အခန်း (၂၃၇၅-၂၃၇၆)
Vol. 168 Ch. 2375-2376
အခန်း(၂၂၇၅)
“ယိုဖိုထျန်း.. ကျင်းဖန်းက ဒီကိစ္စမရိုးရှင်းဘူးလို့ မင်းကို သတိပေးခဲ့မှတော့ မင်းအနေနဲ့ အဆင်အခြင်မဲ့ မလှုပ်ရှားသင့်ဘူး”
ယိုဖိုထျန်း၏ သနားစဖွယ် အခြေအနေကို ကြည့်ရင်း ခွန်ယွင်ဘိုးဘေးသည် ခေါင်းခါရမ်းကာ ရေရွတ်လိုက်သည်။
“တကယ်လို့ ကျင်းဖန်းသာ ဒီကိုလာဖို့ ငါ့ကိုမပြောရင် မင်းဒီနေ့ ဒီနေရာမှာ တကယ်ပဲ ကျဆုံးသွားရလိမ့်မယ်”
“ဒီကောင်က တောင်ပံနက်ခွန်ပန်မျိုးနွယ်စုကို ဖျက်ဆီးပစ်ခဲ့မှတော့ ကျွန်တော်က ဘယ်လိုလုပ်ပြီး လျစ်လျူရှုနိုင်မှာလဲ”
ယိုဖိုထျန်းက ကျန်းချန်ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။
“စီနီယာခွန်ယွင် ကျေးဇူးပြုပြီး ဒီကောင့်ကို သတ်ပေးပါ”
ခွန်ယွင်က ယိုဖိုထျန်း၏ စကားကို လျစ်လျူရှုလိုက်သည်။
သူ၏ အကြည့်သည် မျက်နှာချင်းဆိုင်မှ ကျန်းချန်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“ကောင်လေး.. မင်းအနေနဲ့ ဒီကနေ ထွက်သွားပြီး ငါတို့ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုကိစ္စမှာ ဝင်မပါတော့ဘူးဆိုရင် ဒီအဘိုးကြီးက မင်းကို အခက်တွေ့အောင် လုပ်မှာမဟုတ်ဘူး”
သူ့ရှေ့မှ ကောင်လေးသည် နတ်ဘုရင် စတုတ္ထအဆင့်သာ ရှိသော်လည်း နတ်ဘုရင် သတ္တမအဆင့် ဖြစ်သည့် ယိုဖိုထျန်းကိုပင် အနိုင်ယူခဲ့သည်။
ဤကဲ့သို့သော ပါရမီရှင်မျိုးသည် နတ်ကုန်းမြေတိုက် တစ်ခုလုံးမှာပင် အလွန်တရာ ရှားပါးလှ၏။
ယင်းအပြင် ထိုကောင်လေးတွင် လူသားဧကရာဇ် နန်းတော်၏ ကျန်းမျိုးနွယ်စု သွေးအရှိန်အဝါ ရှိနေသဖြင့် ထိုကောင်လေးသည် လူသားဧကရာဇ်နန်းတော်၏ အသန်မာဆုံးပါရမီရှင် ဖြစ်နေနိုင်ခြေ အလွန်များသည်။
အကယ်၍ သူသာ လူသားဧကရာဇ်နန်းတော်၏ အသန်မာဆုံးပါရမီရှင်ကို သတ်ဖြတ်ခဲ့လျှင် လူသားဧကရာဇ်နန်းတော်နှင့် ရန်သူ ဖြစ်သွားရမည်ကို သူစိုးရိမ်နေမိသည်။
ယနေ့ခေတ်တွင် လူသားဧကရာဇ်နန်းတော်သည် တစ်ချိန်က နတ်ကုန်းမြေတိုက်ကို အုပ်စိုးခဲ့သော လူသားဧကရာဇ်နန်းတော်နှင့် နှိုင်းယှဥ်၍ မရနိုင်သော်လည်း ပိန်နေသော ကုလားအုပ်သည် မြင်းထက် ကြီးမားနေဆဲပင်။
သူတို့ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ အင်အားက အားမနည်းသော်လည်း လူသားဧကရာဇ်နန်းတော်ကိုမူ အလွယ်တကူ သွားမဆွရဲပေ။
ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။
“မင်းတို့ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုရဲ့ ကိစ္စတွေကို ငါစိတ်မဝင်စားဘူး.. ဒါပေမဲ့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုနဲ့ ပတ်သက်ရင်တော့ ငါဝင်ပါရလိမ့်မယ်”
“ကောင်လေး မင်းမှာ အခုအချိန် အားအင်မရှိတော့တာကို ထည့်မပြောနဲ့ဦး.. မင်း အထွတ်အထိပ် အခြေအနေမှာ ရှိနေရင်တောင် ဒီအဘိုးကြီးရှေ့မှာ ရမ်းကားဖို့ အရည်အချင်း မရှိသေးဘူး”
