အခန်း (၁၇၅-၁၇၇)
Vol. 12 Ch. 175-177
အခန်း (၁၇၅) - ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ဆရာကြီးနှင့် သားရဲဒီရေလှိုင်း၏ အစ
~ပါရမီရှင် တစ်ယောက် ကြီးပြင်းလာပြီဆိုလျှင် အဆင့်မြင့် ပုဂ္ဂိုလ်ကြီးများ၊ ကောင်းကင်အပျက်အစီး ခန်းမဆောင်ကဲ့သို့သော အင်အားကြီး ဂိုဏ်းများနှင့် ဆက်ဆံရေးကောင်း မလွဲမသွေ တည်ဆောက်ရစမြဲပင်။
ဤကဲ့သို့သော ဆက်ဆံရေး ကွန်ရက်သည် ကောင်းကင်အပျက်အစီး ခန်းမဆောင်အနေဖြင့် တာ့ယွဲ့ ပြည်နယ်တွင် ခြေကုပ်ယူ ရပ်တည်နိုင်ရန်အတွက် အခြေခံအကျဆုံးသော အုတ်မြစ်လည်း ဖြစ်ပေသည်။
တာအိုဆရာ ရှုယွီသည် စုယွီထံမှ "သစ်သားဝိညာဉ် နတ်ဘုရား ဝါးမြို အဆောင်" (၂) ချပ်နှင့် လွန်ခဲ့သော လဝက်အတွင်း စုယွီ ရေးဆွဲထားသမျှ ဒုတိယအဆင့် အလယ်အလတ် အဆောင် အချပ် (၂၀) ခန့်ကို ဝယ်ယူလိုက်၏။ ထို့အပြင် စုချီနှင့် စုရွီအန်းတို့ ဖော်စပ်ထားသော ဆေးလုံးများကိုပါ သိမ်းကျုံး ဝယ်ယူသွားပြီးနောက်... စုယွီ လေ့ကျင့်ရန်အတွက် ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ကုန်ကြမ်း (၅၀) စုံကို ထားရစ်ခဲ့ကာ ပြန်လည် ထွက်ခွာသွားတော့သည်။
လက်ထဲတွင် ရောက်ရှိနေသော အဆောင်ကုန်ကြမ်း (၅၀) စုံကို ကြည့်ရင်း စုယွီ ဦးနှောက်ကို အလုပ်ပေးလိုက်မိသည်။
'ဒါက သားရဲမျှားဆေးမှုန့် ဖော်စပ်နည်း ပေးလိုက်တဲ့ ကိစ္စနဲ့ သက်ဆိုင်နေလောက်တယ်'
ကျေးဇူးတရား ဖလှယ်ခြင်း ဆိုသည်မှာ ပေးခြင်းနှင့် ယူခြင်း သဘောတရားပင် ဖြစ်ချေသည်။
ဤဖြစ်စဉ်မှတဆင့် နှစ်ဖက်စလုံးသည် ပိုမိုကြီးမားသော အကျိုးအမြတ်များကို ရရှိလာနိုင်ပေသည်။
ကောင်းကင်အပျက်အစီး ခန်းမဆောင်သည် သူ့ထံမှ ဆေးလုံးများနှင့် အဆောင်များကို အများအပြား ရရှိသွားခဲ့၏။
သူကမူ ကောင်းကင်အပျက်အစီး ခန်းမဆောင်၏ ကျောထောက်နောက်ခံဖြင့် အတွင်းဈေးကွက် သို့ ဝင်ရောက်ခွင့် ရရှိခဲ့သည့်အပြင်၊ ယခုအခါ လေ့ကျင့်ရန်အတွက် တန်ဖိုးကြီးလှသော ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ကုန်ကြမ်း (၅၀) စုံကိုပါ အခမဲ့ ရရှိလိုက်ပြန်သည်။
ဒါတွေအားလုံးက သူ့ရဲ့ အမြတ်အစွန်းတွေချည်းပင်။
'ရှယ်ပဲ... ဒီကုန်ကြမ်း (၅၀) စုံသာ ရှိရင် သစ်သားဝိညာဉ် နတ်ဘုရား ဝါးမြို အဆောင် ရေးဆွဲတဲ့ အောင်မြင်မှုနှုန်းကို (၃၀) ရာခိုင်နှုန်းလောက်အထိ တိုးမြှင့်နိုင်လောက်တယ်'
စုယွီသည် တိတ်တဆိတ် ဝမ်းသာနေမိ၏။
သာမန်လူတစ်ယောက် အနေဖြင့်ဆိုလျှင် ဤကဲ့သို့ ဒုတိယအဆင့် အထွတ်အထိပ် ကုန်ကြမ်းများကို စုဆောင်းရရှိနိုင်ရန်မှာ အလွန် ခက်ခဲလှပေသည်။
သူကိုယ်တိုင်ပင်လျှင် ကုန်ကြမ်း (၄၀) စုံ မပြည့်တပြည့် ရရှိရန်အတွက် အချိန်အကြာကြီး ပေးပြီး စုဆောင်းခဲ့ရခြင်း ဖြစ်၏။
သို့သော် လွန်ခဲ့သည့် လဝက်အတွင်း အဆောင်တစ်မျိုးတည်းကို လေ့ကျင့်ရန်အတွက် ကုန်ကြမ်း (၃၀) စုံကို သုံးစွဲပစ်လိုက်ရပြီး အောင်မြင်မှုနှုန်းမှာ (၂၀) ရာခိုင်နှုန်းအောက်သာ ရှိသေး၏။
ဤနှုန်းထားကို ထပ်မံ မြှင့်တင်လိုလျှင် အရင်းအမြစ်များ မရှိမဖြစ် လိုအပ်ပေသည်။
ကောင်းကင်အပျက်အစီး ခန်းမဆောင်ကဲ့သို့သော အင်အားစုကြီးများက ဤအရင်းအမြစ်များကို ဘယ်က ရရှိသနည်းဟု မေးစရာ ရှိလာသည်။
တာ့ယွဲ့ မြို့တော် ဈေးကွက်တွင် ဖြစ်ပွားနေသော ကြီးမားသည့် သားရဲဒီရေလှိုင်းကို ထည့်သွင်း စဉ်းစားကြည့်လိုက်လျှင် အဖြေပေါ်ပေသည်။ ယွီမိသားစုကဲ့သို့သော အင်အားရှိသည့် မိသားစုများသည်ပင် သားရဲပစ္စည်း အများအပြားကို စုဆောင်းမိပြီး အကျိုးအမြတ် ရရှိနိုင်ပေသည်။
သို့သော် အကြီးမားဆုံးသော အကျိုးအမြတ်ကို ရရှိမည့်သူများမှာ တာ့ယွဲ့ နန်းတော်၊ ကောင်းကင်အပျက်အစီး ခန်းမဆောင်၊ ခိုင်ယန်နန်းတော်နှင့် သားရဲထိန်း လီမိသားစု ကဲ့သို့သော အင်အားစုကြီးများသာ ဖြစ်ပေလိမ့်မည်။
