အခန်း (၂၃၇၉-၂၃၈၀)
Vol. 168 Ch. 2379-2380
အခန်း(၂၂၇၉)
ကျန်းချန်၏ တိတ်တဆိတ် ကျင့်ကြံမှုအောက်တွင် လဝက်ဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
မကြာမီမှာပင် လူသားဧကရာဇ် နန်းတော်ကနေ လူသားဧကရာဇ်စစ်ဆေးပွဲ ကျင်းပပြီး လူသားဧကရာဇ် အလောင်းအလျာ ရွေးချယ်မည့်နေ့သို့ ရောက်ရှိလာခဲ့၏။
ကျန်းချန်က ကျန်းယွိထံကနေ သတင်းရရှိပြီးနောက် တည်းခိုခန်းကနေ ထွက်ခွာလာခဲ့ပြီး လူသားဧကရာဇ်မြို့၏ မြို့လယ်ရှိ လူသားဧကရာဇ်နန်းတော် ဆီသို့ ထွက်လာခဲ့သည်။
လူသားဧကရာဇ်နန်းတော် ဆိုသည်မှာ နတ်ကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်စု၏ အင်အားအကောင်းဆုံး အဖွဲ့အစည်း ဖြစ်သည်။
ထိုအင်အားစုသည် လူသားမျိုးနွယ်စု၏ ဘိုဘေး ဖြစ်သည့် ပထမမြောက် လူသားဧကရာဇ် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး နတ်ဘုရားနယ်မြေရှိ လူသားမျိုးနွယ်စု အားလုံးနှင့် လူသားဧကရာဇ်မြို့ တစ်ခုလုံးကို အုပ်ချုပ်သော အဖွဲ့အစည်းလည်း ဖြစ်သည်။
လူသားဧကရာဇ်နန်းတော်သည် ၎င်းတို့၏ အထွတ်အထိပ်ကာလတွင် နတ်ကုန်းမြေတိုက်၏ အင်အားအကြီးဆုံး အုပ်စိုးသူအဆင့် အင်အားစုများထဲမှ တစ်စု ဖြစ်ခဲ့သည်။
အထူးသဖြင့် ရှေးခေတ်ကာလက မဟာကပ်ဘေး အပြီးတွင် လူသားဧကရာဇ်နန်းတော်သည် နတ်ကုန်းမြေတိုက် တစ်ခုလုံးကို အုပ်စိုးခဲ့ဖူးသည် တစ်ဦးတည်းသော အုပ်စိုးသူအဆင့်ကျင့်ကြံသူကို မွေးထုတ်ပေးနိုင်ခဲ့သည်။
သို့သော်လည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ကျူးကျော်မှုကို တွန်းလှန်ရင်း ထိုအုပ်စိုးသူအဆင့် ကျင့်ကြံသူသည် အဆုံးသတ်တွင် အသက်ဆုံးရှုံးခဲ့ရသည်။
ထိုအချိန်မှစ၍ လူသားဧကရာဇ်နန်းတော်၏ အင်အားသည် အပြင်းအထန် ထိခိုက်သွားခဲ့သည်။
နောက်ပိုင်းကာလများတွင် ကျန်းမျိုးနွယ်စုသည် လူသားဧကရာဇ်များကို ဆက်လက် တင်မြှောက်ခဲ့သော်လည်း ပါရမီထူးချွန်သည့် လူသားဧကရာဇ် တစ်ဦးတစ်လေမျှ ထွက်ပေါ်မလာခဲ့ပေ။
ထို့ကြောင့်လည်း လူသားဧကရာဇ်နန်းတော်၏ အရှိန်အဝါသည် တစ်နေ့ထက်တစ်နေ့ ကျဆင်းလာခဲ့ရ၏။
ဤသို့ဖြင့် အချိန်ကာလတစ်ခု အရောက်တွင် ကျန်းမျိုးနွယ်စုကနေ လူသားဧကရာဇ် အရိုက်အရာကို ဆက်ခံနိုင်သည့် ထူးချွန်သော တပည့်တစ်ဦးတစ်လေမှ မွေးဖွားမလာခဲ့သဖြင့် လူသားဧကရာဇ်ရာထူးသည် လစ်လပ်သွားခဲ့တော့သည်။
လူသားဧကရာဇ် မရှိတော့သည့်နောက်တွင် လူသားဧကရာဇ်နန်းတော်သည် ခေါင်းဆောင်မဲ့သွားခဲ့ပြီး ဝါးအစည်းပြေသကဲ့သို့ ပြိုကွဲလာခဲ့သည်။