ခွန်ယွင်ဘိုးဘေး၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
“ကောင်းပြီလေ မင်းက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ဘက်ကနေ ရပ်တည်မယ်ဆိုမှတော့ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့တော့”
ထိုအချိန်က ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို ချေမှုန်းနိုင်ရန်အတွက် အချိန်အတော်ကြာ လျှို့ဝှက် စီစဥ်ခဲ့ရသည်။
ယခုအခါတွင် သူတို့နှင့် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုတို့သည် မပြေလည်နိုင်သော ရန်သူများ ဖြစ်သွားခဲ့ကြချေပြီ။
သို့ဖြစ်ရာ မည်သို့ပင်ဖြစ်စေကာမူ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို ပြန်လည်ထူထောင်ခွင့်ပေးမည် မဟုတ်ပေ။
ထိုကောင်လေးသည် လူသားဧကရာဇ်နန်းတော်၏ အသန်မာဆုံးပါရမီရှင် ဖြစ်နေလျှင်ပင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို သူရှင်းလင်းပစ်မည့် အစီအစဥ်အား တားဆီးနိုင်မည်မဟုတ်ချေ။
ဤကောင်လေးကို မသတ်ဘဲ ဖမ်းထားသရွေ့ လူသားဧကရာဇ်နန်းတော်က သူ့ကို ဘာမှလုပ်ဆောင်ရဲမည် မဟုတ်ဟု သူတွေးမိခဲ့သည်။
ခွန်ယွင်ဘိုးဘေးက စကားဆုံးသည်နှင့် ကောင်းကင်ယံရှိ ကျန်းချန်ကို လှမ်းဖမ်းလိုက်ရာ လေထုထဲရှိ တိမ်တိုက်များသည် ရုတ်တရက် ဧရာမအဖြူရောင် လက်ဝါးတစ်ဖက်အဖြစ် ပြောင်းလဲသွားခဲ့ပြီး အောက်ဘက်ရှိ ကျန်းချန်ဆီသို့ ဆင်းသက်လာခဲ့သည်။
သူ့ဆီသို့ ကျဆင်းလာသော ဧရာမ အဖြူရောင်လက်ဖဝါးကို ကြည့်ရင်း ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
နတ်ဘုရင် အဋ္ဌမအဆင့်ကျင့်ကြံသူ ဖြစ်သည့် ခွန်ယွင်ဘိုးဘေးသည် အသန်မာဆုံးနတ်ဘုရင် စာရင်းတွင် အဆင့် ၅၉ နေရာ၌ ရှိသူ ဖြစ်သည်။
သို့ဖြစ်ရာ ခွန်ယွင်ဘိုးဘေးကို မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါအံ့နည်း။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
သူ၏ အထွတ်အထိပ် အခြေအနေတွင်ပင် မဟာနဂါးကျောက်တိုင်ကို အသုံးပြုရမှသာ ခွန်ယွင်ဘိုးဘေးကို ယှဥ်ပြိုင်နိုင်လိမ့်မည် ဖြစ်၏။
ယခုအခါတွင်မူ သူက ယိုဖိုထျန်းနှင့် တိုက်ခိုက်ပြီး ခန္ဓာကိုယ်ထဲရှိ ခွန်အားကိုးဆယ် ရာခိုင်နှုန်းခန့် ကုန်ခန်းနေခဲ့ပြီ ဖြစ်၍ မဟာနဂါးကျောက်တိုင်ကို လှုံ့ဆော်ရန်ပင် အင်အားမရှိတော့ချေ။
ထို့နောက်တွင် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ငွေရောင်တံဆိပ်ပြား တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
ထိုတံဆိပ်ပြားသည် လနတ်ဘုရား နန်းတော်သခင်မက သူ့ကို ပေးအပ်ထားသည့် လနတ်ဘုရား တံဆိပ်ပြားပင် ဖြစ်သည်။