ဒုတိယအဆင့်နှင့် တတိယအဆင့် သားရဲများ သေဆုံးပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်း အများစုသည် ထိုအင်အားစုကြီးများ၏ လက်ထဲသို့သာ ကျရောက်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထိုပစ္စည်းများကို အမျိုးအစား ခွဲခြားလိုက်ပြီးနောက် ဆေးဖော်ခြင်း၊ လက်နက်သွန်းလုပ်ခြင်း၊ အဆောင်ရေးဆွဲခြင်းနှင့် ရုပ်သေးလုပ်ခြင်းတို့အတွက် ကုန်ကြမ်းများ ဖြစ်လာကြတော့သည်။
ဥပမာအားဖြင့် မိစ္ဆာသားရဲ သားရေသည် အဆောင်စက္ကူ ဖန်တီးရန်အတွက် အဓိက ကုန်ကြမ်းများထဲမှ တစ်ခု ဖြစ်ပေသည်။
ဝိညာဉ်ကျောက်စိမ်း၊ ဝိညာဉ်ဝါးနှင့် ဝိညာဉ်သတ္တု ကဲ့သို့သော အခြား အရင်းအမြစ်များကို အသုံးပြုနိုင်သော်လည်း၊ ထိုအရာ အများစုကို အင်အားစုကြီးများကသာ ပိုင်ဆိုင်ထားကြခြင်း ဖြစ်၏။
သို့မဟုတ်ပါက ကောင်းကင်အပျက်အစီး ခန်းမဆောင်သည် ဤမျှလောက် လက်ဖွာနိုင်ပါမည်လော။
ထိုအတွေးများ ဝင်ရောက်လာသောအခါ စုယွီသည် သူ့ကိုယ်သူ (သို့မဟုတ်) စုမိသားစု အကြောင်းကို မတွေးဘဲ မနေနိုင်အောင် ဖြစ်လာရ၏။
'တကယ်လို့ စုမိသားစုအနေနဲ့ ဒီလို အခြေခံအုတ်မြစ် တောင့်တင်းလာချင်တယ်ဆိုရင်တော့... နည်းလမ်းတစ်ခုပဲ ရှိမယ်'
"ဒေသတစ်ခုမှာ ရှိတဲ့ အရင်းအမြစ် စုစုပေါင်းက အမြဲတမ်း အကန့်အသတ်နဲ့ပဲ ရှိတာ... လိုချင်ရင် ကျားပါးစပ်ထဲက အသားကို နှိုက်ယူမှ ရမယ်"
စုယွီ ဦးနှောက်ကို အလုပ်ပေးလိုက်မိသည်။
"ကျန်းမိသားစုနဲ့ ဟွမ်မိသားစုတို့က နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့ကြတာ... သူတို့ဆီမှာ စုဆောင်းထားတဲ့ ပစ္စည်းတွေ အများကြီး ရှိမှာ သေချာတယ်"
ခဏအကြာတွင် စုယွီသည် သူ့ကိုယ်သူ ပြန်လည် သတိပေးလိုက်ပြီး ထိုအန္တရာယ်များသော အတွေးကို ယာယီ ဖိနှိပ်ထားလိုက်၏။
'နေပါဦး... စောင့်ကြည့်ရသေးတာပေါ့... ငါ့မှာ အချိန်တွေ အများကြီး ကျန်ပါသေးတယ်... သက်တမ်းက နှစ် (၂၀၀) ကျော်တောင် ရှိသေးတာပဲ'
ဒီနှစ်ကာလတွေ အများကြီး အတွင်းမှာ သူ့ရဲ့ အခြေခံအုတ်မြစ်ကို ဖြည်းဖြည်းချင်း တည်ဆောက်သွားလို့ ရပေသည်။
နှစ်စဉ်နှစ်တိုင်း နည်းနည်းချင်းစီ စုဆောင်းသွားမည် ဆိုလျှင်၊ လောလောဆယ်တွင် အဆင့်မြင့် အရင်းအမြစ်များ စုဆောင်းရန် ခက်ခဲသော်လည်း နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ပမာဏ အတော်အတန် ရရှိလာလိမ့်မည် ဖြစ်၏။
အခွင့်အရေးကောင်း တစ်ခုကိုသာ စောင့်ဆိုင်းရပေမည်။ ထိုအခွင့်အရေးသည် မလွဲမသွေ ရောက်လာဦးမည်သာ။
သူသည် လှည့်ထွက်လိုက်ပြီး လျှို့ဝှက်ခန်းဆီသို့ ပြန်သွားလိုက်တော့သည်။
ထို့နောက်ပိုင်း ရက်များတွင် စုယွီသည် ကောင်းကင်အပျက်အစီး ခန်းမဆောင်မှ ရရှိသော ကုန်ကြမ်းများကို ရက်ရက်ရောရော အသုံးပြုကာ ဒုတိယအဆင့် အထွတ်အထိပ် အဆောင်များကို အများအပြား ရေးဆွဲတော့သည်။ ဒုတိယအဆင့် အလယ်အလတ် အဆောင်များကို လုံးဝ လျစ်လျူရှုထားလိုက်ပြီး နေ့စဉ် ကျင့်ကြံခြင်းမှ ပိုလျှံသော အချိန်မှန်သမျှကို အထွတ်အထိပ် အဆောင်များ ရေးဆွဲခြင်း၌သာ မြှုပ်နှံထားလိုက်၏။
ဒီကုန်ကြမ်းတွေက ရှားပါးပစ္စည်းတွေပဲ... လေ့ကျင့်ခွင့်ရတုန်း မလေ့ကျင့်ရင် နှမြောစရာကြီးလေ။
---
စုယွီ တာ့ယွဲ့ မြို့တော် ဈေးကွက်သို့ ရောက်ရှိပြီး ရက်ပေါင်း (၂၀) ခန့် ကြာမြင့်သောအခါ...
တာ့ယွဲ့ တောင်တန်း ဘက်မှ သားရဲအငွေ့အသက်များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ မြေကြီး တစ်ခုလုံးလည်း ပြင်းထန်စွာ တုန်ခါသွားလေ၏။ စုယွီသည် လျှို့ဝှက်ခန်းထဲမှ ကပျာကယာ ပြေးထွက်လာပြီး တာ့ယွဲ့ တောင်တန်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
"ဝုန်း... ဝုန်း... ဝုန်း..."
