အခန်း (၂၃၇၇-၂၃၇၈)
Vol. 168 Ch. 2377-2378
အခန်း(၂၂၇၇)
ခွန်ယွင်ဘိုးဘေး၏ စကားကိုကြားလျှင် ကျင်းဖန်နတ်ဘုရင်၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုတွင် ကံကြမ္မာလမ်းစဥ်ကို ကျွမ်းကျင်သော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်ခဲ့သည်။
ထိုလူက ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် ကြီးမားသောကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ရလိမ့်မည် ဖြစ်ပြီး ထိုကပ်ဘေးမှာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကြောင့် ဖြစ်လာလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။
ဤအကြောင်းအရင်းကြောင့်ပင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် လျှို့ဝှက်စွာ ကြံစည်ခဲ့ကြပြီး ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို အရင်ဦးအောင် ဖျက်ဆီးပစ်ခဲ့သည်။
ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု ကျဆုံးသွားလျှင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် ကပ်ဘေးနှင့် ကြုံတွေ့ရတော့မည် မဟုတ်ဟု ကျင်းဖန်းနတ်ဘုရင် မူလက ထင်မှတ်ထားခဲ့သည်။
ယခု ခွန်ယွင်ဘိုးဘေး၏ စကားကိုကြားလျှင် ကျင်းဖန်းနတ်ဘုရင်၏ အမူအရာသည် တစ်ခဏအတွင်း အလွန်တရာ လေးနက်သွားခဲ့၏။
ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အကြွင်းအကျန်များသည် နတ်ကုန်းမြေတိုက် ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ၎င်းတို့၏ နောက်ကွယ်တွင် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ ရှိနေခြင်းသည် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုအတွက် သတင်းကောင်း မဟုတ်ပေ။
ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ ကပ်ဘေးသည် အမှန်တကယ်ပင် ကျရောက်လာတော့မည်လော။
ကျင်းဖန်းနတ်ဘုရင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။
“စီနီယာအကို စိတ်ချပါ.. ကျွန်တော် ဒီကိစ္စကို သေသေချာချာစုံစမ်းပြီး.. စီနီယာခွန်ဟိုင်ဆီ သတင်းအမြန်ဆုံး ပေးပို့လိုက်ပါမယ်”
ယခုအခါတွင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ယိုဖိုထျန်း၏ ခန္ဓာကိုယ်ကိုပင် တိုက်ပွဲအတွင်း ဖျက်ဆီးပစ်ခဲ့သည်။
ထိုတိုက်ပွဲတွင် ခွန်ယွင်ဘိုးဘေး ပင်လျှင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့၍ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုအတွက် အတော်လေး ထိချက်နာသည်ဟု ဆိုနိုင်၏။
ဤသတင်းသာ ပျံ့နှံ့သွားလျှင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ ပြိုင်ဘက် အင်အားစု တချို့သည် လှုပ်ရှားလာကြလိမ့်မည် ဖြစ်သည်။
ထိုအတွက်ကြောင့် ဤကိစ္စကို ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုအနေဖြင့် အထူးသတိထား၍ ကိုင်တွယ်ရမည် ဖြစ်သည်။
သို့မဟုတ်လျှင် အနည်းငယ် ပေါ့ဆလိုက်ရုံဖြင့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် ပြန်လည် နာလန်မထူနိုင်သည့် အခြေအနေသို့ပင် ကျရောက် သွားနိုင်ပေသည်။
ကျန်းချန်သည် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုကို အနိုင်ယူပြီးနောက်တွင် ချက်ချင်း မထွက်ခွာသွားသေးဘဲ ကျင်းယန်တောင်ပေါ်တွင် ကျင့်ကြံနေခဲ့သည်။
