← Chapters

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အခန်း (၅၉၅-၅၉၇)

Vol. 40 Ch. 595-597

အခန်း (၅၉၅) - ဂိုဏ်းချုပ် နေရာနဲ့ ထိုက်တန်သူ (၄)

~ဘေးမှ ကြည့်နေရုံမျှဖြင့် စွမ်းအားရှင်များသည် သူတို့၏ အသားအရည်ကို အပ်ဖြင့် ထိုးဆွနေသကဲ့သို့ စူးရှသော ဓားဆန္ဒများကို ခံစားလိုက်ရသည်။ နင်ချီ ရင်ဆိုင်နေရသော ဖိအားသည် မည်မျှ ကြီးမားမည်ကို တွေးကြည့်၍ပင် ရနိုင်သည်။

သို့သော် နင်ချီသည် မတုန်လှုပ်ပေ။ သူ့ တစ်ကိုယ်လုံးသည် သဟဇာတ ဖြစ်တည်နေပြီး မည်သည့် စည်းမျဉ်း ဥပဒေမှ ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိသည့်အလား တည်ငြိမ်နေလေ၏။

ဓားဘိုးဘေးကြီး နောက်တစ်ကြိမ် လှုပ်ရှားလိုက်သည်။ ဓား စည်းမျဉ်း တစ်ခုကို အသုံးပြုပြီး ထပ်မံ ခုတ်ပိုင်းလိုက်သည်။

သို့သော် ဤတစ်ကြိမ်တွင် သူ့ ခန္ဓာကိုယ် ပတ်လည်ရှိ ဓားဆန္ဒများနှင့် ပေါင်းစပ်သွားပြီး၊ ဓား စည်းမျဉ်း စွမ်းအားမျှင်သည် သက်ရှိ တစ်ကောင်ကဲ့သို့ လှုပ်ရှား လျင်မြန်လာလေ၏။

ဟင်းလင်းပြင် တစ်ခုလုံးတွင် ဤ ဓား စည်းမျဉ်း တစ်ခုတည်းသာ တည်ရှိခွင့် ရသကဲ့သို့၊ အခြား မည်သည့် အရာမှ ဝင်ရောက်ခွင့် မရနိုင်တော့သည့်အလား။

နင်ချီ၏ မျက်လုံးများ အရောင်လက်သွားသည်။

ဓားဘိုးဘေးကြီးသည် နောက်ဆုံးတွင် 'ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း' ၏ စွမ်းအားကို ထုတ်ဖော်ပြသလိုက်ပြီ။ စွမ်းအား တစ်ဝက်ခန့်သာ ထုတ်သုံးထားသော်လည်း သူ လေ့လာသင်ယူရန် လုံလောက်နေပြီ ဖြစ်သည်။

နင်ချီ လက်ကို မြှောက်လိုက်ပြီး ပြန်လည် ခုတ်ပိုင်းလိုက်သည်။

ဓား စည်းမျဉ်း နှစ်ခုသည် ဟင်းလင်းပြင်ထဲမှ တဟုန်ထိုး တိုးထွက်လာပြီး ဓားဘိုးဘေးကြီး၏ ဓားချက်ကို ခံ‌ဆောင် တိုက်ခိုက်လိုက်သည်။

ကြည့်ရှုနေသူများ အံ့သြသွားကြ၏။

စောစောက မင်းရှင်း ခန်းမဆောင်ထဲတွင် ဓားဘိုးဘေးကြီးက ဟင်းလင်းပြင် စည်းမျဉ်းများကို ပိတ်လှောင်လိုက်သည့် ကြောက်မက်ဖွယ် ခံစားမှုကို သူတို့ ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ နင်ချီက ဟင်းလင်းပြင်ထဲမှ ကိုယ်ပိုင် ဓား စည်းမျဉ်းကို ဆွဲထုတ်နိုင်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။

နင်ချီ၏ ဓားတာအို စည်းမျဉ်းများသည်လည်း အသိဉာဏ် ရှိသကဲ့သို့ လှုပ်ရှားနေကြ၏။ တစ်ခုက တည့်တည့် တိုက်ခိုက်ပြီး၊ ကျန်တစ်ခုက ဘေးမှနေ၍ မြွေတစ်ကောင်လို ရစ်ပတ် တိုက်ခိုက်နေသည်။

သူ နှစ်ခု ထုတ်သုံးရခြင်းမှာ ဓားဘိုးဘေးကြီး ရှင်းပြသော 'ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း' သဘောတရားကို သူ ပထမဆုံး ကြားဖူးခြင်း ဖြစ်ပြီး၊ ၎င်းသည် သူ့အတွက် လမ်းသစ် တစ်ခု ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။

ဓားဘိုးဘေးကြီး၏ ဓားတာအို ပါရမီသည် အလွန် ထူးကဲကြောင်း နင်ချီ ဝန်ခံရပေမည်။

အကယ်၍ သူသာ ဤနည်းစနစ်ကို သင်ယူနိုင်ခဲ့လျှင် 'နယ်မြေများ ပင်လယ်' မှ စည်းမျဉ်းများကို ဖြတ်တောက် ရယူပြီး သူ့ကိုယ်ပိုင် အဖြစ် ပြောင်းလဲရာတွင် ချက်ချင်း အသုံးပြုနိုင်ပေလိမ့်မည်။

ထို့ကြောင့် သူသည် တိုက်ခိုက်ရင်း တစ်ပြိုင်နက်တည်း ခံစား၊ နားလည်၊ သင်ယူ လိုခြင်း ဖြစ်သည်။

ထင်ထားသည့် အတိုင်းပင်... ဓား စည်းမျဉ်းများ ထိပ်တိုက် တွေ့ဆုံသွားကြ၏။ သာမန် ဓား စည်းမျဉ်း တစ်ခုသည် ဓားဘိုးဘေးကြီး၏ ဓားတာအို စည်းမျဉ်းကို ယှဉ်နိုင်စွမ်း မရှိပေ။

ဓားဘိုးဘေးကြီး၏ ဓားသည် ပြိုင်ဘက်ကင်း နတ်ဘုရား လက်နက် တစ်ခု ဖြစ်နေပြီး၊ သူ့ ဓားကမူ သာမန် ဓားတစ်လက်မျှသာ ဖြစ်နေသည်။

အသက်ရှူချိန် အနည်းငယ်မျှ တောင့်ခံပြီးနောက် ဓားဘိုးဘေးကြီး၏ ဓားချက်အောက်တွင် ပြတ်တောက်သွားလေ၏။