လူသားမျိုးနွယ်စု၏ အင်အားစု အများအပြားသည်လည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ လှုပ်ရှားလာခဲ့ကြပြီး ကျန်းမျိုးနွယ်စု၏ အမိန့်များကို နာခံခြင်း မရှိတော့ပေ။
ယနေ့တွင်မူ လူသားဧကရာဇ်နန်းတော်သည် အမည်ခံမျှသာ ကျန်ရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်နေချေပြီ။
ဆိုရလျှင် ကျန်းမျိုးနွယ်စုမှလွဲ၍ လူသားဧကရာဇ်မြို့ရှိ အခြားသော လူသားအင်အားစု အနည်းငယ်သာလျှင် လူသားဧကရာဇ်နန်းတော်သို့ လာရောက်ကြတော့သည်။
သို့သော်လည်း ယနေ့တွင်မူ နှစ်ပေါင်းများစွာ တိတ်ဆိတ်နေခဲ့သော လူသားဧကရာဇ်နန်းတော်သည် အဆုံးသတ်တွင် တစ်ဖန် ပြန်လည် စည်ကားလာခဲ့ပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယခုတစ်ကြိမ်တွင် လူသားဧကရာဇ်နန်းတော်သည် လူသားဧကရာဇ် အသစ်တစ်ဦးကို တင်မြှောက်မည် ဖြစ်ပြီး ထိုနေရာအတွက် ကျန်းမိသားစု သာမက လူသားဧကရာဇ်မြို့ရှိ လူသားအင်အားစု အားလုံး ပါဝင်ယှဥ်ပြိုင်နိုင်သောကြောင့်ပင်။
အထူးသဖြင့် လူသားဧကရာဇ်မြို့၏ ထိပ်သီး မျိုးနွယ်စုကြီးများ ဖြစ်ကြသည့် ကျီမျိုးနွယ်စုနှင့် ရဲ့မျိုးနွယ်စု တို့သည် လူသားဧကရာဇ်ရာထူး အတွက် ယှဥ်ပြိုင်လိုခဲ့ကြသည်။
ထို့အပြင် လူသားဧကရာဇ်တစ်ပါး ပေါ်ထွက်လာသည်နှင့် လူသားဧကရာဇ်မြို့ရှိ လူသားအင်အားစုများ အကြားတွင် အင်အား ပြန်လည်ချိန်ညှိမှုများ မုချ ဖြစ်လာပေလိမ့်မည်။
လူသားဧကရာဇ်ရာထူး အတွက် ပါဝင်ယှဥ်ပြိုင်ရန် အရည်အချင်း မပြည့်မီသော အင်အားစုများပင်လျှင် ထိုအင်အားချိန်ညှိမှုအတွင်း အကျိုးအမြတ်များ ရရှိရန် မျှော်လင့်ချက်ဖြင့် ပါဝင်လိုခဲ့ကြသည်။
ကျန်းချန်က လူသားဧကရာဇ်မြို့၏ လမ်းမပေါ်တွင် လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ရှိ လူအများအပြားက လူသားဧကရာဇ်နန်းတော် ဆီသို့ အပြေးအလွှား သွားရောက်နေကြသည်ကို တွေ့ရှိခဲ့ရသည်။
၎င်းတို့သည် လူသားဧကရာဇ်နန်းတော်တွင် ကျင်းပမည့် လူသားဧကရာဇ်စစ်ဆေးပွဲသို့ ပါဝင်ဆင်နွှဲရန် သွားရောက်ကြသည့် လူသားအင်အားစုများ ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။
ကျန်းချန်ကလည်း လူအုပ်ထဲတွင် ရောနှောကာ လူသားဧကရာဇ်နန်းတော် ဆီသို့ လိုက်ပါသွားခဲ့သည်။
မကြာမီမှာပင် သူ၏ အနောက်ဘက်တွင် ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာခဲ့ပြီး လမ်းပေါ်တွင် သွားလာနေသော မရေမတွက်နိုင်သည့် လူများသည် ဦးစားပေးကာ လမ်းဖယ်ပေးလိုက်ကြသည်။
ကျန်းချန်က အနည်းငယ် အံ့အားသင့်ပြီး အနောက်ဘက်သို့ လှည့်ကြည့်လိုက်၏။
