← Chapters

အခန်း (၅၉၈-၆၀၀)

Vol. 40 Ch. 598-600

အခန်း (၅၉၈-၆၀၀)

Vol. 40 Ch. 598-600

အခန်း (၅၉၈) - နီးကပ်လာသော အထွတ်အထိပ် (၃)

~အထက်ကောင်းကင်ယံတွင် မိုးကြိုးများ ဟိန်းဟောက်ကာ လျှပ်စီးများ လက်နေသည်။ လေနှင့် တိမ်တိုက်များ ရွေ့လျားပြီး ရေနှင့် မီးတို့ ပေါင်းစပ်သွားကြ၏။ ထက်မြက်ပြီး စူးရှသော်လည်း လေးလံသော အရှိန်အဝါဖြင့် ပြည့်နှက်နေ၏။

နင်ချီ၏ နဂါးလှံတံသည် ဟင်းလင်းပြင်ကို ထိုးဖောက်ပြီး ဓားတာအို နတ်နဂါးကြီးဆီသို့ တိုးဝင်သွားသည်။

နှစ်ဖက် ထိပ်တိုက် တွေ့ဆုံသည်နှင့် ဝိညာဉ်စွမ်းအင်များ ပျက်သုဉ်းကာ ဟင်းလင်းပြင်ကြီး ကွဲအက်သွားလေ၏။ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ ဗဟိုတောင်တန်း တစ်ခုလုံး ဥက္ကာပျံ မုန်တိုင်းထဲသို့ ရောက်သွားသကဲ့သို့ ဖြစ်သွားသည်။

“ဝုန်း...”

အစပိုင်းတွင် ကြည့်ရှုနေသူများသည် တိုက်ပွဲ အခြေအနေကို ရိပ်ခနဲ မြင်လိုက်ရပြီး အသံအချို့ကို ကြားလိုက်ရသေးသည်။

သို့သော် မကြာမီတွင် ဘာကိုမျှ မမြင်ရ၊ ဘာကိုမျှ မကြားရတော့ပေ။ အာရုံငါးပါးလုံး ချုပ်ငြိမ်းသွားသကဲ့သို့ ဖြစ်သွားသည်။

အားနည်းသူများသည် တွင်းနက်ကြီးထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ အထက်တွင် ကောင်းကင် မရှိ၊ အောက်တွင် မြေကြီး မရှိ၊ မှိန်ဖျဖျ ဝိညာဉ်မီးတောက်လေး တစ်ခုသာ ကျန်ရှိပြီး အသက်ရှင်နေသေးကြောင်း သိနေရသည်။

အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက်...

ဓားတာအို နတ်နဂါးကြီး ရုတ်တရက် ပြိုကွဲသွားသလို၊ နဂါးလှံတံလည်း ကြေမွသွားလေ၏။

သူတို့ ရှိနေသော ဟင်းလင်းပြင်တွင် အဆုံးမဲ့သော ဝိညာဉ်စွမ်းအင်များနှင့် စည်းမျဉ်း အပိုင်းအစများ ပြည့်နှက်သွားသည်။ အလင်းရောင် ပြန်ပေါ်လာပြီး အသံများ ပြန်ကြားလာရသည်။

စွမ်းအားရှင်များသည် ထိုနှစ်ယောက်ကို လှမ်းကြည့်လိုက်ကြ၏။

နင်ချီသည် လေထဲတွင် (၁၀) ပေခန့် နောက်သို့ ဆုတ်ခွာသွားသော်လည်း သူ၏ အဖြူရောင် ဝတ်စုံမှာ ဖုန်မှုန့်တစ်စက်မျှ မတင်ဘဲ သန့်ရှင်းနေဆဲပင်။ မျက်နှာထားမှာ တည်ငြိမ်အေးဆေးနေသည်။

ဓားဘိုးဘေးကြီး ကျင်းရှောင်ကမူ မူလကအတိုင်း မတ်မတ်ရပ်နေပြီး နတ်ဘုရား ဓားတစ်လက်ကဲ့သို့ တည်ရှိနေသည်။

သို့သော် ရှေ့တည့်တည့်တွင် ရှိနေသော နင်ချီ တစ်ယောက်တည်းသာ မြင်လိုက်ရသည်မှာ... ဓားဘိုးဘေးကြီး၏ ပါးစပ်ထောင့်မှ သွေးစီးကြောင်း တစ်ခု စီးကျလာပြီး ချက်ချင်း သုတ်ဖယ်လိုက်ခြင်းပင်။

နင်ချီ၏ မျက်လုံးများ အရောင်လက်သွားသည်။ စောစောက ဓားဘိုးဘေးကြီး ပြောခဲ့သော 'အခြေအနေ နည်းနည်း ထူးခြားနေတယ်' ဆိုသည့် စကားကို ပြန်ကြားယောင်မိလိုက်သည်။ ဓားဘိုးဘေးကြီးသည် အရေးကြီးသော ကိစ္စတချို့ကို ဖုံးကွယ်ထားပုံ ရသည်။

သို့သော် ယခုအချိန်သည် မေးမြန်းရမည့် အချိန် မဟုတ်သေးပေ။

နင်ချီသည် ရင်ပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ဦးစွာ နှုတ်ဆက်လိုက်သည်။

“ဘိုးဘေးကြီးရဲ့ စွမ်းရည်က တကယ်ပဲ အံ့မခန်းပါပဲ... ဂျူနီယာ အနေနဲ့ မယှဉ်နိုင်ပါဘူး ခင်ဗျာ...”

ကျင်းရှောင် အနည်းငယ် ချောင်းဟန့်လိုက်ပြီး ရင်ပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

သူသည် နင်ချီကို စိုက်ကြည့်နေပြီး ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်နေမိသည်။

ပေပေါင်း (၁၀၀၀၀) ရှည်သော ဓားတာအို စည်းမျဉ်း ဆိုသည်မှာ သူ့ခန္ဓာကိုယ်ကို ဒဏ်ရာရစေမည့် တန်ကြေး ပေးဆပ်ပြီးမှ ဖန်တီးခဲ့ရခြင်း ဖြစ်သည်။ ခဏတာသာ တောင့်ခံနိုင်သော်လည်း သာမန် 'ပေါင်းစည်းခြင်း နယ်ပယ်' ကျင့်ကြံသူ တစ်ဦးကိုပင် ခုတ်ပိုင်းနိုင်စွမ်း ရှိသည်။

မူလက ကျင်းရှောင်သည် ဤကဲ့သို့သော တိုက်ကွက်မျိုးကို ထုတ်သုံးရန် ဆန္ဒ မရှိခဲ့။ သို့သော် နှစ်သန်းချီမှ တစ်ယောက် ပေါ်ထွန်းနိုင်သော နင်ချီကဲ့သို့ ပါရမီရှင်ကို တွေ့လိုက်ရသဖြင့် နောက်ဆုံးတွင် ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။