တူညီသော စည်းမျဉ်းကို အသုံးပြုပြီး တိုက်ခိုက်ရာတွင် နင်ချီ ပထမဆုံး အကြိမ် အရေးနိမ့်သွားခြင်း ဖြစ်သည်။

ယဲ့မိသားစု စွမ်းအားရှင် လေးဦးနှင့် တိုက်ခိုက်စဉ်က သူ၏ စည်းမျဉ်း နားလည်မှုသည် သူတို့ထက် သာလွန်နေသဖြင့် သူတို့၏ စည်းမျဉ်းများကို ချေဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် နင်ချီတွင် ဓားဘိုးဘေးကြီးကို ပြန်လည် တုံ့ပြန်နိုင်မည့် နည်းလမ်း မရှိသည်တော့ မဟုတ်။ သူ့တွင် ထုတ်မသုံးရသေးသော စည်းမျဉ်း အများအပြား ရှိနေသေးသည်။ ယခု တူညီသော စည်းမျဉ်းကို အသုံးပြုနေခြင်းမှာ ပိုမို နက်ရှိုင်းစွာ နားလည်သဘောပေါက်လို၍သာ ဖြစ်သည်။

နင်ချီကို အံ့သြစေသည်မှာ... သူ၏ စည်းမျဉ်း ထိန်းချုပ်မှုနှင့် နားလည်မှုသည် ဓားဘိုးဘေးကြီးအောက် နိမ့်ကျနေခြင်း မဟုတ်ဘဲ၊ 'မဟာ လမ်းစဉ်' ဆိုင်ရာ အသိအမြင် လိုအပ်ချက်သာ ဖြစ်နေခြင်းပင်။

ဓားဘိုးဘေးကြီးသည် ဓားတာအို တစ်ခုတည်းကိုသာ အထူးပြု လေ့လာခဲ့သူ ဖြစ်ပြီး၊ သူ၏ မူလဝိညာဉ်နှင့် စိတ်နှလုံး တစ်ခုလုံးကို ဓားတာအိုနှင့် တစ်သားတည်း ပေါင်းစပ်ထားသဖြင့် သဘာဝအလျောက် ပြင်းထန်သော ဓားဆန္ဒများ ကိန်းအောင်းနေခြင်း ဖြစ်သည်။

ပြတ်တောက်သွားသော ဓား စည်းမျဉ်း စွမ်းအားမျှင်မှတဆင့် နင်ချီ ခံစားလိုက်ရသော အချက်မှာ ဤအရာပင်။

မြွေတစ်ကောင်လို ရစ်ပတ်နေသော အခြား ဓားတာအို စည်းမျဉ်း စွမ်းအားမျှင်သည်လည်း နင်ချီ၏ ထိန်းချုပ်မှုအောက်တွင် ဓားဘိုးဘေးကြီးနှင့် ဆက်လက် ယှဉ်ပြိုင်နေသည်။

ဟင်းလင်းပြင်ထဲတွင် စည်းမျဉ်း နှစ်ခု မရပ်မနား ထိပ်တိုက် တွေ့ဆုံနေကြ၏။

တိတ်ဆိတ်နေသော်လည်း မိုးကြိုး ပစ်ချနေသကဲ့သို့ ပြင်းထန်နေသည်။

နင်ချီထက် ပိုအံ့သြနေသူမှာ ဓားဘိုးဘေးကြီးပင် ဖြစ်သည်။

ကျင်းရှောင်သည် စွမ်းအား (၅၀) ရာခိုင်နှုန်းကို ထုတ်သုံးထားပြီ ဖြစ်သည်။ သာမန် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' နှောင်းပိုင်း အဆင့် စွမ်းအားရှင် ဆိုလျှင် ချက်ချင်း ပြတ်တောက်သွားမည် ဖြစ်ပြီး၊ ပြီးပြည့်စုံခြင်း အဆင့် ဆိုလျှင်ပင် မခံနိုင်ပေ။

ဆရာသခင်များ တိုက်ခိုက်ရာတွင် တိုက်ကွက် တစ်ကွက်တည်းဖြင့် တစ်ဖက်လူ၏ အတိမ်အနက်ကို သိမြင်နိုင်သည်။

ပထမ စွမ်းအားမျှင်တုန်းက နင်ချီသည် အသက်ရှူချိန် အနည်းငယ်မျှ တောင့်ခံနိုင်ခဲ့၏။

ယခု ဒုတိယ စွမ်းအားမျှင်တွင်တော့ ကျင်းရှောင်သည် ယခင်နှင့် မတူသော ကွာခြားမှုကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။

သူသည် နင်ချီ၏ ဓားတာအို စည်းမျဉ်းများကို ဖြတ်တောက်နိုင်သေးသော်လည်း တဖြည်းဖြည်း ပိုမို ခက်ခဲလာနေသည်။

သူတို့ နှစ်ဦးစလုံး၏ ဓား စည်းမျဉ်းများသည် ငါးကိုက် (၁၅ ပေ) ထက် မပိုသော အရှည် ရှိကြပြီး၊ နင်ချီ၏ ဒုတိယ ဓား စည်းမျဉ်းသည် ထူးခြားသော ပါးနပ်မှုဖြင့် လှုပ်ရှားနေသည်။

ကျင်းရှောင်က ပထမ အကြိမ်တုန်းကလို အဆုံးသတ်ရန် ကြိုးစားတိုင်း နင်ချီက တိမ်းရှောင်သွားနိုင်နေလေ၏။

ပို၍ ထိတ်လန့်စရာ ကောင်းသည်မှာ... နင်ချီ၏ ဓားတာအို စည်းမျဉ်းများတွင် 'ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း' ဓားဆန္ဒ အငွေ့အသက်များ ပါဝင်လာခြင်းပင်။

ကျင်းရှောင် ချက်ချင်း သဘောပေါက်လိုက်သည်။ နင်ချီသည် တိုက်ပွဲ အတွင်းမှာပင် ဉာဏ်အလင်း ပွင့်ကာ သင်ယူနေခြင်း ဖြစ်သည်။

ထို့ကြောင့် သူတို့ နှစ်ဦးစလုံးသည် ဓား စည်းမျဉ်း စွမ်းအားမျှင်များ၏ ထိပ်ဖျားများကို အသုံးပြုပြီး တိုက်ခိုက်နေကြ၏။ အဝေးမှ ကြည့်လျှင် မြွေနှစ်ကောင် တစ်ကောင်ကို တစ်ကောင် ကိုက်ခဲ ဝါးမျိုရန် ကြိုးစားနေသကဲ့သို့ပင်။