ထိုအခါ သန်မာသော အရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် လူငယ်တချို့က လမ်းမထက်တွင် ဝင့်ကြွားစွာ လျှောက်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူငယ်များ၏ ခန္ဓာကိုယ်တွင် ကျီမျိုးနွယ်စု၏ သွေးမျိုးဆက် အရှိန်အဝါများ ထွက်ပေါ်နေခဲ့၏။
အထူးသဖြင့် ရှေ့ဆုံးကနေ ဦးဆောင်လာသည့် အေးစက်စက်မျက်နှာထားရှိသော လူငယ်သည် ကျန်းချန်နှင့် မစိမ်းပေ။
ဆိုရလျှင် ထိုလူငယ်သည် အရှေ့ဘက်ဒေသကို ရောက်လာခဲ့ဖူးသည့် ကျီမျိုးနွယ်စုမှ ပါရမီရှင် ကျီချန်းယဲ့ပင် ဖြစ်သည်။
ကျီမျိုးနွယ်စုသည် လူသားဧကရာဇ်မြို့၏ ထိပ်သီး မျိုးနွယ်စုများထဲမှ တစ်စု ဖြစ်ပြီး ကျန်းမျိုးနွယ်စု ပြီးလျှင် ဒုတိယနေရာ၌ ရှိသည်။
ကျီချန်းယဲ့သည် ကျီမျိုးနွယ်စု၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် ထိပ်ဆုံးဆယ်ဦးစာရင်း၌ ပါဝင်၏။
ထို့ကြောင့်လည်း လူသားဧကရာဇ်မြို့မှ လူများသည် ကျီချန်းယဲ့ကို မြင်ရုံနှင့် လမ်းဖယ်ပေးလိုက်ကြခြင်း ဖြစ်သည်။
ကျန်းချန်က ကျီချန်းယဲ့တို့ လူစုကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ကျီချန်းယဲ့တို့ လူစု သွားလာနိုင်ရန် အတွက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်သည်။
ယခုတစ်ကြိမ် လူသားဧကရာဇ်မြို့တော်သို့ သူ လာရောက်ရသည့် ရည်ရွယ်ချက်မှာ ကျီမျိုးနွယ်စုနှင့် ကျီချန်းယဲ့ အတွက်မဟုတ်သဖြင့် ကျီချန်းယဲ့နှင့် အချိန်ဖြုန်းလိုခြင်း မရှိခဲ့ပေ။
“ကျန်းချန် မင်းကိုး”
သို့သော်လည်း ကျန်းချန် နောက်ဆုတ်ရန် ပြင်လိုက်စဥ်မှာပင် မယုံကြည်နိုင်စရာ ရေရွတ်လိုက်သော အသံတစ်သံသည် ကျန်းချန်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
အသံပိုင်ရှင်မှာ ကျီချန်းယဲ့ ဖြစ်ပြီး ကျီချန်းယဲ့သည် ကျန်းချန် ရှိနေသည်ကို တွေ့ရှိသွားခဲ့၏။
ကျီချန်းယဲ့က သူ့ကို တွေ့သွားပြီ ဖြစ်၍ ကျန်းချန်သည်လည်း ရှောင်မနေတော့ပေ။
သူက ကျီချန်းယဲ့ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
“ကျီချန်းယဲ့ ငါတို့ပြန်ဆုံကြပြီ”
“ကျီချန်းယဲ့နဲ့ စကားပြောနေတဲ့ ကောင်လေးက ဘယ်သူလဲ"
"သူ့ဆီမှာ ကျန်းမျိုးနွယ်စုရဲ့ သွေးမျိုးဆက်အရှိန်အဝါ ရှိနေပုံထောက်တော့ သူကလည်း ကျန်းမျိုးနွယ်စုဝင် တစ်ယောက်ပဲ ဖြစ်ရမယ်”
“ဟုတ်လို့လား.. ကျန်းမျိုးနွယ်စု တစ်ခုလုံးမှာ ကျီချန်းယဲ့ မျက်စိထဲ ထည့်တာဆိုလို့ ကျန်းရွမ်နဲ့ ကျန်းယွိ တို့ပဲ ရှိတာ မဟုတ်ဘူးလား"
"ကျန်းမျိုးနွယ်စုမှာ နောက်ထပ် ပါရမီရှင်တစ်ယောက် ရှိတယ်လို့ ငါတစ်ခါမှ မကြားမိဘူး”
“..........”