ဤတိုက်ပွဲတွင် ယိုဖိုထျန်းနှင့် ခွန်ယွင်ဘိုးဘေးတို့ အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့၍ ပုံမှန် အခြေအနေအရဆိုလျှင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် အချိန်တိုအတွင်း ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို လာရောက် တိုက်ခိုက်ရန် မဝံ့ရဲလောက်ပေ။
သို့သော်လည်း မဖြစ်နိုင်တာ မရှိသဖြင့် ကြိုတင်၍ ပြင်ဆင်ထားရပေလိမ့်မည်။
အကယ်၍သာ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုက ဒေါသထွက်ပြီး ကျင်းယန်တောင်ကို တိုက်ခိုက်လာခဲ့လျှင် ယိုဖိုထျန်းနှင့် ခွန်ယွင်ဘိုးဘေးတို့ မပါလျှင်ပင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် လုံးဝ တားဆီးနိုင်စွမ်းရှိမည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းချန်သည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုတွင် တစ်ခဏမျှ နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းချန် ကျင်းယန်တောင်တွင် ရှိနေစဥ်တွင် ဖုန်းယန်သည် ကောင်းကင်လင်းယုန် နေရာလွတ်ယာဥ်ပျံကို အသုံးပြု၍ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုဝင်များကို ရွှေ့ပြောင်းလာခဲ့သည်။
ရှေးဟောင်းနတ်သားရဲ၏ မျိုးဆက်ဖြစ်၍ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ သွေးမျိုးဆက်သည် အလွန်တရာပင် ထူးခြားလှသည်။
ကျန်းဝူ ကောင်းကင်နယ်မြေထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်သော နတ်ကုန်းမြေတိုက်၏ ပတ်ဝန်းကျင်တွင် ၎င်းတို့၏ ခွန်အားသည် တစ်ဟုန်ထိုး တိုးတက်လာခဲ့ကြ၏။
အထူးသဖြင့် ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်သို့ရောက်ရှိနေသော ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုခေါင်းဆောင် ဖုန်းချီသည် နတ်ကုန်းမြေတိုက်သို့ ရောက်ရှိပြီး သိပ်မကြာမီမှာပင် မဟာလမ်းစဥ်၏ စွမ်းအားကို နားလည်သဘောပေါက်ကာ နတ်ဘုရင် အဆင့်သို့ ထိုးဖောက်သွားခဲ့သည်။
ကျန်းချန်က ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုတွင် လအနည်းငယ် နေထိုင်ခဲ့ပြီးနောက် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် တဖြည်းဖြည်း ပုံမှန်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
နတ်ဘုရင်အဆင့်သို့ ထိုးဖောက်သွားသော ဖုန်းချီနှင့် ငွေတောင်ပံမိုးကြိုးလင်းယုန် မျိုးနွယ်စုမှ နတ်ဘုရင်တစ်ပါးနှင့် ပေါင်းစပ်လိုက်လျှင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုတွင် နတ်ဘုရင် နှစ်ပါးရှိလာခဲ့ပြီ ဖြစ်သည်။
ဤခွန်အား အဆင့်အတန်းသည် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုနှင့် နှိုင်းယှဥ်၍ မရနိုင်သေးသော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အတန်အသင့်ရှိလာပြီဟု ဆိုနိုင်၏။
ထို့ကြောင့် ကျန်းချန်က ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုတွင် ဝှက်ဖဲတချို့ ချန်ထားရစ်ခဲ့ပြီး ကျင်းယန်တောင်မှ ထွက်ခွာရန် ပြင်ဆင်နေစဥ်မှာပင် ရုတ်တရက်သတင်းစကား တစ်ခုကို လက်ခံရရှိခဲ့သည်။
ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုက အချိန်တိုအတွင်း ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို ဘာမှ လုပ်ဆောင်လိမ့်မည်မဟုတ်ကြောင်း အတည်ပြုပြီးနောက်တွင် ကျန်းချန်သည် ကျင်းယန်တောင်မှ ထွက်ခွာလာခဲ့ကာ မြောက်ပိုင်းမင်နတ်ဂိုဏ်းသို့ သွားရောက်၍ မုန့်ချင်းရွှယ်၏ လနတ်ကြမ္မာခန္ဓာကိုယ် ဆင့်ကဲပြောင်းလဲသည့် အခြေအနေအား ကြည့်ရှုရန် ပြင်ဆင်နေခဲ့သည်။
ထိုသတင်းသည် လူသားဧကရာဇ်နန်းတော်မှ ကျန်းမိသားစုဝင်ဖြစ်သည့် ကျန်းယွိ ထံမှ လာခြင်း ဖြစ်၏။
သူက ထျန်းကျီမြို့တွင် ကျန်းယွိကို သိမ်းသွင်းခဲ့ပြီး လူသားဧကရာဇ်နန်းတော်၏ သတင်းများကို ပေးပို့ရန် တာဝန်ပေးထားခဲ့သည်။
ကျန်းယွိသည် လူသားဧကရာဇ်နန်းတော်သို့ ပြန်လည် ရောက်ရှိပြီးနောက်ပိုင်းတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ပေ။
ယခုမှသာ ကျန်းယွိ ထံမှ သတင်းစကား ရောက်ရှိလာခြင်း ဖြစ်၏။
ကျန်းယွိထံမှ သတင်းအရ လူသားဧကရာဇ် နန်းတော်သည် လူသားဧကရာဇ် အသစ် တစ်ဦးကို တင်မြှောက်ရန် ပြင်ဆင်နေပုံရ၏။
လူသားဧကရာဇ်နန်းတော်၏ နောက်ဆုံး လူသားဧကရာဇ် ကျဆုံးသွားပြီးကတည်းကပင် လူသားဧကရာဇ် နန်းတော်သည် ခေါင်းဆောင်ကင်းမဲ့ကာ ဝါးအစည်းပြေ သကဲ့သို့ ဖြစ်သွားခဲ့ပြီး အင်အားများစွာ လျော့နည်းသွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းသန်းချီက လူသားဧကရာဇ်နန်းတော်၏ ကျန်းတော်ဝင်မျိုးနွယ်စုတွင် အနှိုင်းမဲ့ပါရမီရှင်တစ်ဦး မွေးဖွားခဲ့ပြီး ထိုပါရမီရှင်သည် လူသားဧကရာဇ်နန်းတော်၏ မျိုးဆက်သစ် လူသားဧကရာဇ် အဖြစ် စမ်းသပ်မှုကို ကျော်ဖြတ်ကာ ရွေးချယ်ခံခဲ့ရသည်။
သို့ရာတွင် မမျှော်လင့်ဘဲ လူသားဧကရာဇ်နေရာကို မဆက်ခံရသေးခင်မှာပင် လူသားဧကရာဇ်နန်းတော်တွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ထိုအနှိုင်းမဲ့ ပါရမီရှင်သည်လည်း ထိုအပြောင်းအလဲ အတွင်း ကျဆုံးသွားခဲ့ရ၏။
ထိုအချိန်မှစ၍ လူသားဧကရာဇ်နန်းတော်၏ လက်အောက်ရှိ အင်အားစုများသည် အချင်းချင်း ပြိုင်ဆိုင်နေခဲ့ကြပြီး လူသားဧကရာဇ် နန်းတော်သည်လည်း အမည်ခံမျှသာ ကျန်ရှိတော့သည်။
ယခုအချိန်တွင်မူ လူသားဧကရာဇ် နန်းတော်သည် လက်ရှိအခြေအနေကို ပြောင်းလဲရန်အတွက် လူသားဧကရာဇ် အသစ်တစ်ပါးကို တင်မြှောက်ရန် ကြိုးပမ်းနေခဲ့သည်။
“လူသားဧကရာဇ်နန်းတော်က လူသားဧကရာဇ် အသစ်ကို တင်မြှောက်တော့မှာလား”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းသန်းချီက လူသားဧကရာဇ်နန်းတော်တွင် ပေါ်ပေါက်ခဲ့ဖူးသည့် ကျန်းမျိုးနွယ်စုမှ အနှိုင်းမဲ့ပါရမီရှင်သည် သူ၏ ဖခင် ကျန်းဝူရနှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိနေလိမ့်မည်ဟု သူထင်ခဲ့သည်။
ထို့ကြောင့် ကျန်းချန်က လူသားဧကရာဇ်နန်းတော်သို့ သွားရန် ဆုံးဖြတ်ချက် ချလိုက်သည်။
ထို့နောက်တွင် တွေဝေမနေတော့ဘဲ ကျင်းယန်တောင်ကနေ တိုက်ရိုက် ထွက်ခွာလာခဲ့ကာ လူသားဧကရာဇ်နန်းတော် ဆီသို့ ဦးတည်လိုက်၏။
-------------------
လူသားဧကရာဇ်နန်းတော်သည် အလယ်ပိုင်းဒေသ၏ အရှေ့ဘက်အရပ်ရှိ လူသားဧကရာဇ် မြို့တော်တွင် တည်ရှိသည်။