အစပိုင်းတွင် ကျင်းရှောင်သည် နင်ချီ၏ စည်းမျဉ်း စွမ်းအားမျှင်ကို ဆက်တိုက် ဖြတ်တောက်နိုင်ခဲ့၏။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ နင်ချီ၏ ဓားတာအို စည်းမျဉ်းများသည် ဓားဘိုးဘေးကြီးကို ယှဉ်ပြိုင်နိုင်သော အရှိန်အဟုန် ရရှိလာသည်ကို ကြည့်ရှုသူများ ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။

နောက်ဆုံးတွင်... စည်းမျဉ်း စွမ်းအားမျှင် နှစ်ချောင်းစလုံး တစ်ပေခန့်သာ ကျန်ရှိတော့၏။ နင်ချီ၏ ဓားတာအို စည်းမျဉ်းသည် ဟင်းလင်းပြင်ထဲသို့ ပေါင်းစပ် ဝင်ရောက်သွားပြီး ရုတ်တရက် ပြန်လည် ပေါ်ထွက်လာကာ ဓားဘိုးဘေးကြီး၏ စည်းမျဉ်း စွမ်းအားမျှင်ကို ဖြတ်တောက်ပစ်လိုက်လေ၏။

အခန်း (၅၉၆) - နီးကပ်လာသော အထွတ်အထိပ်

~ဓား စွမ်းအား (၅၀) ရာခိုင်နှုန်း ပါဝင်သော 'စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင်' ကို နင်ချီ ဖြတ်တောက်ပစ်လိုက်သည်။

ဓားဘိုးဘေးကြီး မျက်လုံးအစုံ ပင့်ကာ နင်ချီကို ကြည့်လိုက်သည်။ ဓားသွားကဲ့သို့ စူးရှသော သူ့ အကြည့်ထဲတွင် လေးစားအားကျမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။

“မဆိုးဘူး... ငါ့ရဲ့ (၅၀) ရာခိုင်နှုန်း စွမ်းအားကို ခုခံနိုင်ရုံမကဘူး... နေရာမှာတင် ဉာဏ်အလင်းပါ ပွင့်သွားသေးတယ်... မင်းရဲ့ ပါရမီကို ငါတောင် မမီဘူး...”

“ဒါပေမဲ့ ဒီတစ်ခါတော့... ငါ့ရဲ့ စွမ်းအား (၇၀) ရာခိုင်နှုန်းကို သုံးမယ်... မင်း အဆင်သင့် ဖြစ်ပြီလား...”

နင်ချီ ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်... လမ်းညွှန်ပေးပါဦး ဓားဘိုးဘေး...”

ထို့နောက် သူတို့ နှစ်ဦး၏ တတိယအကြိမ်မြောက် ဒ စတင်လေတော့၏။

ဤတစ်ကြိမ်တွင် နင်ချီရော ဓားဘိုးဘေးကြီးပါ စည်းမျဉ်း စွမ်းအားမျှင် တစ်ချောင်းတည်းကိုသာ ထုတ်လွှတ်လိုက်သည်။

စည်းမျဉ်း စွမ်းအားမျှင်များ ချက်ချင်း ထိပ်တိုက် တွေ့ဆုံသွားကြ၏။ သူတို့၏ ဓားဆန္ဒ များသည် အလွန်အမင်း ထက်မြက်လွန်းလှသည်။

ဘေးမှ ကြည့်နေသော စွမ်းအားရှင်များသည် မျက်လုံးများ စူးရှ နာကျင်သွားသလို ခံစားလိုက်ရပြီး၊ သူတို့၏ မူလဝိညာဉ်များပင် တည့်တည့် မကြည့်ရဲတော့ပေ။

စည်းမျဉ်း စွမ်းအားမျှင် နှစ်ချောင်းသည် ဧရာမ မြွေကြီး နှစ်ကောင် ဟင်းလင်းပြင်ထဲတွင် တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေသည်။ ပတ်ဝန်းကျင်ရှိ အခြား စည်းမျဉ်း အားလုံးကို ဖိနှိပ်ထားလိုက်သဖြင့် ဟင်းလင်းပြင် တစ်ခုလုံး လေဟာနယ် ဖြစ်သွားသကဲ့သို့ပင်။

အစပိုင်းတွင် ဓားဘိုးဘေးကြီး ကျင်းရှောင်သည် သူ၏ ဓားတာအို ကျင့်ကြံမှု အရှိန်အဝါဖြင့် နင်ချီကို ဖိနှိပ်ထားနိုင်ခဲ့၏။

သို့သော် အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက်... နင်ချီ၏ ဓားတာအို စည်းမျဉ်းသည် ပြန်လည် ဦးမော့လာပြီး ကျင်းရှောင်၏ ဓားတာအိုကို ပြန်လည် ဖိနှိပ်လိုက်လေ၏။

ကြည့်ရှုနေသော စွမ်းအားရှင် အများအပြား တံတွေး မျိုချလိုက်မိကြ၏။ သူတို့ မျက်လုံး သူတို့ မယုံနိုင်အောင် ဖြစ်နေကြ၏။

ဓားဘိုးဘေးကြီးက စွမ်းအား မြှင့်တင်လိုက်တာ သေချာပါလျက်နဲ့... နင်ချီက ဘယ်လိုလုပ် အသာစီး ပြန်ရသွားတာလဲ။

နောက်ဆုံးတွင် နင်ချီ၏ ဓားတာအို စည်းမျဉ်းသည် ဓားဘိုးဘေးကြီး၏ စည်းမျဉ်းကို လုံးဝ အနိုင်ယူလိုက်ပြီး ဟင်းလင်းပြင်ကြီး ပြန်လည် ငြိမ်သက်သွားလေ၏။

ကျင်းရှောင်၏ ဆန့်တန်းထားသော လက်သည် လေထဲတွင် တောင့်ခဲသွားသည်။

သူ့ ဓားမျက်လုံးများ တောက်ပလာပြီး ရတနာ တစ်ပါးကို ရှာတွေ့လိုက်သကဲ့သို့ နင်ချီကို ကြည့်လိုက်သည်။

