွမ်းထက်သော်လည်း အသုံးပြုရသော စွမ်းအင်ပမာဏသည် တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
ထိုဓားကွက်သည် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို ကိုးဆယ် ရာခိုင်နှုန်းကျော် ကုန်ခန်းသွားစေခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပင်လျှင် ထိုဓားကွက်၏ စွမ်းအားကို ခံနိုင်ရည် မရှိလုနီးပါး ဖြစ်သွားခဲ့ရ၏။
“နောက်ဆိုရင် အပြာရောင်ဧကရာဇ်ဓားကွက်ကို မလိုအပ်ဘဲ မသုံးတာ ကောင်းမယ် ထင်တယ်”
ကျန်းချန်က မချိပြုံးပြုံးကာ တီးတိုး ရေရွတ်လိုက်သည်။
နတ်ဘုရင် စတုတ္ထအဆင့်ခွန်အားဖြင့်ပင် သူက ဤဓားကွက်ကို မနည်း ထုတ်သုံးခဲ့ရသည်။
အကယ်၍ သူသာ အနည်းငယ် ပေါ့ဆမိမည်ဆိုလျှင် ထိုဓားကွက်ကို အသုံးမပြုနိုင်ခင် သူကိုယ်တိုင်က ထိုဓားကွက်၏ တန်ပြန် သက်ရောက်မှုအောက်တွင် ကျဆုံးသွားနိုင်ပေသည်။
ကျန်းချန်က မချိပြုံး ပြုံးနေစဥ်မှာပင် ယိုဖိုထျန်း၏ ထက်ပိုင်းပြတ်သွားသော ခန္ဓာကိုယ်ကနေ အနက်ရောင်ပုံရိပ် တစ်ခုသည် ပျံသန်းကာ ထွက်လာခဲ့သည်။
ထိုပုံရိပ်က လေထုထဲတွင် ပျံဝဲရင်း ထိတ်လန့်တကြား ရေရွတ်လိုက်၏။
“မင်း.. မင်း ဒါက ဘာဓားသိုင်းလဲ”
ထိုကောင်လေး၏ ဓားချက်သည် သူ၏ နတ်ဘုရင်လမ်းစဥ်ဖြင့် ပေါင်းစပ်ထားသော တိုက်ကွက်ကိုပင် ချေမှုန်းနိုင်ရုံသာမက သူ၏ ခန္ဓာကိုယ်ကိုပါ ပိုင်းဖြတ်သွားခဲ့သည်။
အကယ်၍ သူ့တွင်သာ ဝိညာဥ်ကို အကာအကွယ်ပေးနိုင်သည့် လျှို့ဝှက်ရတနာ ရှိမနေခဲ့လျှင် အစောပိုင်းက ဓားချက်သည် သူ၏ ဝိညာဥ်ကိုပါ တစ်ခါတည်း သုတ်သင်ပစ်နိုင်လိမ့်မည်ဖြစ်သည်။
သို့တိုင် သူ၏ ဝိညာဥ်သည် အပြင်းအထန် ထိခိုက်သွားခဲ့၍ နှစ်ပေါင်း သောင်းချီ မကျင့်ကြံဘဲ ပြန်ကောင်းလာနိုင်ရန် မလွယ်ကူတော့ပေ။
ယိုဖိုထျန်းသည် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ နတ်ဘုရင် သတ္တမအဆင့် ဘိုးဘေးတစ်ဦး အနေဖြင့် နတ်ကုန်းမြေတိုက်တွင် နှစ်ပေါင်း သန်းကိုးဆယ် နီးပါး နေထိုင်လာခဲ့သော်လည်း ဤမျှလောက်အထိ ကြောက်မက်ဖွယ်ရာကောင်းသော ဓားသိုင်းမျိုးကို တစ်ခါမှ မကြုံဖူးပေ။
“ဒါက မင်းကို သတ်မဲ့ ဓားသိုင်းပဲ”
ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် သူက ယိုဖိုထျန်း ဆီသို့ တိုက်ရိုက်ပင် ပြေးဝင်လာခဲ့ပြီး သတ်ဖြတ်ရန် ပြင်လိုက်၏။
မြက်ပင်ကို နှုတ်လျှင် အမြစ်ပါအောင် နှုတ်ရမည် ဖြစ်သည်။
သို့မဟုတ်လျှင် နွေဦးလေပြေ တိုက်ခိုက်လာသည်နှင့် ပြန်လည် ပေါက်လာနိုင်သည် မဟုတ်ပါလား။
သူနှင့် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ပတ်သက်မှုကြောင့် သူက ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ ရန်သူ ဖြစ်ရန် ကံကြမ္မာပါလာပြီးသား ဖြစ်သည်။