အကယ်၍ နင်ချီသာ ဉာဏ်အလင်း ပွင့်ခြင်း မရှိခဲ့လျှင် သူ သုံးမည် မဟုတ်ပေ။

သို့သော် တိုက်ခိုက်နေစဉ် အတွင်းမှာပင် နင်ချီ၏ အာရုံခံနိုင်စွမ်းသည် ကြောက်ခမန်းလိလိ ထူးကဲနေကြောင်း တွေ့ရှိလိုက်ရသည်။ အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ် အတွင်းမှာပင် နင်ချီသည် သူ့ ဓားတာအို၏ (၇၀)၊ (၈၀) ရာခိုင်နှုန်း ခန့်ကို နားလည် သဘောပေါက်သွားခဲ့၏။

ထို့ကြောင့် သူ အစွမ်းကုန် ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။

မထင်မှတ်ထားသည်မှာ... သူ၏ နောက်ဆုံး စွမ်းအား မလုံလောက် ဖြစ်နေချိန်တွင် နင်ချီက ခုခံနိုင်ရုံသာမက...

ကျင်းရှောင် သူ့ နှုတ်ခမ်းပါးပါးလေးကို စေ့လိုက်သည်။ နင်ချီက သူ့ကို အနိုင်ယူနိုင်စွမ်း ရှိနေသည်။

“ကောင်လေး... ဖားမနေပါနဲ့... ငါတို့ ဓားကျင့်ကြံသူတွေက စိတ်ဖြောင့်တယ်... တစ် ဆို တစ်၊ နှစ် ဆို နှစ် ပဲ...”

သူ သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်သည်။

“နောက်ဆုံးတော့ ငါက အိုပါပြီ... မင်းကို မယှဉ်နိုင်တော့ပါဘူး... ငါ့ ပါရမီက မင်းလောက် မကောင်းသလို... ငါ့ အနာဂတ်ကလည်း မင်းလောက် မတောက်ပပါဘူး...”

နင်ချီ အံ့သြသွားသည်။ ဓားဘိုးဘေးကြီး၏ ပွင့်လင်းရိုးသားမှုကြောင့် သူ့ ရင်ထဲတွင် လေးစားမှုများ တိုးပွားလာသည်။

ဘေးမှ ကြည့်နေသော စွမ်းအားရှင်များ အားလုံး ထိုစကားကို ကြားလိုက်ရသောအခါ ဓားဖြင့် အထိုးခံလိုက်ရသကဲ့သို့ ဖြစ်သွားကြ၏။

ဓားဘိုးဘေးကြီးက ဘာပြောလိုက်တာလဲ...။

နင်ချီ မပေါ်လာခင် အထိ အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ အထူးချွန်ဆုံး ပုဂ္ဂိုလ်ကြီးက နင်ချီကို မယှဉ်နိုင်ပါဘူး၊ ရှုံးပါတယ် လို့ ဝန်ခံလိုက်တာလား။

စွမ်းအားရှင် အားလုံး ခက်ခက်ခဲခဲ ခေါင်းလှည့်လိုက်ကြပြီး ဓားဘိုးဘေးကြီး ဆီမှနေ နင်ချီ ဆီသို့ အကြည့် ရွှေ့လိုက်ကြ၏။

အဖြူရောင် ဝတ်စုံနှင့် လူငယ်ကို ကြည့်ရင်း သူတို့၏ မျက်ဝန်းအိမ်များ တုန်ခါသွားကာ လေးစားအားကျစိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။

ဓားဘိုးဘေးကြီးတောင် အရှုံးပေးရတယ် ဆိုတော့... အကန့်အသတ်မဲ့ ဓားဂိုဏ်းက ဘယ်လောက် ကံကောင်းလိုက်သလဲ။ ဒီမြင်ကွင်းကို မြင်ခွင့်ရတဲ့ အကြီးအကဲတွေ အနေနဲ့ ဘယ်လောက် ဂုဏ်ယူစရာ ကောင်းလိုက်သလဲ။

ကျန်းပိုင်ချွမ်း၏ မျက်နှာပေါ်မှ ညှိုးငယ်သော အရိပ်အယောင်များ ရုတ်တရက် ပျောက်ကွယ်သွားပြီး စိတ်သက်သာရာ ရသွားလေ၏။

နင်ချီ ဂိုဏ်းချုပ် ဖြစ်လာတာ တကယ် ကံကောင်းတာပဲ။ အကယ်၍ သူသာ ဆက်ပြီး ပြဿနာ ရှာနေခဲ့ရင် ဂိုဏ်းရဲ့ အနာဂတ် နှောင့်နှေးသွားမှာ သေချာတယ်။

“ငါ သင်ကြားပေးစရာ ရှိတာတွေ သင်ပေးပြီးပြီ... မင်းတို့ သွားပြီး လေ့လာကြတော့...”

ဓားဘိုးဘေးကြီးက လက်ဝှေ့ယမ်းပြီး လူစုခွဲလိုက်သည်။

လူအုပ်ကြီး ရိုသေစွာ နှုတ်ဆက်လိုက်ကြ၏။

“ကျေးဇူးတင်ပါတယ် ဓားဘိုးဘေးကြီး...”

“နင်ချီ... မင်း နေခဲ့ဦး...”

နင်ချီ ခြေလှမ်း ရပ်တန့်လိုက်ပြီး ဓားဘိုးဘေးကြီး နောက်သို့ လိုက်ကာ 'မင်းရှင်း ခန်းမဆောင်' ထဲသို့ ဝင်သွားလိုက်သည်။

သူတို့ နှစ်ဦး ထိုင်လိုက်ကြ၏။ နင်ချီသည် လက်ဖက်ရည် ပစ္စည်းများကို ထုတ်ယူပြီး 'ဉာဏ်အလင်း လက်ဖက်ရည်' ကို ကိုယ်တိုင် ဖျော်စပ်လိုက်သည်။

ခဏအကြာတွင် ဉာဏ်အလင်း လက်ဖက်ရည်၏ မွှေးပျံ့သော ရနံ့သည် ခန်းမဆောင် တစ်ခုလုံး ပျံ့နှံ့သွားသည်။ လက်ဖက်ရည် ရည်က ကြည်လင်နေပြီး ဝိညာဉ်စွမ်းအင်များ သင်းပျံ့နေလေ၏။

“ဓားဘိုးဘေးကြီး... သုံးဆောင်ပါဦး ခင်ဗျာ...”

ဓားတာအို တွင်သာ စိတ်နှစ်ထားပြီး အခြား ကိစ္စများကို စိတ်မဝင်စားတတ်သော ကျင်းရှောင်သည် နင်ချီကို စူးစမ်းစွာ ကြည့်လိုက်သည်။

“မင်းက လက်ဖက်ရည် အရာမှာလည်း နှံ့စပ်တာကိုး...”

“ရံဖန်ရံခါ ဖျော်သောက်ဖြစ်ပါတယ်...”