ရှေးခေတ်ကာလက နတ်ကုန်းမြေတိုက်တွင် မျိုးနွယ်စုပေါင်း ထောင်ချီရှိခဲ့ပြီး လူသားမျိုးနွယ်စုသည် မျိုးနွယ်စု အားလုံးထဲတွင် အားအနည်းဆုံး မျိုးနွယ်စု ဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် လူသားမျိုးနွယ်စုကနေ ပါရမီရှင်တစ်ဦး ထွက်ပေါ်လာခဲ့ပြီး နတ်ကုန်းမြေတိုက်၏ အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ကာ လူသားဧကရာဇ်မြို့ကို တည်ထောင်၍ လူသားဧကရာဇ်နန်းတော်ကို ဖန်တီးခဲ့သည်။
ရှင်လင်းစွာဆိုရလျှင် လူသားဧကရာဇ်မြို့သည် နတ်ကုန်းမြေတိုက်တွင် လူသားမျိုးနွယ်စု တစ်ချိန်က အခြေချခဲ့သည့် အခြေစိုက်စခန်းပင် ဖြစ်၏။
ယနေ့ခေတ်တိုင် လူသားဧကရာဇ်မြို့သည် နတ်ကုန်းမြေတိုက်၏ လူသားမျိုးနွယ်စုများ စုဝေးသောနေရာ ဖြစ်နေဆဲပင်။
လူသားဧကရာဇ်မြို့တွင် လူသားအင်အားစုပေါင်း ရာချီရှိပြီး အားလုံးသည် လူသားဧကရာဇ်နန်းတော်၏ လက်အောက်ခံများ ဖြစ်ကြသည်။
ထိုလူသားအင်အားစု ရာချီကို ကျန်း၊ကျီနှင့် ရဲ့ ဟူသည့် မျိုးနွယ်စု သုံးစုက ဦးဆောင်ကြ၏။
ဆိုရလျှင် လူသားဧကရာဇ်နန်းတော်၏ ဖွဲ့စည်းပုံသည် ရွှယ်လင်ကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်စုနှင့် အတူတူပင် ဖြစ်သည်။
နတ်ကုန်းမြေတိုက်ကြီးသည် အလွန်တရာပင် ကျယ်ပြောလှသည်။
ရွှယ်လင်ကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်မှ လူသားဧကရာဇ်နန်းတော်၏ ပုံစံတူအသေးစားလေးပင် ဖြစ်သည်။
ဤအချက်ကို ကြည့်ချင်းအားဖြင့် ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ရှိ လူသားဧကရာဇ်နန်းတော်နှင့် အလွန်တရာ နီးကပ်ပတ်သက်သော ဆက်နွှယ်မှုရှိနေမှန်း သိနိုင်ပေသည်။
ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စု တည်ရှိသည့် ကျင်းယန်တောင်သည် အလယ်ပိုင်းဒေသ၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး လူသားဧကရာဇ်မြို့တော်နှင့် အလွန်တရာပင် ဝေးကွာနေခဲ့သည်။
ထို့ကြောင့် ကျန်းချန်၏ လက်ရှိ အရှိန်အဟုန်ဖြင့်ပင် အရှေ့ဘက်အရပ်ရှိ လူသားဧကရာဇ်မြို့ကို ရောက်ရှိရန် လဝက်ခန့် ကြာမြင့်ခဲ့သည်။
လူသားဧကရာဇ်မြို့သည် ပထမမြောက် လူသားဧကရာဇ်ကိုယ်တိုင် တည်ဆောက်ခဲ့သောမြို့ ဖြစ်၍ ရွှယ်လင်ကုန်းမြေတိုက်ပေါ်ရှိ လူသားဧကရာဇ်မြို့ထက် အဆပေါင်းများစွာ ပိုမို၍ ခမ်းနားထည်ဝါသည်။
ထို့အပြင် လူသားဧကရာဇ်မြို့၏ ပတ်ပတ်လည်တွင် ပထမမြောက် လူသားဧကရာဇ် စီရင်ထားသည့် အားကောင်းသော တားမြစ် အစီအရင်များ ရှိနေဆဲ ဖြစ်သည်။
လူသားဧကရာဇ်မြို့သည် လူသားမျိုးနွယ်စုဝင်များ အတွက် မည်သည့်ကန့်သတ်ချက်မှ မရှိသလောက် ဖြစ်ပြီး မည်သည့်လူသားမျိုးနွယ်စု မဆို စိတ်ကြိုက်ဝင်ထွက်ခွင့် ရှိသည်။
သို့သော်လည်း အခြားမျိုးနွယ်စုဝင်များ အတွက်မူ လူသားဧကရာဇ်မြို့ အတွင်းသို့ ဝင်ရောက်ရန် ထင်သလောက် မလွယ်ကူပေ။
လူသားဧကရာဇ်မြို့၏ ဂိတ်တံခါးတွင် အခြားသော မျိုးနွယ်စုဝင်များ အတွက် ရည်ရွယ်ထားသော တားမြစ် အစီအရင်များ ရှိ၏။
ထို့ကြောင့် လူသား မဟုတ်သည့် မည်သူမဆို လူသားဧကရာဇ်နန်းတော်၏ တံဆိပ်ပြား မရှိဘဲ ဇွတ်ဝင်ခဲ့လျှင် မြို့တံခါး၏ အစီအရင်ကြောင့် ချက်ချင်းဆိုသလို အသတ်ခံရပေလိမ့်မည်။