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း တီးတိုးပြောဆိုနေခဲ့ကြသည်။
“ကျန်းချန်.. မင်းလူသားဧကရာဇ်မြို့ကို လာရဲတဲ့သတ္တိ ရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ကျီချန်းယဲ့က ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းများတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။
ထို့နေ့က သူနှင့် လုံကျိုးဟန်တို့ ပူးပေါင်းပြီး အရှေ့ဘက်ဒေသ ကျီမျိုးနွယ်စုကို ကိုင်တွယ်ရန် ကြိုးပမ်းမှု ကျရှုံးခဲ့ပြီးနောက်တွင် သူတို့သည် ကျန်းချန်ကို ကြားဖြတ်တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန်သည် ထာဝရဟင်းလင်းပြင် ထဲသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ထို့နောက်တွင် ကျီချန်းယဲ့သည် အလယ်ပိုင်းဒေသသို့ ပြန်လာခဲ့ပြီး ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုနှင့်ပူးပေါင်းကာ ဆန်းကြယ်နတ်မျိုးနွယ်စုသို့ သွားရောက်ပြီး ကျန်းချန်၏ တည်နေရာကို တွက်ချက်ခိုင်းခဲ့သည်။
ကျန်းချန်၏ တည်နေရာကို သိရပြီးနောက်တွင် ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးကို စေလွှတ်ခဲ့သော်လည်း ထိုသူသည် ထာဝရဟင်းလင်းပြင် ထဲတွင် ကျဆုံးသွားခဲ့သည်။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ ကြိုးပမ်းမှုကျဆုံးသွားပြီးနောက်တွင် ကျီမျိုးနွယ်စုသည် ထပ်မံ လှုပ်ရှားရန် ပြင်ဆင်နေစဥ်မှာပင် ကျန်းချန်သည် နတ်ကုန်းမြေတိုက်သို့ ရောက်ရှိလာခဲ့ပြီး အလယ်ပိုင်းဒေသတွင် ပေါ်လာခဲ့သည်။
ကျန်းချန်သည် ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စု၏ ကောင်းကင်နတ်ဘုရားမနှင့် အတော်လေး ရင်းနှီးရုံသာမက ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုအတွင်း ပထမဆုံးတိုက်ပွဲတွင် လုံကျိုးဟန်ကိုပင် အနိုင်ယူခဲ့သည်။
ကျီမျိုးနွယ်စု အနေဖြင့် ကျန်းချန်ကို ကိုင်တွယ်လိုလျှင် နတ်ဘုရင် သတ္တမအဆင့် မွန်းစတားအိုကြီးများကို စေလွှတ်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
ထိုအချိန်တွင် လူသားဧကရာဇ် နန်းတော်သည် လူသားဧကရာဇ်တင်မြှောက်မည့် ကိစ္စကို စတင်ဆွေးနွေးနေပြီ ဖြစ်၍ ကျီမျိုးနွယ်စုသည် လူသားဧကရာဇ်စစ်ဆေးပွဲ အတွက် ပြင်ဆင်ရန် ကျန်းချန်ကို ရှင်းလင်းမည့် အစီအစဥ်အား ခေတ္တလက်လျော့ထားခဲ့သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ကျီချန်းယဲ့.. ဒီလူသားဧကရာဇ်မြို့က လူသားမျိုးနွယ်စုရဲ့ ဘိုးဘေး တည်ထောင်ခဲ့တဲ့မြို့ပဲ.. လူသားမျိုးနွယ်စု ဖြစ်တဲ့ ဘယ်သူမဆို ဒီမြို့ကို ဝင်ရောက်ခွင့်ရှိတယ်.. ငါက ဘာလို့မလာနိုင်ရမှာလဲ”
ထိုစကားကို ကြားလျှင် ကျီချန်းယဲ့၏ မျက်ဝန်းများသည် အနည်းငယ် မှေးကျဥ်းသွားခဲ့သည်။
ကျန်းချန်သည် ကျီမျိုးနွယ်စုနှင့် ကျန်းမျိုးနွယ်စု နှစ်ခုလုံး၏ သွေးမျိုးဆက် ရှိသဖြင့် လွန်ခဲ့သော နှစ်ပေါင်းသန်းချီက ပါရမီရှင်နှစ်ဦး၏ မျိုးဆက် ဖြစ်နိုင်ခြေ အလွန်များသည်။
