အခန်း (၁၇၂-၁၇၄)
Vol. 12 Ch. 172-174
အခန်း (၁၇၂) - ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ပညာရှင်နှင့် မြေကျောက် ကြွက်သားရဲ ပြဿနာ
~ကျောက်စိမ်းခုံမြင့်၏ ရှေ့တွင်...
စုယွီသည် ဒုတိယအဆင့် အထွတ်အထိပ် အဆောင် စက္ကူများနှင့် အဆောင်ရေးစုတ်တံ အသစ်တစ်ချောင်းကို ထုတ်ယူလိုက်၏။ ထို့နောက် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး "ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်" ကို လည်ပတ်ကာ စိတ်အာရုံကို အမြင့်ဆုံး အခြေအနေသို့ တင်လိုက်၏။
မူလက ဒုတိယအဆင့် အထွတ်အထိပ် အဆောင်တစ်ခုကို ဖန်တီးရန် ခက်ခဲလိမ့်မည်ဟု စုယွီ ယူဆထားခဲ့သည်။ သို့သော် သူသည် "သစ်သားဝိညာဉ် နတ်ဘုရား ဝါးမြို အဆောင်" ကို စတင် ရေးဆွဲလိုက်သည့်အခါ ထင်မှတ်မထားလောက်အောင်ပင် ချောမွေ့နေကြောင်း တွေ့ရှိလိုက်ရသည်။ ပထမဆုံးအကြိမ် စမ်းသပ်ခြင်း ဖြစ်သော်လည်း လုပ်ငန်းစဉ်၏ ထက်ဝက်ခန့်အထိ အခက်အခဲမရှိ ရောက်ရှိခဲ့၏။ သို့သော် အဆုံးပိုင်းတွင် အနည်းငယ်သော လွဲချော်မှုလေး တစ်ခုကြောင့်သာ ကျရှုံးသွားခဲ့ရခြင်း ဖြစ်၏။
စုယွီ အနည်းငယ် အံ့အားသင့်သွားမိသည်။ သူသည် ကျောက်စိမ်းခုံမြင့်ရှေ့တွင် ရပ်လျက် ယခုလေးတင် ကြုံတွေ့ခဲ့ရသော အဆောင်ရေးဆွဲမှု အတွေ့အကြုံကို ပြန်လည် သုံးသပ် ဆင်ခြင်လိုက်၏။
'တကယ့်ကို ချောမွေ့တာပဲ... အထူးသဖြင့် နတ်ဘုရား အာရုံ ပိုင်းမှာပေါ့... ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ကို ရေးဆွဲနေတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ ဖိအား လုံးဝ မခံစားရဘူး... လွယ်ကူပြီး စီးဆင်းနေတာပဲ... ငါ့ရဲ့ လက်ရှိ နတ်ဘုရား အာရုံ အင်အားနဲ့ဆိုရင် ဒီအဆင့် အဆောင်မျိုးကို ကောင်းကောင်းကြီး ကိုင်တွယ်နိုင်တယ်'
'တစ်ခုပဲ ရှိတာက ချီစွမ်းအင် စွမ်းအားပဲ... အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့် ချီစွမ်းအင် ဆိုတော့ နည်းနည်းလေး နောက်ကျကျန်ခဲ့သလို ခံစားရတယ်... ဒါပေမဲ့ ငါ့ရဲ့ သစ်သားဓာတ် ချီစွမ်းအင် က သာမန် (၅) ဆင့်မြောက် ကျင့်ကြံသူတွေထက် ပိုပြီး ထူထဲသိပ်သည်းနေတော့ ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ကို အထောက်အပံ့ ပေးဖို့ရာ ပြဿနာ မရှိလောက်ပါဘူး'
'စောစောက ကျရှုံးသွားရတာက ဒီအဆောင်ကို ပထမဆုံးအကြိမ် စမ်းသပ်တာဆိုတော့ လက်မယဉ်သေးလို့ အမှားအယွင်းလေး ဖြစ်သွားတာပါ'
ကျရှုံးမသွားခင် အချိန်အထိ ချောမွေ့ခဲ့သော ခံစားချက်ကို ပြန်တွေးမိရာ စုယွီ၏ နှလုံးသားထဲတွင် နှစ်ထောင်းအားရ ဖြစ်မှုတို့ ပြည့်နှက်သွား၏။
နတ်ဘုရား အာရုံ စွမ်းအား ကောင်းမွန်ခြင်း၏ အကျိုးကျေးဇူးများကား များပြားလှပေစွ။
လက်ရှိ သူ၏ နတ်ဘုရား အာရုံ ကြံ့ခိုင်မှုသည် အခြေခံတည်ဆောက်ခြင်း (၈) ဆင့်မြောက်၊ သို့တည်းမဟုတ် (၉) ဆင့်မြောက် သာမန် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဟု စုယွီ ခံစားမိသည်။
ဒါက ဒုတိယနယ်ပယ် ပြည့်မီမတတ်နှင့် တတိယနယ်ပယ်သို့ ချဉ်းကပ်လာသော ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်၏ စွမ်းအားပင် ဖြစ်ချေသည်။
သေချာစွာ သုံးသပ်ပြီးနောက် စုယွီသည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး "မြေကမ္ဘာနှင့် သစ်သား သိုင်းကျမ်း"ကို လည်ပတ်ကာ ကုန်ဆုံးသွားသော ချီစွမ်းအင် နှင့် စိတ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းလိုက်သည်။
တစ်နာရီကျော်ခန့် ကြာမြင့်ပြီးနောက်...