ကျန်းမျိုးနွယ်စု၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော ကျန်းချန်ကမူ လူသားဧကရာဇ်မြို့သို့ မည်သည့် အဟန့်အတားမှ မရှိဘဲ ချောချောမောမော ဝင်ရောက်နိုင်ခဲ့သည်။
အခန်း(၂၂၇၇)ပြီး၏။
အခန်း(၂၂၇၈)
နတ်ဘုရားနယ်မြေရှိ လူသားမျိုးနွယ်စု၏ အခြေစိုက်စခန်းဖြစ်သည့်အလျောက် လူသားဧကရာဇ်မြို့သည် အလွန်တရာ စည်ကားလှ၏။
လူသားဧကရာဇ်မြို့ထဲကို ဝင်ရောက်ပြီး မကြာမီမှာပင် ကျန်းချန်သည် သူ၏ ပတ်ဝန်းကျင်ကနေ ရင်းနှီးသောသွေးမျိုးဆက် အရှိန်အဝါ တော်တော်များများကို ခံစားလိုက်ရသည်။
ထိုလူများသည် ကျန်းမိသားစုနှင့် ကျီမိသားစုမှ လူများ ဖြစ်သည်မှာ သိသာနေခဲ့၏။
သို့သော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ သွေးမျိုးဆက်စွမ်းအားနှင့် အရှိန်အဝါသည် အလွန်တရာပင် အားနည်းနေ၍ ၎င်းတို့သည် သာမန် တပည့်များသာ ဖြစ်နိုင်လောက်သည်။
လူသားဧကရာဇ်မြို့တွင် ခဏမျှ လှည့်လည်သွားလာပြီးနောက်တွင် ကျန်းချန်သည် တည်းခိုခန်း တစ်ခန်းတွင် တည်းခိုလိုက်ပြီး သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည့် ကျန်းယွိနှင့်ဆက်သွယ်လိုက်သည်။
ယခုအခါတွင် သူသည် လူသားဧကရာဇ်နန်းတော်၏ အခြေအနေကို ဘာမှမသိသေးသောကြောင့် အဆင်အခြင်မဲ့လှုပ်ရှားရန် အစီအစဥ်မရှိခဲ့ပေ။
ထိုအတွက်ကြောင့် အခြေအနေကို သိရှိရန်အတွက် ကျန်းယွိကို အရင် ခေါ်ယူလိုက်ခြင်းပင်။
နာရီဝက်ခန့်အကြာမှာပင် ကျန်းယွိသည် ကျန်းချန်၏ရှေ့တွင် တိုက်ရိုက်ဆိုသလို ပေါ်လာခဲ့၏။
ကျန်းချန်က ကျန်းယွိကို တစ်ချက် အကဲခတ်လိုက်ပြီးနောက်တွင် ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။
“မင်းက နတ်ဘုရင်တတိယအဆင့် အထွတ်အထိပ် ကျင့်ကြံသူတောင် ဖြစ်နေပါလား..ကြည့်ရတာ မဟာလမ်းစဥ်ကောင်းကင်ဆေးလုံးကို အသုံးပြုပြီး အဆင့် ထိုးဖောက်နိုင်ခဲ့တဲ့ပုံပဲ”
မဟာလမ်းစဥ် ကောင်းကင်ဆေးလုံးသည် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများကို နတ်ဘုရင်အဆင့်သို့ တစ်ရာ ရာခိုင်နှုန်း ထိုးဖောက်စေနိုင်သည့် ရှေးဟောင်းဆေးလုံးဖြစ်သောကြောင့် အမှန်တကယ်ပင် အစွမ်းထက်၏။
ကျန်းယွိသည် ထျန်းကျီမျှော်စင်မှ လေလံပွဲတွင် ရရှိခဲ့သည့် မဟာလမ်းစဥ် ကောင်းကင်ဆေးလုံးကို အသုံးပြုကာ နတ်ဘုရင်အဆင့်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
အလယ်ပိုင်းဒေသ ပါရမီရှင်များထဲတွင် ကောင်းကင်အရှင်အဆင့်၏ နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် နာမည်ကျော်ကြားသည်အထိ အခြေခံအုတ်မြစ် ခိုင်မာသောကြောင့် နတ်ဘုရင်အဆင့်သို့ ထိုးဖောက်ပြီးနောက်တွင် ကျန်းယွိသည် နတ်ဘုရင်တတိယအဆင့် အထွတ်အထိပ်သို့ တစ်ထိုင်တည်း ရောက်ရှိသွားခဲ့သည်။
လက်ရှိအချိန်တွင် ကျန်းယွိသည် လုံကျိုးဟန်နှင့် ကျီချန်းယဲ့တို့ထက် အားမနည်းတော့ပေ။
“ဒီအဆင့်လောက်ခွန်အားက သခင်လေးကျန်းချန် အတွက်တော့ စကားထဲ ထည့်ပြောနေဖို့တောင် မလိုပါဘူး”
ထိုစကားကို ပြောလိုက်ရင်း ကျန်းယွိ၏ စိတ်ထဲတွင် မချိပြုံးပြုံးနေမိသည်။
သိပ်မကြာခင်က မဟာလမ်းစဥ် ကောင်းကင်ဆေးလုံးကို အသုံးပြုကာ နတ်ဘုရင်တတိယအဆင့် အထွတ်အထိပ်ကို တစ်ထိုင်တည်း ရောက်ရှိသွားချိန်တွင် ကျန်းချန်၏ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်ရန် ကြိုးစားခဲ့သော်လည်း မလွတ်မြောက်ခဲ့ပေ။