ဤအခြေအနေတွင် လနတ်ဘုရား တံဆိပ်ပြားကို အသုံးပြုကာ လနတ်ဘုရား နန်းတော်သခင်မကို ဆင့်ခေါ်ပြီး သူ၏ရှေ့မှ ခွန်ယွင်ဘိုးဘေးကို ရင်ဆိုင်ခိုင်းရန်သာ ရှိတော့သည် မဟုတ်ပါလော။
ကျန်းချန်က တွေဝေမနေခဲ့ဘဲ လနတ်ဘုရား တံဆိပ်ပြားကို လှုံ့ဆော်လိုက်သည်။
တောက်ပပြီး သန့်စင်သော လအလင်းတန်းများသည် လနတ်ဘုရား တံဆိပ်ပြားကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ကျန်းချန်၏ အရှေ့ရှိ နေရာလွတ်တွင် ဆယ်ပေခန့်မြင့်သော အလင်းတံခါး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
နောက်ထပ် တစ်ခဏအတွင်း လနန်းတော်မှ နတ်သမီးတစ်ပါးကဲ့သို့ ဆန်းကြယ်သော အမျိုးသမီးတစ်ဦးသည် အလင်းတံခါးထဲကနေ ထွက်လာခဲ့၏။
ထိုမြင်ကွင်းကိုမြင်လျှင် ခွန်ယွင်ဘိုးဘေး၏ အမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့၏။
သူမက လေထုထဲကနေ သက်ဆင်းလာသည့် ဧရာမအဖြူရောင် လက်ဖဝါးကို မော့ကြည့်လိုက်ပြီး လက်တစ်ဖက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ထိုဧရာမအဖြူရောင်လက်ဖဝါးကြီးသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
သူက ရုတ်တရက် ထွက်ပေါ်လာသည့် ဆန်းကြယ်သောအမျိုးသမီးကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“မင်းဘယ်သူလဲ.. ငါတို့ ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စုရဲ့ ကိစ္စမှာ ဝင်မပါဖို့ အကြံပေးချင်တယ်”
ခွန်ယွင်ဘိုးဘေးသည် သူ့ရှေ့မှ အမျိုးသမီး၏ စွမ်းရည်ကို ခန့်မှန်း၍ မရခဲ့ပေ။
သို့သော်လည်း သူမ ထံကနေ အန္တရာယ်ရှိသော အငွေ့အသက်ကို သူ၏ ပင်ကိုဗီဇအရ ခံစားမိနေခဲ့သည်။
“ဒီကောင်လေးက ငါ့ရဲ့ အကာအကွယ်အောက်မှာ ရှိတဲ့သူပဲ.. ဘယ်သူမှ သူ့ကို ထိလို့မရဘူး”
ဆန်းကြယ်သောအမျိုးသမီးက အေးစက်စက် ပြောလိုက်သည်။
ထိုစကားကိုကြာလျှင် ခွန်ယွင်ဘိုးဘေးသည် တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးမှ အမျိုးသမီးကို ပြောလိုက်သည်။
“မင်း ဒီကောင်လေးကို ခေါ်သွားချင်ရင် ငါအဘိုးကြီး လုံးဝတားမှာ မဟုတ်ဘူး”
ခွန်ယွင်ဘိုးဘေး၏ စကားကိုကြားလျှင် ဆန်းကြယ်သော အမျိုးသမီး၏ မျက်ဝန်းများသည် အေးစက်သွားခဲ့သည်။
ထိုအမျိုးသမီးက ကောင်လေးကို ခေါ်သွားပြီး ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အကြွင်းအကျန်များကို ဖျက်ဆီးမည့် သူ၏ အစီအစဥ်တွင် ဝင်မရှုပ်လျှင် သူသည်လည်း ထိုအမျိုးသမီးနှင့် ရန်သူ မဖြစ်ချင်ခဲ့ပေ။
“ရှင်တို့က ကောင်းကင်ခွန်ပန်နတ်ငှက်ရဲ့ မျိုးဆက်တွေ ဖြစ်တဲ့အတွက် ရှင်တို့ကို ဒီနေ့ မသတ်ဘဲ လွှတ်ပေးလိုက်မယ်.. အခုပဲ ငါ့ရှေ့က ထွက်သွားကြစမ်း”
သူ့ရှေ့မှ ဆန်းကြယ်သော အမျိုးသမီး၏ခွန်အားသည် ခန့်မှန်းရခက်ခဲလှ၏။
“ငါနောက်ဆုံးအကြိမ် ထပ်ပြောမယ်.. ငါရှေ့ကနေ ချက်ချင်းထွက်သွားကြစမ်း.. လူစကားနားမလည်ဘူးလား”