ယိုဖိုထျန်းသည် နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်၍ ၎င်း၏ ဝိညာဥ်သာ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုဆီ ပြန်ရောက်သွားလျှင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် ထိုဝိညာဥ်အတွက် ခန္ဓာကိုယ်ကို ပြန်လည် ဖန်တီးပေးနိုင်ရန် နည်းလမ်းရှာကြမည်မှာ သေချာသလောက်ပင်။
ထို့ကြောင့် သူက ယိုဖိုထျန်းကို ဤနေရာမှာတင် အပြတ်ရှင်းပစ်ပြီး ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ လက်မောင်းတစ်ဖက်ကို ဖြတ်ပစ်ရပေလိမ့်မည်။
သူက အစောပိုင်းတွင် အပြာရောင်ဧကရာဇ် ဓားကွက်ကို အသုံးပြုခဲ့၍ ခန္ဓာကိုယ်ထဲ၌ ခွန်အားများစွာ မကျန်ရှိတော့သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိနေသော ယိုဖိုထျန်း၏ ဝိညာဥ်ကို သတ်ဖြတ်ရန်မှာ သိပ်အခက်အခဲ မရှိပေ။
သူ့ကို သတ်ဖြတ်ရန် ပြေးဝင်လာသည့် ကျန်းချန်ကို မြင်လျှင် ယိုဖိုထျန်းသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်သွားခဲ့သည်။
သူ၏ လက်ရှိအခြေအနေဖြင့် ဆိုလျှင် ကျန်းချန်ကို လုံးဝမယှဥ်နိုင်မှန်းသိသောကြောင့် ယိုဖိုထျန်း၏ ဝိညာဥ်သည် အနက်ရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျင်းယန်တောင်ကနေ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
“ဒီကို ရောက်လာမှတော့ မင်းရဲ့အသက်ကို ဒီနေရာမှာပဲ ထာဝရ ထားခဲ့ရလိမ့်မယ်”
ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီးသည်နှင့် လက်ဟန်များကို အလျင်အမြန် ပြုလုပ်ကာ ရှေးဟောင်း ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။
“လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်ပါလား”
လေထုထဲမှာ အနက်ရောင်စည်းတံဆိပ်ကို မြင်လျှင် ယိုဖိုထျန်းသည် အကြီးအကျယ် အမူအရာ ပျက်ယွင်းသွားခဲ့သည်။
လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်သည် လူသားဧကရာဇ်နန်းတော်၏ ကျန်းတော်ဝင်မိသားစုဝင်များသာ တတ်မြောက်သော ဆန်းကြယ်သည့် ပညာရပ် ဖြစ်သည်။
သို့ဆိုလျှင် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် လူသားဧကရာဇ်နန်းတော်မှ ကျန်းတော်ဝင်မိသားစု၏ အနှိုင်းမဲ့ပါရမီရှင် ကျန်းရွမ် ဖြစ်နေပါသလော။
“ကျန်းရွမ်.. မင်းက လူသားဧကရာဇ်နန်းတော်က ကျန်းတော်ဝင်မိသားစုရဲ့ ကျန်းရွမ် မဟုတ်လား.. မင်းဒီနေ့ ငါ့ကို သတ်ရင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုက မင်းကို လုံးဝ အလွှတ်ပေးမှာမဟုတ်ဘူး.. မင်းတို့ လူသားဧကရာဇ်နန်းတော်က တကယ်ပဲ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုနဲ့ ရန်သူ ဖြစ်ချင်လို့လား”
ယိုဖိုထျန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