စုဇီ၊ စုချီ၊ စုရွီအန်း၊ လီပင်ချန်းနှင့် အခြားသူများသည်လည်း အခန်းအသီးသီးမှ ပြေးထွက်လာကြပြီး ထိုနေရာသို့ ကြည့်လိုက်ကြ၏။
စုဇီ၏ မျက်နှာထားသည် လေးနက် တည်ကြည်နေပြီး တိုးတိုးလေး ရေရွတ်လိုက်လေ၏။
"နောက်ထပ် သားရဲဒီရေလှိုင်း တစ်ခု လာပြန်ပြီ"
တာ့ယွဲ့ တောင်တန်းဘက်မှ လှိမ့်ဝင်လာသော ကြောက်မက်ဖွယ်ရာ သားရဲဒီရေလှိုင်း၏ အရှိန်အဝါကို ခံစားလိုက်ရသောအခါ စုချီ၏ မျက်နှာလေးမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားရှာသည်။ သူမသည် စုဇီ၏ ဘေးသို့ အမြန်လျှောက်သွားပြီး အဒေါ်ဖြစ်သူ၏ လက်ကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်မိသည်။
လီပင်ချန်းတစ်ယောက် တံတွေးကို ဂလုခနဲ မျိုချလိုက်ပြီး မျက်လုံးအိမ်များ ကျယ်သွားသည်ကို မြင်သောအခါ စုယွီက နှစ်သိမ့်စကား ပြောလိုက်၏။
"မပူပါနဲ့ဗျာ... သားရဲဒီရေလှိုင်းက အပြင်စည်း ခံစစ်မျဉ်းကို ဖောက်ဝင်နိုင်ရင်တောင်မှ အတွင်းဈေးကွက် ထဲထိတော့ ရောက်လာမှာ မဟုတ်ပါဘူး... တာ့ယွဲ့ နန်းတော်တို့၊ ကောင်းကင်အပျက်အစီး ခန်းမဆောင်တို့ ဆိုတာကလည်း သူတို့ရဲ့ ဂုဏ်သိက္ခာကို အထိခိုက်ခံမယ့် အဖွဲ့တွေ မဟုတ်ဘူးလေ"
သူနှင့် စုဇီ အပါအဝင် အခြားသူများသည် ခြံဝင်းထဲ၌သာ ဆက်လက် နေထိုင်ပြီး အပြင်ဘက်မှ လှုပ်ရှားမှုများကို စောင့်ကြည့်နေလိုက်ကြသည်။
သို့သော် လျှို့ဝှက်ခန်း အတွင်း၌မူ...
"တာအို ခန္ဓာ ရုပ်သေး"သည် "မြေကမ္ဘာ လွတ်မြောက်ခြင်း စွမ်းရည်" ကို အသုံးပြု၍ တိတ်တဆိတ် ထွက်ခွာသွားပြီး ယွီမိသားစု၏ ခံစစ်စည်း ရှိရာသို့ ဦးတည်သွားတော့သည်။
ဤကာလအတွင်း ရုပ်အလောင်း ရုပ်သေးသည် အခြားသော ပစ္စည်းအနှစ်သာရ များစွာကို စုပ်ယူထားပြီးဖြစ်ရာ ယခုအခါ ၎င်း၏ စွမ်းအားသည် အခြေခံတည်ဆောက်ခြင်း (၈) ဆင့်မြောက်သို့ နီးကပ်နေပြီ ဖြစ်၏။
ထို့အပြင် ရွှေရောင် တောက်ပသော ဝိညာဉ်ကျောက်တုံး၏ အနှစ်သာရများကိုပါ စုပ်ယူထားသဖြင့် ၎င်း၏ ခန္ဓာကိုယ်သည် အလွန်တရာ မာကျောခိုင်ခံ့လှပေသည်။ အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကိုပင် ခြစ်ရာမထင်ဘဲ ခံနိုင်ရည် ရှိပေသည်။
အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူကို အနိုင်မတိုက်နိုင်လျှင်တောင်မှ၊ ထိုအဆင့် ကျင့်ကြံသူ အနေဖြင့် ရုပ်သေး၏ ခံစစ်ကို ဖောက်ထွက်နိုင်ရန်မှာ အတော်လေး ခက်ခဲပေလိမ့်မည်။
နာရီဝက်ပင် မကြာလိုက်ချေ။
တာအို ခန္ဓာ ရုပ်သေးသည် ယွီမိသားစု စောင့်ကြပ်နေသော အခင်းအကျင်း တည်နေရာသို့ တိတ်တဆိတ် ရောက်ရှိသွား၏။ ဤနေရာသည် တာ့ယွဲ့ မြို့တော် ဈေးကွက်နှင့် ယခင် အစွန်အဖျား ဧရိယာတို့၏ နယ်နိမိတ်မျဉ်း ဖြစ်ပေသည်။ ရှေ့ဆက်သွားလိုက်လျှင် ကျင့်ကြံသူများ အမဲလိုက်ရန်နှင့် ပစ္စည်းရှာဖွေရန် ဝင်ရောက်လေ့ရှိသော "အပြင်ဘက် ဈေးကွက်" သို့ ရောက်ရှိမည် ဖြစ်၏။
သို့သော် ယခုအခါ ထိုနေရာရှိ ခံစစ်စည်းသည် တာ့ယွဲ့ တောင်တန်းမှ ဆင်းသက်လာသော သားရဲဒီရေလှိုင်း၏ တိုက်ခိုက်မှုကြောင့် ကျိုးပေါက်ပျက်စီးခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်၏။
ယခုအခါ ကျင့်ကြံသူများသည် ဒုတိယ ခံစစ်မျဉ်းတွင်သာ ခုခံ စောင့်ကြပ်နေကြရသည်။
ဤခံစစ်မျဉ်း၏ နောက်ကျောဘက်တွင် အင်အားစု အသီးသီး၏ ပိုင်နက်နေရာများ ရှိကြ၏။
ထိုနေရာ၏ ရှေ့တည့်တည့်တွင်မူ အချက်အချာကျသော ဗဟိုချက်မ... "အတွင်းဈေးကွက်" တည်ရှိနေပေသည်။
အခန်း (၁၇၆) - ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ဆရာကြီးနှင့် သားရဲဒီရေလှိုင်း၏ အစ (အပိုင်း ၂)
~"ဝုန်း..."
"ဂါး..."
"ကျွီ..."