စုယွီသည် "သစ်သားဝိညာဉ် နတ်ဘုရား ဝါးမြို အဆောင်" ကို ဆက်လက်၍ ဖန်တီးရန် ကြိုးပမ်းတော့သည်။
ဤအဆောင်သည် သစ်သားဓာတ်သဘာဝ ပါဝင်သော ဒုတိယအဆင့် အထွတ်အထိပ် အဆောင်များတွင် အသုံးများသော အမျိုးအစား ဖြစ်၏။ ၎င်းသည် ကျယ်ပြန့်သော ဧရိယာတစ်ခုကို သက်ရောက်မှု ရှိစေပြီး ထိုဧရိယာအတွင်းရှိ သက်ရှိသတ္တဝါ အားလုံး၏ ခန္ဓာကိုယ် ချီစွမ်းအင် နှင့် ဝိညာဉ်စွမ်းအင်များကို ဝါးမျိုပစ်နိုင်စွမ်း ရှိသည်။
အစွမ်းနည်းသော သတ္တဝါများ ဆိုလျှင်မူ သူတို့၏ အသက်ဝိညာဉ် အမြစ်ကိုပါ ဝါးမျိုခံရပြီး ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။
ယခုကဲ့သို့ ကြီးမားသော သားရဲဒီရေလှိုင်းနှင့် ရင်ဆိုင်နေရချိန်တွင် ဤကဲ့သို့သော အဆောင်မျိုးသည် အလွန် အရေးပါလှပေသည်။
ညနေစောင်းသည်အထိ စုယွီသည် သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့ရာ နောက်ဆုံးအကြိမ်တွင် (၈၀) ရာခိုင်နှုန်းခန့် အောင်မြင်မှု ရရှိခဲ့၏။
ညချမ်းအချိန်သို့ ရောက်ရှိလာသောအခါ အပြင်လောက၌ မည်သည့် ထူးခြားမှုမှ မရှိခဲ့ချေ။ တာ့ယွဲ့ မြို့တော် ဈေးကွက်ကို လာရောက် တိုက်ခိုက်မည့် သားရဲဒီရေလှိုင်း၏ အရိပ်အယောင်လည်း မတွေ့ရပေ။ မှောင်ရီပျိုးစ အချိန်တွင် ယွီပိုင်ဟယ် တစ်ယောက်တည်း အတွင်းဈေးကွက် ထဲသို့ ဝင်ရောက်လာပြီး စုယွီ၏ ခြံဝင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။
စုယွီသည် စုချီ ကို ဟင်းပွဲများ ချက်ပြုတ်ခိုင်းလိုက်ပြီး အရသာရှိသော စားသောက်ဖွယ်ရာများ ပြည့်နှက်နေသည့် စားပွဲဝိုင်းကြီးဖြင့် ယွီပိုင်ဟယ်ကို ဧည့်ခံလိုက်၏။
ဝိညာဉ်ဝိုင် တစ်ခွက်ကို မော့သောက်ပြီး သားရဲအသား ပြုတ်ဟင်းတစ်တုံးကို ဝါးလိုက်ရင်း ယွီပိုင်ဟယ်သည် ကျေနပ်အားရစွာ သက်ပြင်းချလိုက်သည်။
"ဟား... သက်တောင့်သက်သာ ရှိလိုက်တာကွာ... ငါ ဒီကို ရောက်နေတာ နှစ်လလောက် ရှိပြီ... နေ့တိုင်း လူကြီးတွေချည်းပဲ မျက်နှာချင်းဆိုင်နေရတာ... ဒီနေ့ ထမင်းဝိုင်းကတော့ အကောင်းဆုံးပါပဲ... စုချီရေ... ညည်းရဲ့ လက်ရာက တကယ့်ကို ရှယ်ပါပဲကွယ်... ဒါနဲ့ ညည်းအနေနဲ့ ယွီမိသားစုထဲက သင့်တော်တဲ့ သတို့သားလောင်းလေး တစ်ယောက်လောက် ရှာဖို့ စိတ်ကူးမရှိဘူးလား..."
ထိုအခါ၊ စုချီက ခေါင်းကို အနည်းငယ် မော့လိုက်ပြီး သူမ၏ ဖြူဝင်းသော လည်တိုင်လေးကို မသိမသာ ကြွလိုက်ရင်း နှာခေါင်းရှုံ့ကာ ပြန်ဖြေလိုက်၏။
"ဟင့်အင်း... မရှာချင်ပါဘူး... သမီးက ဦးလေးယွီရဲ့ နောက်လိုက်ပြီး ဆေးပညာလမ်းစဉ်ကိုပဲ လိုက်စားတော့မှာ... ကာမဂုဏ် အာရုံခံစားမှုတွေနောက် လိုက်ပြီး အချိန်ဖြုန်းမနေချင်ပါဘူး"
ယွီပိုင်ဟယ်သည် သူမ၏ စကားကြောင့် ဆွံ့အသွားပြီး အကူအညီမဲ့သော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။
"ဟေ... ဒါ ဘယ်လိုလုပ်ပြီး ကာမဂုဏ် လိုက်စားတာ ဖြစ်သွားရတာတုန်း... ကိုယ်နဲ့ သင့်တော်တဲ့ ဘဝလက်တွဲဖော် ရှာတာက ဆေးပညာ လေ့လာမှုကို အနှောင့်အယှက် မဖြစ်စေပါဘူးကွဲ့..."
ဒီခေတ် လူငယ်တွေ ဘာဖြစ်ကုန်ကြတာပါလိမ့်... ဘဝခရီးလမ်းကို အတူလျှောက်လှမ်းမယ့် အဖော်မွန်ကို မရှာဖွေချင်ဘဲ တစ်ကိုယ်တည်း တာအိုလမ်းစဉ်ကိုပဲ လိုက်စားချင်နေကြပါလား...။
ဘေးတွင် ရှိနေသော လီပင်ချန်းက တစ်ချက် ရယ်လိုက်ပြီး ကျေနပ်စွာ ဝင်ပြောလိုက်သည်။
"တာအိုလက်တွဲဖော် ရှိတာက တကယ်တော့ ကောင်းပါတယ်ဗျ... ကျွန်တော်ဆို အရင်တုန်းက အချိန်ကောင်းတွေကို အလဟဿ ဖြုန်းတီးခဲ့မိတယ်... အခုတော့ ဆေးလုံးတောင်မှာ အခြေချပြီးပြီ... မိသားစုခေါင်းဆောင်ကလည်း ကျွန်တော့်အတွက် ဇနီးသည် နှစ်ယောက် ရှာပေးထားတယ်လေ... ဒီနှစ်မကုန်ခင် ကျွန်တော့်ရဲ့ ပထမဆုံး ရင်သွေးလေးတောင် ရလောက်ပြီဗျ"
လီပင်ချန်း၏ ဇနီးနှင့် မယားငယ်တို့သည် စုမိသားစုဝင်များ ဖြစ်ကြသည်။
သူမတို့ နှစ်ဦးစလုံးသည် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း ပါရမီ အလွန် နည်းပါးကြပြီး အသက် (၂၀)၊ (၃၀) ကျော်သည့်တိုင်အောင် ချီစွမ်းအင် စုစည်းခြင်း ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်တွင်သာ ရှိကြသေးသည်။
ယခုအခါ သူ၏ ဇနီးသည် ကိုယ်ဝန်ဆောင်ထားပြီ ဖြစ်၍ မကြာမီ သူ၏ မျိုးဆက်သစ်လေးကို မွေးဖွားတော့မည် ဖြစ်၏။
သို့သော် ထိုကလေးသည် "စု" မျိုးရိုးကိုသာ ခံယူရမည် ဖြစ်၏။
တိတိကျကျ ပြောရလျှင် လီပင်ချန်းသည် စုမိသားစုအတွင်းသို့ အိမ်ထောင်ပြု ဝင်ရောက်လာသူ ဖြစ်ပြီး မိသားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပြီပင်။
ပေါ့ပေါ့ပါးပါး ရောက်တတ်ရာရာလေးများ.. ပြောဆိုပြီးနောက်...