သူ့ တစ်သက်တာတွင် ပါရမီရှင် များစွာကို တွေ့ခဲ့ဖူးသော်လည်း နင်ချီကဲ့သို့ မျက်မြင်ကိုယ်တွေ့ တိုးတက်ပြောင်းလဲနိုင်သူမျိုး တစ်ခါမှ မကြုံဖူးခဲ့။

ကျင်းရှောင် ကိုယ်တိုင်လည်း ငယ်စဉ်က ဆရာသခင်များနှင့် ဂိုဏ်းသားများ၏ ချီးကျူးမှုကို ခံခဲ့ရသော၊ ပေ့ရွှမ် နယ်မြေ တစ်ခုလုံးကို လှည့်လည်သွားလာခဲ့သော ပါရမီရှင် တစ်ဦး ဖြစ်ခဲ့၏။

“နောက်ဆုံး အနေနဲ့... ငါ့ရဲ့ စွမ်းအား အကုန်လုံးကို သုံးတော့မယ်... သတိထား...”

“ကောင်းပါပြီ...”

ဤတစ်ကြိမ်တွင် ကျင်းရှောင် လက်လျှော့တော့မည် မဟုတ်။

သူ့ ခန္ဓာကိုယ် ရင်ပြင်မှ ရုတ်တရက် ပျံတက်သွားသည်။ ဆောင်းတွင်း နှင်းခဲများကဲ့သို့ အေးစက်သော ဓားဆန္ဒများ နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပြီး သက်ရှိ အားလုံးကို သတ်ဖြတ်ပစ်တော့မည့်အလား။ ဤကမ္ဘာလောကတွင် သူ တစ်ယောက်တည်းသာ ကျန်ရှိတော့မည့် အငွေ့အသက်များ ထွက်ပေါ်လာသည်။

အောက်ဘက်ရှိ စွမ်းအားရှင်များ တစ်ယောက်မှ မလှုပ်ရဲကြ။ အနည်းငယ် လှုပ်ရှားမိလိုက်ရုံဖြင့် မူလဝိညာဉ်များ ပျက်စီးပြီး သေဆုံးသွားမည်ကို ကြောက်ရွံ့နေကြ၏။

သူတို့ ရင်ထဲတွင် ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။ ဓားဘိုးဘေးကြီး၏ ကျင့်ကြံခြင်း အဆင့်က ဘယ်အဆင့်ထိ ရောက်နေတာလဲ။

သူတို့ကိုယ်တိုင်လည်း 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' နှောင်းပိုင်း အဆင့် ရောက်နေသူများ ဖြစ်ကြသော်လည်း ဓားဘိုးဘေးကြီး ရှေ့တွင် ဆောင်းလေ တိုက်ခတ်ခံရသော သစ်ရွက်ကြွေများကဲ့သို့ ခံစားနေရသည်။

သူတို့၏ အကြည့်များသည် အလိုအလျောက် နင်ချီ ဆီသို့ ရောက်သွားကြ၏။

ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော ဓားဆန္ဒများ အောက်တွင် နင်ချီ တစ်ယောက်တည်းသာ လှုပ်ရှားနိုင်လေ၏။ ပတ်ဝန်းကျင်ရှိ နှင်းခဲများကြားတွင် တစ်ဦးတည်းသော သက်ရှိအဖြစ် ရပ်တည်နေသည်။

နင်ချီသည် တိမ်တိုက် လှေကားထစ်များကို နင်းတက်နေသကဲ့သို့ တစ်လှမ်းချင်း လေပေါ်သို့ တက်လှမ်းလာပြီး နောက်ဆုံးတွင် ဓားဘိုးဘေးကြီးနှင့် တစ်တန်းတည်း ရပ်လိုက်သည်။

ကျင်းရှောင်သည် ဟင်းလင်းပြင်တွင် ဝဲပျံနေသည်။ သူ၏ ဝတ်ရုံများ၊ ဆံပင်နှင့် မုတ်ဆိတ်များ လေထဲတွင် ကခုန်နေကြ၏။

သူ နင်ချီကို ကြည့်ပြီး ရုတ်တရက် မေးလိုက်သည်။

“မင်းရဲ့ ဓားလမ်းစဉ်က အခုမှ စတာ... မင်း ငါ့ကို ကျော်တက်ဖို့ ရည်ရွယ်ထားသလား...”

နင်ချီက စကားတစ်လုံးတည်း ပြန်ဖြေလိုက်သည်။

“မရှိပါဘူး...”

ကျင်းရှောင် အံ့သြသွားသည်။

လူတစ်ယောက်၏ စိတ်နှလုံး ကျယ်ပြန့်မှုသည် သူ၏ အကန့်အသတ် အမြင့်ကို ဆုံးဖြတ်ပေးသည်။

မွေးဖွားလာကတည်းက ကျင်းရှောင်သည် သမားရိုးကျ ဘောင်များကို ဘယ်တော့မှ လိုက်နာလေ့ မရှိ။ ရိုသေ လေးစားရမည်၊ ရိုးရာကို ထိန်းသိမ်းရမည် ဆိုသော တာဝန်ဝတ္တရားများသည် သူ့ကို မချည်နှောင်နိုင်ခဲ့။

အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဂိုဏ်းချုပ်များ၊ ရှေ့ဆောင် ပုဂ္ဂိုလ်များကို ကျော်ဖြတ်၍ မရနိုင်သော သူများဟု သူ ဘယ်တော့မှ မသတ်မှတ်ခဲ့။

ထို့ကြောင့်လည်း ကျင်းရှောင်သည် ထိုခေတ်အခါက အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အတောက်ပဆုံး ပါရမီရှင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

လူတစ်ယောက်၏ အတွင်းစိတ်သည် ဓားတစ်လက်ကဲ့သို့ ဖြစ်ရမည်။ စစ်မှန်သော လွတ်မြောက်မှု ရရှိရန် အရာအားလုံးကို ထိုးဖောက် ဖြတ်ကျော်ရမည် ဆိုသည်ကို ကျင်းရှောင် နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။

စည်းမျဉ်း ဘောင်အတွင်း နေသူများကို သူ အမြဲ အထင်သေးလေ့ ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ထုံးတမ်းစဉ်လာများကို မဖောက်ထွက်ရဲကြ၊ ရှေ့လူများကို ကျော်တက်လိုသော ရည်မှန်းချက် မရှိကြသောကြောင့် ဖြစ်သည်။

ဒါကြောင့်လည်း ယခုအချိန်တွင် နင်ချီ သူ့ကို ကျော်တက်လိုစိတ် ရှိမရှိ မေးလိုက်ခြင်း ဖြစ်သည်။

နင်ချီ၏ စွမ်းဆောင်ရည်များကို သိရသောအခါ နင်ချီသည် သူ့လို လူစားမျိုး ဖြစ်မည်ဟု ကျင်းရှောင် ထင်မှတ်ထားခဲ့၏။

ဒါပေမဲ့ နင်ချီက မရှိဘူးတဲ့...။

အံ့သြမှုမှ သတိပြန်ဝင်လာသော ကျင်းရှောင် မေးလိုက်သည်။

“မရှိဘူး ဆိုတာ ဘာအဓိပ္ပာယ်လဲ...”