ရှေ့တန်းစစ်မျက်နှာပြင်နှင့် နီးကပ်လာသည်နှင့်အမျှ အပြင်ဘက်မှ ဆူညံသံများသည် မိုးကောင်းကင်ကို ထိုးခွဲတော့မတတ် ကျယ်လောင်လာ၏။ မြေပြင်တစ်ခုလုံးသည် ငလျင်လှုပ်သကဲ့သို့ တသိမ့်သိမ့် တုန်ခါနေလေ၏။ ရေတွက်၍ မကုန်နိုင်သော သားရဲကောင်များသည် တာ့ယွဲ့ တောင်တန်း မှ ရေပိုက်ခေါင်း ဖွင့်ချလိုက်သကဲ့သို့ တရဟော တိုးထွက်လာကြပြီး တာ့ယွဲ့ မြို့တော်၏ ခံစစ်စည်းကို သေမထူး နေမထူး စိတ်ဓာတ်ဖြင့် ဝင်ရောက် ဆောင့်တိုက်နေကြတော့သည်။
သားရဲတို့၏ ဟိန်းဟောက်သံများက ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်းသွားစေသည်။ စုယွီသည် သူ၏ ရုပ်သေးကိုယ်ပွားမှတစ်ဆင့် အပြင်ဘက် အခြေအနေကို လှမ်းကြည့်လိုက်ရာ တောင်ကြီးတမျှ ကြီးမားလှသော မိစ္ဆာသားရဲကြီးများ ခံစစ်စည်း အကာအကွယ်ကို ကိုယ်လုံးဖြင့် ပစ်တိုက်နေကြသည်ကို ထိတ်လန့်ဖွယ်ရာ မြင်တွေ့လိုက်ရ၏။
တာ့ယွဲ့ တောင်တန်းနှင့် တာ့ယွဲ့ မြို့တော်ကြားရှိ ကောင်းကင်ယံသည် ပျံသန်းနေသော ငှက်အုပ်များ၊ သားရဲအုပ်များဖြင့် မည်းမှောင်နေချေတော့၏။
လေဓားသွားများ၊ ရေခဲစများ၊ မြေဆူးများ၊ ကျောက်တုံးကြီးများ၊ မီးလုံးကြီးများ၊ ရေနဂါးများနှင့် မိုးကြိုးသွားများ...။ စွမ်းအားပေါင်းစုံ၊ အရောင်ပေါင်းစုံသည် မြို့တော် ကာကွယ်ရေး အခင်းအကျင်းပေါ်သို့ မိုးသီးမိုးပေါက်အလား ကျရောက်ပေါက်ကွဲနေကြသည်။
ခံစစ်စည်း အကာအကွယ်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားပြီး ပိုက်ကွန်သဖွယ် ဖွဲ့စည်းထားခြင်း ဖြစ်၏။ ထို့ကြောင့် အချို့သော အကာအကွယ် နေရာများသည် အဆင့်နိမ့်နေပါစေဦး၊ အခြားသော အခင်းအကျင်းများက ဝန်ကို မျှဝေထမ်းပိုးပေးထားသဖြင့် ခိုင်ခံ့သော ခံစစ်စွမ်းရည်ကို ပိုင်ဆိုင်ထားဆဲပင်။
ရုပ်သေးကိုယ်ပွားသည် ခြေလှမ်းတုံ့သွားပြီး သားရဲဒီရေလှိုင်း၏ ရူးသွပ်မိုက်မဲမှုကြောင့် အံ့အားသင့်သွားရ၏။
'ဒါက... တကယ့်ကို ထိတ်လန့်စရာပဲ'
'ဝိုင်းရံ ပိတ်ဆို့ခံထားရတယ် ဆိုတာ ဒါမျိုးကို ခေါ်တာကိုး... မိုးထိအောင် ပုံနေတဲ့ သားရဲတွေရဲ့ ဖိအားဆိုတာ ဒါမျိုးပါလား'
ခဏအကြာတွင်...
စုယွီသည် သူ၏ ထိတ်လန့်မှုကို အမြန်ပြန်လည် ထိန်းချုပ်လိုက်ပြီး ဦးနှောက်ကို အလုပ်ပေးလိုက်သည်။
'အော်... ဒါကြောင့်ကိုး။ တာ့ယွဲ့ နန်းတော်က အင်အားစု အသီးသီးက ကျင့်ကြံသူတွေကို အကုန်ခြစ်ကုတ် စုဆောင်းနေတာ အလကား မဟုတ်ပါလား။ ဒီလောက် ကြီးမားတဲ့ သားရဲဒီရေလှိုင်းကြီးကို လူအင်အား မလုံလောက်ဘဲ ခုခံဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တကယ်လို့များ ခံစစ်စည်းသာ ကျိုးပေါက်သွားခဲ့ရင်... ဒီကောင်တွေ တာ့ယွဲ့ ပြည်နယ် တစ်ခုလုံးကို ပြာကျအောင် လုပ်ပစ်ကြမှာ သေချာတယ်'
'အဲဒီကျရင်တော့ အကုန်လုံး ငိုရပြီသာမှတ်...'
ဘာပဲပြောပြော တာ့ယွဲ့ ပြည်နယ် ဆိုတာ သူတို့အားလုံး မှီတင်းနေထိုင်ရာ နေရာပဲ မဟုတ်ပါလော။ ဂိုဏ်းအသီးသီးမှ တပည့်အများစုသည်လည်း သာမန် အရပ်သားများထဲမှ ဆင်းသက်လာကြသူများ ဖြစ်၏။
အကယ်၍ သားရဲဒီရေလှိုင်းသည် သာမန် မြို့ပြများကို ဝင်ရောက် မွှေနှောက်သွားမည် ဆိုပါက ထိုဂိုဏ်းကြီးများ၏ အုတ်မြစ်သည်လည်း ပျက်စီးသွားပေလိမ့်မည်။
မူလက စုယွီသည် သူ၏ ရုပ်သေးကိုယ်ပွားကို စေလွှတ်၍ သားရဲအချို့ကို သတ်ဖြတ်ကာ အမြတ်ထုတ်ရန် စိတ်ကူးရှိခဲ့သည်။ သို့သော် ယခု မြင်ကွင်းကို တွေ့လိုက်ရသောအခါ ထိုအတွေးကို ခေါက်ထားလိုက်ရ၏။ ဤကဲ့သို့ သားရဲဒီရေလှိုင်း အစပြုချိန်တွင် ရှေ့ထွက်ပြီး ရင်ဆိုင်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ချေမည်။
အကောင်းဆုံး နည်းလမ်းမှာ အခင်းအကျင်းများကို အားကိုး၍ သားရဲများ၏ စွမ်းအား ကုန်ခမ်းသွားသည်အထိ စောင့်ဆိုင်းခြင်းပင် ဖြစ်၏။
သူတို့၏ ရူးသွပ်မှု အရှိန်အဟုန် အနည်းငယ် လျော့ကျသွားမှသာ ကျင့်ကြံသူများအတွက် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးကောင်း ပေါ်လာပေလိမ့်မည်။
ရုပ်သေးကိုယ်ပွားသည် ခေတ္တမျှ စဉ်းစားပြီးနောက် ယွီမိသားစု စောင့်ကြပ်နေသော အခင်းအကျင်း နယ်မြေဆီသို့ တိတ်တဆိတ် ထွက်ခွာသွားတော့သည်။
ထိုနေရာသည် ပေ (၃၀၀) ခန့် မြင့်သော တောင်ကုန်း တစ်ခု ဖြစ်၏။ ယွီပိုင်ဟယ်သည် ယွီမိသားစုမှ အခြေခံတည်ဆောက်ခြင်း အဆင့် (၃) ဦး၊ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၁၇) ဦးတို့ကို ဦးဆောင်၍ ထိုနေရာ၌ စခန်းချနေခြင်း ဖြစ်၏။ လူအင်အား နည်းပါးသည်ဟု ထင်ရသော်လည်း မေ့မထားသင့်သည့် အချက်မှာ သူတို့သည် "သားရဲထိန်း" မိသားစု ဖြစ်ခြင်းပင်။ လူ (၂၁) ယောက် ရှိသော်လည်း သူတို့ ထိန်းချုပ်ထားသော သားရဲ အရေအတွက်မှာ အနည်းဆုံး အကောင် (၄၀) ခန့် ရှိနေပေသည်။
"ဟင်..."
ယွီပိုင်ဟယ် နောက်သို့ လှည့်ကြည့်လိုက်သည်။
"မင်္ဂလာပါ တာအိုရောင်းရင်း..."