အစားအသောက်များကို ဝအောင် သုံးဆောင်ပြီးသောအခါ ယွီပိုင်ဟယ်သည် စုယွီကို ကြည့်၍ ပြောလိုက်၏။
"တူမောင်ရေ... ဒီနေ့ မင်း ပေးလိုက်တဲ့ သားရဲမျှားဆေးမှုန့် က တော်တော်လေး ထိရောက်မှု ရှိတယ်ကွ... ငါ အဲဒီဆေးမှုန့် အထုပ် (၁၀၀) လောက်ကို အပြင်ဘက်မှာ ဖြန့်ခင်းခဲ့တာ... ဒီကို မလာခင် သွားကြည့်တော့ မြေကျောက် ကြွက်သားရဲ အကောင် (၄၀) ကျော်လောက် မိပြီး သေနေတာ တွေ့ခဲ့ရတယ်"
"တကယ်လို့များ ငါတို့ဆီမှာ ဒီဆေးတွေ အများကြီး ရှိမယ်ဆိုရင် သားရဲဒီရေလှိုင်း ပြီးသွားတဲ့အခါ ကြွက်သားရဲတွေရဲ့ အရေအတွက်က ထိုးကျသွားမှာ သေချာတယ်"
စုယွီက မေးလိုက်၏။ "မြေကျောက် ကြွက်သားရဲတွေက အရမ်း များနေလို့လား ဦးလေးယွီ"
ယွီပိုင်ဟယ်က ခေါင်းညိတ်ပြလိုက်သည်။
"နေရာတိုင်းမှာပဲကွ... သားရဲဒီရေလှိုင်း လာတိုင်း ဒီကောင်တွေက မြေကြီးအောက်ကနေ တရစပ် ထွက်ထွက်လာတာ... ရေတွက်လို့ မကုန်နိုင်အောင် များတဲ့အပြင် ကိုင်တွယ်ရတာလည်း ခက်တယ်... အန္တရာယ် အငွေ့အသက် ရတာနဲ့ မြေကြီးထဲ ပြန်တိုးဝင်သွားရော... ချီစွမ်းအင် စုစည်းခြင်းအဆင့် ကလေးတွေသာ သတိမထားမိရင် ဒီကောင်တွေရဲ့ ဝိုင်းဝန်း ကိုက်သတ်တာ ခံရပြီး သေကုန်ကြရော"
ခေတ္တမျှ စဉ်းစားပြီးနောက် ယွီပိုင်ဟယ်က ဆက်ပြောသည်။
"ဒီ မြေကျောက် ကြွက်သားရဲတွေက မြို့တော် အကာအကွယ် အခင်းအကျင်းကို ဖောက်ဝင်နိုင်တဲ့အထိတော့ မစွမ်းဆောင်နိုင်ပါဘူး... ဒါပေမဲ့ သူတို့က တော်တော်လေး အနှောင့်အယှက် ပေးနိုင်တယ်"
"ပြီးတော့ သူတို့က အခင်းအကျင်းရဲ့ စွမ်းအားကို အများကြီး ကုန်ဆုံးစေတယ်... အခင်းအကျင်း စွမ်းအား ကျဆင်းသွားတာနဲ့ တတိယအဆင့် သားရဲကြီးတွေနဲ့ မိစ္ဆာတွေက အခွင့်ကောင်းယူပြီး ဝင်တိုက်ကြတော့တာပဲ"
"အဲဒီအချိန်ရောက်ရင်တော့ သားရဲအုပ်ကြီးက ဒီရေအလား ဝင်ရောက်လာတော့တာပေါ့ကွာ..."
ယွီပိုင်ဟယ်သည် ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်၏။ ဤသားရဲဒီရေလှိုင်း စတင်ကတည်းက ထိုကဲ့သို့သော အဖြစ်အပျက်မျိုး (၃) ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ပြီးပြီ ဖြစ်၏။
အကြိမ်တိုင်းတွင် ကျင့်ကြံသူ အများအပြား ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ရှိခဲ့၏။
ခေတ္တမျှ ချင့်ချိန်စဉ်းစားပြီးနောက် စုယွီက ဆုံးဖြတ်ချက်ချကာ ပြောလိုက်၏။
"ဒါဆိုရင် ကျွန်တော် သားရဲမျှားဆေးမှုန့်ရဲ့ ဖော်စပ်နည်းကို ကောင်းကင်အပျက်အစီး ခန်းမဆောင်ဆီ ပေးပို့လိုက်ပါ့မယ်... တကယ်လို့ သူတို့သာ ဒီဆေးကို အများအပြား ထုတ်လုပ်ပေးနိုင်ရင် မြေကျောက် ကြွက်သားရဲတွေရဲ့ အန္တရာယ်ကို ဖြေရှင်းဖို့ ပြဿနာ မရှိလောက်တော့ပါဘူး"
သူ့အတွက်မူ ဤဆေးမှုန့်သည် အဆင့်နိမ့်လွန်းလှသည်။ ပထမအဆင့် ကြွက်သားရဲများကိုသာ နှိမ်နင်းနိုင်သော ဆေးဝါးမျှသာ ဖြစ်၏။
တစ်နှစ်ပတ်လုံး ရောင်းချလျှင်တောင်မှ သူ့အတွက် ဝိညာဉ်ကျောက်တုံး များများစားစား ရရှိနိုင်မည် မဟုတ်ချေ။ သို့သော် စစ်ပွဲအတွက်မူ ကြီးမားသော အထောက်အကူ ဖြစ်စေလိမ့်မည်ထင့်။
အခန်း (၁၇၃) - ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ပညာရှင်နှင့် ကောင်းကင်မြေကြီး တုန်ခါခြင်း
~"ဒီအချိန်မှာ သားရဲဒီရေလှိုင်းထဲက 'မြေကျောက် ကြွက်သားရဲ' တွေကို နှိမ်နင်းဖို့အတွက် ဒီဖော်စပ်နည်းကို အသုံးပြုလိုက်တာက အကောင်းဆုံးပါပဲ... ဒါဆိုရင် ကျွန်တော့်ကို အတွင်းဈေးကွက် ထဲမှာ နေရာထိုင်ခင်း စီစဉ်ပေးခဲ့တဲ့ တာအိုရောင်းရင်း ရှုယွီရဲ့ ကျေးဇူးကြွေးကိုလည်း တစ်စိတ်တစ်ပိုင်း ဆပ်ရာရောက်တာပေါ့"
စုယွီ၏ အကြံကို… လေးနက်စွာ စဉ်းစားပြီးနောက် ယွီပိုင်ဟယ်သည် ခေါင်းညိတ် ထောက်ခံလိုက်၏။
"တူမောင် ပြောတာ မှန်ပါတယ်... ဒီဖော်စပ်နည်းကို ကောင်းကင် အပျက်အစီး ခန်းမဆောင် ဆီ အပ်လိုက်တာက အသင့်တော်ဆုံးပါပဲ... လက်ရှိအချိန်မှာ ကောင်းကင် အပျက်အစီး ခန်းမဆောင်လို အင်အားကြီး ဂိုဏ်းတွေကသာ အဖက်ဖက်က အရင်းအမြစ်တွေကို စုစည်းပြီး ဆေးဝါးတွေ၊ အဆောင်တွေနဲ့ တခြားပစ္စည်းတွေကို အမြောက်အမြား ထုတ်လုပ်နိုင်မယ့် အရည်အချင်း ရှိတာလေ"
ယွီပိုင်ဟယ် ပြန်လည် မထွက်ခွာမီတွင် စုယွီသည် သူ့အား အကာအကွယ်အဖြစ် အသုံးပြုရန်အတွက် ဒုတိယအဆင့် အဆင့်နိမ့် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး အဆောင် အချပ် (၂၀) ကို လက်ဆောင်အဖြစ် ပေးအပ်လိုက်၏။