လူသားဧကရာဇ် ရှေးဟောင်းတံဆိပ်တော် သုံးခုထဲမှ ဝိညာဥ်ငြိမ်းသတ်ခြင်း ရှေးဟောင်းတံဆိပ်တော်သည် ဝိညာဥ်များအတွက် ကြောက်စရာအကောင်းဆုံး ရန်သူတော် ဖြစ်သည်။
ထိုတံဆိပ်တော်၏ သက်ရောက်ခြင်းကိုသာ ခံရလျှင် သူက နတ်ကုန်းမြေတိုက်ကနေ ထာဝရပျောက်ကွယ်သွားရလိမ့်မည် ဖြစ်၏။
“စိတ်မကောင်းပါဘူး..ငါက လူသားဧကရာဇ်နန်းတော်က ကျန်းရွမ် မဟုတ်ဘူး.. လူသားဧကရာဇ်နန်းတော်က မင်းတို့ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုနဲ့ ရန်သူဖြစ်တာက ငါနဲ့ ဘာဆိုင်လို့လဲ”
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အနက်ရောင် စည်းတံဆိပ်သည် ယိုဖိုထျန်း၏ ဝိညာဥ်ကို အညှာအတာမရှိ ဖိနှိပ်လိုက်သည်။
“မသတ်ပါနဲ့”
ထိုအခိုက်အတန့်တွင် ယိုဖိုထျန်းသည် မျှော်လင့်ချက်မဲ့စွာဖြင့် ကူကယ်ရာမဲ့နေခဲ့သည်။
သူက သူ၏ စွမ်းအားများကို အကုန်အစင် ထုတ်သုံးကာ အစွမ်းကုန်ခုခံရန် ပြင်ဆင်နေစဥ်မှာပင် ရွှေရောင် အလင်းတန်း တစ်ခုသည် ရုတ်တရက် လေထုကို ထိုးဖောက်လာခဲ့ပြီး ယိုဖိုထျန်းကို ဖိနှိပ်နေသည့် ရှေးဟောင်းဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို အလွယ်တကူပင် ချေမှုန်းပစ်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက လေထု တစ်နေရာကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်၏။
“ရောက်နေမှတော့ ဘာလို့ လူကိုယ်တိုင် ထွက်မလာသေးတာလဲ”
“သူရဲကောင်းတွေက ခက်ခဲတဲ့အချိန်တွေမှ ပေါ်ထွက်လာတတ်တယ် ဆိုတဲ့စကားက တယ်မှန်တာပဲကိုး.. ကျန့်ဝူရှင်းနဲ့ ကျန်းရွမ်တို့ အပြင် နတ်ကုန်းမြေတိုက်မှာ မင်းလို အနှိုင်းမဲ့ ပါရမီရှင် တစ်ယောက် ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. တကယ်ကို အံ့ဩစရာပဲ”
ထိုအချိန်မှာပင် သန်မာသော အရှိန်အဝါများကို ထုတ်လွှတ်နေပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံဖြူ အဘိုးအို တစ်ဦးသည် လေထုထဲရှိ နေရာလွတ်ကနေ ထွက်ပေါ်လာခဲ့သည်။
“စီနီယာ ခွန်ယွင်”
ရုတ်တရက် ထွက်ပေါ်လာသည့် အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုကိုမြင်လျှင် ယိုဖိုထျန်း၏ မျက်ဝန်းထဲ၌ ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဆံဖြူအဘိုးအိုကို ယိုဖိုထျန်းခေါ်လိုက်သည့် နာမည်အား ကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ်ကျဥ်းမြောင်းသွားခဲ့သည်။
ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ အခြေအနေနှင့် ပတ်သက်ပြီး လဲ့လင်သည် သူ့ကို အသေးစိတ် ရှင်းပြထားခဲ့သည်။
ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုတွင် ပင်မ မျိုးနွယ်စုသုံးစု ရှိပြီး တောင်ပံနက် ခွန်ပန်မျိုးနွယ်စုနှင့် မီးလျှံခွန်ပန် မျိုးနွယ်စုတို့တွင် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦးစီ ရှိကြသည်။