“မင်းရဲ့စကားက သိပ်တင်စီးနေပါလား”
ခွန်ယွင်ဘိုးဘေး၏ မျက်နှာအမူအရာက သုန်မှုန်သွားခဲ့သည်။
“မင်းက အစွမ်းထက်တယ် ဆိုပေမဲ့လည်း ငါခွန်ယွင်က ဘယ်သူမဆို လာပြီး အနိုင်ကျင့်လို့ရတဲ့ အားနည်းတဲ့ ကျင့်ကြံသူ မဟုတ်ဘူး”
ယနေ့ခေတ် နတ်ကုန်းမြေတိုက်တွင် နတ်ဘုရင် နဝမအဆင့်ကျင့်ကြံသူအားလုံး နီးပါးသည် တစ်နေရာသို့ ရောက်ရှိနေကြသည်။
ထို့ကြောင့် နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် သူသည် နတ်ကုန်းမြေတိုက်၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ကျင့်ကြံသူ တစ်ဦးဟု ဆိုနိုင်ပြီး မည်သူမျှ သူ့ကို အလွယ်တကူ အနိုင်ရနိုင်မည် မဟုတ်ပေ။
အမျိုးသမီးက အေးစက်စက် ရေရွတ်လိုက်သည်။
"ရှင့်ကို အသက်ရှင်ခွင့်ပေးခဲ့ပေမဲ့ ရှင်က တန်ဖိုးမထားခဲ့ဘူးပဲ.. ဒီလိုဆိုမှတော့ သွားသေလိုက်တော့”
ထို့နောက်တွင် သူမ၏ ကြောက်မက်ဖွယ် အစွမ်းထက်သော လနတ်စွမ်းအားများသည် မိုင်ပေါင်းထောင်ချီ နေရာလွတ်ကိုပင် တုန်ခါသွားစေခဲ့သည်။
သူမ၏ လနတ်စွမ်းအားများသည် လေထုထဲတွင် တောက်ပသော လတစ်စင်း အဖြစ် ပြောင်းလဲသွားခဲ့၏။
ထိုလမင်း၏ အရှိန်အဝါသည် အရိုးထဲထိ စိမ့်နေအောင် အေးစက်နေခဲ့သည်။
လမင်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်အပူချိန်သည် ရုတ်တရက် ကျဆင်းသွားခဲ့ပြီး ကျင်းယန်တောင်၏ အထက် ကောင်းကင်ယံ တစ်ခုလုံးသည် အလွန်အမင်း အေးစက်သွားခဲ့သည်။
ခွန်ယွင်ဘိုးဘေး ပင်လျှင် ထိုအေးစက်မှုကို ခံစားလိုက်ရပြီး သေခြင်းတရား၏ အရိပ်အငွေ့များသည် သူ၏ စိတ်နှလုံးကို ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
“ဝုန်း..”
လေထုထဲတွင် ကြောက်မက်ဖွယ် ပေါက်ကွဲသံများသည် ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေခဲ့၏။
ခွန်ယွင်ဘိုးဘေးက ချက်ချင်းဆိုသလိုပင် သူ၏ နတ်ဘုရင်လမ်းစဥ်ကို ထုတ်ဖော်လိုက်ရာ မိုင်ပေါင်းထောင်ချီ နေရာလွတ်ရှိ တိမ်တိုက်များသည် သူ၏ ကျောဘက်တွင် ချက်ချင်းဆိုသလို စုစည်းသွားခဲ့ပြီး ပေရှစ်သောင်း ရှိသော နတ်ဘုရင်လမ်းစဥ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ လမင်း၏ သန့်စင်သော အရှိန်အဝါများနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ခွန်ယွင်ဘိုးဘေး၏ နတ်ဘုရင်လမ်းစဥ်သည် လမင်း၏ သန့်စင်သော အလင်းများအောက်တွင် စက္ကူစုတ် တစ်ရွက်နှယ် ဖြစ်သွားခဲ့ပြီး အပေါက်ပေါင်း များစွာ ပေါက်သွားခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ခွန်ယွင်ဘိုးဘေး၏ နတ်ဘုရင်လမ်းစဥ်သည် အပေါက်များစွာဖြင့် ပြည့်နှက်သွားခဲ့ပြီး အဆုံးသတ်၌ လေထုထဲတွင် “ဝုန်းခနဲ” ဟူသော အသံနှင့်အတူ ပေါက်ကွဲထွက်သွားခဲ့၏။
“ဖူး..”