အကယ်၍များ သားရဲဒီရေလှိုင်းသည် ခံစစ်စည်းကို ကျိုးပေါက် ဝင်ရောက်လာပြီး အခြေအနေ ဆိုးရွားလာခဲ့လျှင် ဤအဆောင်များသည် ဦးလေး ယွီပိုင်ဟယ်အတွက် အချိန်တိုအတွင်း သွေးစွန်းသော လမ်းကြောင်းတစ်ခု ဖောက်ထွက်ကာ အသက်လု ထွက်ပြေးနိုင်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု စုယွီ မျှော်လင့်မိပါသည်။
*
ယွီပိုင်ဟယ် ပြန်သွားပြီးနောက်တွင် စုယွီက တာ့ယွဲ့ မြို့တော် ဈေးကွက်၌ ရှိနေသေးသော တာအိုဆရာ ရှုယွီကို သွားရောက် ရှာဖွေပြီး "သားရဲမျှား ဆေးမှုန့်" ၏ ဖော်စပ်နည်းကို ပေးအပ်လိုက်၏။
ဆေးမှုန့်၏ အာနိသင်ကို ကြားသိလိုက်ရသောအခါ တာအိုဆရာ ရှုယွီသည် ခေတ္တမျှ စဉ်းစားခန်း ဝင်သွားပြီးနောက် ပြောကြားလိုက်သည်။
"တကယ်လို့ ဒီဆေးမှုန့်က 'မြေကျောက် ကြွက်သားရဲ' တွေကို ဖြေရှင်းနိုင်တယ်ဆိုရင်တော့ ခံစစ်စည်းရဲ့ ဖိအားတွေကို တော်တော်လေး လျော့ကျစေမှာ အမှန်ပဲ... ကောင်းပြီလေ... ဒီကိစ္စကို ကျွန်တော်… တာဝန်ယူ စီစဉ်လိုက်ပါ့မယ်"
ထို့နောက် တာအိုဆရာ ရှုယွီသည် ကပျာကယာပင် ထွက်ခွာသွားတော့သည်။ သူသည် နောက်တစ်နေ့၌ အခြားနေရာသို့ ခရီးဆက်ရမည် ဖြစ်သဖြင့် တာ့ယွဲ့ မြို့တော် ဈေးကွက်တွင် အချိန်ကြာကြာ နေနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ဤဆေးမှုန့် ထုတ်လုပ်ရေး ကိစ္စကို ယနေ့ညတွင်းချင်း အပြီးသတ် စီစဉ်ရပေမည်။
ညဉ့်ဦးယံ၏ အမှောင်ထု လွှမ်းခြုံလာချိန်တွင်...
စုယွီသည် တာ့ယွဲ့ တောင်တန်း ရှိရာ အရပ်မျက်နှာသို့ လှမ်းမျှော် ကြည့်လိုက်မိသည်။ စုဇီ ထံမှ ရရှိထားဖူးသော ရှေးဟောင်း မြေပုံတစ်ခုသည် သူ၏ အာရုံထဲတွင် ပေါ်လာလေ၏။
ရှေးဟောင်း ခေတ်ကာလတုန်းက ဆိုလျှင် ယခု တာ့ယွဲ့ တောင်တန်း တည်ရှိရာ နေရာသည် "လမင်းရေကန်" ( လော့ယွဲ့ ရေကန် ) ၏ ဗဟိုကျွန်းကြီး တည်ရှိခဲ့ရာ နေရာ ဖြစ်ပေသည်။
တာအိုဆရာ ပင်းယွီ၏ မှတ်တမ်းများအရ ထိုဗဟိုကျွန်းကြီးပေါ်တွင် လမင်းရေကန် ပတ်ဝန်းကျင်ရှိ အင်အားစုပေါင်းစုံ စုစည်းထားသော "လမင်း မဟာမိတ်အဖွဲ့" ( လော့ယွဲ့ မဟာမိတ်အဖွဲ့ ) ဟု ခေါ်သည့် ကျင့်ကြံသူ အင်အားစုကြီး တစ်ခု ရှိခဲ့ဖူးသည်ဟု ဆိုသည်။
ထိုစဉ်က ကျွန်းပေါ်တွင် အန္တရာယ် ရှိသော နေရာ ဟူ၍ ထွေထွေထူးထူး မရှိခဲ့ပေ။
"အခြေတည် ဝိညာဉ် အဆင့်" ရှိသော အရှင်သခင်ကြီးများနှင့် ထိုအဆင့်ထက်ပင် ကျော်လွန်သော ပုဂ္ဂိုလ်ထူးများ ရှိနေခဲ့သည့် ကာလတွင် မည်သည့် မိစ္ဆာ၊ မည်သည့် သားရဲကများ ထိုနေရာ၌ ဆူပူသောင်းကျန်းရဲပါမည်နည်း။
ထိုအကြောင်းကို တွေးမိရင်း စုယွီ၏ အတွေးစသည် "တာ့ယွဲ့ နန်းတော်" ဆီသို့ ရောက်ရှိသွားပြန်သည်။ သူသည် တိတ်တဆိတ် သုံးသပ်မိ၏။
'တာ့ယွဲ့ နန်းတော်မှာလည်း အခြေတည် ဝိညာဉ် အဆင့် ရှိတဲ့ အရှင်သခင်ကြီး တစ်ပါး ရှိနေတာပဲ... ဒါပေမဲ့ သူက တာ့ယွဲ့ တောင်တန်းက မိစ္ဆာပြဿနာကို ဖြေရှင်းဖို့ ဘာလို့ လက်မလှုပ်တာပါလိမ့်'
'ဒီမိစ္ဆာမျိုးနွယ်တွေရဲ့ အင်အားက မသေးလှလို့ ကိုင်တွယ်ရ ခက်ခဲနေတာလား... ဒါမှမဟုတ် တမင်တကာများ လွှတ်ပေးထားတာလား'
အကယ်၍ တမင်တကာ လွှတ်ပေးထားခြင်း ဆိုလျှင်လည်း အဓိပ္ပာယ် ရှိပေသည်။
တာ့ယွဲ့ ပြည်နယ်မှ လူများအတွက် တာ့ယွဲ့ တောင်တန်းရှိ မိစ္ဆာသားရဲများသည် တန်ဖိုးရှိသော ကျင့်ကြံခြင်း အရင်းအမြစ်များ ဖြစ်ကြသည်။
ဥပမာအားဖြင့် ယခု ကြုံတွေ့နေရသော ကြီးမားသည့် သားရဲဒီရေလှိုင်းကို ကြည့်ပါ။ ၎င်းသည် အန္တရာယ်များသော ဖြစ်ရပ် တစ်ခု ဖြစ်သော်လည်း နှစ်တစ်ရာမှ တစ်ကြိမ်သာ ကြုံရတတ်သည့် ကြီးမားသော အခွင့်အရေးကြီး တစ်ရပ်လည်း ဖြစ်ပေသည်။
သားရဲဒီရေလှိုင်း တစ်ကြိမ် ဖြစ်ပေါ်တိုင်း ဂိုဏ်းအသီးသီးနှင့် မိသားစုများမှ ကျင့်ကြံသူများသည် တိုက်ပွဲ အတွေ့အကြုံများ ရရှိနိုင်သလို ကျင့်ကြံခြင်း အရင်းအမြစ်များစွာကိုလည်း ရိတ်သိမ်းနိုင်ကြပေသည်။
ဤကိစ္စက ဆိုးရွားသော ကိစ္စတော့ မဟုတ်ချေ။
"အန္တရာယ် ရှိသော နေရာ၌ အခွင့်အလမ်း ရှိစမြဲပင်"
မဟုတ်ပါလော။
ခေတ္တမျှ အကြံထုတ်ပြီးနောက် စုယွီသည် ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်ပြီး ထိုအတွေးများကို ဖယ်ရှားလိုက်၏။ ထို့နောက် သူ၏ အခန်းသို့ ပြန်လာပြီး အဆောင်ရေးဆွဲခြင်းကို ဆက်လက် လုပ်ဆောင်တော့သည်။