ပင်မမျိုးနွယ်စုဖြစ်သည့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုတွင်မူ နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦး ရှိ၏။
ထိုနတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူကို ခွန်ယွင်ဘိုးဘေးဟု ခေါ်ကြပြီး ၎င်းသည် အသန်မာဆုံးနတ်ဘုရင် စာရင်းတွင် အဆင့် ၅၉ နေရာ၌ ရှိသည်။
ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် နတ်ဘုရင် အဋ္ဌမအဆင့်ရှိသည့် ခွန်ယွင်ဘိုးဘေးကိုပင် ကျင်းယန်တောင် ဆီသို့ စေလွှတ်ခဲ့သည်အထိ သတိကြီးလိမ့်မည်ဟု ကျန်းချန် မထင်ထားခဲ့ပေ။
အကယ်၍ သူသာ လက်ရှိအချိန်တွင် ခွန်အားပြည့်ဝနေမည်ဆိုလျှင် မဟာနဂါးကျောက်တိုင်၏ စွမ်းအားနှင့်ပေါင်းစပ်ကာ နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူကို ရင်ဆိုင်နိုင်လိမ့်မည် ဖြစ်၏။
သို့သော်လည်း သူက အစောပိုင်းတွင် ယိုဖိုထျန်းကို တိုက်ခိုက်ရန် အပြာရောင်ဧကရာဇ် ဓားကွက်ကို ထုတ်သုံးခဲ့ရသောကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ ခွန်အား ကိုးဆယ်ရာခိုင်နှုန်းကျော်သည် ကုန်ခန်းနေခဲ့ချေပြီ။
သူ၏ လက်ရှိ အခြေအနေဖြင့်သာ ဆိုလျှင် ဤအဘိုးအို၏ ရှေ့တွင် သူ့အနေဖြင့် ခုခံနိုင်စွမ်းပင် လုံးဝရှိမည်မဟုတ်ပေ။
“ခွန်.. ခွန်ယွင်ဘိုးဘေးပါလား”
လေထုထဲတွင် ထွက်ပေါ်လာသည့် ပုံရိပ်ကိုမြင်လျှင် လဲ့လင်နှင့် အခြားသူများ၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့ကြသည်။
နတ်ဘုရင် သတ္တမအဆင့် အထက်တွင် ရှိသည့် ကျင့်ကြံသူများသည် နတ်ကုန်းမြေတိုက်တွင် အလွန်တရာရှားပါးပြီး အလွယ်တကူ လှုပ်ရှားလေ့မရှိကြပေ။
ကျင်းယန်တောင်ဆီ ယိုဖိုထျန်း လာရောက်တိုက်ခိုက်မည်ကို သူတို့ မူလကတည်းကပင် ကြိုတင် တွက်ဆထားခဲ့သည်။
အဘယ်ကြောင့်ဆိုသော တောင်ပံနက် ခွန်ပန်မျိုးနွယ်စု၏ ဘိုးဘေးအနေဖြင့် ယိုဖိုထျန်းသည် ကျင်းယန်တောင်သို့ လူကိုယ်တိုင် လာရောက်ပြီး တရားမျှတမှုကို ရှာရန်မှာ သဘာဝကျသောကြောင့်ပင်။
သို့သော်လည်း လဲ့လင် လုံးဝ မထင်ထားမှတ်ထားသည်မှာ နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ခွန်ယွင်ဘိုးဘေးသည်ပင် ကျင်းယန်တောင်ဆီ ရောက်လာခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းက ကျန်းချန်သည် ယိုဖိုထျန်းနှင့် အစွမ်းကုန် တိုက်ခိုက်ခဲ့၍ ခွန်အားများစွာ ကုန်ခန်းနေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ခွန်ယွန်ဘိုးဘေးကို ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်ကို သူ စိုးရိမ်နေမိသည်။
အခန်း(၂၂၇၄)ပြီး၏။