ခွန်ယွင်ဘိုးဘေးက ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး သွေးတစ်ပွက်ကို အန်ထုတ်ကာ လေထုထဲတွင် ပေထောင်ချီ အကွာအဝေး အထိ လွင့်စင်သွားခဲ့သည်။
သူက ကောင်းကင်နှင့်မြေကြီး ကြားတွင် ဝင့်ကြွားစွာ ရပ်နေသည့် ဆန်းကြယ်သော အမျိုးသမီးကို မော့ကြည့်လိုက်သည်။
သူ၏ နှုတ်ကနေ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သောအသံတစ်သံ ထွက်ပေါ်လာခဲ့၏။
“နတ်ဘုရင် နဝမအဆင့်ပါလား.. မင်း ဘယ်သူလဲ”
အခန်း(၂၂၇၅)ပြီး၏။
အခန်း(၂၂၇၆)
လေထုထဲရှိ ဆန်းကြယ်သော အမျိုးသမီးကို စိုက်ကြည့်ရင်း ခွန်ယွင်ဘိုးဘေးသည် ထိတ်လန့် တုန်လှုပ်နေခဲ့သည်။
သူ့ရှေ့မှ ဆန်းကြယ်သော အမျိုးသမီးသည် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော်လည်း သူသိထားသလောက် ဆိုလျှင် ကောင်းကင်ခွန်ပန်နတ်မျိုးနွယ်စု အပါအဝင် နတ်ကုန်းမြေတိုက်၏ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူများသည် ထိုနေရာ၌ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုကို စောင့်ကြပ်နေကြပြီး နတ်ကုန်းမြေတိုက်တွင် ရှိမနေကြချေ။
သို့ဆိုလျှင် သူ့ရှေ့မှ နတ်ဘုရင် နဝမအဆင့် ဆန်းကြယ်သောအမျိုးသမီးသည် မည်သူဖြစ်ပါသနည်း။
ဆန်းကြယ်သော အမျိုးသမီးက ခွန်ယွင်ဘိုးဘေးကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
“အသက်ဆယ်ရှိုက်စာ အချိန်အတွင်း ငါ့ရှေ့ကနေ ချက်ချင်းထွက်သွားစမ်း”
ခွန်ယွင်ဘိုးဘေး၏ မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ ဆိုသည်မှာ သူ ရင်ဆိုင်နိုင်သော အဆင့် မဟုတ်ပေ။
အစောပိုင်းက သူအစွမ်းကုန်ကြိုးစားတိုက်ခိုက်ခဲ့သည့်တိုင် ဆန်းကြယ်သော အမျိုးသမီး၏ တိုက်ကွက်တစ်ကွက်ထဲဖြင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
အကယ်၍ သူသာ ဤနေရာတွင် ဆက်လက် ရှိနေမည်ဆိုလျှင် ဆန်းကြယ်သောအမျိုးသမီး၏ လက်ထဲတွင် အမှန်တကယ် ကျဆုံးသွားနိုင်ပေသည်။
ခွန်ယွင်ဘိုးဘေးက စကားများစွာ ပြောမနေတော့ဘဲ ယိုဖိုထျန်းနှင့် အတူ ကျင်းယန်တောင်ကနေ ထွက်ခွာသွားခဲ့တော့သည်။
ခွန်ယွင်ဘိုးဘေး ထွက်သွားသည်ကို မြင်သောအခါမှ ကျန်းချန်သည် စိတ်သက်သာရာ ရသွားခဲ့သည်။
ယနေ့တိုက်ပွဲတွင် သူက ယိုဖိုထျန်းကို မသတ်နိုင်ခဲ့သော်လည်း ယိုဖိုထျန်းသည် ဒဏ်ရာရနေသော ဝိညာဥ် အဖြစ်သာ ကျန်ရှိတော့သည်။
ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုက ယိုဖိုထျန်းကို ခန္ဓာကိုယ်ပြန်လည် ဖန်တီးပေးနိုင်လျှင်ပင် အချိန်တိုအတွင်း အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိရန် မဖြစ်နိုင်ပေ။
ထို့အပြင် ခွန်ယွင်ဘိုးဘေး ကိုယ်တိုင်သည်လည်း လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မ လက်ချက်ဖြင့် အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ရာ တစ်ခဏအတွင်းပြန်လည် ကောင်းမွန်လာရန် ခက်ခဲလိမ့်မည် ဖြစ်၏။
အနည်းဆုံးတော့ အချိန်တိုအတွင်း ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် ကျင်းယန်တောင်သို့ မည်သူ့ကိုမှ ထပ်မံစေလွှတ်နိုင်မည် မဟုတ်ပေ။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး လေထုထဲရှိ ဆန်းကြယ်သော အမျိုးသမီးကို အလျင်အမြန်ပင် ဂါဝရပြုလိုက်သည်။
“စီနီယာရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်”
“အားနာနေဖို့မလိုပါဘူး.. မင်းက ငါတို့ လနတ်ဘုရားနန်းတော်အပေါ်မှာ ကျေးဇူးရှိခဲ့တာပဲ”
ဆန်းကြယ်သောအမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ လနတ်ဘုရားတံဆိပ်ပြား မင်းကို ပေးတယ်ဆိုတာကလည်း အခုလို ကူညီဖို့အတွက်ပါပဲ.. လနတ်ဘုရားနန်းတော်နဲ့ ကောင်းကင်ခွန်ပန် နတ်ငှက်တို့ရဲ့ ကြားမှာ ပတ်သက်မှုတချို့ ရှိခဲ့ဖူးတယ်.. ဒါကြောင့် ကောင်းကင်ခွန်ပန်နတ်ငှက်ရဲ့ မျိုးဆက်တွေကို ငါ့လက်နဲ့သတ်ဖို့ အဆင်မပြေဘူး.. ဒါ့အပြင် ခွန်ယွင်ဘိုးဘေး ဆီမှာ ကောင်းကင်ခွန်ပန် နတ်ငှက် ချန်ထားရစ်ခဲ့တဲ့ ဝှက်ဖဲတွေ ရှိနေသေးတယ်.. ငါ့ရဲ့ဒီကိုယ်ပွားလောက်နဲ့တော့ သူ့ကို သတ်လို့ရမှာ မဟုတ်ဘူး”
ဆန်းကြယ်သော အမျိုးသမီး၏ စကားကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
ဤအမျိုးသမီးသည် ကိုယ်ပွားဖြင့်ပင် နတ်ဘုရင် အဋ္ဌမအဆင့်ရှိ ခွန်ယွင်ဘိုးဘေးကို အလွယ်တကူ အနိုင်ယူခဲ့သည်။
သို့ဆိုလျှင် အမျိုးသမီး၏ စစ်မှန်သော ခန္ဓာကိုယ်သည် မည်မျှအထိ ကြောက်စရာကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားပါသနည်း။
ဤလနတ်ဘုရားနန်းတော်၏ နန်းတော်သခင်သည် နတ်ဘုရင် နဝမအဆင့်ကို ကျော်ဖြတ်ကာ ဒဏ္ဍာရီလာ အုပ်စိုးသူအဆင့်သို့ ရောက်ရှိနေပါသလော။
“မင်းအတွေးလွန်နေပြီ.. ငါက အုပ်စိုးသူအဆင့်ကို ရောက်ဖို့ အများကြီး လိုပါသေးတယ်”
အမျိုးသမီးက သူ၏အတွေးကို ခန့်မှန်းမိသည့်အလား သက်ပြင်းချ၍ ပြောလိုက်သည်။
“အုပ်စိုးသူအဆင့်ကို ရောက်ရှိဖို့က အရမ်းကို ခက်ခဲတယ်.. ဒီနတ်ဘုရားနယ်မြေ စကြဝဠာက မပြည့်စုံဘဲ အားနည်းနေတယ်လို့ ငါခံစားနေရတယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် အနည်းငယ် မှင်တက်သွားခဲ့သည်။
“ကောင်းကင်လမ်းစဥ်က ရှေးခေတ်ကာလကလို အခြေအနေကို ပြန်မရောက်မချင်း အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ယောက် မွေးဖွားလာဖို့ ခက်ခဲလိမ့်မယ်”
သူက သွေးရောင်အရိုးစုကို နတ်ဘုရင် ကပ်ဘေးထဲ ဆွဲသွင်းခဲ့သော အချိန်တွင် နတ်ဘုရင်ကပ်ဘေးသည်ပင် ထိုသွေးရောင်အရိုးစုကြောင့် ရှုံးနိမ့်ခဲ့ရသည်။
ထိုအချိန်က သွေးရောင်အရိုးစုသည် နတ်ဘုရားနယ်မြေစကြဝဠာ၏ ကောင်းကင်လမ်းစဥ်က ရှေးခေတ်ကာက ကပ်ဘေးအတွင်း အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုခဲ့သည်။
အုပ်စိုးသူအဆင့် ကျင့်ကြံသူ မွေးဖွားလာမှုသည် နတ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ်နှင့် ပတ်သက်ဆက်နွှယ်နေပုံရ၏။
ထို့ကြောင့်လည်း ရှေးခေတ်ကာလက ကပ်ဘေးကြီး အပြီးတွင် နတ်ဘုရားနယ်မြေ၌ အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ဦး မွေးဖွားလာရန် အလွန်တရာ ခက်ခဲနေခြင်း ဖြစ်လောက်သည်။