ရုပ်သေးကိုယ်ပွားသည် အသံပြုလိုက်ပြီး တောင်ထိပ်ပေါ်ရှိ ယွီပိုင်ဟယ်၏ ဘေးသို့ ရောက်ရှိလာ၏။
ယွီပိုင်ဟယ် မြင်လိုက်ရသည်မှာ ရိုးရှင်းခန့်ညားသော အသွင်အပြင် ရှိသည့် အဘိုးအို တစ်ဦးကို ဖြစ်၏။ ထိုအဘိုးအိုထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် အခြေခံတည်ဆောက်ခြင်း (၇) ဆင့်မြောက်နှင့် ညီမျှနေသဖြင့် ယွီပိုင်ဟယ် မျက်ခုံးပင့်သွားရ၏။
အိုမင်းရင့်ရော်သော အသံကို ကြားလိုက်ရသဖြင့် ယွီပိုင်ဟယ်သည် ထိုအဘိုးအိုကို ခြေဆုံးခေါင်းဆုံး တစ်ချက် ကြည့်လိုက်ပြီး မျက်ခုံးတန်းကြုတ်ကာ မေးလိုက်၏။
"မင်္ဂလာပါ တာအိုရောင်းရင်း... နာမည်လေးဘာလေး မေးလို့ရမလားဗျ"
ရုပ်သေးကိုယ်ပွားက ပြန်ဖြေလိုက်၏။
"ကျုပ်မျိုးရိုးက လုံ (နဂါး)... နာမည်က ပင်း (ရေခဲ)... ခင်ဗျား ကျုပ်ကို 'လုံပင်း' လို့ ခေါ်နိုင်ပါတယ်"
"လုံပင်း..."
ယွီပိုင်ဟယ် စိတ်ထဲတွင် တွေးလိုက်မိသည်။ ဤနာမည်မျိုး တစ်ခါမျှ မကြားဖူးချေ။
"တာအိုရောင်းရင်း လုံပင်း... ဘာကိစ္စရှိလို့ ဒီနေရာကို ရောက်လာတာပါလဲ"
ထိုအခါ၊ ရုပ်သေးကိုယ်ပွားက တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်၏။
"ခင်ဗျားတို့ကို ကူညီပြီး စောင့်ရှောက်ပေးမလို့ပါ"
ထို့နောက် ရုပ်သေးကိုယ်ပွားသည် တောင်ကုန်းရှေ့ရှိ ခံစစ်စည်း အကာအကွယ်၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ မရေမတွက်နိုင်သော ကြောက်မက်ဖွယ် သားရဲများသည် အကာအကွယ်ကို အတင်းအဓမ္မ ထိုးဖောက်ရန် ကြိုးစားနေကြသည်။ တာ့ယွဲ့ မြို့တော်ဘက်မှလည်း တိုက်ခိုက်ရေး အခင်းအကျင်း အများအပြားကို အသက်သွင်းလိုက်ရာ ၎င်းတို့၏ တိုက်ခိုက်မှု အကွာအဝေးအတွင်း ရောက်ရှိလာသော သားရဲမှန်သမျှ အသေသတ်ခြင်း ခံရတော့သည်။
သို့သော် ထိုသားရဲများသည် အတုံးအအကြီးများ မဟုတ်ကြပေ။ အချို့ အသေခံလိုက်ရပြီးနောက် ကျန်သော အကောင်များသည် ထိုနေရာများကို ရှောင်ကွင်းသွားကြ၏။
အပြင်ဘက်မှ သားရဲပင်လယ်ကြီးကို ကြည့်ရင်း ရုပ်သေးကိုယ်ပွားက မေးလိုက်သည်။
"ဘယ်လောက်ကြာကြာ တောင့်ခံထားဖို့ လိုမလဲ"
ယွီပိုင်ဟယ်သည် တည်ငြိမ်စွာပင် ဖြေလိုက်၏။
"တစ်နာရီ၊ နှစ်နာရီ... ဒါမှမဟုတ် နေ့ဝက်လောက်ပေါ့ဗျာ... သူတို့ မောပြီး ရပ်သွားတဲ့အချိန်ကျမှ ကျုပ်တို့ လှုပ်ရှားကြတာပေါ့"
ထို့နောက်တွင် ရုပ်သေးကိုယ်ပွားသည် စကားမပြောတော့ဘဲ အပြင်ဘက်မှ သားရဲများကိုသာ ဆက်လက် အကဲခတ်နေလိုက်သည်။
ခံစစ်စည်း၏ အနောက်ဘက်တွင် ရောက်ရှိနေသော "မြေကျောက် ကြွက်သားရဲ" အများအပြားကို သူ မြင်တွေ့နေရသည်။ ဤမျိုးစိတ်သည် အရေအတွက် များပြားလွန်းလှပြီး မြေကြီးကို တူးဖော်ကာ ခံစစ်စည်း၏ အောက်ခြေမှနေ၍ ကိုက်ဖြတ် ဖျက်ဆီးနေကြခြင်း ဖြစ်၏။ အခင်းအကျင်း၏ စွမ်းအားကို အဓိက ဖြုန်းတီးပစ်နေသော ကောင်စုတ်များပင်။
အချိန်အတိုင်းအတာ တစ်ခုအထိ ထောင်ချောက်ဆင်ပြီး သတ်ဖြတ်ခဲ့သည့်တိုင်အောင် ဤမျှလောက် ကျန်ရှိနေသေးသည် ဆိုလျှင်၊ မသတ်ဖြတ်ခဲ့ပါက နေရာတိုင်းတွင် ကြွက်ပွဲတော် ခင်းနေလောက်ပြီ ဖြစ်၏။
ထို ပထမအဆင့် ကြွက်သားရဲများအပြင် အခြားသော မျိုးစိတ်များကိုလည်း စုယွီ မြင်တွေ့ရသေးသည်။ လက်သီးဆုပ်လောက် အရွယ်အစားရှိသော ပုရွက်ဆိတ်ကြီးများသည် ကြက်သီးထဖွယ် ကောင်းလောက်အောင် များပြားလှ၏။ တစ်ပေခန့်ရှိသော ဖားကြီးများကလည်း ခံစစ်စည်းကို ပျက်စီးစေသော အဆိပ်ရည်များကို တပြွတ်ပြွတ် ထွေးထုတ်နေကြ၏။
ဒီ ပထမအဆင့် သားရဲကောင်တွေရဲ့ အရေအတွက် တစ်ခုတည်းနဲ့တင် လူကို စိတ်ပျက်အားငယ်သွားစေနိုင်လောက်တယ်။
ပထမအဆင့် သားရဲများအပြင် ဒုတိယအဆင့် သားရဲ အနည်းငယ်ကလည်း ခံစစ်စည်းကို ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသည်။ သို့သော် ဒုတိယအဆင့် သားရဲ အများစုကတော့ အရိပ်ထဲတွင် ပုန်းခိုနေကြဆဲပင်။
တတိယအဆင့် သားရဲကြီးများ၏ ခြေရာခံကို ရှာဖွေရန်မှာမူ ပို၍ပင် ခက်ခဲလှပေသည်။ သူတို့သည် သရဲသဘက်များသဖွယ် ပေါ်လိုက် ပျောက်လိုက် လုပ်နေကြပြီး အလွန်တရာ ကောက်ကျစ်စဉ်းလဲကြ၏။
ထို့ကြောင့်လည်း မည်သည့် ကျင့်ကြံသူကမျှ ဓားပျံများ၊ မှော်လက်နက်များကို အသုံးပြုပြီး ခံစစ်စည်း အပြင်ဘက်သို့ ထွက်၍ မတိုက်ခိုက်ရဲကြခြင်း ဖြစ်သည်။ အကယ်၍ တိုက်ခိုက်လိုက်ပါက ခံစစ်စည်းတွင် ဟာကွက် ပေါ်သွားနိုင်ပြီး ထိုအပေါက်မှတဆင့် သားရဲများ ဝင်ရောက်လာနိုင်သောကြောင့် ဖြစ်၏။
နှစ်နာရီခန့် ကြာမြင့်သောအခါ...