ထိုအကြောင်းကြောင့်ပင် ကျန်းယွိသည် လက်လျှော့လိုက်ရပြီး လူသားဧကရာဇ်နန်းတော်က လူသားဧကရာဇ် တစ်ပါးအား တင်မြှောက်တော့မည့် သတင်းကို ကျန်းချန်ဆီ ပေးပို့ခဲ့ခြင်းဖြစ်သည်။
ယနေ့ ကျန်းချန်နှင့် တွေ့ရသောအချိန်မှပင် ကျန်းယွိသည် သူ အဘယ်ကြောင့် ကျန်းချန်၏ ထိန်းချုပ်မှုအောက်ကနေ မရုန်းထွက်နိုင်ခဲ့မှန်း အဆုံးသတ်၌ နားလည်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကျန်းချန်သည်လည်း နတ်ဘုရင်အဆင့်ကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်နေ၍ပင်။
ကျန်းချန်၏ ကျင့်ကြံမှုအဆင့်ကို သူမမြင်နိုင်သော်လည်း ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေသည့် ကြီးကျယ်ခမ်းနားသော မဟာလမ်းစဥ် အရှိန်အဝါများကိုမူ သူ ခံစားမိခဲ့သည်။
ယခု ကျန်းချန်က နတ်ဘုရင်အဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်ရာ ကျန်းချန်၏ ခွန်အားသည် မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်ကို ရောက်ရှိသွားပြီမှန်း ကျန်းယွိ စိတ်ပင်မကူးရဲတော့ပေ။
အနည်းဆုံးတော့ သူ၏ ခွန်အားဖြင့်ဆိုလျှင် ကျန်းချန်၏ ပြိုင်ဘက်ဖြစ်ရန် အလှမ်း ဝေးလွန်းနေပါသေး၏။
သိထားရမည့်အချက်မှာ ထျန်းကျီမြို့၏ အပြင်ဘက်တွင် ကျန်းချန်သည် နတ်ဘုရင်အဆင့်ကို မထိုးဖောက်ရသေးသော်လည်း နတ်ဘုရင် စတုတ္ထအဆင့်ကိုပင် အလွယ်တကူ အနိုင်ရခဲ့သလို ဘိုးဘေး ကျန်းစန်းယန်၏ ကိုယ်ပွားပင် ဘာမှမတတ်နိုင်ခဲ့ပေ။
ကျန်းချန်က ကျန်းယွိကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“အပိုစကားတွေ ပြောနေဖို့မလိုဘူး.. လူသားဧကရာဇ်နန်းတော်ရဲ့ လက်ရှိအခြေအနေကိုသာ ငါ့ကို ပြောပြစမ်းပါ”
ကျန်းယွိကလည်း ဖုံးကွယ်မထားဘဲ လူသားဧကရာဇ်နန်းတော်၏ အခြေအနေကို ကျန်းချန်အား အလျင်အမြန်ပင် ပြောပြလိုက်သည်။
လူသားဧကရာဇ်နန်းတော်၏ နောက်ဆုံး လူသားဧကရာဇ်ကွယ်လွန်ပြီးနောက်တွင် လူသားဧကရာဇ်နန်းတော်သည် စတင်၍ ပြိုကွဲလာခဲ့သည်။
အထူးသဖြင့် ကျန်း၊ ကျီနှင့် ရဲ့မျိုးနွယ်စု ကဲ့သို့ လူသားဧကရာဇ်နန်းတော်၏ ထိပ်သီး မျိုးနွယ်စု သုံးစုသည် တစ်စုနှင့်တစ်စု တိုက်ခိုက်နေခဲ့ကြပြီး တစ်ဖက်နှင့်တစ်ဖက် အလျှော့မပေးခဲ့ကြပေ။
လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ကျန်းမျိုးနွယ်စုတွင် လူသားဧကရာဇ်ပလ္လင်ပေါ်ကို တက်လှမ်းပြီး လူသားဧကရာဇ်နန်းတော်ကို ပြန်လည် ရှင်သန်လာအောင် လုပ်ဆောင်ပေးနိုင်မည့် အနှိုင်းမဲ့ပါရမီရှင် တစ်ဦးကို မွေးဖွားခဲ့သော်လည်း အဆုံးသတ်တွင် လူသားဧကရာဇ်ပလ္လင် ပေါ်သို့ မတက်လှမ်းမီမှာပင် မတော်တဆမှု တစ်ခုဖြင့် ကျဆုံးခဲ့ရသည်။
ထိုအချိန်မှစ၍ လူသားဧကရာဇ်နန်းတော်သည် နာလန်မထူနိုင်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည် ဆိုလျှင် လူသားဧကရာဇ်နန်းတော်သည် နတ်ကုန်းမြေတိုက်ပေါ်ကနေ လုံးဝပျောက်ကွယ်သွားလိမ့်မည်ကို စိုးရိမ်ရ၏။
ထို့ကြောင့် လူသားဧကရာဇ်နန်းတော်ကို ပြန်လည် ရှင်သန်လာစေရန်အတွက် ကျန်းမျိုးနွယ်စုသည် လူသားဧကရာဇ်ကို ပြန်လည် တင်မြှောက်ဖို့ အဆိုပြုခဲ့သည်။
ထိုအဆိုပြုချက်ကို မျိုးနွယ်စုကြီးများ ဖြစ်သည့် ကျီမျိုးနွယ်စုနှင့် ရဲ့မျိုးနွယ်စု တို့သည် အစပိုင်းတွင် ငြင်းပယ်ခဲ့ကြ၏။