နင်ချီ ပြောလိုက်သည်။

“ကျွန်တော့် ရင်ထဲမှာ... ကျော်တက်ရမယ် ဆိုတဲ့ အတွေးမျိုး တစ်ခါမှ မရှိခဲ့ဖူးလို့ပါ...”

အောက်မှ ကြည့်နေသော စွမ်းအားရှင်များ ရှုပ်ထွေးသွားကြ၏။ မလှုပ်မယှက် ရပ်နေပြီး စကားဝှက်တွေ ပြောနေကြသော နှစ်ယောက်ကို နားမလည်နိုင် ဖြစ်နေကြ၏။

ဓားဘိုးဘေးကြီး ပြောတာကို နားလည်သော်လည်း နင်ချီ ပြောတာကို နားမလည်။

ကျင်းရှောင် တစ်ယောက်တည်းသာ ရုတ်တရက် ဓားမျက်လုံးများ ပြူးကျယ်သွားပြီး အတော်ကြာမှ အာမေဋိတ် သံ ပြုလိုက်သည်။

“ကောင်းလိုက်တဲ့ 'မရှိဘူး' ပါလားကွ...”

ကျင်းရှောင်သည် ထိုစကားကို ဖြည်းညှင်းစွာ နှလုံးသွင်းလိုက်ပြီး နင်ချီ ဆိုလိုရင်းကို သဘောပေါက်လာသည်။ သူ (ကျင်းရှောင်) သည် အားလုံးကို ကျော်ဖြတ်လိုသော စိတ်နှလုံး ရှိသည်။ သိမ်ဖျင်းခြင်း မဟုတ်သော်လည်း အောက်တန်းစား အဆင့်တွင်သာ ရှိသေးသည်။

နင်ချီကမူ သူ့ထက် သာလွန်နေသည်။ ကျော်ဖြတ်ခြင်းကို ကျော်ဖြတ်ခြင်းဟု သဘောမထားဘဲ၊ အဆင့်မြင့်စား အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အတိုချုံး ပြောရလျှင် ကျင်းရှောင်၏ ရင်ထဲတွင် ကျော်ဖြတ်ရမည့် ပစ်မှတ် အမြဲ ရှိနေခဲ့၏။

ငယ်စဉ်က မိဘများနှင့် လူကြီးများကို ကျော်ဖြတ်ချင်ခဲ့၏။ ဂိုဏ်းရောက်တော့ ဂိုဏ်းသားများနှင့် ဆရာများကို ကျော်ဖြတ်ချင်ခဲ့၏။ နောက်ဆုံးတွင် ပေ့ရွှမ်နှင့် တောင်ပိုင်း နယ်မြေ တစ်ခုလုံးရှိ စွမ်းအားရှင် အားလုံးကို သူ့ ဓားတာအိုဖြင့် ကျော်ဖြတ်ချင်ခဲ့၏။

နင်ချီကမူ အစကတည်းက ထိုကဲ့သို့သော အတွေးမျိုး မရှိခဲ့။ သူ့ ရင်ထဲတွင် သူ့ရှေ့၌ မည်သူမျှ မရှိခဲ့ပေ။

“ဒါဆိုရင်... မင်းရဲ့ လမ်းစဉ် ကို ပြစမ်းပါ...”

စကားဆုံးသည်နှင့် ကျင်းရှောင် လက်တစ်ဖက်ဖြင့် ဟင်းလင်းပြင်ကို သပ်ချလိုက်သည်။ မမြင်ရသော ဓားတစ်လက်ကို ပွတ်သပ်လိုက်သကဲ့သို့။

သူတို့ နှစ်ဦး ပတ်လည်တွင် ဓားတာအို စည်းမျဉ်းများဖြင့် ဖွဲ့စည်းထားသော မရေမတွက်နိုင်သည့် ဓားပုံသဏ္ဌာန်များ ရုတ်တရက် ပေါ်ထွက်လာသည်။

အောက်မှ ကြည့်နေသော စွမ်းအားရှင်များ မျက်လုံး ပြူးထွက်မတတ် ဖြစ်သွားကြ၏။

“ဒါက ဓားဘိုးဘေးကြီးရဲ့ အစစ်အမှန် စွမ်းအားလား...”

ဓားဘိုးဘေးကြီးက ပတ်ဝန်းကျင်ရှိ စည်းမျဉ်း အားလုံးကို ဘာလို့ ပိတ်လှောင်ထားနိုင်တာလဲ၊ သူ့ရှေ့မှာ ကိုယ်ပိုင် စည်းမျဉ်းတွေကို ဘာလို့ မဖွဲ့စည်းနိုင်ကြတာလဲ ဆိုတာ အခုမှ နားလည်တော့၏။

နင်ချီပင် ခေတ္တမျှ မှင်သက်သွားပြီး လေးစားအားကျစိတ် ဖြစ်ပေါ်လာသည်။

'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' နှောင်းပိုင်း အဆင့် စွမ်းအားရှင် တစ်ဦးကို တိုင်းတာရာတွင် ကျွမ်းကျင်သော စည်းမျဉ်း အရေအတွက်ကို မကြည့်ဘဲ၊ စည်းမျဉ်း စွမ်းအားမျှင် တစ်ခုတည်း၏ အရေအတွက်နှင့် အရှည်ကို ကြည့်ရသည်။