ထို့အပြင် ကျန်းချန်သည် လူသားဧကရာဇ် ပြန်လည်တည်ထောင်မည့် သတင်းကိုလည်း ရရှိထားပုံရ၏။
ထို့ကြောင့် ကျန်းချန်၏ ယခု ခရီးစဥ်သည် လူသားဧကရာဇ်ရာထူး အတွက် ဖြစ်နိုင်ခြေ အလွန်များနေခဲ့သည်။
အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စု၏ နံပါတ်တစ် ပါရမီရှင် အနေဖြင့် ကျီချန်းယဲ့သည် လွန်ခဲ့သော နှစ်ပေါင်း သန်းချီက အဖြစ်အပျက်များကို သဘာဝကျစွာပင် နှံ့နှံ့စပ်စပ် သိရှိထားခဲ့သည်။
ဆိုရလျှင် ယခုတစ်ကြိမ် လူသားဧကရာဇ်ရာထူးကို မည်သူမဆို ဆက်ခံနိုင်သော်လည်း ကျန်းချန်တော့ လုံးဝ ဖြစ်၍မရပေ။
ထိုသို့မဟုတ်ဘဲ ကျန်းချန်သာ လူသားဧကရာဇ် ဖြစ်လာခဲ့လျှင် ယင်းသည် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စု အတွက် သတင်းကောင်း ဖြစ်လာလိမ့်မည် မဟုတ်ချေ။
အခန်း(၂၂၇၉)ပြီး၏။
အခန်း(၂၂၈၀)
“ကျန်းချန်.. အရှေ့ပိုင်းဒေသမှာတုန်းက မင်းမတော်တဆ လွတ်မြောက်သွားခဲ့တယ်.. ဒါတောင် မင်းက လူသားဧကရာဇ်မြို့တော်ကို လာရဲသေးတယ်.. ကြည့်ရတာ မင်းရဲ့အသက်ကို မနှမြောပုံပဲ”
ကျီချန်းယဲ့က ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းများတွင် လူသတ်ငွေ့များ ယှက်သန်းသွားခဲ့သည်။
ကျန်းချန် တည်ရှိနေခြင်းသည် အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုအတွက် အလွန်တရာ ကြီးမားသော အန္တရာယ်တစ်ခုဖြစ်သည်မှာ သေချာ၏။
ယနေ့တွင် ကျန်းချန်က လူသားဧကရာဇ်မြို့တော်သို့ ရောက်နေပြီ ဖြစ်ရာ သူ့အနေဖြင့် မည်ကဲ့သို့ အလွယ်တကူ လွှတ်ပေးနိုင်ပါအံ့နည်း။
“ကျီချန်းယဲ့.. မင်း ငါ့ကို အရင်တုန်းက ကျန်းချန်လို့ ထင်နေတာလား”
ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။
“ငါ ဒီနေ့ မင်းအတွက် လာတာမဟုတ်ဘူး.. မင်းမသေချင်ဘူးဆိုရင် ငါ့ရှေ့ကနေ ချက်ချင်း ထွက်သွားလိုက်တော့”
“ကျန်းချန်.. ရှေးဟောင်းနတ်ဖီးနစ် မျိုးနွယ်စုမှာ လုံကျိုးဟန်ကို အနိုင်ယူခဲ့တာနဲ့ ငါ့ရှေ့မှာ လာပြီး ရမ်းကားလို့ရမယ်လို့ မထင်နဲ့”
စကားဆုံးသည်နှင့် ကျီချန်းယဲ့၏ ခန္ဓာကိုယ်ကနေ နတ်ဘုရင် စတုတ္ထအဆင့် အရှိန်အဝါသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။
အလယ်ပိုင်းဒေသ ပါရမီရှင်ဆယ်ဦး စာရင်းတွင် သူ၏ အဆင့်သည် လုံကျိုးဟန်ထက် တစ်ဆင့်နိမ့်သော်လည်း ကျီချန်းယဲ့သည် သူ့ကိုယ်သူ လုံကျိုးဟန်ထက် အားနည်းသည်ဟု မထင်ခဲ့ပေ။
အထူးသဖြင့် မကြာသေးသော ကာလအတွင်း လူသားဧကရာဇ်ရာထူးကို ယှဥ်ပြိုင်နိုင်ရန် အတွက် အလယ်ပိုင်းဒေသကျီမျိုးနွယ်စုသည် မရေမတွက်နိုင်သော အရင်းအမြစ်များကို အကုန်အကျ ခံခဲ့သဖြင့် သူက နတ်ဘုရင် စတုတ္ထအဆင့်သို့ပင် ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်သည်။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် အလယ်ပိုင်းဒေသ ပါရမီရှင်စာရင်းတွင် ထိပ်ဆုံးသုံးဦး စာရင်းဝင်ရန်ပင် သေချာပေါက်လုံလောက်၏။
သူက ကျန်းမျိုးနွယ်စုမှ ကျန်းရွမ်ကိုပင် ယှဥ်တိုက်ခိုက်နိုင်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည် ဖြစ်ရာ ကျန်းချန်ကို မည်ကဲ့သို့ မျက်စိထဲ ထည့်ပါအံ့နည်း။