“ကျန်းချန်.. ငါ ခွန်ယွင်ဘိုးဘေးကို ဒဏ်ရာအပြင်းအထန် ရရှိအောင် လုပ်ခဲ့ပြီးပြီ.. ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုက မင်းကို ထပ်ထိဖို့ သတ္တိရှိတော့မှာ မဟုတ်ဘူး.. တကယ်လို့ မင်း မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ကြုံလာခဲ့ရင် လနတ်ဘုရားနန်းတော်မှာ ငါ့ကို လာရှာပါ”
စကားဆုံးသည်နှင့် လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မသည် အလင်းတံခါး ထဲသို့ လျှောက်ဝင်သွားခဲ့ပြီး ကျန်းချန်၏ ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
“လနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင်မ ခွန်အားက တကယ်ကို ဆန်းကြယ်လွန်းတာပဲ”
ကျန်းချန်က လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မ ပျောက်ကွယ်သွားသည့် နေရာကို ငေးကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။
သူ၏ ခန့်မှန်းချက်အရ လနတ်ဘုရားနန်းတော်၏ နန်းတော်သခင်မသည် အုပ်စိုးသူအဆင့် ကျင့်ကြံသူ မဟုတ်လျှင်ပင် နတ်ဘုရင် နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အုပ်စိုးသူအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။
အသန်မာဆုံးနတ်ဘုရင် စာရင်းမှ ကျင့်ကြံသူများနှင့် ယှဥ်လျှင် သူမသည် အနည်းဆုံး ထိပ်သီးဆယ်ဦး စာရင်းထဲ၌ ရှိနေပေလိမ့်မည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မတွေးတောတော့ဘဲ ကျင်းယန်တောင်ပေါ်သို့ ပြန်လည် ဆင်းသက်လိုက်သည်။
ယနေ့တွင် ယိုဖိုထျန်းနှင့် တိုက်ပွဲ ဆင်နွှဲခဲ့မှုကြောင့် သူ့အနေဖြင့် အားအင်ကုန်ခန်းလုနီးပါး ဖြစ်ခဲ့ရသည်။
ထို့ကြောင့် သူ၏ ခွန်အားများကို အရင်ဆုံး ပြန်လည် ဖြည့်တင်းရဦးမည် မဟုတ်ပါလော။
“လဲ့လင်.. ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုက ထပ်လာမှာမဟုတ်တော့ဘူး.. ကျန်တဲ့ကိစ္စတွေကို မင်းဘာသာမင်းပဲ ကိုင်တွယ်လိုက်တော့”
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် လဲ့လင်၏ ရှေ့ကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
------------------------
ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ ခန်းမတစ်ခုထဲတွင် ကျင်းဖန်းနတ်ဘုရင်သည် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က တောင်ပံနက်ခွန်ပန် မျိုးနွယ်စု ချေမှုန်းခံရသဖြင့် သူက တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ဘိုးဘေး ယိုဖိုထျန်းကို ဆွေးနွေးရန် ခေါ်ခဲ့သည်။
သို့သော်လည်း မမျှော်လင့်ဘဲ ယိုဖိုထျန်းသည် ဒေါသအလွန်အမင်း ထွက်နေခဲ့ပြီး ကျင်းယန်တောင်သို့ တိုက်ရိုက်ပင် သွားရောက်ခဲ့၏။
ထိုအခါ ကျင်းဖန်းနတ်ဘုရင်သည် ယိုဖိုထျန်း အန္တရာယ်နှင့်ကြုံရမည်ကို စိုးရိမ်လာ၍ ကြိုတင်ကာကွယ်သည့် အနေဖြင့် နတ်ဘုရင် အဋ္ဌမအဆင့် ခွန်ယွင်ဘိုးဘေးကို ဖိတ်ကြားခဲ့သည်။
သို့သော်လည်း ခွန်ယွင်ဘိုးဘေး ကျင်းယန်တောင်သို့ ထွက်သွားကတည်းကပင် ကျင်းဖန်းနတ်ဘုရင်သည် စိတ်မအေးဖြစ်နေခဲ့ပြီး ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်တော့မည်ဟု ခံစားနေခဲ့ရသည်။