ဥပမာအားဖြင့် နင်ချီ အဆင့်တက်တုန်းက နှောင်းပိုင်း အဆင့်ကို တန်းရောက်သွားခဲ့၏။

ထိုစဉ်က ကျန်းချင်းရွှယ်သည် နင်ချီ၏ စည်းမျဉ်း စွမ်းအားမျှင် တစ်မျိုးတည်း (၁၂) ချောင်း၊ (၁၁) ကိုက် (ပေ ၃၀ ကျော်) အရှည် ရှိသည်ကို အခြေခံပြီး တွက်ချက်ခဲ့၏။ ၎င်းသည် သာမန် နှောင်းပိုင်း အဆင့် စံသတ်မှတ်ချက် ဖြစ်သော (၁၀) ကိုက် အရှည်၊ အနည်းဆုံး (၅) ချောင်း ဆိုသည်ထက် များစွာ သာလွန်နေလေသည်။

သူ့ ရှေ့မှ ဓားဘိုးဘေးကြီးသည် နှစ်ပေါင်း တစ်သောင်း တံခါးပိတ် ကျင့်ကြံခဲ့ပြီး ဓားတာအို တစ်ခုတည်းကိုသာ အထူးပြုခဲ့သော်လည်း 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' တွင်သာ ရှိနေသေး၏။

အခန်း (၅၉၇) - နီးကပ်လာသော အထွတ်အထိပ် (၂)

~သို့သော်... သူ၏ ဓားတာအို စည်းမျဉ်းသည် တစ်ကြောင်းတည်းသာ ဖြစ်သော်လည်း ဟင်းလင်းပြင် တစ်ခုလုံးကို ပြည့်နှက်သွားလေ၏။

ယခုအခါ ၎င်းသည် သူတို့ နှစ်ဦးစလုံးကို ရစ်ပတ်ထားပြီး လုံးဝိုင်းသော သဏ္ဌာန်ဖြင့် ထပ်ဆင့်ထပ်ဆင့် နေရာယူထားသည်။

တစ်ချက်ကြည့်လိုက်လျှင် ၎င်း၏ အရှည်သည် မီတာ တစ်သောင်း (၃၂၈၀၀ ပေ) ကျော် ရှိနိုင်ပေသည်။

နင်ချီပင် မလေးစားဘဲ မနေနိုင်။

သူ့ ရှေ့မှ ဓားဘိုးဘေးကြီးသည် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' တွင် ရှိနေသည်မှာ မှန်သော်လည်း၊ မီတာ တစ်သောင်း အရှည်ရှိသော ဓားတာအို စည်းမျဉ်း စွမ်းအားမျှင်နှင့် 'ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း' စွမ်းရည် ပေါင်းစပ်လိုက်သောအခါ 'ပေါင်းစည်းခြင်း နယ်ပယ်' စွမ်းအားရှင်များပင် ခံနိုင်ရည် ရှိရန် ခက်ခဲပေလိမ့်မည်။

“ငါ့ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ဖို့ အဆင်သင့် ဖြစ်ပြီလား...”

ဓားဘိုးဘေးကြီး မေးလိုက်သည်။

နင်ချီ ရုတ်တရက် ထပြောလိုက်၏။

“ခဏလေး နေပါဦး ဓားဘိုးဘေးကြီး... စောစောက ကျွန်တော့်ကို သုံးခဲ့တာ (၇၀) ရာခိုင်နှုန်း စွမ်းအား ဆိုတာ သေချာလို့လား... (၀.၇) ရာခိုင်နှုန်း မဟုတ်ဘဲနဲ့...”

ကျင်းရှောင်၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာသည်။

“ကောင်လေး... ကြောက်သွားပြီလား...”

နင်ချီ ဘာပြောရမှန်း မသိတော့။ ကွာခြားချက်က ကြီးလွန်းနေသည် မဟုတ်ပါလော။

ကြောက်တယ် ဟုတ်လား...။ သူ့ အဘိဓာန်မှာ အဲဒီစကားလုံး မရှိဘူး။

နင်ချီ၏ အတွေးကို ရိပ်မိလိုက်သကဲ့သို့ ကျင်းရှောင် အနည်းငယ် ချောင်းဟန့်လိုက်သည်။ သူ့ မျက်နှာ ပိန်ပိန်ပါးပါးလေးပေါ်တွင် ရှက်သွေး ဖြာသွားပြီး ပြောလေ၏။

“စိတ်ချပါ... စောစောက ငါ တကယ်ပဲ (၇၀) ရာခိုင်နှုန်း သုံးခဲ့တာပါ... အခု အခြေအနေက နည်းနည်း ထူးခြားသွားလို့ပါ...”

နင်ချီ ရိပ်မိလိုက်သည်။ ဓားဘိုးဘေးကြီး တစ်ခုခုကို ဖုံးကွယ်ထားပုံ ရသည်။

အထူးသဖြင့် ကျင်းရှောင်၏ မျက်နှာပေါ်မှ ထူးခြားသော အရောင်အဆင်းကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

“ကောင်းပါပြီ... ဒါဆိုရင် ကျွန်တော်လည်း အလျှော့ပေးတော့မှာ မဟုတ်ဘူး...”

နင်ချီ ပြောလိုက်သည်။

စကားဆုံးသည်နှင့် သူ့ ကျောဘက်မှ စည်းမျဉ်း နတ်ဘုရား စွမ်းအားမျှင် အများအပြား ရုတ်တရက် ပစ်ခတ် ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် နင်ချီသည် ဓားတာအို စည်းမျဉ်း တစ်ခုတည်းကိုသာ အသုံးပြုတော့မည် မဟုတ်။ သူ တတ်မြောက်ထားသော စည်းမျဉ်း အားလုံးကို ထုတ်သုံးလိုက်လေ၏။

ဓား၊ ရေ၊ မီး၊ မိုးကြိုး၊ သတ္တု၊ မြေ၊ လေ၊ ဓားမ...

စည်းမျဉ်း စွမ်းအားမျှင် (၈) ချောင်း ပေါ်ထွက်လာခြင်းသည် ကြည့်ရှုနေသော စွမ်းအားရှင်များကို နောက်တစ်ကြိမ် တုန်လှုပ်သွားစေသည်။

“ဂိုဏ်းချုပ်နင်က ဘယ်တုန်းက စည်းမျဉ်း (၈) မျိုး တတ်သွားတာလဲ... ဇီယန်... မင်း သိလား...”

ကျန်းရူဟိုင် မေးလိုက်သည်။

သူ့မေးခွန်းအား ဇီယန်က ခက်ခက်ခဲခဲ ခေါင်းခါလိုက်သည်။

“ငါတို့ အမြဲတမ်း အတူ ရှိနေခဲ့တာပဲ... ငါလည်း ဘယ်သိမလဲကွ... ဂိုဏ်းချုပ်က ဒီရက်ပိုင်းမှ ဉာဏ်အလင်း ပွင့်သွားတာ နေမှာပေါ့...”