သားရဲအုပ်ကြီးသည် ခံစစ်စည်း၏ အပြင်ဘက်တွင် တားဆီးခံထားရဆဲ ဖြစ်သည်။
သားရဲဒီရေလှိုင်း၏ အရှိန်အဟုန်သည်လည်း သိသိသာသာ လျော့ကျသွားခဲ့ပြီ ဖြစ်၏။ သားရဲအများစုသည် မောပန်းနွမ်းနယ်လာကြပြီး သူတို့၏ အရှိန်အဝါများလည်း မှေးမှိန်လာခဲ့ချေတော့၏။
ရုပ်သေးကိုယ်ပွားသည် တန်ပြန်တိုက်စစ် ဆင်ရမည့် အချိန်ကို စောင့်ဆိုင်းနေစဉ်...
ရုတ်တရက်...။
အဝေးတစ်နေရာရှိ အခင်းအကျင်းတစ်ခု၏ အပြင်ဘက်တွင် ကြောက်မက်ဖွယ်ရာ သားရဲအရှိန်အဝါတစ်ခု ရုတ်ခြည်း ပေါက်ကွဲထွက်ပေါ်လာ၏။
"ဝုန်း..."
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ခံစစ်စည်း အကာအကွယ် တစ်ခုသည် တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ကျိုးပျက်ထွက်သွားတော့သည်။
ရုပ်သေးကိုယ်ပွား၊ ယွီပိုင်ဟယ်နှင့် အခြားသူများ၏ မျက်နှာများသည် ချက်ချင်း ပြောင်းလဲသွားကြပြီး မတ်တတ်ထရပ်ကာ ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။
ယွီပိုင်ဟယ်က အသံနိမ့်ဖြင့် ရေရွတ်လိုက်၏။
"ဟာ... သွားပြီ... ပြဿနာတက်ပြီဟေ့"
"ဂါး..."
ရိုင်းစိုင်းကြမ်းကြုတ်သော သားရဲဟိန်းသံကြီးများ ပဲ့တင်ထပ်သွားသည်နှင့် တပြိုင်နက်၊ မူလက အရှိန်လျော့ကျစ ပြုနေသော သားရဲဒီရေလှိုင်းသည် ရေဆိုးကန်ပေါက်သလို ပြန်လည် ရူးသွပ်လာပြီး ခံစစ်စည်းများကို ဇွတ်တရွတ် ဝင်တိုက်ကြပြန်တော့သည်။
ထိုအထဲတွင် အခြေအနေ အဆိုးရွားဆုံး နေရာမှာ... ယခုလေးတင် ကျိုးပျက်သွားသော ခံစစ်စည်း နေရာပင်တည်း။
အခန်း (၁၇၇) - ဒုတိယအဆင့် အထွတ်အထိပ် အဆောင်ဆရာကြီးနှင့် သားရဲဒီရေလှိုင်း၏ အစ (အပိုင်း ၆)
~"ရွှစ်..."
မျက်စိတစ်မှိတ် အတွင်းမှာပင် အရိပ်မည်းတစ်ခုသည် အခင်းအကျင်းအတွင်းသို့ ထိုးဖောက် ဝင်ရောက်သွား၏။ အေးစက်သော အလင်းတန်းတစ်ချက် လက်ခနဲ ဖြစ်သွားပြီးနောက် တုပ အမြုတေ အဆင့် ကျင့်ကြံသူတစ်ဦး၊ အခြေခံတည်ဆောက်ခြင်း အဆင့် (၁၀) ဦးနှင့် ချီစွမ်းအင် စုစည်းခြင်း အဆင့် ဒါဇင်နှင့်ချီသော ကျင့်ကြံသူများ၏ ခေါင်းများ ပြတ်ထွက်ကာ လိမ့်ဆင်းသွားကြ၏။
ကြောက်မက်ဖွယ် ကောင်းသော၊ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင် မြေပေါ်သို့ သက်ဆင်းလာသည်။ ထိုအကောင်ကို မြင်လိုက်ရသည်နှင့် အနီးအနားရှိ အစွမ်းထက် ကျင့်ကြံသူများ၏ မျက်နှာများ ညှိုးငယ်သွားကြ၏။
"တတိယအဆင့် အဆင့်နိမ့် သားရဲ... လက်ရှစ်ဖက် ဓားသွား နှံကောင်ကြီး ..."
"ပြေးကြဟေ့... ပြေးကြ..."
သူတို့ ကြောက်လန့်တကြား သတိပေးလိုက်ကြသည်။
အနီးအနားရှိ ကျင့်ကြံသူများသည် တိုက်ခိုက်ရန် စိတ်ကူးပင် မရှိကြတော့ချေ။ သားရဲကြီးကို သေချာ မြင်လိုက်ရသည်နှင့် တပြိုင်နက် မိမိတို့ တတ်ကျွမ်းသော ထွက်ပြေးနည်းမျိုးစုံကို အသုံးပြု၍ ဝေးနိုင်သမျှ ဝေးရာသို့ ထွက်ပြေးကြတော့သည်။
အဘယ်ကြောင့်ဆိုသော် "လက်ရှစ်ဖက် ဓားသွား နှံကောင်"ကို ရင်ဆိုင်ရာတွင်၊ အထူးသဖြင့် အမြုတေဖွဲ့စည်းခြင်း အဆင့် နှင့် ညီမျှသော တတိယအဆင့် နှံကောင်ကို ရင်ဆိုင်ရာတွင် လူအုပ်ဖြင့် ဝိုင်းဖွဲ့တိုက်ခိုက်ခြင်း နည်းဗျူဟာသည် အလုပ်မဖြစ်သောကြောင့် ဖြစ်၏။
ဤနှံကောင်ကြီးတွင် ဓားသွားကဲ့သို့ ထက်ရှသော ရှေ့လက် ရှစ်ချောင်း ပါရှိပြီး ထက်မြက်သော ဆူးချွန်များဖြင့် ပြည့်နှက်နေသည်။ အရှေ့ဆုံး လက်နှစ်ချောင်းမှာမူ တံံစဉ်ကဲ့သို့ ကွေးကောက်နေ၏။
၎င်းသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ကြောင့် နာမည်ကြီး၏။
မကြာခဏ ဆိုသလိုပင်၊ သားကောင်ဖြစ်သူသည် ၎င်းကို မမြင်လိုက်ရမီမှာပင် ခေါင်းပြတ်သွားလေ့ ရှိသည်။
လက်ရှစ်ဖက် ပါရှိသဖြင့် လူအုပ်ဖြင့် ဝိုင်းတိုက်မည် ဆိုလျှင်လည်း အခွင့်အရေး ရမည် မဟုတ်ဘဲ၊ ခေါင်းများသာ ပြတ်ထွက်သွားမည် ဖြစ်၏။
တိုက်ခိုက်ရမတဲ့လား... မင်းဖင်ကိုပဲ တိုက်ခိုက်လိုက်ပါတော့။
ဒီအချိန်မှာ အကောင်းဆုံး ရွေးချယ်မှုက ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးဖို့ပါပဲ။
အဝေးတစ်နေရာမှ...