ကျင်းရှောင် ခေါင်းညိတ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံ သောက်လိုက်သည်။

လက်ဖက်ရည် တစ်ငုံ ဝင်သွားသည်နှင့် သူ၏ မြင့်မားသော အဆင့်အတန်းမှာပင် တာအို စိတ်နှလုံး ပိုမို ကြည်လင်လာပြီး မူလဝိညာဉ် ပိုမို ရှင်းလင်းသွားသလို ခံစားလိုက်ရသည်။

“ဟမ်... ဒါ ဘာလက်ဖက်ရည်လဲ... အာနိသင်က ဒီလောက် ကောင်းလှချည်လား...”

နင်ချီ ပြုံးပြီး ပြန်ဖြေလိုက်သည်။

“ဒါက 'ဉာဏ်အလင်း လက်ဖက်ရည်' ပါ... လျှို့ဝှက်နယ်မြေထဲက ရလာတာပါ ခင်ဗျာ...”

“မင်းက တကယ့် ကံကောင်းခြင်းတွေ ပိုင်ဆိုင်ထားတာပဲ...”

နှစ်ဦးသား လက်ဖက်ရည် သောက်ပြီးသောအခါ နင်ချီက စတင် မေးမြန်းလိုက်သည်။

“ဓားဘိုးဘေးကြီး ဒဏ်ရာရထားတယ် မဟုတ်လား... အဲဒီ ဒဏ်ရာသာ မရှိရင်... ကျွန်တော် ဘိုးဘေးကြီးရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ပါဘူး...”

ထိုအခိုက်အတန့်၌၊ ကျင်းရှောင် မျက်လုံးထောင့်မှ လှမ်းကြည့်လိုက်သည်။

“မင်း သတိထားမိတာလား...”

“ဟုတ်ကဲ့... ဘိုးဘေးကြီး ကျွန်တော့်ကို ယုံကြည်တယ် ဆိုရင်... နည်းနည်းလောက် ပြောပြပါလား... ဘိုးဘေးကြီးရဲ့ ဒဏ်ရာ အမြန် သက်သာအောင် ကျွန်တော် ကြိုးစားပြီး ကူညီပေးပါ့မယ်...”

သူ့အား ကျင်းရှောင်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

“ဂိုဏ်းချုပ် ရာထူးတောင် မင်းကို ပေးပြီးပြီပဲ... မယုံစရာ ဘာရှိလို့လဲ...”

ထို့နောက် သူ ဖြည်းညှင်းစွာ ရှင်းပြလေ၏။

လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀၀) ခန့်က ကျင်းရှောင်သည်လည်း 'နက်ရှိုင်းသော သစ္စာတရား လျှို့ဝှက်နယ်မြေ' ထဲသို့ ဝင်ရောက်ခဲ့ဖူးသည်။

အကန့်အသတ်မဲ့ ဓားဂိုဏ်း၏ 'အကန့်အသတ်မဲ့ ဓားကျမ်း'ကို လျှို့ဝှက်နယ်မြေထဲမှ ယူဆောင်လာပေးခဲ့သူမှာ သူပင် ဖြစ်သည်။

သို့သော် ထိုစဉ်ကလည်း ယခု နင်ချီ ကြုံတွေ့ရသကဲ့သို့ပင် ဖြစ်သည်။ ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းသည် အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ ကျင်းရှောင်ကဲ့သို့ ပါရမီရှင် ပေါ်ထွက်လာသည်ကို သိလိုက်ရသောအခါ လျှို့ဝှက်နယ်မြေထဲတွင် လုပ်ကြံ သတ်ဖြတ်ရန် ကြိုးစားခဲ့ကြ၏။

သို့သော် သူတို့ကို ကျင်းရှောင်က ပြန်လည် သတ်ဖြတ်လိုက်သည်။

ကံဆိုးစွာပင်... သူတို့၏ အစစ်အမှန် အမွေခံ တစ်ဦးသည် လျှို့ဝှက်နယ်မြေထဲမှ မကောင်းဆိုးဝါး ပစ္စည်းတစ်ခုကို ရရှိထားခဲ့၏။ ထိုပစ္စည်းသည် လျှို့ဝှက်နယ်မြေ ကွဲပြားခြင်းကို ဖြစ်စေခဲ့သော တစ်ဖက်အုပ်စု ပိုင်ဆိုင်သည့် ပစ္စည်း ဖြစ်ပုံရသည်။

ရန်သူက ထိုပစ္စည်းကို အသုံးပြုပြီး ကျင်းရှောင်ကို တိုက်ခိုက်ခဲ့သဖြင့် သူသည် 'တာအို ဒဏ်ရာ' ရရှိခဲ့လေ၏။ ထိုအချိန်မှ စ၍ သူသည် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' တွင်သာ ရပ်တန့်နေခဲ့ပြီး ရှေ့ဆက် မတက်လှမ်းနိုင်တော့ပေ။

ထို့ကြောင့် သူသည် နှစ်ပေါင်း တစ်သောင်းလုံးလုံး တံခါးပိတ် ကျင့်ကြံခဲ့ပြီး အခြား လမ်းကြောင်း တစ်ခုကို ရွေးချယ်ကာ 'ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း' လမ်းစဉ်ကို လျှောက်လှမ်းခဲ့ခြင်း ဖြစ်သည်။ ထိုမှတဆင့် ပေပေါင်း (၁၀၀၀၀) ရှည်သော ဓားတာအို စည်းမျဉ်း စွမ်းအားမျှင်ကို စုစည်းနိုင်ခဲ့လေ၏။

အခန်း (၅၉၉) - နီးကပ်လာသော အထွတ်အထိပ် (၄)

~ဓားဘိုးဘေးကြီး ကျင်းရှောင်သည် ထိုနည်းလမ်းကို အသုံးပြုပြီး သူ့ခန္ဓာကိုယ် အတွင်းရှိ 'မဟာ လမ်းစဉ် ဒဏ်ရာ' ကို လုံးဝ ကုသရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထို မကောင်းဆိုးဝါး အရာဝတ္ထုသည် သူ့ မူလဝိညာဉ်နှင့် အသားထဲတွင် တွယ်ကပ်နေပြီး၊ နှစ်ပေါင်း တစ်သောင်းကြာ တံခါးပိတ် ကျင့်ကြံသော်လည်း ဖယ်ရှား၍ မရခဲ့ပေ။ ဒဏ်ရာသည် ပို၍ပင် ဆိုးရွားလာခဲ့၏။

စောစောက နင်ချီနှင့် အစွမ်းကုန် တိုက်ခိုက်ခဲ့စဉ်က ထို ပေပေါင်း (၁၀၀၀၀) ရှည်သော စည်းမျဉ်း စွမ်းအားမျှင်ကို အသက်ရှူချိန် အနည်းငယ်မျှသာ သူ ထိန်းထားနိုင်ခဲ့၏။ ပါရမီရှင် တစ်ယောက်နှင့် ယှဉ်ပြိုင်ရသည့် စိတ်လှုပ်ရှားမှုကြောင့်သာ မဟုတ်လျှင် သူ ထုတ်သုံးခဲ့မည် မဟုတ်ပေ။