“ဒီရက်ပိုင်း...။ မင်းတို့ ဂိုဏ်းပြန်ရောက်တာ (၁၀) ရက်ကျော်ပဲ ရှိသေးတာလေ...”

အခြား စွမ်းအားရှင် တစ်ဦးက အံ့သြစွာ ပြောလိုက်သည်။

ဇီယန်က သူ့ကို တစ်ချက် ကြည့်ပြီး ရယ်မောလိုက်သည်။

“ဆယ်ရက်ဆိုတာ များတောင် များသေးတယ်... မင်း မေ့နေပြီလား... လျှို့ဝှက်နယ်မြေ သွားလိုက်ပြန်လိုက် အချိန်ပါ ပေါင်းမှ နှစ်လကျော်ပဲ ရှိသေးတာ... လွန်ခဲ့တဲ့ နှစ်လတုန်းက ဂိုဏ်းချုပ်က မူလဝိညာဉ် နယ်ပယ် မှာပဲ ရှိသေးတယ်...”

ထိုစကားကို ကြားလိုက်ရသောအခါ စွမ်းအားရှင်ခမျာ စကား ဆွံ့အသွားသည်။ ရင်ထဲတွင် မသိုးမသန့် ဖြစ်သွား၏။

နှစ်လကျော် အတွင်းမှာ 'မူလဝိညာဉ် နယ်ပယ်' ကနေ 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' နှောင်းပိုင်း အဆင့်ကို ရောက်သွားတယ်... အခု စည်းမျဉ်း စွမ်းအားမျှင် (၈) ချောင်းတောင် ထွက်လာပြီ... ဟက်... ဟက်...။

ကိုယ့်မျက်စိရှေ့က မြင်ကွင်းသာ မဟုတ်ရင် တစ်ဖက်လူကို လည်ပင်းညှစ်ပြီး သောက်ပေါစကားတွေ မပြောနှင့်ဟု အော်မိမှာ သေချာသည်။

ထိုအချိန်တွင် ကျန်းပိုင်ချွမ်းသည် နင်ချီ၏ ကျောဘက်ရှိ စည်းမျဉ်း စွမ်းအားမျှင် (၈) ချောင်းကို ကြည့်ပြီး ရင်ထဲတွင် ခါးသက်သွားမိသည်။

တကယ်တော့... ယဲ့မိသားစု စွမ်းအားရှင် လေးဦးကို ရှင်းလင်းတုန်းက နင်ချီ အစွမ်းကုန် မထုတ်ခဲ့ဘူးပဲ။

ရယ်စရာ ကောင်းလိုက်တာ...။ အဲဒီတုန်းက နင်ချီကို နှိမ်နင်းနိုင်မည်ဟု သူ ထင်ခဲ့မိသေးသည်။

အကယ်၍ နင်ချီသာ အစွမ်းကုန် ထုတ်သုံးလိုက်လျှင်... သူဆိုသော ဂိုဏ်းချုပ်ကြီး ခွေးသေ ဝက်သေ အသတ်ခံရမှာ သေချာလေ၏။

လူအုပ်ကြီး ပိုပြီး နားမလည်နိုင် ဖြစ်နေသည်မှာ... ဓားဘိုးဘေးကြီး ရှေ့တွင် သူတို့၏ စည်းမျဉ်း စွမ်းအားများကို ဘာကြောင့် မစုစည်းနိုင်ကြသနည်း။

နင်ချီကတော့ ဘာလို့ စုစည်းနိုင်ရတာလဲ။

ဓားဘိုးဘေးကြီး ကျင်းရှောင် ကိုယ်တိုင်လည်း စိတ်ထဲတွင် ထိုမေးခွန်း ပေါ်လာလေသည်။

(၃၀) ရာခိုင်နှုန်း၊ (၅၀) ရာခိုင်နှုန်း၊ (၇၀) ရာခိုင်နှုန်း တုန်းက ထားပါတော့။ အခု သူ အစွမ်းကုန် ထုတ်သုံးလိုက်ပြီ။ သူ့ရဲ့ ဓားတာအို ပိတ်ဆို့မှုကို နင်ချီ ဘယ်လိုလုပ်ပြီး ဖောက်ထွက်နိုင်ရတာလဲ။

သူတို့ မသိသောအချက်မှာ... နင်ချီ ပိုင်ဆိုင်သော စည်းမျဉ်းများသည် သူတို့နှင့် မတူညီခြင်းပင်။

သူတို့၏ စည်းမျဉ်းများသည် 'တောင်နှင့် ပင်လယ် ကမ္ဘာ'မှ စုစည်းထားခြင်း ဖြစ်ပြီး၊ နင်ချီ၏ စည်းမျဉ်းများသည် 'အစစ်အမှန်သိုင်း ကမ္ဘာ' မှ ရယူကာ ဝင်စားခန္ဓာထဲသို့ ပေါင်းစပ်ထည့်သွင်းထားခြင်း ဖြစ်သည်။

သူတို့၏ အံ့သြမှု မပြီးဆုံးသေးပေ။ နင်ချီ၏ ကျောဘက်ရှိ စည်းမျဉ်း စွမ်းအားမျှင် (၈) ချောင်းသည် ဆက်လက် ရှည်ထွက်လာနေသည်။

(၁၁) ကိုက် (၃၃ ပေ) မှ (၂၀) ကိုက် (၆၀ ပေ)... ထို့နောက် (၅၀) ကိုက် (၁၅၀ ပေ)... (၁၀၀) ကိုက် (၃၀၀ ပေ)... နောက်ဆုံးတွင် (၃၀၀) ကိုက် (၉၀၀ ပေ) အထိ ရှည်ထွက်လာလေ၏။

မတူညီသော စည်းမျဉ်း စွမ်းအားမျှင် (၈) ချောင်း၊ တစ်ချောင်းစီသည် (၃၀၀) ကိုက် အရှည် ရှိကြ၏။