စုယွီသည် အံ့ဩတကြီး တွေးလိုက်မိသည်။
"တတိယအဆင့် အဆင့်နိမ့် လက်ရှစ်ဖက် ဓားသွား နှံကောင်တဲ့လား"
သူ့လက်ထဲတွင် အရှင်ဖမ်းမိထားသော ဒုတိယအဆင့် အထွတ်အထိပ် နှံကောင် တစ်ကောင် ရှိနေသော်လည်း ယနေ့ထိတိုင်အောင် မဖြေရှင်းရသေးပေ။
တာ့ယွဲ့ တောင်တန်းတွင် ဤနှံကောင်မျိုး၊ ထိုမှတပါး တတိယအဆင့် နှံကောင်မျိုး ပေါ်ထွက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိချေ။
ပေါ်လာသည်နှင့် တပြိုင်နက် အခင်းအကျင်း အကာအကွယ်ကို ဖောက်ထွက်ပြီး လူရာပေါင်းများစွာကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ပစ်လိုက်၏။
ဤစွမ်းအားကြောင့် စုယွီ၏ ရုပ်သေးကိုယ်ပွားပင်လျှင် ကျောချမ်းသွားရ၏။
ကြောက်စရာ ကောင်းလိုက်တာ...။
အခင်းအကျင်း နောက်ကွယ်ရှိ လူသားကျင့်ကြံသူများကို မျက်စိတစ်မှိတ်အတွင်း ရှင်းလင်းပစ်လိုက်ပြီးနောက်၊ နှံကောင်ကြီးသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ ၎င်း၏ နက်မှောင်သော မျက်လုံးများထဲတွင် ဉာဏ်ရည်ဉာဏ်သွေး အနည်းငယ်နှင့် အေးစက်သော အရိပ်အယောင်များ ပေါ်လွင်နေ၏။ ၎င်း၏ နောက်မှနေ၍ မရေမတွက်နိုင်သော သားရဲအုပ်ကြီးသည် ကျိုးပေါက်သွားသော နေရာမှတဆင့် ရေစီးကမ်းပြို ဝင်ရောက်လာကြတော့သည်။
"ဝှစ်..."
နှံကောင်ကြီးသည် ဘယ်ဘက်ခြမ်းရှိ ကျင့်ကြံသူများကို တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။
နှံကောင်ကြီးသည် ဒုတိယမြောက် တောင်ကုန်းပေါ်သို့ တက်ရောက်ပြီး ထွက်ပြေးရန် ကြိုးစားနေသော ကျင့်ကြံသူအုပ်စုကို ခေါင်းဖြတ်သတ်ဖြတ်လိုက်ချိန်တွင်... ကောင်းကင်ယံမှ မီးနီရောင် ဘူးသီးခြောက်ကြီးတစ်ခု ရုတ်တရက် ပျံသန်းရောက်ရှိလာခဲ့၏။ ကြောက်မက်ဖွယ် စွမ်းအားနှင့်အတူ နှံကောင်ကြီးကို အောက်ဖက် တောင်ခြေသို့ ရိုက်ချလိုက်တော့သည်။
"ဝီ..."
ရင်းနှီးနေသော ပုံရိပ်တစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းလာခဲ့သည်။ သူမ၏ ကိုယ်ခန္ဓာ တစ်ခုလုံးကို ဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များဖြင့် လွှမ်းခြုံထားသည်။ အနီရောင် ဂါဝန်ရှည်ကြီးသည် လေထဲတွင် လွင့်ပျံနေကာ ရဲရဲတောက် အနီရောင် အရိပ် တစ်ခုကို ချန်ရစ်ထားခဲ့၏။
"တိရစ္ဆာန်ကောင်..."
"အရက်ကြမ်း တာအို ဆရာမလေး" ၏ အေးစက်သော အသံသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
နှံကောင်ကြီးသည် မြေကြီးအောက်မှ ရုန်းကန်ထွက်လာရန် ကြိုးစားနေစဉ်တွင် မီးနီရောင် ဘူးသီးခြောက်ကြီးသည် မီးတောက်များကို မှုတ်ထုတ်လိုက်ရာ မီးတောက်ဓားသွားကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံကို ပိုင်းဖြတ်ချလိုက်၏။
နှံကောင်ကြီးသည် အစွမ်းမနည်းလှသလို အလွန် လျင်မြန်သော်လည်း၊ ဤဓားချက်ကို ရင်ဆိုင်ရာတွင်မူ သီသီလေးသာ ရှောင်တိမ်းနိုင်လိုက်သည်။ သို့သော် သူ၏ ဓားလက်တံ တစ်ချောင်းမှာမူ ပြတ်ထွက်သွားပြီး အစိမ်းရောင် သားရဲသွေးများ လေထဲတွင် ပျံ့လွင့်သွားတော့သည်။
"ဂါး..."
"အူး..."
"ရှူး..."
ထိုအချိန်တွင် ကြောက်မက်ဖွယ် ကောင်းသော တတိယအဆင့် သားရဲအရှိန်အဝါ (၃) ခုသည် ကျိုးပေါက်သွားသော နေရာမှ ထပ်မံ ထွက်ပေါ်လာပြီး တာ့ယွဲ့ မြို့တော် ဈေးကွက်၏ ခံစစ်စည်းထဲသို့ ဝင်ရောက်လာကြ၏။ ၎င်းတို့၏ မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်ပြီး အေးစက်နေကာ နှံကောင်ကြီးဆီသို့ ပြေးဝင်သွားသော အရက်ကြမ်း တာအို ဆရာမလေးကို စိုက်ကြည့်နေကြသည်။
သူတို့ အရက်ကြမ်း တာအို ဆရာမလေးကို ဝိုင်းဝန်း တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင်... အတွင်းဈေးကွက်မှ စစ်ကူရောက်လာသော ကျင့်ကြံသူများ ပေါ်ထွက်လာကြသည်။ သူတို့ထံမှ အမြုတေဖွဲ့စည်းခြင်း အဆင့် အရှိန်အဝါများ ထင်ရှားစွာ ထွက်ပေါ်နေ၏။
"တိုက်ကြ..."