ထိုအကြောင်းကို ကြားလိုက်ရသောအခါ နင်ချီ မျက်‌ခုံး တွန့်သွားသည်။

ဓားဘိုးဘေးကြီး၏ နောက်ကွယ်တွင် ဤကဲ့သို့သော ဇာတ်လမ်း ရှိနေသည်ကိုး...။

“ဓားဘိုးဘေးကြီး... အဲဒီ မကောင်းဆိုးဝါး အငွေ့အသက်ကို နည်းနည်းလောက် ထုတ်ပြလို့ ရမလား ခင်ဗျာ... ကျွန်တော် လေ့လာကြည့်ချင်လို့ပါ... နောင်ကျရင် ဘိုးဘေးကြီးကို ကုသပေးဖို့ နည်းလမ်း ရှာလို့ ရမလားလို့ပါ...”

ထိုအခါ၊ ကျင်းရှောင်သည် သူ၏ လက်ကို ဒန်တျန်ပေါ်တွင် တင်လိုက်ပြီး မျက်လုံး မှိတ်လိုက်သည်။

သူ့ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီး မူလဝိညာဉ်နှင့် ဝိညာဉ်စွမ်းအင် အားလုံး ဒန်တျန် ဆီသို့ စုစည်းသွားကြ၏။

မကြာမီ... ကျင်းရှောင်သည် ဓားတာအို စည်းမျဉ်းကို အသုံးပြုပြီး အမည်းရောင် အငွေ့အသက် တစ်မျှင်ကို ဆွဲထုတ်ကာ ကျောက်စိမ်းဘူးထဲတွင် ပိတ်လှောင်လိုက်သည်။ ထို့နောက် နင်ချီ လက်ထဲသို့ ထည့်ပေးလိုက်သည်။

သူ့ မျက်နှာ သွေးရောင်ဆုတ်ယုတ်သွားပြီး နဖူးပေါ်တွင် ချွေးစေးများ တွဲခိုလာသည်။

ကျင်းရှောင်ကဲ့သို့ သေမင်းကိုပင် မမှုသော ပုဂ္ဂိုလ်ကြီး တစ်ဦးသည် ညည်းညူသံ တစ်ချက်မျှ ထွက်မည် မဟုတ်ပါ။

သို့သော် မကောင်းဆိုးဝါး အငွေ့အသက် တစ်မျှင်ကို ဇွတ်တရွတ် ဆွဲထုတ်လိုက်ခြင်းကပင် သူ့ကို မကျန်းမမာ ဖြစ်သွားစေပုံ ရသည်။

“ကောင်လေး... သိပ်ပြီး မျှော်လင့်မထားနဲ့... မင်းရဲ့ ပါရမီက ငါ့ထက် သာလွန်တယ်... ငါ့အတွက်နဲ့ မင်း အချိန်မကုန်စေနဲ့... ငါ တောင့်ခံနိုင်ပါသေးတယ်...”

နင်ချီသည် ကျောက်စိမ်းဘူးကို ဂရုတစိုက် လက်ခံယူလိုက်သည်။

“စိတ်ချပါ ဓားဘိုးဘေးကြီး... ကျွန်တော် သတိထားပြီး လုပ်ပါ့မယ်...”

နင်ချီသည် ထို အမည်းရောင် အငွေ့အသက်ကို ချက်ချင်း မစစ်ဆေးသေးဘဲ မေးလိုက်သည်။

“ဒါနဲ့... ဓားဘိုးဘေးကြီးက ကျွန်တော့် တစ်ယောက်တည်းကိုပဲ ဘာလို့ ချန်ထားခဲ့တာလဲ ခင်ဗျာ...”

ကျင်းရှောင်သည် မျှော်လင့်မထားဘဲ နောက်ထပ် ကျောက်စိမ်း ကျမ်းလိပ် တစ်ခုကို ထုတ်ယူပြီး နင်ချီကို ပေးလိုက်သည်။

“ဒါက ငါ နှစ်ပေါင်း တစ်သောင်းလုံးလုံး ကောင်းကင် လမ်းစဉ်ကို လေ့လာပြီး ရရှိခဲ့တဲ့ ဉာဏ်အလင်းတွေပဲ... အဓိက သုံးချက် ပါတယ်...”

“ပထမအချက်က... 'ဓားတစ်လက်ဖြင့် နည်းစနစ် တစ်သောင်းကို ဖျက်ဆီးခြင်း' ရဲ့ အစစ်အမှန် သဘောတရား...”

“ဒုတိယအချက်က... ဓားတာအို ဖြင့် တာအို အားလုံးကို ထိန်းချုပ်ခြင်း နည်းစနစ်...”

“တတိယအချက်ကတော့... ငါ့ စွမ်းရည် မပြည့်ဝပေမယ့်... ကောင်းကင်နဲ့ မြေကြီး ဆီကနေ ဝေဝါးဝါး အာရုံခံမိတဲ့ အရာတချို့ပဲ...”

ဓားဘိုးဘေးကြီး ခဏမျှ တွေးတောလိုက်ပြီး ဟင်းလင်းပြင်ကို မော့ကြည့်လိုက်သည်။ သူ့ ဓားမျက်လုံးများသည် ခန်းမဆောင် ခေါင်မိုးကို ဖောက်ထွင်းပြီး 'ဝိညာဉ် ကမ္ဘာ'ကို ကျော်လွန်ကာ ဟင်းလင်းပြင် တစ်ဖက်ခြမ်း အထိ မြင်နေရသကဲ့သို့ပင်။

“ဒီ ဝိညာဉ် ကမ္ဘာကြီးက မပြည့်စုံဘူးလို့ ခံစားရတယ်... ငါတို့သာ ရှေးဟောင်း နည်းလမ်းတွေ အတိုင်း ဆက်ကျင့်ကြံနေမယ် ဆိုရင်... ပြဿနာကြီးတွေ တက်လာနိုင်တယ်... တိုက်ဆိုင်စွာနဲ့ပဲ ငါ နည်းလမ်းသစ် တချို့ကို ရှာဖွေတွေ့ရှိခဲ့တယ်... ဒုက္ခထဲကနေ ရလာတဲ့ ကောင်းချီး တစ်ခုပေါ့ကွာ... ဒါပေမဲ့ ငါ့ လမ်းစဉ်ကို တစ်ဂိုဏ်းလုံးမှာ မင်း တစ်ယောက်တည်းပဲ ဆက်လျှောက်နိုင်မယ် ထင်တယ်... ဒါကြောင့် အကုန်လုံးကို မင်းဆီ လွှဲပေးလိုက်တာ...”