သူ၏ အစီအစဉ်မှာ ညဘက်တွင် ကောင်းကင် အပျက်အစီး ခန်းမဆောင်၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် "ဒုတိယအဆင့် အလယ်အလတ်" အဆောင်များကို ရေးဆွဲမည် ဖြစ်ပြီး၊ နေ့ဘက်တွင်မူ ပုံမှန် ကျင့်ကြံခြင်းအပြင် "ဒုတိယအဆင့် အထွတ်အထိပ်" အဆောင်များကို ကြိုးစား ရေးဆွဲမည် ဖြစ်၏။
စုဇီ၏ အခြေအနေမှာမူ... သူမသည် စုယွီနှင့်အတူ ဒီနေရာသို့ လိုက်ပါလာခဲ့ခြင်း ဖြစ်၏။ ယွင်ကျန်းဂိုဏ်း မှ မည်သူကမျှ လာရောက် မနှောင့်ယှက်သဖြင့် သူမသည် ရောက်သည်နှင့် တပြိုင်နက် တံခါးပိတ် ကျင့်ကြံ၍သာ နေ၏။
ဖီးနစ်နန်းတော်တွင် ရရှိခဲ့သော အကျိုးကျေးဇူးများသည် များပြားလှသဖြင့် သူမ၏ အဓိက တာဝန်မှာ ထိုအခွင့်အလမ်းများကို မိမိ၏ စွမ်းအားအဖြစ် အပြည့်အဝ အစာခြေဖျက်ယူရန်ပင် ဖြစ်၏။ အကယ်၍ အခြားသော ရှုပ်ထွေးသည့် ကိစ္စရပ်များတွင် ဝင်မပါဘဲ နေနိုင်လျှင် အကောင်းဆုံးပင် ဖြစ်ပေမည်။
ရှားပါးလှသော ငြိမ်းချမ်းမှုကို ရယူပြီး အခန်းအောင်း ကျင့်ကြံနေခြင်းသည် သားရဲဒီရေလှိုင်းကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခြင်းထက် စုဇီအတွက် ပိုမို အကျိုးရှိပေလိမ့်မည်။
(၃) ရက်မြောက်နေ့တွင်...
စုယွီ၏ စိတ်စွမ်းအား အခြေအနေသည် အကောင်းဆုံး အနေအထားသို့ ရောက်ရှိနေ၏။ ထိုနေ့တွင်ပင် သူသည် ပထမဆုံးသော "ဒုတိယအဆင့် အထွတ်အထိပ် - သစ်သားဝိညာဉ် နတ်ဘုရား ဝါးမြို အဆောင်" ကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့တော့သည်။
အဆောင်ပြီးစီးသွားသည့် အခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို အငမ်းမရ စုပ်ယူလိုက်သဖြင့် စွမ်းအင်လှိုင်းများ ဂယက်ထသွား၏။ ထိုတုန်ခါမှုသည် တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာမြင့်ပြီးမှ ငြိမ်သက်သွားကာ လက်ဝါးအရွယ်အစားရှိပြီး ကျောက်စိမ်းကဲ့သို့ စိမ်းမြမြ တောက်ပနေသော အဆောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေ၏။
စုယွီ၏ ခြံဝင်း ပတ်လည်ရှိ အခန်းများမှ အင်အားကြီး ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် အပြင်သို့ ထွက်လာကြပြီး စုယွီ၏ နေရာဘက်သို့ လှမ်းမျှော် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်တွင် စူးစမ်းလိုစိတ်နှင့် မရေရာမှုများ ထင်ဟပ်နေကြ၏။
"ဘာသံကြီးလဲဟ... ကောင်းကင်နဲ့ မြေကြီး ဝိညာဉ်စွမ်းအင်တွေ ဒီလောက်တောင် တုန်ခါသွားတာကို ကြည့်ရင် ဒုတိယအဆင့် အထွတ်အထိပ် ရတနာတစ်ခုခု ဖြစ်ပေါ်လာတာများလား"
"ဒုတိယအဆင့် အထွတ်အထိပ် အဆောင် ဖြစ်နိုင်မလား... တကယ်လို့သာ ဆေးလုံးဆိုရင် ဝိညာဉ်စွမ်းအင် တုန်ခါမှုက ဒီထက် ပိုပြင်းထန်ပြီး ပိုကြာရှည်လိမ့်မယ်... တခြား မှော်လက်နက်တွေ၊ အခင်းအကျင်း အလံတွေ၊ ရုပ်သေးရုပ်တွေ ဆိုရင်လည်း တုန်ခါပုံက တစ်မျိုးစီ ကွဲပြားနေမှာပဲ"
"အဲဒီခြံဝင်းထဲမှာ ဘယ်သူ နေတာလဲ... ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ပညာရှင် တစ်ယောက် ဘယ်တုန်းက ရောက်လာတာလဲဟ"
အင်အားကြီး ဂိုဏ်းများမှ ကျင့်ကြံသူများသည် အသံတိုးတိုးဖြင့် အချင်းချင်း တီးတိုး ဆွေးနွေးနေကြတော့၏။
ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ပညာရှင် တစ်ဦးဆိုသည်မှာ မိတ်ဆွေဖွဲ့ထားသင့်သော ပုဂ္ဂိုလ်ထူး ဖြစ်ပေသည်။ အခြားသော အင်အားစု တစ်ခုမှ ဖြစ်နေလျှင်တောင်မှ ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားသင့်ပြီး၊ အနည်းဆုံးတော့ ရန်သူ မဖြစ်သွားအောင် သတိထားရပေမည်။
အဆောင်ပညာရှင် သာမက ဒုတိယအဆင့် အထွတ်အထိပ် ဆေးပညာရှင်၊ လက်နက်ပန်းပဲဆရာနှင့် အခင်းအကျင်း ပညာရှင်တို့သည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်၏။
ဤအဆင့်သို့ ရောက်ရှိနေသော အသက်မွေးဝမ်းကျောင်း ပညာရှင်များသည် အရေအတွက် ရှားပါးလှသဖြင့် တစ်ခါတစ်ရံတွင် တူညီသော ကျင့်ကြံခြင်း နယ်ပယ်ရှိသည့် သာမန် ကျင့်ကြံသူများထက်ပင် ပိုမို လေးစားခံရလေ့ ရှိသည်။ အနာဂတ် တစ်ချိန်ချိန်တွင် သူတို့၏ အကူအညီကို လိုအပ်လာနိုင်သည် မဟုတ်ပါလော။
*
လျှို့ဝှက်ခန်း အတွင်း၌...