ကျီချန်းယဲ့က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး နတ်ဘုရင် စတုတ္ထအဆင့် အရှိန်အဝါဖြင့် ကျန်းချန်ကို ဖိနှိပ်လိုက်သည်။
“ကိုယ့်အဆင့်ကိုယ် နားမလည်တဲ့ပုံပဲ”
ကျန်းချန်က နှာခေါင်းရှုံ့ကာ ခပ်တိုးတိုး ရေရွတ်လိုက်ပြီး နတ်ဘုရင် စတုတ္ထအဆင့် အထွတ်အထိပ် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
အားကောင်းသော အရှိန်အဝါနှစ်ခုသည် လေထုထဲတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ကြသည်။
ကျီချန်းယဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် နောက်သို့ ခြေလှမ်း ဆယ်လှမ်းကျော်ခန့် ဆုတ်လိုက်ရ၏။
သူ၏ မျက်နှာ တစ်ခုလုံးသည်လည်း ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့သည်။
“နတ်.. နတ်ဘုရင် စတုတ္ထအဆင့်ပါလား.. ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကျီချန်းယဲ့က သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသည့် သူ၏ မျက်ဝန်းများတွင် ထိတ်လန့်သော အရိပ်အယောင်များ မကြုံစဖူး ဖြစ်ပေါ်နေခဲ့၏။
ထိုစဥ်က အရှေ့ဘက်ဒေသတွင် ကျန်းချန်သည် ထူးခြားသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ကျင့်ကြံခြင်းအဆင့်ကမူ ကောင်းကင်အရှင် အဆင့်တွင်သာ ရှိနေသေး၏။
ယင်းကြောင့် သူ၏ နတ်ဘုရင်တတိယအဆင့် ခွန်အားဖြင့် ကျန်းချန်ကို အလွယ်တကူပင် အနိုင်ရခဲ့သည်။
သို့သော်လည်း နှစ်အနည်းငယ် အတွင်းမှာပင် ကျန်းချန်သည် နတ်ဘုရင် အဆင့်ကို ထိုးဖောက်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထို့အပြင် ကျန်းချန်သည် တစ်ထိုင်တည်းဖြင့် နတ်ဘုရင် စတုတ္ထ အဆင့်ကိုပင် ရောက်ရှိသွားခဲ့၏။
ကျင့်ကြံခြင်းအဆင့် တစ်ခုတည်းကို ကြည့်လျှင်ပင် ကျန်းချန်သည် နတ်ဘုရင် စတုတ္ထအဆင့်ကို သိပ်မကြာခင်ကမှ ထိုးဖောက်ထားသည့် သူ့ထက်ပင် ပိုမို မြင့်မားနေခဲ့သည်။
“ကျန်းချန် ငါမင်းကို အထင်သေးခဲ့မိပြီထင်တယ်.. ဒီနှစ်အနည်းငယ်အတွင်း မင်းဒီလောက်အထိ တိုးတက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဘာပဲဖြစ်ဖြစ် လူသားဧကရာဇ်မြို့က မင်းရမ်းကားချင်တိုင်း ရမ်းကားလို့ရတဲ့ နေရာ မဟုတ်ဘူး”
အကယ်၍ သူသာ ကျန်းချန်နှင့် အမှန်တကယ် တိုက်ခိုက်မည်ဆိုလျှင် ကျန်းချန်ကို ရင်ဆိုင်နိုင်လိမ့်မည်ဟု တပ်အပ် မသေချာတော့ပေ။
ကျီချန်းယဲ့က ကျန်းချန်ကို မကျေမနပ် တစ်ချက် ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။
အရှေ့ဘက်ဒေသတွင် ရှိစဥ်က ကျန်းချန်နှင့် တိုက်ခိုက်ခဲ့ဖူး၍ ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို သူ သိရှိထားခဲ့သည်။
ယခုအခါတွင် သူနှင့်ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အတူတူ ဖြစ်နေပြီ ဖြစ်ရာ သူ့အနေဖြင့် ကျန်းချန်၏ ပြိုင်ဘက် မည်သို့မှ မဖြစ်နိုင်တော့ပေ။
ဆိုရလျှင် ကျန်းမိသားစုမှ ကျန်းရွမ်သည်ပင် ကျန်းချန်နှင့်ရင်ဆိုင်ရလျှင် အနိုင်ရမည်ဟု သေချာပေါက် မပြောနိုင်ချေ။