နင်ချီသည် ကျမ်းလိပ်ကို လေးစားစွာ လက်ခံလိုက်သည်။ ဓားဘိုးဘေးကြီး၏ အမြော်အမြင် ကြီးမားမှုကို အံ့သြမိသည်။

'အစစ်အမှန်သိုင်း ကမ္ဘာ' ၏ အရှင်သခင် အနေဖြင့် သူ မြင်နိုင်သောအရာများကို ဓားဘိုးဘေးကြီးလည်း မြင်နိုင်နေသည်။

ထို့နောက် ကျင်းရှောင်၏ မျက်နှာထား လေးနက်သွားပြီး ဆက်ပြောလေ ၏။

“စောစောက ပြောတာတွေက အဝေးကြီး လိုပါသေးတယ်... အခု လောလောဆယ် အရမ်း အရေးကြီးပြီး အလျင်လိုနေတဲ့ ကိစ္စ တစ်ခု မင်းကို ပြောပြစရာ ရှိတယ်ကွ...”

“ပြောပါ ဓားဘိုးဘေးကြီး...”

ကျင်းရှောင် ခေါင်းအသာညိတ်လိုက်သည်။

“ဂိုဏ်းချုပ် တစ်ယောက် အနေနဲ့... ငါတို့ နေထိုင်နေတဲ့ ဝိညာဉ် ကမ္ဘာကြီးမှာ ကိုယ်ပိုင် အသိစိတ် ရှိနေတယ် ဆိုတာ မင်း သိလား...”

နင်ချီ ခေါင်းညိတ်လိုက်သည်။

“ဓားဘိုးဘေးကြီး ပြောချင်တာက 'ဝိညာဉ် ကမ္ဘာ စစ်ပွဲ' အကြောင်းလား...”

“ဟုတ်တယ်... မင်း သိပြီးသား ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး...”

“မဟာ အကြီးအကဲ ဇီယန်က အနည်းအကျဉ်း ပြောပြဖူးပါတယ်...”

ကျင်းရှောင် နားလည်သွားသည်။

“ဒါဆိုရင် ကောင်းတာပေါ့... ဝိညာဉ် ကမ္ဘာ စစ်ပွဲ ဆိုတာ အလွန် အန္တရာယ် များတယ်... ငါတို့ နှစ်ယောက်စလုံး 'ပေါင်းစည်းခြင်း နယ်ပယ်'ကို ရောက်ရင်တောင်... နောက်ဆုံး 'တသားတည်းဖြစ်ခြင်း နယ်ပယ်' ကို ရောက်ရင်တောင်မှ... စစ်ပွဲ အပြည့်အဝ ဖြစ်လာရင် အသက်ရှင်ဖို့ ခက်ခဲနိုင်တယ်... ဂိုဏ်းကို ကာကွယ်ဖို့ ဆိုတာ ပိုလို့တောင် မလွယ်ကူဘူး...”

နင်ချီ မေးလိုက်သည်။

“ဓားဘိုးဘေးကြီး... စစ်ပွဲက အဲဒီလောက် အန္တရာယ် များတယ် ဆိုရင်... ကျွန်တော်တို့ ရှောင်ထွက်လို့ မရဘူးလား...”

ကျင်းရှောင် ပြန်ဖြေသည်။

“ငါတို့က ပေ့ရွှမ် နယ်မြေက အဆင့်မြင့် ဂိုဏ်း တစ်ခုပဲ ရှိသေးတာ... ဝိညာဉ် ကမ္ဘာ စစ်ပွဲ ဆိုတာ ကမ္ဘာ တစ်ခုနဲ့ တစ်ခု တိုက်ခိုက်ကြတဲ့ စစ်ပွဲမျိုး... ကမ္ဘာကြီးရဲ့ အစိတ်အပိုင်း ဖြစ်နေတဲ့ ငါတို့ အတွက် ရှောင်ထွက်စရာ လမ်းမရှိဘူး... ဆိုရိုးစကား ရှိတယ် မဟုတ်လား... အတူတူ ကြီးပွားကြမယ်၊ အတူတူ ပျက်စီးကြမယ် တဲ့...”

သူ အနည်းငယ် ရပ်နားလိုက်ပြီး ဆက်ပြောသည်။

“ကံကောင်းတာ တစ်ခုက... စစ်ပွဲ ဖြစ်လာရင်တောင် မဖြစ်မနေ အခြေအနေ မဟုတ်ရင်... များသောအားဖြင့် စစ်သားချင်း၊ ဗိုလ်ချုပ်ချင်းပဲ တိုက်ခိုက်ကြတာ များပါတယ်...”

“ငါ တံခါးပိတ်ရာကနေ ထွက်လာတာက ဂိုဏ်းတွင်း ပြဿနာကြောင့်တင် မဟုတ်ဘူး... ဝိညာဉ် ကမ္ဘာ စစ်ပွဲ နီးကပ်လာတာကို အာရုံခံမိလို့ပဲ... ငါတို့ အကန့်အသတ်မဲ့ ဓားဂိုဏ်းလည်း သေချာပေါက် ဆင့်ခေါ်ခံရလိမ့်မယ်... ဒါကြောင့် မင်း အနေနဲ့ ဂိုဏ်းကို ဦးဆောင်ပြီး ဒီအကျပ်အတည်းကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်တယ်...”

“အန္တရာယ် ဆိုတာ အခွင့်အလမ်းကိုလည်း မွေးဖွားပေးတတ်တယ်... အခု မင်းက ဂိုဏ်းချုပ် ဖြစ်နေပြီ... လျှို့ဝှက်နယ်မြေထဲမှာ မင်း ဦးဆောင်ခဲ့ပုံတွေကို ကြည့်ရတာ... မင်း သေချာပေါက် လုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်... အန္တရာယ်ကို အခွင့်အလမ်း အဖြစ် ပြောင်းလဲနိုင်လိမ့်မယ်...”

နင်ချီသည် ဓားဘိုးဘေးကြီး ကြည့်နေသည့် နေရာသို့ လိုက်ကြည့်လိုက်သည်။

သူ့ အကြည့်များသည်လည်း ခေါင်မိုးကို ဖောက်ထွင်းပြီး ဝိညာဉ် ကမ္ဘာ၏ အပြင်ဘက် ဟင်းလင်းပြင် ဆီသို့ ရောက်ရှိသွားသည်။

တခြား ဂိုဏ်းတွေကတော့ ဝိညာဉ် ကမ္ဘာ စစ်ပွဲ အတွက် စိုးရိမ်နေကြပေလိမ့်မည်။ သို့သော် နင်ချီ တစ်ယောက်တည်းသာ ဤစစ်ပွဲသည် သူ့အတွက် မည်မျှ အရေးကြီးကြောင်း နားလည်ထားသည်။

'အစစ်အမှန်သိုင်း ကမ္ဘာ' အနေဖြင့် 'တောင်နှင့် ပင်လယ် ကမ္ဘာ' ၏ ဝါးမျိုခြင်းကို မခံရအောင် ရှောင်ရှားလိုပါက... နည်းလမ်း တစ်ခုမှာ စည်းမျဉ်း အများအပြားကို စုပ်ယူပြီး အဆင့်မြှင့်တင်ကာ ပြန်လည် ခုခံရန် ဖြစ်သည်။