စုယွီသည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ ဖြည်းညှင်းစွာ ပုံဖော်နေသော "သစ်သားဝိညာဉ် နတ်ဘုရား ဝါးမြို အဆောင်" ကို ငေးကြည့်နေမိသည်။ အခန်းတွင်းရှိ အကာအကွယ် အခင်းအကျင်းသည် အဆောင်မှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကို ဖုံးကွယ်ပေးထားနိုင်သော်လည်း၊ ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များကို အဆမတန် စုပ်ယူနေခြင်းကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် ပြောင်းလဲမှုကိုမူ ဖုံးကွယ်ရန် ခက်ခဲလှပေသည်။
အထူးသဖြင့် ဒုတိယအဆင့် ဝိညာဉ်စွမ်းအင်သာ ရှိသော ဤပတ်ဝန်းကျင်မျိုးတွင် ဒုတိယအဆင့် အထွတ်အထိပ် အဆောင် တစ်ခု ဖြစ်ပေါ်လာရန် လိုအပ်သော စွမ်းအင်ကို စုပ်ယူရာ၌ အချိန်အတော်ကြာမြင့်တတ်ပေသည်။
တတိယအဆင့် ဝိညာဉ်ကြောပေါ်တွင်သာ ဆိုလျှင်မူ တစ်မျိုး ဖြစ်ပေလိမ့်မည်။
နှိုင်းယှဉ်ကြည့်လျှင် ဤနေရာရှိ ဝိညာဉ်စွမ်းအင်သည် ဒုတိယအဆင့် အလယ်အလတ် အဆောင်များအတွက်သာ လုံလောက်မှု ရှိပေသည်။ ထို့ကြောင့် အလယ်အလတ် အဆောင်များ ဖန်တီးရာတွင်မူ ယခုကဲ့သို့ သိသာထင်ရှားသော စွမ်းအင်ပြောင်းလဲမှုမျိုး မဖြစ်ပေါ်ခဲ့ချေ။
"သစ်သားဝိညာဉ် နတ်ဘုရား ဝါးမြို အဆောင်" လုံးဝ ပုံဖော်ပြီးစီးသွားသောအခါ စုယွီသည် အဆောင်ကို ကောက်ယူလိုက်ပြီး အတွင်းမှ တိုးထွက်နေသော သစ်သားဝိညာဉ် စွမ်းအားကို တိတ်တဆိတ် အာရုံခံလိုက်၏။ သူ၏ မျက်နှာပေါ်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး စိတ်ထဲ၌ ကြုံးဝါးလိုက်မိသည်။
'ဒီအဆောင်မျိုးကိုသာ ငါ အလုံအလောက် စုဆောင်းထားနိုင်ရင်... နောက်နောင် ငါ့ကို လာပြီး ရန်စချင်တဲ့ ဘယ်သူမဆို နှစ်ခါပြန် စဉ်းစားရလိမ့်မယ်... အမြုတေ ဖွဲ့စည်းခြင်း အဆင့် ရောက်နေတဲ့ ပုဂ္ဂိုလ်တွေက လွဲရင်ပေါ့လေ’
အခန်း (၁၇၄) - ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ဆရာကြီးနှင့် ရှုယွီ၏ ရင်းနှီးမြှုပ်နှံမှု
~သာမန် ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ဆရာများ၏ သိုလှောင်အိတ်ထဲတွင် အဆင့်မြင့် အဆောင်လက်ကျန် ဆယ်ချပ်၊ အလွန်ဆုံးရှိလှ အချပ်သုံးလေးဆယ်ခန့်သာ ရှိတတ်ကြပေသည်။
သို့သော် သူ့ကို ယှဉ်ပြိုင်မည် ဆိုလျှင်မူ...။
‘ ယှဉ်ချင်တာလား... ဟဲဟဲ... ဆောရီးပဲ။ မင်းတို့ အိပ်မက်ထဲတောင် ထည့်မမက်ဖူးတဲ့ ပမာဏနဲ့ ဖိသတ်လိုက်လို့ရတယ်။ အဆောင် အချပ် (၁၀၀) လောက်နဲ့ ပစ်ပေါက်လိုက်ရင် မင်းတို့ ဘာတတ်နိုင်သေးလဲ ကြည့်ရသေးတာပေါ့'
စုယွီ၏ အဆောင်ရေးဆွဲသည့် ကျွမ်းကျင်မှု မြင့်တက်လာသည်နှင့်အမျှ အောင်မြင်နိုင်စွမ်းသည် (၇၀)၊ (၈၀) ရာခိုင်နှုန်း မက၊ (၉၀) ရာခိုင်နှုန်းအထိပင် ရောက်ရှိလာနိုင်ပေသည်။ ဒါက သာမန်လူတို့အတွက် ကြောက်မက်ဖွယ်ရာ စွမ်းရည်ပင် ဖြစ်ချေသည်။
စုယွီသည် ပြီးစီးသွားသော အဆောင်ကို သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်လေ၏။ ထို့နောက် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး "မြေကမ္ဘာနှင့် သစ်သား သိုင်းကျမ်း" ကို အသက်သွင်းကာ ချီစွမ်းအင် ပြန်လည် ဖြည့်တင်းလိုက်တော့သည်။
အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိထားသူ ဖြစ်သည့်အလျောက်၊ သူ၏ ချီစွမ်းအင် ပမာဏသည် သာမန်လူတို့ထက် များစွာ သာလွန်နေသော်လည်း၊ ဒုတိယအဆင့် အထွတ်အထိပ် အဆောင် တစ်ချပ် ရေးဆွဲလိုက်သည်နှင့် သစ်သားဓာတ် ချီစွမ်းအင် များ ကုန်ခမ်းသွားရ၏။
'အိုက်ယား... ပင်ပန်းလိုက်တာ။ တစ်ချပ် ရေးရုံနဲ့တင် ငါ့ချီစွမ်းအင်တွေ ပြောင်သလင်းခါသွားတာပဲ။ စိတ်စွမ်းအားပိုင်းကတော့ တောင့်ခံနိုင်ပါသေးရဲ့။ ဒါပေမဲ့ ချီစွမ်းအင် မရှိဘဲ ဘယ်လို ဆက်ရေးရမလဲ... ကားဆီကုန်သလို ဖြစ်နေပြီ'
နှစ်နာရီခန့် ကြာမြင့်ပြီးနောက်...