"အားလုံးပဲ... ပြန်တိုက်ကြဟေ့..."
"သားရဲကောင်စုတ်လေး တစ်ကောင်၊ နှစ်ကောင်လောက်ကများ ဝင်လာရဲတယ်ပေါ့... ငါတို့ လူသားကျင့်ကြံသူတွေက အသုံးမကျဘူးလို့ ထင်နေကြတာလား"
အားကောင်းမောင်းသန် အသံကြီး တစ်သံသည် ခံစစ်စည်းရှိ ကျင့်ကြံသူ အားလုံး၏ နားထဲသို့ ဝင်ရောက်လာသည်။ နောက်တစ်ခဏတွင် "တာအိုဆရာ ထျဲကျွမ်" နှင့် အခြားသော လူသား အမြုတေဖွဲ့စည်းခြင်း အဆင့် ပုဂ္ဂိုလ်ကြီး (၂) ဦး ထွက်ပေါ်လာပြီး ဝင်ရောက်လာသော တတိယအဆင့် သားရဲကြီးများကို ချက်ချင်း ရင်ဆိုင်လိုက်ကြ၏။
အဝေးတစ်နေရာရှိ တောင်ထိပ်ပေါ်တွင် ယွီပိုင်ဟယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"အရက်ကြမ်း တာအို ဆရာမလေး၊ တာအိုဆရာ ထျဲကျွမ်၊ ခိုင်ယန် နန်းတော်သခင် နဲ့ ဓားမြို့တော် ချင်မိသားစုရဲ့ ဘိုးဘေးကြီး တို့ပါလား"
တာအိုဆရာ ထျဲကျွမ်၏ အမိန့်သံကို ကြားလိုက်ရသောအခါ ရုပ်သေး၏ မျက်လုံးများ အရောင်လက်သွားပြီး တိုးတိုးလေး မေးလိုက်သည်။ "ကျုပ်တို့ ဘာလုပ်ကြမလဲ"
"ဝုန်း..."
ယွီပိုင်ဟယ် ပြန်မဖြေနိုင်မီမှာပင် တာအိုဆရာ ထျဲကျွမ် ရောက်ရှိလာ၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ပေတံငယ်လေး တစ်ချောင်း ထွက်ပေါ်လာသည်။ သူ ပေတံကို လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ကောင်းကင်နှင့် မြေကြီးကြားတွင် မရေမတွက်နိုင်သော ချီစွမ်းအင် သံကြိုးများ ထွက်ပေါ်လာ၏။ လေထဲတွင် တွဲလောင်းကျနေသော သံပေတံလိပ်ကြီး တစ်ခုအလား ထောင်ချောက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး (၅) ကိုက်၊ (၆) ကိုက်ခန့် ရှည်လျားသော ငွေဖြူရောင် ဝံပုလွေကြီးကို ပိတ်လှောင်လိုက်၏။
လှုပ်ရှားမှုသည် ကြီးမားကျယ်ပြန့်လှသည်။ အမြုတေဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများ၏ အရှိန်အဝါသည် ကောင်းကင်ယံကို မွှေနှောက်လိုက်သဖြင့် လူအများ၏ ဦးရေပြားများ ကျိန်းစပ်သွားရ၏။
"အူး..."
ငွေဖြူရောင် ဝံပုလွေကြီး၏ အမွှေးအမျှင်များ ထောင်မတ်သွားသည်။ ၎င်းက အူလိုက်သည်နှင့် တပြိုင်နက် ငွေရောင် အလင်းတန်း တစ်ချက် ကောင်းကင်ကို လင်းလက်သွားသည်။ ကြောက်မက်ဖွယ် လမင်းစွမ်းအားသည် သံပေတံ သံကြိုးများဖြင့် ဖန်တီးထားသော ထောင်ချောက်အား တုန်ခါသွားစေသည်။
ဝံပုလွေကြီး ထောင်ချောက်ကို မဖျက်ဆီးနိုင်မီမှာပင် ပေတံငယ်လေးသည် ဧရာမ ပေတံကြီးအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရားတောင်ကြီး တစ်လုံးအလား ဝံပုလွေကြီး၏ ကျောကုန်းပေါ်သို့ ရက်ရက်စက်စက် ရိုက်ချလိုက်တော့သည်။ ၎င်းကို မြေကြီးနှင့် ကပ်သွားအောင် ဖိချလိုက်ခြင်းပင်။
"ဂလန်..."
တချိန်တည်းမှာပင်...
အနောက်ဘက်မှ ချောမောခန့်ညားသော လူငယ်တစ်ဦးအသွင် ရှိသည့် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်နက်ရှည်များကို ပခုံးပေါ်တွင် ဖြန့်ချထားကာ ကျောပေါ်တွင် အနက်ရောင် ဓားတစ်လက်ကို လွယ်ထား၏။
သူသည် ဓားမြို့တော် ချင်မိသားစု၏ ဘိုးဘေးကြီးပင် ဖြစ်၏။ သူက လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ ဓားလက်ဟန် ဖန်တီးလိုက်သည်။ ထိုအခိုက်မှာ၊ သူ၏ ကျောပေါ်မှ ဓားသည် မျက်စိတစ်မှိတ် အတွင်း ကောင်းကင်ယံသို့ အလိုအလျောက်.. ပျံတက်သွား၏။ ကျင့်ကြံသူ အများစုသည် ဓား မည်သည့်အချိန်က ပျောက်ကွယ်သွားသည်၊ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကိုပင် မမြင်လိုက်ကြချေ။
တစ်ချက်သာ လက်ခနဲ ဖြစ်သွားပြီး နားကွဲမတတ် စူးရှသော ဓားသံကြီး ထွက်ပေါ်လာသည်။ ဖိနှိပ်ခံထားရသော ငွေဖြူရောင် ဝံပုလွေကြီး၏ ဧရာမ ကိုယ်ခန္ဓာကြီးပေါ်တွင် သွေးချင်းချင်းနီသည့် အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာတော့သည်။
"ဝီ..."
ထိပ်တန်း ဓားလက်နက်ကြီးသည် တုန်ခါ မြည်ဟည်းနေပြီး ဓားချီသည် ကောင်းကင်ကို ထိုးခွဲမတတ် ထက်မြက်လှပေသည်။ ၎င်းသည် ဝံပုလွေကြီး၏ ကိုယ်ခန္ဓာထဲသို့ ပြင်းထန်စွာ တိုးဝင်သွားပြီး အတွင်းရှိ တတိယအဆင့် သားရဲအမြုတေကို ပစ်မှတ်ထားနေ၏။
ကြောက်မက်ဖွယ် ဓားချီသည် အလွန်တရာ ထက်ရှလှသဖြင့် ဝံပုလွေကြီး၏ ကိုယ်ခန္ဓာကို အပိုင်းပိုင်း ပြတ်ထွက်မလို ဖြစ်စေခဲ့တော့သည်။