ဒုတိယ နည်းလမ်းမှာ... သူ ကိုယ်တိုင် ဝိညာဉ် ကမ္ဘာ စစ်ပွဲထဲသို့ ဝင်ရောက်ပြီး တိုက်ပွဲကြားမှ အကျိုးအမြတ်များကို ရှာဖွေ ရယူရန် ဖြစ်သည်။

နင်ချီသည် နည်းလမ်း နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ရပေမည်။

အခန်း (၆၀၀) - ခမ်းနားကြီးကျယ်သော အခမ်းအနား

~နင်ချီသည် ဝိညာဉ် ကမ္ဘာ စစ်ပွဲကို ရင်ဆိုင်ရန်အတွက် ဂိုဏ်းချုပ် တစ်ဦး၏ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်မည် ဖြစ်ကြောင်း ဓားဘိုးဘေးကြီးအား ကတိပေးလိုက်သည်။

အမှန်စင်စစ် 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' သို့ ရောက်ရှိပြီးနောက်၊ နင်ချီသည် 'တောင်နှင့် ပင်လယ် ကမ္ဘာ' ၏ အလိုဆန္ဒနှင့် စိုးရိမ်ပူပန်မှုများကို တဖြည်းဖြည်း အာရုံခံမိလာခဲ့၏။

'ပေါင်းစည်းခြင်း နယ်ပယ်' ဘိုးဘေးကြီးများ ဆိုလျှင် ပို၍ နက်ရှိုင်းစွာ အာရုံခံမိကြပေလိမ့်မည်။ အခြား နယ်မြေများမှ အင်မော်တယ် ဂိုဏ်းကြီးများ ဆိုလျှင်လည်း သတင်းအချက်အလက် ပိုမို သိရှိထားကြပေမည်။

ဤ ကမ္ဘာလောက၏ အလိုဆန္ဒသည် တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။ ဝါးမျိုခြင်းနှင့် ဆင့်ကဲ ပြောင်းလဲခြင်းကို လိုလားတောင့်တနေသော်လည်း၊ တစ်ဖက်တွင်မူ နယ်မြေအတွင်းရှိ စွမ်းအားရှင်များ ဆီသို့ စိုးရိမ်ပူပန်မှုများကို ပေးပို့နေပြီး ဆင့်ခေါ်မှုအတွက် ပြင်ဆင်စေလျက် ရှိသည်။

သို့သော် လာစရာရှိတာ လာပါစေတော့။ တည်ငြိမ်စွာ ရင်ဆိုင်ရုံသာ ရှိသည်။

နင်ချီသည် ထိုနေ့ရက် ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

ထို့နောက် နင်ချီသည် လျှို့ဝှက်နယ်မြေ အတွင်းမှ ရရှိခဲ့သော အကျိုးအမြတ် အချို့ကို ထုတ်ယူပြီး ဓားဘိုးဘေးကြီးအား ဆက်သလိုက်သည်။

ဥပမာအားဖြင့်... 'ပေါင်းစည်းခြင်း နယ်ပယ်' ကျင့်ကြံသူများ အသုံးပြုသော 'ကောင်းကင် မြေကြီး ပေါင်းစည်း ဆေးလုံး'နှင့် 'ပေါင်းစည်းခြင်း နယ်ပယ်' ဓားကျင့်ကြံသူများအတွက် ကျင့်စဉ်များ ပါဝင်သည်။

နင်ချီ၏ များပြားလှသော ပစ္စည်းများကို မြင်လိုက်ရသောအခါ ဓားဘိုးဘေးကြီးပင် မှင်သက်သွားရသည်။

သူ၏ ငယ်ရွယ်စဉ်ကာလ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့စဉ်က ဤမျှလောက် များပြားသော အကျိုးအမြတ် မရရှိခဲ့ပေ။ ဂိုဏ်းသို့ ပြန်လည် ယူဆောင်လာနိုင်ခဲ့သည့် အကောင်းဆုံး အရာမှာ 'အကန့်အသတ်မဲ့ ဓားကျမ်း' သာ ဖြစ်သည်။

သို့သော် ဤမျှနှင့် မပြီးသေးပေ။ နင်ချီသည် 'တသားတည်းဖြစ်ခြင်း' ဘိုးဘေးကြီးများ အသုံးပြုသော 'လမ်းစဉ်စုံ ပေါင်းစည်း ဆေးလုံး' အများအပြားနှင့် ဓား စည်းမျဉ်း တစ်မျိုးတည်းသာ ကျန်ရှိတော့သည့် ထိပ်တန်းအဆင့် ဝိညာဉ် ဓားတစ်လက်ကိုပါ ထပ်မံ ထုတ်ပေးလိုက်သည်။

“ဒါတွေက ဓားဘိုးဘေးကြီး အတွက် လက်ဆောင်ပါ... ဘိုးဘေးကြီးရဲ့ ဒဏ်ရာအတွက် အထောက်အကူ ဖြစ်မလားလို့ပါ...”

ကျင်းရှောင်သည် စိတ်ဓာတ်ကြံ့ခိုင်သူ တစ်ဦး ဖြစ်ပြီး ဂျူနီယာများကို အရင်းအမြစ်များ ခွဲဝေပေးလေ့ ရှိသော်လည်း၊ ဂျူနီယာ တစ်ယောက်က သူ့ကို ဤမျှ တန်ဖိုး ဖြတ်မရသော ပစ္စည်းများ ပြန်ပေးလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပေ။

“ကောင်လေး... မင်း လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို ပြောင်သလင်းခါအောင် သိမ်းလာတာလားဟေ...”

သူ့ရှေ့တွင် တာအို သဘောတရားများ တောက်ပနေသော ပစ္စည်းများကို ကြည့်ရင်း မယုံကြည်နိုင်စွာ မေးလိုက်သည်။

“စောစောက ဇီယန် ပြောတာ ကြားတယ်... နှစ်ပေါင်း သောင်းချီ တည်ရှိခဲ့တဲ့ လျှို့ဝှက်နယ်မြေက ပျက်စီးတော့မယ် တဲ့... ဒါပေမဲ့ ဇီယန် နဲ့ ကျန်းရူဟိုင် ရလာတာတွေက သိပ်မများပါဘူး... တကယ်တမ်း အမြတ်အစွန်း အများဆုံး ရခဲ့တာက မင်းကိုး... ကဲ... အထဲမှာ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာ အမှန်အတိုင်း ပြောပြစမ်း...”