စုယွီသည် နေရာမှ ထရပ်လိုက်ပြီး "သစ်သားဝိညာဉ် နတ်ဘုရား ဝါးမြို အဆောင်" ကို ထပ်မံ ရေးဆွဲရန် ကြိုးစားလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ကံဆိုးစွာဖြင့် ကျရှုံးသွားခဲ့ရ၏။
အချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ချေတော့၏။ (၁၀) ရက်တာ ကာလအတွင်းတွင် စုယွီသည် ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ကုန်ကြမ်း (၃၀) စုံခန့်ကို သုံးစွဲပစ်လိုက်သည်။
သို့သော် အလဟဿကား မဖြစ်ခဲ့ပါပေ။ "သစ်သားဝိညာဉ် နတ်ဘုရား ဝါးမြို အဆောင်" ရေးဆွဲသည့် အောင်မြင်မှုနှုန်းသည် သိသိသာသာ တိုးတက်လာခဲ့ပြီး ကုန်ကြမ်း (၃၀) တွင် (၅) ချပ်ခန့် အောင်မြင်အောင် ရေးဆွဲနိုင်ခဲ့ပါ၏။
ဤတိုးတက်မှုနှုန်းသည် အံ့မခန်း လျင်မြန်လှပေသည်။ ကျွမ်းကျင်မှုသည် (၁၆) ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့၏။ သူ၏ သန်မာသော နတ်ဘုရား အာရုံသည် အဆောင်ရေးဆွဲခြင်း၌ များစွာ အထောက်အကူ ပြုနေခြင်းပါတည်း။
---
(၁၀) ရက်ခန့် ကြာမြင့်သောအခါ...
တာအိုဆရာ ရှုယွီသည် တာ့ယွဲ့ မှောင်ခိုဈေး မှ ပြန်လည် ရောက်ရှိလာခဲ့၏။ စုယွီ၏ ခြံဝင်းအတွင်းသို့ ရောက်ရှိလာသည်နှင့် တပြိုင်နက် သူ၏ မျက်လုံးများသည် အံ့ဩမှုကြောင့် ပြူးကျယ်သွားရတော့သည်။
"ဟာ... တာအိုရောင်းရင်း စု... ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ဆရာ ဖြစ်သွားပြီလား။ ကျွန်တော်တော့ ပါးစပ်အဟောင်းသား ဖြစ်သွားရပြီဗျာ။ ဒီသတင်းက တကယ့်ကို အံ့အားသင့်စရာကြီးပဲ"
ဘယ်လောက်မှပင် မကြာသေးချေ။ အခြေခံတည်ဆောက်ခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိသည်မှာ တစ်နှစ်ပင် မပြည့်သေး၊ ယခုအခါ ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ဆရာ အဖြစ်သို့ ရောက်ရှိနေပြန်ပြီ ဖြစ်၏။ ဤလူ၏ ပါရမီကား လူပါးဝလွန်းလှပေသည်။
"ကံကောင်းသွားတာပါဗျာ... တကယ့်ကို ကံသက်သက်ပါပဲ"
စုယွီသည် ထုံးစံအတိုင်း လျှာအရိုးမရှိ တည်ငြိမ်စွာပင် ဖြေလိုက်၏။ ရှုယွီ ဘာမှပြန်မပြောနိုင်ခင်မှာပင် စုယွီက စကားလမ်းကြောင်းကို ချက်ချင်း လွှဲပြောင်းလိုက်သည်။
"ဒါနဲ့... သားရဲမျှားဆေးမှုန့် အခြေအနေ ဘယ်လိုရှိလဲ... အသုံးဝင်ရဲ့လားဗျ"
ရှုယွီသည် စုယွီ၏ စကားလမ်းကြောင်းလွှဲပုံကို ရိပ်မိလိုက်သဖြင့် ပြုံးလိုက်မိ၏။
'ဒီ တာအိုရောင်းရင်း စု ကတော့ကွာ... တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ လူလည်ပဲ'
စုယွီသည် တစ်စုံတစ်ခုကို ဖုံးကွယ်ထားမှန်း ရှုယွီ သေချာပေါက် သိနေ၏။ သူ၏ စွမ်းအားလော၊ ကျင့်စဉ်လော၊ သို့တည်းမဟုတ် အခြားသော ဝှက်ဖဲများလော။ စုယွီနှင့် ဆက်ဆံလာသည်မှာ ကြာပြီဖြစ်၍ ဤလူ၏ စရိုက်ကို သူ အတော်လေး နားလည်နေပြီ ဖြစ်၏။ ဤကဲ့သို့သော လူမျိုးသည် မိမိ၏ အားနည်းချက်၊ အားသာချက်ကို ဘယ်တော့မှ အကုန် ချပြမည့်သူ မဟုတ်ချေ။
သတင်းအချက်အလက် ကုန်သည်တစ်ဦး၏ ဗီဇအရ ရှုယွီသည် စုယွီထံမှ သိရသမျှ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး၊ မည်သို့သော ဝှက်ဖဲများ ရှိနိုင်မည်ကို စိတ်ကူးဖြင့် ပုံဖော် ကြည့်နေမိ၏။ တစ်ဖက်လူ၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ရခြင်းသည် ရှုယွီအတွက် သာမန်လူများ နားမလည်နိုင်သော အရသာ တစ်မျိုးပင် ဖြစ်ပေသည်။
အတွေးများ ရှုပ်ထွေးနေသော်လည်း ရှုယွီသည် တည်ငြိမ်စွာပင် ပြန်လည် ဖြေကြားလိုက်၏။
"ပထမအသုတ် ထုတ်လုပ်လိုက်တဲ့ ဆေးမှုန့်တွေကို ဂိုဏ်းအသီးသီးက ကျင့်ကြံသူတွေဆီ ဝေပေးပြီးပြီဗျ... သူတို့ ထောင်ချောက်ဆင်ပြီး မြေကျောက် ကြွက်သားရဲတွေကို နှိမ်နင်းနေကြပြီလေ"
"ရက်ပိုင်းလေး အတွင်းမှာတင် အပြင်ဘက်က ကြွက်သားရဲတွေ ကုန်သလောက် ဖြစ်နေပြီဗျို့"
"ဒီအတိုင်းသာ ဆက်တိုက်နေရင် နောက်တစ်ခါ သားရဲဒီရေလှိုင်း လာတဲ့အခါကျရင် ဒီကြွက်စုတ်တွေရဲ့ ရန်က အေးသွားပြီလို့ ပြောလို့ရတယ်"
ထိုသို့ ပြောဆိုရင်း ရှုယွီသည် စုယွီကို ကြည့်ကာ နှမြောတသသ လေသံဖြင့် ဆက်လက် ပြောဆိုလိုက်သည်။
"နှမြောစရာပဲဗျာ... တကယ်လို့သာ ဒီဆေးမှုန့်က တခြား မိစ္ဆာသားရဲတွေကိုပါ ဆွဲဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ ဒီသားရဲဒီရေလှိုင်းကြီး တစ်ခုလုံးကိုတောင် ဖြိုခွင်းပစ်နိုင်လောက်တယ်"
ထိုစကားကို ကြားသော် စုယွီ ခေါင်းခါလိုက်၏။
"ခက်တယ်ဗျ... မိစ္ဆာသားရဲတွေက တစ်ကောင်နဲ့တစ်ကောင် အကျင့်စရိုက်ချင်းမှ မတူကြတာ... ဆေးတစ်မယ်တည်းနဲ့ အကုန်လုံးကို ကိုင်တွယ်ဖို့ဆိုတာ မလွယ်ပါဘူး"
"ပြီးတော့ သူတို့ရဲ့ အင်အား၊ အရွယ်အစား၊ နေထိုင်တဲ့ ပတ်ဝန်းကျင်တွေကလည်း ကွဲပြားသေးတယ်လေ။ ဒီဆေးမှုန့်ကလည်း ကျွန်တော်တို့ စုမိသားစုက တိုက်ဆိုင်ပြီး ဖော်စပ်မိသွားတဲ့ အရာလေးပါဗျာ"
သူတို့နှစ်ဦး စကားစမြည် ပြောဆိုပြီးနောက်တွင် ရှုယွီက မေးခွန်းထုတ်လိုက်၏။
"တာအိုရောင်းရင်း စု... ခင်ဗျားရဲ့ ဒုတိယအဆင့် အထွတ်အထိပ် အဆောင် ရေးဆွဲတဲ့ အောင်မြင်မှုနှုန်းက ဘယ်လောက်ရှိလဲ"
"လောလောဆယ်တော့ သစ်သားဝိညာဉ် နတ်ဘုရား ဝါးမြို အဆောင် တစ်မျိုးပဲ ရေးတတ်သေးတာပါ... အောင်မြင်မှုနှုန်းကတော့..ကျွန်တော်က..."