သူ့အနေဖြင့် လူသားဧကရာဇ်နန်းတော်သို့ အမြန်သွားရောက်ပြီး ဤသတင်းကို ကျန်းရွမ်အား ပြောပြကာ ကျန်းရွမ်နှင့်ပူးပေါင်း၍ ကျန်းချန်ကို ကိုင်တွယ်ရန်သာ ဆုံးဖြတ်လိုက်သည်။
သို့မဟုတ်လျှင် ကျန်းချန်က လူသားဧကရာဇ် ရာထူးအား ရရှိသွားမည်ကို သူစိုးရိမ်နေမိသည်။
ကျီချန်းယဲ့ ထွက်ခွာသွားသည်ကို မြင်သော်လည်း ကျန်းချန်သည် တိုက်ခိုက်ရန် မကြိုးစားခဲ့ပေ။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် ကျီချန်းယဲ့ကို သတ်ဖြတ်ရန် မခက်ခဲသော်လည်း ဤနေရာသည် လူသားဧကရာဇ်မြို့တော်ဖြစ်၍ ကျီချန်းယဲ့ကို သတ်လိုက်လျှင် မလိုလားအပ်သောပြဿနာအချို့ ဖြစ်ပေါ်လာနိုင်သည် မဟုတ်ပါလား။
ထို့အပြင် ယနေ့တွင် လူသားဧကရာဇ်မြို့တော်သို့ လာရောက်ရသည့် အဓိကရည်ရွယ်ချက်မှာ သူ့ဖခင် အတွက်သာ ဖြစ်၍ တခြားသော ကိစ္စများကို လျစ်လျူရှုရန် ဆုံးဖြတ်ထားခဲ့သည်။
အကယ်၍ အလယ်ပိုင်းဒေသ ကျီမျိုးနွယ်စုက အခြေအနေကို နားလည်ပြီး သူ့ကို ပြဿနာလာမရှာလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
သို့မဟုတ်လျှင် အလယ်ပိုင်းဒေသ ကျီမိသားစုကို ကြီးလေးသော အဖိုးအခတစ်ခု ပေးဆပ်စေရန် သူဝန်လေးနေမည် မဟုတ်ပေ။
ယင်းသို့ တွေးမိသည်နှင့် ကျန်းချန်သည် ထပ်မံ တွေဝေမနေတော့ဘဲ ပတ်ဝန်းကျင်ရှိ စိတ်ဝင်တစားကြည့်နေသော အကြည့်များအောက်မှာပင် လူသားဧကရာဇ်နန်းတော် ဆီသို့ တိုက်ရိုက်ပင် လျှောက်လှမ်းသွားခဲ့သည်။
“ဒီကောင်လေးက ဘယ်သူလဲ.. ကျီချန်းယဲ့တောင် သူ့ကြောင့် နောက်ဆုတ်သွားရပါလား”
“ခုနက ကျီချန်းယဲ့ ပြောတာ မင်းမကြားလိုက်ဘူးလား.. သူက ရှေးဟောင်းနတ်ဖီးနစ်မျိုးနွယ်စုမှာ လုံကျိုးဟန်ကို အနိုင်ယူခဲ့တဲ့ အနှိုင်းမဲ့ပါရမီရှင် ကျန်းချန်ပဲ”
“ဒါဆို သူက ကျန်းချန်ပေါ့.. သူက ကျန်းမျိုးနွယ်စုရဲ့သွေးမျိုးဆက် ဖြစ်နေလိမ့်မယ်လို့ ငါတကယ် မထင်ထားမိဘူး.. ဒီတစ်ကြိမ် လူသားဧကရာဇ် စစ်ဆေးပွဲမှာ ငါတို့တွေ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ် ထင်တယ်”
“............”
လူတိုင်းက ကျန်းချန် ထွက်ခွာသွားသည်ကို ငေးကြည့်ရင်း တအံ့တဩရေရွတ်လိုက်ကြသည်။
ကျီချန်းယဲ့နှင့် အနည်းငယ် ပြဿနာ ဖြစ်ပွားပြီးနောက်တွင် ကျန်းချန်သည် မည်သည့် အဟန့်အတားနှင့်မျှ ထပ်မံ မကြုံတွေ့ရတော့ဘဲ လူသားဧကရာဇ်နန်းတော် အပြင်ဘက်ရှိ ကြီးမားသော ရင်ပြင်တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
ဤအခိုက်အတန့်တွင် ရင်ပြင်ပေါ်၌ လူအမြောက်အများ စုဝေးနေခဲ့ကြပြီး ၎င်းတို့ထဲတွင် သူ့ထက် အရင်ရောက်နှင့်နေသည့် ကျီချန်းယဲ့တို့ လူစုလည်း ပါဝင်၏။
ကျန်းချန်က လူအုပ်ကြီးကို အကဲခတ်လိုက်ရာ ရင်ပြင်ပေါ်ရှိ လူများ၏ ခွန်အားသည် အလွန်တရာပင် သန်မာနေသည်ကို တွေ့ခဲ့ရသည်။
ထိုအထဲတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ အရေအတွက်ပင် မနည်းပေ။
ယင်းအခိုက်အတန့်တွင် ကျန်းချန်သည် အလွန်တရာအစွမ်းထက်သော အရှိန်အဝါသုံးခုက အမှောင်ထဲတွင် ပုန်းကွယ်နေသည်ကို ခံစားမိလိုက်သည်။
၎င်းတို့၏ ခွန်အားသည် အနည်းဆုံး နတ်ဘုရင် သတ္တမအဆင့်သို့ ရောက်ရှိနေပုံရ၏။