လျှို့ဝှက်နယ်မြေ ခရီးစဉ်သည် အစစ်အမှန် အမွေခံများကြား ပြိုင်ဆိုင်မှု ဖြစ်သော်လည်း ဇီယန်နှင့် ကျန်းရူဟိုင် တို့သည် အမှန်တကယ် ရရှိခဲ့သော ပစ္စည်းစာရင်းကို မမေးမြန်းခဲ့ကြပေ။

အဘယ်ကြောင့်ဆိုသော် နင်ချီက အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ အစစ်အမှန် အမွေခံ တစ်ယောက်မှ မကျဆုံးစေဘဲ အားလုံးကို ကာကွယ်ပေးနိုင်ခဲ့ခြင်းကပင် အကြီးမားဆုံး အကျိုးအမြတ် ဖြစ်နေသောကြောင့် ဖြစ်သည်။

နောက်ပိုင်းတွင် လျှို့ဝှက်နယ်မြေ၏ တားမြစ်ချက် ပျောက်ကွယ်သွားပြီးနောက် ဇီယန်နှင့် ကျန်းရူဟိုင် တို့သည် ကောင်းကင် ကြယ်တာရာ ဂိုဏ်း၏ လုပ်ကြံမှုကို ခံရလုနီးပါး ဖြစ်ခဲ့ပြီး နင်ချီ၏ ကယ်တင်မှုကို ခံခဲ့ရသည်။

သူတို့သည် လျှို့ဝှက်နယ်မြေမှ ကပျာကယာ ထွက်ပြေးခဲ့ရသဖြင့် နင်ချီ ဘာတွေ ရခဲ့သည်ကို သဘာဝကျကျ မသိခဲ့ကြပေ။

နင်ချီက 'ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ်' နှောင်းပိုင်း အဆင့်ကို တိုက်ရိုက် ရောက်ရှိလာခြင်းကပင် လူတိုင်းကို ဘေးကင်းစွာ ပြန်ခေါ်လာနိုင်ခြင်းထက် ပိုမို လေးစားဖွယ်ရာ ဖြစ်နေလေသည်။

သူ့ အနေဖြင့် လျှို့ဝှက်နယ်မြေမှ ရရှိသော ပစ္စည်းများကို အကုန် ထုတ်သုံးလိုက်သည် ဆိုလျှင်တောင် ကိစ္စ မရှိပေ။

ထို့ပြင် သူ့ကို ဓားဘိုးဘေးကြီး ကိုယ်တိုင် ဂိုဏ်းချုပ် ခန့်အပ်ထားပြီး ဖြစ်သဖြင့် သူတို့ အနေဖြင့် ဝင်ရောက် စစ်ဆေးရန် မသင့်တော်တော့ပေ။

ထို့ကြောင့် သူတို့ သိသမျှ သတင်းအချက်အလက် အနည်းငယ်ကိုသာ အခြားသူများကို ပြောပြခဲ့ကြ၏။

ယခု ဓားဘိုးဘေးကြီး ကိုယ်တိုင် မေးမြန်းလာသဖြင့် နင်ချီသည် လျှို့ဝှက်နယ်မြေ အတွင်း ကြုံတွေ့ခဲ့ရသည်များကို တစ်ခုချင်းစီ ပြန်လည် ပြောပြလိုက်သည်။

မလွဲမသွေပင်... သူ၏ 'အစစ်အမှန်သိုင်း ကမ္ဘာ' နှင့် ဆက်သွယ်မှု အပိုင်းကိုတော့ ချန်လှပ်ထားခဲ့ပါ၏။

သူက 'ခရမ်းရောင် ဝတ်ရုံနှင့် သူခိုး' အဖြစ် ရုပ်ဖျက်ပြီး မြောက်ပိုင်းနှင့် တောင်ပိုင်း နယ်မြေမှ ဂိုဏ်းပေါင်းစုံ၏ စွမ်းအားရှင်များကို ဓားပြတိုက်ခဲ့ကြောင်း၊ နောက်ဆုံးတွင် ပေ့ရွှမ် အဆင့်မြင့် ဂိုဏ်းမှ စွမ်းအားရှင် တစ်ဦးကို သတ်ဖြတ်ပြီး ကောင်းကင် ကြယ်တာရာ ဂိုဏ်းကို လွှဲချခဲ့ကြောင်း ကြားသိရသောအခါ...

ဓားဘိုးဘေးကြီး ကျင်းရှောင် သဘောကျလွန်း၍ အားပါးတရ.. ရယ်မောလိုက်လေ၏။

“ကောင်းတယ်... အရမ်း ကောင်းတယ်... မင်းက ငါ ငယ်ငယ်တုန်းက စိတ်ဓာတ်မျိုး ရှိတာပဲ... ဒါပေမဲ့ သူတို့က နောက်ဆုံးမှာ အမှန်တရားကို သိသွားမှာ မကြောက်ဘူးလားကံ...”

ထိုအခါ၊ နင်ချီလည်း ပြုံးပြီး ပြန်ဖြေလိုက်သည်။

“သူတို့ သိသွားတဲ့ အချိန်ကျရင်... ကျွန်တော်က 'ပေါင်းစည်းခြင်း နယ်ပယ်' ကို ရောက်နေလောက်ပြီ... ဘာကြောက်စရာ ရှိဦးမှာလဲဗျ...”

“ဒါ့အပြင်... တစ်ကိုယ်တော် ကျင့်ကြံသူ ဖူချန် က အရေးကြီးဆုံး 'သဟဇာတဖြစ်ခြင်း နက်ရှိုင်းခြင်းအဆင့် စွမ်းရည်' ကို ယူသွားခဲ့တယ်လေ... ဂိုဏ်းအသီးသီးက ဘိုးဘေးကြီးတွေရဲ့ အာရုံက အဲဒီဘက်ကိုပဲ ရောက်နေမှာ သေချာတယ်...”

“သူတို့ရဲ့ အကြီးမားဆုံး ဆန္ဒက 'တသားတည်းဖြစ်ခြင်း' ကို တက်လှမ်းဖို့ပဲ... တခြား ကိစ္စတွေက ဒီကိစ္စလောက် အရေးမပါဘူး...”

ကျင်းရှောင် ခေါင်းညိတ်လိုက်ပြီး နင်ချီကို ကျေနပ်အားရစွာ ကြည့်လိုက်သည်။

“မင်းရဲ့ အတွေ့အကြုံတွေကို ကြားရတော့... အကန့်အသတ်မဲ့ ဓားဂိုဏ်းကို မင်းလက်ထဲ ထည့်ပေးလိုက်ရတာ တကယ်ပဲ စိတ်ချရပြီ...”

နင်ချီ၏ အကြည့်သည် သူ ထုတ်ပေးထားသော ပစ္စည်းများ ဆီသို့ ပြန်ရောက်သွားသည်။

“ဓားဘိုးဘေးကြီး... ဒီပစ္စည်းတွေကို စမ်းကြည့်ပါဦး... အသုံးဝင်မလားလို့ပါ...”