ဆိုရလျှင် နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ ကျီမျိုးနွယ်စုနှင့် ရဲ့မျိုးနွယ်စု ကဲ့သို့ မျိုးနွယ်စုကြီးများသည် ကိုယ့်ကိစ္စကို ကိုင်တွယ်ရသည်ကို ကျင့်သားရနေခဲ့ကြပြီး လူသားဧကရာဇ်တစ်ပါးကို ထောက်ခံကာ ထိုသူ၏ ထိန်းချုပ်မှု ခံရမည်ကို သိသိသာသာပင် မလိုလားခဲ့ကြပေ။
ထိုအတွက်ကြောင့် လူသားဧကရာဇ် ပြန်လည်တင်မြှောက်မည့်အဆိုကို လူတိုင်း သဘောတူလက်ခံနိုင်အောင် ကျန်းမျိုးနွယ်စုသည် လူသားဧကရာဇ် အလောင်းအလျာက ကျန်းမျိုးနွယ်စုတစ်စုတည်းကနေ ရွေးချယ်မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။
လူသားဧကရာဇ်နန်းတော်မှ မျိုးနွယ်စုအားလုံးသည် လူသားဧကရာဇ်ပလ္လင်အတွက် ယှဥ်ပြိုင်ရန် ပါရမီရှင်များကို စေလွှတ်နိုင်ပြီး ထိုပါရမီရှင်များထဲကနေ မျိုးဆက်သစ် လူသားဧကရာဇ်ကို ရွေးချယ်မည် ဖြစ်သည်။
ကျန်းမျိုးနွယ်စု၏ ထိုအဆိုပြုချက်သည် သံသယဖြစ်စရာပင်မလိုဘဲ ထူးခြားသော ရလဒ်များကို ရရှိခဲ့၏။
ကျန်းမျိုးနွယ်စု၏ နံပါတ်တစ် ပါရမီရှင်ကျန်းရွမ်သည် လူသားဧကရာဇ်ပလ္လင် ပေါ်ကို တက်လှမ်းရန် မျှော်လင့်ချက်အရှိဆုံးသူမှန်း သိသော်လည်း လူတိုင်းသည် ကျန်းမျိုးနွယ်စု၏ အဆိုကို သဘောတူခဲ့ကြသည်။
ယခုအခါတွင် လူသားဧကရာဇ် နန်းတော်သည် နောက်လဝက်အကြာတွင် လူသားဧကရာဇ် စစ်ဆေးပွဲ ကျင်းပရန် ဆုံးဖြတ်ထားပြီး ထိုစစ်ဆေးပွဲကနေ လူသားဧကရာဇ် အလောင်းအလျာ သုံးဦးကို ရွေးချယ်မည် ဖြစ်သည်။
ယင်းနောက်တွင် ထိုအလောင်းအလျာ သုံးဦးသည် လူသားဧကရာဇ်ရာထူး အတွက် ထပ်မံ ယှဥ်ပြိုင်ရမည် ဖြစ်၏။
ကျန်းချန်က အနည်းငယ် စဥ်းစားပြီးမှ မေးလိုက်သည်။
“ငါ့အဖေကျန်းဝူရရော ဘိုးဘွားနယ်မြေကနေ ထွက်လာပြီလား”
“အဲဒီမှာပဲ ရှိနေဦးမယ်ထင်တယ်.. သခင်လေးရဲ့အဖေက လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက ကျန်းမျိုးနွယ်စုရဲ့ ပါရမီရှင်နဲ့ နီးစပ်တဲ့ ပတ်သက်ဆက်နွှယ်မှုရှိမယ်ထင်တယ်.. တကယ်တော့ အခုတစ်ကြိမ် လူသားဧကရာဇ် တင်မြှောက်ဖို့ကိစ္စက ကျန်းရွမ်အဆိုပြုခဲ့တာပဲ.. ကျွန်တော့်ရဲ့ ခန့်မှန်းချက်သာ မမှားရင် ကျန်းရွမ်က သခင်လေးတို့ရဲ့ သွေးမျိုးဆက်ကို အတော်လေးကြောက်ရွံ့နေပုံပဲ”
ကျန်းယွိက ခေါင်းခါရမ်းလိုက်ပြီး အလေးအနက် ပြောလိုက်သည်။
“ငါနားလည်ပြီ”
ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး ကျန်းယွိကို ကြည့်လိုက်သည်။
“ကဲ မင်းပြန်လို့ရပြီ.. တကယ်လို့ ငါ့အဖေ သတင်းရရင် ငါ့ကို အမြန်ဆုံး အသိပေးဖို့ မမေ့နဲ့ဦး”
“သူက သခင်လေးအဖေ ဘိုးဘွားနယ်မြေကနေ မထွက်လာခင် လူသားဧကရာဇ်ပလ္လင် ပေါ်ကို တက်လှမ်းချင်နေပုံရတယ်”
“နောက်ထပ် လဝက်ကြာရင် လူသားဧကရာဇ်နန်းတော်ကို ငါကိုယ်တိုင် လာခဲ့မယ်”
တကယ်တမ်းတွင် ကျန်းချန်သည် လူသားဧကရာဇ် စစ်ဆေးပွဲကို သိပ်စိတ်ဝင်စားမှုမရှိပေ။
ယခုတစ်ကြိမ် သူ လူသားဧကရာဇ်နန်းတော်ကို လာရသည့်အဓိကရည်ရွယ်ချက်မှာ သူ့ဖခင် ကျန်းဝူရအတွက်သာ ဖြစ်သည်။
ထို့အပြင် လွန်ခဲ့သော နှစ်ပေါင်းသန်းချီက လူသားဧကရာဇ်နန်းတော်မှ ပေါ်ထွက်ခဲ့သည့် ကျန်းမျိုးနွယ်စုမှ အနှိုင်းမဲ့ပါရမီရှင်နှင့် သူတို့ကြားတွင် မည်သို့သော ပတ်သက်မှုမျိုး ရှိနေသည်ကို ရှာဖွေရန်လည်း ဖြစ်၏။