တကယ်တမ်းတွင် စုယွီသည် 'အခြေအနေ သိပ်မကောင်းပါဘူးဗျာ' ဟု ညည်းပြချင်သော်လည်း ချက်ချင်းပင် သတိဝင်လာခဲ့၏။ ဒုတိယအဆင့် အထွတ်အထိပ် အဆောင်တစ်ချပ် ရေးဆွဲသည့်အခါ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများကို အနီးအနားရှိ ကောင်းကင်အပျက်အစီး ခန်းမဆောင် မှ လူများ အာရုံခံမိမည်မှာ မလွဲဧကန်ပင်။ သူတို့ကို လိမ်ညာ၍ မရနိုင်ချေ။
ခေတ္တမျှ စဉ်းစားပြီးနောက် စုယွီ ပြုံးလိုက်၏။
"မဆိုးပါဘူးဗျာ... (၁၀) ရာခိုင်နှုန်းလောက်တော့ ရှိမယ် ထင်တာပဲ"
ရှုယွီသည် ခေတ္တမျှ ဦးနှောက်ကို အလုပ်ပေးပြီးနောက် အဆိုပြုချက် တစ်ခု ဖန်တီးလိုက်လေသည်။
"ဒါဆိုရင် ဒီလိုလုပ်ဗျာ...ကျွန်တော်တို့ ကောင်းကင်အပျက်အစီး ခန်းမဆောင်ဘက်က ခင်ဗျား အဆောင်ရေးဖို့အတွက် ကုန်ကြမ်းတွေ ထုတ်ပေးမယ်... ခင်ဗျား သဘောတူမလား... ဒါပေမဲ့ အောင်မြင်သွားတဲ့ အဆောင်တွေ ရှိလာရင်တော့ ကျွန်တော်တို့ဆီကို အခမဲ့ ပြန်ပေးရမယ်နော်... ဘယ်လိုလဲ"
စုယွီ အံ့အားသင့်သွားရ၏။
"ဗျာ... တကယ်ကြီးလား"
'ကောင်းကင်အပျက်အစီး ခန်းမဆောင်က ဒီလောက် စွန့်စားရဲတယ်လား'
'ငါက အခုမှ သင်ကာစ ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ဆရာလေးပါဆိုမှ... သူတို့ ကုန်ကြမ်းတွေ ရှုံးကုန်ရင် ဘယ်လိုလုပ်မလဲ။ မကြောက်ကြဘူးလား။ ဒါက ငါ့ကို အလကားသက်သက် လက်စွမ်းပြဖို့ ကုန်ကြမ်းတွေ ပုံပေးလိုက်တာနဲ့ အတူတူပဲလေ'
ရှုယွီသည် ပြုံးလိုက်ပြီး ပြောဆိုလိုက်၏။
"ကျွန်တော်က တာအိုရောင်းရင်း စုရဲ့ ပါရမီကို ယုံကြည်တယ်လေ... နောင်တစ်ချိန်ကျရင် ကျွန်တော်တို့ဘက်က ဒုတိယအဆင့် အထွတ်အထိပ် အဆောင်တွေ လိုအပ်လာခဲ့ရင် ခင်ဗျားဘက်က ဦးစားပေးပြီး စီစဉ်ပေးဖို့ပဲ မျှော်လင့်ပါတယ်"
ဒါက ရင်းနှီးမြှုပ်နှံမှုပင် ဖြစ်ချေသည်။ ကောင်းကင်အပျက်အစီး ခန်းမဆောင်သည် တာ့ယွဲ့ မှောင်ခိုဈေးတွင် နှစ်ပေါင်းများစွာ တောင့်ခံနိုင်ပြီး သတင်းအချက်အလက်များကို ဘက်စုံမှ စုဆောင်းနိုင်ခြင်းမှာ ပါရမီရှင်များနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်ခြင်းကြောင့်ပင် ဖြစ်၏။
ဥပမာအားဖြင့် ကောင်းကင်အပျက်အစီး ခန်းမဆောင်၏ ဧည့်သည်တော် တံဆိပ်ပြား (၁၀) ခု ပေးအပ်ခြင်း၊ စုယွီနှင့် သူ့မိသားစုကို အတွင်းဈေးကွက် ထဲ ဝင်ခွင့်ရအောင် စီစဉ်ပေးခြင်း၊ ယခုလည်း စုယွီ လေ့ကျင့်ရန်အတွက် ကုန်ကြမ်းများ ထုတ်ပေးခြင်း စသည်တို့ပင်။
ဤအရာအားလုံးသည် ရှုယွီတစ်ဦးတည်းက စုယွီအပေါ် ရင်းနှီးမြှုပ်နှံနေခြင်း ဖြစ်၏။
ဤနေရာတွင် အဓိကဇာတ်ဆောင်မှာ "သူ" (ရှုယွီ) သာလျှင် ဖြစ်ပြီး ကောင်းကင်အပျက်အစီး ခန်းမဆောင် မဟုတ်ချေ။
သို့သော် ထိုကွာခြားချက်သည် အရေးမကြီးလှပေ။ အဓိက ဆိုလိုရင်းမှာ ကောင်းကင်အပျက်အစီး ခန်းမဆောင်မှ အခြားသူများ အနေဖြင့် ရှုယွီ ရင်းနှီးမြှုပ်နှံထားသော လူများအပေါ် ဝင်ရောက်စွက်ဖက်ခွင့် မရှိခြင်းပင် ဖြစ်ချေသည်။