ဆိုရလျှင် ခွန်ယွင်ဘိုးဘေးနှင့် ယိုဖိုထျန်း တို့သည် နတ်ဘုရင်အဋ္ဌမအဆင့်နှင့် သတ္တမအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူနှင့် မကြုံတွေ့သရွေ့ သူတို့ကို ခြိမ်းခြောက်နိုင်သူ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။
ထို့ကြောင့် ကျင်းဖန်းနတ်ဘုရင်သည် ဤကဲ့သို့ မကောင်းသော ခံစားချက်ကို အဘယ်ကြောင့် ခံစားနေမိမှန်း သူကိုယ်တိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။
“ဘာမှမဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ”
ကျင်းဖန်းနတ်ဘုရင်က သူ၏ စိတ်နှလုံးထဲကနေ သက်ပြင်းချလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ကျင်းဖန်းနတ်ဘုရင် သက်ပြင်းချလိုက်သော အချိန်မှာပင် ခန်းမထဲ၌ ရုတ်တရက် နေရာလွတ် လှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ပုံရိပ်နှစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုနှစ်ဦးမှာ အခြားသူများ မဟုတ်ဘဲ ကျင်းယန်တောင်သို့ သွားခဲ့ကြသည့် ခွန်ယွင်ဘိုးဘေး တို့ပင် ဖြစ်သည်။
သို့သော်လည်း ကျင်းဖန်းနတ်ဘုရင်သည် ခွန်ယွင်ဘိုးဘေးတို့နှစ်ဦး၏ ဆိုးရွားလှသော အခြေအနေကို မြင်လိုက်ရလျှင် အမူအရာ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ယိုဖိုထျန်းသည် ဝိညာဥ်တစ်ခုမျှသာ ကျန်ရှိတော့သည်ကို သူတွေ့လိုက်ရ၏။
နတ်ဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သော ခွန်ယွင်ဘိုးဘေးပင်လျှင် မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့ပြီး အရှိန်အဝါ အလွန်တရာ အားနည်းနေကာ ဒဏ်ရာအပြင်းအထန် ရရှိထားသည်မှာ သိသာနေခဲ့သည်။
ကျင်းယန်တောင်ပေါ်တွင် မည်ကဲ့သို့ ပုဂ္ဂိုလ်မျိုး ထွက်ပေါ်လာပြီး နတ်ဘုရင် အဋ္ဌမအဆင့်နှင့် သတ္တမအဆင့် ကျင့်ကြံသူနှစ်ယောက်ကို ဤမျှအထိ ဆိုးရွားလှသော အခြေအနေသို့ ရောက်အောင် လုပ်နိုင်ခဲ့ပါသနည်း။
“ခွန်ယွင်ဘိုးဘေး.. ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေမျိုး ဖြစ်သွားရတာလဲ”
ကျင်းဖန်းနတ်ဘုရင်က သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို မျိုသိပ်ကာ လေးနက်သော လေသံဖြင့် မေးလိုက်သည်။
သူ၏ စိုးရိမ်ပူပန်မှုသည် လက်တွေ့ ဖြစ်လာခဲ့ချေပြီ။
“ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို ကူညီပေးနေတဲ့သူက နတ်ဘုရင် စတုတ္ထအဆင့်ကို ရောက်ရှိနေတဲ့ အနှိုင်းမဲ့ပါရမီရှင်တစ်ဦးပဲ.. ငါရောက်သွားတဲ့အချိန်မှာ ယိုဖိုထျန်းက ဒီကောင်လေးဆီမှာ ရှုံးနိမ့်ပြီး ခန္ဓာကိုယ်ပါ ဖျက်ဆီးခံထားရပြီ.. ဒါ့အပြင် ဒီအနှိုင်းမဲ့ပါရမီရှင်ရဲ့ နောက်ကွယ်မှာ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ တစ်ယောက်လည်း ရှိနေသေးတယ်”
ခွန်ယွင်ဘိုးဘေးက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ကျင်းဖန်း.. ကျင်းယန်တောင်မှာ ရှိတဲ့ အဲဒီကောင်ရဲ့ နောက်ခံကို ချက်ချင်းစုံစမ်းပြီး စီနီယာခွန်ဟိုင်ကို ဆက်သွယ်လိုက်ပါ.. ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု အတွက် ကပ်ဘေးရောက်လာတော့မယ် ထင်တယ်”
အခန်း(၂၂၇၆)ပြီး၏။