“သခင်လေးကျန်းချန်.. ကျန်းရွမ်ကို လူသားဧကရာဇ် ဖြစ်လာအောင် လုံးဝ ခွင့်ပြုလို့မဖြစ်ဘူး.. ကျန်းရွမ်ရဲ့ ရက်စက်တဲ့စရိုက်နဲ့သာ ဆိုရင် သူ လူသားဧကရာဇ် ဖြစ်လာတာနဲ့ သူ့ရဲ့နေရာကို ခြိမ်းခြောက်နိုင်တဲ့ သူတွေအားလုံးကို ရှင်းလင်းပစ်မှာ အသေအချာပဲ.. အထူးသဖြင့် သခင်လေးနဲ့ သခင်လေးရဲ့အဖေကျန်းဝူရကို သူလုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”
ကျန်းချန်က လူသားဧကရာဇ်ရာထူးအား အရေးမစိုက်သလို ဖြစ်နေသည်ကိုမြင်လျှင် ကျန်းယွိသည် မနေနိုင်ဘဲ အလျင်အမြန် သတိပေးလိုက်သည်။
နတ်ဘုရင် အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းယွိသည် ကျန်းရွမ်နှင့် ယှဥ်ပြိုင်ရန် လုံလောက်ပြီဟု ထင်ခဲ့ပြီး သွားရောက် ယှဥ်ပြိုင်ခဲ့သော်လည်း ကျန်းရွမ်၏ လက်ထဲတွင် အလွယ်တကူပင် ရှုံးနိမ့်ခဲ့ရသည်။
ထိုအချိန်မှပင် ကျန်းရွမ်၏ ခွန်အားသည် သူစိတ်ကူးထားသည်ထက် များစွာ သာလွန်နေမှန်း ကျန်းယွိ သဘောပေါက်သွားခဲ့သည်။
ဆိုရလျှင် လူသားဧကရာဇ်ရာထူး အတွက် ကျန်းရွမ်နှင့် ယှဥ်ပြိုင်ဖို့ ဆိုသည်မှာ သူ့အတွက် လုံးဝ မဖြစ်နိုင်သလောက်ပင်။
ကျန်းရွမ်သာ လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ်ဖြစ်လာခဲ့လျှင် ယင်းသည် သူ့အတွက် သတင်းကောင်း မဟုတ်ပေ။
သူ့အနေဖြင့် ကျန်းချန်ဆီ သတင်းပေးပို့ရသည့် နောက်ထပ်အရေးကြီးသော အကြောင်းအရင်းမှာ ကျန်းရွမ် လူသားဧကရာဇ် ဖြစ်မလာစေရန် ကျန်းချန်ကို အသုံးချဖို့ မျှော်လင့်နေခြင်းကြောင့် ဖြစ်သည်။
“မင်းအရင်ပြန်နှင့်ပြီး ငါ့အဖေကို ဆက်သွယ်နိုင်မဲ့ နည်းလမ်းကို ရှာကြည့်ပါ.. လူသားဧကရာဇ်ရာထူးနဲ့ ပတ်သက်လို့ကတော့ နောက်လဝက်အကြာမှာ ကျင်းပမဲ့ လူသားဧကရာဇ်စစ်ဆေးပွဲ အထိ စောင့်ကြည့်ကြတာပေါ့”
ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်း တစ်ခု လင်းလက်သွားခဲ့သည်။
ယနေ့တွင် သူသည် မည်သူမဆို လာရောက်နှိပ်စက်နိုင်သည့် အားနည်းသူ တစ်ယောက် မဟုတ်တော့ပေ။
ကျန်းရွမ် တစ်ယောက်တည်းလောက်ကို မပြောနှင့်၊ လူသားဧကရာဇ်နန်းတော် တစ်ခုလုံး ဖြစ်နေလျှင်ပင် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ မလှုပ်ရှားသရွေ့ မည်သူမှ သူ့ကို အလွယ်တကူ ဒုက္ခပေးနိုင်မည် မဟုတ်ချေ။
ကျန်းရွမ်သာ သူ့ကို လာမနှောင့်ယှက်လျှင် ကိစ္စမရှိသော်လည်း အကယ်၍ သူ့ကို ပြဿနာလာရှာမည် ဆိုလျှင် လူသားဧကရာဇ်ရာထူးကို ကျန်းရွမ်၏ လက်ထဲကနေ လုယူရန် သူဝန်လေးနေမည် မဟုတ်ပေ။
“ကောင်းပါပြီ.. တကယ်လို့ သခင်လေးကျန်းချန် ညွှန်ကြားစရာရှိရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်လိုက်ပါ”
ကျန်းယွိသည် စကားများစွာ ပြောမနေတော့ဘဲ ကျန်းချန်၏ ရှေ့ကနေ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ကျန်းယွိ ထွက်သွားသည်ကို မြင်ပြီးနောက်တွင် ကျန်းချန်သည် မျက်လုံးကို မှိတ်လိုက်ပြီး စတင် ကျင့်ကြံလိုက်၏။
မည်သို့ပင်ဖြစ်စေကာမူ ဤတစ်ကြိမ်တွင် လူသားဧကရာဇ်နန်းတော်ကို သွားပြီး သူ့ဖခင်ကျန်းဝူရကို ရှာဖွေရလိမ့်မည် ဖြစ်သည်။
ထို့အပြင် သူနှင့် လူသားဧကရာဇ်နန်းတော်ကြားတွင် ရှင်းစရာရန်ကြွေးများ ရှိနေသေးသည် မဟုတ်ပါလား။
အခန်း(၂၂၇၈)ပြီး၏။