ကျင်းရှောင်သည် ပစ္စည်း တစ်ခုချင်းစီကို သေချာ ကိုင်တွယ် စစ်ဆေးလိုက်ပြီး နောက်ဆုံးတွင် မပြည့်စုံသော ထိပ်တန်းအဆင့် ဝိညာဉ် ဓားကို ကောက်ယူလိုက်သည်။

သူ၏ သွယ်လျပြီး ဖြူဖွေးသော လက်ချောင်းများက ဓားကို ပွတ်သပ်လိုက်သည်နှင့် ဓားသည် ချက်ချင်း အသက်ဝင်လာပြီး ဓားမြည်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ထို့နောက် ကျင်းရှောင်.. ဓားကို ပြန်ချထားလိုက်ပြီး ပြောသည်။

“မင်းရဲ့ စေတနာကို ငါ နားလည်ပါတယ်... ငါ လက်လည်း လက်ခံပါတယ်... ဒါပေမဲ့ ငါ့ရဲ့ 'မဟာ လမ်းစဉ် ဒဏ်ရာ' က 'သဟဇာတဖြစ်ခြင်း ဆေးလုံး' နဲ့တောင် ကုလို့ရမယ့် အရာ မဟုတ်ဘူး...”

“ပြီးတော့ ဒီ ဝိညာဉ် ဓားကို မင်းပဲ ပြန်ယူထားလိုက်ပါ... မင်းလည်း ဓားတာအို စည်းမျဉ်းကို ပိုင်ဆိုင်ထားတာပဲ... ငါ့ထက် မင်းက ပိုလိုအပ်လိမ့်မယ်...”

ရုပ်ဝတ္ထု ပစ္စည်းများကို မက်မောခြင်း မရှိသော ကျင်းရှောင်သည် ခပ်ဟဟ ရယ်မောလိုက်သည်။

“ငါ ကြွားတာ မဟုတ်ဘူးနော်... မင်း ငါနဲ့ လက်ရည်စမ်းပြီးပြီ ဆိုတော့ သိမှာပါ... ဝိညာဉ် ဓားတွေက ငါ့အတွက် သိပ်အသုံးမဝင်တော့ဘူး... ငါ လျှောက်တဲ့ လမ်းစဉ်က ပြင်ပ အရာဝတ္ထုတွေကို အားကိုးတာ မဟုတ်ဘူး...”

ဓားဘိုးဘေးကြီး၏ ပြတ်သားမှုကို မြင်သောအခါ နင်ချီ ပစ္စည်းများကို ပြန်မသိမ်းတော့ပေ။

“ဓားဘိုးဘေးကြီး... လက်ခံထားလိုက်ပါ... အားလပ်တဲ့အချိန် ထုတ်ကြည့်ပြီး ဉာဏ်အလင်း ရှာလို့ ရတာပေါ့... ဝိညာဉ် ဓားအတွက် ဆိုရင်တော့ စိတ်မပူပါနဲ့... ကျွန်တော့်မှာ အများကြီး ရှိပါသေးတယ်... ဒါပေမဲ့ ဒီဓားက ဘိုးဘေးကြီးနဲ့ အသင့်တော်ဆုံး ဖြစ်နေလို့ပါ... ဘိုးဘေးကြီး အတွက် အသုံးဝင်မယ့် တခြားအရာ ကျွန်တော် ရှာမတွေ့လို့ပါ...”

ထိုစကားကို ကြားသောအခါ ဖြောင့်မတ်သော စိတ်ထားရှိသည့် ဓားဘိုးဘေးကြီး ထပ်မငြင်းတော့ပေ။

“ကောင်းပြီလေ... ဒါဆိုရင်လည်း ဂျူနီယာရဲ့ ကောင်းချီးကို ငါ ခံစားလိုက်ပါ့မယ်...”

သူ ပစ္စည်းအားလုံးကို သိမ်းဆည်းလိုက်သည်။ နင်ချီကို ကြည့်နေသော သူ့ မျက်လုံးများထဲတွင် ခံစားချက် တစ်ခု ဖြတ်သန်းသွားသည်။

အဆုံးမဲ့ အင်မော်တယ် လမ်းစဉ်ကို လျှောက်လှမ်းသူများသည် စိတ်ဓာတ် အခိုင်မာဆုံး သူများ ဖြစ်ကြ၏။ အရာဝတ္ထုနှင့် သံယောဇဉ်များကို မတွယ်တာဘဲ အထီးကျန်ခြင်းကို ခံနိုင်ရည် ရှိကြ၏။

ဓားဘိုးဘေးကြီးတွင် မျိုးဆက် သွေးသားရင်းချာ မရှိပေ။ ယခု အချိန်တွင် သူသည် နင်ချီကို သူ့ သားသမီးကဲ့သို့ မသိစိတ်မှ မှတ်ယူလိုက်မိသည်။

ထို့နောက် သူသည် နင်ချီအား သူ ပေးထားသော ကျောက်စိမ်း ကျမ်းလိပ်ကို လေ့လာရန် တိုက်တွန်းပြီး၊ နက်ရှိုင်းသော သဘောတရားများကို ကိုယ်တိုင် ရှင်းပြပေးခဲ့၏။ နင်ချီ၏ လျင်မြန်သော နားလည်နိုင်စွမ်းကို တွေ့ရသောအခါ သူ ထပ်မံ အံ့သြရပြန်သည်။

ကျင်းရှောင် စိတ်ထဲမှ ကြိတ်၍ ပင့်သက်ရှိုက်လိုက်မိသည်။

'ဒီကောင်လေးက ဘက်စုံ ထူးချွန်တာပဲ... ငါ့ကိုယ်ငါ မြောက်ပိုင်းနဲ့ တောင်ပိုင်း နယ်မြေမှာ ပြိုင်ဘက်ကင်း ပါရမီရှင်လို့ ထင်ခဲ့ပေမယ့်... သူ့ရှေ့မှာတော့ အကြိမ်ကြိမ် ရှုံးနိမ့်ရတယ်... လောကမှာ ပါရမီရှင်တွေက ကောင်းကင်ဘုံရဲ့ ဉာဏ်ပညာကို လုယူကြတယ် ဆိုရင်... ဒီကောင်လေးက (၇၀) ရာခိုင်နှုန်းလောက် တစ်ယောက်တည်း ယူထားတာ ဖြစ်မယ်...'

ထိုအချိန်တွင် နင်ချီသည် လျှို့ဝှက်နယ်မြေ အတွင်းမှ ရရှိခဲ့သော နောက်ထပ် နတ်ဘုရား ပစ္စည်းတစ်ခု ဖြစ်သည့် 'ရွှေရောင် သော့'ကို သတိရသွားပြီး ဓားဘိုးဘေးကြီးအား ထုတ်ပြလိုက်သည်။

မထင်မှတ်ထားသည်မှာ... ထိုပစ္စည်းကို မြင်လိုက်ရသောအခါ တည်ငြိမ်အေးဆေးသော ဓားဘိုးဘေးကြီး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ပေါ်လာခြင်းပင်။

All Chapters