စွမ်းအားရှင်များ လန့်ဖျပ်သွားကြ၏။ ဓားဘိုးဘေးကြီးလည်း အံ့ဩသွားသည်။

ရှိနေသော စွမ်းအားရှင်များ အားလုံး၊ အငယ်ဆုံးသူပင်လျှင် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' တွင် ရာစုနှစ်ပေါင်းများစွာ နေခဲ့ကြ၏။ သူတို့ စုစည်းနိုင်သော စည်းမျဉ်း စွမ်းအားမျှင်များသည် ပုံမှန်အားဖြင့် (၁၀) ကိုက် (၃၀ ပေ) ကျော်သာ ရှိကြ၏။

'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' နှောင်းပိုင်း အဆင့် သတ်မှတ်ချက်သည် (၁၀) ကိုက် ဖြစ်သည်။

ဘာကြောင့် ဒီလို သတ်မှတ်ထားရသနည်း။

ပိုရှည်အောင် မလုပ်ချင်ကြ၍ မဟုတ်။ လုပ်နိုင်စွမ်း မရှိကြ၍ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပိုရှည်လေလေ... စိတ်စွမ်းအားနှင့် မူလဝိညာဉ် စွမ်းအား ပိုကုန်လေလေ ဖြစ်ပြီး၊ ထိန်းချုပ် ခိုင်းစေရန် ပိုခက်ခဲလေလေ ဖြစ်သည်။

ကလေးတစ်ယောက် ဓားရှည်ကြီး ကိုင်ပြီး ကစားသလိုပင်။ ရန်သူကို သတ်ဖို့ မပြောနှင့် ၊ ကိုယ်တိုင်တောင် မနည်း ကိုင်ထားရမည့် အခြေအနေ ဖြစ်နေပေလိမ့်မည်။

သို့ဖြစ်ရာ၊ နောက်ထပ် အကဲဖြတ် စံနှုန်း တစ်ခု ရှိသေးသည်။ အရေအတွက်။

'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' စွမ်းအားရှင် အားလုံးနီးပါးသည် (၁၀) ကိုက် အရှည် ရပြီးသည်နှင့် အရေအတွက် များအောင်သာ ကြိုးစားကြ၏။

သူတို့သည် တိုက်ပွဲဝင်နေသော နှစ်ဦးကို ကြည့်လိုက်ကြသည်။ သေချာပေါက်... နှစ်ယောက်စလုံးသည် သာမန် မဟုတ်သော ဘီလူးသရဲစီးများပင် ဖြစ်ကြ၏။

ဓားဘိုးဘေးကြီး၏ မီတာ တစ်သောင်း (ပေ ၃၀၀၀၀ ကျော်) ရှည်သော စွမ်းအားမျှင်သည် သူ၏ ပြိုင်ဘက်ကင်း ပါရမီနှင့် ကြောက်မက်ဖွယ် ထိန်းချုပ်နိုင်စွမ်းကို ပြသနေသည်။

နင်ချီကတော့ စည်းမျဉ်း ဘယ်နှမျိုး တတ်လဲ ဆိုတာ ထားပါဦး။ သူ့ စွမ်းအားမျှင်တွေရဲ့ အရှည်ကလည်း မယုံနိုင်စရာ ကောင်းလွန်းနေသည်။

ကျင်းရှောင်၏ မျက်နှာပေါ်တွင် အံ့သြသော အရိပ်အယောင် ဖြတ်သန်းသွားပြီး ရုတ်တရက် ပြောလိုက်၏။

“ကောင်လေး... မင်းလည်း တော်တော် လျှို့ဝှက်တတ်တာပဲ... ပြောစမ်း... စောစောက ငါတို့ တိုက်တုန်းက မင်း စွမ်းအား ဘယ်လောက် သုံးခဲ့တာလဲ...”

ထိုအခါ ၊ နင်ချီ ပြုံးလိုက်ပြီး ပြန်ဖြေသည်။

“ဓားဘိုးဘေးကြီး (၇၀) ရာခိုင်နှုန်း သုံးတယ် ဆိုမှတော့... ကျွန်တော်လည်း (၇၀) ရာခိုင်နှုန်းပဲပေါ့...”

ကျင်းရှောင် ချောင်းဟန့်လိုက်သည်။

“အဟမ်း၊ ကောင်းပြီလေ... အခု အစွမ်းကုန်နဲ့ အစွမ်းကုန် ယှဉ်ကြည့်ကြတာပေါ့... ဘယ်သူ ပိုစွမ်းမလဲ ကြည့်ရအောင်...”

သူ့စကား အဆုံး၌၊ ကျင်းရှောင်သည် ညာလက်ကို မြှောက်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ် ပူးကာ ဓားလက်ကွက် ဖော်လိုက်သည်။ နင်ချီကို ချိန်ရွယ်လိုက်၏။

“ဝူး…”

ရုတ်တရက်... ဟင်းလင်းပြင်ရှိ မီတာ တစ်သောင်း ဓားတာအို စည်းမျဉ်း စွမ်းအားမျှင်ကြီးသည် ဟိန်းဟောက်သံနှင့်အတူ ဧရာမ နတ်နဂါးကြီး တစ်ကောင် အဖြစ် ပြောင်းလဲသွားလေ၏။

နဂါးနှုတ်ခမ်းမွေး၊ ခြေသည်း၊ အကြေးခွံနှင့် အမြီးတို့သည် အသက်ဝင် လှုပ်ရှားနေပြီး သူတို့ နှစ်ဦး ပတ်လည်တွင် ရစ်ခွေ ဝဲပျံနေသည်။

“သွားစမ်း...”

ကျင်းရှောင် ညွှန်ကြားလိုက်သည်။

ထို ဓားတာအို နတ်နဂါးကြီးသည် ချက်ချင်း အစွယ်ထုတ်ကာ ခြေသည်း ကုတ်ခြစ်ပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ရာ တွင်းနက်ကြီးများ ဖြစ်ပေါ်လာလေ၏။

ဧရာမ ဓားတာအို နတ်နဂါးကြီးသည် နင်ချီ ဆီသို့ တရှိန်ထိုး တိုးဝင်လာသည်။

ထိုအခိုက်အတန့်၌၊ နင်ချီ၏ ကျောဘက်တွင် စည်းမျဉ်း (၈) မျိုး ပေါင်းစပ်သွားသည်။

ဓားတာအိုကို အဓိကထားပြီး ကျန် (၇) မျိုးကို အတွင်း၌ ပေါင်းစပ်ထည့်သွင်းလိုက်ရာ တောက်ပသော နဂါးလှံတံ တစ်ချောင်း အဖြစ် ဖွဲ့တည်သွားလေတော့၏။

All Chapters