လူသားဧကရာဇ်နန်းတော်သည် လူသားဧကရာဇ် စစ်ဆေးပွဲ အတွက် အထူးပင် အလေးထားပုံရပြီး နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူ သုံးဦးကိုပင် ဖိတ်ကြားထားသည်မှာ ထင်ရှားနေခဲ့၏။
“တစ်ချိန်က နတ်ကုန်းမြေတိုက်ကို လွှမ်းမိုးခဲ့တဲ့ အင်အားစုလို့ မပြောရဘူး.. တကယ်ကို သန်မာတဲ့ ကျင့်ကြံသူတွေ စုဝေးနေတာပဲ”
ပတ်ဝန်းကျင်မှ အခြေအနေကို အကဲခတ်ပြီးနောက်တွင် ကျန်းချန်သည် စိတ်ထဲကနေ ချီးကျူးလိုက်သည်။
ဤရင်ပြင်တွင် စုဝေးနေသော အင်အားစုများပင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စု၏ အင်အားထက် မနိမ့်ကျပေ။
ထို့အပြင် ဤသည်က လူသားဧကရာဇ်နန်းတော်၏ ခွန်အားအစစ်အမှန် မဟုတ်သေးပေ။
ကံဆိုးစွာဖြင့် လူသားဧကရာဇ်နန်းတော်သည် လူသားဧကရာဇ်ကို ဆုံးရှုံးခဲ့ပြီးနောက်တွင် လူသားဧကရာဇ်နန်းတော်လက်အောက်ရှိ အင်အားစု အသီးသီးကို အင်အားစု တစ်စုတည်းအဖြစ် ပြန်လည် မစုစည်းနိုင်ခဲ့ပေ။
အကယ်၍သာ လူသားဧကရာဇ်ကို ပြန်လည် တင်မြှောက်ပြီး ထိုအင်အားစုများကို စုစည်းနိုင်ခဲ့မည် ဆိုလျှင် လူသားဧကရာဇ်နန်းတော်၏ အထွတ်အထိပ်ကာလနှင့် မနှိုင်းယှဥ်နိုင်ပင်လျှင် နတ်ကုန်းမြေတိုက်ပေါ်ရှိ မည်သည့် အင်အားစုထက်မဆို နိမ့်ကျတော့မည် မဟုတ်ပေ။
“မထင်မှတ်ဘဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ လူသားဧကရာဇ်တစ်ပါး ပြန်လည် ပေါ်ထွက်လာတော့မယ်"
"လွန်ခဲ့တဲ့နှစ်တွေမှာ လူသားဧကရာဇ်မြို့ရဲ့ အဓိက အင်အားစုတွေက တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်ပြီး အချင်းချင်း ပြန်သတ်နေခဲ့ကြတယ်.. အခုအချိန်မှာတော့ လူသားဧကရာဇ်နန်းတော်က အမည်ခံလောက်ပဲ ကျန်တော့တယ်.. ဒီအခြေအနေကို လူသားဧကရာဇ်တစ်ပါး တင်မြှောက်ပြီး ပြောင်းလဲပစ်ဖို့ အချိန်တန်ပြီ"
"လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ်ရာထူးကို ဆက်ခံဖို့ ဘယ်သူက အရည်အချင်းရှိဆုံးလို့ မင်းတို့ထင်လဲ”
“ဒါက ပြောနေစရာတောင် လိုသေးလို့လား.. ကျန်းမိသားစုရဲ့ကျန်းရွမ်က အလယ်ပိုင်းဒေသပါရမီရှင်စာရင်းမှာ ဒုတိယနေရာမှာ ရှိနေတဲ့သူပဲ.. သူက အသန်မာဆုံးနတ်ဘုရင် စာရင်းမှာတောင် ပါသေးတယ်.. လူသားဧကရာဇ်နန်းတော်မှာ သူ့ကို ယှဥ်နိုင်တဲ့သူ ဘယ်သူရှိဦးမှာလဲ"
"လွန်ခဲ့တဲ့ဆယ်စုနှစ် အနည်းငယ်က ကျန်းမျိုးနွယ်စုရဲ့ဘိုးဘွားနယ်မြေထဲ ဝင်သွားတဲ့ တစ်ယောက်ကိုလည်း မမေ့နဲ့ဦး.. သူလည်း ဘိုးဘွားနယ်မြေကနေ ထွက်လာပြီလို့ ပြောနေကြတယ်.. သူက လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီက ပါရမီရှင်နဲ့ နီးစပ်တဲ့ ပတ်သက်ဆက်နွှယ်မှု ရှိတဲ့သူပဲ”
“..........”
“အဖေက ကျန်းမျိုးနွယ်စုရဲ့ ဘိုးဘွားနယ်မြေကနေ ထွက်လာခဲ့ပြီလား”
ကျန်းချန်က ရင်ပြင်၏ ထောင့်တစ်နေရာတွင် တိတ်တဆိတ်နေရင်း ပတ်ဝန်းကျင်မှ ဆွေးနွေးပြောဆိုသံများကို ကြားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် သူ၏ မျက်ဝန်းများ၌ စူးရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။
အခန်း(၂၂၈၀)ပြီး၏။